~ 14 ~

~ 14 ~

" Sunghoon ကျွန်တော့်ကို ဘာပြောလိုက်တယ်"

" အဆော !!! "

မျက်ဝန်းထဲက အရိပ်ကလေးတွေ ရုတ်တရက် စိမ်းသက်သွားတာကြောင့် Sunghoon အလန့်တကြား ခေါ်လိုက်မိတယ်။ ဘာကြောင့် ဒီ ကြည်ကြည်လင်လင် မျက်ဝန်းလေးတွေ အရောင်ပြောင်းသွားခဲ့ရတာလဲ...

" Sunghoon ကျွန်တော့်ကို ဘာပြောလိုက်တာလဲ လို့ မေးနေတယ်လေ "

ကျွန်တော်တို့တွေ့တိုင်း အမြဲ ပြုံးယောင်သန်းနေတတ်တဲ့ မျက်နှာနုနုလေးက နီရဲလာကာ မျက်မှောင်လေးတွေ တွန့်ကျုံ့လို့ လေသံမာမာလေးနဲ့ ထပ်မေးလိုက်တဲ့ ခဏ Sunghoon အထိတ်ထိတ် အပြာပြာ ဖြစ်သွားခဲ့ပြီး

" အဆော... အဆော ကိုယ် ကိုယ်လေ ဟို... ရုတ်တရက် ရုတ်တရက်ကြီး လွှတ်ကနဲ ထွက်သွားလိုက်မိတာ အဆောရယ်... မရည်ရွယ်ဘူး... ဒီလို အခြေအနေကြီးနဲ့ ဖွင့်ပြောဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး "

" ကျွန်တော် နားကြားမှားတယ် ထင်လိုက်တာလေ... ဒါ တကယ်ကြီး ကြားလိုက်တာပေါ့ "

" ဟုတ်ပါတယ် အဆော... အဆော ကြားလိုက်တာ ကိုယ့်ရင်ထဲက စစ်မှန်သော စကားတွေပါ... ကိုယ် အဆောကို ချစ်တယ် အဆောရယ်... စူးစူးနစ်နစ်နဲ့ကို ချစ်နေမိပါတယ်..."

အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင် ဖြစ်နေတဲ့ အဖြူရောင်လေးရဲ့ ရှေ့မှာ သွေးရူးသွေးတန်းနဲ့ ဖြေရှင်းချက်တွေ ပေးနေတဲ့ Sunghoon....

သူ အကြောက်ဆုံးက သူ့အချစ်တွေကို ပေါ့ပေါ့တန်တန်တွေးလိုက်မှာကိုပဲ...

သူ့အချစ်တွေ မလေးနက်ဘူး ထင်လိုက်မှာကိုပဲ...

" ကျေးဇူးပြုပြီး ယုံကြည်ပေးပါ အဆောရယ်... ကိုယ် အဆောကို စတွေ့ကတည်းက ချစ်နေမိတာပါ "

" ယုံကြည်ပြီး လိုက်လာခဲ့တာ... ကျွန်တော် Sunghoon ရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ပြီးလိုက်လာခဲ့တာကိုလေ... Sunghoon ကျွန်တော့်ကို ဒီလိုတွေ မပြောသင့်ဘူး မဟုတ်ဘူးလား "

ခေါင်းလေးငုံ့ချသွားပြီး ယူကျုံးမရသလိုလေး ပြောလာတဲ့ အဆောကြောင့် Sunghoon တစ်ယောက် မိုးပြိုသလို ခံစားလိုက်ရတယ်။ တကယ်ကြီးကို အထင်လွဲလို့ မဖြစ်ပါဘူး အဆောရယ်...

" အဆော... ကိုယ် အဆောကို အခွင့်အရေး ယူတာ မဟုတ်ရပါဘူး... ကိုယ်ပြောတာကို ယုံကြည်ပေးပါ... ကိုယ်အဆောကို တန်ဖိုးထားပြီး ကိုယ့်အချစ်တွေကို လေးလေးနက်နက်နဲ့ ဖွင့်ဟဖို့ စဉ်းစားထားပြီးသားပါ... ခုက တကယ်ကို မတော်တဆ... ကိုယ်အဆောကို ငေးနေမိရင်း စိတ်ထဲက စကားတွေ ပြောထွက်လာမိတာ... ကိုယ့်ကို အထင်မလွဲပါနဲ့ နော်... ကိုယ် အဆော အထင်လွဲမှာကို အကြောက်ဆုံးပဲ "

" တော်ပါ... ပြောတုန်းက ပြောပြီး.. လုပ်တုန်းက လုပ်ခဲ့ပြီးမှ "

" ကိုယ် တောင်းပန်ပါတယ် အဆောရယ်... ဒီလိုအခြေအနေကြီးနဲ့ ပြောလိုက်ရတာ ကိုယ်အဆောကို တန်ဖိုးမထားသလိုများ ဖြစ်သွားသလား...ဒါပေမယ့် အဆော သိအောင် တစ်ခုတော့ ပြောချင်တယ်... ကိုယ် အဆောအပေါ်ထားတဲ့ ချစ်တဲ့စိတ်တွေကတော့ တကယ်ကို လေးနက်ပါတယ်... အဆောကို ကိုယ် အမြတ်တနိုးနဲ့ကို တန်ဖိုးထားပြီး ချစ်တာပါ... ကိုယ့်ကို အထင်မလွဲပါနဲ့ အဆောရယ်...နော် "

" ......"

သူ့ဘက်က တတွတ်တွတ် ရှင်းပြနေသလောက် လက်မလေးကိုကိုက်ကာ ခေါင်းလေးငုံ့ပြီး ငြိမ်သက်နေတဲ့ အဆောကတော့ ဘာစကားတစ်ခွန်းမှ ပြောမလာခဲ့တော့...

ကိုယ် ဖွင့်ဟချိန်တွေ လွဲသွားခဲ့ပြီ အဆောရယ်...

ဒီလိုနေရာကို ခေါ်လာပြီး ဒီလိုစကားတွေကို ပြောလိုက်မိလို့ ကိုယ့်ကို အခွင့်ရေးယူတတ်တဲ့ သူတစ်ယောက်ရယ်လို့များ သတ်မှတ်သွားလေပြီလား....

ဒီလိုတော့ဖြင့် သူ အဖြစ်မခံနိုင်ပါ။

" အဆော... ကိုယ့်ကို တစ်ခုခုတော့ ပြန်ပြောပါအုံး အဆောရယ်... ခုလိုကြီး ငြိမ်နေမယ့်အစား မကျေနပ်ရင် ကိုယ့်ကို ရိုက်ပစ်လိုက်... အဆော ရင်ထဲက ရှိတဲ့စကားတွေ ပြောပစ်လိုက်ပါ... ဒီလို ဒီလိုကြီးတော့ ငြိမ်နေပြီး ကိုယ့်ကို ရင်ပူရအောင် မလုပ်ပါနဲ့... ကိုယ့်ကို မုန်းသွားပြီလား... ကိုယ့်ကို စကားလေးတောင် ပြန်မပြောချင်တော့ဘူး လား... "

ပုခုံးလေးတစ်ဖက်ကို အသာဖွဖွကိုင်လို့ စိုးရိမ်စိတ်တွေ တနင့်တပိုးနဲ့ အဖြူရောင်လေးကို ငုံ့ကြည့်ပြီး တစ်ခုခုပြန်​ပြောလာဖို့ တောင်းဆိုနေတဲ့ခဏ အဖြူရောင်လေးက ပုခုံးပေါ်က သူ့လက်တစ်ဖက်ကို ဆွဲဖယ်လိုက်ပြီး ထ ရပ်လိုက်တယ်။

ဒီအချိန်မှာ တသုန်သုန်တိုက်ခတ်နေတဲ့ လေဟာလဲ တဖြည်းဖြည်း ပြင်းထန်လာပြီး မိုးနံ့တွေပါ ရလာခဲ့၍ တိမ်မဲညိုတို့ စုဝေးလာခဲ့ကာ မကြာခင်မှာပဲ ရွာချတော့မယောင်။

ယခုအချိန်အထိ မျက်လုံးချင်းမဆုံလာသေးတဲ့ အဆောက မျက်နှာပေါ်က ဒေါသမမြည်တဲ့ ဒေါသငွေ့လေးတွေဟာလဲ မပျက်ပြယ်သေး။

အဆောမျက်နှာလေးပေါ်က အရိပ်အကဲကို မလွတ်တမ်း ဖမ်းဆုပ်နေမိတဲ့ Sunghoon မှာတော့မငြိမ်မသက် အသက်ရှူသံတွေနဲ့ပေါ့။

အပြင်မှာ လေအေးကြမ်းကြမ်းတွေ တိုက်ခတ်နေလည်း သူ့ရင်ထဲမှာတော့ မအေးချမ်းနိုင် ပူလောင်နေရပြီ။

အဆော သူ့ကိုများ အထင်အမြင်တွေလွဲကာ မုန်းသွားခဲ့လေပြီလား....

" အဆောရယ်... ကျေးဇူးပြုပြီး ကိုယ့်ကို တစ်ခုခု ပြောပေးပါကွာ... "

ထိုအခါမှ ပင့်သက်ရှိုက်သံလေးနဲ့ အားယူသလို အသက်ပြင်းပြင်းရှူလိုက်တဲ့ အဆောက အဓိပ္ပါယ်ဖော်ဆောင်ဖို့ ခက်တဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ဘက်ကိုလှည့်ကြည့်လာပြီး

" ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စကား မပြောပါနဲ့ Sunghoon... ကျွန်တော်က Sunghoon ချစ်လို့မရတဲ့ လူတစ်ယောက်ပါ "

" ဘာကြောင့်လဲ... ကိုယ်က အဆောကို ဘာကြောင့် ချစ်လို့မရတာလဲ... ကိုယ့်ကို အကြောင်းပြချက် တစ်ခု ပေးပါ... "

" ဘာကြောင့်ပဲ ဖြစ်ဖြစ် မပြောပါနဲ့ ကျွန်တော့်ကို အဲ့လိုစကားတွေ မပြောပါနဲ့.... ကျွန်တော် Sunghoon ဘေးမှာ ဖြူဖြူစင်စင်နဲ့ ရိုးသားတဲ့ သူငယ်ချင်း တစ်ယောက်အဖြစ်ပဲ နေချင်တယ် "

" ကိုယ်က လိုအပ်ချက်တွေ နဲ့ မပြည့်စုံတဲ့ လူတစ်ယောက်မို့လို့လား အဆော "

" ဘာဆိုင်လဲ Sunghoon ရဲ့"

" ဒါဆို ဘာလို့လဲ... ဘာလို့ ချစ်တယ် ဆိုတဲ့စကားကို မပြောခိုင်းတာလဲ... "

" ကျွန်တော် Sunghoon ကို သူငယ်ချင်းအဖြစ်နဲ့ပဲ ခင်မင်ချင်တယ် "

" ကိုယ်ကတော့ အဆောကို ချစ်သူတစ်ယောက် အဖြစ်နဲ့ ပိုင်ဆိုင်ချင်တယ် "

မဆိုင်းမတွ ပြောထွက်လာတဲ့ သူ့စကားကြောင့် အဖြူရောင်လေးဟာ မျက်လုံးချင်းဆုံအောင် ကြည့်လာပြီး

" ဝမ်းနည်းအားငယ်နေမယ့် ဒီလို နေ့ရက်မျိုးမှာ ဒီလို စကားမျိုး ပြောရလို့ ကျွန်တော် တကယ် အားနာပါတယ် Sunghoon ရယ်... ဒါပေမယ့်လဲ မပြောလို့မဖြစ်လို့ပါ... Sunghoon ကျွန်တော့်ကို မချစ်ပါနဲ့... တစ်နေ့ Sunghoon ပဲ နာကျင်ခံစားရလိမ့်မယ် "

" ခုလို ချစ်နေတာကို မပြောရဘူး ဆိုတာကြီးကရော ကိုယ့်ကို နာကျင်စေတာပဲ မဟုတ်ဘူးလား.... ချစ်တဲ့ လူကို ချစ်တယ်လို့ မပြောဘဲ မျိုသိပ်ထားရတာကရော ကိုယ် ခံစားရမယ်ဆိုတာ အ​ဆော မသိဘူးလား "

" ကျွန်တော်တို့ သူငယ်ချင်းလို နေတာကပဲ Sunghoon ခံစားရမယ်ဆိုရင်တောင် ခံစားရသက်သာစေမှာပါ "

" အဓိပ္ပါယ် မရှိလိုက်တာ အဆောရယ်... ချစ်တဲ့ သူကို ဘေးနားထားပြီး ချစ်တယ်မပြောရဘဲ သူငယ်ချင်းလို နေရတာကမှ ဘယ်လောက်နာကျင် ခံရခက်လိုက်မလဲ.... အဆော မပြောနဲ့ဆိုလဲ ကိုယ်ကတော့ ပြောချင်တယ်.... အဆောကို ကိုယ်အရမ်း ချစ်တယ်... ဒါ အခုမှ မဟုတ်ဘူး.... ပန်းခြံထဲမှာ ထိုင်ငိုနေတဲ့ အဖြူရောင် ဝတ်စုံလေးနဲ့ ကောင်လေးကို စ မြင်လိုက်ကတည်းကပဲ... အဆော ဘယ်သူ ဘယ်ဝါမှန်း မသိဘဲနဲ့တောင် ကိုယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်မိသွားတာ "

" Sunghoon ကျွန်တော့်အကြောင်းကို မသိပါဘူး... တစ်နေ့ကျရင် ကျွန်တော်က Sunghoon ဘဝထဲကနေ အပြီးတိုင် ထွက်ခွာသွားရမယ့် လူတစ်ယောက်ပါ "

" ဒါဆို ကိုယ်မသိနေတဲ့ အဆောရဲ့ အကြောင်းတွေကို ကိုယ်သိအောင် ပြောပြလေ... ဒါမှ ကိုယ့်အချစ်တွေကို ရုတ်သိမ်းရမလား ရှေ့ဆက်ရမလား ကိုယ် ဆုံးဖြတ်လို့ရမှာပေါ့ "

အမြဲတမ်း တွေးတောစရာစကားတွေနဲ့ အဆုံးသတ်တတ်တဲ့ ဒီကောင်ငယ်လေးဟာ အခုလဲ ပွင့်လင်းမှုမရှိ ထပ် ထပ်ပြီး တွေးတောစရာတွေကို ပေးပြန်တယ်။

" ကျွန်တော့်မှာ ပြောပြစရာ ဘာ အကြောင်းမှ မရှိပါဘူး.. ဒါတွေက Sunghoon သိမထားလဲ ရတယ်... အဓိက က ကျွန်တော် Sunghoon အနား အမြဲ နေမပေးနိုင်ဘူးဆိုတာ သိထားဖို့ပဲ ... ကျွန်တော်က တစ်နေ့ကျရင် ထွက်သွားရမယ့်လူ "

" ရတယ် ထွက်သွားလိုက်... ခုကတည်းက ကိုယ့်ဘဝထဲက ထွက်သွားလိုက်... အဆော ကိုယ့်ကို ထားရစ်ခဲ့ရက်တယ်ဆိုရင် အချိန်တွေ အခါတွေရွေးမနေနဲ့ ခုကတည်းက ကိုယ့်ကို ထားခဲ့ပြီး ထွက်သွားလိုက်...ကိုယ့်ဘဝကြီးက အစတည်းက အထီးကျန်နေခဲ့ပြီးသား... အစတည်းက ကိုယ့်ဘေးနား ဘယ်သူမှ ရှိခဲ့တာ မဟုတ်လို့ အဆော ထွက်သွားလဲ ကိုယ် ရင်ကွဲပြီး ကျန်ခဲ့ရုံကလွဲ ဘာမှ မဖြစ်ဘူး "

အကြောင်းပြချက်မရှိ ငြင်းဆန်နေတဲ့ အဆောကြောင့် သူ အဆောကို နားမလည်နိုင်တော့။

တကယ်ပါ ကိုယ် အဆောရဲ့ အငြင်းစကားတွေကို ကြားနာဖို့ ခံနိုင်ရည်အားမရှိဘူး။

ပြီးတော့ အဆော ပြောသလိုလဲ သူငယ်ချင်းအဖြစ်နဲ့ပဲ မနေနိုင်ပြန်ဘူး။

ကိုယ်မြတ်နိုးမိတဲ့ ဒီအဖြူရောင် ကောင်ငယ်လေးကို ကိုယ် ပိုင်ဆိုင်ချင်တယ်။

ဒီလို ပိုင်ဆိုင်ရဖို့ ကိုယ့်မျက်ရည်တွေနဲ့ တောင်းခံရမလား....

ဒူးထောက်ပြီး ​တောင်းပန်ရမလား...

ဒါပေမယ့် ထွက်သွား မယ် ဆိုတဲ့စကားတော့ မပြောနဲ့ အချစ်ရယ်....

မပြည့်စုံမှုတွေနဲ့ ကိုယ့်ဘဝက မလှပဘူးဆိုတာကိုလဲ သိပါရဲ့။

ဒါပေမယ့်လဲ တစ်ဘဝလုံးစာ ချစ်မြတ်နိုးမှုတွေနဲ့ ပြည့်စုံအောင် ကြိုးစားမှာမို့ အကြောင်းပြချက်မရှိ ကိုယ့်ကို မငြင်းပါနဲ့။

ထွက်သွားဖို့ပြောကာ အဆောကို ကျောခိုင်း လိုက်ပေမယ့် စိတ်ထဲကနေတော့ အဆော ကိုယ့်ကို တကယ်ထားမသွားဖို့ကို ဆုတောင်းနေရတာပါပဲ...

ဒါဟာ ကိုယ့်ဘဝရဲ့ ပထမဆုံး တွယ်ငြိမှုတစ်ခုမလား... ကိုယ်လွယ်လွယ်နဲ့ လက်မလျှော့နိုင်ပါဘူး အ​ဆောရယ်...

တဖြည်းဖြည်းနဲ့ အုံ့မှိုင်းလာခဲ့တဲ့ ရာသီဥတုကြီးက လေပြင်းတွေ တိုက်ခတ်နေရာမှ အခုတော့ မိုးစက်ကလေးတွေပါ ခပ်စိပ်စိပ်ကျလာချေပြီ။

ခပ်ကြမ်းကြမ်း လေပြင်းတို့ရဲ့ တိုးဝှေ့ကျီစယ်နေမှုကြောင့် ယိမ်းထိုးလှုပ်ရှားနေတဲ့ သစ်ရွက် သစ်ခက်တွေကလဲ Sunghoon ရဲ့ ရင်တွင်းက ခံစားချက်တွေလို ဂဏာမငြိမ်။

တောင်ကုန်းလေးရဲ့ မြက်ခင်းစိမ်းစိမ်းပေါ် သက်ဆင်းလာတဲ့ မိုးစက် မိုးပေါက်ကလေးတွေဟာ ဆိုရင်လဲ သူ့ရဲ့ ပြေးဝင်ခိုလှုံမှုကို ဝမ်းပန်းတသာ ကြိုဆိုနေမယ့် မြေပြင်ကြီးရဲ့ ရင်ခွင်ဆီသို့ တဖြုတ်ဖြုတ်နဲ့ ကြွေကျလို့။

တခဏအတွင်းမှာပဲ ပတ်ဝန်းကျင်တစ်ခွင်လုံး လေသံမိုးသံတို့နဲ့ ဖုံးလွှမ်းသွားကာ ရှိရှိသမျှ အရာအားလုံးဟာ မိုးရေတွေကြား ရွှဲရွှဲစိုကုန်တယ်။

မိုးဦးလေဦးမလား....

လျှပ်ပန်းလျှပ်နွယ်တို့ဟာလဲ ဘယ်မှာ ပုန်းအောင်းနေပါ့မလဲ....

ဒီမိုး ဒီလေ နဲ့အတူ သူပါ အတူရှိနေကြောင်း ထွက်လာပြီး အသံပေးတယ်။

ဂျိမ်း!!!!

ဝေါ..ဝေါ...ဝေါ...

ဖောက်... ဖောက်... ဖောက်...

ဖြောင်း... ဖြောင်း ... ဖြောင်း....ဖြောင်း

လေဒဏ် မိုးဒဏ်တွေကြောင့် ယိမ်း ထိုး လှုပ်ရှားနေတဲ့ သစ်ပင်ကြီးရဲ့အောက်

ကျောခိုင်း၍ ခါးထောက်ခါ ရပ်နေသူရယ်...

သဲသဲမဲမဲမိုးစက်ပေါက်တွေနဲ့အတူ တ ဂျိမ်းဂျိမ်း မြည်ဟီးနေတဲ့ မိုးခြိမ်းသံတွေကြောင့် နားလေးနှစ်ဖက်ကို ပိတ်ကာ မျက်လုံးလေး စုံမှိတ်ထားတဲ့ ကောင်ငယ်လေးရယ်...

သစ်ရွက် သစ်ခက်တွေထဲထိ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်တဲ့ အားကောင်းတဲ့ မိုးရေစက်တွေကြောင့် အဖြူရောင်လေး မိုးရေစိုမှာစိုးလို့ လှည့်ကြည့်လိုက်မိတဲ့ အချိန်မှာတော့

မြင်လိုက်ရတာက ခန္ဓာကိုယ်ကို ကျုံ့နိုင်သမျှ ကျုံ့ကျုံ့လေးထိုင်နေပြီး မျက်စိကိုမှိတ် နားတွေပိတ်ထားတဲ့ မြင်ကွင်းလေး...

ဒါဟာ ဘယ်သူ ကြည့်ကြည့် ကြောက်လန့်နေတဲ့ ဟန်ပန်ဆိုတာ အထင်းသား...

ဒါကြောင့်ပဲ Sunghoon အဆောရှိရာကို ခြေနှစ်လှမ်းလောက်နဲ့ အရောက်သွားလိုက်ပြီး တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးပေါ် အပေါ်ကုတ်ကို ချွတ်၍ ခြုံပေးလိုက်ကာ

" အဆော... အဆော အရမ်းကြောက်နေသလား ဟင်... ကိုယ် ဘာလုပ်ပေးရမလဲ... အဆော... ကိုယ့်ကို ကြည့်ပါအုံး "

" Sunghoon... ကျွန်တော်.. ကျွန်တော် ကြောက်တယ်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး အဲ့ မိုးခြိမ်းသံတွေကို ကျွန်တော်မကြားရအောင် လုပ်ပေးပါ ... ကျွန်တော် အရမ်း ကြောက်လို့ပါ... "

တုန်ယင်စွာနဲ့ ထွက်ပေါ်လာတဲ့ လှုပ်လှုပ်ခတ်ခတ် အသံလေး...

Sunghoon ရှိရာဘက်ကို ခန္ဓာကိုယ်လေး တိုးကပ်လာပြီး မျက်လုံးတွေ မဖွင့်ပါဘဲ စကားတိုးတိုးဆိုနေသူလေးကို ကြည့်ကာ Sunghoon နောင်တအကြီးအကျယ် ရမိသွားရတာ အမှန်ပါ။

ကိုယ် အဆောကို ခေါ်လာပြီး စိတ်အနှောက်အယှက်ပေးရုံမက စိတ်ဒုက္ခရောက်အောင်ပါ လုပ်လိုက်မိပြီလား အဆောရယ်...

ဂျိမ်း!!!!

ဝန်းကျင်တစ်ခုလုံး ဝင်းထိန်သွားတဲ့ လျှပ်စီး​ကြောင်းကြီးနဲ့အတူ ဂျိမ်းကနဲ ပစ်ချလိုက်တဲ့ မိုးခြိမ်းသံကျယ်ကြီးရဲ့ အဆုံးမှာ တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးဟာ Sunghoon ရဲ့ ရင်ခွင်ထဲသို့...

" ကြောက်တယ်... ကြောက်တယ်... ကျွန်တော် အရမ်းကြောက်တယ်လို့... Sunghoon shi... "

ယုန်ပေါက်လေးတစ်ကောင်လို ရင်ခွင်ထဲထိ တိုးဝှေ့ဝင်ရောက်လာတဲ့ ဖြူဖြူဖွေးဖွေး ခန္ဓာသေးသေးလေးကြောင့် အံသြမှင်သက်မိနေတဲ့ Sunghoon တစ်ယောက် ရှိုက်သံပါးပါးလေးနဲ့ ပြောလာတဲ့ စကားသံလေးကြောင့် အသိပြန်ဝင်လာပြီး တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားပေးလိုက်မိသည်။

" ကိုယ်ရှိတယ်... ကိုယ်ရှိတယ် အဆော... ကိုယ် ရှိနေတာမို့ မကြောက်နဲ့နော်... "

" အဟင့်..ဟင့် ဟင့်... မကြားချင်ဘူး... အဲ့မိုးခြိမ်းသံကြီးကို မကြားချင်ဘူးလို့..."

ဂျိမ်း!!!!

" အားးး!! "

မိုးခြိမ်းသံတစ်ခါကြားတိုင်း ခန္ဓာကိုယ်လေး တုန်တက်သွားတဲ့ အဆောက Sunghoon ရင်ခွင်ထဲမှာ မျက်နှာဝှက်လို့ နားတွေကို လက်ဖဝါးတွေနဲ့ ဖိပိတ်ကာ တရှိုက်ရှိုက်နဲ့ ငိုနေလေတော့ Sunghoon မှာလဲ ခြေမကိုင်မိ လက်မကိုင်မိ။

ကြောက်လန့်မှုတွေ သက်သာလို သက်သာငြား ရင်ခွင်ထဲမှာသာ ထွေးဖက်လို့ထားပြီး ကျောပြင်လေးကို ဖွဖွပွတ်သပ်ပေးနေမိတယ်။

" အဆောနားမှာ ကိုယ်ရှိနေတယ်နော်... အဆော ဘာမှမဖြစ်ဘူး... ကြောက်စရာမလိုဘူး လေ နော် "

" Sunghoon... ကျွန်တော့်ကို တစ်နေရာရာ ပို့ပေးပါ... ဒီ မိုးခြိမ်းသံတွေ မကြားရနိုင်တဲ့ နေရာကို ပို့ပေးပါ "

မျက်ရည်တို့ စိုရွှဲနေတဲ့ မျက်နှာရဲရဲလေးနဲ့ မော့ကြည့်ကာ ပြောလာတဲ့ အဆော မျက်နှာလေးကို ကြည့်ပြီး Sunghoon ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိရင်း တင်မိနေတော့တယ်။

သူ အဆောကို တော်တော်လေး ဒုက္ခ ပေးမိလိုက်တာပဲ...

" ဒါဆို ကိုယ်တို့ ကားပေါ်ကို သွားကြရအောင်... အဆော မကြောက်နဲ့နော်... လာ ကိုယ့် ကျောပေါ်တက်... ကိုယ် ကုန်းပိုးပြီး ခေါ်သွားပေးမယ် "

အဖြူရောင် ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲက ထုတ်ပြီး မျက်ရည်တွေကို အရင်သုတ်ပေးလိုက်သည်။ ပြီး ခြုံပေးထားတဲ့ သူ့ရဲ့ ကုတ်အင်္ကျီကို ခေါင်းထိလုံအောင် ဆွဲခြုံပေးလိုက်ကာ ကျောပေါ်သို့ တက်စေလိုက်သည်။

မိုးသည်းသည်းထဲ ကြောက်ရွံ့တုန်လှုပ်နေတဲ့ ခန္ဓာကိုယ်ပါးပါးလေးကို ကျောပေါ်တင်လို့ တောင်ကုန်းလမ်းလေးအတိုင်း ချော်မကျအောင် ထိန်းရင်း ကားဆီအရောက် ခပ်သုတ်သုတ်လေး ပြေးလာလိုက်သည်။

Park Sunghoon ရေ...

ဒီနေ့ကတော့ မင်းအတွက် ပြဿဒါးပဲ။

ဒီကောင်လေးကို ခေါ်လာပြီး တမင် ဒုက္ခပေးမိသလို ဖြစ်နေပါပြီ။

ကားပေါ်ကို ရောက်လို့ ကားမှန်တွေကို အလုံပိတ်ထားလိုက်မှ အပြင်ဘက်ဆီက ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေ ငြိမ်သက်သွားတော့သည်။

ကားပေါ်ရောက်ရောက်ချင်း ကားပေါ်မှာ အသင့်ဆောင်ထားလေ့ရှိတဲ့ တဘတ်တစ်ထည်နဲ့ စိုနေတဲ့ အဆောရဲ့ ဆံပင်လေးတွေကို ဖွဖွငြင်သာ သုတ်ပေးနေရင်း မိုးရေတွေ စိုရွှဲနေတဲ့ အဆောကို ကြည့်ပြီး သူ စိတ်မကောင်း...

အခုထိ တုန်ယင်နေသေးတဲ့ အဆော ခန္ဓာကိုယ်လေးကို အနွေးဓာတ်ရစေရန် ရော ကြောက်စိတ်လေး သက်သာစေလိုတာရောကြောင့် ရင်ခွင်ထဲမှာသာ ပွေ့ဖက်ထားပေးဖြစ်သည်။


ပုံမှန်အသိစိတ်နဲ့ဆို လက်ကလေးတောင် အကိုင်ခံမှာ မဟုတ်တဲ့ ဒီကောင်လေးက ခုတော့ဖြင့် ကြောက်စိတ်နဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်လို့။

တစ်ချက်တစ်ချက် ရှိုက်သံလေးတွေ ထွက်လာတာက လွဲလို့ မျက်ရည်လေးများလဲ ခြောက်ကာ ခန္ဓာကိုယ်လေးလဲ တုန်ယင်မနေတော့။

အသံတွေ တိတ်ဆိတ်သွားတာကြောင့် အနည်းငယ် စိတ်ငြိမ်ပုံ ရသွားတဲ့ အဆောက စောစောက ကြောက်စိတ်ကြောင့် ဖြူရော်ရော်ဖြစ်နေတဲ့ မျက်နှာလေးမှာ ခုတော့ သွေးရောင်တို့ ပြန်လွှမ်းလာခဲ့ပြီ။

သူ့ကိုဖက်ထားမိတဲ့ ကျွန်တော့်လက်တွေကို ဆွဲဖယ်ကာ ခန္ဓာကိုယ်လေးကို မတ်မတ်လေး ပြန်ပြင်ထိုင်လိုက်တဲ့ အဆောကို...

" ကိုယ် တောင်းပန်တယ်နော် အဆော.. ကိုယ် အဆောကို ထပ်ခါထပ်ခါ စိတ်ဒုက္ခတွေပေးနေမိသလို ဖြစ်နေပြီ. .. အဆော အဲ့လို ကြောက်တတ်မှန်းမသိလို့ ကိုယ် ဂရုမစိုက်မိလိုက်တာပါ "

" ရပါတယ် ဒါ Sunghoon အမှားမှ မဟုတ်တာ... ကျွန်တော်ကသာ ငယ်ငယ်ထဲက အိပ်မက်တစ်ခုရဲ့ အစွဲတစ်ခုကြောင့် မိုးရွာလို့ မိုးတွေခြိမ်းလာရင် မနေနိုင်အောင် ကြောက်တဲ့စိတ်တွေ ဝင်လာတတ်တာ...ဒါကို Sunghoon က သိမှ သိမထားတာ Sunghoon အပြစ်မရှိပါဘူး "

" အိပ်မက်! ... ဟုတ်လား အဆော! အိပ်မက်တစ်ခုက လူတစ်ယောက်အပေါ် အဲ့လောက်ထိ သက်ရောက်မှု ရှိသလား "

" ဟုတ်တယ် Sunghoon... အဲ့အိပ်မက်က ရိုးရိုး အိပ်မက်မဟုတ်ဘူး... ကျွန်တော် ငယ်ငယ်ကတည်းကနေ အခုထိ တစ်ပုံစံထဲ တစ်ထပ်ထဲ တူအောင် မက်နေတဲ့ မိုးည အိပ်မက်ဆိုးကြီးပါ..."

" ဖြစ်ရလေ အဆော ရယ်... ဘာပဲဖြစ်ဖြစ် ဒါက အိက်မက်ပါပဲ... အဆောရဲ့ လူနေမှုဘဝတွေထဲအထိ ပါဝင်လာအောင် ဆွဲမခေါ်မိစေနဲ့ပေါ့ အဆောရယ်.... အဆောအတွက် ပြောတာပါ "

" ကျွန်တော် သဘောပေါက်ပါတယ် "

" ကိုယ်နဲ့ လိုက်လာမိလို့ အဆော ဒီလိုတွေ ဖြစ်ရတာ ကိုယ် စိတ်မကောင်းပါဘူး "

" ကိုယ့်အကြောင်းကိုယ် သိရဲ့နဲ့ ရာသီဥတု အခြေအနေကို ဂရုမစိုက်မိတဲ့ ကျွန်တော့်အပြစ်ပါ... Sunghoon ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့ "

" နောက်ဆို ကိုယ် အဆောနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို သိအောင် လုပ်ထားပါ့မယ် .... ကိုယ့် မသိတတ်မှုကြောင့် အဆော ဒုက္ခရောက်ရတာမျိုး မဖြစ်စေရတော့ဘူးလို့ ကိုယ့်ကတိပေးပါတယ် "

" အဲ့လောက်ထိ မလိုပါဘူး Sunghoon ရယ်... အခုကိစ္စကလဲ အကြောင်းတိုက်ဆိုင်သွားရုံပါ... "

" ဘာပဲဖြစ်ဖြစ် အဆောရယ်... ကိုယ်ကတော့ အဆောကို အမြဲတမ်းအတွက် ကာကွယ်ပေးနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ချင်တယ် "

" ကျေးဇူးတင်ပါတယ် "

စကားတွေပြောရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ စောစောက အငြိုးနဲ့ရွာနေတဲ့ ကိုရွှေမိုးက အခုတော့ဖြင့် သူမဟုတ်လေဟန်။

ဖွဲဖွဲလေးသာ ကျတော့သော မိုးကြောင့် ပြန်ဖို့ စဉ်းစားလိုက်ပြီး

" ရေစိုကြီးနဲ့ ကြာရင် အဆော အအေးပတ်လိမ့်မယ်... ကျွန်တော်တို့ သွားကြတော့မလား ဟင် "

" သွားကြတာပေါ့ "

အဆော ခေါင်းညိမ့်တာနဲ့ ကားကို စက်နှိုးကာ အိမ်ပြန်လမ်းကို ဦးတည်လိုက်တော့သည်။

မြို့ထဲကို ဝင်လာတော့ မိုးက မြို့ပြင်လောက် ရွာထားဟန်မတူ။ လမ်းမတွေပေါ် အနည်းငယ်သာ စိုစွတ်နေပြီး တချို့နေရာတွေများဆို ကျတယ်ဆိုရုံလောက်သာ ကျထားဟန်ရှိသည်။

ဘေးက ငြိမ်သက်နေတဲ့ အဆောကို ခဏတိုင်း လှည့်လှည့် ကြည့်နေမိပေမယ့် ဘာစကားမှတော့ မပြောဖြစ်။

ဘာ စကားတွေရော ပြောရအုံးမလဲ...

လတ်တလောမှ အထိတ်တလန့်နဲ့ ကြောက်ရွံ့မှုဒဏ် ခံထားရတဲ့ ဒီ အဖြူရောင်လေးကို ထပ်မံပြီး စိတ်ညစ်ရအောင် မလုပ်ချင်တော့ပါဘူး။

ခုလောလောဆယ်တော့ သူ စိတ်သက်သာသလိုသာ နေပါစေလေ။

ထိုခဏမှာပဲ အဖြူရောင်လေးဆီမှ ဖုန်းမြည်သံကြားလိုက်ရသည်။

You're my angel .... Angel baby..angel..
You're my angel, baby...

ဖုန်းသံကြောင့် ကားပြတင်းကနေ အပြင်ကို ငေးရင်း ငြိမ်သက်စွာထိုင်နေတဲ့ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်သွားတာကို Sunghoon သတိထားမိလိုက်သည်။

ပြီးတော့ တစ်ခုထပ်ပြီး သတိထားမိလိုက်တာက ဖုန်း ringtone သံ...

အဆောဆီသို့ တခြားဖုန်းတွေ လာတဲ့အချိန်မှာ မြည်တဲ့ ringtone သံနဲ့ ဒီဖုန်းရဲ့ ringtone သံ ဘာကြောင့်မတူရတာလဲ။

အဆောက ဒီ ringtone သံနဲ့ ဖုန်း လာလိုက်တိုင်း အထိတ်တလန့်နဲ့ မျက်နှာလေး ပျက်ပျက်သွားတာကိုလဲ သူ သတိထားမိနေပါသည်။

" Hello Jay..."

ထင်တဲ့အတိုင်း အဆော ပါးစပ်က ခေါ်လိုက်တဲ့ နာမည်ဟာ Jay တဲ့...

သူ သိပ်ပြီး သိချင်နေပါပြီ။

အဲ့ဒီ Jay ဆိုတဲ့သူက ဘယ်သူလဲ...

အဆောနဲ့ ဘယ်လိုပတ်သက်တာလဲ...

အဆော တစ်ခါပြောဖူးတာတော့ အုပ်ထိန်းသူ တဲ့...

ဘယ်လိုမျိုး အုပ်ထိန်းသူလဲ...

အဆော အပေါ် ဘယ်လို သက်ရောက်မှု ရှိနေတာလဲ...

" ဟုတ်ကဲ့ ကျွန်တော် ပြန်လာနေပါပြီ Jay "

တစ်ဖက်က ဘာတွေပြောသလဲတော့ မသိ။

ဖုန်းချပြီးတာနဲ့ တပြိုင်နက် အဆောဆီမှ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ကားလေးက တဖြည်းဖြည်းနဲ့ သူတို့ ရပ်ကွက်ရှိရာ ပန်းခြံလေးနားသို့ပင် ရောက်လာလေပြီ။

" အဆော အိမ်က ဘယ်နားမှာလဲ... ကိုယ် ဘယ်အထိ မောင်းပေးရမလဲ "

" လမ်းအတွင်းထဲထိ ဝင်လိုက်ပါ Sunghoon... လမ်း ဘယ်ဘက်ခြမ်းက မိုးပြာရောင် နှစ်ထပ်တိုက်လေးက ကျွန်တော့်အိမ်ပါ "

အဆော လမ်းညွှန်တဲ့အတိုင်း သွားလိုက်ပြီး မိုးပြာရောင် တိုက်လေးရှေ့မှာ ရပ်လိုက်တော့ အဆောရဲ့ အိမ်ကလေးဟာလဲ အဆောလိုပဲ အေးချမ်းမှုကို ပေးသည်။

လှလှပပ တည်ဆောက်ထားတဲ့ နှစ်ထပ်တိုက်လေးဟာ နေချင်စဖွယ်...

ခြံထဲမှာလဲ သစ်ပင် ပန်းပင် စုံနေအောင် စိုက်ပျိုးထားပြီး အများဆုံးကတော့ နှင်းဆီဖြူများ။

အိမ်ရှေ့ကို ရောက်လို့ ကားရပ်ပေးထားသည်အထိ ကားပေါ်မှ မဆင်းသေးဘဲ ထိုင်နေဆဲဖြစ်တဲ့ အဆောက တစ်စုံတစ်ခုကိုတွေးတောနေဟန် ရှိရာမှ Sunghoon ဘက်သို့ လှည့်ကြည့်လာကာ

" Sunghoon shi... "

" ဟုတ်ကဲ့ပါ အဆော..."

" ကျွန်တော်... Sunghoon ကို ပြောချင်တာ တစ်ခုရှိတယ်... "

" ပြောပါ အဆော.. ကိုယ် နားထောင်နေပါတယ် "

" ကျွန်တော်လေ... ဒီနေ့ Sunghoon ကျွန်တော့်ကို ပြောခဲ့တဲ့စကားတွေကို မေ့ပစ်လိုက်ပါ့မယ်... ဒါကြောင့် Sunghoon ဘက်ကလဲ ကျွန်တော်တို့နှစ်ယောက်ကြား ဘာမှ မရှိခဲ့ဘူးလို့ပဲ မှတ်ယူပေးပါ "

" ကိုယ် ချစ်တယ်လို့ ပြောခဲ့တာကိုလား အဆော "

" ဒါကလွဲပြီး ဘာဖြစ်အုံးမှာလဲ Sunghoon ရဲ့ "

" ဟင့်အင် အဆော... ကိုယ်ပြောခဲ့တဲ့ စကားတွေက မေ့ပစ်ဖို့မှ မဟုတ်တာ... အဆောပြောတာကို ကိုယ် လက်မခံနိုင်ဘူး နော် "

" ဒါတော့ Sunghoon သဘောပါ... ကျွန်တော် ကတော့ ဘာမှ မရှိခဲ့သလိုပဲ မေ့ပစ်လိုက်တော့မယ်... "

" ချစ်တယ်... အဆော မပြောနဲ့ဆိုလဲ ကိုယ်ထပ်ပြောပါရစေ... အဆော မေ့ပစ်မယ်ဆိုလဲ မေ့မသွားရလေအောင် ကိုယ် ထပ်ထပ်ပြီး ပြောပါ့မယ်.... ကိုယ် အဆောကို မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ပါတယ် အဆော "

" မဖြစ်နိုင်ပါဘူး Sunghoon... ဒါကြောင့် ကျွန်တော် ပြောတဲ့အတိုင်းပဲ လုပ်ကြပါစို့... ပြီးတော့ နောက်ရက်တွေမှာ Sunghoon ကျွန်တော်ပြောတဲ့စကားကို လက်ခံပြီး ကျွန်တော့်အပေါ် သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားနိုင်မယ်ဆိုမှ ကျွန်တော့်ဆီကို လာခဲ့ပါ... အဲ့လိုမှမဟုတ်ရင် နောက် ဘယ်တော့မှ ကျွန်တော့်ရှေ့ကို ပေါ်မလာပါနဲ့တော့... ဒါ ကျွန်တော် စကားကုန် ပြောခြင်းပါ "

" ဘာကြောင့် အဲ့လောက်ထိ ရက်စက်နိုင်ရတာလဲ အဆောရယ်... ပြောတော့ ကိုယ့်ဘေးမှာ အားအင်တစ်ခုအဖြစ် ရှိနေပေးပါ့မယ် ဆို... ပြောခဲ့တဲ့စကားတွေ တောင် လေထုထဲက ပျောက်သွားမှာ မဟုတ်သေးဘူး... ပေးခဲ့တဲ့ ကတိတစ်ခုကို အဆော အဲ့လို လွယ်လွယ် ဖျက်ပစ်တော့မယ်ပေါ့ "

" ကျွန်တော့်ဘက်က သူငယ်ချင်းတစ်ယောက်လိုပဲ ရှိနေပေးဖို့ ပြောခဲ့တာပါ... ဒါကိုပဲ Sunghoon ဘက်ကစပြီး စည်းဖောက်ခဲ့တာ မဟုတ်ဘူးလား "

" ဒီနေ့က ကိုယ့်အတွက် ဘယ်လိုနေ့မျိုးလဲဆိုတာ အဆော သိရဲ့သားနဲ့ တောင် ဒီလို ရက်ရက်စက်စက် စကားတွေ ပြောထွက်ရက်လား အဆောရယ်... အဆောသာ ထွက်သွားခဲ့ရင် ကိုယ့်ဘဝကြီးက ဗလာဖြစ်သွားပြီ... ကိုယ် ဘယ်လိုမှ ရပ်တည်နိုင်တော့မယ် မထင်ဘူး "

" ကျွန်တော်တို့ တွေ့ကြတာ အချိန်တွေ အဲ့လောက်လဲ မကြာသေးပါဘူး... "

" အချိန်ဆိုတဲ့ စကားလုံးကို ထည့်မပြောနဲ့ အဆော... တွေ့ကြတဲ့အချိန် မကြာသေးပေမယ့်လဲ အချစ်ဆိုတာ တခဏလေးနဲ့ လေးနက်လာနိုင်တာပဲ... ကိုယ့်အချစ်ကလဲ အဲ့လိုပဲ... ကိုယ် အဆောကို အလေးအနက်ထားပြီး ချစ်တယ်....မြတ်မြတ်နိုးနိုးနဲ့ ချစ်တယ်.... အဆောဟာ ကိုယ့် တစ်ဘဝလုံး ပါ "

" ဘာပဲဖြစ်ဖြစ်ပါ... Sunghoon ကျွန်တော့်ကို မကြာခင်မှာပဲ မေ့နိုင်သွားမှာပါ... ဒါကြောင့် ကျွန်တော် ပြောသလို နေနိုင်ရင်တော့ ကျွန်တော့်ဆီကို ထပ်လာပါ... မဟုတ်ရင်တော့ ကျွန်တော်တို့ ဒီနေရာမှာပဲ အပြီးတိုင် နှုတ်ဆက်ကြပါစို့ "

မျက်နှာတည်တည်လေးနဲ့ ငဲ့ညှာမှုမရှိ ရက်ရက်စက်စက် စကားတွေ ပြောထွက်ရက်နေသူကို ကြည့်ကာ Sunghoon ရင်ထဲက နာလှပါသည်။

သူ့ဘဝရဲ့ ပထမဆုံး ဖြစ်ပေါ်ခဲ့တဲ့ အချစ်တစ်ခုဟာ ဒီလိုပဲ စတင်ခြင်းမှာတင် ဇာတ်သိမ်းရတော့မတဲ့လား...

အစပြုခဲ့ပြီးမှ အဆုံးသတ်ခွင့်မရှိတော့တဲ့ ဒီ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အဆောဟာ သူနဲ့အတူ လိုက်ပါ စီးမြောဖို့ အလိုမတူပါဘူးတဲ့လား ကွယ်...

ကိုယ့်ရင်ကို အခါခါကွဲအောင် စကားလုံးတွေနဲ့ ပစ်ပေါက် အနိုင်ပိုင်းရက်သူလေးကတော့ တိတိပပ ဆုံးဖြတ်ထားတဲ့ အတိုင်း သူ့စကားတွေကို ပြန်ပြင်ရန်မရှိသလို မျက်နှာလေးဟာ တည်လို့ တံ့လို့။ အကြည့်လေး တစ်ချက်တောင် Sunghoon ဆီသို့ စွန့်ကြဲမလာခဲ့။

" ကိုယ်လဲ စကားကုန်ပါပဲ အဆောရယ်... ကိုယ် အဆောအပေါ် ချစ်မိတဲ့ အချစ်တွေကို ဘယ်တော့မှ ပြန်ရုတ်သိမ်းမှာ မဟုတ်လို့ ကိုယ်တို့... ကိုယ်တို့... ဒီနေရာမှာပဲ နှုတ်ဆက်ကြပါစို့... ကိုယ်ဟာ အဆောကို ဘယ်သောခါမှ သူငယ်ချင်းတစ်ယောက်လို မမြင်နိုင်တော့မှာမို့ ကိုယ်တို့ ဒီနေရာမှာပဲ နှုတ်ဆက်ကြပါစို့ "

ရင်ဘတ်ထဲက စူးအောင့်ကာ အသက်ရှူတွေ ကြပ်လာတဲ့အထိ ​ကြေကွဲဝမ်းနည်းနေပေမယ့် ချစ်ရသူလေး အလိုကျ ရှေ့ကို မလာနဲ့ဆိုလဲ မလာတော့ဖို့ ပြောကာ နှုတ်ဆက်ရတော့သည်။

ကိုယ်မှ သူငယ်ချင်းလို မနေနိုင်ဘဲကွယ်...

နှုတ်ဆက်ကြရုံပေါ့...

" ကောင်းပါပြီ... Sunghoon shi... ကားကို ဂရုစိုက်မောင်းပါ "

ကားထဲမှာ ခေါင်းငိုက်စိုက်နဲ့ ကျန်ခဲ့တဲ့ ကိုယ့်ကို နောက်ဆုံး အနေနဲ့တောင် လှည့်ကြည့် မသွားခဲ့တဲ့ အဆောက တကယ်ကို အသည်းမာလှပါသည်။

သူ ထင်မထားမိဘူး...

အဆောလို ဖြူဖြူစင်စင် နူးနူးညံ့ညံ့ ကောင်ငယ်လေးဟာ အဲ့လောက်ထိ အသည်းတွေ မာနိုင်လိမ့်မယ်လို့ပေါ့။

အသည်းမမာနိုင်တဲ့ သူကတော့ ထွက်ခွာသွားတဲ့ ကျောပြင်ငယ်လေးကိုသာ မျက်တောင်မခတ်တမ်း လိုက်ငေးနေမိရတာ ကောင်ငယ်လေး ခြံထဲကို ဝင်သွားတဲ့ အထိ။

ခြံတံခါးကို ပြေးလာဖွင့်ပေးတဲ့ ခြံစောင့်ကြီးက တံခါး ဖွင့်ပေးရင်းနဲ့ အဆောကို ပြောလိုက်သံ ကြားလိုက်ရသည်။

" အစ်ကိုလေး ပြန်ရောက်ရင် CEO က သူ့ဆီ တန်းလာခဲ့ပါ " တဲ့

ဒါကို အဆော ပြန်မေးလိုက်တာက

" Jay က အိမ်ပြန်ရောက်နေပြီ လား " တဲ့

လာပြန်ပြီ ဒီ Jay...

Jay ဆိုတဲ့လူက အဆော ဘဝကို အတော်လေး လွှမ်းမိုးထားပုံရပါသည်။

မိုးပြာရောင် တိုက်ကလေးဆီ ခြေလှမ်းနေတဲ့ အဆောရဲ့ ခြေလှမ်းတွေက တခြားဘက်သို့ ဦးတည်သွားပြီး ပန်းပင်တွေကြား ကျောပြင်ငယ်လေး ပျောက်ကွယ်သွားတော့မှ Sunghoon လဲ ကားစက်ကို နှိုးကာ အဆော အိမ်ရှေ့မှ ထွက်လာခဲ့လိုက်သည်။

ဦးတည်ရာတော့ မရှိ။

ရောက်ရာ ပေါက်ရာပေါ့။

ကမ္ဘာမြေအဆုံးထိ ဆိုလဲ သူ ထွက်သွားလိုက်တော့မည်။

ဒီကမ္ဘာပေါ်မှာ သူ့ကို မေတ္တာပေးမယ့်သူလဲမရှိသလို သူ့မေတ္တာတွေကိုလဲ လက်ခံယူမယ့်သူမှ မရှိတော့တာ။

သူဆိုတာ အခွံသက်သက် ဖြစ်တည်မှုတစ်ခုသာ။

**************************************

Love you all my Vitamins 💙

San Htarni 💙

10.3.2023

Comment