~ 13 ~

~ 13 ~

မနက်ကတည်းက မှိုင်းပြပြဖြစ်နေတဲ့ ရာသီဥတုကြီးကြောင့် Sunoo စိတ်ထဲမှာ နေလို့မကောင်း...

နေသာတဲ့ နေ့ရက်တွေ ချမ်းအေးတဲ့ နေ့ရက်တွေမှာတော့ ပုံမှန်အတိုင်းဖြတ်သန်းနေနိုင်ပေမယ့် ဒီလို မှိုင်းပြပြနဲ့ မိုးအုံ့တဲ့ နေ့ရက်တွေမှာဆို သူ့စိတ်တွေ က အကြောင်းတစ်စုံတစ်ရာ ရေရေရာရာ မရှိပါဘဲ ဝမ်းနည်းနေသလိုလို ငိုချင်နေသလိုလိုနဲ့။

ဒါဟာ သူ ငယ်စဉ်ကတည်းက ဖြစ်တတ်တဲ့ ခံစားချက်တစ်ခု။

ဒီနေ့လဲ မနက်အိပ်ရာထပါပြီဆိုကတည်းက ရာသီဥတုကြီးက လေအေးတွေတိုက်ပြီး အုံ့မှိုင်းနေလေတော့ ကျောင်းတတ်ရတာတောင် စိတ်ကမပါ။

အရေးကြီး အတန်းချိန်မရှိပေမယ့် အိမ်မှာလဲ မနေချင်တာကြောင့် ကျောင်းကို စောစောလေးသာ ထွက်လာလိုက်သည်။

အိမ်မှာမနေချင်ဘူး ဆိုတာက ခန္ဓာကိုယ်ပေါ်က အရာတွေကြောင့် မေမေနဲ့ မျက်နှာချင်းမဆိုင်ချင်တာ။

ကျောင်းကိုရောက်တော့လဲ Jungwon ကမရှိ။ ဒါနဲ့ပဲ အတန်းထဲမဝင်ဘဲ ကျောင်းဆောင်တွေ ဘေးက ခုံတန်းပေါ်မှာ တစ်ယောက်ထဲ ယောင်တောင်တောင်နဲ့ ထိုင်ကာ ငေးမိငေးရာ ငေးလို့ပေါ့။

ကောင်းကင်ပေါ်ကို မော့ကြည့်တော့လဲ မိုးသားတိမ်လိပ်တို့က ဟိုတစ်စု ဒီတစ်စု...

သူ တကယ် ဒီမိုးရာသီကြီးကို မုန်းတယ်။

ရိုးရိုးတန်းတန်း မိုးလေးပဲ ပုံမှန်ရွာနေရင် ဘာမှ မဖြစ်ပေမယ့် မိုးတွေခြိမ်း လျှပ်စီးတွေလက်ပြီး လေပြင်းတွေပါ တိုက်လာတဲ့အခါမျိုးဆို သူ့မှာ နေစရာမရှိအောင် ကြောက်လန့်နေရတာလဲ ဒုက္ခတစ်ခုလိုပဲ...

ဒီ ဒုက္ခကြီးက သူငယ်ငယ် ငါးနှစ်ကျော် ခြောက်နှစ်သား အရွယ်လောက်က စတယ်လို့တော့ မေမေပြောတာပဲ။

တစ်ခါတစ်ရံ မိုးရေစက်တွေကို ကြည့်ပြီး အိပ်ပျော်သွားတဲ့ နေ့တွေဆို အိမ်မက်ဆိုးတွေမက်ပြီး နိုးလာတတ်ကာ အပြင်မှာပါ ကြောက်လန့်နေတဲ့ ခံစားချက် ကြီးက အိမ်မက်ထဲက အဖြစ်အပျက်တွေ အပြင်မှာ တကယ်ပဲ ဖြစ်ခဲ့တာလိုလိုနဲ့။

မက်လိုက်တိုင်းလဲ အကြောင်းအရာက တစ်ခုတည်း...

မိုးကြိုး လျှပ်စီးတွေ တဝင်းဝင်းနဲ့ သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးရေတွေရယ်...

မိုးခြိမ်းသံတွေကြောင့် ကြောက်လန့်နေတဲ့ ကလေးလေးကို ချော့မြှူရင်း ကားမောင်းနေတဲ့ လူကြီးတစ်ယောက်ရယ်...

အဲ့ဒိီ့နောက် ဂျိမ်း ကနဲဆို ပစ်ချလိုက်တဲ့ မိုးကြိုးလျှပ်စီးကြောင်း နီနီကြီးနဲ့ အတူ တိမ်းမှောက်သွားတဲ့ ကားတစ်စီးရယ်...

မိုးရေတွေနဲ့ ရောထွေးနေတဲ့ သွေးအိုင်နီရဲရဲတွေကြားက မှောက်ကျနေတဲ့ လူကြီးတစ်ယောက်။

အဲ့ဘေးနားမှာ မှောက်နေတဲ့ လူကြီးကို အော်ခေါ်ပြီး ငိုကြွေးနေတဲ့ ကလေးလေးတစ်ယောက်။

ပြီးတော့ ကလေးလေးနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးရှိနေပြီး အဲ့ကားပေါ်ကနေ သူတို့ရှိရာဆီ လှမ်းကြည့်နေတဲ့ မျက်ဝန်းတစ်စုံ။

ထပ်ခါထပ်ခါ မက်နေတဲ့ အိမ်မက်တွေက တစ်ပုံစံထဲ တစ်ထေရာထဲ။ ဘယ်သောအခါမှ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်းမရှိခဲ့။

ဒါပေမယ့် တစ်ခု ထူးဆန်းတာက အဲ့အိမ်မက်ကို ထပ်ခါထပ်ခါ မက်နေပေမယ့် အဲ့ထဲက လူတွေရဲ့ မျက်နှာတွေကို မမှတ်မိဘူး... ပုံဖော်ကြည့်လို့မရဘူး... အိမ်မက်က နိုးလာတာနဲ့ ဇောချွေးပျံအောင် ကြောက်လန့်နေတဲ့ ခံစားချက်ကြီးကလွဲ အိမ်မက်ထဲက ပုံရိပ်တွေဟာ အငွေ့တွေလို ပျောက်ကွယ်သွားတော့တယ်။

ဒါကို ဦးနှောက်ကို အလုပ်ပေးပြီး မှတ်မိဖို့ ကြိုးစားတိုင်း ပြင်းပြင်းထန်ထန် စဉ်းစားတိုင်း မခံမရပ်နိုင်အောင် ခေါင်းတွေ ထိုးကိုက်ခြင်းနဲ့သာ အဆုံးသတ်ရလို့ ခုနောက်ပိုင်းဆို သူ မစဉ်းစားတော့။ အိမ်မက်တွေ မက်လည်းပဲ ဘာသိဘာသာ သာနေလိုက်တော့တယ်။ ကိုယ့်ကိုကိုယ် ဒုက္ခ အရောက်ခံပြီး မစဉ်းစားတော့ဘူးလေ။

မေမေ့ကို မေးကြည့်တော့လဲ အိမ်မက်တစ်ခုပါပဲ သားရယ် တဲ့ ဘယ်အရာကိုမှ စိတ်ထဲ စွဲမှတ်မထားပါနဲ့တဲ့။

ဟုတ်တယ်...

ဒါဟာ အိမ်မက်တစ်ခုပါပဲ....

" အဆော..."

တိမ်မဲညိုတွေကို မော့ငေးရင်း မိုးရာသီ အိမ်မက်ဆိုးကြီးအကြောင်း အတွေးလွန်နေတဲ့ Sunoo တစ်ယောက် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ...

လေအဝှေ့ကြောင့် တဖွဲဖွဲကြွေကျလာတဲ့ သစ်ရွက်ကြွေတွေကြား သူရှိရာဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာနေတဲ့ Park Sunghoon...

ထောင်ထောင်မောင်းမောင်း သူ့အရပ်ကြီးနဲ့ ခြေတံရှည်တွေကို တဆုံးလှမ်းကာ ဘောင်းဘီ အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်၍ သစ်ရွက်ကြွေတွေကြား လျှောက်လှမ်းလာနေပုံက တကယ်ကို စမတ်တကျ။

တခဏတော့ သူ ငေးမိသွားတယ်။ ရှေ့က လှမ်းလာနေတဲ့ ဒီ အမျိုးသားဟာ ညှို့ဓာတ်တစ်ခုနဲ့ ဆွဲဆောင်အား ကောင်းနေလို့။

ငေးကြည့်နေတုန်းမှာပဲ အနားမှာ ဝင်ထိုင်လိုက်တဲ့ Sunghoon က

" ဒီနေရာလေးမှာ ရှိနေမယ်ထင်လို့ လာရှာလိုက်တာ တကယ်ပဲ ရှိနေတာကို "

ဝတ်ထားတဲ့ အပေါ်ထပ်ကုတ်ရဲ့ တစ်လုံးတည်းသော ကြယ်သီးလေးကို ဖြုတ်လိုက်ကာ ခြေချိတ်ထိုင်လိုက်ပြီး ဆိုလိုက်တဲ့စကားက တိကျပိုင်နိုင်မှုတွေနဲ့။

" ဟုတ်တယ် Jungwon လဲမရှိ အတန်းချိန်တွေက အရေးမကြီးတော့ အတန်းလဲတတ်ချင်စိတ်မရှိတာနဲ့ ဒီမှာ လာထိုင်နေတာ "

" ကိုယ် အတန်းဘက် တစ်ခေါက်ရောက်ခဲ့သေးတယ် "

" လာမယ်ဆို ဖုန်းဆက်လိုက်တာတော့ မဟုတ်ဘူး... ကျွန်တော် မရှိရင် ဘယ်လိုလုပ်မလဲ "

" အဆော ရှိနေလိမ့်မယ်ဆိုတာ ကိုယ် သိနေတာပဲကို "

" ဟင်... ဘယ်လိုလုပ်ပြီးတော့လဲ "

" ကိုယ့်နှလုံးသားက အာရုံခံလို့ ရနေတယ်လေ "

သူ့ရဲ့ ဘယ်ဘက်ရင်အုံကိုသူ လက်မလေးနဲ့ ပြန်ထိုးပြကာ ပြောနေတဲ့ Sunghoon စကားကြောင့် Sunoo အူကြောင်ကြောင် ဖြစ်သွားရတယ်။

ဘယ်နှယ့် နှလုံးသားကပဲ အာရုံခံနိုင်ရတယ်လို့။ အာရုံခံတယ်ဆိုတာ ဦးနှောက်က မဟုတ်ဘူးလား ။

" နှလုံးသားက အာရုံခံလို့ ရလို့လား... ဦးနှောက်ကပဲ အာရုံခံတာ မဟုတ်ဘူးလား Sunghoon shii "

ခေါင်းလေးကို စောင်းငဲ့ကြည့်ကာ တွေးဆဆလေးပြောနေတဲ့ Sunoo ပုံစံလေးကို ကြည့်ပြီး Sunghoon က ရယ်တယ်။

" ဒါကတော့ ကိုယ့်ရဲ့ အဆော အတွက် သီးသန့် အာရုံခံနည်းလေ အဆော ရဲ့... သူများတွေအတွက်တော့ ဦးနှောက်ကပေါ့ "

" ဟင့်... အဲ့ Sunghoon က ပြောလိုက်ရင် အဆန်းတွေကြည့်ပဲ "

နှုတ်ခမ်းလေးစူသွားကာ မျက်ဆန်လေး ထောင့်ကပ်ကြည့်ပြီး ပြောလိုက်တဲ့ အဆောပုံစံလေးက သူ့ကို အသည်းယားသွားစေတယ်။

အဆောနဲ့ အနေနီးလာလေ အဆောရဲ့ ချစ်စရာ ဟန်ပန်၊ ပွင့်လင်းပြီး ကလေးဆန်တဲ့ အမူအရာတွေက ပေါ်ပေါ်လာတယ်။ ဒီလိုလေးတွေ မြင်ရတိုင်း Sunghoon တစ်ယောက်မှာတော့ အံကိုသာ ကြိတ်လို့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ရတယ်။

ဒီလို ချစ်ဖို့ကောင်းနေပုံနဲ့ ကြာရင်မလွယ်ဘူး အဆော ရယ်...

" ဒါနဲ့... Sunghoon ကိစ္စတစ်ခုခု ရှိနေလို့လား ဟင် "

သူ့ကို ခြေဆုံး ခေါင်းဆုံး တစ်ချက်ကြည့်၍ မေးလာတဲ့ အဆော စကားကြောင့် သူ လာရင်းကိစ္စကို အဆောကို ပြောဖို့ လုပ်ရတော့သည်။

ပြောလဲပြောချင်တယ် ငြင်းလိုက်ရင်ဆိုတဲ့ အတွေးကြီးကလဲ နှိပ်စက်နေတယ်။ ဒါပေမယ့်လဲ အဲ့နေရာကို အဆောကို အတူလဲ ခေါ်သွားချင်တယ်လေ။

ကိုယ့်အတွေးနဲ့ကိုယ် လေပူတစ်ချက်မှုတ်ထုတ်လိုက်မိတာ ကိုယ့်ဘာသာ သတိမထားမိ။ သွားရမယ့်နေရာနဲ့ သွားရမယ့် ကိစ္စကို တွေးလိုက်မိပြန်တော့ စောစောက ကြည်လင်နေတဲ့ Sunghoon မျက်နှာလေးက ရာသီဥတုနဲ့အပြိုင် ခပ်မှိုင်းမှိုင်း။

" တစ်ခုခု ပြောစရာ ရှိနေတာလား... ကျွန်တော့်ကို အားမနာဘဲ ပြောလို့ရပါတယ် Sunghoon ရဲ့ "

ထိုအခါမှ Sunghoon Sunoo မျက်နှာလေးကို တည့်တည့် ကြည့်လိုက်ပြီး

" အဆော ကိုယ်နဲ့ တစ်နေရာ လိုက်ခဲ့ပေးနိုင်မလား ဟင် "

ခပ်မှိုင်းမှိုင်း အကြည့်တွေနဲ့ ဖျော့တော့တော့လေး ငေးကြည့်လာတဲ့ မျက်ဝန်းလေးတွေကို ကြည့်ပြီး Sunoo ဘယ်လို ပြန်ဖြေရမယ်မသိ။

တစ်နေရာကို လိုက်ခဲ့ပေးနိုင်မလား ဆိုပါ့လား...

ရုတ်တရက် ဆိုတော့ မစဉ်းစားတတ်။ ကိုယ့်မှာလဲ စိတ်လွတ်လက်လွတ် သွားလာလှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာကြီး။

Sunghoon ပုံစံကြည့်ရတာလဲ အရင်ရက်တွေကနဲ့မတူ။ ဆံပင်တွေကို နဖူးပေါ်အောင် လှန်ဖြီးထားပြီး အထက်အောက် အနက်ရောင် ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။

အရင်ကဆို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးတွေပဲ ဝတ်ဆင်တတ်ပြီး ခန္ဓာကိုယ်ပေါ်မှာလဲ accessory မျိုးစုံကို ရှုပ်ယှက်ခတ်နေအောင် ဝတ်ဆင်တတ်တဲ့ Sunghoon က ယခုလို ဝတ်ဆင်ထားတယ်ဆိုတော့ အရေးကြီးတဲ့ တစ်နေရာရာကို သွားရန်ရှိလို့ ဖြစ်မည်။

လူပုံစံက သပ်ရပ်နေပေမယ့် မျက်နှာလေးက ခပ်နွမ်းနွမ်း။ သူပြောလာမယ့် စကားကို မျှော်လင့်နေဟန် မျက်လုံး မလွှဲဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။

" Sunghoon က ဘယ်ကိုသွားမှာ မို့လို့လဲ ဟင် "

" ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ နေရာတစ်ခုပေါ့ အဆောရယ်... အဲ့နေရာကို ကိုယ် အဆောနဲ့အတူ သွားချင်လို့ "

အလေးအနက်ထားပြီး ပြောနေတဲ့ Sunghoon ရဲ့ စကားများကြောင့် Sunoo ဆုံးဖြတ်ရခက်နေသည်။ သူ ဒီလိုတွေ သွားလာနေတာ Jay ကြိုက်မှ ကြိုက်ပါ့မလား။ Jay ကို အသိပေးဖို့ လိုမလား... မပြောဘဲ သွားလိုက်ရင်ရော Jay စိတ်ဆိုးမလား...

ချီတုံချတုံ သူ့ပုံစံကို ကြောင့် Sunghoon သူ့ကို ကြည့်နေရာမှ မျက်နှာလွှဲသွားပြီး

" အဆင်မပြေရင်လဲ ကိုယ် အတင်းမခေါ်တော့ပါဘူး... အဆောအတွက် ခက်ခဲနေရင် ~~"

" ရတယ်... ရတယ်လို့ ကျွန်တော် လိုက်ခဲ့မယ် Sunghoon... ကျွန်တော် အဆင်ပြေတယ် "

Sunghoon ရဲ့ အားလျှော့သွားသလို ပြောလာတဲ့ အသံတိမ်တိမ်လေးကြောင့် Sunoo ဘာကိုမှ တွေဝေမနေတော့။ လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်မိသည်။

ကိုယ်က သူ့ဘေးနား အားအင်တစ်ခုအနေနဲ့ ရှိနေပေးပါ့မယ်လို့ ကတိပေးထားတယ် မလား....

ခုလို Sunghoon တစ်ယောက် အခက်အခဲတွေနဲ့ အားငယ် ဝမ်းနည်းနေချိန်မှာ သူ တတ်နိုင်သလောက် အားပေးနှစ်သိမ့် ချင်ပါသည်။

သူ့တုန်းကလဲ မိသားစု စီးပွားရေး ကျဆင်းပြီး အခက်အခဲတွေ ကြုံရချိန်တုန်းက အရမ်းကို စိတ်ဓာတ်တွေကျပြီး အားငယ်ခဲ့ရတယ်လေ...

ဘာပဲဖြစ်ဖြစ် ဘဝတူတွေမို့ ကိုယ်ချင်းစာပါသည်...

ကိုယ့်တုန်းက ကိုယ့်ဘေးမှာ အားပေးမယ့်သူမရှိ နှစ်သိမ့်ပေးမယ့်သူဆိုတာ ဝေလာဝေး...

ဒီခံစားချက်တွေကို ခံစားဖူးသူ တစ်ယောက် အနေနဲ့ သူ Sunghoon နားမှာ အတူတူရှိနေပေးပြီး အင်အားတစ်ခု ဖြစ်ပေးချင်တယ်။

ဒါကြောင့်မို့ ကိုယ့်အတွက် အဆင်မပြေနေလဲ Sunghoon နဲ့အတူ လိုက်သွားပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူ လိုက်မယ်ဆိုတာနဲ့ပဲ ညှိုးငယ်နေတဲ့ Sunghoon ရဲ့ မျက်နှာလေး ဝင်းပသွားပြီး မျက်နှာချောချောလေးပေါ် အပြုံးရိပ်လေးများ ပြန်လည် ထင်ဟပ် သွားတော့သည်။

" ကျေးဇူးပါ အဆောရယ်..."

လှိုက်လှိုက်လှဲလှဲ ပြောလာတဲ့ ကျေးဇူးတင်စကားကြောင့် Sunoo မျက်လုံးလေးတွေ ပိတ်ကျအောင် ပြုံးပြလိုက်ပြီး

" မလိုပါဘူး Sunghoon ရဲ့ ကျွန်တော် Sunghoon ဘေးမှာ နေပြီး အားအင်တစ်ခု ဖြစ်ပေးမယ်လို့ ကတိပေးထားတာပဲကို "

" အဆော က ကိုယ့်အတွက်တော့ တကယ်ကို ဘုရားပေးတဲ့ ဆုလဒ်ပါပဲ... ကိုယ် အဆောကို ဘာနဲ့မှ မလဲနိုင်ဘူး သိလား "

" ဗျာ... ဟို ဘာလို့လဲ "

" အဆောက ကိုယ့်အတွက် အရမ်း အဖိုးတန်လို့ပေါ့ ဗျ "

"အာ... "

တစ်ချက်တစ်ချက် Sunoo နားမလည်တဲ့ စကားတွေ ထ ထပြောတတ်တဲ့ Sunghoon ကြောင့် Sunoo အီလည်လည်လေးနဲ့ ခေါင်းညိမ့်ပြလိုက်ရတဲ့ အခိုက်အတန့်တွေက အများသားလား။

ခုလဲ ဘုရားပေးတဲ့ဆုလဒ် တဲ့

အရမ်းအဖိုးတန် တယ် တဲ့....

ကျွန်တော် Sunghoon အတွက် ဘာတွေများ လုပ်ပေးခဲ့ဖူးလို့လဲ။

ဒါပေမယ့်လဲ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို အလေးထားပြီး ကျွန်တော့်ကို တန်ဖိုးထားပေးတဲ့အတွက် ကျွန်တော့်ရင်ထဲမှာ ကြည်နူးနေမိတာ အမှန်ပါ။

" ဒါဆို ကိုယ်တို့ သွားကြစို့လေ အဆော "

.
.
.

တရိပ်ရိပ်ပြေးနေတဲ့ ကားလေးက လူစည်ကားရာ တိုက်တာ အဆောက်အအုံတွေနဲ့ ဝေးလို့ တဖြည်းဖြည်းနဲ့ မြို့အစွန်ကို ရောက်လာခဲ့ပြီ။

ခုထိ အရှိန်လျှော့မလာသေးတဲ့ ကားကြောင့် ဘယ်အထိ ဆက်သွားရအုံးမယ် မသိ။

စကားမဆိုဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကားကိုသာ အာရုံစိုက်ပြီး မောင်းနေတဲ့ Sunghoon ကြောင့် Sunoo လဲ အလိုက်တသိ အသာငြိမ်နေပြီးသာ လိုက်လာခဲ့ပြီးမှ

ခုလို မြို့အစွန်ထိ ရောက်လာပြီဆိုတော့ Sunoo မမေးလို့ မဖြစ်တော့။ ဒါနဲ့ပဲ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်ကာ

" Sunghoon shi ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ ဟင် "

သူ မေးလိုက်တော့မှ သူ့ဘက်ကို လှည့်ကြည့်လာတဲ့ Sunghoon မျက်လုံးအိမ်တွေက အနည်းငယ်စိုစွတ်နေသယောင် ထင်ရပေမယ့်လည်း တည်တည်ငြိမ်ငြိမ်သာ ။ သူ့ကို တစ်ချက်ကြည့်လာပြီးမှ ရှေ့ကို ပြန်လှည့်သွားကာ အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ပြီး

" ကိုယ် အဆောကို ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး လူတွေနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လာတာ... မကြာခင် ရောက်တော့မှာမို့ ခဏလေးပဲ သီးခံပြီး လိုက်ခဲ့ပေးပါ အဆော "

ဘယ်ရယ်လို့ မပြော ဘယ်သူရယ်လို့ မပြောပါဘဲ တည်တည်ငြိမ်ငြိမ်သာ ဆိုလာတဲ့ Sunghoon စကားများကြောင့် Sunoo ဆက်မမေးတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် သာ လိုက်လာခဲ့လိုက်တော့သည်။

Sunghoon ပြောသလိုပဲ သူတို့ ရှေ့ဆက်သွားပြီး မကြာ တောင်ကုန်းလေးတစ်ခု ရှေ့အရောက်မှာ ကားကို ရပ်လိုက်တယ်။

ကားပေါ်က ဆင်းသွားတဲ့ Sunghoon က Sunoo ရှိရာဘက်ဆီ လျှောက်လာပြီး ကားတံခါးကို ဖွင့်ပေးလိုက်ကာ

" ရောက်ပြီ အဆော... ကိုယ်တို့ ဒီကနေ အပေါ်ကို လမ်းလျှောက်ပြီးသွားကြရအောင် "

တောင်ကုန်းလေးပေါ် လက်ညှိုးလေးထိုးပြပြီး ပြောလိုက်ခြင်း ဖြစ်တာကြောင့် Sunoo ခေါင်းညိမ့်ပြလိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။

ကားပေါ်က ဆင်းဆင်းချင်း ခံစားလိုက်ရတာက ပြင်းပြင်းလေး တိုက်ခတ်နေတဲ့ လေအေးတွေရဲ့ အရသာကိုပဲ...

ဒါနဲ့ပဲ အပေါ်ထပ်အင်္ကျီကို ခပ်တင်းတင်းဆွဲစိလိုက်တော့ Sunghoon က သတိထားမိသွားပြီး ဂရုတစိုက်မေးလာတယ်

" အဆော အေးနေလား ... လေက နည်းနည်းကြမ်းနေတယ် "

" ရပါတယ် Sunghoonie အဲ့လောက် မအေးပါဘူး "

ပြုံးပြရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တော့ ခေါင်းညိမ့်ပြပြီး ကားနောက်ခန်း တံခါးကိုဖွင့်လိုက်တဲ့ Sunghoon က ကားထဲကနေ ပန်းစည်းတစ်စည်းရယ် သစ်သီးခြင်းလေးရယ်ကို ဆွဲထုတ်လာတယ်။

ပြီးတော့ လက်တစ်ဖက်ထဲ စုကိုင်ပြီး နောက်ထပ်ကားထဲက တစ်စုံတစ်ခုကို လှမ်းယူမယ်လုပ်နေတာကြောင့် Sunghoon လက်ထဲက သစ်သီးခြင်းလေးကို လက်လွှဲယူလိုက်ပြီး ကူကိုင်ပေးလိုက်တယ်။

ဒီလိုနဲ့ Sunghoon ဦးဆောင်ပြီး ခေါ်သွားတဲ့နောက် လိုက်လာခဲ့ရင်း နှစ်ယောက်သားဟာ အသံတွေ တိတ်လို့။ မျက်နှာလေးမကောင်းဖြစ်နေပြီး အနည်းငယ် တည်တံ့နေတဲ့ Sunghoon ကြောင့် ဘယ်ကိုသွားပြီး ဘယ်သူနဲ့ တွေ့ရမယ်ဆိုတာ Sunoo သိချင်စိတ်တို့ ပြင်းပြနေပါပြီ။

ဒါပေမယ့်လဲ နှုတ်မှ ထုတ်မပေးဖြစ်ပဲ အတွေးထဲသာ ဘယ်သူများလဲဆိုပြီး ကိုယ်မသိတဲ့လူ တစ်ယောက်ကို တွေ့ရမယ်ဆိုတော့ မေးခွန်းတွေနဲ့ ရင်တထိတ်ထိတ်။

တောင်စောင်းမှ ခပ်ပြေပြေလမ်းလေးအတိုင်း အပေါ်သို့ တက်လာခဲ့ကြပြီး တစ်နေရာ အရောက်မှာတော့...

ခြေလှမ်းငါးလှမ်းစာလောက်သာ ဝေးတော့သော နေရာတစ်နေရာမှ အကိုင်းအခက်တို့ အုပ်အုပ် ဆိုင်းဆိုင်း ဖြစ်နေတဲ့ သစ်ပင်ကြီးတစ်ပင်...

သစ်ရွက်တို့ ကြွေကျနေလည်းပဲ အရွက်တို့ ဝေဝေဆာဆာရှိနေသေးတဲ့ အဲ့ဒီ့သစ်ပင်ကြီးရဲ့ အောက်မှာ မြက်ပင်စိမ်းစိမ်းတို့ ဖုံးအုပ်နေတဲ့ မြေပုံမို့မို့လေး နှစ်ခု...

တစ်ခုသော မြေပုံလေးမှာတော့ မြေပုံလေးရဲ့ ခေါင်းရင်းလို့ထင်ရတဲ့ဘက်မှာ နှစ်ပေပတ်လည်လောက်ရှိတဲ့ အုပ်ခုံလေးပြုလုပ်ထားကာ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံကို ကပ်ထားပြီး အုပ်ခုံလေးရဲ့အပေါ်မှာတော့ figure skate စီးနေဟန် ပုံစံငယ်လေးကို ရုပ်ထုလေး ပြုလုပ်ထားလေသည်။

စိတ်ထဲက တစ်စုံတစ်ခုကို ခံစားမိလိုက်ပေမယ့် ဘာရယ်လို့ ကွဲကွဲပြားပြား မသိသေးတော့ ရှေ့က မြင်ကွင်းကိုသာ ရပ်ကြည့်နေပြီး Sunghoon ပြောပြလာတာကိုသာ စောင့်စားနေမိသည်။

" အဆော... "

စကားသံတွေ တိတ်ဆိတ်နေတဲ့ Sunghoon ကပဲ စတင် အသံပေးလိုက်ကာ

" အဆောကို ကိုယ်ခေါ်လာချင်တာ ဒီနေရာပဲ... ပြီးတော့ သူတို့နဲ့ မိတ်ဆက်ပေးချင်လို့လေ "

မြေပုံလေးဆီ လက်ညှိုးထိုးပြီး ပြောလိုက်တာမို့ Sunoo သံယောင်လေးလိုက်ကာ ပြောလိုက်မိသည်။

" သူတို့ ... ?? "

" ဟုတ်တယ် အဆော... ဒါ ကိုယ့် ဖေဖေနဲ့ မေမေပါ "

" ဟာ... "

စိတ်ထဲက တွေးထင်နေတာ မှန်ကန်သွားပေမယ့် Sunghoon အတွက် စိတ်မကောင်းဖြစ်မိကာ Sunoo ပါးစပ်လေးကို လက်နှစ်ဖက်နဲ့ ယောင်ယမ်း ပိတ်လိုက်မိသည်။

" ဒီနေ့က မေမေ့ရဲ့ နှစ်ပတ်လည်နေ့လေ အဆော...ဖေဖေနဲ့ မေမေတော့ ကိုယ့်ကို စောင့်နေရတာ ကြာနေတော့မှာပဲ လာ သွားကြစို့ "

ဒါကြောင့်ကိုးး... ဒါကြောင့် Sunghoon မျက်နှာလေး မကောင်းဖြစ်နေတာ...

အမြဲတမ်း သွက်လက်နေပြီး စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနေတတ်တဲ့ ဒီကောင်လေး ဒါကြောင့် အချိန်တွေအများကြီး တိတ်ဆိတ်နေခဲ့တာကိုး....

အားနာလိုက်တာ... ဒီလိုနေ့မှန်းလဲ မသိသလို ဒီလိုနေရာကို လာမယ်မှန်းလဲ မသိတာကြောင့် လိုက်ခဲ့ဖို့ ခေါ်တုန်းက တွေဝေနေမိပြီး ချက်ချင်း ပြန်မဖြေမိတာ။

Sunghoon ကတော့ မြေပုံလေးတွေရှိရာ​ဆီသွားကာ သစ်သီးခြင်းလေးထဲက သစ်သီးတွေကို အပြင်သို့ထုတ်၍ နေရာချ၊ ပန်းစည်းလေးကို ဘေးမှာတင်ပြီး အိတ်ထဲက ဆိုဂျူပုလင်းလေးကို ဆွဲထုတ်ကာ ခွက်လေးတွေထဲသို့ ထည့်နေလေသည်။

အားလုံး ပြင်ဆင်ပြီးချိန်ထိ Sunoo နေရာမှာ မလှုပ်မယှက် ရပ်နေမိဆဲ....

ပြင်ဆင်လို့ပြီးသွားတော့မှ Sunghoon က နောက်မှာရပ်နေတဲ့ Sunoo ရှိရာသို့ လှည့်ကြည့်ပြီး ခေါင်းလေး ညိမ့်ပြကာ

" အဆော... လာလေ "

" Sunghoon ရယ်... ဒီလိုနေ့ရက်မျိုး ဒီလိုနေရာမျိုးကို လာမယ်ဆိုလဲ ကျွန်တော့်ကို ကြိုပြောရောပေါ့... ခုတော့ အဖေနဲ့ အမေ့ကို အားနာလိုက်တာ ကျွန်တော် ပန်းလေးတစ်ပွင့်တောင် ပါမလာခဲ့ဘူး "

" ပြောပြလိုက်ရင် အဆော ယူလာမယ်ဆိုတာ သိတာပေါ့... အဲ့ဒါတွေမလိုပါဘူး အဆောရယ် ကိုယ် အားလုံးပြင်ဆင်ပြီးသား မို့ အဆောကို ကိုယ့်မိဘတွေနဲ့ မိတ်ဆက် ပေးချင်ရုံပါ "

" ဟိုလေ... ဘာလို့ ကျွန်တော်လဲ ဟင် "

လေတိုက်နေတာကြောင့် အဝတ်အစားတွေ တဖျက်ဖျက်လှုပ်ခါနေပြီး ဆံပင်လေးတွေပါ ကခုန်နေသယောင် လူးလွန့် လှုပ်ရှားနေတဲ့ မျက်စိရှေ့က ကောင်လေးကို Sunghoon ကြည့်ပြီး သူ့အမေးစကားကို ရှင်းလင်းပြတ်သားနေတဲ့အသံနဲ့ တစ်ခွန်းချင်း ပြန်ဖြေလိုက်သည်။

" အဆောက ကိုယ့်အတွက် အရမ်းအဖိုးတန်တဲ့ လူတစ်ယောက်၊ ကိုယ်ကိုတိုင် မျက်ရည်တွေ သုတ်ပေးချင်ပြီး ကိုယ့်မျက်ရည်တွေကို သုတ်ပေးစေချင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်မို့ပေါ့ အဆောရဲ့ "

သူပြောလိုက်တဲ့ စကားကြောင့် မော့ကြည့်နေတဲ့ အဆောရဲ့ မျက်ဝန်းလေးထဲ အရိပ်တချို့ဖြတ်ပြေးသွားတာကို မြင်လိုက်ရပေမယ့် ချက်ချင်းပဲ မျက်တောင်ရှည်လေးကို ပုတ်ခတ်လိုက်ပြီး အဲ့ဒီ အရိပ်တွေကို ဖျောက်ဖျက်ပစ်လိုက်တဲ့ အဆော။

" ဟုတ်ကဲ့ပါ... ဒါဆို သွားကြရအောင်လေ "

မြေပုံလေးရှေ့မှာ နှစ်ယောက်အတူ ရပ်မိကြတော့...

" ဖေဖေနဲ့မေမေ ... ကျွန်တော် ဖေဖေ မေမေတို့​နဲ့ မိတ်ဆက်ပေးဖို့ လူတစ်ယောက် ခေါ်လာခဲ့တယ်... ကျွန်တော်တို့တွေ တွေ့ဆုံကြတာ မကြာသေးပေမယ့် သူက ကျွန်တော့်ဘဝအတွက် အရမ်းအရေးပါတဲ့ လူတစ်ယောက်ပါ... ကျွန်တော့််အတွက် အရေးပါတဲ့ လူတစ်ယောက်မို့ ဖေဖေ မေမေ တို့နဲ့လဲ ရင်းနီးစေချင်တယ် "

" ဟိုင်း အဖေနဲ့ အမေ ကျွန်တော် Sunghoon ရဲ့ သူငယ်ချင်းပါ... Kim Sunoo လို့ခေါ်ပါတယ်...အဖေနဲ့ အမေ့ဆီကို နောက်ကျမှ ရောက်လာခဲ့ရလို့ တောင်းပန်ပါတယ်... ကျွန်တော် ဂါရဝပြုတာကို လက်ခံပေးပါ "

အမွှေးတိုင်လေးကို ထွန်းညှိလို့ အမေ့မြေပုံလေးရှေ့ ပုဆစ်လေးတုပ်ကာ ဂါရဝပြုနေတဲ့ အဆော ကို ကြည့်ပြီး Sunghoon ရင်ထဲမှာ ကြည်နူးနေမိရတာ အမှန်ပါ။

သူ့ဘဝမှာ ဒီလိုမျိုး ဖေဖေနဲ့မေမေ့ ရှေ့ကို တခြားလူတစ်ယောက် ကို ခေါ်လာဖြစ်လိမ့်မယ်လို့ တွေးမထားခဲ့မိပါဘူး။

မမျှော်လင့်ဘဲ ဒီကောင်လေးနဲ့ တွေ့ပြီး ဒီကောင်လေးအပေါ် သံယောဇဉ်တွေ ရစ်တွယ်မိသွားပြီးမှ ဒါလေးဟာ သူ့အတွက် အရမ်းအဖိုးတန်တဲ့ လူသားလေးမို့ မိဘတွေရှေ့သို့ ခေါ်လာမိခြင်းသာ။

**​ဖေဖေ ​မေမေ ... အခု သားတို့ကို ကောင်းကင်ပေါ်ကနေ သေချာကြည့်နေရဲ့လား... ဒီကောင်လေးကို ဖေဖေ ဘယ်လိုမြင်လဲဟင်...မေမေကရော... သား သဘောကျသလို မေမေလဲ သဘောကျလိမ့်မယ်လို့ သားတော့ ထင်တာပဲ... သားလူမှန်းသိတတ်စအရွယ်တည်းက မေမေနဲ့ သားက ရွေးချယ်မှုတိုင်းမှာ ထပ်တူကျခဲ့ကြတာပဲ မလား... သား သူ့ကိုချစ်သလို မေမေသာ ခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးရင် အဆောလေး လို့ တဖွဖွခေါ်ပြီး ပါးစပ်ဖျားက မချ ချစ်နေမယ်ဆိုတာ သား ယုံကြည်တယ်...

ပြီးတော့လေ မေမေ...

သူ သားဘဝထဲကို ရောက်လာမှ သားရဲ့ အထီးကျန်ဘဝလေးက စိုပြည်လာတယ် ပြောရမလား...

ဒီကောင်လေးအကြောင်းတွေ တွေးတော စဉ်းစားနေရတာနဲ့ သား မှာအထီးကျန်ဖို့ အချိန်တွေမရှိတော့ဘူးလေ...

ပြီးတော့ သူက ပြောတယ် မေမေရဲ့....

သားဘေးမှာ အားအင်တစ်ခုအဖြစ် ရှိနေပေးမှာမို့ သားအိမ်မက်တွေဆီ လျှောက်ရာလမ်းကို မရပ်တန့်လိုက်ရဘူး တဲ့...

သူ့အားပေးစကားလေးတွေက သားကို တကယ် အားတက်စေပါတယ်...

ပြီးတော့ ပြီးတော့လေ မေမေ သိလား...

သားတစ်ဘဝလုံးကို သားကို အဲ့လို အားအင်တွေ ပေးနိုင်တဲ့ သူနဲ့ပဲ ရှေ့ဆက်ချင်တယ်... သူ့ကို သားအနားမှာပဲ တစ်သက်လုံး ရှိနေစေချင်တယ် မေမေရယ်....

ဒါပေမယ့် ဒီ ပဟေဠိဆန်လွန်းတဲ့ ကောင်ငယ်လေးက သားအနားမှာ အချိန်အတိုင်းအတာတစ်ခုထိပဲ ရှိနေပေးနိုင်မယ်တဲ့လေ...

သား ချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ထားခဲ့ခံရပြီး အမြဲတစ်ယောက်ထဲ ကျန်ရစ်ခဲ့ရလို့လား မသိဘူး သားတော့ သူ့ကို တစ်ဘဝလုံး ပိုင်ဆိုင်ချင်တယ် မေမေရယ်... သား သူ့ကို ပိုင်ဆိုင်ချင်လို့ လောဘ တွေ တက်နေမိပြီ...

ဒီတစ်ခါသာ သား ချန်ရစ်ခဲ့ခံရရင် သား ရှေ့ဆက် အသက်ရှင်နိုင်ပါတော့မလားတောင် မသေချာဘူး....

ဒါကြောင့်လေ... မေမေ့ဆီကို ဘယ်တော့မှ မပူဆာဘူးတဲ့ သားက ဒီတစ်ခါတော့ မေမေ့ကို ပူဆာချင်တယ်....

ဒီအဖြူရောင် ကောင်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ ကောင်းကင်ဘုံကနေ မေမေ ကူညီပေးပါ...

ဒီကောင်လေးကို ပိုင်ဆိုင်နိုင်ဖို့ သားဘေးမှာနေပြီး စောင့်ရှောက်ပေးပါ မေမေ...ပြီးတော့ ဖေဖေရောပေါ့... ဖေဖေ မေမေ့အပေါ် ချစ်ပေးတဲ့ အချစ်မျိုးနဲ့ ဒီကောင်လေး သားကို ပြန်ချစ်လာနိုင်အောင် ကူညီပေးပါ... သား ဒါလေးတစ်ခုတော့ ပူဆာပါရစေ ဖေဖေနဲ့မေမေ **

ဂါရဝပြုလို့ အပြီးမှာ သစ်ပင်ကြီးရဲ့ခြေရင်းက မြက်ခင်းစိမ်းစိမ်းပေါ် နှစ်ယောက်အတူ ထိုင်လိုက်ကြသည်။ နှစ်ယောက်လုံး ကျကျနန ထိုင်လို့အပြီးမှာ

" ဒီလိုနေ့ရက်မျိုးမှာ ကိုယ့်ဘေးနား ရှိနေပေးလို့ အဆောကို ကိုယ် ကျေးဇူးတင်ပါတယ် "

" မလိုပါဘူး Sunghoon ရယ်... ကျွန်တော်ကတောင် Sunghoon ကို ပြန်ပြီး ကျေးဇူးတင်နေရတာပါ "

" ဘာအတွက်လဲ အဆော ရဲ့ "

" ဒီလိုမျိုး ကျွန်တော့်ကို အလေးထားပေးလို့ရော... ကျွန်တော့်ရဲ့ တည်ရှိမှုက Sunghoon အတွက် အားအင်တစ်ခု ဖြစ်ရတယ်ဆိုလို့ရောပေါ့ "

" အဲ့ဒါ တကယ်ပါ အဆော... ကိုယ့်ဘေးနား အဆောရှိနေရင် ကိုယ် ဘာမဆို ရင်ဆိုင်ဖို့ အသင့်ပဲ "

" တကယ် ??? "

" တကယ်ပေါ့... "

ကျွန်တော်ရှိရာဘက် ခေါင်းလေး စောင်းစောင်းကြည့်ပြီး မျက်ဆန်ညိုလေး ထောင့်ကပ်ကာ အပြုံးမျက်နှာလေးနဲ့ ပြောနေတဲ့ အဆောက တကယ်ကို မျက်လုံးမလွှဲချင်လောက်အောင် ချစ်စရာ ကောင်းနေပြန်တော့ ကျွန်တော့်မျက်လုံးတွေဟာ အလိုက်သိစွာ အဆော မျက်နှာပေါ်မှာပဲ။

" အဆောသိလား... ကိုယ်လေ... ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မယ်အချိန်တိုင်း... ကိုယ်တစ်ယောက်ထဲ အထီးကျန်တယ်လို့ ခံစားရတိုင်း.. ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလို့ စိတ်တွေ ညစ်လာတိုင်း ဖေဖေနဲ့မေမေ့ ဆီ အမြဲ လာဖြစ်တယ်... ကိုယ့်စိတ်ထဲ ရှိတာတွေ ခံစားနေရတာတွေ ဖေဖေနဲ့မေမေ့ရှေ့ ရင်ဖွင့်လိုက်ရရင်... ကိုယ် ခံစားနေရတာတွေ သက်သာသွားတယ်လေ "

" ဒါပေါ့ Sunghoon ရဲ့ "

" ခုတော့ ကိုယ့်ဘေးမှာ အဆောရှိနေတော့ ကိုယ် ပိုပြီး အားရှိသွားပြီ "

" Sunghoon အဲ့လိုတွေပြောရင် ကျွန်တော့်ရင်ဘတ်ထဲက တမျိုးကြီးပဲ... "

" ဟင်... ဘာလို့လဲ အဆောရဲ့ "

" မသိဘူး Sunghoon ရယ်... ကျွန်တော့်ဘဝမှာလေ... မေမေကလွဲပြီး ကျွန်တော့်ကို အဲ့လို တန်ဖိုးထား ဆက်ဆံတဲ့လူ မရှိဖူးတော့ Sunghoon က ဒီလိုပြောလာတော့ ကျွန်တော့်စိတ်ထဲ ဝမ်းလဲ ဝမ်းသာသလို ကြည်လဲ ကြည်နူးမိတယ်... တကယ်ပဲ ကျွန်တော့်ရဲ့ ဖြစ်တည်မှုက တစ်စုံတစ်ယောက်အတွက် အကျိုးရှိစေတယ်လို့ စဉ်းစားမိလိုက်ရင် လူက လေထဲ မြောက်နေသလိုပဲ "

ဖေဖေနဲ့မေမေ...

ဒီကောင်လေးက ဖေဖေနဲ့မေမေ ဖန်ဆင်းပြီး သားအနားကို ပို့ပေးလိုက်တဲ့ အဖြူရောင် နတ်သား လေးများလား....

အခက်အခဲတွေ၊ အလုပ်ရဲ့ ဖိအားတွေ ခံနေရတဲ့ သားက ခုလို မေမေ့ရဲ့နှစ်ပတ်လည်နေ့မျိုးမှာတောင် ပြုံးရယ်နေမိတယ်တဲ့လေ။

တကယ်ပါ သူက သားရဲ့ စိတ်တွေ အမြဲတမ်း ပေါ့ပါးပြီး ပြုံးပျော်နေနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အဖြူရောင် Angel လေး....

မျက်နှာလေး ကြည်ကြည်လင်လင်နဲ့ ခေါင်းလေးမော့ကာ မျက်လုံးလေးမှိတ်ပြီး ပြုံးပြုံးလေးလုပ်နေတဲ့ ကောင်ငယ်လေးကို ကြည့်ပြီး Sunghoon မျက်တောင် မခတ်ဘဲ ငေးကြည့်နေမိတယ်....

မျက်လုံးလေး မှိတ်ပြီး ပြုံးနေတဲ့ ကောင်လေးက တစ်ကယ်ကို လူယောင်ဖန်ဆင်းထားတဲ့ နတ်သားလေးအလား...

နဖူးပြေပြေလေးပေါ် လေအဝှေ့ကြောင့် တလှုပ်လှုပ် ဖြစ်နေတဲ့ ဆံနွယ်ဖြူဖြူလေးတွေရယ်...

မထူမပါး မျက်ခုံးတန်းလေး အောက်က မျက်တောင်ရှည်လေးတွေ ဝန်းရံထားတဲ့ မျက်လုံးလှလှလေးရယ်...

မျက်လုံး မှိတ်ထားတာကြောင့် ကြည့်ခွင့်မရှိတဲ့ ဖန်ဂေါ်လီလေးလို ကြည်လင်တောက်ပနေတဲ့ မျက်ဝန်းညိုလေး တစ်စုံရယ်...

ချွန်မြမြနှာခေါင်းလုံးလုံးလေးနဲ့ လိုက်ဖက်ညီနေတဲ့ ပုံစံကျန ဆွဲဆောင်အား ပြင်းလှတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်...

အဲ့ဒီနှုတ်ခမ်းဖူးလေး ပြုံးရယ်လိုက်တိုင်းပေါ့ ပန်းသွေးရောင်ခြယ်တဲ့ နှုတ်ခမ်းအနားသတ်လေးတွေကြားက ပုလဲသွယ်လို သွားတန်းဖွေးဖွေးလေးတွေ လက်ကနဲ ပေါ်လာလိုက်တိုင်း သူ့မှာ ငေးကနဲ ဖြစ်ဖြစ်သွားရတာ ခဏတိုင်း။

ဒီလို ကောင်ငယ်လေးရဲ့ အလှတရားလေးတွေကို အနီးကပ် အသေးစိပ်ကြည့်မြင်နေရလေတော့ တသိမ့်သိမ့်ခုန်နေတဲ့ သူ့ရင်ဘတ်ထဲက ရင်ခုန်သံတွေဟာလဲ အတိုင်းသားလား...

ချစ်လိုက်တာ အဆောရယ်...

ကိုယ်တော့ အဆောကိုမှ မရရင် ရူးသွားလောက်မယ် ထင်ပါရဲ့...

တစိမ့်စိမ့်ငေးကြည့်နေမိရင်းမှာပေါ့ ...

နှုတ်က အလိုလို ထွက်သွားမိတဲ့ စကားတစ်ခွန်း...

သူ့ကိုယ်သူတောင် သတိမထားလိုက်မိခင်မှာလေ...

" ချစ်တယ် အဆော... ကိုယ် အဆောကို အရမ်းချစ်တယ်.... အမြဲတမ်း အတွက် တန်ဖိုးထားပြီး ချစ်ပေးမှာမို့ ကိုယ့်ဘေးနား တစ်သက်လုံး ရှိနေပေးနိုင်မလား ဟင် "

ချစ်တဲ့ စိတ်တွေ မဖုံးမဖိနိုင်တော့လောက်အောင် ယိုစိမ့်လာလို့ စိတ်ထဲက ပြောသလား နှုတ်ကပဲ ဖွင့်ဟလိုက်မိသလားတောင် သတိမထားလိုက်နိုင်ပါဘူး....

သူ ဒီလိုတွေ ပြောလိုက်မိတဲ့ ခဏ ဖျတ်ကနဲဆို ပွင့်လာတဲ့ မျက်ဝန်းညိုလေးက မယုံကြည်နိုင်ဟန် အရိပ်အငွေ့တွေနဲ့ ကျွန်တော့်ဘက်ကို လှည့်ကြည့် လာခဲ့တော့မှ မှားသွားပြီ လို့ စိတ်ထဲကနေ
သူ့ကိုယ်သူ ပြန်ပြောလိုက်မိတယ်။

သူ အမှား အကြီးကြီးကို လုပ်လိုက်မိတာပဲ...

တကယ်ဆို ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဖွင့်ပြောဖို့ ရည်ရွယ်ခဲ့တာမဟုတ်။

သေသေချာချာလေး နေရာတစ်ခုခုမှာ သီးသန့်လေး စီစဉ်ပြီးတော့မှာ တလေးတစား ဖွင့်ပြောဖို့ တွေးထားတာလေကွာ....

ညံ့လိုက်တာ Park Sunghoon ရယ်...

ရင်ထဲက အသံနဲ့ ပါးစပ်က ထုတ်ပြောမိတဲ့အသံကိုတောင် သဲသဲကွဲကွဲ မသိရတယ်လို့....

တကယ်တမ်းတော့လဲ ဒီလို အုံ့မှိုင်းနေတဲ့ ရာသီဥတုကြီးရယ်... လေအေးတွေတိုက်ခတ်နေတဲ့ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်နေတဲ့ အနေအထားရယ်... ဒီလို တိတ်တိတ်ဆိတ်ဆိတ် နေရာမျိုးမှာမှ ချစ်တဲ့သူနဲ့ နှစ်ယောက်ထဲရှိနေရတယ်ဆိုတဲ့ အသိရယ်ဟာ လူတွေရဲ့ စိတ်တွေကို ထွေပြားပြီး မှောက်မှားစေတတ်တာ မဆန်းပါဘူး။

Park Sunghoon တစ်ယောက်ဟာဆိုရင်လဲ ဒီလို မထူးဆန်းတဲ့ အမှားမျိုးကို ကျူးလွန်မိလိုက်တာပါပဲ။

ဒါပေမယ့်လဲလေ သူ့ကိုသူတောင် မပိုင်တော့တဲ့ ပိုင်ရှင်ရှိပြီးသား အရုပ်ကလေးကိုမှ တပ်မက်မိခဲ့တာကတော့ မှားတာပေါ့။

တကယ်ပါ Park Sunghoon ဟာ ပိုင်ရှင်ရှိပါတယ်လို့ တံဆိပ်ကပ်ခံထားရတဲ့ အရုပ်ကလေးရဲ့ နုနုနယ်နယ် နှလုံးသားလေးကိုမှ ပုတ်နှိုးလိုက်မိတာက မှားတာ....

************************************

Love you all my Vitamins 💙

San Htarni 💙

8.3.2023

Comment