~ 31 ~

~ 31 ~


" ဒါ ဘာ စကားလဲ အတွင်းရေးမှူး Lee!!! "

Heeseung hyung ပြောလိုက်တဲ့စကားမှာ သူများ နားကြားလွဲတာလား...

Heeseung hyung ပဲ အပြောလွဲသွားတာလား...

သူ ပြန်မေးလိုက်တော့ ပြောလာတဲ့ စကားဟာ တစ်ပုံစံထဲ...တစ်ထေရာထဲ... ဒီစကားပဲမို့ ... လွဲမှားမှုမရှိ။

မဖြစ်နိုင်လိုက်တာ...

ဒါ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ စကားတွေလဲ...

" ဟုတ်တယ် CEO... CEO ရဲ့ အဖေ ကိုယ်တိုင် ရုံးချုပ်က ဖုန်းကို ဆက်သွယ်လာခဲ့တာ "

" ကျစ်! ... ကျွန်တော် ခုတလော စိတ်တွေ ရှုပ်နေခဲ့တာနော် hyung... ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောပြီး ကျွန်တော့််ကို ပိုပြီးအာရုံနောက်အောင် မလုပ်ပါနဲ့ "

" CEO တစ်ခုခုတော့ ပြန်ဖြေပေးသင့်တယ် မဟုတ်ဘူးလား... ခဏတိုင်း ဆက်သွယ်နေတော့လေ... "

" hyung !!!! hyung ကျွန်တော်နဲ့ လက်တွဲလာတာ အချိန်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ... ကျွန်တော့်အကြောင်း အစအဆုံး hyung မသိတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဒီစကားမျိုးတွေ ပြောနေရတာလဲ "

" ဘာပဲဖြစ်ဖြစ် အဖေလေ CEO... သူ့ဘက်က စပြီး ဆက်သွယ်လာတာကို ကိုယ်က လျစ်လျူရှုလို့ ကောင်းပါ့မလား... "

" ကောင်းတယ်!! သိပ်ကို ကောင်းတယ်!! ... hyung ပြောကြည့်ပါအုံး... သူ့ကို လျစ်လျူမရှုရမယ့် အကြောင်းအရာလေး... hyung ကျွန်တော် လက်ခံလာအောင် ပြောနိုင်ရင် ကျွန်တော် သူတို့ ဆက်သွယ်တာကို လက်ခံပေးမယ် "

ထိုင်နေရာမှ ထလိုက်ပြီး စားပွဲကို လက်နှစ်ဖက်ထောက်၍ Heeseung ကို တည့်တည့်ကြည့်ပြီး မေးလာတဲ့ CEO ရဲ့ အမေးစကားမှာ Heeseung အတွက် ရုတ်တရက် ဖြေစရာတို့ အဆင်သင့်ရှိမနေခဲ့...

ပြောရခက်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး CEO က ဟက် ခနဲ တစ်ချက်ရယ်သည်။

ပြီးနောက် ကျောခိုင်းသွားကာ ပြတင်းပေါက်မှာ သွားရပ်ပြီး

" hyung ဖြေစရာ မရှိတော့ဘူးမလား... ဘယ်ဖြေစရာရှိမလဲ... အဲ့ အဖေဆိုတဲ့လူ ကျွန်တော့်အပေါ် ဘယ်လို အချိုးတွေ ချိုးသွားလဲ hyung အကုန် သိနေတာကိုးး "

" သိနေပါတယ်... သိနေလို့လဲ hyung က CEO ကို ဖျောင်းဖျချင်သေးတယ်... ဒီလို လုပ်လိုက်လို့ မဖြစ်ဘူးလေ ညီ... ဒါ အဖေပါ... ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ဒါ ညီ့ရဲ့ အဖေလေ "

" ဘာ အဖေလဲ... မကျန်းမမာဖြစ်နေတဲ့ မိန်းမနဲ့ အရွယ်မရောက်သေးတဲ့ သားကို ရက်ရက်စက်စက် ပစ်ထားသွားတဲ့ သွေးအေးအေးနဲ့အဲ့လို လူကို ကျွန်တော့်ရှေ့မှာ အဖေလို့ သုံးနှုန်း မပြစမ်းပါနဲ့လား hyung... ကျွန်တော့် ကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးနေသလိုမျိုး ခံစားရလို့ပါ "

Sunoo လေး နေမကောင်းဖြစ်ကတည်းက Company ကို ပုံမှန်မလာတော့တဲ့ CEO ထံ Heeseung Company ရဲ့ တစ်နေ့တာအလုပ်တွေအကြောင်း အစီရင်ခံရင်း၊ လက်မှတ်ထိုးစရာရှိတာတွေ ထိုးဖို့ လာပို့ပေးရင်း အလုပ်ခန်းထဲမှာ နှစ်ယောက်က အခြေအတင်ဖြစ်နေကြခြင်းသာ...

ဒီနေ့ Company ကို ထူးထူးဆန်းဆန်း ဝင်လာတဲ့ US က ဖုန်း call တွေကြောင့် မန်နေဂျာ ဖြစ်သူက သူ့ဆီ သတင်းပို့လို့ ဖုန်းကို လွှဲယူပြီး ကိုင်လိုက်တော့မှ CEO အဖေဆီကမှန်း သိရတာ။

CEO ဆီ တိုက်ရိုက်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပေးပါတဲ့...

ဒီလို လွယ်လွယ်ပေးလိုက်လို့ မဖြစ်တာကြောင့် ဘာပြောပေးရမလဲ မေးတော့ တစ်ဖက်က သားနဲ့ပဲ နှစ်ယောက်တည်း အေးအေးဆေးဆေး ဖုန်းပြောချင်ပါတယ်တဲ့...

CEO ရဲ့ စိတ်ကို သိနေတဲ့ Heeseung အတွက်တော့ ဖုန်းနံပါတ်လဲ ပေးလိုက်လို့ မဖြစ်တာကြောင့် ခဏစောင့်ပေးဖို့ ပြောရပြီး နောက်ရက်မှ ပြန်ဆက်သွယ်လိုက်မည့်အကြောင်းကို ပြောလိုက်ရသည်။

ဒါတောင် တစ်ဖက်က တော်တော်နဲ့ လက်မခံ။

ချက်ချင်းဆက်သွယ်ချင်ပါတယ် လုပ်နေသေးတာ...

CEO က ဘယ် လက်ခံလိမ့်မလဲ...

ခုတောင် တဆင့် ပြောပေးနေတဲ့ စကားမှာ လက်ခံမယ့်အရိပ်အယောင်မရှိ။

ဘာပဲဖြစ်ဖြစ် ဖျောင်းဖျရမှာပဲမို့ Heeseung အသက်ဝဝရှူသွင်းလိုက်ကာ သူ့ကို ကျောပေးရပ်နေတဲ့ CEO ကို

" hyung အခုပြောနေတဲ့ စကားတွေက ဝန်ထမ်းတစ်ယောက်အနေနဲ့ ၊ CEO ရဲ့ အတွင်းရေးမှူးတစ်ယောက် အနေနဲ့ မဟုတ်ဘဲ အစ်ကိုတစ်ယောက်အနေနဲ့ သဘောထားပြီး ပြောနေတာပါ... ညီ သူ့ကို စိတ်ဆိုးနေတာ လက်ခံတယ်... စိတ်ဆိုးလို့ရတယ်... ညီ့ အဖေ လုပ်သွားတဲ့ လုပ်ရပ်က ဘယ် သားသမီးမှ လက်ခံနိုင်စရာအကြောင်းမှ မရှိတာ... ဒါပေမယ့်... "

" စိတ်နာတာ... နာကျည်းတာ hyung... စိတ်ဆိုးနေတာ မဟုတ်ဘူး... စိတ်ဆိုးတယ်လို့ သုံးနှုန်းလိုက်ရင် အရမ်း ပေါ့ပျက်သွားမှာစိုးလို့... ကျွန်တော် သူ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူး hyung... နာကျည်းနေတာ "

Heeseung ရဲ့ စိတ်ဆိုးတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်စွာ ကျောခိုင်းနေရာမှ ချာခနဲ လှည့်လာပြီး မခံမရပ်နိုင်သလို မျက်နှာထားနဲ့ ခပ်ဆတ်ဆတ်လေး ပြောလာတဲ့ Jay...

" နာကျည်းလိုက် ညီ... ညီ ကြိုက်သလောက် နာကျည်းလိုက်ပါ... နာကျည်းလို့ ရတယ်... ဒါပေမယ့် အခုလို သူတို့ဘက်က စပြီး ဆက်သွယ်လာတဲ့ အချိန်မှာတော့ သူတို့ဘာပြောချင်တာလဲဆိုတာလေးကို နားထောင်ပေးပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းစေချင်တယ် ညီ "

" ဟား ဟား ဟား hyung စကားကြီးကလဲဗျာ... ကျွန်တော်က ဘာလို့ သူတို့ပြောလာမယ့်စကားကို နားထောင်ပေးရမှာလဲ... hyung သိခဲ့ရဲ့လား... ကျွန်တော့်တုန်းက သူ့ကို ဘယ်လောက်ထိ တောင်းပန်ခဲ့လဲဆိုတာ... ကျွန်တော်ဆိုတာကို ထည့်မတွက်ချင်နေ မေမေ့အတွက်ပဲ ရှိနေပေးပါလို့... ကျွန်တော် အကြိမ်ကြိမ် တောင်းပန်းခဲ့တာ တောင်းဆိုခဲ့တာ hyung... သူ နားထောင်မပေးခဲ့ဘူး...အဲ့ဒီ့ အဖေဆိုတဲ့လူ နားထောင်မပေးခဲ့ဘူး...အဲ့ဒါ hyung သိရဲ့လား..."

သူ့ရင်ဘတ်တွေကိုသူ ပုတ်၍ မချိတင်ကဲပုံစံနဲ့ အဆုံးသတ်စကားတွေကို အံကြိတ်၍ ဆိုလာတဲ့ CEO ရဲ့ ရင်ထဲကို Heeseung မြင်နိုင်ပါသည်။

ဘယ်လောက်ထိ ခံစားခဲ့ရမလဲ...

အရက်တွေရဲ့ ဖိအားကြောင့် ကျန်းမာရေးမကောင်းတော့တဲ့ အမေက တစ်ဖက် Company ကိစ္စတွေက တစ်ဖက်နဲ့ အရွယ်နဲ့မလိုက် ရုန်းကန်ခဲ့ရတဲ့ CEO ရဲ့ ငယ်ဘဝမှာ အားကိုးရာမရှိဘဲ ဘယ်လောက်ထိ နာကျင် ဝမ်းနည်းခဲ့ရမလဲ....

ဘယ်လောက်ထိများ စိတ်ဓာတ်တွေ လဲပြိုနေခဲ့လိမ့်မလဲ...

နာကျည်းသင့်တာပေါ့...

ဒါ နာကျည်းရမယ့် အရာတစ်ခုပဲလေ...

မနာကျည်းပါဘူး ဆိုရင်မှသာ ထူးဆန်းနေ​တော့မှာ...

ဒါပေမယ့်လည်း ဒီလို တစ်ဦးတည်း အထီးကျန်စွာ ရပ်တည်နေရမယ့်ဘဝထက် နာကျည်းစရာတွေကို အဖြေရှာညှိနှိုင်းလို့ နှစ်ဦးနှစ်ဖက် ပြေလည်မှုယူပြီး ဒီအဖေနဲ့ ဒီသား ဆိုပြီး နှစ်ဦးတည်းသာရှိတောတဲ့ သွေးသားရင်းချာတွေကို နွေးထွေး စေချင်တာလေ...

CEO ရဲ့ ဘေးမှာ သူ့ကို တကယ်ချစ်တဲ့ တကယ်ကို နွေးထွေးတဲ့ မိသားစုလေး ရှိနေစေချင်တာ...

ဘာလို့ဆို သူဟာ CEO ရဲ့ အနာတရတိုင်းကို သိမြင်ခွင့်ရခဲ့သူမို့လို့လေ...

" hyung အကြံပေးတာလေးကို စိတ်အေးအေးထားပြီး နားထောင်စေချင်တယ် ညီရယ်... သူတို့ဘက်က ဆက်သွယ်လာတုန်းမှာ နာကျည်းနေတဲ့ စိတ်တွေကို ခဏဘေးဖယ်ထားပြီးတော့ တွေ့ဆုံဖို့ကို လက်ခံစေချင်တယ်... ပြီးတော့ သူတို့ ဘာပြောလာမလဲဆိုတာကိုလဲ နားထောင်စေချင်တယ်... နားထောင်ပြီးမှ လက်ခံမယ် လက်မခံဘူး ဆုံးဖြတ်ပါ ကွာ "

" တော်လိုက်တော့ hyung... ကျွန်တော် နာ ခဲ့တာ သေးသေးလေး မဟုတ်လို့ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်မယ် မထင်ဘူး... မျက်နှာချင်းဆိုင် တွေ့ကြရင်လဲ စကားများကြရုံကလွဲ ဘာမှ ဖြစ်လာမှာ မဟုတ်လို့ "

* နာ ခဲ့တာ * လို့ ပြောလိုက်တဲ့ အချိန်မှာ သူ့ရင်ဘတ်ကိုသူ လက်ညှိုးနဲ့ ခပ်ပြင်းပြင်းလေး ထိုးပြလိုက်ကာ ပြောလာတဲ့ စကားသံတွေဟာလဲ ဒေါသတို့နဲ့ ခပ်ကြိတ်ကြိတ် ထွက်လို့လာသည်။

မျက်နှာတ​​ပြင်လုံးနီရဲနေပြီး နားထင်ကြောတွေ ထောင်ထနေပုံက စိတ်တို့ လွတ်ထွက်ပြီး မပေါက်ကွဲအောင် အံကြိတ်ပြီး ထိန်းချုပ်ထားရသည့်ဟန်...

" ဒီလို အချိန်တွေအကြာကြီးနေမှ ဆက်သွယ်လာတယ်ဆိုကတည်းက သူတို့မှာ အရေးကြီး ကိစ္စ ရှိနေလောက်တယ်လို့ hyung ထင်တယ် ညီ...ဒါကြောင့် တွေ့ကြည့်လိုက်ပါ လို့ hyung တောင်းဆို...."

" ဆက် မပြောတော့ရင် ကောင်းလိမ့်မယ် hyung... hyung ဖြစ်နေလို့ ကျွန်တော် ဒီလောက်အထိ သီးခံပေးနေတာ... တခြားလူသာဆို ကျွန်တော် ဘာလုပ်မိမယ်မှန်း မသိဘူး "

Heeseung ရဲ့စကားတို့ကို အဆုံးသတ်မခံ... ကြားဖြတ်ကာ သတိပေးစကားတို့ ဆိုလိုက်မိတော့

" မဟုတ်သေးဘူးလေ Jong Seong..."

" ဟာ.. ကွာ...!!!"

ဒုန်း!!!

ခွမ်းးး

အားးးး

" ဘေဘီ့!!! "

" Sunoo!!! "

အဖြစ်အပျက်တွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပျက်သွားပြီး မထင်မှတ်ဘဲ အခန်းလေးထဲမှာ အသံတို့ ဆူညံသွားခဲ့ရသည်။

Heeseung ကို ဆက်မပြောတော့ဖို့ တားမြစ်ရင်း စားပွဲရှိရာဆီ လျှောက်လာပြီး ဝင်ထိုင်လိုက်တဲ့ Jay ...

တားနေတဲ့ ကြားက ဆက်ပြောဖို့ ကြိုးစားတဲ့ Heeseung...

မနှစ်မြို့တဲ့ စကားသံတို့ ထပ် ထွက်လာခဲ့လို့ သီးမခံနိုင်တော့ဘဲ စားပွဲပေါ်က စာရွက်ဖိတဲ့ ဖန်တုံးလေးကို တံခါးရှိရာ နံရံဘက်ဆီ အားကုန် လွှဲအပေါက်မှာ တိုက်ဆိုင်စွာ တံခါးကို တွန်းဖွင့်၍ ဝင်လာတာက Sunoo...

မျက်စိရှေ့မှာ ရိပ်ခနဲ မြင်လိုက်ရတဲ့ တစ်စုံတစ်ရာနဲ့အတူ ဒုန်းခနဲ မြည်သံကျယ်ကြီးရယ် ဖန်တုံး ကျကွဲသံရယ်....

တပြိုင်ထဲမှာ ကြောက်လန့်သွားတဲ့ Sunoo လေးရဲ့ ငယ်သံပါအောင် အော်လိုက်သံရယ်...

ကြောက်လန့်စိတ်ကြောင့် ကြမ်းပြင်ပေါ်မှာ ပုံခနဲ လဲကျကာ နားနှစ်ဖက်ကို လက်နဲ့ ဖိအုပ်လို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပုံလေးဟာ ယုန်သူငယ်လေးလို....

အကြိမ်ကြိမ် ထိတ်လန့်စရာတို့ ကြုံတွေ့ခဲ့ရတော့ နှလုံးသားက မခံစားနိုင်တော့ဟန် တူပါသည်။

" ဘေဘီ... "

စိုးရိမ်တကြီး အနားကို ပြေးသွားကာ ခေါ်လိုက်မိတဲ့ Jay...

ဒါပေမယ့် ဘေဘီဟာ သူ့ကို လက်လေးတကာကာနဲ့ အနားမလာဖို့ တားမြစ်ကာ ဖင်လေးနောက်ပြန်တွန်းရွှေ့သွားပြီး သူ့ကိုလဲ ကြောက်စရာ သတ္တဝါတစ်ကောင်ကို ကြည့်သလို ကြည့်နေသေးသည်။

" ဟင့်အင်... မလာနဲ့... မလာနဲ့... ကြောက်တယ်... ကျွန်တော် ကြောက်လို့ပါ... ဦးလေးကြီး ကျွန်တော့်အနားကို မလာပါနဲ့ "

" မဟုတ်ဘူးလေ ဘေဘီ... ကိုယ်လေ ကွာ... ဘေဘီ သတိထားစမ်း.. သေချာကြည့်ပါ.. ကိုယ်လေ Jay လေ "

Jay ရဲ့ တဖြည်းဖြည်း ချဉ်းကပ်လာမှုမှာ Sunoo လေးဟာလဲ ဖင်ထိုင်ရက်လေး နောက်ကို တရွေ့ရွေ့...

" ဟင့်အင် မလာပါနဲ့... ကျွန်တော် ဦးလေးကြီးကို ကြောက်တယ် "

ကျစ်! ဒီအရာတွေ ကြိုမြင်နေလို့ ဒီရက်ပိုင်းတွေမှာ သူ သတိထားပြီး နေနေခဲ့တာ...

ဘေဘီ သတိရခါစ ဘေဘီ့အခြေအနေကို သိလိုက်ရချိန် သူ မထိန်းချုပ်နိုင်ဘဲ ဘေဘီ့ရှေ့မှာ ပေါက်ကွဲမိခဲ့ ကတည်းက ဘေဘီဟာ သူ့မျက်နှာ တည်တင်းတင်း ဖြစ်နေရင်ကို ကြောက်လန့်နေတော့တာ...

ဒါကြောင့်... ဒါတွေကြောင့် သူ ဘေဘီ့ရှေ့မှာ အတတ်နိုင်ဆုံး အပြုံးမပြတ်အောင် နေပြီး ဘေဘီ့ကို ချိုချိုသာသာပဲ ဆက်ဆံပေးခဲ့တာ။

ခုတော့ မထင်မှတ်တာတွေက ဖြစ်ကုန်ပြန်ပြီ။

သူ စိတ်လွတ်သွားချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ဘေဘီက ရောက်လာရသတဲ့လား...

ဘေဘီဟာ မှတ်ဉာဏ်တွေ ချို့ယွင်းနေပေမယ့် သူ့အသိအာရုံမှာ သူ့အပေါ် ကြမ်းတမ်းခဲ့မိတဲ့ ကိုယ့်ရဲ့ပုံရိပ်တွေကို ခံစားသိရှိနေဟန်ပါပဲ...

မျက်စိရှေ့က တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့ကာ ချော့မြူပေးချင်ပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမို့ သူ နောက်ကိုသာ အသာလေး ဆုတ်လိုက်ရသည်။

အ​ခြေအနေကို ရိပ်စားမိတဲ့ Heeseung က ချက်ချင်းပဲ Sunoo အနားသို့ ပြေးသွားကာ

" စိတ်အေးအေးထား Sunoo... ဘာမှ မဖြစ်ဘူးနော်... ဘာမှ မဖြစ်ပါဘူး... hyung ကိုကြည့်... ကြောက်စရာမလိုဘူးနော်... "

" အဲ့ Jay ကလေ.. အဲ့ Jay ဆိုတဲ့ ဦးလေးကြီးက ကျွန်တော့်ကို ကျွန်တော့်ကို ဟိုဟာကြီးနဲ့ ထုတယ် "

" မဟုတ်ဘူး...မဟုတ်ပါဘူးကွယ်... hyung နဲ့ စကားလေး များသွားတာကြောင့် ပစ်လိုက်မိတာ.. Sunoo ကို ပစ်တာ မဟုတ်လို့ မကြောက်ရဘူးနော်... လာ hyung ဆီကိုလာ... hyung နဲ့အတူ သွားကြမယ် နော် "

ကြမ်းပြင်ပေါ်က ဖန်ကွဲစတွေကို လက်ညှိုးလေးနဲ့ ထိုးပြပြီး ငိုရှိုက်သံတစ်ဝက်နဲ့ တိုင်တန်းသလိုလေး ပြောပြနေပုံက ပီဘိကလေးငယ်လေးလို...

မြင်ကွင်းက ရင်ထဲ မချိစရာ...

သနားလွန်းလို့ ရင်တွေနာနေရပေမယ့် Jay ဘာမှလဲ မတတ်နိုင်...

သူ ရှေ့ဆက်တိုးလိုက်ရင် ပိုဆိုးကုန်တော့မှာမို့ နောက်နားဆီကနေသာ Heeseung hyung ချော့မော့နေတာကို အသာရပ်ကြည့်နေရသည်။

" မေမေ့ဆီသွားမယ်...ကျွန်တော့်ကို မေမေ့ဆီ လိုက်ပို့ပါ hyung... ကျွန်တော် ဒီအိမ်မှာ မနေချင်ဘူး "

" မနေလို့မရဘူးလေ ကလေးရယ်... ကလေးက နေကောင်းသေးတာ မဟုတ်တော့ ဆရာဝန်တွေက ဒီကိုလာပြီး ဆေးကုပေးနေကြတာလေ... မေမေ့ဆီ သွားချင်ရင်လဲ ခဏတော့ လိုက်ပို့ပေးမယ်လေ နော် "

" ဟင့်အင် မေမေ့ဆီမှာပဲ နေမယ်... ဒီမှာ မနေချင်ဘူး လို့... Jay က ကျွန်တော့််ကို ကြောက်အောင် လုပ်တယ်...မနေဘူး "

" Sunoo လေးကို ကြောက်အောင်မလုပ်ပါဘူး.. မတော်တဆပါကွယ်... တကယ် မတော်တဆပါ "

" ဟင့်အင်...မ နေ ချင် ဘူး လို့ !!"

ချော့လို့မရ ဖျောင်းဖျလို့မရ ကြမ်းပြင်ပေါ်က မထဘဲ မျက်ရည်စက်တွေနဲ့ ဂျီကျနေတဲ့ Sunoo...

Heeseung ဘာလုပ်ရမလဲ Jay ကို လှည့်ကြည့်တော့ ခေါင်းညိမ့်ပြနေတဲ့ Jay ကြောင့် Sunoo ငြိမ်နေတဲ့အချိန်မှာပဲ လက်လေးကို အသာဆွဲလို့ ထူပေးလိုက်ပြီး ပုခုံးလေးကို ဖက်ကာ ချော့မော့ ခေါ်သွားရတော့သည်။

" Ok Ok ဒါဆိုလဲ hyung မေမေ့ဆီကိုပဲ လိုက်ပို့မယ်နော် လာ "

Heeseung ခေါ်ရာနောက် လိုက်သွားတဲ့ ဘေဘီဟာ ခန္ဓာကိုယ်လေး တုန်တုန်သွားအောင်ထိ ရှိုက်နေဆဲ...

အခန်းထဲက ထွက်သွားတဲ့ Heeseung hyung နဲ့ ဘေဘီ့ကို ကြည့်ပြီး Jay ပင့်သက်မောတွေကို မှုတ်ထုတ်ပစ်လိုက်မိသည်။

စိတ်ရှုပ်ရှုပ်နဲ့ စနစ်တကျဖြီးသင်ထားတဲ့ ဆံပင်တိုတွေထဲသို့ လက်ချောင်းတို့ ထိုးထည့်ပြီး ဆွဲဖွလိုက်ကာ ဆိုဖာရှည်ပေါ် ထိုင်ချလိုက်တာ ​ခြေပစ်လက်ပစ်။

အဆင်မပြေမှုတွေဟာ လာလိုက်ရင် အဲ့လို အဖော်နဲ့ အပေါင်းနဲ့...

ဘယ်လို အဆင်မပြေမှုတွေပဲ လာလာ သူဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီးသားမို့ ဘာကိုမှ မှု လိမ့်မယ်မဟုတ်။

အခုလဲ လာပြန်ပြီ စိတ်ရှုပ်စရာတစ်ခု...

အဖေဆိုတဲ့လူဆီက ဆက်သွယ်လာတယ်တဲ့လား...

အဖေ တဲ့...

အဟက်!! ကျုပ်ဆီမှာ အဲ့ဒီ ဝေါဟာရ မရှိတော့တာ ကြာပြီလေ...

ကျုပ်ရဲ့ အဘိဓာန်ထဲက ဖယ်ထုတ်ပစ်လိုက်တာ ကြာခဲ့ပြီ...

စိတ်ရှုပ်စရာကောင်းအောင် ဘာလို့များ ဒီအချိန်ကျမှ ပေါ်လာရပြန်တာလဲ...

.
.
.

" တောက်!! အဲ့ Kim Sunoo ဆိုတဲ့ကောင် မဟုတ်သေးပါဘူး ကွာ "

ရောင်စုံမီးတွေပျပျလင်းနေတဲ့ bar တစ်ခုရဲ့ သီးသန့်ခန်းလေးထဲမှ Niki ရဲ့ မကျေမနပ် တောက်ခေါက်သံနဲ့ ရေရွတ်မှုတစ်ခု...

စားပွဲခုံပေါ် မူးမှောက်နေတဲ့ သူငယ်ချင်းဖြစ်သူ Sunghoon ကို ကြည့်ကာ သူ့စိတ်ထဲ ကြိတ်မနိုင်ခဲမရ...

" လူတစ်ယောက်လုံးကို ဒီလိုဖြစ်အောင် လုပ်ထားပြီး မဆက်သွယ်ဘဲ အေးဆေး နေ နေနိုင်တာ အံ့သြလို့ မဆုံးဘူး "

" ငါတို့ သေချာ မသိနိုင်တဲ့ ကိစ္စတွေလေ Niki... သူ့မှာလဲ ကိစ္စတစ်ခုခု ရှိနေလို့ ဖြစ်မှာပါ... ငါတို့ မသိတဲ့ ကိစ္စတွေကို မဝေဖန်ဘဲ ကိုယ့်သူငယ်ချင်းကိုပဲ စောင့်ကြည့်ပေးကြရအောင် "

" အေး အဲ့လို စောင့်ကြည့်ပေးနေတော့ ဘာထူးလာလဲ... မင်း ကောင် မူးမှောက်နေတာပဲ ကြည့်နေရတယ်လေ Jake ရ "

" သူ ဒီလိုတွေ တစ်ခါမှ မခံစားဖူးတော့ မခံစားနိုင်ဖြစ်နေတာ ရှိမှာပါ... သူ့စိတ်ထဲ သက်သာသလိုပဲ နေပါစေကွာ..."

" သက်သာသလို မူးရူးနေပြီး ​ခြေထောက်က ဒဏ်ရာကိုလဲ ဂရုမစိုက်... အလုပ်တွေလဲ ပစ်ထားနဲ့... ကြာရင် ဒီကောင် လမ်းဘေး ရောက်လိမ့်မယ် Jake "

" သူလဲ အဲ့လောက်ထိ မိုက်မယ် မထင်ပါဘူးကွာ... အချိန်တန်ရင် သူ့ဘာသာ သူ ပြင်သွားမှာပါ "

" ဘယ်အချိန်ကို ပြောတာလဲ အချိန်တန်ရင်ဆိုတာ.... Kim Sunoo ဆိုတဲ့ ကောင် သူ့ဘီလီယံနာဘဲကြီးနဲ့ လက်ထပ်ပြီးတဲ့အချိန်လား... ဒါမှမဟုတ် ဒီကောင် လမ်းဘေးရောက်တဲ့ အချိန်လား "

" မင်း သူ့အတွက် မခံမရပ်နိုင်ဖြစ်နေတာ ငါ နားလည်ပါတယ် Niki... ဒါပေမယ့် ငါတို့က ဘေးလူတွေလေကွာ... ငါတို့ မသိတဲ့ ကိစ္စတွေအတွက် ငါတို့ ဘာမှလုပ်လို့မရဘူးလေ "

" ငါကတော့ အဲ့ Kim Sunoo ဆိုတဲ့ကောင်ကို တွေ့တဲ့ နေရာ ဆွဲထိုးမိမှာပဲ... သူ့အတွက် အနာဂတ်အိမ်မက်ကိုတောင် စွန့်လွှတ်ရတော့မယ့်လူကို ဒီလိုတွေ ပြစ်ထားနိုင်တာ အံ့သြလို့မဆုံးဘူး "

" သူလဲ ဆေးရုံဆင်းထားတာ မကြာသေးတော့ အခြေအနေ မကောင်းသေးလို့ ဖြစ်မှာပါ "

" ရားးး Jake... မင်း ဟိုကောင့် ရှေ့နေလား ဘာလဲ...ငါပြောသမျှ တစ်ခွန်းမကျန် ဟိုကောင့်ဘက်က ကာကွယ်ပေးနေတာ "

" အာ... မင်းကလဲ ငါက မင်း စိတ်လျော့ဖို့ ပြောနေတာပါ ဟ "

မှောက်နေတဲ့ Sunghoon ကို ရှေ့ထားပြီး တစ်ယောက်တစ်ခွန်း အခြေအတင်ဖြစ်နေတဲ့ Jake နဲ့ Niki...

တကယ်တမ်း မှောက်နေတယ်ထင်တဲ့ Sunghoon က သူတို့ ပြောသမျှ နားထောင်နေတာ သူတို့နှစ်ယောက် မသိ။

ကြာတော့ စိတ်မရှည်တော့ဟန်နဲ့ Sunghoon စားပွဲပေါ် မှောက်အိပ်နေရာမှ ထလာပြီး

" ရားးး မင်းတို့ကောင်တွေ ပြောလို့ ဝ ပြီလား... သူများ ချစ်သူ အကြောင်း ဝေဖန်လို့ ဝ ကြပြီလား... ဝ ရင်လဲ ပြန်မယ်... ဟေ့ကောင်တွေ နားငြီးတယ် "

ဒယိမ်းဒယိုင်နဲ့ ထလာပြီး ပြောလိုက်တဲ့ Sunghoon စကားကြောင့် စောစောတည်းက စိတ်တိုနေတဲ့ Niki က

" ဒီ သောက်ကောင် ကတော့ ငါ ထထိုးလိုက်လို့ သေအုံးမယ်... ဝေဖန်နေတာ မဟုတ်ဘူးကွ... မင်း ဘက်က နာ လွန်းလို့ မခံနိုင်လွန်းလို့ ပြောနေရတာ "

" နာတယ်ဆိုရင်လဲ အဆောကို ငါ့ရှေ့ရောက်အောင် ခေါ်လာပေးကွာ... ဘာမှ လုပ်မပေးနိုင်ဘဲနဲ့ လာ ဝေဖန်မနေနဲ့ "

" ဘာကွ... မင်း စေတနာ မစော်ကားနဲ့ ဟိတ်ကောင် "

" အေး အဲ့ဒါဆို မင်းလဲ အဆောအကြောင်း ဝေဖန်တာ ဆင်ခြင်လေ "

" ငါ ဘယ်မှာ ဝေဖန်နေလို့လဲ... ငါ ပြောတဲ့ထဲ မဟုတ်တာ တစ်ခွန်း ပါလိုက်သလား...မင်း ပြော.. ငါ ပြောနေတာတွေ အကုန် အမှန်တွေ ချည်းပဲ.. မင်းသာ မွှန်ထူနေလို့ အမှန်ကို မမြင်နိုင်တာကွ... မင်းသာ မရနိုင်တာကို မျှော်လင့်ပြီး အချစ်ရူး ရူးနေတာ "

" ငါက ဘာလို့ မရနိုင်ရမှာလဲ... အဆောက အမြဲတမ်း ငါ့အတွက်ပဲ... အဆောက ငါ့ကို သိပ်ချစ်တာမလို့ ဘယ်တော့မှ ငါ့ကို ထားမသွားဘူး.. မင်း စောင့်ကြည့်နေလိုက် "

" အရူး... စောက်ရူး... မင်းသာ ရူးကြောင်ကြောင်နဲ့ မျှော်လင့်နေတာ... ငါ စောင့်ကြည့်စရာမလိိုအောင်ကို ပွဲက ပြီးနေခဲ့ပြီ... မင်းသာ တစ်ဖက်သတ် နာကျင်အချိန်ပိုလေးများ ရနိုင်မလား မျှော်လင့်နေတာ... မင်းကောင်က ဟိုးး တိုက်မြင့်ကြီးပေါ်မှာ မင်းမဟုတ်တဲ့ ဘီလီယံနာကြီးနဲ့ နှစ်ပါးသွားနေခဲ့ပြီ"

" Niki!!! ... မင်း ပါးစပ်ကို ပိတ်ထားလိုက်တော့နော် ... မဟုတ်ရင် ငါ ထိုးမိတော့မယ် "

" ဟေ့ရောင် သွေးမနည်းဘူး မင်း သတ္တိတွေ သိပ်ရှိနေရင် ထိုးလိုက်... ငါကလဲ မင်းလို ကိုယ့်အတွက်ကိုယ် မကြည့်တတ်တဲ့ ရူးကြောင်ကြောင် အချစ်ရူးသမားကို နာနာလေး ထိုးပြီး ဆုံးမချင်နေတာ ကြာပြီ "

စားပွဲကို အလယ်မှာထားပြီး တစ်ဖက်တစ်ချက်ဆီကနေ တစ်ယောက် အင်္ကျီရင်ဘတ်စကို တစ်ယောက် တင်းတင်းဆုပ်ကိုင်လို့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ရန်စောင်နေတဲ့ Sunghoon နဲ့ Niki ကြောင့် Jake လဲ မနေသာတော့။

ပြောစကားကို နားမဝင်ဘဲ ထင်ရာလုပ်နေတဲ့သူငယ်ချင်းအတွက် မခံနိုင်ဖြစ်ပြီး ဒေါသကြီးနေတဲ့ Niki နဲ့ ကိုယ့်အတွက် ပြောနေတယ်ဆိုတာ သိပေမယ့် ပေါက်ကွဲစရာ နေရာမရှိဖြစ်နေပြီး သူငယ်ချင်းဆီမှာ ပေါက်ကွဲနေတဲ့ Sunghoon...

မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် Jake နေရာမှ ထကာ နှစ်ယောက်လုံးရဲ့ အင်္ကျီတွေပေါ်က လက်တွေကို ဆွဲဖြုတ်ပေးလိုက်ကာ

" တော်ကြပါတော့ကွာ... ဘာမှလဲ မဟုတ်ဘဲ ရန်စောင်နေတယ် မင်းတို့ကလဲ... ဒီလိုကနေ ရန်ထ ဖြစ်တော့မှာပဲ .. အချင်းချင်းတွေကို "

" အချင်းချင်းလဲ ဖြစ်သင့် ဖြစ်ရမှာပဲ... မင်း ကောင် ပြောနေတဲ့ စကား မင်း မကြားလို့လား "

" ဟေ့ကောင် Niki... မင်းပဲ အမှန် လုပ်မနေနဲ့ မင်း ပြောနေတာတွေကရော ဟုတ်လို့လား "

" ငါ ပြောတဲ့ထဲ ဘာ အမှား ပါလဲ မင်း ပြောလေ..Park Sunghoon... ငါ ပြောနေတာ အားလုံး အမှန်တရားတွေ "

" မှန်လဲ ငါ မကြားချင်ဘူး ကွာ... မပြောနဲ့... မင်းက ဘာမို့လို့ ငါ့ချစ်သူအကြောင်း ဝေဖန်နေရတာလဲ "

" ဘာကွ!!! အေး ဘာမှ မဟုတ်ဘူး... ငါ ဘာကောင်မှ မဟုတ်လို့ ဒီနေ့ ဒီအချိန်ကစပြီး မင်း ရှေ့လဲ ပေါ်မလာစေရဘူး ဟိတ်ကောင်... စိတ်ချ.. မင်းနဲ့ငါ သူငယ်ချင်း သံယောဇဉ် ဒီနေရာမှာတင် ပြတ်ပြီ "

" ပြတ်ကွာ.. သွားကွာ.. ဘယ်တော့မှ ငါ့ရှေ့ ပေါ်မလာနဲ့... ငါကလဲ ငါ့အပေါ် မစစ်မှန်တဲ့ လူတွေကို အလိုမရှိလို့ မင်းမရှိလဲ အေးဆေးပဲ ဟေ့ကောင် "

" မင်း!! မင်း!!! အေး မင်း စကားမင်း မှတ်ထားလိုက်.. ငါလဲ မင်းလိုကောင်ကို သူငယ်ချင်းတော်ခဲ့မိလို့ နောင်တရတယ် ဟေ့ကောင်... နောက်ဆိုတာ မရှိတော့လို Sorry ပဲ "

ဇွတ်တရွတ်တွေ... တဇွတ်ထိုးတွေ... နှစ်ယောက်လုံးဟာ တဇွတ်ထိုးတွေ...

ယမကာရဲ့ အရှိန်နဲ့ ထွေပြားနေခဲ့ကြတော့ အမှားအမှန် မခွဲခြားနိုင်တော့...

တစ်ယောက်ကလဲ စေတနာ အစော်ကားခံရတာရယ် သံယောဇဉ်ကို ပျက်ရယ်ပြုတာရယ်ကြောင့် ဆက်ဆက်ခါ နာသွားခဲ့သလို

တစ်ယောက်ကလဲ စေတနာတွေမှန်း သိရက် မခံစားနိုင်တဲ့ အမှန်တရားစကားတွေကြောင့် တမင် ဘက်ကန်တဲ့ စကားတွေပြောကာ မွန်းကြပ်သမျှ အနိုင်ယူလို့ရတဲ့လူဆီမှာ ပုံအော ဖွင့်ထုတ်၍ အနိုင်ယူဟန်ရှိပါသည်။

Jake လဲ တားလို့မရတော့...

Niki ဟာ Sunghoon ရဲ့ အင်္ကျီရင်ဘတ်စကို အားနဲ့ဆွဲဆောင့်လိုက်ပြီးမှ ပြန်တွန်းထုတ်လိုက်ပြီး အခန်းထဲကနေ ရှူးရှူးရှားရှားဖြင့် ထွက်သွားခဲ့လေတော့သည်။

ဆိုဖာပေါ် ပစ်စလက်ခတ် ပြုတ်ကျ ကျန်ရစ်တဲ့ Sunghoon မှာလဲ မျက်ရည်တို့ ရစ်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့ ဆန့်ကျင်စွာ ရယ်စရာမဟုတ်တာကို ခြောက်ကပ်ကပ် ရယ်သံကြီးနဲ့ ဟားတိုက်ကာ ရယ်မောနေပြီး

" ဟား ဟား ဟား ဟား သွားကြ သွားကြ... ထွက်သွားလိုက်ကြစမ်းပါ.. ငါ့အနား တစ်ယောက်မှ မရှိလေ ကောင်းလေပဲ... ဘယ်သူမှ ဝင်မလာခင်တုန်းက ငါ့ဘဝကြီး ဘယ်လောက် အေးချမ်းလိုက်လဲ.. ဟမ်... သွားကြစမ်းပါ.. မစစ်မှန်တဲ့ အတုအယောင်တွေ အလိုမရှိဘူးမို့ သွားကြစမ်းပါဗျာ... အားး ဟား ဟားး ဟားးး "

အသံကျယ်ကြီးနဲ့ အော်ဟစ်ကာ ရယ်မောပြီးပြောဆိုနေတဲ့နောက်ဆုံး မခံစားနိုင်တော့ဟန်ဖြင့် ချုံးပွဲချ ငိုနေပြန်တဲ့ Sunghoon...

ခန္ဓာကိုယ်တွေ တသိမ့်သိမ့်တုန်ခါလို့ ပုခုံးတွေ လှုပ်ယမ်းကာ ရှိုက်ကြီးတငင်... ပို ပို၍ ရှိုက်ကြီးတငင်...

Jake လဲ မဖျောင်းဖျတော့... မတားဆီးတော့...

စိတ်ထဲရှိသမျှ ထိန်းချုပ်ထားသမျှ မွန်းကြပ်မှုတို့ ပြေပျောက်စေဖို့ အားရတဲ့အထိ ငိုစေလိုက်ကာ လွှတ်ထားပေးလိုက်တော့သည်။

bar ကို လာတုန်းက သူငယ်ချင်းသုံးယောက်...

ခုတော့ ဒေါသတကြီး ထွက်သွားတဲ့ သူငယ်ချင်းရယ်...

အခန်းလေးထဲ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ သူငယ်ချင်းရယ်...

ဟိုတစ်ယောက်လဲ စိတ်မကောင်းဖြစ်သွားမှာ သိပေမယ့် နောက်မှ သူ့အိမ်လိုက်သွားပြီး နှစ်သိမ့်ရတော့မည်။

လောလောဆယ်မှာ အ​ခြေအနေ ပိုဆိုးတဲ့ Sunghoon နားမှာသာ နေပြီး မဖြစ်သင့်တာ မဖြစ်ရလေအောင် စောင့်ပေး ဖျောင်းဖျပေးဖို့ လိုအပ်နေပါသည်။

ငိုနေတာကို မတားဘဲ တိတ်တိတ်ဆိတ်ဆိတ်နေပေးကာ စောင့်နေပေးလိုက်တော့ အချိန်တစ်ခုအကြာမှာ လက်ဝါးပေါ် မျက်နှာမှောက်ချ ငိုနေတဲ့ကောင်က အနည်းငယ် ငြိမ်သက်သွားသည်။

စိတ်ငြိမ်သွားပြီ အထင်နဲ့ ပြန်ဖို့ စကားစမယ်ရှိသေး ထိုင်နေရာမှ ထ ရပ်လိုက်တာကြောင့်

" အိမ်ပြန်ကြတော့မလား သားကြီး "

" ဟင့်အင်.. အဆော ဆီသွားမလို့ "

အချိန်ကြည့်လိုက်တော့လဲ နည်းတော့တာ မဟုတ်။ ဒီလို ညနက်နက် သူများရပ်ကွက်သွားပြီး ပြဿနာရှာဖို့များ တွေးထားလေသလား...

" ညနက်နေပြီ သားကြီးရာ... ငါတို့ မနက်မှ..."

" နေခဲ့လိုက်... ငါ့ကို တားဖို့ စိတ်ကူးနေတယ်ဆိုရင် ဒီနေရာမှာတင် မင်းနေခဲ့... "

"မတားပါဘူး... မင်း သွားချင်ရင် ငါလဲ လိုက်မှာပေါ့... ခုက ညနက်နေတော့ မကောင်းဘူးလေကွာ... သူများ ရပ်ကွက်ကြီးမှာ... အဲ့ဒါကြောင့် မနက်မှ... "

" ငါ့ချစ်သူ အိမ်ရှေ့ ငါသွားတာ ဘာက မကောင်းစရာရှိလို့လဲ..."

" မတူဘူးလေကွာ... အချိန်းအချက်ရှိလို့သွားတယ်ဆိုတာ ဘာမှ မဖြစ်ဘူး... ခုက ဘာမှန်းမသိတဲ့ အခြေအနေကြီးနဲ့ ... သွားတိုင်းလဲ မင်း ပြဿနာ တက်တက် လာရတာကို... ခုက ညဘက်ကြီး ပြီးတော့ မင်း သောက်ထားတာမို့လို့ "

" ကျစ်! ဒီအချိန်မှာ ငါ့ကို ဘယ်သူမှ တရားလာမချနဲ့။ ငါ ဘယ်သူ့စကားမှ နားထောင်မှာ လက်ခံမှာ မဟုတ်ဘူး... ငါ့ရင်တွေ ပူလောင်နေရလွန်းလို့ ငါ့စိတ်ထဲရှိသလိုပဲ ငါနေမယ်.."

" ဟုတ်ပါတယ်.. မင်းပြောတာ ငါလက်ခံပါတယ်...မင်းကိုလဲ တရားချတာ မဟုတ်ပါဘူး... ငါက ဖြစ်သင့်တာကို ပြောပြရုံပဲ "

" မျက်နှာလေးပဲ အဝေးက မြင်ရမြင်ရ.. အသံလေးပဲ ကြားရကြားရ ကွာ...ငါကတော့ သွားမှာပဲ... ခုလောက်ထိ မဆက်သွယ်ပုံထောက်ရင် အဆော တစ်ခုခုဖြစ်နေတာ သေချာသလောက်ပဲ...ငါ့ ခံစားချက်တွေလဲ မကောင်းဘူး... မဟုတ်ရင် အဆော ဒီလိုမနေဘူး... ရတဲ့နည်းနဲ့ ငါ့ကို ဆက်သွယ်လာပြီးပြီ "

" အေးပါ သားကြီးရာ... မင်းမှ ဒီလောက် စိုးရိမ်နေရင် ငါတို့ သွားကြတာပေါ့... သွားလိုက်လို့ တစ်ခုခု သိလာရလဲ အမြတ်ပေါ့ "

ဒီလိုနဲ့ မရေမရာအခြေအနေကြီးမှာ ညအချိန်မတော် သူများရပ်ကွက်က သူများအိမ်ရှေ့မှာ သူတို့နှစ်ယောက် ရစ်သီရစ်သီ...

အတွင်းရေးမှူး Lee ပြောပြထားလို့ အဆောဟာ Jay ဆီမှာ ရှိတယ်ဆိုတာ သိတာကြောင့် Jay အိမ်ရှေ့လဲ သွားချောင်းသလို အဆောအိမ်က အဆောရဲ့ အိပ်ခန်းလေးဆီလဲ လည်ပင်းရှည်အောင် မျှော်ကြည့်ရသည်။

တိတ်ဆိတ်နေတဲ့ အိမ်ကြီးတွေပေါ်ကတော့ ဘာ အရိပ်အယောင်မှတောင် မမြင်ရ...

Jay တပည့် အစောင့်တွေကတော့ ခြံရှေ့ ရစ်သီရစ်သီလုပ်နေတဲ့ သူတို့နှစ်ယောက်ကို ပေစောင်းစောင်း ကြည့်နေကြပေမယ့် သူတို့ဘက်က ဘာပြဿနာတစ်စုံတစ်ရာမှ မလုပ်တော့ သူတို့လဲ ဘာမှ မပြောဘဲ ကြည့်ရုံသာ ကြည့်နေကြသည်။

အခါများစွာက ခြံရှေ့ရောက်တိုင်း အဆောကို အော်ခေါ်ပြီး သောင်းကျန်းတတ်တဲ့ Sunghoon က အခုတော့ ညအချိန်မို့ အရင်လို မအော်မဟစ်တော့။

နောက်ဆုံး ကြံရာမရတော့ အဆောအိမ်ရှေ့က လမ်းမီးတိုင်လေးအောက်မှာပဲ နှစ်ယောက်သား ထိုင်ချလိုက်မိကြသည်။

ဆွေးဆွေးမြေ့မြေ့ပါပဲ...

မိုးပြာရောင် နှစ်ထပ်တိုက်ကလေးရဲ့ ညမီးရောင် ပြာလဲ့လဲ့လေးထွန်းထားတဲ့ အခန်းလေးဆီကို မျှော်ကြည့်နေတဲ့ Sunghoon ရဲ့ အကြည့်တွေဟာ ဆွေးဆွေးမြေ့မြေ့...

မချစ်ဖူးခဲ့တဲ့သူမို့... အချစ်ဆိုတဲ့အရာကြီးနဲ့ တစ်ခါလေးတောင် မထိတွေ့ဖူးခဲ့သူမို့ ဒီကောင်ကြီး ရူးလောက်အောင် ခံစားသက်ဝင်မိသွားတာ Jake သိပါတယ်...

အခါများစွာက တစ်ကိုယ်တည်း အထီးကျန်နေတဲ့ သူငယ်ချင်းဖြစ်သူကို စမ်းချစ်ကြည့်ဖို့ တိုက်တွန်းဖူးခဲ့ပေမယ့် ဘယ်လို ယောကျာ်း မိန်းမမျိုးကိုမှ အရေးမလုပ်ခဲ့တဲ့ Sunghoon ဟာ ဒီ အဖြူရောင်လေးကို တွေ့တော့မှာ အရူးအမူး ချစ်မိသွားတာ...

အချစ်နဲ့တွေ့ရှိသွားလို့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး သူတို့ ဝမ်းသာမယ်မှ မကြံရသေးဖူး ဒုက္ခတွေက အမျိုးမျိုး မဖိတ်ခေါ်ဘဲ ရောက်လို့လာတယ်...

အင်း...ချစ်မိတဲ့ အချစ်ကိုက ဒုက္ခသင့်စေတဲ့ အချစ်ဖြစ်နေခဲ့တယ်လို့ပဲ ပြောရလေမလား...

Jake တစ်ယောက် ဆွေးမြေ့နေတဲ့ မျက်ဝန်းတွေနဲ့ တိုက်လေးကို မျက်တောင်မခတ် ငေးကြည့်နေတဲ့ Sunghoon ကို ငဲ့ကြည့်လိုက်ပြီး လေပူတွေကို မှုတ်ထုတ်နေမိတာ အခါခါ ....

တစ်ချက်တစ်ချက်

" အဆော အဆင်ပြေနေမှာပါ နော် Jake ... အဆော အဆင်ပြေနေမှ ဖြစ်မှာပါကွာ... "

လို့လဲ တွေးဆဆလေး ပြောလာသေးတာ...

ပြီးရင် အတန်ကြာအောင် ငြိမ်သက်သွားပြန်တယ်လေ...

ဘေးက ငြိမ်သက်နေတဲ့ ဒီကောင်ကြီးရဲ့ ရင်ထဲ ဘာတွေ ရှိနေမလဲ...

ဘယ်လောက်ထိ ကြေကွဲနေမလဲ...

စောစောတုန်းက မျက်နှာလေးများ မြင်ရမလား အသံလေးများ ကြားရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခြံရှေ့မှာ ဟိုဟိုဒီဒီလျှောက်ပြီး ယောက်ယတ်ခတ်နေတဲ့ သူငယ်ချင်းရဲ့ ပုံရိပ်က အာရုံထဲ ရောက်လာပြန်တော့ စိတ်ထဲမကောင်းနိုင်...

ဒီလိုနဲ့ပဲ ညလေအေးအေးထဲ ကြေကွဲနေတဲ့ သူငယ်ချင်းအနား သူလည်းပဲ တိတ်တိတ်ဆိတ်ဆိတ်.....
.
.

အိပ်မောကျနေလောက်ပြီလို့ ထင်ထားတဲ့ အိမ်ကြီးပေါ်မှာကတော့...

ညအိပ်မီး ပြာလဲ့လဲ့လေးထွန်းထားတဲ့ အိပ်ခန်းထဲက ကုတင်ပေါ်မှာ အမေဖြစ်သူရဲ့ ရင်ခွင်ထဲတိုးဝင်လို့ စကားလေးတွေ တတွတ်တွတ်ပြောရင်း သူသိချင်တာတွေ မေးနေလေတဲ့ အဖြူရောင်လေး...

ဆံနွယ်ဖြူဖြူလေးတွေနဲ့ ဒီကောင်လေးဟာ ညဝတ်အဖြူဝမ်းဆက်လေးကို ဝတ်ထားတာကြောင့် အပြာရောင်မီးမှိန်မှိန်လေး အဖြူရောင်တွေပေါ် ဖြန့်ကျက် ဖြာကျနေပုံက ဆေးခြယ်ထားတဲ့ ပန်းချီကားချပ်လေးလို...

သိချင်တာလေးတွေ မေးနေတဲ့အချိန် နှုတ်ခမ်းလေးတွေ စုလုံးနေသလို ပြန်ဖြေလာမယ့် အ​ဖြေကို မျှော်လင့်နေတဲ့ မျက်ဝန်းလေးတွေကလဲ တလက်လက်နဲ့...

တကယ်ကို ချစ်စဖွယ် အဖြူရောင်လေးပါ...

" တကယ်ပဲ သူပြောသလို သားနဲ့ Jay က ချစ်သူတွေဆိုတာ ဟုတ်လားဟင် မေမေ "

" သားကို CEO က အဲ့လိုပဲ ပြောသလား "

" ဟုတ်တယ် မေမေ.. သား သတိမမေ့ခင်က သားနဲ့ သူက သိပ်ချစ်ကြတဲ့ ချစ်သူတွေတဲ့... လက်ထပ်ဖို့ အားလုံး စီစဉ်ပြီးမှ သားက ထိခိုက်မိသွားလို့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းထားရတာ တဲ့ "

" ဟင်းးး သားလေးရယ်.... "

သူမ သားစကားကို ကြားပြီး သက်ပြင်းရှည်ကြီးကိုသာ ချပစ်လိုက်မိတယ်။

ဘာမှ မမှတ်မိတဲ့ သားလေးက ထိုစကားတွေကို သူမ ဆီမှာမှ လာပြီး အတည်ပြုသတဲ့လား...

မေမေ ဘယ်လို ပြောရမလဲ...

မေမေ ဘယ်လို ပြန်ဖြေရပါ့မလဲ သားရယ်...

" ဟင် လို့ မေမေ... အဲ့ဒါ တကယ်ပဲလား "

" သားက ဘယ်လို ထင်လို့လဲ သားရဲ့ "

ရင်ခွင်ထဲကနေ သူမကို မော့ကြည့်နေပြီး သူမဆီက အဖြေစကားကို မျှော်လင့်နေတဲ့ သားရဲ့ ငွေရောင်ဆံနွယ်လေးတွေကို ဖွဖွလေး ပွတ်သပ်ပေးနေရင်းက သူမ မေးလိုက်တဲ့အခါ...

" သား မသိဘူးမေမေရယ်... Jay ပြောတဲ့စကားတွေကို ယုံကြည်ချင်ပေမယ့်လဲ တစ်ခုခုက လွဲမှားနေသလိုကြီးပဲ... တကယ်သာ ချစ်သူတွေဆိုရင် သူ့ကိုမြင်တာနဲ့ သားက ဘာလို့ကြောက်နေရမှာလဲ... Jay က သားကို ပြုံးပြီး စကားတွေ ပြောနေလဲ တစ်ခုခု လုပ်လိုက်တော့မလိုကြီး... သား သူ့ကို ကြောက်နေတယ်.. ပြီးတော့ ပြီးတော့ သူ့မျက်နှာ တည်တင်းနေတာကို မြင်လိုက်ရရင် သား ရင်ဘတ်ထဲက အောင့်အောင့်လာတယ်.. သူ စိတ်တိုနေတဲ့အချိန်ဆို သားမှာ နေစရာမရှိအောင်ပဲ "

" သားက အဲ့ဒီလို ခံစားနေရတာလား... "

" ဟုတ်တယ် မေမေ... "

" သားက ဘာမှ မမှတ်မိတော့ တစ်ခုခု လွဲမှားသွားမှာစိုးတဲ့ စိတ်နဲ့ သတိထားပြီး နေ နေလို့ ဒီလိုတွေ ဖြစ်တာနေမှာပါ... အများကြီးမတွေးနဲ့လေ သားရဲ့ "

" မသိတော့ဘူး မေမေရယ်... Jay ပြောတာတွေက အမှန်တွေပဲ ဖြစ်မှာပါ... သားတို့ မင်္ဂလာဆောင် ဖိတ်စာကြီးတောင် ရှိနေတာ ဆိုတော့လေ...နော် မေမေ့ "

" ဖိတ်စာ...?? "

" အင်းလေ မေမေရဲ့...ဟိုနေ့က Jay က သားကို ပြတာ... သူ ပြောတာတွေ သားက မယုံသလို လုပ်နေလို့ သက်သေပြတာ တဲ့... သားတို့မှာ ဖိတ်စာတောင် ရှိတာတဲ့ "

သားစကားတွေ နားထောင်ပြီး သူမ ပြန်ပြောဖို့ရာ စကားလုံးတွေ ပျောက်ရှနေရပြီ...

ထို့ကြောင့် ခေါင်းလေးကိုသာ ငြင်သာဖွဖွ ပွတ်ပေးနေရင်း စကားမပြန်ဖြစ်...

ဒီလိုတွေ ပြောပြထားပြီး ဘာတွေ ဆက်လုပ်အုံးမလို့လဲ CEO...

သားလေး မှတ်မိလာတဲ့ တစ်နေ့ ဘယ်လိုတွေ ဖြေရှင်းပြမှာ မို့လို့လဲ...

သူမ ရင်ထဲက အတွေးသက်သက်ပါပဲ...

လက်တွေ့မှာ ထုတ်ဖော်ပြောလိုက်ဖို့မှ မစွမ်းသာတာလေ...

သူမ ငြိမ်နေလေတော့ သားလေးက စကားတွေ ဆက်ပြန်ပါတယ်...

" ခုတလော သား အိမ်မက်တွေ မက်နေပြန်တယ် သိလား မေမေ... အိမ်မက်ထဲမှာ လူတစ်ယောက်နောက်ကို ပြေးလိုက်ရတာ မောနေတာပဲ... သူက သားကို လှည့်ကြည့်ပြီး ပြုံးပြပေမယ့် မစောင့်ဘဲ ရှေ့ကနေ အတင်းသွားနေတာ... လှမ်းခေါ်လိုက်ဖို့ကျလဲ သူ့နာမည်ကို သိနေရက်နဲ့ ခေါ်လို့မရပြန်ဘူး တဲ့..ထူးထူးဆန်းဆန်း မေမေရယ်.. သိနေရက်နဲ့ မသိပြန်ဘူး ဖြစ်နေတာတဲ့လေ... အိမ်မက်က နိုးလာတော့ သား ရင်ထဲမှာ ဟာနေတာပဲ...တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားချက်ကြီး...တစ်စုံတစ်ရာကို မှတ်မိလာတော့မလိုဖြစ်လို့ သေချာ ပြန်စဉ်းစားလိုက်ရင်လဲ သား ခေါင်းတွေ ကိုက်ကိုက်လာတယ်... "

" အိမ်မက် ပါပဲ သားရယ်... သားက အစွဲအလမ်းတွေကြီးလွန်းလို့ အိမ်မက်တွေ ခဏတိုင်းမက်နေတာ... ဘာမှ မစဉ်းစားနဲ့နော်... အိမ်မက်ပဲမို့ ဘာမှ မဟုတ်ဘူး "

" မေမေတို့ပြောသလို သားအနားမှာ ရှိနေတဲ့အရာတွေက အကုန်ပဲလားဟင်...သား သတိမမေ့ခင်ကအတိုင်း အားလုံး ပုံမှန်ပဲလား... သား မသိသေးတဲ့ တစ်ခုခု ကျန်နေသေးတာများလား... သား စိတ်ထဲ တစ်ခုခု ပျောက်နေသလိုမျိုး ဟာတာတာကြီး ဖြစ်နေတာ မေမေရဲ့ "

" အများကြီး မတွေးနဲ့ သားရယ်.... အားလုံး အရင်ကအတိုင်းပါပဲ... သား ဘဝထဲမှာ မေမေရယ် ညီမလေးရယ် သားအဖေရယ် CEO ရယ်ကလွဲ ကျန်တာ မရှိပါဘူး... မေမေပြောတာ ယုံ နော် "

အဖြေရှာမရလို့ ရှုပ်ထွေးနေဟန် မျက်နှာလေးနဲ့ သူမရဲ့ စကားကို သက်ပြင်းလေးချကာ ခေါင်းညိမ့်ပြတဲ့ သားလေး...

ခေါင်းညိမ့်ပြနေရင်းမှ တွေးဆဆလေးနဲ့ တစ်ခွန်းချင်း ထပ်ပြောလာပြန်တာက

" တကယ် အိမ်မက်ထဲမှာ တွေ့တာ ပါးချိုင့်လေးနဲ့ သားကို ပြုံးပြနေတာ... " တဲ့...

သားရဲ့ အတွေးတွေကို ထပ်မပွားစေလိုတာကြောင့် သူမ သားကို ရင်ခွင်ထဲက ထုတ်လိုက်ကာ

" အချိန်လဲ အတော်လင့်နေပြီ သားရယ်... ဆေးတွေလဲ သောက်ထားရတာ အိပ်ရေးဝမှ ဖြစ်မယ်လေ.. အိပ်တော့နော်... မေမေလဲ ညီမလေးကို သွားကြည့်ပြီးရင် အိပ်တော့မယ် "

ပြောပြောဆိုဆိုနဲ့ ကုတင်ပေါ်ကနေ ထ ရပ်တော့

" ဟုတ်ကဲ့ပါ မေမေ... သား အိပ်တော့မယ်နော်. "

" လိမ်မာတယ် မေမေ့ သားလေး ..ဘာမှ မတွေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရမယ်နော် "

ကုတင်ပေါ် လှဲလိုက်ပြီဖြစ်တဲ့ သားလေးကို စောင်ခြုံပေးလိုက်ပြီး နဖူးလေးပေါ် ဖွဖွနမ်းလိုက်ကာ သူမ လှည့်ထွက်မယ် လုပ်တော့

" သားကို ဟိုဘက်အိမ် မပို့နဲ့နော် မေမေ " တဲ့...

အိပ်ခါနီးတောင် နောက်ဆံတတင်းတင်း မှာကြားနေတာက CEO နဲ့ မျက်နှာချင်းဆိုင်ဖို့ ဘယ်လောက်ထိများ ကြောက်လန့် နေလို့လဲ....

သူမ ရင်ထဲ လေးလံနေကာ သက်ပြင်းကိုသာ နာနာချရင်း ခေါင်းညိမ့်ပြလိုက်ရတယ်...

" အင်းပါ သားရယ်... "

ညအိပ်မီးရောင်လေးကို ပို၍ ဖျော့ပေးလိုက်ပြီး ပြတင်းပေါက်ဆီမှ လိုက်ကာစလေး လေလွင့်နေတာကြောင့် သေချာ ပြန်ပိတ်ဖို့ သူမ ပြတင်းပေါက်နား တိုးသွားလိုက်မိသည်။

မမျှော်လင့်ပါပဲ မျက်လုံးအကြည့်တို့ လမ်းမကြီးပေါ် ရောက်သွားချိန်...

မြင်လိုက်ရတာက မီးတိုင်အောက်မှာ ထိုင်နေတဲ့ ကောင်လေးနှစ်ယောက်...

သေချာအောင် ထပ်ကြည့်မိတော့ တစ်ယောက်ဟာ ဟိုကောင်လေး...

သားရဲ့ ချစ်သူ...

ဒါနဲ့ပဲ သူမ လိုက်ကာစကို ကပြာကယာ ဆွဲစိလိုက်ကာ တံခါးကို သေချာအောင် ပိတ်လိုက်ပြီးနောက် ကုတင်ပေါ်က သားဆီ တစ်ခေါက်ကြည့်လိုက်မိတော့ သားလေးဟာ မျက်လုံးများကို မှေးမှိတ်ထားကာ အိပ်ပျော်ရန် ကြိုးစားနေလေပြီ။

သူမ လုပ်ရပ်တွေက မှန်နေသလား မှားနေသလား...

သားလေးကို ဒီကောင်လေးအကြောင်းတွေ ဖုံးကွယ်ထားကြကာ တမင် အသိမပေးတာက သားလေးနဲ့ ဒီကောင်လေးအပေါ် မတရားမှန်း သိပါရက် သူမတို့ လူကြီး မပီသခဲ့ကြဘူး...

သားသမီးချင်း ကိုယ်ချင်းမစာသလို လုပ်ရပ်တွေအကြောင်း တွေးလိုက်မိရင် သူမ ရင်ထဲ ဆို့နင့်နေပြီး တင်းကြပ်လာရတယ်...

မေမေ့ကို ခွင့်မလွှတ်ပါနဲ့ သားလေးရယ်...

သားလေးရဲ့ နှလုံးသားနေရာကိုမှ မေမေက ကွက်လပ်ဖြစ်အောင် လုပ်ထားမိတယ်...

သားလေး သတိရလာတဲ့အချိန် အခြေအနေတွေများ ပြောင်းလဲသွားခဲ့ရင် မေမေ့ကို ခွင့်မလွှတ်လိုက်ပါနဲ့....

သူမ သားရဲ့ အခန်းလေးထဲကနေ အသာအယာထွက်လာခဲ့ရင်း ဆုံးဖြတ်ချက်တစ်ခုကိုလဲ ချလိုက်မိတယ်...

ဟိုကောင်လေးနဲ့ သွားတွေ့ရမယ်...

သားလေးကိုလဲ စိတ်အနှောက်အယှက်မဖြစ်စေလိုတာရော ဒီကောင်လေးအတွက် အန္တရာယ်တွေ ရှိမလာစေဖို့ရော သူမ ထိုကောင်လေးကို သွားတွေ့မှ ဖြစ်မယ်။

ဒီလိုတွေ မိုက်ရူးရဲ ဆန်ပြီး အိမ်ရှေ့ခဏတိုင်းလာပြီး သောင်းကျန်းနေရင် တစ်နေ့ CEO နဲ့ တွေ့တော့မှာ...

အခုတောင် သူမ မနည်းတောင်းပန်ထားလို့ ဒီကလေး ဘာမှ မဖြစ်သေးတာလေ...

CEO က ဘယ်လိုလူမျိုးမို့လဲ...

ဘယ်လောက် တောင်းပန်ထားထား ကြာကြာ သီးခံနေမှာမှ မဟုတ်တာ။

ဒါကြောင့် CEO ဘာမှ မလုပ်ခင် သူမ ဒီကလေးနဲ့ တွေ့ဖို့ လိုနေပါပြီ...

************************************

Love you all my Vitamins 💙

San Htarni 💙

28.5.2023

💙ကျွန်တော်လဲ ကျွန်တော့်ရဲ့ အားဆေးလေးတွေကို ချစ်ပါတယ်လို့.... 💙

Comment