~ 7 ~

~ 7 ~

"ကိုယ့်ကို ယုံလိုက်စမ်းပါ ... လာ bro ကွင်းထဲဝင်မယ် ''

" ဟင့်အင် ကျွန်တော် ကြောက်တယ် Sunghoon ရဲ့... တစ်ခါမှ skate မစီးဖူးဘူး "

" ကိုယ်, ပါတယ်လေ... ဘေးက ထိန်းပေးမှာပေါ့ လာပါ "

" ဟင့်အင်နော်... မစီးရဲပါဘူးဆို ''

"အဟားးဟားးး bro ကလဲ ကလေးလေးကျနေရော... လဲမကျပါဘူး ကိုယ်ထိန်းပေးပါမယ်ဆို "

" ဟီးး Sunghoon ပဲ စီးပါ... ကျွန်တော် Sunghoon skate စီးတာ မြင်ဖူးချင်လို့ နော် နော် "

" ဟုတ်ပါပြီဗျာ... စီး ဆိုလဲ စီးပြရတာပေါ့ "

ကွင်းထဲဝင်ဖို့ ဘယ်လိုမှ ခေါ်မရ သွားလေးဖြီးကာ ပြုံးပြနေပြီး အကြောက်အကန် ငြင်းနေတဲ့ အဖြူရောင်လေးကြောင့် ကွင်းထဲ ဝင်ခိုင်းဖို့ကို လက်လျှော့လိုက်ကာ တစ်ယောက်ထဲသာ စီးဖို့ ပြင်ရတော့သည်။

အဖြူရောင်လေး အလိုကျပေါ့ စီးပြဆိုလဲ စီးပြပါ့မယ်...

ဖိနပ်မှာ blade တွေတပ်တာကအစ မျက်လုံးလေးတွေ အရောက်တလက်လက်နဲ့ စိတ်ဝင်တစား လိုက်ကြည့်နေပြီး မြင်မြင်သမျှ အံ့သြနေတဲ့ အဖြူရောင်လေးကတော့ တဝါး ဝါး နဲ့ ပါးစပ်ကို မပိတ်တော့...

" အဲ့ဟာလေးတွေကို ဘာ, လို့ ခေါ်တာလဲဟင် Sunghoon... ဓားသွားတွေလိုပဲနော် ချွန်ထက်နေရော.... ရှ လားဟင် အဲ့ဟာက "

ခုံပေါ်မှာထိုင်ပြီး ဖိနပ်မှာ blade တပ်နေတာကို ရှေ့မှာ ငုတ်တုတ်လေးထိုင်ချကာ ကလေးလေးတစ်ယောက်လို သိချင်တာတွေကို လိုက်မေးနေသေးသည်။

" ဒါကို blade လို့ခေါ်တယ်... ရေခဲပြင် ပေါ်မှာကျတော့ ဒါမျိုးတပ်ပြီး စီးရတယ်လေ "

"ဝါးးး မိုက်လိုက်တာ... ဒါဆို Sunghoon က ရေခဲပြင်ပေါ်မှာ ဒီ blade သေးသေးလေးပေါ် အားပြုပြီး မတ်တပ်ရပ်တာပေါ့နော်... ချော်မကျဘူးလားဟင် "

" လေ့ကျင့်ရတာပေါ့ bro ရဲ့... လေ့ကျင့်မှု များသွားရင် ဘယ်အရာဖြစ်ဖြစ် ကျွမ်းကျင်သွားတာပဲလေ... ခန္ဓာကိုယ် ဟန်ချက်ကို အချိုးညီအောင် ထိန်းနိုင်ရင် ကိုယ်လိုချင်သလို ထိန်းချုပ်လို့ရပြီးတော့...bro ဦးတည်ချင်တဲ့ ဘက်ကို ခန္ဓာကိုယ်လေး အလိုက်သင့်ယိမ်းပေးပြီး ကြိုက်သလို ခုန်လို့ရတယ် က လို့ရတယ် "

" အဲ့ဒါဆို ကွင်းထဲ မြန်မြန်ဝင်တော့လေ Sunghoon ရဲ့ Sunghoon ကတာ ကျွန်တော် ကြည့်ချင်နေပြီ "

"Ok.. သီချင်းဖွင့်လိုက်အုံးမယ်... ခဏပဲစောင့် "

ကိုယ်တိုင်တော့ စီးရမှာကြောက်နေပြီး သူများစီးတာ ကတာကို ကြည့်ချင်နေပါပြီ ဆိုတဲ့ အဖြူရောင်လေးရဲ့ အလိုကျ သီချင်းကို ဖွင့်ကာ ကွင်းထဲသို့ ဝင်ခဲ့လိုက်သည်။

ကွင်းအလယ်ထိ အရှိန်နဲ့ စီးသွားလိုက်ပြီးမှ Sunoo ရှိရာဘက်ဆီ မျက်နှာမူလိုက်ကာ ရင်ဘတ်ပေါ် လက်ဝါးတစ်ဖက်ဖြန့်၍ ကပ်လိုက်ပြီး ကျန်လက်တစ်ဖက်က ခါးနောက်မှာ ကပ်ထားကာ ခြေထောက်လေးတစ်ဖက် ကွေးလိုက်သည်။ ပြီး ခေါင်းလေးကို ညွှန့်လိုက်ကာ အရိုအသေပေးပြီး သီချင်းသံနဲ့အတူ လိုက်ပါ စီးမြောကာ ရေခဲပြင်ပေါ်မှာ ဟန်ချက်ညီညီ ဝေ့ကာ ဝိုက်ကာ ပျံဝဲနေအောင် က ပြ ပြီး double jump triple jump မျိုးစုံအောင် လှည့်ပတ်ပြလိုက်တော့ တစ်ဦးတည်းသော ပရိတ်သတ်လေးဆီက လက်ခုပ်သံတွေ မဆဲတော့။

က နေရင်း တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်မိတဲ့အချိန်တိုင်း ပါးစပ်ဟောင်းလောင်းလေးနဲ့ မျက်လုံးလေးတွေ ပြူးကျယ်နေကာ တအံ့တသြ ဖြစ်နေဟန်တူတဲ့ အဖြူရောင်လေး....

သီချင်းသံလဲဆုံးရော သူ့ရှေ့ထိ skate ကိုစီးသွားပြီး ထပ်မံပြီး အရိုအသေပေးလိုက်တော့ ပါးစပ်လေးကို လက်လေးနှစ်ဖက်နဲ့အုပ်ကာ ခုန်ဆွခုန်ဆွ လုပ်နေတဲ့ အဖြူရောင်လေးက အသံသေးသေးလေးတွေလဲ ထွက်ကာ ဘာတွေ အော်နေမှန်းမသိ။

"အိ... ဟိ.. အာ...မိုက်လိုက်တာ... Sunghoon က, သွားတာ တကယ်ကြီးမိုက်တယ် သိလား... သီချင်းသာ ဆုံးသွားတယ် ကျွန်တော့်မှာ ကြည့်လို့ကို မ ဝလိုက်ဘူး "

" အဟား ဟား အဲ့လောက်လဲ မမိုက်သေးပါဘူး ဗျာ... ကိုယ် လေ့ကျင့်ဖို့တွေ အများကြီး လိုပါသေးတယ် "

" ဒီလောက် လှအောင် က တာတောင် လေ့ကျင့်ရအုံးမှာပေါ့??... "

" အင်းပေါ့ bro ရဲ့...ဘယ်လောက် လေ့ကျင့် ကျင့် ပြည့်စုံတယ်လို့မှ မရှိတာ.... ကိုယ်တစ်ယောက်ထဲ ကောင်းနေလို့မရဘူးလေ... လူအများကြီးနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အားလုံးထဲမှာ ကိုယ်က Perfect ဖြစ်နေဖို့ အများကြီး လေ့ကျင့်ထားဖို့ လိုတာပေါ့ "

" အာ... ဒါလဲ ဟုတ်တာပဲ နော် "

" အွန်း... ဘယ်လိုလဲ ကွင်းထဲ ဝင်ကြည့်ဖို့ စိတ်ပါသွားပြီလား "

"ဟီးးး Sunghoon က ကျွန်တော် လဲ မကျအောင် တကယ်ကြီး ထိန်းပေးနိုင်လို့လား "

"ဒါပေါ့ ဗျာ... အသေအချာပဲပေါ့ "

" ဒါဆို... ဒါဆို ကျွန်တော် စီးကြည့်မယ် "

နောက်ဆုံးတော့ သူလဲ မနေနိုင်တော့ဘူးပေါ့.... ကျွန်တော့်ရဲ့ ဆွဲဆောင်မှုမှာ အဖြူရောင်လေး ကျရှုံးသွားပါပြီ။

သူ့ရှေ့မှာပဲ ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက် ထိုင်လိုက်ပြီး Skate စီးဖိနပ်လေး စီးပေးဖို့ ပြင်တော့ လက်လေးတကာကာနဲ့ အားနာနေပြန်တဲ့ အဖြူရောင်လေးရယ်ပါ။

" အာ... မလုပ်ပါနဲ့... ကျွန်တော့်ဘာသာပဲ စီးပါ့မယ်... အားနာစရာကြီး ထ ပါဗျာ..."

" ရပါတယ် bro ရယ်... ဘာ အားနာစရာ ရှိလို့လဲ.. ဒါမျိုးက သေချာ အံဝင်ခွင်ကျ စီးမှ ​​​ခြေထောက်မနာတာ... မဟုတ်ရင် bro ခြေထောက်တွေ နာနေလိမ့်မယ်... ကိုယ်ပဲ စီးပေးမယ်နော် "

ခုံပေါ်ထိုင်နေတဲ့ သူ့ခြေထောက်လေးတစ်ဖက်ကို ဆွဲယူလိုက်ကာ စီးပေးလိုက်တော့ ငြိမ်ငြိမ်လေးနေပြီး အစီးခံနေလေသည်။

စီးပေးနေရင်း ခြေထောက်ဖြူဖြူနုနုလေးကို ကြည့်ပြီးတော့လဲ စဉ်းစားမိလိုက်သေးတယ်...

* ဒီကောင်လေးက ခေါင်းစ ခြေဆုံး အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းလိုက်တာ *လို့ ။

ပြည့်ပြည့်ဖောင်းဖောင်း ခြေဖမိုးလေးတွေနဲ့ ရှည်သွယ်သွယ် ခြေချောင်းလေးများ...

သွေးချေဥသလို ရဲရဲနီနေတဲ့ ဖဝါး အောက်ခြေလေးများ...

ခြေသည်းခွံလေးတွေဟာဆိုရင်လဲ တိတိရိရိ ဖြတ်ညှပ်ထားကာ ပန်းသွေးရောင်လေးများပင် ကြွလို့။

" ဟို... စီးလို့ပြီးရင် လက်က ဖယ်ပေးတော့လေ Sunghoon ရဲ့... ကျွန်တော့်ခြေထောက်ကြီးကို ကိုင်ထားတာ အားနာလှပြီ ဟီး "

" အာ... Sorry... မေ့ပြီး ကိုင်ထားမိတာ "

အဖြူရောင်လေး ပြောလာမှ သတိဝင်ကာ ကိုင်ထားမိတဲ့ ခြေထောက်လေးကို လွှတ်ပေးလိုက်မိသည်။

ရှက်ကိုးရှက်ကန်းနဲ့ပေါ့ ကျွန်တော့်မှာ ခေါင်းကုတ်ရတော့မလို... ဂုတ်လေးကိုပဲ ပွတ်လိုက်ရတော့မလိုနဲ့။ သူမသိပေမယ့် သူ့ခြေထောက်လေးကို ငေးနေမိတာ ကိုယ့်ကိုကိုယ် သိနေတော့ တစ်ယောက်ထဲ ရှက်နေမိတာမျိုး။

" ကျွန်တော် ဘယ်လို မတ်တပ်ရပ်ရမှာလဲ ဟင်... ရပ်လို့လဲ မရဘူး ပြန် ပြန်လဲကျနေတယ် "

ကွင်းထဲ ဝင်ဖို့အတွက် ခုံပေါ်က ထ ကတည်းက အခက်တွေ့နေတဲ့ ကောင်လေးကို လက်တစ်ဖက် ကမ်းပေးလိုက်ကာ

" ကိုယ့်လက်ကို ကိုင်ထား bro... ကိုယ် ထိန်းစီးပေးမယ် "

ကိုယ့်ဆီလှမ်းပေးလာတဲ့ နုနုညံ့ညံ့ လက်လေးတစ်စုံကို အသာထွေးဆုပ်လိုက်ကာ ထိန်းပေးလိုက်တော့ ယိုင်တိယိုင်ထိုးနဲ့ ထိုင်ရာကနေ ထ လာသည်။ ပြီး မလုံမလဲနဲ့ ရှက်ရယ်လေး ရယ်ပြလာကာ

" ဟီး... ကွင်းထဲတောင် မရောက်သေးဘူး ယိုင်ထိုးလို့... ကျွန်တော့်ကို သေချာထိန်းပေးထားနော် Sunghoon shii "

" စိတ်ချ bro ခြေတစ်ချက် မယိုင်စေရဘူး "

ကွင်းထဲ စ ဝင်လိုက်ကတည်းက ခြေကားယား လက်ကားယားလေးနဲ့ အဖြူရောင်လေးက ထိန်းပေးထားတဲ့ကြားက လဲမှာကြောက်ပြီး ခါးကို မမတ်ရဲဘဲ ကုန်းကုန်းလေးနဲ့ ဖြည်းဖြည်းလေး စီးနေရှာတယ်။

" ခါး လေးမတ်လိုက်ပါ့လား bro ရဲ့... ခါးလေး မတ်ထားတော့ ဟန်ချက်ထိန်းရတာ ပိုလွယ်တာပေါ့ "

" ဘယ်လို ဘယ်လို မတ်ရမှာလဲ ခါးဆန့်လိုက်တာနဲ့ လူက အနောက်ကို ယိုင်ယိုင်သွားတာကြီးကို "

"လာ ကိုယ့်လက်ကို နှစ်ဖက်လုံး ကိုင်ထားလိုက် "

ဘေးကနေ လက်လေးတစ်ဖက်ထဲကို ကိုင်ပြီး ထိန်းပေးနေရာမှ ရှေ့တည့်တည့်ကနေ မျက်နှာချင်းဆိုင် ရပ်ကာ လက်နှစ်ဖက်လုံး ကမ်းပေးလိုက်တော့ ကျွန်တော့်လက်ဖဝါးတွေထဲကို သူ့လက်ကလေး ထည့်ပေးလာပြီး ခါးလေးကို မတ်နေအောင် ထိန်းရပ်နေလေတဲ့ ကောင်ငယ်လေး...

သူ လုပ်ချင်ရာကို လုပ်နေရလို့ထင်ပါ့ မျက်နှာလေးဟာလဲ ပြုံးလို့...

ကိုယ်ကတော့ Skate ကို နောက်ပြန်စီးကာ သူ့ကိုသာ သေချာထိန်းပေးနေရင် စီးပုံစီးနည်းတွေ ခြေထောက် ထိန်းနည်းတွေ ခန္ဓာကိုယ် ဟန်ချက်ကို ဘယ်လို ညှိရတယ်ဆိုတာတွေ ပြောပြနေဖြစ်သည်။

တစ်ချက်တစ်ချက် ခြေချော်ကာ ခန္ဓာကိုယ်လေး ယိုင်ယိုင်သွားတော့ လဲမှာကြောက်နေတဲ့ အဖြူရောင်လေးက ကိုယ့်လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြန်တယ်။

ဒီအဖြူရောင်လေးနဲ့အတူ Skate စီးနေရတဲ့ အချိန်လေးမှာ သူ့အတွက် အရာရာဟာ ပြီးပြည့်စုံနေသလိုပါပဲ ....

ဒီအချိန်လေးတွေ ဒီအခိုက်အတန့်လေးတွေကိုပဲ မပြီးဆုံးစေချင်တော့လောက်အောင် သူ မက်မောနေမိရတာ သူ ကိုယ်တိုင်အသိဆုံး....

အချိန်အတော်ကြာ လေ့ကျင့်ပေးပြီးတော့ သူ တစ်ယောက်ထဲ စီးကြည့်မယ်ဆိုတဲ့ အဖြူရောင်လေးရဲ့ ပြောစကားကြောင့် ထိန်းပေးထားတဲ့ လက်ကို လွှတ်ပေးလိုက်ကာ ဘေးကနေ အသာလေး လိုက်ပေးပြီး စီးခိုင်းလိုက်သည်။

အစပိုင်းမှာ ယိမ်းယိုင်နေသေးပေမယ့် သူ့ကိုယ်သူ ထိန်းကာ သင်ပေးထားတဲ့အတိုင်း အသေချာလေး စီးနေလေတော့သည်။ ထို့ကြောင့် ဘေးက မလိုက်တော့ဘဲ ရပ်ကျန်နေခဲ့လိုက်ပြီး အဖြူရောင်လေး စီးနေတာကိုသာ ငေးကြည့်နေမိသည်။

ငေးကောင်းကောင်းနဲ့ ငေးနေတုန်းမှာပဲ အဖြူရောင်လေးဟာ အရှိန်တဖြည်းဖြည်းမြန်လာပြီး ခန္ဓာကိုယ်လေးဟာလဲ ယိုင်တိုင်တိုင်ဖြစ်လာလေသည်။ အရှိန်ကို နှေးဖို့ကြိုးစားနေပြီး လက်လေးနှစ်ဖက်ကို ကားကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနေပြီးမှ

" Sunghoon... Sunghoon shii... ကျွန်တော့်ဆီ လာအုံး... ကျွန်တော် မထိန်းနိုင်တော့ဘူး... Sunghoon shii... "

အသံတုန်တုန်လေးနဲ့ ကျွန်တော့်နာမည်ကို အော်ခေါ်လေတော့သည်။ အဖြူရောင်လေးနဲ့ ကျွန်တော်က ကွင်းရဲ့ ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် ဖြစ်နေလေတော့ သူခေါ်လို့ ကျွန်တော် သွားတဲ့ အချိန်မှာ အခြေအနေက မဟန်တော့...

ထို့ကြောင့် ကျွန်တော် သူ့ဆီ သွားနေတဲ့ အရှိန်ကို ထပ်တင်လိုက်ကာ နောက်ကို လန် လဲတော့မယ့် ခန္ဓာကိုယ်လေးကို ပြေးပွေ့လိုက်မိတော့ အရှိန်နဲ့ နှစ်ယောက်လုံး လျှောတိုက် ပါသွားပြီး ဘေးက အကာနဲ့ ဝင်တိုက်လေတော့သည်။

ဒုန်းး !!!

အ့! !

Sunghoon shii...!!

bro...!!!

အေးစက်စက် ရေခဲပြင်ပေါ် နှစ်ယောက်သား ထပ် ရက်ကလေး...

အကာနဲ့ ဝင်တိုက်ခါနီး အဖြူရောင်လေးကို ခိုက်မိမှာစိုးလို့ ရင်ခွင်ထဲ သိမ်းကြုံးပွေ့လိုက်ကာ ကိုယ့်ကိုကိုယ်သာ အနာခံလိုက်ရင်း သူ့ကို ကာကွယ်ပေးလိုက်မိသည်။

အခုအခြေအနေကြီးက ကျွန်တော်က ဘေးတစောင်းလဲကျနေတဲ့ အနေအထားကြီးနဲ့ သူကတော့ ကျွန်တော့်ရင်ခွင်ထဲကနေ ကျွန်တော့်ကို မော့ကြည့်နေလေသည်။

ကျွန်တော့််ခန္ဓာကိုယ် တစ်ခြမ်းက သူ့အပေါ် ဖိထားမိသလို ဖြစ်နေတော့ အောက်က သူကလဲ ထ လို့မရ... အပေါ်က ကျွန်တော်ကလဲ သူ့ကို ငုံ့ကြည့်နေမိပြီး ဖယ်ပေးဖို့ မေ့...

တကယ်ပါ... ကျွန်တော့်သတိတွေ အာရုံတွေ အကုန်လုံးဟာ ရင်ခွင်ထဲက ကောင်ငယ်လေးရဲ့ ပုတ်ခတ် ပုတ်ခတ်ဖြစ်နေတဲ့ မျက်​တောင်ဖျားလေးဆီမှာပဲ စုပုံနေပြီး ဘာကိုမှ သတိမထားမိတော့။

တော်တော်ကြာတဲ့အထိ ဖယ်မပေးမိတဲ့ ကျွန်တော့်ကို ရင်ခွင်ထဲက ကောင်ငယ်လေးက

" Sunghoon shii... မထနိုင်လို့လား ဟင်... ဘယ်နား နာသွားလို့လဲ... တော်တော် နာနေလို့လား "

ထိုအခါမှ သတိဝင်လာတဲ့ ကျွန်တော်က သူ့ကို ဖက်ထားမိတဲ့လက်တွေကို ​ဖြေလွှတ်ပေးလိုက်ပြီး ရေခဲပြင်ပေါ်ကနေ လူးလဲ ထ လိုက်မိသည်။ ပြီးမှရေခဲပြင်ပေါ် ငုတ်တုတ်လေးထိုင်နေတဲ့ သူ့ဆီ လက်ကမ်းပေးလိုက်ပြီး

" ဘယ်နားထိသွားသေးလဲ bro... sorry ပါကွာ.. ကိုယ် ပေါ့လျော့မိသွားတယ် "

" ကျွန်တော်ကဘာမှ မဖြစ်ပါဘူး... Sunghoon သာ နောက်ကျောနဲ့ တိုက်မိတော့ နာသွားမှာပဲ "

"ကိုယ်က အဲ့လောက်က အပျော့ပါ ဒါတွေနဲ့က အသားကျနေပြီးသား... bro ကိုသာ စိုးရိမ်တာ "

" ကျွန်တော်လဲ ဘာမှ မဖြစ်ပါဘူး... Sunghoon ပွေ့ထားလိုက်လို့ ဘာနဲ့မှ မခိုက်မိလိုက်ဘူး... "

" တော်သေးတာပေါ့ ဗျာ... ဘာမှ မဖြစ်စေရပါဘူးလို့ အာမခံ ခေါ်လာပြီး မှ ခိုက်မိတော့မလို့ "

"မဟုတ်တာ Sunghoon ကြောင့်မှ မဟုတ်တာ... ကျွန်တော့်ဘာသာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ "

" ဘယ်လိုလဲ တစ်ခါတည်းနဲ့ လန့်သွားပြီလား "

" မလန့်ပါဘူး... စီးလို့ကောင်းတယ် အဟီးး... ကျွန်တော် Skate စီးရတာ ကြိုက်တယ် "

"ဒါဆို နောက်လဲ ထပ် စီးကြတာပေါ့ "

"ဟုတ်.... "

တော်သေးတာပေါ့ သူလေး ဘာမှ မဖြစ်လို့။

နောက်တစ်ခါ ထပ် စီးကြတာပေါ့ ဆိုတော့ ခေါင်းလေး တဆက်ဆက် ညိမ့်ပြနေလေသည်။

ထိုအချိန်မှာပဲ ရုတ်တရက် အဖြူရောင်လေး မျက်နှာဟာ တစ်ခုခုကို စိုးရိမ်ထိတ်လန့်သွားဟန်နဲ့

" ဟာ... ဘယ်နှစ်နာရီ ထိုးပြီလဲ မသိဘူး "

" ဘာလို့လဲ bro "

"ကျွန်တော်... ကျွန်တော် လေးနာရီ အိမ်အရောက် ပြန်ရမှာ... "

သူ့အပြောကြောင့် ကွင်း ဝင်ပေါက်ရဲ့ ထိပ်နားလေးမှာ တပ်ထားတဲ့ တိုင်ကပ်နာရီကြီးဆီ လှမ်းကြည့်လိုက်တော့ ငါးနာရီတောင် ထိုးတော့မယ်။

" ငါးနာရီ ထိုးခါနီးပြီ bro... သွားစရာ ရှိသေးလို့လား "

"ဗျာ!! ငါးနာရီ ဟုတ်လား!!! သွားပြီ... သွားပြီ... သွားပါပြီ "

ထိတ်ထိတ်ပြာပြာဖြစ်နေတဲ့ သူ့ပုံစံကြောင့် ကိုယ်ပါ မထိတ်သာ မလန့်သာ ဖြစ်သွားရပြီး စိုးရိမ်မိသွားရတော့သည်။

" ဘာဖြစ်လို့လဲ bro ရဲ့ အရေးကြီးတာ တစ်ခုခု ချိန်းထားလို့လား "

"ဟင့်အင်... ကျွန်တော် အိမ်ပြန်ရမယ်... အချိန်မှီမရောက်တော့ဘူး... ဘယ်လို လုပ်ရမလဲ... ကျွန်တော် ဘယ်လို လုပ်ရတော့မလဲ "

မျက်နှာလေးဟာ ပြိုတော့မယ့် မိုးလို အုံ့မှိုင်းသွားကာ ညှိုးညှိုးငယ်ငယ်နဲ့... စောစောက Skate စီးရင်း ပြုံးရယ်နေတာနဲ့များ တခြားစီ...ငိုမဲ့မဲ့လေးဖြစ်နေတဲ့ အဖြူရောင်လေးကြောင့်

" စိတ်အရမ်းကြီး မလှုပ်ရှားပါနဲ့ bro.... ကားမောင်းရအုံးမယ်လေ... စိတ်လှုပ်ရှားနေလို့ မဖြစ်ဘူး "

ကျွန်တော် ပြောတာကို နားဝင်ပုံမရတဲ့ အဖြူရောင်လေးကတော့ ရေခဲပြင်ပေါ် ဖင်ထိုင်ချလိုက်ကာ ဖိနပ်တွေကို ဆွဲချွတ်လေတော့သည်။
ကြိုးတွေမဖြည်ပဲ ဇွတ်အတင်းဆွဲချွတ်နေတာကြောင့်

" ကြိုးတွေ ဖြည်အုံးလေ bro ရယ်... ဖယ်ဖယ် ကိုယ် ဖြည်ပေးမယ်... ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ စိတ်အေးအေး ထားမှပေါ့ "

"ဟင့်အင် စိတ်အေးအေးထားလို့မရဘူး... Sunghoon မသိပါဘူး အဲ့ဒါတွေ... ကျွန်တော်တော့ အပြန် ဘာဖြစ်မလဲ မသိဘူးရယ်... အရင်လို ပြန်ပြီး အချုပ်ခံရရင်တော့ သေပြီပဲ "

"bro..."

သူပြောချင်ရာတွေ ပြောပြီး ကွင်းအပြင်မှာ ချွတ်ထားတဲ့ သူ့ဖိနပ်တွေကို လောလော လောလောနဲ့ ကောက်စီးပြီး ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းနဲ့ ကားသော့ကို ကောက်ကာ ကားဆီသို့ ပြေးလေတော့သည်။

ဖုန်းကိုလဲ တစ်ချက် ဖွင့်ကြည့်လိုက်ကာ ပြောသွားသေးတာ

* missed call တွေ အများကြီးပဲ * တဲ့

ဘာကို စိုးရိမ်နေမှန်းမသိတဲ့ အဖြူရောင်လေးကတော့ မျက်စိ မျက်နှာပျက်ကာ အထိတ်ထိတ် အပြာပြာနဲ့...

ကားဆီရောက်သွားပြီဖြစ်တဲ့ အဖြူရောင်လေးကို စိတ်မချလို့ လှမ်းအော်သတိပေးလိုက်မိသေးသည်။

" bro ကား ကို ဖြေးဖြေး မောင်း "

ထိုအခါမှ ကားစက်နှိုးနေပြီ ဖြစ်တဲ့ အဖြူရောင်လေး က

" အာ... မေ့တော့မလို့ Sunghoon နဲ့ကျွန်တော် လမ်းတူတာပဲ ကျွန်တော်နဲ့ပဲ ပြန်လိုက်ခဲ့လိုက် "

ကျွန်တော်လဲ စိတ်တွေ လှုပ်ရှားပြီး ကားမောင်းရမယ့် သူ့ကို စိတ်မချတာနဲ့ တစ်ခါတည်း ကားပေါ်တက်လိုက်ပြီး

" bro ကားရော မောင်းလို့ ဖြစ်ရဲ့လား "

"ရပါတယ်... ကျွန်တော် မောင်းနိုင်ပါတယ် "

မောင်းနိုင်ပါတယ် ဆိုတဲ့လူက စိတ်တွေ လှုပ်ရှားနေတာတော့ အမှန်.... လမ်းမှာလဲ စကားတစ်ခွန်းမှ မပြောတော့ဘဲ တွေ့သမျှကား အကုန် ကျော်တက်နေကာ မီးဝါနေလဲ အရှိန်မလျှော့ဘဲ ဖြတ်မောင်းလို့ မောင်းနဲ့ ကျွန်တော့်မှာသာ ခါးပတ်ကို မြဲအောင် ပတ်ထားပြီး ဘေးက လက်ကိုင်ကွင်းကို ဆုပ်ကိုင်ပြီး ချွေးပြန်နေရသည်။

မီးပွိုင့်မိနေတုန်းမှာ ဖုန်းလေးကို ထုတ်ကာ နံပါတ် တစ်ခုကို နှိပ်လိုက်ပြီး အသံတုန်တုန်လေးနဲ့

" ကျွန်တော် ပြန်လာနေပြီ Jay " တဲ့....

ဘာလို့လဲ??

ဘာတွေ အရေးကြီးနေလို့လဲ???

အဖြူရောင်လေးက ဘာလို့ တုန်လှုပ်နေရတာလဲ???

Jay ဆိုတဲ့ လူကရော အဖြူရောင်လေးနဲ့ ဘယ်လို ပတ်သက်နေရတာလဲ???

မေးခွန်းတွေ တသီကြီးနဲ့ Sunghoon မှာတော့ ကားပေါ်မှာ သူပါလာတယ်ဆိုတာတောင် သတိရပုံမပေါ်တော့တဲ့ အဖြူရောင်လေးကိုသာ ဘေးကနေ ငေးကြည့်ရင်း လိုက်ပါလာမိတော့တယ်....

လမ်းထိပ်ရောက်တာနဲ့ ကားကို ရပ်ပေးပြီး နှုတ်ဆက်စကားလေးတောင် သေချာမပြောလိုက်ရ ဝေါကနဲ မောင်းထွက်သွားတဲ့ ကားလေးရဲ့နောက် ကျွန်တော်ကတော့ ကျောက်ရုပ်ကြီးလို ကျန်နေခဲ့ရတော့သည်။

* ဟာ... ဒီတစ်ခါလဲ ဖုန်းနံပါတ် ရအောင် တောင်းမထားမိလိုက်ဘူး *

.
.
.

ဆက်လို့မရတဲ့ ဖုန်း call တွေကြောင့် ဒေါသထွက်ပြီး ပေါက်ကွဲနေမိရတာကတော့ Jay....

ဘယ်လောက်ပဲ လွတ်လပ်ခွင့် ပေးထားပါတယ်ဆိုဆို စည်းလွတ်ဝါးလွတ်တော့ နေခိုင်းလို့ မရဘူးမလား....

သွားချင်တဲ့ဆီကိုသွား ညနေ အိမ်ပြန်ချိန်ဟာ လေးနာရီ နောက်ဆုံးပါလို့ မှာထားရက်နဲ့ အသေအချာကို စည်းကမ်းဖောက်ဖျက်တာ...

အပြင်မှာတစ်ယောက်ထဲမို့ ဘာဖြစ်လို့ ဖြစ်နေမှန်းလဲ မသိရ....

အန္တရာယ်တစ်ခုခုများ ကြုံသလား စိုးရိမ်ပူပန်နေပြီး လူက ထိုင်မရ ထမရနဲ့...

ဖုန်းကို ခြေရာခံခိုင်းတော့မှ Skate ကွင်း တစ်ခုမှာ ရောက်နေတာ သိရတော့သည်။

အတွင်းရေးမှူး Lee ကို Skate ကွင်းဆီ လိုက်သွားခိုင်းကာ အခြေအနေကို စုံစမ်းရန် လွှတ်လိုက်ရသည်။

ထိုအချိန်မှာမှ သူ့ဖုန်းလေး မြည်လာပြီး ဘာတစ်ခုမှ အပိုအလိုမပြောဘဲ သူပြန်လာပြီဆိုတာလေးသာ ပြောပြီး ဖုန်းချသွားတဲ့ ဘေဘီ...

ဘာပဲဖြစ်ဖြစ် ဆက်သွယ်လို့မရ ဖြစ်နေတာထက် အသံလေးကြားလိုက်ရလို့ အနည်းငယ်တော့ စိတ်အေးသလို ရှိပေမယ့် အိမ်ပြန်နောက်ကျနေတဲ့ ဘေဘီ့ကို စိတ်တော့ တိုမိသေးတာ အမှန်ပဲ...

အဲ့တော့ နောင်ကျဉ်သွားအောင် အပြစ်တော့ပေးရမယ်မလား...

မင်းက ငါ အလိုလိုက်ထားတာများသွားလို့ စည်းကမ်းတွေ ဖောက်ချင်နေပြီပဲ....

ဧည့်ခန်း ဆိုဖာမှာ ခြေချိတ်ထိုင်ရင်း သူ့ရှေ့ကို ရောက်လာမယ့် ဘေဘီ့ကို စောင့်နေလိုက်ကာ လက်က နာရီကိုလဲ တကြည့်ကြည့်ပေါ့။

မကြာပါဘူး သူ့အိမ်ဘက်ကနေ အမောတကော အပြေးရောက်လာပြီး ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ကိုယ့်ကို မြင်မှ ကိုယ်ရှိန်သတ်သွားကာ

" Jay..."

"စည်းကမ်းတွေ မဲ့လိုက်တာ ဘေဘီ ... မင်းကို အဲ့လိုနေဖို့ ခွင့်ပြုထားသလား "

" Jay ဟို .. ကျွန်တော်လေ... "

" ဘာအကြောင်းပြချက်တွေ ပေးအုံးမလို့လဲ "

" ကျွန်တော်... ကျွန်တော် ပေါ့လျော့မိသွားပါတယ်... Jay ကြိုက်တဲ့ အပြစ်ပေးပါ "

မျက်လွှာလေးချကာ သူ့ရှေ့မှာ ခြေစုံရပ်နေသူကို Jay မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။

"အဟွန်း... လုပ်ချင်ရာ လုပ်လာပြီး အဲ့လို အပြစ်ခံယူလိုက်ရင် ပြီးသွားပြီ ထင်တာလား "

" မဟုတ်ပါဘူး... ကျွန်တော့််အပြစ် ကျွန်တော် သိလို့ အပြစ်ဒဏ်ခံယူမယ် ပြောတာပါ "

" လူတွေက အဲ့ဒါပဲ... စည်းနဲ့ ဘောင်နဲ့ ထားတော့ ချုပ်ချယ်ပါတယ် တင်းကြပ်ပါတယ် မွန်းကြပ်လှပါပြီလုပ်တယ်.... နည်းနည်းလေးလောက် လျှော့ပေးလိုက်ပြန်တော့ ရသမျှ အခွင့်အရေးကို အကုန် အသုံးချတယ်... လက်လွတ်စပယ်လုပ်ပစ်တယ်။ အဲ့လို လက်လွတ်စပယ် လုပ်ပစ်တဲ့အပြင် အပိုလေးတွေက ရချင်သေးတယ်... အဲ့ဒါကြောင့် ပြောတာ လူတွေက ငဲ့ညှာမှုနဲ့ မတန်ဘူးလို့ "

" မဟုတ်ပါဘူး... ကျွန်တော် Jay ပေးတဲ့ အခွင့်အရေးကို လက်လွတ်စပယ်လုပ်တာ မဟုတ်ရပါဘူး.... ကျွန်တော် နာရီ မကြည့်လိုက်မိတာ... အဲ့လောက် အချိန်မရောက်သေးဘူး ထင်လို့ပါ... "

"ပြောစမ်းပါအုံး... နာရီ မကြည့်နိုင်ရလောက်အောင် မင်းမှာ ဘာအလုပ်တွေများ ရှုပ်နေခဲ့လို့လဲ "

" ဟို... ကျွန်တော်.. ကျွန်တော်... "

" ပြောစရာရှိတာ မြန်မြန်ပြော!!... ငါ အဲ့လို တွန့်ဆုတ် တွန့်ဆုတ်လုပ်တာတွေ မကြိုက်ဘူးလို့ မင်း ကို ဘယ်နှစ်ခါပြောရမလဲ Kim Sunoo!!! "

လေသံနည်းနည်းမာလိုက်တာနဲ့ မျက်ရည်လွယ်သူလေးက ခန္ဓာကိုယ်လေး တုန်တက်သွားကာ မျက်ရည်တွေ ရစ်သိုင်းလာ​လေပြီ။ သူ့မျက်ရည်တွေကို ကိုယ်မမြင်စေဖို့ ခေါင်းလေးကို ငုံ့ချကာ မျက်တောင်ရှည်တွေနဲ့ ပုတ်ခတ်ကာ သိမ်းဆည်းနေပေမယ့် မျက်တောင်ရှည်လေးတွေက မျက်ရည်အားကို ထိန်းထားနိုင်ဟန်မတူ။

တစ်ပေါက်ချင်းကျလာတဲ့ မျက်ရည်တွေက ခေါင်းငုံ့ထားတာကြောင့် ကြမ်း​ပြင်ပေါ်သို့ တစ်စက်ချင်း ကြွေကျနေပြန်ပါသည်။

" အဲ့ စောက်မျက်ရည်တွေက ကျမလာနဲ့... ငါ မင်းကို ဘာမှ မလုပ်ရသေးဘူး "

ဟင့် ~ အင့် ~ ရွှတ် ~ အင့်

ပြောခါမှ ပိုဆိုးလာကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ရှိုက်သံတွေပါ ထွက်ကျလာတဲ့ အထိ ငိုနေလေတော့သည်။

ကိုယ်က အဲ့လို မျက်ရည်ကျပြပြီး ပျော့ညံ့တာကို လုံးဝမှ မကြိုက်တဲ့လူ...

" အဲ့မျက်ရည်တွေ ခု သုတ်လိုက်နော် Kim Sunoo! မင်းကို ငါ လက်ဖျားလေးနဲ့တောင် မထိရသေးဘူး ...ငါ သိပ်စိတ်ရှည်တာ မဟုတ်လို့... ငါ့ ဒေါသကို လာမဆွနဲ့ ... "

ဟင့် ~~

ရွှတ်~

အဟင့် ~~

" အချိန်တန်လို့လဲ အိမ်ပြန်မရောက် ဖုန်းဆက်လို့လဲ မရနဲ့ ငါ ဘယ်လောက်စိတ်ပူနေမလဲ မင်း စဉ်းစားကြည့်စမ်း... ဘယ်နေရာ ဖြစ်ဖြစ် ငါမပါရင် ငါ့တပည့်တွေနဲ့တောင် အပြည့်အဝ စိတ်ချတာ မဟုတ်တဲ့ ငါက... မင်း ကို ခုလို ဆက်သွယ်လို့မရဖြစ်နေတဲ့အချိန် ဘယ်လောက် စိတ်တွေ ပူနေရတယ် ထင်လဲ... ဘယ်လောက် စိုးရိမ်နေတယ် ထင်လဲ...မင်း မို့လို့ကွာ ... မင်း မို့ လက်လွတ်စပယ်နဲ့ မထီမဲ့မြင် လုပ်ရက်တယ် "

"မဟုတ်ပါဘူး... ကျွန်တော် အဲ့လို သဘောနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး "

"တော်တော့!!... ငါ့ကို ဘာမှ ထပ်မပြောနဲ့!!"

"Jay... "

" မခေါ်နဲ့ ငါ့ နာမည်... "

" ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော် တောင်းပန်နေတာမို့..."

ခွမ်း!!!

" တော်တော့လို့ ငါ ပြောနေတယ်နော် "

Jay ဒေါသတွေ အတွက် စားပွဲပေါ်က အလှပန်းအိုးလေးက ဓားစာခံ...

နံရံဆီ ပစ်ပေါက်ခံရကာ ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမွှာမွှာ...

Jay ရဲ့ အော်သံ ပန်းအိုးကျကွဲသံတွေ အဆုံး ဘေဘီ့ရဲ့ ငိုရှိုက်သံတွေနဲ့ စကားသံလေးတွေဟာလဲ တိ ကနဲ။

" မင်း အိမ်ပြန်ရောက်ဖို့ အချိန်ဘယ်လောက်ထိ နောက်ကျခဲ့လဲ "

"တစ်နာရီခွဲပါ "

"ဟုတ်ပြီ ဒါဆို မင်း အဲ့နေရာမှာ တစ်နာရီခွဲတိတိ ဒူးထောက်နေ.... အချိန်မပြည့်မချင်း ထ မလာနဲ့ "

"ဟုတ်... ဟုတ်ကဲ့ပါ... အင့် ~ ဟင့် "

" ကျစ်! မပြီးနိုင်တော့ဘူးလား အဲ့ မျက်ရည်တွေက "

"........"

" အသားနာချင်တာလား ဘေဘီ... ဟမ်.. အသားနာချင်နေတာလား လို့..."

"မဟုတ်..မဟုတ်ပါဘူး... "

"မဟုတ်ရင် အဲ့မျက်ရည်တွေ ခု သုတ်"

သုတ်ဆိုတော့လဲ လက်ဖမိုးနဲ့ ပွတ်ဆွဲကာ သုတ်နေပြန်သည်။

" ပြော...မင်း အပြင်မှာ ဘာတွေ လုပ်လာလဲ "

မေးခွန်းအဆုံး Jay ရှေ့မှာ ဒူးထောက်နေရာကနေ မော့ကြည့်လာကာ

"ကျွန်တော်... Skate ကွင်း ရောက်နေတာပါ Jay "

" Skate ကွင်း??... မင်း ဘယ်တုန်းက ဒါမျိုးတွေ ဝါသနာပါသွားရတာလဲ "

" ဝါသနာပါလို့ မဟုတ်ပါဘူး... သူငယ်ချင်း တစ်ယောက်နဲ့ တွေ့လို့ အတူလိုက်သွားတာ "

" မင်းမှာ Skate စီးတတ်တဲ့ သူငယ်ချင်း ရှိတာ ငါလဲ မသိရပါလား ဘေဘီ... ဘယ်အချိန်မှာများ တွေ့ကြဆုံကြပြီး သူငယ်ချင်းတွေ ရလာ ရတာလဲ "

" ဟို... "

" ဟိုတွေ ဒီတွေ မလုပ်နဲ့... ငါ့မျက်နှာကို တည့်တည့်ကြည့် ပြီး အမှန်အတိုင်းပြော "

" သူနဲ့ တွေ့ဖူးတာ ကြာပါပြီ... ဒီနေ့မှ အပြင်သွားရင်း လမ်းမှာတွေ့တာနဲ့ ..ဟို... စကားဆက်မိကြရင်း သူက Figure Skate လေ့ကျင့်နေတဲ့ သူဆိုတာ သိရပြီး သူလေ့ကျင့်နေတဲ့ဆီ လိုက်သွားမိတာပါ ''

" အဲ့ဒါနဲ့ပဲ အိမ်ပြန်ရမယ့်အချိန်တွေကို မေ့သွားတယ် ဆိုပါတော့ "

"ဟုတ် "

" ဟူးးး ဒါ နောက်ဆုံးအကြိမ်ဖြစ်ပါစေ ဘေဘီ... ငါ တော်တော်လေး စိတ်လျှော့ထားတာမို့လို့ ... ဒါမျိုး အမှား နောက်တစ်ခါ ထပ် မဖြစ်ပါစေနဲ့ "

" ဟုတ်ကဲ့ ကျွန်တော်နောက်ဆို ဆင်ခြင်ပါ့မယ် Jay "

" နောက်မှ ဆင်ခြင်မယ်ဆိုတာထက် ငါ မကြိုက်ဘူးဆိုတာတွေကို မလုပ်မိဖို့ အစကတည်းက မင်း ဦးနှောက်ထဲမှာ သေချာမှတ်ထားရမှာ မဟုတ်ဘူးလား ဘေဘီ "

" ဟုတ်ပါတယ်"

အပြစ်လုပ်ထားသူက သူ့မျက်နှာကိုလဲ သေချာ မကြည့်ရဲဘဲ ခေါင်းလေးငုံ့ကာ မျက်ရည်တွေ ကြိတ်သုတ်နေတဲ့ ဘေဘီ့ရဲ့ ပုံစံလေးကို မကြည့်ရက်တော့တာကြောင့်

" အချိန်ပြည့်တာနဲ့ ငါ့အလုပ်ခန်းထဲ လာခဲ့ "

"ဟုတ် "

ဧည့်ခန်း ကြမ်းပြင်မှာ ဒူးထောက်နေပြီဖြစ်တဲ့ ဘေဘီ့ကို ကျောခိုင်းကာ အပေါ်ထပ်က အလုပ်ခန်းဆီသို့ ခြေလှမ်းတို့ ဦးတည်ရင်း နားထဲမှာတော့ ဘေဘီ ပြောတဲ့စကားတွေကို ပြန်ကြားယောင်နေမိသည်။

Figure Skate စီးတဲ့ သူငယ်ချင်းဆိုပါ့လား....

ဒါဟာ ဘေဘီ့ဆီက ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သလို ဘေဘီ့ပတ်ဝန်းကျင်မှာ ဒီလို လူမျိုး ရှိတယ်ဆိုတာ သူ ပထမဆုံး သိလိုက်ရခြင်းပင်ဖြစ်သည်။

* ငါ ဘေဘီ့ကို တော်တော်လေး မျက်ခြေပြတ်နေတာပဲ.... ဒီအတိုင်းဆို စိတ်ချထားလို့ ရပါ့မလား... ဘေဘီ့ ကို ငါ အခုလိုမျိုး လွှတ်ထားလို့ ရပါ့မလား...*

* ဟူးးး မင်းအတွက် စဉ်းစားပေးရတာက ငါ့အလုပ်ကိစ္စတွေ စဉ်းစားရတာထက် ပိုခက်ပါ့လား ဘေဘီ ရယ်....*

အတွေးပေါင်းစုံနဲ့ အလုပ်ခန်းထဲမှာထိုင်နေရင်း အတွင်းရေးမှူး Lee အလာကို စောင့်နေရတာကလဲ Jay အတွက် အချိန်တွေ အရမ်း ကြာနေသလိုပါပဲ...

Skate ကွင်းကနေ ပြန်လာတဲ့ အတွင်းရေးမှူး Lee ကတော့ အိမ်ထဲကို ဝင်ဝင်ချင်း ဧည့်ခန်းထဲမှာ ဒူးထောက်နေတဲ့ Sunoo ကို မြင်လိုက်ရခြင်းကြောင့် အံ့သြသွားရသည်။

ထို့ကြောင့် လှမ်းလက်စ ခြေလှမ်းတို့ ရပ်တန့်လိုက်ပြီး Sunoo ကို ကြည့်လိုက်တော့ ငိုထားတဲ့ မျက်လုံးရဲရဲလေးတွေနဲ့ သူ့ကို လှည့်ကြည့်လာသည်။

ချက်ချင်းပဲမျက်နှာလေးလွှဲသွားကာ ခေါင်းကို ပြန်ငုံ့သွားတဲ့ Sunoo ကိုကြည့်ပြီး အတွင်းရေးမှူး Lee သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိရင်း

* ဟူးးးး တယ်ခက်ပါလား Sunoo ရယ်.... CEO မကြိုက်တာတွေကိုမှ သွားသွားလုပ်ရတယ်လို့ကွာ...*

Sunoo ဆီမှ အကြည့်ကိုလွှဲကာ ခေါင်းကိုသာ ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး CEO ရှိရာဆီ ထွက်လာခဲ့လိုက်သည်။

အလုပ်ခန်းထဲမှာ စောင့်နေတဲ့ CEO ဆီကို ရောက်တော့

" ကျွန်တော် ပြန်ရောက်ပြီ CEO "

လက်ထဲက ဝီစကီခွက်ကို အရသာခံသောက်နေတဲ့ CEO က ဖန်ခွက်လေးကို လှည့်ပတ်ကိုင်နေပြီး
ဖန်ခွက်ထဲက ရေခဲတုန်းလေးကိုသာ စိုက်ကြည့်နေရင်း ခေါင်းညိမ့်ပြကာ

"အင်း.... သိလာသမျှ အကုန်ပြော ... ဘာတွေ သိခဲ့လဲ...ဘာတွေ တွေ့ခဲ့လဲ "

" ice museum ဆိုတဲ့ Skate ကွင်းပါ CEO...Sunoo လေးနဲ့ အတူ ကောင်လေးတစ်ယောက်လဲ ရှိနေပါတယ် "

"အင်း... "

"CCTV မှာ ကြည့်ခဲ့ရသလောက် အဲ့ကောင်လေးက Sunoo ကို Skate စီးနည်း သင်ပေးနေတယ် ထင်ပါတယ်... သီချင်းလဲ ဖွင့်ထားကြတော့ CEO ခေါ်တဲ့ ဖုန်းသံကို သူတို့ မကြားနိုင်ကြတာရှိမှာ "

"အဟင်း... ဘေဘီက Skate စီးတာတောင် သင်နေတယ်ပေါ့လေ ... ဘေဘီ စီးချင်တယ်ဆိုရင် ကိုယ်က ဘေဘီ့အတွက် ကိုယ်ပိုင် Skate ကွင်းကြီးတစ်ခု ချက်ချင်း ဆောက်ပေးမှာပေါ့ ကွာ "

ဆုံလည်ကုလားထိုင်ပေါ်မှာ ထိုင်နေရာမှ ပြတင်းပေါက်နားထိ ထ သွားလိုက်ပြီးမှ

" အဲ့ကောင်လေး ဆိုတာကရော..."

" Figure Skate သမားလေးတစ်ယောက်ပါ CEO... သူ့နာမည်က Park Sunghoon တဲ့... Sport Light ဆိုတဲ့ အားကစား company က Sponsor ပေးထားတဲ့ ကစားသမားလို့ သိရပါတယ်.. အဲ့ Skate ကွင်းကလဲ Sport Light ပိုင်တဲ့ကွင်းပါ "

" Park Sunghoon... Park Sunghoon... Park Sunghoon... "

အတွင်းရေးမှူး Lee ရဲ့ စကားအဆုံး ထို နာမည်တစ်လုံးတည်းကိုသာ သံယောင်လိုက်သလို ထပ်တလဲလဲ ရွတ်နေတဲ့ Jay...

ပြီးမှ

" သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး က ဘယ်လိုရှိလဲ အတွင်းရေးမှူး Lee "

ထိုမေးခွန်းကို မေးလာချိန်မှာ အတွင်းရေးမှူး Lee ရဲ့ မျက်လုံးထဲမှာ ပေါ်လာတာက CCTV ကနေတဆင့် တွေ့လိုက်ရတဲ့ ရေခဲပြင်ပေါ်က ဟိုကောင်လေးရဲ့ ရင်ခွင်ထဲမှာ နစ်မြုပ်နေတဲ့ Sunoo ရဲ့ ပုံရိပ်တွေပင်...

မတော်တဆ ချော်လဲမှာစိုးလို့ ပြေးပွေ့လိုက်တာပေမယ့် ရေခဲပြင်ပေါ် လဲကျနေရာကနေ
တော်တော်နဲ့ ထ မလာဘဲ Sunoo အပေါ်ကနေ မျက်တောင်မခတ် ငုံ့မိုးကြည့်နေတဲ့ အဲ့ကောင်လေးရဲ့ အကြည့်တွေက Sunoo အပေါ်မှာ ရိုးမှ ရိုးသားရဲ့လား....

ဖိနပ်ကအစ စီးပေးနေပြီး Sunoo ရဲ့ လက်ကိုကိုင်ကာ ထိန်းပေးပြီး Skate စီး သင်ပေးနေတာတွေကလဲ တယုတယပုံစံတွေနဲ့....

CEO ကတော့ မေးလာခဲ့ပြီ....

ဒါပေမယ့်လဲ CEO ရဲ့စိတ်ကို သိနေတဲ့ လူတစ်ယောက်အနေနဲ့ မြင်သမျှ တွေ့သမျှတွေကို အားလုံး ပြောပြလိုက်လို့ မဖြစ်ဘူးမလား....

Sunoo လေးရဲ့ဘက်ကိုလဲ ကြည့်ပေးရမယ် မဟုတ်လား.... Sunoo လေးကိုလဲ စိတ်မညစ်စေလိုပါ...

ဟိုတစ်ဖက်ကောင်လေးရဲ့ ဘဝလေးကိုလဲ အထိအခိုက် မဖြစ်စေလို...

ထို့ကြောင့် လူကြီးတစ်ယောက်အနေနဲ့ ကာကွယ်သင့်တာကို ကာကွယ်ပေးဖို့အတွက် CEO မသိတန်တာ မသိရလေအောင် ကျွန်တော် တချို့တဝက်ကို ဖုံးကွယ်ခွင့်ပြုပါ CEO...

ဒီလို ဖုံးကွယ် လိုက်ပေမယ့် ကျွန်တော် တာဝန်သိသိနဲ့ CEO စိတ်မထိခိုက်စေဖို့တော့ လုပ်စရာရှိတာတွေကို လုပ်ဆောင်သွားမှာပါ။

အတွင်းရေးမှူး Lee တစ်ယောက် သူ့ရဲ့ CEO ကို စိတ်ထဲကနေပဲ တောင်းပန် စိတ်ထဲကနေပဲ ကတိပြုလိုက်ပြီးမှ တစ်ခွန်းချင်း ပြောထွက်လာတာက

" သာမာန် သူငယ်ချင်း ဆက်ဆံရေးတွေပါ CEO... CEO အာရုံထဲ ထည့်စရာ မလိုပါဘူး "

အသက်ဝဝရှူကာ စိတ်ကိုတင်းပြီး ပြောလိုက်တဲ့ အတွင်းရေးမှူး Lee ရဲ့ စကားအဆုံး နှုတ်ခမ်းပါးလေးတစ်ဖက် ကော့တက်သွားရုံ ပြုံးလိုက်တဲ့ CEO ရဲ့ အပြုံးကိုတော့ အတွင်းရေးမှူး Lee မမြင်ခဲ့ဘူးလေ....

*************************************

Love you all my Vitamins 💙

San Htarni 💙

7.2.2023

Comment