~ 6 ~

~ 6 ~

"ကျွန်တော် သဘောတူမပေးနိုင်ဘူး နည်းပြကြီး"

" ခေါင်းမမာစမ်းနဲ့ Sunghoon... ဒါ မင်းခေါင်းမာနေတာနဲ့ ပြီးမယ့် ကိစ္စမဟုတ်ဘူး... သူတို့ပြောတဲ့အတိုင်း သဘောတူပေးလိုက်ပါ "

" ဟင့်အင် ကျွန်တော့်ဘက်ကတော့ လုံးဝပဲ "

" ဘာလို့ အဲ့လောက် ခေါင်းမာနေတာလဲ ငါ့သားရယ်... ငါ့သား ခေါင်းလေး တစ်ချက်ပဲ ငြိမ့်လိုက် ကျန်တာ မင်းအတွက် အောင်မြင်ဖို့ အခွင့်အလမ်းကောင်းတွေ ချည်းပဲ "

"ဘာကို အခွင့်အလမ်းကောင်းလဲ နည်းပြကြီး... နည်းပြကြီးကို လက်လွှတ်ပြီးတော့မှ... ကျွန်တော် တစ်ယောက်ထဲ လျှောက်ရမယ့်လမ်းက ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရှိနေပါစေ ကျွန်တော့်အတွက်က အလကားပဲ ဗျ "

" ငါ့သားရယ်... ငါ့ စေတနာကို နားလည်စမ်းပါကွာ"

" နည်းပြကြီး မပါရင် ကျွန်တော် ဘယ်ရေခဲပြင်ပေါ်မှာမှ ပျော်နိုင်မယ် မထင်ဘူး... မေမေ မရှိတော့တဲ့ အချိန်ကတည်းက မေမေ့တပည့်ဖြစ်တဲ့ နည်းပြကြီးကပဲ ကျွန်တော့်ကို အစစအရာရာ လမ်းပြခဲ့တာ မဟုတ်ဘူးလား... မေမေဆုံးပါးသွားလို့ ယိမ်းယိုင်သွားခဲ့တဲ့ ကျွန်တော့််ဘဝကို နည်းပြကြီးပဲ ပဲ့ကိုင်ပေးခဲ့တာ မဟုတ်ဘူးလား "

" ဟုတ်တော့ ဟုတ်ပေမယ့်..."

" ဟုတ်တယ်ဆိုရင် ဘာလို့လဲ... ဘာလို့ အခုမှ ကျွန်တော့်ဘေးက ထွက်သွားချင်ရတာလဲ... နည်းပြကြီး ကျွန်တော့်ကို တာဝန်မယူချင်တော့လို့လား... ကျွန်တော် နည်းပြကြီးအပေါ် အရမ်းဆိုးခဲ့မိလို့လား... နည်းပြကြီး မကြိုက်တာတွေ ကျွန်တော် ဆင်ခြင်မှာမို့ ကျွန်တော့််ကိုတော့ ဒီ ရေခဲပြင်တွေပေါ် တစ်ယောက်ထဲ မလွှတ်လိုက်ပါနဲ့ နည်းပြကြီးရယ်... "

ဒီ တစ်ယူသန်ကလေးကို သူ ဘယ်လို ဖျောင်းဖျရပါ့မလဲ...

သူ ကောင်းစားဖို့ ပြောနေတယ်ဆိုတာလဲ သိရက်နဲ့ တမင် ခေါင်းမာနေတဲ့ ကလေး...

စောစောက လေသံမာမာနဲ့ လက်မခံနိုင်ကြောင်း ပြန်ပြောနေပြီးမှ ခုတော့ အသံတွေတုန်ကာ ငိုသံတွေပါ ပါလာခဲ့ပြီ။

ငိုခဲတဲ့ကလေး မျက်ရည်မကျတတ်တဲ့ Sunghoon လိုကလေးတစ်ယောက် ငိုသံပါလာပြီ ဆိုကတည်းက သူ့ရင်ထဲက ဝမ်းနည်းမှုအတိုင်းအတာကို ခန့်မှန်းကြည့်လို့ ရပါသည်။

ဘာပဲဖြစ်ဖြစ် ဖျောင်းဖျရမှာ ကိုယ့်တာဝန်ပဲပေမို့

" အဲ့လိုမဟုတ်သေးဘူးလေ ကလေးရယ်..."

" တော်ပါတော့.... မေမေနဲ့ နည်းပြကြီးရဲ့ နည်းပြသွန်သင်မှုတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့််ကို ဘယ်သူ့လက်ထဲမှလဲ ထည့်မပေးလိုက်ပါနဲ့... ကျွန်တော့်အတွက် ဆရာဆိုတာ မေမေ ပြီးရင် နည်းပြကြီးပဲ ရှိတယ်... နည်းပြကြီးကို ကျွန်တော့်ဆရာဆိုတာထက် ကျွန်တော့််မိသားစုလိုပဲ သဘောထားခဲ့တာပါဗျာ..."

" သိတယ်... သိတာပေါ့ ကလေးရယ်... မင်းကလဲ ငါ့အတွက် မိသားစုပါပဲ...ဒါပေမယ့် မိသားစုမို့လို့ ဆိုပြီး ကိုယ့်ဘဝတက်လမ်းတွေကို လျစ်လျူရှုပြီး ဖက်တွယ်ထားလို့ မရဘူးလေကွာ..."

" နည်းပြကြီး မပါဘဲ ကျွန်တော် ဘယ်လမ်းမှ မလျှောက်ချင်ဘူး လို့ "

" သူတို့ စီစဉ်တာလဲ နည်းလမ်းကျတယ်လေ Sunghoon ရဲ့... သူတို့ ထားပေးတဲ့ နည်းပြက လက်ရှိမှာ နာမည်ကြီးနေတာ... ဆုတံဆိပ်တွေ အများကြီးရအောင်လဲ လေ့ကျင့်ပေးနေတဲ့လူ.. အဲ့လိုလူက ငါ့သားကို နည်းပေးလမ်းပြ လုပ်မှာလေကွာ... ဒါကို မင်းက ငြင်းချင်နေတာလား "

" သူ့ဘာသာသူ ဘယ်လောက် နာမည်ကြီးကြီး ဆုတံဆိပ်တွေ ဘယ်လောက်ရ ထား ထား... သူ ကျွန်တော့်အကြောင်း ဘယ်လောက်သိလဲ... ကျွန်တော့် အခြေအနေ ကျွန်တော့်အစွမ်းအစ ကျွန်တော့် အထာကို ကျွန်တော် ငယ်ငယ်တည်းက မေမေနဲ့ အတူ ဘေးကနေ ကျွန်တော့်ကို ထိန်းကျောင်းပေးခဲ့တဲ့ နည်းပြကြီးလောက် ဘယ်သူက ပိုသိနိုင်မှာ မို့လို့လဲ "

" မင်း အဲ့လောက်ထိ ပြောရမခက်စမ်းနဲ့ ငါ့သားရယ် "

" ဘာလို့လဲ... ဘာလို့ ကျွန်တော့်ကို သူများလက်ထဲ အဲ့လောက်ထိုးထည့်နေတာလဲ... နည်းပြကြီး ကျွန်တော့်ကို တာဝန်မယူချင်တော့လို့လား... နည်းပြကြီး ကျွန်တော့်ကို စိတ်ကုန်နေလို့လား ဟင်"

ပေါက်ကွဲချင်နေတဲ့ စိတ် ငိုချင်နေတဲ့ စိတ်ကို ထိန်းချုပ်ပြီး မျက်ရည်မကျအောင် တင်းခံထားတဲ့ မျက်ဆန်ရဲရဲတွေနဲ့ မော့ကြည့်လာကာ ပြန်မေးနေတဲ့ Sunghoon ကြောင့် သူ လေသံပျော့လေးနဲ့ ချော့နေလို့မရတော့ဘူးဆိုတာ နည်းပြကြီး သိလိုက်ပြီ။ ဒါ့ကြောင့် လေသံကို တမင်မာလိုက်ကာ

" ငါ့ စေတနာကို မင်း သိရဲ့သားနဲ့ မရူးမိုက်ချင်စမ်းနဲ့ Park Sunghoon!! သူတို့ ခန့်တဲ့ နည်းပြနဲ့ မလေ့ကျင့်ရင် မင်းကို Sponsor ထပ် မပေးဘူး ပြောနေတာကို... မင်း ဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ "

" ကျွန်တော် ရအောင် ပြောမယ်ဗျာ... Company နဲ့ ကျွန်တော် ရအောင် ညှိမယ်... ကျွန်တော့်ဘာသာ ကြည့်လုပ်မှာမို့ နည်းပြကြီး ကျွန်တော့်ကို ဘာမှ ထပ် မပြောပါတော့နဲ့ "

ဘာစကားမှ ဆက်မပြောလိုတော့တာကြောင့် ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တစ်စက်ကို လက်ခုံနဲ့ခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်ကာ Sunghoon နေရာမှ ထွက်လာခဲ့မိတော့သည်။

နည်းပြကြီးက အရေးတကြီး ပြောစရာရှိသည် ဟုဆိုကာ သူ့တိုက်ခန်းသို့ လိုက်လာ၍ ဘာများ အရေးကြီးလို့လဲ မေးလိုက်မိမှ ထင်မထားတဲ့ စကားတွေကို ကြားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် နည်းပြကြီးကို သူ လက်မလွှတ်ဘူး။ သူ့ဘဝမှာ တွယ်တာစရာဆိုလို့ နည်းပြကြီး တစ်ယောက်သာ ကျန်တော့သည်မလား။

သွေးသားအရင်းပါလို့ ပြောတဲ့ ဦးလေးအရင်း ဖြစ်သူကတောင် သူ့အပေါ် ရက်ရက်စက်စက် လုပ်ရက်သွားချိန်မှာ သူ့ဘေးနားမှာ အားပေးကူညီခဲ့တာဆိုလို့ နည်းပြကြီး တစ်ယောက်သာ ရှိခဲ့တာ မဟုတ်ဘူးလား။

အဲ့လိုလူတစ်ယောက်ကို ကိုယ့်အောင်မြင်မှုအတွက်ပါဆိုပြီး လက်တွဲတော့ ဖြုတ်မခဲ့နိုင်။

သူ့အရည်အချင်းကို သိလို့ အောင်မြင်ခါနီးမှ နာမည်ကောင်း ဝင်ယူချင်ကြတဲ့ လူတွေ လက်ထဲ သူ့အရည်အချင်းတွေကို ထည့်မကျွေးလိုက်နိုင်ပါဘူး။

ဒါတွေဟာ မေမေနဲ့နည်းပြကြီးရဲ့ အရောင်တင်ပေးမှုတွေနဲ့ တောက်ပြောင်လာရတဲ့ သူ့ရဲ့ အရည်အချင်းတွေ။

ပြောချင်ရာပြောပြီး ထ ထွက်သွားတဲ့ Sunghoon ရဲ့ ကျောပြင်ကိုသာ ငေးကြည့်ရင်း နည်းပြကြီး သက်မမောတစ်ခုကို ချလိုက်မိသည်။

ကိုယ့်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတစ်ယောက်ကို ကိုယ်ကရော ဘယ်လိုစိတ်နဲ့ သူများလက်ထဲ ထည့်ရက်ပါ့မလဲ။

Sponsor ပေးတဲ့ Company က ကိုယ့်ရဲ့ သင်ကြားပြသမှုတွေကို မကြိုက်။ ရှေးရိုးစွဲနည်းလမ်းတွေ နဲ့မို့ ကိုယ့်နည်းပြမှုတွေကို လက်မခံနိုင်တော့ပါဟု ဆိုလာလေပြီ။

* Sunghoon ကို သူတို့ ငှားပေးတဲ့ နည်းပြနဲ့သာ လေ့ကျင့်စေလိုပါသဖြင့် နည်းပြကြီးက အလိုက်သိသိ နှုတ်ထွက်ပေးပါ * တဲ့...

* သူတို့ပြောတာကို လက်မခံရင် ဒီကလေးနဲ့ လက်တွဲထားတာကို ဖြုတ်၍ Sponsor ကိစ္စ ရပ်ဆိုင်းပါမည် တဲ့ *

မလိုအပ်ဘဲ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး လက်မခံလိုက်ရင် ဒီကလေးရဲ့ တက်လမ်းတွေ လွဲချော်ပြီး အောင်မြင်မှုက နှောင့်နှေးသွားနိုင်ပါသည်။

ထို့ကြောင့် Sunghoon နားလည် လက်ခံလာအောင် ချော့မော့ ပြောနေပါသော်လည်း ခေါင်းမာတတ်တဲ့ Sunghoon က ဘယ်လိုမှ လက်မခံ။

လက်မခံတဲ့အပြင် နည်းပြကြီး ကျွန်တော့်ကို တာဝန်မယူချင်တော့လို့လား တဲ့...

* တာဝန်မယူချင်တော့တာ မဟုတ်ဘူး ငါ့တပည့်ရဲ့ တာဝန်သိသိနဲ့ အောင်မြင်မှုဆီ တွန်းပို့ပေးနေတာပါ.... *

.
.
.

နည်းပြကြီးနဲ့ အခြေအတင် စကားများပြီး စိတ်ညစ်ညစ်နဲ့ တိုက်ခန်းကနေ လမ်းလျှောက်ပြီး ထွက်လာခဲ့လိုက်သည်။

စိတ်က အလိုမကျဖြစ်နေတော့ မြင်မြင်ကရာ စိတ်တိုင်းကမကျ။

ရပ်ကွက်လမ်းသွယ်လေးမို့ လူသူ ကားအသွားအလာ ရှင်းလင်းနေတာတောင် ဒီ ရပ်ကွက်စုတ်ကြီးက ဘာလို့ တိတ်ဆိတ်နေရတာလဲ ဟု အပြစ်တင်မိလိုက်သေး။

လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကိုလဲ စိတ်မထင်ရင် မထင်သလို ပိတ်ကန်ခဲ့တာ ကားဆီက အချက်ပေးသံတွေ တဝှီဝှီနဲ့ ညံညံစီရင်း ကျန်ခဲ့လေသည်။

တစ်နေရာအရောက် သူလျှောက်နေတဲ့ လမ်းတည့်တည့်မှာ ကျနေတဲ့ ဘီယာဗူးခွံတစ်ခုတွေ့တော့

* ဒီအမှိုက်က အမှိုက်ပုံးထဲ ရောက်အောင်မပြစ်ဘဲ ဘာလို့ လမ်းပေါ်ရောက်နေရတာလဲ * ဟုဆိုကာ ခြေထောက်နဲ့ ကန်ပစ်လိုက်တော့သည်။

ဖြစ်ချင်တော့ Sunghoon က အကန် ဘေးက ကားတစ်စီးက ဖြတ်အသွား တိုက်ဆိုင်သွားကာ ဘီယာဗူးခွံဟာ အရှိန်နဲ့ မြောက်တက်သွားပြီး ကားဘေးကိုယ်ထည်ကို မှန်သွားလေတော့သည်။

ဒေါင် !!!

ခွမ်း!!

ဂလုံ... ဂလုံ ... ဂလုံ...

ကျွီ !!!

ကားကိုမှန်သွားတဲ့ ဗူးခွံဟာ အောက်ကိုပြန်ကျလာပြီး ကားလမ်းပေါ် နှစ်ပတ်သုံးပတ်လောက် လှိမ့်နေပြီးမှ ရပ်သွားလေသည်။

ဗူးခွံလဲအရပ် ကားကလဲ ဘရိတ်အုပ်သံကျယ်ကျယ်နဲ့ ထိုးရပ်သွားကာ မောင်းသူဘက်က ကားမှန်တချပ် လျှောကနဲ ပွင့်သွားပြီး

" ငါ့ကားကို ဘာလုပ်လိုက်တာလဲကွ မင်း! "

ကားထဲက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဒေါသတကြီး အော်လေတော့သည်။

" မတော်လို့ဗျာ... ကျုပ် တမင်လုပ်တာ မဟုတ်ဘူး "

စိတ်ကကြည်မနေတော့ လေသံက ဘယ်လိုမှ မပြေပြစ်နိုင်...

" အောင်မာ... မင်းကလဲ အမှားလုပ်သေးတယ် မင်းကပဲ လေသံမာနေရတယ် ရှိသေး "

" ကျစ်! မတော်လို့ လို ပြောပြီးပြီပဲ... ဘာတွေ လာရစ်နေတာလဲ... ကိုယ့်လမ်းကို သွားကြစမ်းပါဗျာ "

" ဘာကွ !! မင်း သေချင်နေတာလား.... အမှားလုပ်တဲ့သူက မတောင်းပန်တဲ့အပြင် လေသံက
မချေမငံနဲ့ ဘယ်လိုကောင်လဲ... ဘယ်လို မိ မဆုံးမ ဖ မဆုံးမလေးလဲ "

"ဘာ... !!!!"

ဘယ်လိုတောင် စော်ကားလိုက်တဲ့ စကားလဲ... လူကြီးဆိုတိုင်း အငယ်တွေကို အဲ့လို စော်ကားပြောဆိုချင်တိုင်း ပြောလို့ရမတဲ့လား....

မိဘနဲ့ပါ ကိုင်ပေါက်နေတာတော့ ဒီလူ တော်တော် လွန်နေပြီ မဟုတ်ဘူးလား။

နဂို စိတ်မကြည်တဲ့အခံနဲ့ပါဆို မရှိတော့တဲ့ မိဘတွေကိုပါ စော်ကားလာတော့ Sunghoon သီးခံနိုင်မှု အတိုင်းအတာ ကျော်သွားခဲ့ပြီ။

ထို့ကြောင့် စောစောက လမ်းပေါ်ပြန်ကျလာတဲ့ ဗူးခွံကို ပြန်ကောက်ကာ ကားဆီသို့ အားနဲ့ ပစ်ပေါက်လိုက်သည်။

" ခင်ဗျားကရော ဘာမို့လို့လဲ... ခင်ဗျား ကရော ဘာမို့လို့ ကျုပ်ကို မိမဆုံးမ ဖမဆုံးမ လို့ ပြောရတာလဲ... ဟမ်.. လာစမ်းပါ ခင်ဗျား သတ္တိရှိရင် အောက်ဆင်းခဲ့... ကားပေါ်ကနေ လူစွာကြီး လုပ်မနေနဲ့ လာ... ကျုပ် ဘာကောင်လဲ သိချင်ရင် ဆင်းလာခဲ့ လာ "

ကားကို ခြေထောက်နဲ့ပါ တစ်ချက်ကန်လိုက်ပြီး ဆင်းခဲ့ဖို့ ခေါ်တော့မှ သူ့ဘေးမှာထိုင်နေတဲ့ အမျိုးသမီးက လူကြီးရဲ့ လက်မောင်းကို ဆွဲလှုပ်ရမ်းကာ

" လာပါ ကိုရယ်... အဲ့လို ကလေကချေတွေနဲ့ တုမနေစမ်းပါနဲ့.... နောက်ကျနေပြီ ကိုယ့်လမ်းကို သွားကြရအောင်... အဲ့လို လမ်းပေါ်က ဟာတွေက လူလိုပြောလဲ နားလည်မှာ မဟုတ်ဘူး "

သူ့ကို ကြည့်ကာ မဲ့ရွဲ့ပြောပြီး သွားဖို့ခေါ်နေတာကြောင့် လူကြီးကလဲ ကားမှန်ကိုပြန်တင်ကာ ကားမောင်းပြီး ထွက်သွားကြလေတော့သည်။

** ဟူးးး စိတ်မကြည်လို့ ထွက်လာမှ ဒေါသထွက်စရာက လာကြုံနေသေးတယ် **

** တောက်!! နေချင်စရာ တစ်ကွက်မှ မရှိတဲ့ လောကကြီး... ငါ့အနားရှိတဲ့ လူအကုန်လုံး ငါ့ကို ထားပြီး ထွက်သွားဖို့ပဲ လုပ်နေကြတယ် **

** အစကတည်းက ထားခဲ့ဖို့ ရည်ရွယ်ထားရင် ငါ့ဘဝထဲကို ဝင်မလာကြနဲ့ပေါ့ ခုတော့...**

ဟူးးး

ဒေါသတွေကို မျိုချရင်း ကိုယ့်အတွေးနဲ့ကိုယ် ဆက်လျှောက်လာခဲ့လိုက်တာ ရပ်ကွက်ထိပ်က ပန်းခြံနားထိ ရောက်လာခဲ့သည်။

Taxi ငှားဖို့ ဟိုဟိုဒီဒီ ကြည့်နေစဉ် ရှေ့တည့်တည့်မှာလာရပ်တဲ့ ကားကြောင့် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိတော့ ကားမှန်လေးပွင့်လာကာ တွေ့လိုက်ရတာက အဖြူရောင်လေး....

" Sunghoon shii.."

"အာ... bro! "

မြင်လိုက်ရတဲ့ အပြုံးလေးက ရင်အေးစရာ...

ကားထဲကနေ မော့ကြည့်နေပြီး ပြုံးပြနေတဲ့ အပြုံးလေးကြောင့် စောစောက ပူလောင်နေတဲ့ ဒေါသစိတ်တွေတောင် ပြေငြိမ်းသွားသလိုပါပဲ။ အဲ့သလောက်အထိကို ဒီအဖြူရောင်လေးက အကြည်ဓာတ်ကလေး...

" Sunghoon ဟုတ်ပါ့မလားလို့ ခပ်လှမ်းလှမ်းကတည်းက ကြည့်နေတာ... ကားငှားဖို့ စောင့်နေတာလား ဟင် "

"ဟုတ်တယ် bro... ကိုယ် ကားစောင့်နေတာ "

"ဘယ်သွားမလို့လဲ ကျွန်တော် လိုက်ပို့ဖို့ အဆင်ပြေရင် ပို့ပေးမယ်လေ "

"အာ... နေပါစေဗျာ အားနာစရာကြီး... "

"အားမနာရပါဘူး နော်... ကျွန်တော် တကယ် လိုက်ပို့ပေးချင်လို့ပါ... လာ တက် နော် "

လမ်းဘေးကြီးမှာရပ်ပြီး ကားထဲနဲ့ ကားပြင် ခါးကိုင်းကာ ကုန်းကုန်းကွကွနဲ့ ငုံ့ပြီး စကားပြောနေတဲ့ သူ့ပုံစံကို ကြည့်ကာ အဖြူရောင်လေးက သွားတွေပေါ်အောင် ရယ်လိုက်ရင်း

" ကဲ လာပါဗျာ... လမ်းဘေးကြီးမှာ အကြာကြီးရပ်နေလို့လဲ ကောင်းတာမဟုတ်ဘူး... တက်ခဲ့နော် ... ကုန်းကုန်းကွကွနဲ့ လူမြင်လို့လဲ မကောင်းဘူး "

" အာ...ဟုတ်သားပဲ ဒါဆိုလဲ တက်ပြီနော် "

ဂုတ်ကိုတချက်ကုတ်လိုက်ကာ ရှက်ရယ် ရယ်လိုက်ပြီးမှ ကားတစ်ဖက်သို့သွားကာ ရှေ့ထဲမှာ ဝင်ထိုင်လိုက်သည်။

" ဘယ်ကို လိုက်ပို့ရမလဲ Sunghoon shii "

" အွန်းးး ဘယ်ရယ်မဟုတ်ဘူး ဒီတိုင်း ခြေဦးတည့်ရာ ထွက်လာတာ "

" ဟော်... ဒါဆို ကျွန်တော်က ဘယ်ကိုလိုက်ပို့ရမှာလဲ "

" bro ကရော ဘယ်သွားမှာလဲ... ကိုယ် အတူလိုက်ခဲ့လို့ ရမလား "

" အာ... လိုက်ချင် လိုက်လို့ရပါတယ်... ကျွန်တော်လဲ ဘယ်ရယ်မဟုတ်ဘူး... အိမ်မှာနေရတာ မွန်းကြပ်လို့ အပြင်ထွက်လာတာ... ခုနကထိတော့ သူငယ်ချင်းကို ဖုန်းဆက်ခေါ်မယ် စိတ်ကူးထားတာ Sunghoon လိုက်မယ်ဆို မခေါ်တော့ဘူးလေ "

" အနှောက်အယှက်ဖြစ်သွားလား ကိုယ့်ကြောင့် "

"အဟင်း... မဖြစ်ပါဘူးဗျာ... Sunghoon ပါအတူလိုက်လာတော့ ကျွန်တော့်အတွက် အဖော်တောင် ရသေးတယ် "

"တော်သေးတာပေါ့ "

"ဟုတ်... ဒါနဲ့လေ.... ဟိုနေ့က ကိစ္စ Sunghoon ကို ကျွန်တော် တောင်းပန်တယ် နော် "

" ဘာကိုလဲ...."

" အတန်းချိန်နီးနေလို့ Sunghoon အပေါ် စိတ်မရှည်သလို ဖြစ်မိသွားတာကိုပါ... ပြီးမှ ပြန်စဉ်းစားမိပြီး ကျွန်တော် စိတ်မကောင်းဖြစ်နေတာ "

" မဟုတ်တာ bro ရယ်... စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ် နားလည်ပါတယ် "

" ဒါဆို အဲ့အစီအစဉ်ကို အခုပဲ အကောင်အထည် ဖော်လိုက်ရအောင်လေ... ဘယ် ဆိုင် မောင်းရမလဲ "

" အဟားးး ကားကြုံလိုက်ရတဲ့အပြင် မုန့်ပါ စားရတော့မယ်ပေါ့... စောစောကထိ ညစ်နေတဲ့ စိတ်တွေ bro နဲ့တွေ့တော့မှ လန်းဆန်းသွားတော့တယ် "

"အဟင်း... "

ကျွန်တော့်အပြောကြောင့် ကားမောင်းနေရင်းမှ လှည့်ကြည့်လာကာ ပါးလေးတွေ မို့တက်နေအောင် ပြုံးပြနေပြန်တဲ့ အဖြူရောင်လေး...

ဒီနေ့လဲ အဖြူစင်းလေးတွေပါတဲ့ Shirt ပွပွလေးကို Jean ဖြူလေးနဲ့ တွဲဝတ်ထားပြန်ပါသည်။

တွေ့လိုက်တိုင်း အဖြူရောင်လေးတွေနဲ့ တကယ်ကို ငြိမ်းချမ်းလွန်းတဲ့ ကောင်ငယ်လေး။

ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ဝင်ထိုင်ကြရင်း တိတ်ဆိတ်နေတဲ့ ဆိုင်လေးထဲမှာ နှစ်ယောက်အတူထိုင်ဖြစ်တာ ပထမဆုံးမို့ အနေအထားကြီးက အေးစက်စက်ဖြစ်လို့နေသည်။

ကော်ဖီကိုသာ နာနာငုံ့သောက်နေကြရင်း သူ စကားစ နိုး ကိုယ် စကား စ နိုးနဲ့။ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက Sunghoon...

" bro နဲ့ ကိုယ် အဲ့ပန်းခြံနားမှာ ဆုံတာ နှစ်ခါရှိပြီနော်... bro အဲ့နားမှာ နေတာလား "

" ဟုတ်တယ် ကျွန်တော့်အိမ်က အဲ့လမ်းထဲမှာလေ "

"ဟာ! တကယ်ကြီးလား "

တအံ့တသြ ထ အော်လိုက်တဲ့ Sunghoon အသံကြောင့် ဘေးဝိုင်းကလူတွေက လှည့်ကြည့်ကုန်ကြသည်။

" ဘာလို့လဲ Sunghoon ရဲ့... ဘာဖြစ်လို့လဲ "

"ဒါဆို ကျွန်တော်တို့ အိမ်နီးချင်းတွေပဲ... ကျွန်တော့်အိမ်က တစ်လမ်းကျော်မှာလေ "

" ဝိုးး တကယ်ကြီးလား "

" ဒါပေါ့ဗျာ... အဟားး ပျော်လိုက်တာဗျာ... bro နဲ့ကိုယ်က အိမ်နီးချင်း တဲ့ "

" ဒါက အဲ့လောက်ထိ ပျော်ဖို့ကောင်းတယ် ပေါ့ "

ဝမ်းသာအားရ ပြောနေမိတဲ့ Sunghoon တစ်ယောက် Sunoo စကားကြောင့် အရှိန်ပျက်သွားရပြီး အင်း အဲ တွေ ဖြစ်ကုန်တော့သည်။

" အင်းး အဲ အဲဒါကလေ... ဟို ကိုယ်က အပေါင်းအသင်း မက် တတ်လို့ပါ အဟဲ... သူငယ်ချင်းအသစ်တွေ ရရင် ပျော်တတ်လို့လေ... အဲ့ဒါကြောင့် "

" ဪ..."

ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ဪ... ဟုသာ တစ်ခွန်းထဲ ထွက်လာတဲ့ Sunoo ကြောင့် Sunghoon က

" bro ကရော မပျော်ဘူးလား ဟင်... ဟို ကိုယ့်ကို မခင်ချင်လို့လား "

" အာ... မဟုတ်ပါဘူး... အဲ့လို သဘော မဟုတ်ပါဘူး... ကျွန်တော်ကလေ... ကျွန်တော့်ဘဝထဲကိုဝင်လာဖို့ လူတွေအများကြီးကို လက်ခံလို့ မရလို့ပါ "

ရုတ်တရက် မျက်နှာလေးညှိုးသွားကာ ခပ်တိုးတိုး ဆိုလာတဲ့ Sunoo စကားကြောင့်

"ဗျာ... ဒါဆို bro က ကိုယ့်ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးပေါ့နော် အဲ့လိုလား "

" မဟုတ်ပါဘူး Sunghoon ရယ်... Sunghoon ကိုကျွန်တော် ခင်ပါတယ်... တကယ်ပါ.. ဘာရယ်ကြောင့်မှန်းတော့ မသိပေမယ့် Sunghoon နဲ့တွေ့လိုက်တိုင်း ကျွန်တော့်စိတ်တွေ လွတ်လပ်ပေါ့ပါး သွားရတာ အမှန်ပါ "

" အားး bro ရယ် အဲ့စကားလေးတစ်ခွန်းနဲ့တင် ကိုယ့်ကို သေအောင် သတ်နေသလိုပဲ.... ဒါဆို bro နဲ့ ကိုယ် သူငယ်ချင်းဖြစ်ပြီပေါ့ နော် "

" ဟုတ် "

ပြုံးပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်တဲ့ ရှေ့က အဖြူရောင်လေးကို ကြည့်ကာ Jake နဲ့ Niki ကောင်မလေးဆီက အဖြေရတိုင်း အူမြူးနေတတ်တာကို ကိုယ်ချင်းစာ သွားမိတယ်။ အင်းး အဖြစ်အပျက်ချင်း မတူပေမယ့်ပေါ့။

" ဒါနဲ့လေ စောစောက Sunghoon စိတ်ညစ်နေတယ်လို့ ပြောလိုက်တာ ကြားလိုက်မိသလား လို့... ဘာလို့လဲ ဟင်... ဟို စပ်စုတယ်တော့ မထင်ပါနဲ့ နော် "

" ဟုတ်တယ် bro... ကျွန်တော် စိတ်ညစ်လို့ အိမ်ကနေ ထွက်လာတာ... စိတ်ညစ်နေရတဲ့ အထဲ လမ်းမှာလဲ ပြဿနာက တက်လာသေးတယ်... bro နဲ့ မတွေ့ခင်ထိ စိတ်တွေ လေ နေတာလေ "

" ဪ... ပျော်ပျော်နေတတ်တဲ့ Sunghoon လို လူမှာလဲ စိတ်ညစ်စရာတွေ ရှိသေးတာပဲ နော် "

"ရှိတာပေါ့ bro ရယ်... လူတွေမှာ သူ့ဟာနဲ့သူ စိတ်ညစ်စရာတွေ ရှိကြတာပဲလေ... နည်းတာနဲ့ များတာနဲ့ပဲ ကွာမယ်... ကိုယ်ကတော့ စိတ်ညစ်စရာရှိလဲ ကြာကြာတွေးပြီး ပူ မနေပါဘူး... စိတ်ထဲ နေလို့မရရင် ရတဲ့ နည်းနဲ့ ပေါက်ကွဲပစ်လိုက်တာပဲ... ဘာပဲဖြစ်ဖြစ် အချိန်တန် ပြေလည်သွားကြမယ့် အရာတွေပါပဲ "

" ကောင်းလိုက်တာ ... ကျွန်တော်လဲ Sunghoon လို သဘောထားတတ်ရင် သိပ်ကောင်းမယ်... ကျွန်တော်က တစ်ခုခုဆို တစ်ဆုံးထိ တွေးပစ်လိုက်ပြီး စိတ်ညစ်နေတတ်တာလေ "

" အဲ့ဒါ မကောင်းဘူး bro.... ကိုယ့်လို ပေါ့ပေါ့ပါးပါးပဲ နေ... ကိုယ့်ကို ကြည့်ပါ့လား စောစောက အိမ်မှာ စကားများပြီး စိတ်ညစ်လာတယ်... ခု bro နဲ့အတူ ထိုင်ပြီး ရယ်နေနိုင်တယ်လေ "

" မိသားစုနဲ့ စကားများလာတာလား ဟင် "

"အင်း မိသားစုလို့ ပြောလို့ရတဲ့ ကိုယ့်ဆရာသမားနဲ့ "

"ဆရာ?? "

" ဟုတ်တယ် bro ရယ်... ကိုယ့်မှာက မိဘတွေ မရှိကြတော့ဘူးလေ... အခု ကိုယ့်ဘေးမှာ သွေးသားရင်းချာ မဟုတ်ပေမယ့် မိဘနဲ့ မခြား လေးစားခင်တွယ်ရတဲ့ ဆရာ တစ်ယောက်ပဲ ရှိတော့တယ်... ခုလဲ ဆရာက စေတနာနဲ့ ပြောတာမှန်း သိပေမယ့် ကိုယ် မကြိုက်တဲ့ စကားတွေ ပြောနေတာမို့ ထွက်လာလိုက်တာ "

"ဟုတ်ကဲ့... "

" တကယ်တော့ ကိုယ်က Figure Skate သမား တစ်ယောက်ပါ... "

" ဝိုး မိုက်တာပေါ့ "

ကျွန်တော့်ပြောစကားမှာ မျက်လုံးလေးတွေ အရောင်လက်သွားကာ ပါးစပ်လေးကို လက်နဲ့ အုပ်ရင်း အံ့သြနေတဲ့ Sunoo ကြောင့် Sunghoon စကားတို့ကို ဆက်ပြောပြနေမိသည်။ ရှေ့က Sunoo ရဲ့ စိတ်ဝင်စားဟန် မျက်လုံးလေးတွေကြောင့်ပေါ့ ။

" ကိုယ့်မေမေကလဲ လက်ရွေးစင် Ice Skate သမားပဲလေ... မေမေ ရှိစဉ်ကတော့ မေမေ့လေ့ကျင့်ပေးမှုတွေနဲ့ ကိုယ်လဲ အသက်ရွယ်အလိုက် ဆုတံဆိပ်တွေ ရခဲ့ဖူးပါတယ်...မေမေ ဆုံးတော့ ကိုယ်လဲ ရေခဲပြင်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပေါ့.. အဲ့မှာ တစ်ယောက်ထဲ လေ နေတဲ့ ကိုယ့်ကို မေမေ့တပည့်ဖြစ်တဲ့ နည်းပြကြီးက ထိန်းကျောင်းပေးပြီး ရေခဲပြင်တွေပေါ် ပြန်ပြီး ခြေချစေခဲ့တယ်... ဒါဟာ မေမေ့နောက်ဆုံး ဆန္ဒဆိုတာ နည်းပြကြီးလဲ သိနေလို့လေ... ကိုယ့်ကို အိုလံပစ်မှာ ရွှေတံဆိပ်ရအောင် ယူပေးပါ လို့ မေမေ မဆုံးခင် မှာခဲ့တဲ့ စကားလေးကြောင့် ကိုယ့်ရဲ့ ယိုင်လဲချင်နေတဲ့ ခြေလှမ်းတွေကို အားတင်းပြီး ရှေ့ဆက်နေရတာ "

" ဒါဆို Sunghoon မှာ အိပ်မက်တွေ ရှိတာပေါ့ နော် "

" အဟင်း အိပ်မက်တွေက စျေးကြီးပါတယ် bro ရယ်... အရောက်သွားဖို့ အရမ်းဝေးလွန်းတယ်... တစ်နေ့တစ်နေ့ ယိုင်လဲချင်နေတဲ့ ခြေလှမ်းတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေရတာလဲ မော လှပြီ "

" အားမလျှော့လိုက်ပါနဲ့ နော် ... ကျွန်တော်ကလေ အဲ့လို အနာဂတ်အိမ်မက်ရှိတဲ့ လူတွေကိုဆို သိပ်အားကျတာ... ငါ ဘာဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ ပန်းတိုင်ဆီ မရောက် ရောက်အောင် သွားနေတဲ့ သူတို့လေးတွေရဲ့ ကြိုးစားမှုတွေကို မြင်ရတာ တကယ် သဘောကျစရာ ကောင်းတယ် "

" ဒါဆို bro ကရော... bro အိပ်မက်က ဘာလဲ... bro အနာဂတ်မှာ ဘာဖြစ်ချင်လဲ "

" ကျွန်တော်ကလား... အဟင်း... ဖြစ်ချင်တာတော့ ရှိတာပေါ့ Sunghoon ရယ်... ဒါပေမယ့် ဖြစ်ခွင့်တော့ မရှိပါဘူး "

ချက်ချင်းပဲ မျက်နှာလေး ညှိုးကျသွားကာ ခေါင်းလေးငုံ့ပြီး အသံတိုးတိုးလေးနဲ့ ပြောပြလာတဲ့ အဖြူရောင်လေး... သေချာတာက ပြောပြနေတဲ့ လေသံတွေထဲမှာ စိတ်ပျက်အားလျော့နေတဲ့ အသံတွေ ပါနေတာပင်။

" ဘာလို့ ဖြစ်ခွင့်မရှိရမှာလဲ bro ရဲ့... ကိုယ့်ကိုတော့ အားမလျှော့နဲ့ ဆို...ဒါဆို bro လဲ အားလျှော့လို့မဖြစ်ဘူးလေ... ကိုယ့်အိပ်မက်တွေဆီကိုယ် ရောက်ဖို့ ကျွန်တော်တို့အတူ လျှောက်လှမ်းကြတာပေါ့ "

" ဟင့်အင်... ကျွန်တော့်မှာက အနာဂတ်မှာ ဘာဖြစ်ရမယ်ဆိုပြီး ကန့်သတ်ခံထားရပြီးသား... ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိဘူး... ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ခွင့်မရှိဘူး လေ "

"မဟုတ်သေးပါဘူး bro ရယ်... ဘယ်လိုများ ကန့်သတ်ခံထားရလို့လဲ... "

"အင်း ထားပါတော့... ကျွန်တော်တို့ ဒါတွေပြောနေလဲ အပိုပဲမို့ ဆက်မပြောကြရအောင် ... အိမ်က စိတ်ညစ်လာတဲ့ Sunghoon ကျွန်တော့်ကြောင့် ပို စိတ်ညစ်သွားလိမ့်မယ် "

" စိတ်မညစ်တော့ပါဘူး... broနဲ့ စကားပြောလိုက်ရတာ ကိုယ့်စိတ်ထဲ ပေါ့ပါးသွားတာပဲ... အဟင်းးး ထူးဆန်းတယ်နော် bro နဲ့ အခုမှ သေချာလေး စကားပြောဖြစ်တာကို ကိုယ့်အကြောင်းတွေ ဖွင့်ပြောပြလိုက်မိတယ်... အဲ့ဒါ ဘာလို့လဲ bro သိလား "

သူ့အမေးကို ခေါင်းလေးခါပြီး ပြန်ဖြေတော့

" bro ကို စတွေ့ကတည်းက သူငယ်ချင်းအရင်းကြီးလို ခံစားမိလို့ပဲ... အပေါင်းအသင်းလုပ်ဖို့ဆို လူရွေးတတ်တဲ့ ကိုယ်က bro ကိုတော့ တကယ်ခင်တယ်... bro ရော... ကိုယ့်ကို သူငယ်ချင်းအရင်းတစ်ယောက်လို သဘောထားပေးနိုင်မလား "

" ဟုတ် ကျွန်တော်လဲ Sunghoon ကို ခင်ပါတယ် "

" ဒါဆို bro နဲ့ကိုယ် တရားဝင် သူငယ်ချင်းတွေ ဖြစ်သွားပြီနော် "

သူ့ရှေ့ကို လက်သန်းလေးထောင်ပြကာ ကလေးတွေ ကတိပေးခိုင်းရင် လုပ်သလိုလေး လုပ်ပြလိုက်တော့ ကိုယ့်လက်သန်းလေးဆီ ပြန်ပြီး တွယ်ချိတ်လာတဲ့ လက်သန်းဖြူသွယ်သွယ်လေး။

အဖြူရောင်လေးဟာ ရုပ်ရည်လေးတင် ချောမောလှပတာ မဟုတ် လက်ချောင်းလေးတွေကလဲ ရှည်သွယ်သွယ်လေးတွေနဲ့ ဖောင်းအိအိလေး။ လက်သန်းဆီက အထိအတွေ့ဟာ ကိုယ့် ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ မွှေးညှင်းလေးတွေ ထောင်ထ သွားစေတဲ့အထိ။

မင်းနဲ့ ပတ်သက်မိမှ ခဏတိုင်း ခံစားချက်အသစ်တွေ ဝင်ဝင်လာတယ် အဖြူရောင်လေးရယ်...

ကိုယ့်စိတ်တွေကို နားလည်ရခက်အောင် မလုပ်ချင်စမ်းပါနဲ့။

ချိတ်ထားတဲ့ လက်သန်းလေးကို ပြန်လွှတ်မပေးသေးဘဲ အားနဲ့ညှပ်ထားပြီး တမင်ချိတ်ထားတော့
ကောင်ငယ်လေးက မျက်နှာလေး ခပ်လွှဲလွှဲလုပ်ကာ ရုန်းနေလေသည်။

ရုန်းလိုမရတော့မှ ကိုယ့်မျက်နှာကို ကြည့်လာပြီး

" Sunghoon shii... ဟို ကျွန်တော့်လက် ..."

"အာ... ဟုတ်သားပဲ... မေ့ပြီး ဆွဲထားမိတာ.. အဟင်း sorry နော် bro "

မေ့သလိုပုံစံဖမ်းကာ ပြောလိုက်ပြီးမှ ကိုယ့်ပုံစံမဟုတ်ဘဲ လုပ်မိနေတဲ့ ကိုယ့်အပြုအမူတွေကြောင့် လူမသိသူမသိ တစ်ယောက်ထဲ ကြိတ်ရှက်ကာ ဂုတ်လေးကို ပွတ်နေတဲ့ Sunghoon ရယ်ပါ ။

ခဏနေတော့ အဖြူရောင်လေးကပဲ

" ကျွန်တော်တို့ ဒါ ပြီးရင် ဘယ် သွားအုံးမလဲ ဟင် "

ဒါ ဆက်ရန်ရှိသေးသည် ဆိုတဲ့ သဘောပေါ့...

အိမ်မပြန်ချင်သေးဘူးဆိုတဲ့ အိမ်ပြေးပုံစံလေးကြောင့်

" bro လိုက်ချင်ရင် ကိုယ် လေ့ကျင့်နေတဲ့ ice rink ဆီ ခေါ်သွားပေးမယ်လေ... ဘယ်လိုလဲ "

မျက်ခုံးလေးတစ်ဖက် ပင့်ပြကာ မေးလိုက်တော့ ရှေ့မှာထိုင်နေတဲ့ အဖြူရောင်လေးက အားတက်သရော် ခေါင်းလေးငြိမ့်ပြရှာသည်။

" လိုက်မယ် ကျွန်တော် လိုက်ချင်တယ် Sunghoon... ကျွန်တော် တကယ် စိတ်ဝင်စားတယ် "

"Ok လေ ဒါဆို ကိုယ်တို့ သွားကြစို့ "

နှစ်ယောက်သား တက်တက်ကြွကြွနဲ့ ချီတက်ခဲ့ကြတာကတော့ Sunghoon ရဲ့ အိပ်မက်တွေဆီသွားဖို့ လှေကားထစ်တွေလို့ ပြောလို့ရတဲ့ ice rink ရှိရာဆီ...

**********************************

Love you all my Vitamins 💙

San Htarni 💙

4.2.2023

Comment