~ 11.1 ~

~ 11.1 ~

အရေးကြီးတဲ့ အတန်းချိန်မို့ Sunoo ဂရုတစိုက်နဲ့ ဆရာသင်တာကို နားထောင်ကာ note တွေကို သေချာ လိုက်မှတ်နေမိသည်။

ဘေးနားက Jungwon တစ်ယောက်တော့ ဖုန်းတစ်လုံးနဲ့ ဘာတွေ အလုပ်ရှုပ်နေရယ် မသိ။ ဆရာ မြင်မှာလဲ စိုးကာ ဖုန်းကို ဖွက်ပြီး သုံးနေလေသည်။

Sunoo ခဏတိုင်း သတိပေးနေလဲ မရ။ စာသင်တာ လိုက်မကြည့်ဘဲ ဖုန်းတစ်လုံးနဲ့ ဂဏာမငြိမ်နေတဲ့ Jungwon ကို ပြောမရတဲ့ အဆုံး Sunoo ပစ်ထားလိုက်တော့သည်။

စာတွေကို သေချာ သင်ယူပြီး ကျောင်းမြန်မြန်ပြီးချင်တာလဲ Sunoo မှာ အကြောင်းပြချက်တစ်ခု ရှိနေပါသည်။

Sunoo ကျောင်းမြန်မြန်ပြီး ပြီးတော့ လုပ်ငန်းခွင် မြန်မြန်ဝင်ချင်တယ်...

ဒါမှသာ Jay စိုက်ထုတ်ပေးထားတဲ့ ငွေ​ကြေးတွေကို မြန်မြန် ပြန်ဆပ်နိုင်မယ်မလား....

Jay ကတော့ ဒါတွေဟာ ဘေဘီ့အတွက် ကိုယ် ပုံအောပေးထားတာဖြစ်လို့ ပြန်ဆပ်စရာမလိုဘူးတဲ့

ဒါပေမယ့်လဲ ကျေးဇူးတရား ဆိုတာ ပြန်ဆပ်တတ်ရမယ်လေ။

ငွေကြေး အကူအညီတွေ ဖြစ်နေတော့ ပိုဆိုးတာပေါ့။

အိမ်က မိသားစုကိုလဲ ဘယ်သူ့အထောက်အပံ့ အကူအညီမှ မပါဘဲ လွတ်လွတ်ကင်းကင်း နေစေချင်လှပြီ။

သူ့အကူအညီ ယူနေရသမျှ သူ့မျက်နှာကြည့်ပြီး သူ ကျေနပ်အောင် နေပေးနေရမယ်။

ကိုယ်က ဘာမှ မဖြစ်ပေမယ့် မေမေ့ကိုတော့ဖြင့် သူများမျက်နှာ ကြည့်နေရတဲ့ ဘဝမျိုးနဲ့ မနေစေချင်တာ အမှန်ပါ။

ပထွေးလုပ်ပုံတွေ မဟုတ်တာကြောင့်လဲ အိမ်က စီးပွားရေးက ပြောသလောက် တိုးတက်မလာခဲ့။

ထို့ကြောင့် Sunoo အိမ်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပြီး အကူအညီပေးချင်လှပြီ။

သူက ဒီလို လုပ်ငန်းလုပ်ချင်ကြောင်းတွေပြောရင် ပထွေးက သူ့ကို ခြေရာတိုင်းတယ် နေရာဝင်ယူချင်တယ်လို့ ပြောလေ့ရှိပေမယ့် သူပြောတာတွေကို ဂရုစိုက်နေရင် သူ့လုပ်ပုံနဲ့ ကြာရင် တစ်အိမ်လုံး လမ်းဘေးဆင်းနေရမယ့်အဖြစ်။

Sunoo ဘေးနားက အလုပ်ရှုပ်နေတဲ့ Jungwon ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး စာသင်နေတာကိုသာ ပြန်ပြီး အာရုံစိုက်လိုက်သည်။

အချိန်ပြည့်ကာနီး ဆရာက စာအုပ်တွေ သိမ်းခိုင်းတဲ့အချိန်မှာ Jungwon က Sunoo လက်ကို လာတို့ပြီး လေသံတိုးတိုးလေးနဲ့ မေးလာသည်။

" Sunoo ဒါ ပြီးရင် မင်း အိမ်ပြန်မှာလား "

" ဘာဖြစ်လို့ မေးတာလဲ "

" မပြန်သေးရင် ငါနဲ့ တစ်နေရာ လိုက်ခဲ့ပေးလို့ ရမလား "

" မင်းက ဘယ်သွားမှာ မို့လို့လဲ "

" ငါ့ညီမ ပေါ့ကွာ.. သူ့အရှုပ်ထုတ်တွေ သွားရှင်းပေးရမှာ... စောနကလဲ ငါ သူနဲ့ ပြောနေတာ စာကို မသင်လိုက်ရဘူး "

" မင်းညီမကိစ္စတွေကလဲ ရှင်းလို့ကို မပြီးနိုင်တော့ဘူး... မင်းက ငြိမ်သလောက် မင်းညီမကတော့ အရမ်းပွေတာ ရှုပ်တာပဲ "

"ဟူးးး ငါလဲ ပြောဆိုနေတာပါကွာ... အဲ့ကြားထဲက ရည်းစားတွေထား ပြဿနာတွေ တက် နဲ့ "

" မင်းကိုတော့ သနားပေမယ့် မင်း ညီမဆီ ဆိုရင်တော့ ငါ မလိုက်ချင်ဘူး Jungwon "

Sunoo အပြောကြောင့် မျက်နှာလေး ရှုံ့မဲ့သွားတဲ့ Jungwon က

" လုပ်ပါ သူငယ်ချင်းရာ... ငါ တောင်းပန်ပါတယ် ငါ အဲ့နေရာကို တစ်ယောက်ထဲ မသွားရဲလို့ပါ "

မျက်မှန်အောက်က မျက်လုံးဝိုင်းလေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ Sunoo လက်မောင်းတစ်ဖက်ကို ဆွဲယမ်းကြီး ပြောနေတဲ့ Jungwon ကြောင့်ပဲ အဆင်ပြေရင် လိုက်သွားပေးဖို့ ဘယ်နေရာကို သွားရမှာလဲ မေးလိုက်တော့

" မင်း ညီမက ဘယ်မှာလဲ ဘယ်ကို သွားခေါ်ရမှာလဲ "

"bar မှာ "

"ဘာ!!! "

ဆရာမသိအောင် နှစ်ယောက်ထဲ ကြိတ်ကြိတ် ကြိတ်ကြိတ် ပြောနေရာမှ Jungwon အဖြေကြောင့် Sunoo အသံထွက်ကာ အော်လိုက်မိသည်။

တော်သေးတာ Jungwon က Sunoo ပါးစပ်ကို အမြန်ပိတ်လိုက်လို့ အော်သံကို ဆရာက ကြားမသွားတာ။ ဘေးနားက ကျောင်းသူကျောင်းသား တချို့ကတော့ လှည့်ကြည့်လာခဲ့သည်။

" မင်း ညီမ တော်တော် လွန်တာပဲ...ကျောင်းတက်နေရမဲ့အချိန်ကြီး bar ရောက်နေရတယ်လို့... အဲ့နေရာဆိုရင်တော့ ငါ မလိုက်ဘူး တကယ်ကို မလိုက်ဘူး "

" ဒါဆို ငါ့ကို တစ်ယောက်ထဲ လွှတ်ရက်လား ပြော.... "

သနားကမားရုပ်လေး လုပ်ပြနေကာ ငိုမဲ့မဲ့ရုပ်လေး လုပ်ပြနေတဲ့ Jungwon ကြောင့် Sunoo တစ်ယောက် Jungwon ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး

" ရုပ်နဲ့မလိုက် နွဲ့ပြမနေနဲ့... မင်း အဲ့လို လုပ်ပြတိုင်း သနားမယ့်အထဲ ငါ မပါဘူး "

" မင်း တော်တော် ရက်စက်တဲ့ကောင် "

သူငယ်ချင်းနှစ်ယောက် စကားများနေကြချိန် အတန်းချိန်ပြီးလို့ အပြင်ထွက်တော့မယ့် ဆရာက နှုတ်ဆက်တာကြောင့် တစ်တန်းလုံး မတ်တပ်ရပ်ကာ ဆရာကို နှုတ်ဆက် အရိုအသေ ပေးလိုက်ကြသည်။

ထိုစဉ်မှာပဲ Jungwon က Sunoo နား နားသို့ကပ်ကာ

" ya... Kim Sunoo ဟိုမှာ ဟိုမှာ အပေါက်ဖက်ကို ကြည့်လိုက် "

" ဟင် ဘာလဲ "

Jungwon စကားကြောင့် ဘုမသိ ဘမသိ လှည့်ကြည့်လိုက်တော့ အခန်းရှေ့က နံရံကို ကျောမှီကာ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး သူတို့ရှိရာဖက်ကို လှမ်းကြည့်နေတဲ့ Sunghoon...


Sunoo ကြည့်လာတာလဲ မြင်ရော ပါးချိုင့်လေးတစ်ဖက် ခွက်ဝင်နေအောင် ပြုံးပြလာကာ လက်လေးတစ်ဖက်ကိုပါ ဝေ့ယမ်းပြနေလေသည်။

ကိုယ့်ကို ဦးတည်ပြီး နှုတ်ဆက်လာတာ သေချာနေတဲ့ အပြုအမူကြောင့် Sunoo လဲ ခေါင်းလေးကို ညိမ့်ပြကာ လက်ဝါးလေးတစ်ဖက်ကိုပါ ထောင်ပြလိုက်သည်။

ထိုအခါမှာတော့ သွားစွယ်ရှည်ရှည်လေးတွေပါ ပေါ်အောင် အားရပါးရ ထပ်ပြီး ရယ်ပြလာတော့သည်။

ဆရာ အတန်းထဲကထွက်သွားတာနဲ့ ကျွန်တော်တို့လဲ အပြင်ကို ထွက်လာကြတယ်။ ရပ်စောင့်နေတဲ့ Sunghoon နားလေးကို ရောက်တော့လဲ ကိုယ့်ကို စောင့်နေမယ် မထင်တာကြောင့်ဘဲ ခေါင်းလေးညိမ့်ပြပြီးသာ ဖြတ်လျှောက်လာခဲ့တယ်။ Jungwon ကတော့ အပြင်ရောက်တဲ့အထိ သူနဲ့လိုက်ခဲ့ဖို့ ခေါ်နေဆဲ။ ကျွန်တော်ကလဲ မလိုက်ဖို့ ငြင်းနေဆဲ။

နှစ်ယောက်သား ငြင်းခုန်နေဆဲမှာပဲ ဘေးကနေ အတူယှဉ်ပြီး ပါလာတဲ့ အရိပ်တစ်ခုကြောင့် လှည့်ကြည့်လိုက်တော့ Sunghoon။ အင်္ကျီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားကာ ကျန်လက်တစ်ဖက်က နဖူးပေါ်က ဆံပင်တွေကို သပ်တင်ကာ ကျွန်တော့်ဘက်ကို စောင်းငဲ့ကြည့်နေလေရဲ့။

သူ့နောက်မှာတော့ မပါမဖြစ်တဲ့ အနှောက်နှစ်ယောက်ကလဲ ကပ်၍ ပါလာခဲ့သည်။

လှမ်းလက်စ ကျွန်တော့်ခြေလှမ်းတွေကို ရပ်လိုက်ပြီး Sunghoon နဲ့ မျက်နှာချင်း ဆိုင်လိုက်ကာ

" Sunghoon shi... ကျွန်တော့်ဆီ လာတာလား ဟင်"

မေးလိုက်တော့မှ ပါးချိုင့်လေးတစ်ဖက် ခွက်ဝင်သွားအောင် ပြုံးလိုက်ပြီး

" အဟဲ ဟုတ်တယ်... ကိုယ်.. ကိုယ်. ဟို... အဆော ဆီကို လာတာပါ "

ဘာလဲကွယ် ဒီ ရှက်ကိုးရှက်ကန်း အမူအရာက...

ဟိုဟိုဒီဒီ မျက်လုံးတွေ ဝေ့ဝဲ ကြည့်ကာ ဂုတ်လေးကို တစ်ချက် ပွတ်လိုက်ပြီးမှ ပြောထွက်လာတဲ့ စကားမှာ တစ်ခုခုကို အနေခက်နေဟန်နဲ့။

" အာ... ကျွန်တော်က ကျွန်တော့်ဆီ လာတယ် မထင်လို့လေ... တခြားကိစ္စနဲ့များ ကျောင်းကို ရောက်နေတာလား လို့ "

" သူက ဒီကျောင်းမှာ Sunoo ဆီကို လာရမယ့် ကိစ္စအပြင် တခြား ဘာကိစ္စမှကို မရှိတာ Sunoo ရေ... မနက်ထဲက လာချင်နေတာ သူ အလုပ်မအားလို့ ခုမ လာဖြစ်ကြတာ "

Jake ကပါ ဘေးကနေ ဝင်ပြောပေးနေတော့ Sunghoon ရဲ့ မျက်နှာဟာ ခပ်ရဲရဲနဲ့။

ဘာများပါလိမ့်....

" ကျွန်တော့်ဆီ လာတယ်ဆိုတော့ ဘာကိစ္စများရှိလို့လဲ "

ကျွန်တော့််ဆီ တကူးတက လာတယ်ဆိုတော့ ကိစ္စတစ်စုံတစ်ရာများ ရှိလေသလားလို့ မေးလိုက်တဲ့ အချိန် Niki ဝင်ပြောလိုက်တဲ့ စကားကြောင့် ခပ်ရဲရဲ Sunghoon မျက်နှာက စတော်ဘယ်ရီ ခပ်မှည့်မှည့်တစ်လုံးလို အရောင်တွေ ပိုရင့်သွားပြန်တယ်။

" အဲ့ကောင်က သူ့ရဲ့ အဆော ဆီကို သွားချင်ပါတယ် ဆိုပြီး ကျွန်တော်တို့ကို ခဏတိုင်း ဖုန်းဆက်ခေါ်နေတော့တာပဲ Sunoo ရေ... ဘာ ကိစ္စလဲ ဆိုတာတော့ သူ့သာ မေးကြည့်ပေတော့ "

" ya ~ Niki ငါ ဘယ်တုန်းက ခဏတိုင်း ဖုန်းဆက်နေလို့လဲ "

" မဟုတ်လို့လား မင်း ဖုန်းဆက်ပြီး ခေါ်နေတာလေ "

" နေကြပါအုံး နေကြပါအုံး... အဲ့ကိစ္စတွေ နောက်ထား... Sunoo မင်း ငါနဲ့ မလိုက်လို့ မရဘူးနော် "

Niki နဲ့ Sunghoon အပြန်အလှန် ငြင်းနေခိုက် Jungwon မှာ သူတစ်ယောက်ထဲ မသွားရရေး ကြားဖြတ်ကာ Sunoo ကို ခေါ်နေပြန်ပါသည်။

" အာ..ငါ အဲ့လိုနေရာတွေ မလိုက်ဘူးလို့ ပြောပြီးသားနော်... မင်းဘာသာ တစ်ယောက်ထဲသွား "

"Sunoo ya... တကယ်ကြီး ငါ့ကို မသနားတော့ဘူးလား လို့ "

ငိုတော့မလို ရုပ်နဲ့ တမင် လုပ်ကာ ပြောနေတဲ့ Jungwon ကို ကြည့်ပြီး Jake က

" မျက်မှန်လေးက ဘယ်သွားချင်လို့လဲ Sunoo မလိုက်ချင်ရင် ငါတို့ လိုက်ခဲ့မှာပေါ့ကွ နော် Niki "

" ဟုတ်တာပေါ့... Sunoo ကို သူ့ဘာသာ နေပါစေ ငါတို့နှစ်ယောက် လိုက်ခဲ့မယ် ဘယ်နေရာလဲသာ ပြော "

" ဟာ... တကယ် ပြောတာလား.. ခင်ဗျားတို့ တကယ် လိုက်မှာနော် "

အခုမှ ရှုံ့မဲ့နေတဲ့ Jungwon မျက်နှာကြီး ဝင်းထိန်သွားကာ ဝမ်းသာအားရ သံကြီးနဲ့ မေးလိုက်တော့

" ရော်... တကယ်ပါဆို "

" ပြီးရော ဒါဆိုလဲ သွားကြစို့..."

" ဘယ်ဆိုတာလဲ ပြောအုံးမှပေါ့ မျက်မှန်လေးရ "

" bar သွားမှာ bar "

" ဘာ!!! bar ဟုတ်လား!!! "

အသံကျယ်ကြီးနဲ့ ပြိုင်တူအော်လိုက်တဲ့ Jake နဲ့ Niki ကြောင့် Jungwon မှာ မျက်နှာငယ်လေးနဲ့

"ဘာလို့လဲ ဟင်... မလိုက်ချင်လို့လား ခင်ဗျားတို့က "

" စောစောကတော့ မပြောဘူးလို့ ပြောမလို့ ဟီးဟီးး မင်း အပြောနောက်ကျလို့ နည်းနည်း စိတ်ဆိုးသွားတယ်... ဒီလိုနေရာမျိုးဆို ငါတို့က ရှေ့ဆုံးက သွားပြီးသားပဲ..လာ မှန်ကြောင်လေး သွားစို့"

ပြောပြောဆိုဆို Jungwon ပုခုံးကို သိုင်းဖက်ကာ ခေါ်သွားတဲ့ Jake နောက်မှာ Jungwon လေးခမျာ ယက်ကန်ယက်ကန်နဲ့... သူ့ကို မှန်ကြောင် ခေါ်လို့ ရန်ကလဲ လုပ်နေသေးတာ... ဒါပေမယ့် လေသံတော့ သိပ်မမာရဲ သူ့နောက် မလိုက်တော့ဘူး ပြောမှာစိုးလို့။

ထွက်သွားတဲ့ သုံးယောက်ကို လိုက်ကြည့်ပြီး ပြုံးနေမိတဲ့ Sunghoon နဲ့ Sunoo မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြစဉ် ကိုယ်စီ မျက်နှာတွေ လွှဲကာ ခေါင်းလေးတွေ ငုံ့ကျသွားကြသည်။

ဟိုသုံးယောက်ရှိနေစဉ်တုန်းကတော့ အဖွဲ့လိုက်ကြီးဆိုတော့ စကားတွေ သူပြောငါပြောနဲ့ စိတ်ထဲ ဘယ်လိုမှ မနေ။

ယခုမူ လူသူရှင်းနေတဲ့ ကော်ရစ်တာမှာ Sunghoon နဲ့ Sunoo နှစ်ယောက်ထဲ...

နဂိုထဲကမှ အဆော ဆီသွားတွေ့ဖို့ ဟိုနှစ်ယောက်ကို အဖော်ခေါ်ချိန် နှစ်ယောက်သားရဲ့ မြှောက်ပင့် အကြံဉာဏ်တွေ ဝိုင်းပေးကြတဲ့ စကားတွေကြောင့် အဆော မျက်နှာလေးကို တွေ့တိုင်း ကိုယ့်မှာ တွေးတွေးပြီး ရှက်နေမိပါတယ်ဆို ခုတော့ လူရှင်းတဲ့ နေရာကြီးမှာ နှစ်ယောက်ထဲ ကျန်ခဲ့ရသည်။

Sunghoon မှာ Sunoo ဆီမလာခင် သူ့စိတ်ထဲက Sunoo အပေါ် ခံစားချက်ကို Niki နဲ့ Jake အား ရင်ဖွင့်တိုင်ပင်ရာမှ သူတို့နှစ်ယောက်လုံးရဲ့ တက်ညီလက်ညီ မြှောက်ပေးတဲ့ စကားတွေက

** မင်း သူ့ကို ချစ်နေတယ်ဆိုရင် တစ်ခါတည်းသာ ဖွင့်ပြောလိုက် **

** ဖွင့်ပြောလို့ ငြင်းလွှတ်ရင် ဖက်သာ နမ်းပစ် **

** အဲ့ဒါမှ မရရင် အိပ်ဆေးခတ်ပြီး ကားတင်ပြေးကွာ **

စသည် စသည် ပေါက်ကရ အကြံဉာဏ်တွေကြား ကိုယ့်မှာ ကြားထဲက အဆော ကို အားနာ၍ မျက်နှာပူနေရပြန်ပါသည်။

ချက်ချင်းကြီး ဖွင့်ပြောဖို့တော့ စိတ်ကူးမထားသေးပေမယ့် တဖြည်းဖြည်းနဲ့ လေးနက်လာခဲ့တဲ့ ကိုယ့်ခံစားချက်တွေကိုတော့ ကိုယ်သာ အသိဆုံးမလား...

တွေ့တာ မကြာသေးဘဲ ဖွင့်ပြောလိုက်ရင် သူ့အပေါ်မလေးနက်ဘူး ထင်ကာ အဆော အထင်လွဲသွားမှာမျိုးကိုလဲ Sunghoon မလိုလားပါ။

စောစောစီးစီး ဖွင့်ပြောလိုက်မိလို့ အခုလို သူငယ်ချင်းအဖြစ် ခင်မင်ခွင့်လေးတွေပါ ပျက်စီးသွားခဲ့ရင် ရင်ကျိုးရမှာက ကိုယ်ပဲ။

ထို့ကြောင့် လောလောဆယ်တော့ အဆော အပေါ် ချစ်မိနေတဲ့ ခံစားချက်တွေကို ခဏတာ မျိုသိပ်ထားပါအုံးမည်။

" ကျွန်တော်တို့ တစ်နေရာရာ သွားကြမလား ဟင် Sunghoon... ကော်ရစ်တာကြီးမှာ မတ်တပ်ကြီးတွေ "

ကိုယ့်အတွေးနဲ့ကိုယ် မျောနေမိတုန်း Sunoo ဆီမှ စကားသံကြောင့်

" ဟုတ် အဆော သဘောပါ "

မျက်နှာခပ်လွှဲလွှဲလေးနဲ့ သဘောတူစကားဆိုလာတဲ့ Sunghoon ကြောင့် Sunoo ခြေလှမ်းတို့ကို စတင်လိုက်သည်။

ကျောင်းဆောင်တွေ ဘေးမှာရှိတဲ့ သစ်ရွက်ခြောက်လေးတွေ ကြွေကျနေတဲ့ ကွန်ကရစ်လမ်းလေးပေါ် နှစ်ယောက်အတူ လျှောက်လာကြပြီး သစ်ပင်တန်းတွေအောက်က ခုံတန်းလေးပေါ်မှာ ထိုင်လိုက်ကြသည်။

အဲ့ အချိန်ထိ နှစ်ယောက်သားဟာ စကားမဆိုဖြစ်သေး...

လေတချက်အဝေ့မှာ သစ်ရွက်လေးတွေဟာလဲ တစ်ဖွဲဖွဲပေါ့...

တစ်ယောက်စ နှစ်ယောက်စ ဖြတ်သန်းသွားကြတဲ့ ကျောင်းသားတွေကလွဲ ဒီနေရာလေးဟာ အတန်ငယ် တိတ်ဆိတ်လှပါသည်။

တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်တာက Sunoo...

" ကျွန်တော့်ဆီကို တကူးတက လာတွေ့တယ်ဆိုတော့ ကိစ္စများ ရှိလို့လား ဟင် "

ကျွန်တော် မေးလိုက်တော့မှ အဝေးကို ငေးနေတဲ့ Sunghoon က မျက်လုံးချင်းဆုံအောင် လှည့်ကြည့်လာပြီး

" ကိုယ်က အဆောကို ကိစ္စရှိမှ လာတွေ့ရမှာလား အဆော ရယ်..."

" အာ... ကျွန်တော်ပြောချင်တာ အဲ့သဘော မဟုတ်ပါဘူး... ဟိုလေ... ခုလိုကြီး လာလိမ့်မယ်လို့ ထင်မထားလို့ "

" ခုလို ကိုယ် လာလာတွေ့နေတာ အဆော စိတ်အနှောက်အယှက်ဖြစ်လား ဟင် "

" မဖြစ်ပါဘူး Sunghoon ရဲ့... ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လို့ မေးတာလဲ မဟုတ်ပါဘူး "

" တော်သေးတာပေါ့ အဆောရယ်... ကိုယ်က အဆော စိတ်ရှုပ်သွားမှာ စိုးနေတာ "

ဆံပင်တွေကို သပ်တင်ကာ ပြောလာပြန်တဲ့ Sunghoonစကားတွေကြောင့် Sunoo နူးနူးညံ့ညံ့လေး သာ ပြန်ပြီး ပြုံးပြလိုက်သည်။

ဒါကိုပဲ မျက်နှာမလွှဲဘဲ စိုက်ကြည့်နေတဲ့ Sunghoon ပုံစံက စောစောက စကားမပြောရဲသလိုလိုနဲ့ မျက်နှာတွေရဲကာ ရှက်နေခဲ့တာ သူ မဟုတ်သလို အကြည့်တွေ ရဲတင်းလွန်းလှပါသည်။

အဲ့တော့ သူ့အကြည့်ဒဏ်ကို မခံနိုင်တဲ့ ကျွန်တော်ကပဲ မျက်နှာလွှဲရတော့တာပေါ့။

" အဆော..."

" ဟုတ် "

ခေါ်သံကလဲ နူးနူးညံ့ညံ့လေး...

ပြန်ထူးသံဟာလဲ တိုးဖွဖွလေး...

" ကိုယ်လေ... "

တစ်ခုခုကို ပြောရခက်နေဟန် ရှေ့ဆက်မလာတဲ့ စကားသံတွေအစား ပင့်သက်ရှိုက်သံ တစ်ချက်ကိုသာ ကြားလိုက်ရသည်။

ပြီးမှ

" အဆောနဲ့ တွေ့ပြီးနောက်ပိုင်း နေ့နေ့ညည ကိုယ့်
အာရုံတွေကို အဆော ကပဲ လွှမ်းမိုးထားတယ် အဆောရယ်... "

"....."

သံလိုက်ဓာတ်တစ်ခုလို ဆွဲငင်အားရှိလှတဲ့ သူ့စကားသံ သြရှရှကို ကျွန်တော် ငြိမ်ပြီးသာ နားထောင်နေမိတယ်။

" မနက်ကလဲ ကျောင်းကို လာဖို့ပဲ... ဘယ်လိုမှ အချိန်က မရလို့... "

" ဟိုလေ... အဲ့လို အလုပ်တွေ ရှိနေတယ်ဆို... ကျွန်တော့်ဆီကို တကူးတကကြီး မလာပါနဲ့ လား... Sunghoon အလုပ်တွေ ပျက်နေမှာပေါ့ "

" ဟင့်အင် အဆော မျက်နှာလေးကို မတွေ့ရတာကမှ ကိုယ့်အတွက်က အလုပ်ပျက်တာ "

" ဗျာ... "

ကိုယ့်စကားတွေကို နားမလည်လို့ လှည့်ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေထဲမှာ သိချင်စိတ်တို့ အပြည့်နဲ့။

" ဟုတ်တယ် အဆော ရဲ့.... ကိုယ်လေ အဆော မျက်နှာလေးကို တစ်နေ့မတွေ့ရရင် ဘာလုပ်လုပ် စိတ်မပါဘူးဖြစ်နေတယ်... အဆော ကျောင်းမလာတဲ့ ရက်တွေမှာ ကိုယ့်စိတ်တွေ ပိုသေချာသွားခဲ့တာ "

" Sunghoon ကလဲ... ကျွန်တော်က ဘာမို့လို့လဲ.."

" အဆောက ကိုယ့်အတွက် အရမ်းတန်ဖိုးရှိတဲ့ လူတစ်ယောက်ပေါ့ အဆော ရဲ့ "

ကျွန်တော့်စကားတွေကို ဖြတ် ပြောလာတဲ့ Sunghoon စကားတွေကြောင့် ကျွန်တော်ကတော့ အံ့သြပြီးရင်း အံ့သြရပြန်ပါတယ်။

" ဟော်... Sunghoon ကလဲ တန်ဖိုးရှိတဲ့ လူရယ်လို့ "

" ဟုတ်တယ် အဆောရဲ့... အဆောက ကိုယ့်အတွက် အရမ်းတန်ဖိုးရှိတဲ့ လူ... အဆောလို တန်ဖိုးရှိတဲ့ ရတနာလေးနဲ့ တွေ့ဆုံခွင့်ပေးတဲ့ ကံကြမ္မာကြီးကိုလဲ ကိုယ်က အရမ်းတွေ ကျေးဇူးတင်နေတာ "

" အဟား အဲ့ဒါတော့ များလွန်းနေပြီနော် Sunghoon shi... ကျွန်တော်က ရတနာ ပဲ ဖြစ်ရသေးတယ် "

" ဟုတ်ပါတယ်ဆို ကိုယ့် အဆော ရယ် ... ကိုယ့်ဘဝမှာလေ အဆော လို ရတနာလေးကို ရှာဖွေတွေ့ရှိခဲ့လို့ ဒီဘဝကြီးက နေရတာ အဓိပ္ပါယ်တွေ ရှိလာတာ "

" အဲ့ Sunghoon ဟာလေ သိပ်စကားတတ်တာပဲ... တော်ပြီ ကျွန်တော် Sunghoon နဲ့ ပြိုင်မငြင်းတော့ဘူး "

မျက်စောင်းလေး ပါးပါးထိုးကာ ပြုံးလဲ့လဲ့လေး လုပ်နေတဲ့ အဆော ပုံစံလေးက Sunghoon ရဲ့ အသည်းတွေကို ယားကျိကျိဖြစ်စေတယ်။

အဆော ပုံစံလေးကို ကြည့်ကာ အသည်းတွေယားလာတာကြောင့် အော်ရယ်မိတော့ အဖြူရောင်လေးရဲ့ မျက်နှာနုနုဟာ ပန်းရောင်လေး သန်းလို့။

ပြီးတော့ လက်သီးစုပ်လေးနဲ့ လက်မောင်းကို ဖွဖွ လာထုတော့ နာကျင်ဟန်ဆောင်ကာ လက်မောင်းကို လက်နဲ့ အုပ်ကိုင်ပြီးအော်လိုက်တဲ့ အချိန် အဖြူရောင်လေးဟာ သဘောတကျ ပြုံးရယ်နေတာများ မျက်လုံးလေးတွေ တောင် ပိတ်ကျတဲ့အထိ။

အတန်ကြာရယ်နေပြီးမှ အဖြူရောင်လေး ပြောလာတဲ့ စကားက

" Sunghoon က ဟာသတွေလဲ လုပ်တတ်တာပဲ နော်... ကျွန်တော် Sunghoon နဲ့တွေ့တိုင်း ရယ်ပဲ ရယ်နေရတယ်" တဲ့

တကယ်ပါ ကိုယ်ဟာ ဒီအဖြူရောင်လေး ပြုံးရယ်နေဖို့အတွက်ဆို လူရွှင်တော်ကြီးပဲ လုပ်ရ လုပ်ရ။

နှစ်ယောက်သား ရယ်နေတာတွေ ရပ်မိတော့မှ Sunghoon ညက ဖုန်းဆက်တဲ့ ကိစ္စကို သတိရကာ မေးဖို့ပြင်ရသည်။

" ဒါနဲ့လေ အဆော... "

" ဟုတ် Sunghoon shi"

" ကိုယ် ညက အဆော ဆီကို ဖုန်းဆက်သေးတယ်... အဲ့အချိန်မှာ ဖုန်းကိုင်တာ အဆော မဟုတ်သလိုပဲ "

" ဗျာ... ကျွန်တော့်ဆီ ဖုန်းဆက်တာ... "

" ဟုတ်တယ်လေ အဆော မသိဘူးလား "

" ဘယ်အချိန်ကလဲ ကျွန်တော်လဲ မသိရပါလား "

" ည ရှစ်နာရီလောက်က... ကိုယ် ဖုန်းခေါ်တော့ ချက်ချင်းပဲ လာကိုင်တယ် ... ကိုယ်က အဆော လို့ခေါ်လိုက်တော့ အဲ့ဖက်က ဘယ်သူလဲ လို့ မေးလာတယ်... ကိုယ်လဲ ပြန်ပြောမလို့ရှိသေးတယ် ဖုန်းက အားကုန်ပြီး စက်ပိတ်သွားတာနဲ့ ဘာမှ မပြောလိုက်ရဘူး "

တစ်ခုခုကို စဉ်းစားနေဟန် အဖြူရောင်လေးရဲ့ မျက်နှာလေးဟာ ခဏအကြာမှာ သိသိသာသာ ပျက်သွားပြီးမှ မျက်နှာကို ပြန်ပြင်လိုက်ကာ

" အာ... ကျွန်တော် ရေချိုးခန်းဝင်နေတဲ့ အချိန် ဖြစ်မယ် ထင်တယ်... ဘာလို့ ကျွန်တော့််ကို မပြောတာပါလိမ့် "

Sunoo ခေါင်းထဲမှာတော့ မနေ့ညက ထမင်းစား စားပွဲမှာ မျက်နှာတည်နေတဲ့ Jay ရဲ့ ပုံရိပ်က ပေါ်လာခဲ့သည်။

သေချာပေါက် ဖုန်းကိုင်တာ Jay ပဲ....

ဘာလို့ အသိမပေးတာလဲ...

ဘာလို့ ဖုန်း ကိစ္စ ဘာမှ မပြောရတာလဲ....

ပုံစံလေးက ငြိမ်ကျသွားကာ တစ်ခုခုကို တွေးတောနေတဲ့ အဖြူရောင်လေးရဲ့ ပုံစံကြောင့်ပဲ Sunghoon မနေနိုင်စွာ မေးမိပြန်ပါသည်။

" သူက ဘယ်သူလဲဟင်... အဆောရဲ့ မိသားစုလား.. ဘာလို့ အဲ့အချိန်ကြီး အဆော အခန်းထဲ ရောက်နေရတာလဲ "

Sunghoon ရဲ့မေးခွန်းကို ချက်ချင်း မတုန့်ပြန်နိုင်တဲ့ Sunoo မှာတော့ Jay မျက်နှာတည်တည်ကြီးကို မြင်ယောင်နေပြီး ဘယ်လို ပြန်ဖြေပေးရမယ် မသိတော့။

" အဆော...."

သူက ပြန်မဖြေဘဲ ငြိမ်နေမိတော့ ထပ် ခေါ်လာတဲ့ Sunghoon ရဲ့ ခေါ်သံအဆုံးမှာ သူ ပြန်ဖြေလိုက်မိတာက

" ကျွန်တော့်ရဲ့ အုပ်ထိန်းသူပါ "

ခေါင်းလေးငုံ့သွားပြီး အသံတိုးတိုးလေးနဲ့ ဖြေလာတဲ့ အဆော ရဲ့ စကားကို Sunghoon နားမလည်...အုပ်ထိန်းသူ ဆိုတာ ဘာလဲ....

" အုပ်ထိန်းသူ... ?? အုပ်ထိန်းသူ ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲ ဟင်...အဆောရဲ့ အဖေလား"

" အဟင်း... ကျွန်တော့်ဖေဖေက ကျွန်တော် ငယ်ငယ်တည်းက ဆုံးပါးသွားခဲ့တာပါ... သူက ကျွန်တော့်အဖေ မဟုတ်ဘူး... "

" အဖေ မဟုတ်ဘဲ အုပ်ထိန်းသူ?? ကိုယ်ပဲ နားမလည်နေတာလား ဘာကြီးလဲ ဟင် "

" အင်း...ကျွန်တော့်မှာ အဲ့လိုမျိုးလေးတွေ ရှိတယ်... အချိန်တန်ရင် ကျွန်တော် မပြောပြလဲ Sunghoon သိလာမှာပါ "

စောစောကထိ ကြည်လင်နေတဲ့ အဆော မျက်နှာနုနုလေးက ခုတော့ မြူခိုးတွေဝေနေတဲ့ ကောင်းကင်တစ်ခုလို ....

အပြုံးမျက်နှာလေး ပျောက်ကွယ်သွားတာကြောင့်ပဲ Sunghoon ဆက်မမေးတော့ဖို့ ဆုံးဖြတ်လိုက်ကာ....

" ဟုတ်... ကိုယ် ထပ်မမေးတော့ဘူး နော်.... အဆော အဆင်ပြေမှ ပြောပြပါ "

" ကျေးဇူးတင်ပါတယ် Sunghoon shi .. ဒါနဲ့ ကျွန်တော့်ဖုန်းနံပါတ်ကို ဘယ်ကရတာလဲ ဟင် "

မျက်နှာလေး လွှဲနေရာမှ ဖြတ်ကနဲ့ လှည့်ကြည့်လာပြီး မေးလာတော့ အဖြေပေးရင်း သူ့အပြစ်မဖြစ်စေဖို့လဲ ပြာပြာသလဲ ဖြေရှင်းချက် ထုတ်ရပြန်ပါသည်။ ဟုတ်တယ်လေ ဟိုတစ်ခါ တောင်းတုန်းက ပေးလို့မရဘူး ပြောထားဖူးတာ မလား...

" အာ... ဒါလား... ဟို မျက်မှန်လေးဆီက ရတာပါ... ကိုယ် တောင်းတာ မဟုတ်ဘူးနော်... ဟိုနှစ်ကောင် တောင်းလာကြတာ... "

"ဪ..."

ထိုအခါမှ ခေါင်းလေး တဆက်ဆက်ငြိမ့်ပြလာတဲ့ အဖြူရောင်လေး... ဖုန်းဆက်လို့ရော ဖုန်းနံပါတ် တောင်းလို့ရော စိတ်ဆိုးဟန်မပြတဲ့ အဖြူရောင်လေးကြောင့် Sunghoon တဆင့်တက်ပြီး တောင်းဆိုဖို့ ကြိုးစားမိပါတော့သည်။

" ဟိုလေ... ကိုယ် အဆောဆီက တရားဝင် ခွင့်လေးတောင်းချင်လို့ "

" ဘာများလဲ "

" ကိုယ် အဆော ဆီကို ဖုန်းဆက်လို့ ရမလားဟင်"

ဒီတစ်ကြိမ်မှာလဲ ပြန်ဖြေသံဟာ ချက်ချင်း ထွက်မလာ... မျှော်လင့်တကြီး စောင့်စားနေရတဲ့ Sunghoon မှာတော့ ရင် တဒိတ်ဒိတ်ပေါ့။

" Sunghoon က ဘာအတွက်နဲ့ ကျွန်တော့်ဆီ ဖုန်းဆက်ချင်တာလဲ ဟင် "

" အော်.. အဆော ရယ်... ဘာအတွက်ရယ်လို့တော့ မဟုတ်ဘူးပေါ့... ဟို ဘယ်လိုပြောမလဲ... သူငယ်ချင်း အချင်းချင်းကွာ... တစ်ခုခု ပြောစရာရှိလာရင်တို့ ဘာတို့ပေါ့... "

အဆော ကို လွမ်းလာရင်လို့ ပြောလိုက်ချင်တာပါ... ပါးစပ်က ပြောထွက်သွားတာကတော့ တမျိုးပေါ့....

" အင်းးးး ရပါတယ်လေ... ဆက်ပေါ့... ဖုန်းဆက်လို့ ကျွန်တော် မဟုတ်တဲ့ တစ်ယောက်ယောက်က ဖုန်းကိုင်လာခဲ့ရင်တော့ ကျွန်တော့်သူငယ်ချင်းပါလို့ ပြောလိုက် "

" အဆော တကယ် အဆင်ပြေပါတယ် နော် "

"အဟင်း ပြေလောက်မယ် ထင်ပါတယ် "

လေတချက်အဝေ့မှာ ပြုတ်ကျလာတဲ့ သစ်ရွက်ကြွေလေးဟာ အဆော ဆံနွယ်တွေပေါ် ခိုနားလာတဲ့ အခါ အလိုလို လှုပ်ရှားမိသွားတဲ့ Sunghoon ရဲ့ လက်တွေက သစ်ရွက်လေးကို ဖယ်ပြီးသားပဲ။

ဒါပေမယ့် လွှင့်မပြစ်ရက်တဲ့ ကိုယ့်စိတ်အခြေအနေကြောင့် အင်္ကျီအိတ်ကပ်ထဲမှာ ထည့်သိမ်းလိုက်မိတာကိုတော့ အဝေးကို ငေးနေတဲ့ အဆော ခမျာ မသိလိုက်ပါဘူး။

စကားတွေ ပြောနေရင်းနဲ့လဲ ခပ်ငေးငေးလေး ဖြစ်သွားလိုက် တစ်စုံတစ်ရာကို တွေးနေသလိုလေး ဖြစ်လိုက် မျက်နှာလေးဟာ ပြုံးလာလိုက် ချက်ချင်းဆိုသလို တည်သွားလိုက်နဲ့ အမူအရာ အမျိုးမျိုးနဲ့ ဖြစ်ပျက်ပြောင်းလဲ နေတဲ့ ဘေးနားက အဖြူရောင်လေးကို ကြည့်နေမိရင်း Sunghoon ရင်ထဲမှာလဲ မေးခွန်းတွေ တသီကြီးနဲ့ ပါပဲ....

စကားသံတွေ တိတ်ဆိတ်သွားပြီး နှစ်ယောက်သား ထိုင်နေမိကြစဉ်မှာပဲ Sunghoon ဆီသို့ ဖုန်း ဝင်လာခဲ့သည်။

Contact name ကို ကြည့်လိုက်တော့ နည်းပြကြီးဆီက

" ဟယ်လို နည်းပြကြီး "

" အေး..သားရေ အခုပဲ company က လာခဲ့ဖို့ ခေါ်နေတယ် ...Skate ကွင်းမှာ ချိန်းထားတယ်... သား အခု ဘယ်မှာလဲ "

" ဘာကိစ္စတဲ့လဲ နည်းပြကြီး "

" သူတို့နဲ့ တွေ့မှ သိရမှာပဲ... ငါ အခု ကွင်းကို သွားနေပြီမို့လို့ မင်းလဲ ချက်ချင်း လိုက်ခဲ့တော့ "

တီ~

ဖုန်းပြောပြီး တန်းချ သွားတဲ့ နည်းပြကြီးကြောင့် Sunghoon တစ်စုံတစ်ခုကို ရိပ်စားမိလိုက်သလိုတော့ ရှိသား....

ဒါပေမယ့်လဲ သွားကြည့်မှ သိရမှာမို့ သွားဖို့ပြင်ရတော့သည်။ ထို့ကြောင့် မတ်တပ် ထရပ်လိုက်ကာ

" အဆော... ကိုယ့်ကိုတော့ နည်းပြကြီးက ခေါ်နေပြီ... Company နဲ့ ကိစ္စတစ်ခုခုတော့ ရှိနေပုံပဲ... ဒါကြောင့် ကိုယ် ခုချက်ချင်း သွားမှ ရတော့မယ်"

သူ့အပြောကြောင့် ခုံတန်းလေးပေါ်ကနေ မော့ကြည့်လာကာ

" အရမ်း အရေးကြီး နေလား ဟင် "

" ချက်ချင်း လာခဲ့ဆိုတော့ အရေးကြီးမယ် ထင်တယ် အဆော... ဘာလို့လဲ "

" ဒါဆို ကျွန်တော်တို့အတူ သွားရအောင်လေ... ကျွန်တော် လိုက်ပို့ပေးမယ် "

" ဖြစ်ပါ့မလား အဆောရဲ့... တော်ကြာ အိမ်ပြန်ချိန်နောက်ကျနေပါ့မယ် "

" ကျွန်တော်က အချိန်ရပါသေးတယ်... Sunghoon သာ ဒီကနေ ကားမှတ်တိုင်ကို သွားနေရရင် ကြာနေမှာပေါ့... လိုက်ခဲ့လို့ရရင် ကျွန်တော် လိုက်ပို့ပေးချင်တယ် "

ခုံပေါ်က ထ ရပ်ကာ လွယ်အိတ်ကိုပါ ပြင်လွယ်လိုက်ပြီး လိုက်ပို့ဖို့ ပြောနေတဲ့ အဆော ကြောင့် Sunghoon ငြင်းမနေတော့ဘဲ အတူလိုက်ခဲ့ဖို့ ခေါ်ကာ Skate ကွင်းဆီသို့ နှစ်ယောက်အတူ ထွက်လာခဲ့ကြသည်။

Skate ကွင်း ရှိရာ အဆောက်အအုံကို ရောက်တော့ နည်းပြကြီးနဲ့အတူ Company ဘက်က သူဌေး ရယ် သူ့ မန်နေဂျာရယ် တခြား လူနှစ်ယောက်ရယ် ရုံးခန်းထဲမှာ သူ့ အလာကို စောင့်နေကြလေသည်။

အဆော ကတော့ သူ့ကိုလိုက်ပို့ပြီး ပြန်မယ်ပြောပေမယ့် တစ်ယောက်ထဲ ပြန်မလွှတ်ချင်တာကြောင့် ရုံးခန်းထဲထိ ခေါ်လာခဲ့သည်။

ရုံးခန်းထဲကို ရောက်တော့ နည်းပြကြီးက သူ့အနားမှာ လာထိုင်ဖို့ နေရာပေးတာကြောင့် အဆောကိုပါ သူ့ဘေးနားမှာ အတူထိုင်ခိုင်းလိုက်သည်။

ဒါကို မြင်တဲ့ သူဌေး က

" ငါတို့ သီးသန့် စကားပြောကြမှာမို့ ဘေးလူတွေ မရှိစေချင်ဘူး Park Sunghoon "

အဆော ကိုရည်ရွယ်ပြီး ပြောလာတယ်ဆိုတာ သိတာ​ကြောင့် Sunghoonမှာ သူဌေး ဆိုသူကို တည့်တည့်ကြည့်လိုက်ကာ

" သူက ကျွန်တော့်အတွက် ဘေးလူမဟုတ်ဘူး.. သူ့ရှေ့မှာ ဘာမဆို ပြောလို့ရတယ် သူဌေး "

Sunoo ကတော့ တစ်ဖက်က သူဌေး ရဲ့ အပြောကြောင့် အားနာသွားရကာ Sunghoon နား နားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

" ကျွန်တော် ရှိနေတာ သူတို့ဘက်က မကြိုက်ဘူးနဲ့တူတယ် Sunghoon shi.. ကျွန်တော် အပြင်ကပဲ စောင့်နေမယ်လေ "

" မလိုဘူး အဆော... အဆော ရှေ့မှာ အားလုံး ချပြလို့ရတယ် "

Sunghoon ပြောလိုက်တဲ့ စကားကြောင့် သူဌေး ဖြစ်သူက မနှစ်မြို့ဟန်ပြသော်လည်း ဘာမှတော့ ထပ်မပြော...မန်နေဂျာ ဖြစ်သူကသာ

" ငါတို့က မင်းရဲ့ Privacy ကြောင့် ပြောတာပါ... ကစားသမားတစ်ယောက်ရဲ့ စာချုပ်အချက်အလက်တွေ ဆိုတာ အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူးလေ... ပြီးတော့ ငါတို့အခု ဆွေးနွေးမယ့် ကိစ္စကလဲ..."

" မလိုဘူးလို့ ကျုပ်ပြောနေပြီလေ... လုပ်စရာရှိတာသာ ဆက်လုပ်တော့... ဒီနေ့ ခေါ်တွေ့တာကရော ဘာတွေ ပြောပြီး ပြဿနာ ဖြစ်စေချင်သေးလို့လဲ "

" ကောင်းပြီလေ ဒါဆိုလဲ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ "

သူဌေး ဖြစ်သူက ပြောလို့အပြီး သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ မန်နေဂျာကို လက်ဟန်ပြလိုက်ကာ ပြောစရာရှိတာ ပြောဖို့ ခွင့်ပြုလိုက်သည်။

အဲ့အခါမှာ မန်နေဂျာက

" အရင်ဦးဆုံး ဒီက Park Sunghoon နဲ့ နည်းပြကြီးတို့ သိထားဖို့က အခုတစ်ကြိမ် ဆွေးနွေးခြင်းက နောက်ဆုံးလို့ မှတ်ယူပေးဖို့ပါပဲ... တခြားတော့ မဟုတ်ပေမယ့် အရင်တစ်ခါ ဆွေးနွေးတုန်းကလို နည်းပြ အပြောင်းအလဲ ကိစ္စလေးပါပဲ "

" ဘာဗျ... ဒီကိစ္စက အရင်တစ်ခါပြောကတည်းက ကျုပ်နဲ့ သေချာ ဆွေးနွေးပြီး သဘောတူထားပြီးပြီလေ... ဘာကိစ္စနဲ့ ဒါတွေ လာပြောနေတာလဲ... ခင်ဗျားတို့ ဒါ ဘာသဘောလဲ "

မန်နေဂျာဖြစ်သူရဲ့ စကားအဆုံးမှာ ရှူးရှူးရှားရှား ဖြစ်ကာ ဒေါသတကြီး ထ အော်လိုက်တဲ့ Sunghoon ကြောင့် နည်းပြကြီးကပဲ ကြားကနေ ဝင်တားပြီး တောင်းပန်လိုက်သည်။

" Sorry ပါဗျာ... ကျွန်တော့်ကလေးက နည်းနည်း ဒေါသလေး ကြီးတတ်လို့ပါ... ကျွန်တော်ကြားကနေ သူ့အစား တောင်းပန်ပါတယ် ... ပြောစရာရှိတာ ဆက်ပြောပါ မန်နေဂျာကြီး "

ထအော်လိုက်တဲ့ Sunghoon ကြောင့် သူဌေး ဖြစ်သူရော မန်နေဂျာရော မျက်နှာထားတွေ မပျော့ပျောင်းတော့။

" အရင်တစ်ခါ ဆွေးနွေးတယ်ဆိုတုန်းက company ဘက်က လုံးလုံးကြီး သဘောတူလက်ခံပေးလိုက်တာ မဟုတ်ဘူးလေ မောင်ရင်... မင်းရဲ့ တိုးတက်မှု အ​ခြေအနေကို စောင့်ကြည့်အုံးမယ်လို့ပဲ ပြောခဲ့တာလေ "

" အဲ့တော့ ကျုပ်က ဘာဖြစ်နေလို့လဲ.... "

" မောင်ရင့်တိုးတက်မှုကို company ဘက်က အားမရဘူး ဖြစ်နေတယ်လေ "

" ဟက်! ရယ်ရတယ်ဗျာ... ခင်ဗျားတို့က ဒီ အားကစားနည်းအကြောင်းကို ဘယ်လောက်သိလို့လဲ... ရေခဲပြင် ပေါ် ခြေစုံလာရပ်ရင်တောင် နောက်လန်ကျမယ့် လူတွေကများ...."

Sunghoon စကားကြောင့် နည်းပြကြီးမှ မဟုတ် ဘေးနားကနေ နားထောင်နေတဲ့ Sunoo ပါ တစ်ဖက်လူကို အားနာသွားရသည်။ ကိုယ့်ကို Sponsor ပေးနေတဲ့ Company က လူတွေကို Sunghoon ဒီလိုတော့ မပြောသင့်ဘူး မလား။

" ငါ့သား Hoonie... သား လူကြီးတွေကို အဲ့လို မပြောရဘူး လေ "

နည်းပြကြီး ပြောလို့မှ မဆုံးသေး Sunghoon က မျက်နှာပြောင်စွာ ထပ်ပြောလာပြန်ပါသည်။

" ကျုပ်အရည်အချင်းကို ကျုပ် သိပြီးသား... အေး အဲ့လိုပဲ ကျုပ်ကို လေ့ကျင့်ပေးနေတဲ့ နည်းပြအကြောင်းလဲ ကျုပ်အသိဆုံး.... ကျုပ် အရည်အချင်းနဲ့ နည်းပြကြီးရဲ့ ပညာကို ဘာမှ လာ ဝေဖန်နေစရာ မလိုဘူး "

" ကိုယ်တို့က ဝေဖန်နေတာ မဟုတ်ဘူး မောင်ရင် မြင်တွေ့နေရတာကို ပြောနေတာ... ငါတို့ ကိုယ်တိုင် ရေခဲပြင်ပေါ် ခြေစုံမရပ်နိုင်ပေမယ့် ရေခဲပြင်ကြီး တစ်ခုလုံးကို မွှေနှောက်ပစ်နိုင်တဲ့ ပညာရှင်တွေ ငါတို့မှာ ရှိပြီးသား "

မန်နေဂျာနဲ့တင် မပြီးတော့ဘူးဆိုတာ ရိပ်စားမိတဲ့ သူဌေး ဖြစ်သူက သူကိုယ်တိုင် ဝင်ပြောလာခဲ့သည်။ ဒါကိုပင် Sunghoon က ဂရုမစိုက်။ မချေမငံတွေ ပြန်ပြောနေသေးသည်။

" အဟက်... အဲ့တော့ ကျုပ်က ဘာလုပ်ရမှာလဲ... ခင်ဗျားတို့ ဘယ်လို ပြောပြော ကျုပ်က ကျုပ်နည်းပြနဲ့ပဲ ဆက်လေ့ကျင့်မယ်... တခြားနည်းပြတွေ ကျုပ်ကို လေ့ကျင့်ပေးတာမျိုး လက်မခံနိုင်ဘူး... ဒါ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဘယ်တော့မှလဲ ပြင်ပေးမှာ မဟုတ်လို့ ခင်ဗျားတို့ လေကုန်ခံပြီး ပြောမနေတော့နဲ့ "

ခေါင်းမာမာနဲ့ ဆက်ပြီး တင်းခံနေတဲ့ Sunghoon ကို ကြည့်ကာ သူဌေးဆိုသူက ကျစ်စုပ်သပ်ကာ ခေါင်းကို ခါယမ်းလိုက်သည်။ ပြီးမှ Sunghoon ကို သေချာကြည့်ကာ တစ်ခွန်းချင်းပြောလာတာက...

" အဲ့လိုမှ မင်းတို့ဘက်က ဆက်ပြီး ခေါင်းမာနေအုံးမယ်ဆိုရင် စာချုပ်ဖျက်သိမ်းဖို့ပဲ ရှိတော့တာပေါ့ "

************************************

နောက်တစ်ပိုင်းလေး ဆက်ဖတ် ကြမယ်နော် Vitamin လေးတို့ 😘

Love you....

San Htarni

26.2.2023

Comment