~ 28 ~

~ 28 ~

" မင်း တကယ်ပဲ ဆေးရုံကဆင်းချင်တာ သေချာလို့လား Park Sunghoon "

" ဆင်းချင်နေတာ အရင်ရက်ကတည်းကပဲ... ဒီမှာ မွန်းကြပ်လွန်းလို့ မနေချင်တော့ဘူး "

" ပြောမရရင်လဲ ဆင်းပါ... ဒါပေမယ့် လိုအပ်တဲ့ ဆေးကုသမှုတွေကိုတော့ ပုံမှန်လာခံယူမှ ဖြစ်မယ်နော် "

" စိတ်ချပါ အတွင်းရေးမှူး Lee... ကျွန်တော် အဲ့လောက်ထိတော့ မမိုက်မဲပါဘူး... လိုအပ်တာ မှန်သမျှအားလုံး လုပ်မှာပါ... ခုကလဲ သက်သာနေပြီမို့ပါ "

" အပေါ်ယံ ဒဏ်ရာတွေ သက်သာတယ်ဆိုပေမယ့် ​ခြေထောက်က...."

ပြောလက်စကို ရပ်တန့်လိုက်ကာ သံရှည်ဆွဲပြီး စဉ်းစားနေပုံက သူ့ကို ရှေ့ဆက် ပြောဖို့ အားနာနေတာပဲလား... သနားနေတာပဲလား...

ဒါပေမယ့် ဒါ သနားစရာမှ မဟုတ်တာဘဲ...

"အဟင်း... ရပါတယ်... လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် ပုံမှန်ပြန်ဖြစ်သွားမှာပေါ့ "

" လေ့ကျင့်ရင် ပြန်ကောင်းမယ်ဆိုပေမယ့် မပေါ့ဆ သင့်ဘူးနော်... ဖြစ်နိုင်ရင် ခြေထောက်အသုံးပြုတာကို တတ်နိုင်သလောက် ရှောင်စေချင်တယ် "

" စိတ်ချပါ အတွင်းရေးမှူး Lee... ကျွန်တော် ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ပါတယ် "

" ဟုတ်ပါပြီ... ကိုယ်က မင်းအတွက် စိုးရိမ်လို့ ပြောတာပါ... "

" ကျေးဇူးပါ အတွင်းရေးမှူး Lee... ကျွန်တော် ဆေးရုံတက်နေရတဲ့ အတောအတွင်း လိုလေသေးမရှိ ဂရုစိုက်ပေးခဲ့လို့လဲ တကယ်ကို ကျေးဇူးတင်နေရပါတယ်..."

" ရပါတယ်... ကိုယ့်အတွက်က အပန်းမကြီးပါဘူး ... ကိုယ် လုပ်ပေးခဲ့တာတွေ အားလုံးက CEO ရဲ့ ညွှန်ကြားမှုတွေပဲမို့ မင်း တကယ် ကျေးဇူးတင်ချင်ရင် CEO ကိုပဲ ကျေးဇူးတင်လိုက်ပါ "

" ကျွန်တော် တစ်ခုလောက် မေးလို့ရမလား အတွင်းရေးမှူး Lee "

" ဘာများလဲ "

" အဆော... အဆော.. အဆင်ပြေနေရဲ့လား... "

" CEO က သေချာ ဂရုစိုက်ထားပါတယ်... အဲ့အတွက် Park Sunghoon မစိုးရိမ်လဲ ဖြစ်ပါတယ် "

" CEO ကို ပြောလိုက်ပါ... အဆောကို ကာကွယ်စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် လို့ "

" ဟုတ်ပါပြီ ကိုယ် ပြောပေးပါ့မယ်... ဒါနဲ့... မင်း ဆေးရုံဆင်းဖို့က... ကိုယ် လိုက်မပို့လို့ တကယ် ဖြစ်ရဲ့လား "

" သူငယ်ချင်းတွေ မကြာခင် လာကြလိမ့်မယ်... ကျွန်တော် ဖုန်းဆက်ထားတယ် "

" Ok လေ... ဒါဆို ကိုယ် သွားပြီ "

" ဟုတ်ကဲ့ပါ အတွင်းရေးမှူး Lee... ကောင်းကောင်းသွားပါ "

Heeseung ကျောခိုင်းကာ ထွက်လာခဲ့တော့ ဆေးရုံကုတင်ပေါ်မှာ ဆေးရုံဝတ်စုံလေးနဲ့ ဖျော့တော့စွာ ကျန်ခဲ့တဲ့ Sunghoon...

ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ တစ်ပတ်ကြာ နေလိုက်ရကာ ဆရာဝန်တွေ တရားဝင်ခွင့်ပြုတာ မဟုတ်ပေမယ့် ဆေးရုံဆင်းချင်ပါတယ် ဇွတ် ပြောနေတာကြောင့် Heeseung ဆေးရုံသို့ လာ၍ ဆင်းဖို့ ကိစ္စတွေကို လုပ်ပေးရသည်။

ခေါင်းကဒဏ်ရာကလဲ နက်သွားတော့ ချုပ်လိုက်ရကာ ယနေ့မှ ပတ်တီးဖြည်၍ ပြီးသည်။

နံရိုးတစ်ချောင်းကျွံသွားတဲ့အတွက်လဲ သိုင်းပတ်ထားရတဲ့ ပတ်တီးတွေက ခန္ဓာကိုယ်မှာ နေရာယူထားသေးသည်။

ဒီထက်ဆိုးတာက ခြေထောက်တစ်ဖက်...

သူကိုယ်တိုင် မိုက်ရူးရဲ ဆန်ဆန် ရိုက်ချိုးခဲ့တဲ့အပြင် ထပ်မံ အရိုက်ခံထားရမှုကြောင့် အရိုးကြေ သွားကာ ဆေးစည်းထားရသည်။

ဒီလို တစ်ကိုယ်လုံး ပတ်တီးအဖွေးသားနဲ့ကိုပဲ တဇွတ်ထိုး သမားက ဆေးရုံမှာ မနေချင်ပြန်ပါဘူးတဲ့။

တစ်ယောက်ထဲ ထားခဲ့ရပေမယ့် Heeseung ဒီကောင်လေးကို စိတ်မချတာ အမှန်ပါ။ ဆေးရုံမှာက ပြုစုဖို့ သီးသန့် Male Nurse တစ်ယောက်ထားပေးထားပေမယ့် ထို Male Nurse ကို အိမ်ကို မခေါ်ချင်ပါဘူး ဆိုနေတာကြောင့် Heeseung သူ့သဘောအတိုင်းသာ လုပ်ပေးလိုက်ရသည်။

CEO ပိုင်တဲ့ ဆေးရုံကြီးမှာ တော်ပေ့ဆိုတဲ့ ပါရဂူကြီးတွေနဲ့ ချက်ချင်းကုသမှု ခံယူထားတာဆိုတော့ ဒဏ်ရာတွေရဲ့ တိုးတက်မှုနှုန်းကတော့ မြန်ပါသည်။

ဆေးရုံကုတင်ပေါ်မှာတော့ ဖျော့တော့တဲ့ မျက်နှာလေးနဲ့ ယဲ့ယဲ့လေး ပြုံးနေလေတဲ့ Park Sunghoon...

အားနည်းနေတဲ့ မျက်ဝန်းလေးတွေနဲ့ ပတ်တီးတွေ အထပ်ထပ် စည်းထားတဲ့ ခြေထောက်လေးကို မျက်တောင်မခတ် ကြည့်ရင်း သူ ပြုံးနေမိတာ...

နားထဲမှာတော့ ဆရာဝန်ကြီး ပြောလိုက်တဲ့ စကားတွေကို ပြန်ကြားယောင်ရင်းပေါ့...

" မင်းရဲ့ ခြေထောက်က ရိုးရိုးတန်းတန်း အရိုးအက်တာမဟုတ်ဘူး... အရိုးပါ ကြေသွားတာ... အဲ့ဒါကြောင့် အခုတော့ အတိအကျ မပြောနိုင်သေးပေမယ့် ပတ်တီးဖြည်တဲ့နေ့မှာ ကြံ့ခိုင်မှု ပြန်စစ်ကြည့်လို့ ဆရာ စိတ်တိုင်းမကျရင် မင်း ကစားသမားဘဝက အပြီးတိုင် အနားယူရနိုင်​ချေ ရှိနေတယ်... ဘာလို့ အဲ့လို ပြောရလဲဆို မင်းရဲ့ ကစားနည်းက ခြေထောက်ကို အားပြုပြီး ကစားရတာမို့ပဲ... မညှာမတာ သွားလုပ်လိုက်မိရင် မင်း တစ်ဘဝလုံး ဒုက္ခိတဖြစ်သွားနိုင်တယ် " တဲ့...

အဆောရယ်... မောင့်အတွက်ကတော့ ကစားသမားဘဝ စွန့်လွှတ်ရလဲ ဘာမှ မဖြစ်ပါဘူး... အဓိက က မောင့်အချစ် အန္တရာယ်တွေ ကင်းပြီး အဆင်ပြေပြေ ရှိနေဖို့ပဲ...

တန်ပါတယ်... မောင့် ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရမယ်ဆိုရင်တောင် အဆောအတွက်မို့ တန်ပါတယ်...

မောင့်အသက်ကို ပေးရမယ်ဆိုရင်တောင် မောင်က မငြိုငြင်ဘူးမို့ မောင့်အဆောက ကျန်းကျန်းမာမာလေးပဲ ရှိနေပေးပါ...

ဆေးရုံပြတင်းကနေ မြင်နေရတဲ့ မှိုင်းညှို့ညှို့ကောင်းကင်ကြီးကို Sunghoon မော့ကြည့်လိုက်ပြီး ဆွေးဆွေးမြေ့မြေ့လေး ရေရွတ်လိုက်မိသည်။

"...လွမ်းတယ်... မောင့် အချစ်ရယ်...."

ခဏအကြာမှာတော့...

ဆေးရုံခန်းလေးထဲက တွေးငေးနေတဲ့ ခပ်ဆွေးဆွေးကောင်လေးကို သနားလို့ထင်ရဲ့ ကောင်းကင်ကြီးက မိုးတွေရွာချပေးလာတာ တဖွဲဖွဲ...

ခပ်ဖွဲဖွဲကျနေတဲ့ မိုးစက်ကလေးတွေဟာ လေအဝေ့မှာ မှန်ပြတင်းကို အရှိန်နဲ့ လာရိုက်ခတ်လိုက် အောက်သို့ လျှောကျသွားလိုက်နဲ့ ဖြစ်နေတာကို မမှိတ်မသုန်စိုက်ကြည့်ရင်း Sunghoon ရဲ့ မျက်ဝန်းတွေထဲမှာလဲ ငွေ့ရည်ကြည်တို့ ရစ်သိုင်းလို့...

" ဒီတစ်နှစ်အတွက် မိုးစက်လေးတွေ ရွာချဖို့ ကုန်ဆုံးသွားတဲ့အခါ တစ်ဆောင်းသစ်တော့မယ်အဆောရယ်... ဆောင်းရောက်ရင်တော့ မောင်တို့ အိုလံပစ် ပြိုင်ပွဲတွေ စ တော့မယ်... အဲ့အချိန်ရောက်ရင်... အဲ့အချိန်ရောက်ရင် မောင့်ခြေထောက်တွေ ပြန်ကောင်းလာနိုင်ပါ့မလား... "

တွေးရင်း ဆွေးရင်း ငေးရင်း တီးတိုးရေရွတ်ရင်း နဲ့ တိတ်ဆိတ်နေတဲ့ အခန်းလေးထဲ တစ်ယောက်ထဲ ရှိနေတဲ့ Park Sunghoon...

.
.
.

" ကျွန်တော် နောက်ဆုံး တောင်းဆိုတာပါ Jay... သူ့အခြေအနေကို သိရပြီးရင် ပြန်လာပါ့မယ်... ကျွန်တော့််ကို သွားခွင့်ပြုပါနော်"

ထပ် တစ်ခါ ကြားလိုက်ရပြန်တဲ့ တောင်းဆိုသံ...

Jay ဘေဘီ့ဆီ ရောက်တိုင်း တခြားအကြောင်းအရာတွေ ပြောပြီးပြီဆို နောက်ဆုံး ဦးတည်းရာက ဒါ...

Park Sunghoon ဆီသွားဖို့။

မသိအောင် လုပ်တာမျိုး မဖြစ်ချင်လို့ တရားဝင် ခွင့်တောင်းတာပါတဲ့...

လက်ထပ်မယ့်အကြောင်းလဲ အသိပေးရင်း... ဒဏ်ရာတွေရဲ့ အခြေအနေ ခြေထောက်ရဲ့ အခြေအနေကို သိချင်ပါတယ်တဲ့လေ...

" အသက်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်လာတာတောင် မကြာသေးဘူး မင်းက အပြင်ကို သွားချင်နေတုန်းပဲလား ဘေဘီ... ဒီအရိပ်ဆိုးကြီးထဲကနေ မင်း ဘယ်လောက်ထိရုန်းထွက်ခဲ့ရလဲ မင်းလဲ အသိပဲလေ... စိတ်တွေ အခုမှ တည်ငြိမ်ခါစလေ ဘေဘီရယ်... "

ပြောလို့ပြောတာမဟုတ်။ သွေးတွေမြင်ပြီး စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်သွားတဲ့ ဘေဘီ့ကို သူတို့တွေ ဘယ်လိုတောင် ပြုစုခဲ့ရလဲ...

တချိန်လုံး သွေးတွေ.. သွေးတွေ အများကြီးပဲ... သွေးတွေ... လို့ တတွတ်တွတ် ပြောနေပြီး တုန်လှုပ်နေတဲ့ ဘေဘီ့ကို စိတ်တွေ ပြန်ပြီး တည်ငြိမ်လာဖို့ သူတို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ရတာ။

ခုလို သူ့စိတ်တွေ တည်ငြိမ်သွားတဲ့အခါမှာတော့ သူ့အသိ သူ့အာရုံထဲ Park Sunghoon တစ်ယောက်ပဲ ရှိသလားမသိ... သွားတွေ့ဖို့ကို အထပ်ထပ် ပူဆာနေတော့တာ။

" သူ... သူ အဆင်ပြေရဲ့လား သိချင်လို့ပါ... ခဏပဲ ခဏလေးပဲလေ Jay... ကျွန်တော့်ကို ခွင့်ပြုပါနော် "

" မင်း ငါ့အပေါ် ဒီလောက်ဆိုးရရင် တော်ရောပေါ့ ... ဘာလို့ ထပ်ခါထပ်ခါ ဆိုးချင်နေရတာလဲ... ငါ့ စကားကိုပဲ နားထောင်ပြီး ငါ့အရိပ်မှာပဲ လုံလုံခြုံခြုံ နေစမ်းပါ "

" ခဏလေးပါ လို့ ဆို "

" ထပ် မပြောတော့နဲ့... မင်းလဲ ဒီဖြစ်ရပ်ဆိုးကြီးကြောင့် အတော်လေး တုန်လှုပ် ထိတ်လန့်ထားတာမို့ ကိုယ် အတင်းအကြပ်တွေလဲ မလုပ်ချင်ဘူး... ကိုယ် ပြောတာကို အသာတကြည် နာခံလိုက်ပါ "

"....... "

ခေါင်းလေးငုံ့ကျသွားပြီး နှုတ်ခမ်းလေး စူနေတဲ့ ဘေဘီက သူ့စကားကို အရေးမလုပ်ဟန်ဖြင့် ဘာတစ်ခွန်းမှ ပြန်ပြောမလာ...

ဒါပေမယ့်လဲ Jay အလိုလိုက်လို့ မဖြစ်ပါ...

သူ ဘယ်လိုတောင် ဒီကလေးကို ဆုံးရှုံးတော့မလိုတွေ ဖြစ်ခဲ့ရတာမို့လဲ...

တင်းကြပ်ထားမှ ရမည်မို့ သူ ခပ်မာန်မာန်လေးသာ ဆိုလိုက်မိသည်။

" ဒီတစ်ခါ ထပ်ပြီး ကိုယ့်စကားတွေကို မလိုက်နာဘဲ ထင်ရာလုပ်ရင် ကိုယ်ညှာမှာ မဟုတ်တော့ဘူးနော် ဘေဘီ...အဲ့အခါကျမှ ကိုယ့်အဆိုးမဆိုနဲ့... မင်းကိုယ့်ပေါ် ဆိုးသွမ်းထားတာ ဘယ်လောက်ထိ အန္တရာယ်တွေ များခဲ့လဲ... မင်း အသိဆုံးပါ "

" ကျွန်တော် သူ့ကို နောက်ဆုံးအနေနဲ့ တွေ့ချင်လို့ပါ... သူ့ကို တရားဝင် နှုတ်ဆက်ခဲ့မှ တရားရာကျမှာပေါ့... ဘာမှ မပြောခဲ့တဲ့... နှုတ်မဆက်ခဲ့ဘဲ သူ့အပေါ် ဒီလိုကြီး လုပ်သွားရင် သူ ဘယ်လောက်တောင် ခံစားရရှာမလဲ... "

" ဒီလို စကားတွေက ကိုယ့်ကို ပြောသင့်ရဲ့လား... ကိုယ့်ရှေ့မှာ ဒီလိုစကားတွေ ပြောနေတာ မင်း မရှက်ဘူးလား ဘေဘီ "

" ဟုတ်ပါတယ် ကျွန်တော် Jay ကို ဒီလိုစကားတွေ ပြောနေတာ ကျွန်တော် တော်တော် အရှက်မဲ့နေပြီမှန်းလဲ သိပါတယ်... ဒါပေမယ့် ကျွန်တော်နဲ့ Jay လက်ထပ်ရတော့မယ့် အချိန်မှာ ကျွန်တော် Jay အပေါ် သစ္စာမပျက်ချင်လို့ Jay ဆီမှာ တရားဝင် ခွင့်တောင်းနေတာပါ "

" ကိုယ်ကတော့ ခွင့်ပြုမပေးနိုင်ဘူး ဘေဘီ... မင်းနဲ့ သူ ဘယ်လိုအကြောင်းမျိုးနဲ့မှ ထပ် ပတ်သက်တာကို ကိုယ်မလိုလားဘူး "

" ကျွန်တော့်ကြောင့်နဲ့ သူ့​ခြေထောက်တွေ ထိခိုက်မိထားတယ်လေ Jay ရယ်...ဒါတောင် ကျွန်တော်က သွားကြည့်ခွင့်မရှိဘူးလား... "

" အဲ့အတွက်လဲ ကိုယ် သူ့ကို အကောင်းဆုံး ဆရာဝန်တွေနဲ့ ကုသပေးထားတယ်... မင်း စိတ်ပူနေစရာ ဘာအကြောင်းမှ မရှိဘူး ဘေဘီ "

" Jay...."

" တော်ပြီ ဘေဘီရာ... ကိုယ့်ကို ဒါနဲ့ ပတ်သက်ပြီး ဘာမှ ဆက်မပြောတော့နဲ့...ကိုယ် တော်တော်လေး စိတ်ရှုပ်နေပြီ "

" ဟုတ်ကဲ့ပါ... "

Jay တကယ်ကို စိတ်ရှုပ်နေပါပြီ။ ဘယ်လို လူမျိုးက ကိုယ်လက်ထပ်မယ့်လူကို သူ့ရည်းစားဟောင်းနဲ့ သွားတွေ့မှာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးမှာမို့လဲ။

နှစ်ယောက်သား တွေ့ကြပြီး ငိုကြယိုကြ အလွမ်းသယ်ကြ ... ချစ်တာတွေ လိုလို မေတ္တာတွေ လိုလိုနဲ့ မောင်ရယ် အဆောရယ် လုပ်နေမှာကြီးကို ဒီကောင်က သွားဖို့ ခွင့်ပြု ကြည်ဖြူပေးရမယ်လို့။

မဖြစ်နိုင်လိုက်တာ။

သူက ခပ်ပြတ်ပြတ်ပြောလိုက်တော့ နဂိုညှိုးငယ်နေတဲ့ မျက်နှာလေးက ပို၍သေးကွေးသွားသလို ဖြစ်ကာ ခံစားချက်မဲ့နေတဲ့ ပုံစံလေးနဲ့ သူ့ရှေ့ကနေ ထ သွားတော့သည်။

Accident ကြောင့် ထိတ်လန့်သွားတာရော စိတ်မပျော်တာရောကြောင့် သေးသေးကွေးကွေး​ ခန္ဓာကိုယ်လေးဟာ ပို၍ပိန်သွားကာ အားအင်ချိနဲ့နေပုံနဲ့ လှုပ်ရှားမှုတွေဟာ အသက်မပါ။

ဒီရက်ပိုင်းတွေမှာ ဘေဘီ့မျက်နှာလေးပေါ် အပြုံးဆိုတာလဲ ပျောက်ကွယ်နေခဲ့ပြီး ဘယ်သူ့ကိုမှ စကားဟဟ မပြောဘဲ အခန်းတံခါးပိတ်ကာသာ နေတာက ခပ်များများရယ်။

ခြေထောက်တွေ လှုပ်ရှားတယ်ဆိုရုံ အပေါ်ထပ်ကို တစ်လှမ်းချင်း တက်သွားတဲ့ ဘေဘီ့ကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း Jay သက်ပြင်းမောတစ်ခုကို လေးလေးပင်ပင် ချလိုက်မိသည်။

" ကိုယ်လုပ်နေတဲ့ အရာတွေအားလုံးက မင်းကို အဆုံးရှုံးမခံနိုင်လို့ပါ ဘေဘီရယ်... "

.
.
.

Sunghoon တိုက်ခန်းက ဧည့်ခန်းဆိုဖာမှာ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ Sunghoon ရယ် Jake ရယ် Niki ရယ်...

ဧည့်ခန်း​လေးထဲမှာတော့ Jake နဲ့ Niki ရဲ့ မကျေမနပ်စကားတွေကို ဒိုင်ခံဖြေရှင်းနေရတဲ့ Sunghoon...

" ဒါကြီးကတော့ လုံးဝကို မမိုက်ပါဘူးကွာ... မင်း ဆေးရုံတက်နေတုန်းကလဲ ပေါ်မလာ..ခု အိမ်ပြန်ရောက်တဲ့ထိ လာမတွေ့တာကြီးက တော်တော်ကို တာဝန်မဲ့လွန်းရာ ကျနေပြီ "

" မဟုတ်ပါဘူး Niki ရာ... အဆောအကြောင်းကို ငါအသိဆုံးပါ... သူ့မှာလဲ လာလို့မရတဲ့ အကြောင်းတွေ ရှိနေလို့ပါ... သူ့စိတ်အတိုင်းသာဆို ငါ့အနားကကို ခွာမှာ မဟုတ်ဘူး ငါ သိတယ် "

" လူမိုက် ! မင်းက အသိဉာဏ်မဲ့ပြီးတော့ကို မိုက်တဲ့ လူမိုက်ပဲ သိလား Park Sunghoon "

" မင်းတို့က ငါ့ကို မိုက်မဲတယ်လို့ ထင်နေမှာပေမယ့် ဒါ အချစ်ပါ... တကယ်တမ်းက အဲ့ဒါ မိုက်မဲတာ မဟုတ်ဘူး... ချစ်တာ "

" မင်းက အဲ့အချစ်မှာ ဆေးမမှီအောင်ကို ကျရှုံးနေတာ... အချစ်အမည်ခံပြီး ကိုယ့်ဘဝကို ဆုံးအောင် လုပ်နေတာ "

" ကဲပါ သားကြီးတို့ရာ.. မင်းတို့ စေတနာတွေကို ငါ နားလည်ပါတယ်... မင်းတို့လဲ ငါ အဆောအပေါ် ချစ်တဲ့ အချစ်တွေကို နားလည်ပေးကွာ "

" ငါတော့ နားလည်မပေးနိုင်ဘူး ဟေ့ရောင်ရေ... သူ့ကြောင့် ဒီလောက်ထိ ဖြစ်ထားတဲ့လူကို တချက်လေး လာမကြည့်ဘဲ ပစ်ထားနိုင်တာ အံ့သြလို့ကို မဆုံးဘူး "

" သူ့ကြောင့် ဆိုပြီး မပြောပါနဲ့ကွာ... ဒါ ငါ့ရွေးချယ်မှုပါ... အဲ့အတွက်လဲ ငါ တစ်သက်လုံး အဆောကို အဆောကြောင့်ဆိုတာမျိုးနဲ့ ပိတ်လှောင်ထားမှာ မဟုတ်သလို... ဘယ်သူ တစ်ဦးတစ်ယောက်ကမှလဲ အပြစ်ပြောခွင့် မရှိဘူး ... "

" အေးပါကွာ... မေတ္တာရှင်ကြီး လုပ်နေလိုက်ပေါ့... မင်းကတော့ အချစ်နွံမှာ ရုန်းမထွက်နိုင်အောင် အဆော အဆောနဲ့ ဖြစ်နေတဲ့ အချိန်မှာ မင်း အဆောက သူ့ဘဲကြီးနဲ့ သာယာနေလားမှ မသိ "

" အဆောအကြောင်း မင်းတို့ ဂဃဏန မသိဘဲ မဝေဖန်ပါနဲ့... အဆောက အဲ့လိို လူမျိုးမဟုတ်ဘူး"

" ထားပါတော့...ဆက်ပြောနေလဲ ဘာမှ ထူးလာမှာမဟုတ်ဘူး... အမြင်မှန်မရတဲ့ မင်းကို ငါတို့လဲ ဘာမှ ဆက်မပြောချင်တော့ဘူး... ဗိုက်ဆာတယ် Niki လာ တစ်ခုခု လုပ်စားကြမယ် "

တစ်ယောက်တစ်ခွန်း ဝိုင်းပြောနေကြရင်း သူတို့စကားတွေ တိုးမပေါက်မှန်း သိသွားတဲ့ နောက်ဆုံး သူ့ကို တစ်ယောက်တည်းထားခဲ့ကာ မီးဖိုဆောင်ထဲ ဝင်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး Sunghoon ယဲ့ယဲ့လေးသာ ပြုံးလိုက်မိတော့သည်။

သူငယ်ချင်းတွေရဲ့ စေတနာတွေကို Sunghoon မသိလို့ မဟုတ်ပါဘူး။

အဆောနဲ့ သူ့ကြားမှာ သူငယ်ချင်းတွေကို ချပြလို့မရတဲ့ အပိုင်းလေးတွေက ရှိနေတော့ ဒါတွေကို နားမလည်တဲ့ Niki နဲ့ Jake က အဆောက သူ့ကို ပစ်ထားတယ်ဆိုပြီး စိတ်တိုနေကြတာ...

အဆိုးဝါးဆုံး ဝေဖန်တဲ့ စကားဆို .. " သူက မင်းကို ကစားသွားတာ.." တဲ့လေ...

အဆောက အဲ့လို လူမျိုးမှ မဟုတ်တာပဲ...

အဆောအချစ်တွေကို သူ ခံစားမိတယ်...

အဆော သူ့အပေါ် ဘယ်လိုအချစ်မျိုးနဲ့ ချစ်လဲ သူသိတယ်...

ဘယ်လို အခြေအနေတွေနဲ့ တောင် ချစ်ခဲ့ရတာမို့လို့လဲ...

အဆော သူ့ အပေါ်ထားတဲ့ ချစ်မေတ္တာ အတိမ်အနက်ကို သူသာ အသိဆုံးပါလေ...

ဘယ်လောက်ပဲ သူ့အပေါ် စိတ်ဆိုးနေနေ ပြစ်မထားရက်တဲ့ သူငယ်ချင်းတွေက မီးဖိုထဲမှာ စားသောက်ဖို့ လုပ်ပြီးတာနဲ့ သူ့ကို လာခေါ်တော့သည်။

" ရားးး မေတ္တာရှင်ကြီး Park Sunghoon... ဗိုက်ဟောင်းလောင်းနဲ့ အဲ့မှာ ထိုင်ငိုင်မနေနဲ့... လာ စားကြမယ် "

ပြောရင်း အနားရောက်လာပြီး သူ့လက်မောင်းအောက်က ခေါင်းလျှိုလိုက်ကာ တွဲထူလိုက်တဲ့ Niki...

တစ်ဖက်က Niki.. တစ်ဖက်က ချိုင်းထောက်ကို အားပြုကာ မီးဖိုထဲကို ဝင်သွားတဲ့ Sunghoon နဲ့ Nikiတို့ နှစ်ယောက်..

တံခါးဆီက Password နှိပ်သံလေးကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။

မီးဖိုထဲရောက်တော့ အားလုံး အဆင်သင့်ဖြစ်နေတဲ့ စားစရာတွေနဲ့ စားပွဲမှာ ထိုင်စောင့်နေပြီဖြစ်တဲ့ Jake...

" ဒီမှာ အားလုံး အဆင်သင့်ဖြစ်ပြီ လာစား... ငါတို့ သာ မလာရင် တစ်နေကုန် အငတ်နေမယ့်ကောင်...စားဖို့သောက်ဖို့ ဘာမှလဲ လုပ်ထားတာ မရှိဘူး "

Jake ရဲ့ ဆူဆူပူပူ အပြောကို Sunghoon အပြုံးလေးနဲ့သာ တုန့်ပြန်လိုက်ရင်း

" ငါ စားချင်စိတ်မရှိလို့ပါ သားကြီးရာ..."

" စားချင်စိတ်မရှိဘူး လုပ်မနေနဲ့... မင်း အရိုးတွေအတွက် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ အတွက် သင့်တင့်တဲ့ အစားအစာတော့ စားပေးရမယ်လေကွာ... ဒါမှ မင်း မြန်မြန် သက်သာလာမှာပေါ့ "

" အေးပါကွာ. .. နောက်ဆို စားပါ့မယ် တကယ်ပဲ...အမေလုပ် နေတယ် ပွစိပွစိ နဲ့ ငါ့ကို "

" လိ ကို အမေလုပ်... ငါသာ မင်း အမေဆို ဒီလိုသားမျိုး စွန့်ပစ်လိုက်တာ ကြာပြီ "

" ဒီလောက် လိမ်မာတဲ့ သားလေးကို "

" ဘယ်အမေမှ မင်းလိုကောင်ကို လိမ်မာတယ် ပြောမှာမဟုတ်ဘူး "

" ဟာ ငါ ဒီလောက် လိမ်မာတာကို "

" ဘယ်နေရာက လိမ်မာတာလဲ ပြောပါအုံး... ကိုယ့်အမေရဲ့ နောက်ဆုံး ဆန္ဒဖြစ်တဲ့ ပြိုင်ပွဲကိုတောင် ဂရုမစိုက်ဘဲ စိတ်ထင်ရာ လုပ်နေတာမျိုးက လိမ်မာတာလား "

" May be..."

" ရားးး Park Sunghoon... မင်း အခွက်ပြောင် မနေနဲ့... ငါ ထထိုးမိတော့မယ်...ကိုယ့်အတွက်ကို ပြန်မကြည့်ဘဲ... ဒီလောက် ချစ်ပြနေရအောင် မင်း ကောင်က အဲ့လောက်ထိ ချစ်ပေးဖို့ တန်လို့လား "

" တကယ် ချစ်တတ်သွားတဲ့ လူတွေမှာ ကိုယ့်အတွက် ဆိုတာမျိုး မရှိတော့ဘူး သူငယ်ချင်း... အရာရာဟာ ကိုယ့်ချစ်သူအတွက်ပဲ ဖြစ်သွားပြီ "

" ဥပမာ ..မင်းရဲ့ အိပ်မက်တွေကို စွန့်ပစ်ပြီး ခြေထောက်တစ်ဖက် သုံးစားမရတော့အောင်ထိ ချစ်ပေးလိုက်တာမျိုးလား "

" မင်းကလဲ အဲ့လိုတော့ မပြော..."

ဒေါက်...

ခွမ်းးး

Sunghoon စကားမဆုံးလိုက်...

နောက်ကနေ ကြားလိုက်ရတဲ့ ပစ္စည်းပြုတ်ကျသံများကြောင့် လှည့်ကြည့်လိုက်တော့ အဆော...

" အဆော...!!! "

မီးဖိုခန်းဝမှာ မယုံကြည်နိုင်တဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကို ကြည့်နေတဲ့ အဆော...

ကြမ်းပြင်ပေါ်မှာလဲ လက်ထဲက ပြုတ်ချသွားဟန်ရှိသည့် ပစ္စည်းများ...

မီးဖိုခန်းထဲက သုံးယောက်လုံးရဲ့ အကြည့်တွေဟာလဲ နှုတ်ခမ်းလေးတွေ ဟစိဟစိနဲ့ စကားပြောဖို့ရာ အရှိန်ယူနေပြိီး အသံမထွက်လာနိုင်ဘဲ မလှုပ်မယှက် ရပ်နေတဲ့ Sunoo ဆီမှာ စုပြုံကျရောက်လို့။

" အဆော..."

နောက်တစ်ကြိမ် အခေါ်မှာ မျက်တောင်လေးတွေ လှုပ်ခတ်လာပြီး သတိဝင်လာသလိုပုံစံမျိုးနဲ့ အဆောက သူ့ဘေးမှာ ထောင်ထားတဲ့ ချိုင်းထောက်ကို တစ်လှည့် သူ့ကို တစ်လှည့်ကြည့်ပြီး မျက်ရည်တွေ ကျလာကာ

" မောင်..."

" အဆော..."

မျက်ရည်စက်လက်နဲ့ မီးဖိုခန်းထဲကနေ လှည့်ထွက်သွားတဲ့ အဆောနောက်မှာ ငိုရှိုက်သံလေးတွေက ကပ်ငြိလို့။

" အဆော!!! အဆော..."

Sunghoon ဘေးက ချိုင်းထောက်ကို ကမန်းကတမ်းဆွဲယူကာ ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ နဲ့ အဆောနောက်က အပြေးလေး လိုက်သွားတော့ အိမ်အပေါက် ဖိနပ်ချွတ်ထိအောင် ရောက်နေပြီဖြစ်တဲ့ အဆော။

" အဆော... ရောက်လာပြီးမှ မောင့်ကို နှုတ်မဆက်ဘဲ ဒီတိုင်း ပြန်သွားတော့မလို့လား...ဟင်"

တသိမ့်သိမ့် လှုပ်ခါနေတဲ့ ကျောပြင်ငယ်လေးကို ကြည့်ပြီး အဆော သူ့ကိုယ်သူ အပြစ်တင်စိတ်တွေနဲ့ ဘယ်လောက်ထိ ဝမ်းနည်းငိုကြွေးနေပြီလဲ ဆိုတာ Sunghoon ရိပ်စားမိပါသည်။

ရှေ့လဲမတိုး နောက်လဲ လှည့်မကြည့်ဘဲ နေရာမှာတင် ခြေစုံရပ်ကာ အသံမထွက်အောင် ကြိတ်ငိုနေတဲ့ အဆောဆီကို Sunghoon ချိုင်းထောက်ကို အားပြု၍ တရွေ့ရွေ့တိုးကပ်သွားလိုက်သည်။

ပြီးနောက် ချိုင်းထောက်ကို နံရံမှာ ထောင်လိုက်ကာ လှုပ်ခါနေတဲ့ ကျောပြင်လေးကို ရင်ခွင်ထဲ ဆွဲသွင်း၍ နောက်ကနေ သိုင်းဖက်လိုက်ပြီး ပုခုံးတွေပေါ် မေးလေးတင်လိုက်ကာ

" မောင့်ကို ဒီတိုင်းကြီး ထားခဲ့ရက်လို့လား မောင့်အချစ်ရယ်... ဘာလို့ လှည့်ထွက်သွားရတာလဲ "

"....."

" မငိုပါ​နဲ့... မောင်တို့ မတွေ့ရတာ ကြာပြီလေကွာ... အဆောဆီက ချစ်စကားလေးတွေ မောင် ကြားချင်တယ်လေ... မောင့်ကို လှည့်ကြည့်ပြီး ချစ်တယ်လို့ ပြောပါအုံး... ဟင်.. "

"......''

" အဟင်း... ဆိုးလိုက်တာ မောင့်အချစ်ရယ်... မောင့်ကို မျက်နှာလေးတောင် မပြချင်တော့ဘူးလား...ပြောပါအုံး... ကျောကြီးပေးထားတယ်... မောင် အရမ်းလွမ်းနေရတဲ့ မျက်နှာလေးကို ပြပါအုံးကွာ... မောင် ကြည့်ချင်လို့ပါ "

ပိုပိုပြီး လှုပ်ခါလာတဲ့ ကျောပြင်လေးနဲ့ ပိုတိုး၍ ကျယ်လောင်လာတဲ့ ငိုရှိုက်သံတွေ...

" အချစ်ရယ်... မငိုပါနဲ့ကွာ... ဒါ ငိုစရာမှ မဟုတ်တာ... ခဏလေးပါပဲ.... မောင် သေသေချာချာ ကုသလိုက်ရင် နဂိုအတိုင်း လုံးဝကောင်းသွားမှာကြီးကို... ဘာလို့ အဲ့လောက်ထိ ငိုနေရတာလဲ... မငိုနဲ့... မောင့်အချစ် မောနေလိမ့်မယ် ..နော် "

" အဲ့ခြေထောက်တွေနဲ့စာရင် အဆောငိုလို့ မောတာက အရေးလား... ဟင် ပြောပါအုံး... ငို လို့ မောတာက အရေးလား လို့... "

ကျောပြင်လေးကို သိုင်းဖက်ထားတဲ့ သူ့လက်တွေကို ဆွဲဖြုတ်၍ မျက်နှာချင်းဆိုင် လှည့်လာကာ ရင်ဘတ်တွေကို ထုရိုက်ပြီး မျက်ရည်တွေနဲ့ ရန်လုပ်လာတဲ့ အဆော...

" မောင့်အတွက်ကတော့ မောင့် အဆော ငိုနေတာက ပို အရေးကြီးတယ် "

" ဆိုးလိုက်တာ... ဆိုးလိုက်တာ... မောင် အားကြီး ဆိုးတာပဲ... သိရဲ့လား... မောင် အရမ်းဆိုးတယ် ဆိုတာ သိရဲ့လား "

စိတ်ကြိုက်ထုရိုက်နေသမျှ သူ ပြုံးပြုံးလေးသာ ခံယူရင်း လွမ်းနေရတဲ့ မျက်နှာလေးကို တစိမ့်စိမ့် ငေးနေမိသည်။

" လွမ်းလိုက်ရတာ အဆောရယ် "

ထုရိုက်လို့ အားရတော့ ရင်ဘတ်အင်္ကျီစလေးကို စုကိုင်ထားတဲ့ အဆောလက်လေးတွေကို သူ လက်နှစ်ဖက်နဲ့ ဆွဲယူလိုက်ကာ မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်ပြီး နင့်နင့်သည်းသည်း ပြောလိုက်တော့ မျက်ရည်တို့ စိုလူးနေတဲ့ မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာသည်။

ရှိုက်သံလေးတွေကတော့ ထွက်ကျနေဆဲ...

" မိုက်မဲလိုက်တာ... မိုက်မဲလွန်းလိုက်တာ...မောင့် ဒီခြေထောက်တွေက ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာ မောင် မသိလို့လား ဟမ်...မောင် ဘာလို့ အဲ့လို မိုက်ရူးရဲ ဆန်တဲ့ အလုပ်မျိုးကို လုပ်ရတာလဲ "

" အဆော အတွက်ဆို... ဒီခြေထောက်တွေမှ မဟုတ်ဘူး... မောင့်အသက်ကို ပေးရမယ်ဆိုလဲ ဝန်မလေးဘူး အဆော ... မောင် ပြောပြီးပါရော.. ဘယ်အချိန်ဖြစ်ဖြစ် ဘာနဲ့ပဲ ယှဉ်လာလာ မောင့် ရွေးချယ်မှုက အဆောပဲလို့ "

" မောင်ရယ်... အဆောကြောင့်ပါ... ဒါတွေက အဆော ပေါ့ဆလို့ ဖြစ်ရတာ... အဆောကြောင့်... အဆောကြောင့် "

" ဟင့်အင် အဆော...အဆောနှုတ်က ဘယ်တော့မှ အဲ့လို စကားမျိုး မပြောရဘူး... မောင် ခွင့်မပြုဘူး "

" အဆောမှာ တောင်းပန်ဖို့ အပြင် ပြောစရာစကားတွေ လဲ မရှိတော့ပါဘူး မောင်ရယ်... တောင်းပန်ပါတယ် အဆော တောင်းပန်ပါတယ် "

" အဆော! မောင် ပြောနေတာကိုကွာ... ဒါ အဆောနဲ့ ဘာမှ မဆိုင်ဘူး... မောင့်ဘာသာ ရွေးချယ်တာ.. အဆောကြောင့် လုံးဝမဟုတ်လို့ အဆော ဘယ်တော့မှ မတောင်းပန်ရဘူး "

" မောင်ရယ်... "

အဲ့ဒီ့အချိန်မှာပဲ သူတို့နားကို တင်းမာခက်ထန်နေတဲ့ မျက်နှာကြီးနဲ့ ရောက်ချလာတဲ့ Niki...

လက်ထဲမှာလဲ ကဒ်လိုမျိုး တစ်စုံတစ်ခုကို ကိုင်ဆောင်လာရင်း...

" ဒါ ဘာလဲ... Kim Sunoo... ဒါ ဘာကြီးလဲ... ငါ နားမလည်လို့ နားလည်အောင် ရှင်းပြပေးစမ်း.. ဒါ ဘာလဲလို့ "

Sunghoon ရင်ခွင်ထဲက အဆောကို ဆွဲထုတ်လိုက်ကာ သူ့ လက်ထဲက ကဒ်လေးကို ကျန် လက်တစ်ဖက်နဲ့ ပုတ်ပြ၍ မေးလိုက်တဲ့ Niki စကားနဲ့ အပြုအမူကြောင့် Sunghoon ရုတ်တရက် ဒေါသထွက်သွားကာ

" Niki... ဒါ ဘာလုပ်တာလဲ... မင်း ဒါ ဘယ်လို အပြုအမူမျိုးလဲ "

ကိုယ်တစ်ယောက်လုံး ရှိနေတာတောင် ကိုယ့်ချစ်သူကို ကိုယ်ထိလက်ရောက် ပြုမူလိုက်တဲ့ Niki ပုံစံကို လက်မခံနိုင်တာကြောင့် Sunghoon လေသံမာမာနဲ့ မေးလိုက်တော့

" ဘယ်လို အပြုအမူလဲ သိချင်ရင် သူ့ကို မေး... ဘာ လုပ်တာလဲ သိချင်ရင် သူ့ကို မေးလိုက်... သူ မင်းအပေါ် ဘာလုပ်သွားလဲ သိချင်ရင် သူ့ကို မေးလိုက် ဟေ့ကောင်... ငါ့ကို လာမေးမနေနဲ့ "

ရုတ်တရက် ထ ဖောက်နေတဲ့ Niki ကို Sunghoon နားမလည်စွာ ကြောင် ကြည့်နေမိတဲ့ အခိုက် အနားကို Jake ပါ ရောက်လာပြီး Niki ကို ဆွဲခေါ်ကာ

" Niki.. ဒါ ငါတို့ ဝင်ပါရမယ့် ကိစ္စမဟုတ်ဘူးလေ... သူတို့ချင်း ရှင်းပါစေ... ငါတို့ ပြန်ကြရအောင် "

" မပြန်နိုင်ဘူး ကွာ... ငါ့သူငယ်ချင်းကို ဒီလို လုပ်သွားတဲ့ ကောင်ကို ငါ ဒီတိုင်း မထားခဲ့နိုင်ဘူး "

" Niki ငါ ပြောတာ နားထောင်ကွာ... ခုအချိန်က ဒီလို စိတ်ထင်တိုင်း လုပ်နေရမယ့် အချိန်မဟုတ်ဘူး "

" မင်းက မနာဘူးလား... ဟမ်..မင်း သူငယ်ချင်းကို ဒီလို နွား ဖြစ်အောင် လုပ်သွားတာလေ... ဒီကောင် ခြေတစ်ဖက် အဆုံးခံပြီး ချစ်ပေးခဲ့ရတာလေကွာ..."

" ငါ သိတယ်... ဒါပေမယ့် ဒါငါတို့ ကိစ္စမဟုတ်လို့ ဘေးထွက်နေရအောင်ပါ...လာပါကွာ... "

ဘေးကနေ အတင်းဆွဲခေါ်ကာ ဖျောင်းဖျနေတဲ့ Jake ရယ်... အဆောကို လက်ညှိုးငေါက်ငေါက်ထိုးကာ စိတ်တွေ ကြီး ပြီး ဒေါသထွက်နေတဲ့ Niki ရယ်...

အဆောကို ကြည့်လိုက်တော့လဲ မျက်နှာငယ်လေးနဲ့ ခေါင်းလေးငုံ့နေရှာသည်။

ဘာလဲဆိုတာ Sunghoon နားမလည်ပေမယ့် ဒါတွေရဲ့ အဖြေက Niki လက်ထဲက ကဒ်လေးထဲမှာ ရှိမယ်ဆိုတာ သိနေတာကြောင့် သူ ထိုကဒ်လေးကို ဆွဲယူကာ ကြည့်လိုက်မိသည်။

ထိုအရာကတော့ ရွှေရောင်စာလုံးတွေနဲ့ ရေးခြယ်သီကုံးထားပြီး ကြွားကြွားရွားရွား အလှဆင်ထားတဲ့ အဆောနဲ့ CEO Park ရဲ့ မင်္ဂလာဖိတ်စာကဒ်ပြားလေး။

လုံးဝမျှော်လင့်မထားတဲ့ အနေအထားကြီးကြောင့် Sunghoon ပြောစရာစကားတို့ ပျောက်ဆုံးသွားကာ ဆွံ့အ သွားရသည်။

လက်ထဲက ကဒ်လေးကိုပဲ တွေတွေကြီး စိုက်ကြည့်နေမိကာ ခြောက်သွေ့လာတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ ခဏတိုင်း သပ်ပြီးရင် သပ်နေမိသည်။

သူ့အမူအရာကို ကြည့်ပြီး အားမလိုအားမရဟန်နဲ့ Niki က အံကိုကြိတ်ကာ

" မြင်ပြီမလား... မင်း မြင်ပြီမလား ဟေ့ကောင် "

" အဟားးး ဟား ဟား ဒါက... ဒါက ဘာမို့လို့လဲ... ဒါ ကဒ်ပြားလေး တစ်ခုပါပဲ "

ကယောင်ကတမ်း သူ့အပြောမှာ သွေးဆူလွယ်တဲ့ Niki ဟာ ပေါက်ကွဲပြီးရင်း ပေါက်ကွဲလို့။

"ဟေ့ကောင် ဒါ ဒီလို အေးဆေး နေနေရမယ့် အချိန်မဟုတ်ဘူးကွ ... မင်းမှာ ဘာကျန်တော့လို့လဲ...ဟမ်... မင်းမှာ ဘာတွေ ရှိသေးလို့လဲ...သူ့အတွက်နဲ့ မင်းအိပ်မက်တွေကိုပါ စွန့်လွှတ်ရတော့မယ့် အချိန်မှာ ဒီကောင် ဘာလုပ်သွားလဲ.. ကြည့်လေ... မင်း ကြည့်...ဟေ့ကောင် မွှန်မနေဘဲ မင်း မြင်အောင်ကြည့်... ငါ မပြောခဲ့ဘူးလား.. ဒီကောင် မင်းကို ကစားနေတာလို့... အပျော်ရှာနေတာ အသိသာကြီး... သူ ပျော်ချင်ရုံသက်သက် ဆော့ကစားနေတဲ့ ပွဲမှာ မင်းက ဓားစာခံ ဖြစ်ပေးလိုက်ရတာ... ခု သိပြီမို့လား... နွားလို ကောင်ရဲ့... နောက်ဆုံးတော့လဲ သူ့ဘဝအတွက် ဘီလီယံနာကြီးကိုပဲ ရွေးချယ်သွားတာလေ... မင်းလို ကောင်ကို သူ ဘာလို့ ရွေးမလဲ... "

" တော်ပါတော့... တော်ပါတော့ကွာ... ငါ မကြားချင်ဘူး.. တော်လိုက်တော့ Niki... ငါတို့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဆွေးနွေးချင်လို့ မင်းတို့ ပြန်လိုက်ပါတော့...Jake ခေါ်သွားတော့ကွာ "

" လာပါ Niki ရာ... ငါတို့ ပြန်သင့်နေပြီ "

Jake ရဲ့ မရမက ဆွဲခေါ်မှုနောက် တောက်တခေါက်ခေါက်နဲ့ ပါသွားတဲ့ Niki။

တကယ်တမ်းက အလိုက်တသိနဲ့ မီးဖိုခန်းထဲက မထွက်ဘဲ ရှောင်ပေးနေတဲ့ သူတို့နှစ်ယောက်ဟာ Sunoo ပြုတ်ကျနေတဲ့ ပစ္စည်းတွေကို သိမ်းဆည်းကာ ရှင်းပေးနေကြရင်းမှ ပြုတ်ကျနေတဲ့ ကဒ်ပြားလေးကို ကောက်ယူပြီး ဖတ်ကြည့်မိလိုက်ခြင်းသာ။

မြင်မြင်ချင်း ဒေါသတွေနဲ့ Niki က Jake တားချိန်မရလိုက်အောင်ပင် Sunghoon တို့အနားကို ရောက်သွားကာ ပေါက်ကွဲတော့သည်။

Jake လဲ စိတ်မတိုဘူးလားဆို တိုတာပေါ့။ ဒါပေမယ့် ဒါ သူတို့ ကြားဝင်ပါလို့ ဖြစ်တဲ့ ကိစ္စမဟုတ်လေတော့ ပေါက်ကွဲနေတဲ့ Niki ကိုသာ ဖျောင်းဖျပြီး ဆွဲခေါ်လာခဲ့ရသည်။

Jake နဲ့ Niki ထွက်သွားတော့ ဖိတ်စာလေးကို လက်က ကိုင်ရင်း ချိုင်းထောက်လေးကို အားပြုကာ ဆိုဖာတွေ ရှိရာဆီ သွားပြီ ခြေကုန်လက်ပမ်းကျစွာ ထိုင်ချလိုက်တဲ့ Sunghoon...

တစ်ကိုယ်လုံးဟာ အားအင်တွေ ဆုတ်ယုတ်သွားသလို ပျော့ခွေနေကာ စိတ်ထဲမှာလဲ ဗလာနတ္ထိ။

တကယ်ကို ဘာဆို ဘာမှ မရှိတော့တဲ့ ဦးနှောက်အခွံကြီးနဲ့ သူ ဘာကိုမှ မတွေးတတ်တော့။

ဒါ ဘယ်လို အခြေအနေကြီးလဲ။

အဆော က သူ့အနားက ထွက်သွားမှာလား...

အဆောက သူ့ကို ထားရစ်ခဲ့တော့မှာလား...

သူ အဆောကို လက်လွှတ်ပေးလိုက်ရတော့မှာလား...

သူ.. သူကရော... ဘယ်လို ဖြစ်ပြီး ကျန်ခဲ့မှာလဲ... သူ ဘယ်လို ပုံစံမျိုးနဲ့ ကျန်ခဲ့ရမှာလဲ...

ခြေထောက်တွေရဲ့ အခြေအနေကြောင့် သူ့အိပ်မက်ပန်းတိုင်ဖြစ်တဲ့ Figure skate စီးခြင်းကိုလဲ လက်လွှတ်ရတော့မလို ဖြစ်နေတဲ့ အချိန်မှာ သူ အဆောကိုပါ ဆုံးရှုံးရမယ်ဆိုရင်...

သူ့မှာ... သူ့မှာ ဘာမှ မရှိတော့ဘူးလေ...

အဆောကို ပိုင်ဆိုင်နိုင်ဖို့ သူ ဆက်ပြီး ကြိုးစားလို့ မရတော့ဘူးလား...

မွန်းကြပ်လာတဲ့ အတွေးတွေနဲ့ ခေါင်းတွေ ချာချာလည်လာကာ သူ ဆံပင်တွေထဲကို လက်ချောင်းတို့ ထိုးသွင်း၍ ဆွဲဆုပ်လိုက်ပြီး တင်းကြပ်နေသမျှတို့ ပွင့်ထွက်သွားအောင် အော်ထုတ်လိုက်မိတော့သည်။

အားးးးးးး

ရားးးးးး

အားးးးးး

" မောင်... မောင်.... အဲ့လို မလုပ်ပါနဲ့... မောင့်ကိုယ် မောင် အဲ့လိုကြီး မလုပ်ပါနဲ့... မောင် မကျေနပ်ရင် အဆောကိုပဲ တစ်ခုခု လုပ်လိုက်ပါ.. နော် မောင် "

ဆံပင်တွေကို ဆွဲဆောင့်နေတဲ့ သူ့လက်တွေကို အတင်းဆွဲဖြုတ်နေပြီး ဘေးကနေ အသံတုန်တုန်လေးနဲ့ သတိပေးနေတဲ့ အဆောရဲ့ စကားသံတွေကိုလဲ သူ အာရုံမရောက်နိုင်...

ရင်ဘတ်ထဲက မွန်းကြပ်လာမှုတွေ ပြေလို ပြေငြား ဆံပင်တွေကို အသံကုန်အော်ရင်း ဆွဲဆောင့်နေမိတာ...

" ဟင့်...ဟင့်..မောင့်.. အဆော စကားကို နားထောင်ပါအုံး... မောင် အဲ့လိုကြီးမလုပ်ပါနဲ့ လို့.. အဆောကိုပဲ လုပ်လိုက်ပါ... မောင်... ဟင့် အင့် "

အဆောရဲ့ ငိုရှိုက်သံလေးတွေ ကြားလိုက်ရတော့မှ သူ အသိတို့ ပြန်ဝင်လာကာ ဘေးနားမှာ ကပ်ထိုင်နေတဲ့ အဆောကို လွတ်ထွက်သွားမှာ စိုးသည့်အလား ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။

" မောင် မင်းကို မစွန့်လွှတ်နိုင်ဘူး အဆော... မောင် မင်းကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး နော်... မောင့်အနားက ထွက်သွားမယ်လို့ မပြောနဲ့... မောင့်ကို မောင် သတ်သေပစ်လိုက်မှာ... မောင် မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ...သိရဲ့လား အချစ်ရဲ့ "

" မောင်... "

" ဟင့်အင်... မပေးဘူးနော်... မင်းကို မောင် ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး "

" မောင်ရယ်... "

" မောင် တွေ့လိုက်ရတဲ့ ဟာက တကယ် မဟုတ်ဘူးလို့ ပြောပေးပါ... အဲ့ဒါ တကယ် မဟုတ်ဘူးမလားဟင်... တကယ် မဟုတ်ပါဘူး နော်... မောင့်အချစ်က မောင့်ကို သိပ်ချစ်တာလေ... မောင့်ကို ခွဲမသွားဘူး မလား "

" မောင့်ကို အဆော ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး... ဒါတွေ အကုန်လုံးက အဆော အပြစ်တွေပါပဲ မောင်ရယ်... "

" မောင် မင်းကိုဘယ်သူ့ကိုမှ မပေးဘူး... ပြန်မလွှတ်တော့ဘူး...မောင်တို့ တစ်နေရာရာကို ထွက်သွားကြရအောင်လေ... သူတို့ ရှာလို့မရနိုင်မယ့် တစ်နေရာရာကို ထွက်သွားကြရအောင်ပါ... မောင် မင်းကို မခွဲနိုင်လို့ပါ "

" အဆောကို မမုန်းဘူးလား ဟင် မောင်... မောင့်အပေါ် ဒီလောက်ထိ ရက်စက်နိုင်တဲ့ အဆောကို မောင် မုန်းပစ်ရမှာလေ... မောင့်ကို ဒီလိုဖြစ်အောင် လုပ်ထားပြီးမှ မောင့်အနားက ထွက်သွားဖို့ လုပ်နေတဲ့ အဆောကို မောင် အပြစ်တွေ တင်လိုက်စမ်းပါ... အဆောကို ခွင့်မလွှတ်နဲ့ မောင်ရယ် "

" ဟင့်အင်... ဟင့်အင်... ခွင့်လွှတ်တယ်... မောင်က အဆောကို တစ်သက်စာ နားလည်ပေးပြီး ခွင့်လွှတ်ထားပြီးသားမို့ မောင့်အဆောမှာ အပြစ်မရှိဘူး..."

" ဘာလို့ အဆောကို အဲ့လောက်ထိ ချစ်ပေးရတာလဲ မောင်... အဆောက မောင့်အချစ်တွေနဲ့ မထိုက်တန်ပါဘူး... မောင် အဆောကို နာကျည်းပြီး မုန်းပစ်ပြီး စွန့်လွှတ်လိုက်ပါတော့ "

" မောင့်ဘဝမှာ အရာအားလုံး စွန့်လွှတ်ရမယ်ဆိုရင်တောင် အဆောတစ်ယောက်တော့ မောင့်ဘေးမှာ ရှိနေပေးပါ...

မောင် အဆုံးရှုံးမခံနိုင်တဲ့ တစ်ခုတည်းသော အရာက အဆောမို့ပါ...

ကျေးဇူးပြုပြီး မောင့်အနားက ထွက်မသွားလိုက်ပါနဲ့...

ဘယ်လို အခက်အခဲတွေပဲ ရှိရှိ မောင် ရင်ဆိုင်မှာမို့ မောင့်ကို မထားခဲ့ပါနဲ့ နော်..."

တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ အရူးတစ်ယောက်လို မထားခဲ့ဖို့ကိုပဲ တတွတ်တွတ် ရွတ်နေတဲ့ မောင်....

အဆော ရင်တွေ ကွဲကြေနေရပါပြီ မောင်ရယ်...

Sunoo မောင့်ရင်ခွင်ထဲကနေ ထွက်ခါ မောင့်မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး မောင့်ပါးလေးနှစ်ဖက်ကို အုပ်ကိုင်လို့ မျက်လုံးတွေထဲကို တည့်တည့်ကြည့်လိုက်ကာ

" အဆောကို ကြည့် မောင်... ပြီးရင် အဆော ပြောတဲ့စကားကို သေချာလေး နားထောင်ပေးပါ "

" မပြောပါနဲ့လား... မောင့်ကို ခွဲသွားဖို့ ပြောမယ့်စကားတွေဆို မောင် မကြားနိုင်လို့ပါ "

" မကြားချင်လို့ မရဘူး မောင်... မောင် သေချာ နားထောင်ပေးနော်..."

မျက်ရည်တွေနဲ့ မောင်က အဆောအလိုကျ ခေါင်းလေးညိမ့်ပြရှာသည်။

" တကယ်တော့လေ... ဒီလက်ထပ်ဖို့ ကိစ္စတွေက မောင် အဆောအိမ်ကို ရောက်မလာခင် အစောပိုင်း ရက်တွေတည်းက စီစဉ်နေတာပါ... အဆော မောင့်ကို မပြောရက်လို့... မောင် ခံစားရတာ တစ်ရက်ဆို တစ်ရက် သက်သာအောင် အဆော မပြောဘဲ နေခဲ့တာ... အဆော Jay ကိုငြင်းဆန်လို့ မရဘူး မောင်... သူ့ကျေးဇူးတွေက အဆောတို့မိသားစုအပေါ် အများကြီးမို့ အဆောတို့ သူ့ကို ဘယ်လိုမှ မတွန်းလှန်နိုင်ဘူး..."

"......."

" အဆော မိုက်ရူးရဲ ဆန်ဆန် အားလုံးကို လွှတ်ချခဲ့ပြီး မောင်နဲ့အတူ အဝေးဆုံးကို ထွက်သွားဖို့ထိ တွေးခဲ့မိတာပါ မောင်... ဒါပေမယ့်လေ... အဆော မေမေနဲ့ ညီမလေးရဲ့ မျက်နှာတွေကို ပြန်မြင်ယောင်မိတော့ အဲ့လို မလုပ်ရက်ခဲ့ဘူး... အဆော အဲ့လို လုပ်သွားလိုက်ရင် ကျန်ခဲ့တဲ့ မိသားစုတွေ ဒုက္ခရောက်ရမှာ... ပြီးတော့ ပြီးတော့... အဆောအပေါ် ကောင်းပေးခဲ့တဲ့ Jay ရဲ့ စေတနာတွေကိုလဲ စော်ကားသလိုဖြစ်မှာ... သိလား မောင်ရဲ့ "

" ဒါဆို မောင်ကရော... ဒီမောင်ကရော... မောင်ကအဆောအတွက် ထောက်ထားစရာမလိုတဲ့ ကောင်ကြီးလား... ဒီတိုင်းပဲ မလိုတဲ့ အချိန် ပစ်ချထားခဲ့လို့ ရတဲ့ အလကား ကောင်ကြီးလား... ဟင် အဆော "

" မဟုတ်ဘူး..မဟုတ်ဘူး မောင်... အဲ့လို မတွေးပါနဲ့... မောင်က အဆော အချစ်ရဆုံးသူပါ...အဆောအတွက် အရေးအပါဆုံးသူပါ... "

" ဒါနဲ့များ အဆောရယ်... အဆော ရွေးချယ်မှုတွေထဲမှာ မောင်က တစ်နေရာစာလေးလောက်တောင်မှ နေရာမရခဲ့ဘူးတဲ့လား "

" အဲ့လို မဟုတ်ပါဘူး မောင်ရယ်...အဆော ရင်ထဲမှာ မောင်က တစ်သက်လုံးရှိနေမှာပါ... အဆောရင်နဲ့အမျှ မောင်က နေရာယူထားတာပါ... ယုံပါနော် မောင်... မောင့်အပေါ်ထားတဲ့ အချစ်တွေက ဘယ်ချိန်ရောက်ရောက် အဆော ဘယ်သူနဲ့ပဲ ရှိနေနေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး "

အောက်နှုတ်ခမ်းလေးကို ဖိကိုက်လို့ ကြေကွဲ နာကျင်နေဟန် မောင့်မျက်နှာလေးကို Sunoo နင့်နင့်သည်းသည်း စိုက်ကြည့်နေမိပြီး မောင့်နဖူးလေးပေါ် အနမ်းဖွဖွတို့ ပေးလိုက်ကာ...

" အဆောရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးမယ်မလား... ဟင် မောင့် "

" အဆောရာ.... နားလည်မပေးနိုင်ပါဘူးလို့ ပြောတော့ရော... မောင် ဘာများ တတ်နိုင်အုံးမှာ မို့လို့လဲ ... အဆော ရက်စက်ခဲ့နိုင်သမျှ ဒီကောင်က ရင်အကွဲသားနဲ့ ကျန်ခဲ့မယ့် ကောင်ပါ... ရင်ဘတ်ဟောင်းလောင်းနဲ့ အသက်ဆက်ရတော့မယ့် ကောင်မှာ... ဘာများ ပြောပိုင်ခွင့်တွေ ရှိအုံးမှာ မို့လို့လဲ "

" တစ်သက်လုံးအတွက် ချစ်နေမှာပါ မောင်... "

ဒုန်းးး

ရုတ်တရက်... တိုက်ခန်းတံခါးချက်ဟာ အရှိန်ပြင်းစွာ ပွင့်ထွက်သွားပြီး ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ ဝင်ရောက်လာတဲ့ Jay...

Jay ရဲ့ နောက်မှာလဲ သူ့ရဲ့ Bodyguard နှစ်ယောက်က ကပ်ရပ်ပါလာခဲ့ကာ ဝင်ဝင်ချင်းမှာပဲ အခန်းထဲက ပစ္စည်းတွေကို တွေ့ရာ ဆွဲချ ရိုက်ခွဲကြလေတော့သည်။

ဝုန်းးး

ဒုန်းးးး

ဖြောင်းးး

" ဝပြီလား... မင်းတို့နှစ်ယောက် အလွမ်းသယ်လို့ ဝကြပြီလား ဟမ် !!"

" Jay..."

" အေး ဟုတ်တယ် Jay... !!! ဘာလဲ မင်း လုပ်ရပ်တွေကို ငါ မသိဘူး ထင်နေတာလား Kim Sunoo... အိပ်ခန်းတံခါး အတွင်းက ပိတ်ထားခဲ့ပြီး ဒီလို ခိုးထွက်လာတာနဲ့ ငါက မသိတော့ဘူး ထင်နေတာလား "

" မဟုတ်.. မဟုတ်ပါဘူး... ကျွန်တော် ကျွန်တော်လေ သူ့ကို နှုတ်ဆက်ခဲ့ချင်လို့ပါ... သူ့ကို ကျွန်တော် ကိုယ်တိုင် နှုတ်ဆက်ချင်တယ်လို့ Jay ကို ပြောတယ်လေ... Jay မှ ခွင့်မပြုတာ... အဲ့ဒါကြောင့်ပါ... အဲ့ဒါကြောင့် ကျွန်တော် ခိုးထွက်လာခဲ့တာပါ "

" ဘာ အကြောင်းမှ မပြတော့နဲ့ Kim Sunoo.. မရတော့ဘူး ... ငါ့အပေါ် အကြိမ်ကြိမ် သစ္စာဖောက်ပြီး ငါမကြိုက်တာတွေကို အထပ်ထပ် လုပ်နေတဲ့ မင်းအတွက် အခွင့်အရေးဆိုတာ မရှိတော့ဘူး... ငါ မင်းတို့နှစ်ယောက်လုံးကို သတ်ဖို့အတွက် လာခဲ့တာ "

ပြောပြောဆိုဆို သူ့တပည့်တွေဘက်ကို လှည့်ကြည့်ပြီး အချက်ပြလိုက်တော့ ပစ္စည်းတွေဖျက်ဆီးနေတဲ့ နှစ်ယောက်က ရှေ့တိုးလာကာ Sunghoon ကို ရန်ပြုမယ်လုပ်တော့

" ဟင့်အင် မောင်နဲ့ ဘာမှ မဆိုင်ဘူးနော် Jay... ဒီကိုလာတာ ကျွန်တော့်သဘောနဲ့ ကျွန်တော်လာခဲ့တာ... မောင်က ဘာမှ မသိပါဘူး... Jay သတ်ချင်တယ်ဆိုရင် ကျွန်တော့်ကိုပဲ သတ်...မောင့်ကို ဘာမှ မလုပ်ပါနဲ့ "

" အဆော ဖယ်နေ... မောင့် ဘာသာ ရှင်းမယ် "

" ဟင့်အင် မောင်... မောင်နဲ့မှ မဆိုင်ဘဲ... မောင့်ကို ဘာမှ မလုပ်ရပါဘူး''

Jay လူတွေ ရှေ့တိုးမလာအောင် Sunghoon ရှေ့မှာ Sunoo ပိတ်ရပ်ထားလိုက်သည်။

" Kim Sunoo... ခု ချက်ချင်း ဘေးဖယ်လိုက်... မင်းပါ ဒီနေရာမှာ အသက်ထွက်ချင်တာလား "

" မလုပ်ပါနဲ့... မောင်က ကျွန်တော် လာမှန်းတောင် မသိပါဘူး ဆို... တကယ်ပြောတာပါ... ဒီမှာ ဖိတ်စာလေ Jay... ဒီမှာ ကြည့်ပါအုံး...ကျွန်တော်နဲ့ Jay မင်္ဂလာဆောင်တော့မယ်ဆိုတာကို မောင့်ကို လာ အသိပေးတာပါ Jay ရယ်.. နော်... သူ့ကို ဘာမှ မလုပ်ပါနဲ့ "

သွေးရူးသွေးတန်းနဲ့ ဖိတ်စာတွေ ဖြန့်ပြလို့ပြ... သူ့ကို မျက်နှာချိုသွေးလို့သွေး ဖြစ်နေတဲ့ ယောက်ယတ်ခတ်နေတဲ့ Sunoo ကို ကြည့်ပြီး Jay မသနားမိ။

" မင်း ဒီလိုတွေ ဖြစ်နေလို့ကို ငါက ဒီကောင့်ကို ပိုပြီး သတ်ပစ်ချင်တာ Kim Sunoo.. ဘယ်လို လုပ်မလဲ...မင်း တောင်းပန်နေလဲ အရာမထင်တော့ဘူး "

Jay စကားအဆုံး Jay ရဲ့လူနှစ်ယောက်က Sunghoon ကို ဆွဲချုပ်တော့သည်။

ဒါကိုပဲ Sunoo က Sunghoon ကို ဆွဲဖက်ထားပြီး

" မလုပ်ပါနဲ့.. မောင့်ကို မလုပ်ကြပါနဲ့... Jay.. မောင့်ခြေထောက်တွေ မကောင်းဘူးလေ... ကျွန်တော့်အတွက် နဲ့ မောင့် ခြေထောက်တွေ ထိခိုက်မိထားတယ်လေ Jay ရဲ့ မလုပ်ပါနဲ့ "

" အဆော ဖယ်နေ...မောင် ဘာမှ မဖြစ်ဘူး... အဆောကို ထိခိုက်မိမယ်... အဆော...ဖယ်လိုက်ပါ "

ငိုယိုပြီး Jay ဘက်လှည့်ကာ တောင်းပန်လိုက် Sunghoon ကို လွတ်သွားမှာစိုးလို့ ဆွဲဖက်ထားလိုက်နဲ့ ပြာယာခတ်နေပြီ ဖြစ်တဲ့ အဆောကြောင့် Sunghoon ထိခိုက်မိမှာ စိုးကာ ဖယ်ခိုင်းတော့ Sunoo က ဖယ်မပေး...

Sunoo ဖက်ထားတဲ့ ကြားက Jay လူနှစ်ယောက်ကလဲ Sunghoon ကို မရမက ဝင်ချုပ်ပြီး Jay ရှေ့အထိ ဆွဲခေါ်သည်။

ခြေထောက်တွေက သေချာ ထောက်မရတော့ ရုန်းကန်ပေမယ့် တရွတ်တိုက်ပြီး ပါသွားရတဲ့ Sunghoon...

Jay ရှေ့ကို ရောက်တော့ Sunghoon ကို အရှိန်နဲ့ ပစ်ချလိုက်ကာ Jay ​ရှေ့မှာ ဒူးထောက်စေသည်။

ဒါကို မြင်တဲ့ Sunoo က ထ သွားကာ Jay အနားကို ပြေးသွားပြီး Sunghoon ရှေ့မှာ ပိတ်ကာလိုက်ကာ ဒူးထောက်ထိုင်ချလိုက်သည်။

" Jay... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် ဒီလို တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး မောင့်ကို ဘာမှ မလုပ်ပါနဲ့... မလုပ်ပါနဲ့ နော်..."

Sunghoon ရဲ့ရှေ့မှာ ပိတ်ရပ်ထားပြီး လက်ဖဝါးနှစ်ဖက်ကို မီးပွင့်မတက်ပွတ်တိုက်ကာ လက်အုပ်ချီတောင်းပန်နေတဲ့ Sunoo ကို ကြည့်ပြီး Jay ရင်ထဲမှာ နင့်ခနဲပါပဲ

.... ကိုယ် ချစ်ပေးခဲ့တာတွေ စောင့်ရှောက်ပေးခဲ့တာတွေ ကိုယ်ပြုစုယုယပေးခဲ့တာတွေက ဒီလို သူများရှေ့မှာ ရပ်ပြီး ကာကွယ်ဖို့မဟုတ်ဘူးလေ ဘေဘီ.... သူများအတွက်နဲ့ ကိုယ့်ကို တောင်းပန်ခယဖို့အတွက် မဟုတ်ဘူးကွ....

"Jay...ကျွန်တော် တောင်းပန်နေတယ်လေ... မောင့်ကိုဘာမှ မလုပ်ပါနဲ့.... ကျွန်တော့်ကိုပဲ Jay ကြိုက်သလိုလုပ်ပါ...Jay အပြစ်ပေးချင်ရင် ကျွန်တော့်ကိုပဲ ပေးပါနော်"

သနားစရာကောင်းလိုက်တာ ဘေဘီ ရယ်... တခြားယောကျာ်းတစ်ယောက်အတွက်နဲ့များ မျက်ရည်တွေအရွှဲသားနဲ့ ကိုယ့်ကို တောင်းပန်နေတာ သနားလိုက်တာ... မင်းက သနားစရာ ကောင်းလေ ကိုယ်က မင်း ကာကွယ်ပေးနေတဲ့သူကို တစ်စဆီ လုပ်ပစ်ချင်လေပဲကွ...

" မင်းတို့အတွက် အခွင့်အရေး မရှိတော့ဘူးလို့ ကိုယ်ပြောလိုက်တာ မင်း မကြားဘူးလား ဘေဘီ... ဘယ်သူ တောင်းပန် ပန် မရတော့ဘူး... "

သွေးအေးရက်စက်တော့မယ့် အရိပ်အယောင်တွေ အထင်းသားပေါ်နေတဲ့ Jay ရဲ့ မျက်နှာကို Sunoo မော့ကြည့်ပြီး တတွတ်တွတ် တောင်းပန်နေလဲ မရတော့ဘူးဆိုတာ ရိပ်မိလိုက်တဲ့ခဏမှာပဲ Jay ဟာ Sunoo ကို ကျော်ပြီး နောက်က Sunghoon ကို ရင်ဝဆီသို့ ခြေထောက်နဲ့ကန်လိုက်တော့သည်။

သူ ကန်လိုက်လို့ နောက်လန်လဲကျသွားတဲ့ Sunghoon ကို သူ့တပည့်နှစ်ယောက်ကပါ ဝိုင်းဝန်း ကန်ကြောက်ကြတော့ Sunoo မှာ Sunghoon ခန္ဓာကိုယ်ပေါ်သို့ မှောက်ချ၍ ကာထားကာ

" မလုပ်ပါနဲ့... Jay တော်ပါတော့... ကျွန်တော် တောင်းပန်နေတာပါ... မောင့်မှာ အပြစ်မရှိဘူး လို့... မောင့်ခြေထောက်တွေလဲ မကောင်းဘူးမို့ မလုပ်ကြပါနဲ့ တော့ "

" အဆော.. မောင် ဘာမှမဖြစ်ဘူး... မောင် သေချင်သေပါစေ... အဆောကိုတောင် လက်လွှတ်ရတော့မယ့် အချိန်မှာ မောင် ဘာကိုမှ မမက်မောတော့ဘူးမို့ မောင့်အသက်ကို လိုချင်လဲ ယူပါစေတော့... မောင် သေရဲတယ်မို့ ..အဆော ထိခိုက်မိမယ် ဖယ်လိုက်ပါနော် "

နှုတ်ခမ်းထောင့်က သွေးတွေ စီးကျနေပြီဖြစ်တဲ့ အချိန်အထိ မောင်ဟာ သူ့အတွက် စိတ်ပူပေးနေတုန်း..

" ဟင့်အင် မောင်က ဘာလို့ သေရမှာလဲ မသေရပါဘူး... Jay တော်ပါတော့... Jay မကျေနပ်ရင် ကျွန်တော့်ကိုပဲ သတ်လိုက် "

" တော်တော် မျက်စိရှုပ်လာပြီမို့ နှစ်ယောက်လုံးကို သတ်ပေးမယ် ဟုတ်ပြီလား... တမလွန်ကျမှ ဆက်ပြီး ချစ်ကြပေါ့ "

စကားအဆုံး Sunghoon ခန္ဓာကိုယ်ပေါ် အုပ်ကာထားတဲ့ Sunoo ကို Jay ဆွဲခေါ်လိုက်ကာ နံရံဘက်ဆီသို့ တွန်းထုတ်လိုက်သည်။

အရှိန်ပါတဲ့ တွန်းထုတ်မှုကြောင့် Sunoo ကျောနဲ့ နံရံပစ်တိုက်မိကာ ကြမ်းပြင်ပေါ်ပြုတ်ကျတာ ခွေခနဲ...

ဒါကို မြင်တဲ့ Sunghoon က

" ဒီမှာ CEO.. ခင်ဗျား သတ်ချင်တာ ကျုပ်ကို မဟုတ်ဘူးလား... သတ်လိုက်... ကျုပ်က သေရဲတာမလို့...အဆောကို ဘာမှမလုပ်ပါနဲ့ "

" ဟားဟားဟား ကာကွယ်ပေးနေလိုက်ကြတာ... စိတ်ချ နှစ်ယောက်လုံးကို သတ်ပေးမှာ... အဲ့လောက် ချစ်နေကြတဲ့ မင်းတို့ကို ငါလဲ ဘယ် ခွဲရက်ပါ့မလဲ... "

တဟားဟား အော်ရယ်ရင်း Sunghoon ရဲ့ ဆုတံဆိပ်တွေထားရှိရာ စင်ဆီသို့ လှမ်းသွားတဲ့ Jay...

ပြီးနောက် စင်ပေါ်က ခပ်ထူထူ ဆုတံဆိပ်တစ်ခုကို ဆွဲယူလာကာ လက်တစ်ဖက်ထဲနဲ့ ဆုပ်ကိုင်လိုက်ပြီး Sunghoon ရှိရာဆီ သွားကာ ရိုက်ပစ်ဖို့ လက်အရွယ်မှာပဲ Jay ဘာလုပ်တော့မယ်ဆိုတာ ခန့်မှန်းမိလိုက်တဲ့ Sunoo က လဲကျနေရာမှ ကုန်းထကာ Sunghoon ခန္ဓာကိုယ်ပေါ်သို့ အုပ်ကာပေးလိုက်တဲ့အချိန်မှာပဲ

ခွမ်းးး

အ့!!!!

" အဆော !!!!! "

" ဘေဘီ့!!!"

ခေါင်းတည့်တည့်ကို ထိမှန်သွားတဲ့ ရိုက်ချက်ပြင်းပြင်းမှာ ဖြာခနဲဆို ရွှဲကျလာတဲ့ သွေးတွေက မြင်မကောင်း...

Sunghoon မျက်နှာဆီသို့ပါ စင်လာပြီး Sunoo မှာရော Sunghoon မှာရော သွေးတွေနဲ့ ပေကျံကုန်တော့သည်။

ဒါကိုပဲ မနာကျင်လေဟန်နဲ့ အဆောဟာ Sunghoon ကို ယဲ့ယဲ့လေး ပြုံးပြပြီးနောက် လေသံတိုးတိုးလေးနဲ့

" မောင့်ကို ဘာမှ မလုပ်ပါနဲ့ Jay..."

စကားအဆုံးမှာ ခေါင်းစောင်းကျသွားပြီး Sunghoon ရင်ဘတ်ပေါ်ကို လဲပြိုကျလာတဲ့ ခန္ဓာကိုယ်လေး...

Sunghoon ထို ခန္ဓာကိုယ်လေးကို ထိန်းပွေ့လိုက်ကာ ပါးစပ်မှလဲ ထိတ်လန့်တကြား အော်
​ခေါ်လိုက်မိသည်...

"အဆော... အဆော!!!!!!"

************************************

Love you all my Vitamins 💙

San Htarni 💙

22.5.2023

# နောက်ကျမှ တင်တဲ့ Update လေး...
အိပ်ကျပြီလား Vitamin လေးတို့ရေ...

မအိပ်သေးတဲ့ ကလေးတွေ ဖတ်ကြပေါ့နော်။

Comment