~ 30 ~

~ 30 ~

" ဖေဖေ... ဖေဖေ့... ထပါအုံး... ဖေဖေ... သား ကြောက်တယ်...ဖေဖေ!!!! "

ဝေါ...ဝေါ...

ဂျိမ်း!!!!

ဖြောင်း ဖြောင်း ဖြောင်း

ဝေါ...ဝေါ...ဝေါ....

" ဖေဖေ့... ထလာပါတော့... သား ကြောက်လို့ပါ..ဖေဖေရေ... ထလာပါတော့...အီးး ဟီးးးဟီးးး ဖေဖေ့!!! "

ကောင်းကင်တစ်ခွင်လုံး ပိန်းပိတ်နေအောင် ရွာချနေသည့် မိုးရေတွေနဲ့အတူ လေတိုက်သံ မိုးခြိမ်းသံတွေဟာ ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းလို့နေသည်။

တစ်ချက်တစ်ချက် ဝင်းထိန်သွားတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့အတူ ပေါ်ပေါက်လာတာက လေအဝေ့မှာ ယိမ်းနွဲ့နေတဲ့ သစ်ပင်များ...

ငါးနှစ်အရွယ် ကလေးတစ်ယောက်အဖို့ ကြောက်စရာကောင်းလှတဲ့ ရာသီဥတုကြီးနဲ့ လူသူကင်းမဲ့နေတဲ့ ဒီပတ်ဝန်းကျင်မှာ မငိုရှိုက်ဘဲ မကြောက်ရွံ့ဘဲ နေနိုင်ဖို့ဆိုတာ ဘယ်စွမ်းသာလိမ့်မလဲ...

ရွှဲရွှဲစိုနေတဲ့ မိုးရေတွေကြား ချမ်းအေးနေမှုကို သတိမရဟန်ဖြင့် မှောက်နေတဲ့ကားကြီးရဲ့ ခပ်လှမ်းလှမ်းမှာ သွေးရဲရဲတွေကြား လဲကျနေတဲ့ အဖေဖြစ်သူကို ငိုယိုကာ အော်ခေါ်နေတဲ့ ကလေးလေး...

" ဟို ဦးဦးတွေက သားတို့ကို ခေါ်လဲမသွားဘူး... သား.. သား ကြောက်နေတာကို ခေါ်မသွားဘူး ဖေဖေ... ထ လာပါတော့... ဟင့်.. အင့် .. အီးဟီးးဟီးး "

ငိုရှိုက်လွန်းမက ငိုရှိုက်ရလွန်း၍ မောပန်းနေကာ အသံလေးများပင် ပျောက်ကွယ်လုမတတ်..

ဂျိမ်းးး

" ဖေဖေ့!!! "

ကျယ်လောင်သော မိုးခြိမ်းသံကြီးနဲ့အတူ အဖေကို တ ရင်း လမ်းမကြီးပေါ် လဲကျသွားတဲ့ ကလေးငယ်...

.
.
.

နှလုံးခုန်စက် တတီတီ မြည်နေတဲ့ ဆေးရုံခန်းလေးထဲမှာတော့ ဖြူလွလွ ကုတင်ကြီးပေါ်မှာ ဆေးပိုက်တွေ ကြားထဲက လူးလွန့်နေတဲ့ ခန္ဓာငယ်လေး...

အပ်တို့ထိုးစိုက်ထားရာ လက်ကလေးတွေဟာလဲ တလှုပ်လှုပ်...

ခေါင်းလေး ဘယ်ညာယမ်းလို့ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်နဲ့ လှိုက်ဖိုနေအောင် အသက်ရှူနေရပြီး ခြေထောက်လေးတွေကလဲ အိပ်ရာခင်းတွေကို ပွတ်တိုက်လို့။

​ခြောက်သွေ့နေရှာတဲ့ နှုတ်ခမ်းဖြူဖျော့ဖျော့လေးမှ ထွက်ကျလာတဲ့ လေသံတိုးတိုးလေး...

" ဖေဖေ ~~ ဖေဖေ ~~~ ဖေဖေ "

တိုးလျလွန်းလို့ သေချာနားစိုက်ထောင်မှ ကြားနိုင်မည့် အသံလေးပါ...

ဒါပေမယ့် အခန်းထဲမှာတော့ သူ့အသံလေးကို ကြားနိုင်ဖို့ရာ တစ်စုံတစ်ယောက်မှ ရှိမနေခဲ့။

ထို့ကြောင့် ဒီအဖြူရောင်လေးရဲ့ လူးလွန့် လှုပ်ရှားလာမှုတွေကို မည်သူတစ်ဦးတစ်ယောက်ကမှ မသိရှိကြ...

မိနစ်ပိုင်းမျှ ရုန်းကန်လှုပ်ရှားနေခဲ့ပြီးနောက် ခန္ဓာကိုယ်လေး ငြိမ်ကျသွားကာ လှုပ်ခတ်လာတဲ့ မျက်ခွံလေးတွေ...

စင်းကျနေတဲ့ မျက်တောင်ရှည်လေးတွေဟာလဲ တလှုပ်လှုပ်...

ပြီးနောက် ဖြည်းညှင်းစွာနဲ့ ပွင့်ဟလာတဲ့ မျက်ဝန်းလေးတွေ...

ဖြည်းဖြည်းချင်းမှ တကယ့်ကို ဖြည်းဖြည်းချင်းလေး...

မျက်လုံးလေးတစ်ချက် ပွင့်လာပြီးနောက် အလင်းရောင်ကို မကြည့်နိုင်ဟန် ပြန်လည်မှေးမှိတ်သွားကာ မျက်ခုံးတန်းလေးတွေ တွန့်ကျိုးသွားအောင်အထိ မျက်မှောင်လေးကို ကျုံ့ပစ်လိုက်သေးသည်။

ခဏအကြာမှ မျက်လုံးလေး သေချာပွင့်လာခဲ့ပြီး ဘေးဘီ ဝဲယာကို လှည့်ပတ်ကြည့်နေလေသည်။

ထိုအခိုက်မှာပဲ အခန်းတံခါးကို တွန်းဖွင့်လို့ ဝင်ရောက်လာတဲ့ Jay...

ကုတင်ဆီကို အကြည့်တို့ အရောက်မှာ မှေးမှိန်ဖျော့တော့နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူရှိရာဆီ လှမ်းကြည့်နေတဲ့ ဘေဘီ့ကို တွေ့လိုက်ရတော့

" ဘေဘီ... ဘေဘီ သတိရလာပြီ "

အားရဝမ်းသာနဲ့ ကုတင်ဆီသို့ အပြေးလေးသွားကာ ခေါ်လိုက်တဲ့အချိန်မှာပဲ...

" ကျွန်တော်... ကျွန်တော် ဘယ်ရောက်နေတာလဲ..."

" ဆေးရုံမှာလေ ဘေဘီ... ကိုယ် ခဏလေး ဖုန်းထွက် ဆက်တဲ့ အချိန်ကျမှကွာ... ဘေဘီ သတိရလာမှ ကိုယ် ဘေဘီ့အနား...."

" ဦးလေးကြီး ... ဦးလေးကြီးက ဘယ်သူလဲဟင်... ဖေဖေရော... ကျွန်တော့်ဖေဖေရော... "

" ဘေဘီ့!!! "

သူ စကားပြောနေရင်း ဖြတ်ပြောလိုက်တဲ့ မူမမှန်တဲ့ ဘေဘီ့ စကားတွေကြောင့် Jay ထိတ်လန့်တကြား အော်ခေါ်လိုက်မိသည်။

" ဖေဖေ... ကျွန်တော့်ဖေဖေ သွေးတွေထဲမှာ လဲကျနေတယ်... သွားခေါ်ပေးကြပါ... ဖေဖေ့ကို သွားခေါ်ပေးပါ "

" ဘေဘီ... သတိထားအုံးလေ ဘေဘီ... မဟုတ်ဘူးလေ... မဟုတ်သေးဘူးလေ ကွာ... "

" ဖေဖေ့ကို ခေါ်ပေးပါနော်... ဖေဖေက ကျွန်တော် ခေါ်တာ ထ မလာလို့... "

" ဘေဘီ ~~"

Jay ကုတင်ပေါ်က ကယောင်ကတမ်းတွေ ပြောနေတဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကိုကြည့်ပြီး မချိတင်ကဲ ရေရွတ်လိုက်မိသည်။

ဒါ ဘယ်လို အခြေအနေကြီးလဲ...

" ဦးလေးကြီးက ဘယ်သူလဲဟင်... ဘာလို့ ကျွန်တော့်ကို ကြည့်ပြီး ငိုနေတာလဲ "

" ဘေဘီ... သတိထားပါအုံးကွာ... ကိုယ်လေ... Jay လေကွာ... ဘေဘီ အမြဲတမ်း ခေါ်ခဲ့တဲ့ Jay ပါ... "

" ဟင့်အင်... ဦးလေးကြီးကို ကျွန်တော် မသိဘူး... ဘာလို့ကျွန်တော့်အနား ရောက်နေတာလဲ...မေမေက မှာထားတယ် မသိတဲ့ လူတွေနားဆို မကပ်ရဘူးတဲ့... ကျေးဇူးပြုပြီး ကျွန်တော့်မေမေကို သိရင် သွားခေါ်ပေးပါလား "

" အားးး ဟားးး ဘေဘီ့... ကိုယ့်ကို ရင်ကွဲအောင် လုပ်နေတာလား... တော်ပါတော့... တော်ပါတော့ ဘေဘီရယ်... ကိုယ့်ရင်တွေ ကွဲကြေနေပြီမို့ တော်လိုက်ပါတော့... သတိထားပါအုံး... ကိုယ့်ကို သေချာကြည့်ပြီ မှတ်မိပေးပါအုံး ဘေဘီရယ် "

Jay သူ့ရင်ဘတ်တွေကို သူ ဆုပ်ချေပြီး မချိတင်ကဲ အော်ငိုလိုက်မိတဲ့ အချိန်မှာ အပြင်ကနေ ပြေးဝင်လာတဲ့ Sunoo ရဲ့မေမေနဲ့ Bodyguard များ...

" သား... သားလေး သတိရလာပြီ... မေမေ့သားလေး သတိရလာပြီ... သား မေမေလေ "

" မေမေ..."

ဘေးတစိမ်းတွေနဲ့ ရှိနေချိန် အမေကို တွေ့လိုက်ရလို့ အားတက်သွားတဲ့ ကလေးတစ်ယောက်ရဲ့ မျက်ဝန်းတွေလို အရောင်လက်သွားတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်ကာ အားရဝမ်းသာ ခေါ်လိုက်တဲ့ အသံလေး...

" ဟုတ်တယ်... မေမေပါ သားရယ်... တော်သေးလို့ပေါ့ မေမေ့သားလေး မေမေ့ဆီ ပြန်လာလို့ တော်ပါသေးရဲ့ "

" ဖေဖေတော့ ကျန်ခဲ့တယ်နဲ့တူတယ် မေမေ... ဖေဖေက သားခေါ်တာလဲ ထမလာဘူး... လမ်းပေါ်မှာ သွေးတွေထဲကို အိပ်နေတယ် "

သတိရလာလို့ ဝမ်းသာမယ်မှ မကြံရသေး ကြားလိုက်ရတဲ့ စကားတွေဟာ လုံးဝ မမျှော်လင့်ထားတဲ့ စကားများ...

" သား!!! "

ထို့ကြောင့် သူမ ထိတ်လန့်သွားကာ အော်လိုက်မိပြီး ယခုမှ အံကိုကြိတ်ကာ မချိတင်ကဲ ငိုနေလေတဲ့ Jay ကို သတိထားမိသွားတော့သည်။

ဘုရားရေ...

ဒါ ဘယ်လို လွဲချော်မှုတွေ ဖြစ်ခဲ့တာလဲ...

သားလေးက... သားလေးက... ဘာဖြစ်သွားတာလဲ...

" ဟို ဦးလေးကြီးက သားကို ကြည့်ပြီး တအားကြီး ငိုနေတာ မေမေရဲ့... သနားပါတယ် မငိုနဲ့လို့ ပြောပေးနော် "

" သားလေး..."

သူမကို ထပ်မံ ဆွံအသွားစေတဲ့ စကားလုံးများ...

Jay ရှိရာဆီ လက်ညှိုးလေး ထိုးပြပြီး ပြောလိုက်တဲ့ စကားအဆုံးမှာ သူမ ဟန်မဆောင်နိုင်စွာ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားရတော့သည်။

ထိုအခိုက် အခန်းထဲကို စစ်ဆေးဖို့ရာ ရောက်ရှိလာတဲ့ ပါရဂူကြီးများနှင့် ဆရာဝန်များ...

ထိုလူတွေ ဝင်လာတာလဲ မြင်ရော Jay ဒေါသတကြီးနဲ့ Sunoo ကို တာဝန်ယူ ခွဲစိပ်ပေးတဲ့ ပါရဂူကြီးရဲ့ အင်္ကျီရင်ဘတ်စကို ဆွဲ၍

" ခင်ဗျားတို့ ဘေဘီ့ကို ဘာလုပ်ထားတာလဲ... ဟမ်!!... ခု ဘေဘီ့ အခြေအနေက ပုံမှန်မဟုတ်ဘူး... ဘာ ပါရဂူတွေလဲ ဘာဆရာဝန်တွေလဲ... ဒီလို အရည်အချင်း မရှိတဲ့လူတွေ ကျုပ်ဆေးရုံမှာ အလိုမရှိဘူး... ထွက်.. တစ်ယောက်မကျန် ခုချက်ချင်း အလုပ်ထွက် "

" စိတ်ကို ငြိမ်ငြိမ် ထားပါ CEO... လူနာက ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ထားတာမို့လို့ နောက်ဆက်တွဲ ဖြစ်စဉ်တွေ ရှိနေနိုင်ပါတယ်...ပြီးတော့ လူနာက အခုမှ သတိရခါစဆိုတော့ သူ့ရဲ့မှတ်ဉာဏ်တွေက ရောထွေးနေနိုင်ပါသေးတယ်... ဒါကြောင့် ဘယ်လို အခြေအနေလဲဆိုတာ သိရအောင် ကျွန်တော်တို့ကို စစ်ဆေးခွင့်ပြုပါ "

" မထိနဲ့... မင်းတို့ လက်တွေနဲ့ ငါ့ ဘေဘီ့ကို မထိကြစမ်းနဲ့... မင်းတို့ မကုတတ်လို့ ဘေဘီ ခုလို ဖြစ်နေတာ... "

" လူနာက ခုချက်ချင်း စစ်ဆေးဖို့ လိုနေပါတယ် CEO... ရှေ့က ဖယ်ပေးပါ "

" မထိနဲ့လို့ ငါပြောနေတယ်နော်... မင်းတို့ ကုတာ မလိုချင်တော့ဘူး... ဘေဘီ့ကို တစ်ယောက်မှ မထိကြနဲ့ ''

" CEO... သားလေး အရမ်း ကြောက်နေပြီမလို့ စိတ်ငြိမ်ငြိမ်လေး ထားပေးပါလား "

အော်လိုက်ဟစ်လိုက် ဖျောင်းဖျသူက ဖျောင်းဖျလိုက် ရုန်းရင်းဆန်ခတ် အခြေအနေမှာ Sunoo ဟာ ထို ကြမ်းတမ်းမှုတွေကို ကြောက်ရွံ့ကာ ခန္ဓာကိုယ်လေး တုန်နေရှာသည်။

" မေမေ.... သား.. သား အဲ့ဒီ ဦးလေးကြီးကို ကြောက်တယ်.. ထွက်သွားခိုင်းလိုက်ပါ.... သား အဲ့ဒီဦးလေးကြီးကို ကြောက်လို့ပါ "

Jay လှည့်ကြည့်လိုက်တဲ့ အချိန်မှာ သူ့အမေရဲ့ အင်္ကျီစလေးကို ဆွဲထား၍ နောက်မှာ ပုန်းကွယ်နေကာ မျက်လုံးလေး တစ်ဖက်ထဲနဲ့ ခိုးကြည့်ပြီး တုန်နေတဲ့ ဘေဘီ့ကို တွေ့လိုက်ရတော့

" ကိုယ်လေ ဘေဘီ... Jay ပါ... ဘေဘီ့ရဲ့ Jay ပါ...မကြောက်ပါနဲ့.. ကိုယ့်ကို မကြောက်ပါနဲ့ "

ကုတင်နားကို တိုးကပ်၍ မကြောက်ဖို့ရန်ပြောကာ လက်လေးကို ကိုင်ဖို့ လှမ်းလိုက်တဲ့အချိန် အဲ့လက်ကလေးကိုပါ ဖွက်ပစ်လိုက်ပြီး သူ့အမေ့နောက်ကို တိုးသထက် တိုးကာ ကွယ်နေလေတဲ့ ဘေဘီ...

ဒီမြင်ကွင်းဟာ ကိုယ် ရူးသွားဖို့ လုံလောက်နေပါပြီ ဘေဘီရယ်...

ဘယ်လို ကံတရားတွေလဲ...

ကိုယ့်ရဲ့ ကြမ်းတမ်းမှုတွေအတွက် ပေးလာတဲ့ ပြစ်ဒဏ်များလား...

ကိုယ် ရင်ကွဲဖို့အတွက် ပေးလာတဲ့ ပြစ်ဒဏ်တွေများလား...

ပြစ်ဒဏ်တွေသာဆိုရင်လဲ ကိုယ်ပဲ ခါးစည်း ခံပါ့မယ်...

ဘေဘီကတော့ ဒီလိုပုံစံ ဖြစ်လို့မရဘူးလေ...

ခေါင်းငိုက်စိုက်နဲ့ မလှုပ်မယှက် ရပ်နေတဲ့ Jay..

ကုတင်ရှေ့မှာ ပိတ်ရပ်ထားတဲ့ Jay ကို ဆရာဝန်တွေက

" လူနာကအခုမှ သတိရတာမို့လို့ သူ့ဦးနှောက်ကို အတင်းအကျပ် အလုပ်ပေးလို့မရသေးဘူး CEO.. ကျွန်တော် တို့ကို နားလည်ပေးပါ... လူနာကို စမ်းသပ်ဖို့ အရေးကြီး နေပါတယ် "

ထိုအခါမှ ဘေးကို ဖယ်ပေးလိုက်ပြီး နီရဲနေတဲ့ မျက်အိမ်တွေနဲ့ ဆရာဝန်တွေကို စိုက်ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်ပြီး...

" အမြန်ဆုံး စစ်ဆေးပြီး တိကျတဲ့ အ​ဖြေတစ်ခု ငါ့ဆီ ယူလာခဲ့... ထပ်ပြီး ဘယ်လို လွဲချော်မှုမျိုးမှ ငါ မလိုချင်ဘူး "

ပြောပြီးတာနဲ့ အားလုံးကို ကျောခိုင်းကာ ခြေလှမ်းကြဲကြီးများနဲ့ အခန်းထဲက ထွက်သွားလေတော့သည်။

နာရီတစ်ချို့ကုန်လွန်သွားလို့ စစ်ဆေးမှုတွေ ပြီးတဲ့အခါမှာတော့...

အမေဖြစ်သူနဲ့ ငယ်ဘဝ ဖြစ်စဉ်တွေကလွဲ စိတ်ဒဏ်ရာတွေရခဲ့တဲ့ ဘဝရဲ့ အစိတ်အပိုင်းအားလုံးကို မေ့သွားရှာတဲ့ Sunoo...

ဒါဟာ တခဏတာပဲ မေ့နေနိုင်တာ ဖြစ်သလို အချိန်တွေ အကြာကြီးထိ သတိမရလာတော့တာလဲ ဖြစ်နိုင်တာမျိုး...

အဖေသေဆုံးခဲ့ရတဲ့ ထိတ်လန့်ဖွယ်ရာ Accident ကြီးရဲ့ အကြောင်းအရာတွေကို အိမ်မက်တွေထဲကနေ အဖြေရှာနိုင်ခဲ့ပေမယ့်...

အိမ်မက်က နိုးထလာတိုင်းမှာ သွေးအိုင်ထဲ လဲကျနေတာဟာ Sunoo ရဲ့ ဖေဖေပါလို့ မှတ်မိခြင်း မရှိခဲ့တာတွေကို မှတ်မိသွားခဲ့ပေမယ့်...

ဝမ်းနည်းစရာကောင်းစွာ...

လက်ရှိအဖြစ်အပျက်တွေရယ်...

ပထွေးဖြစ်သူရယ်၊ ညီမလေးရယ်၊ Jay အပါအဝင် အသက်ပေးပြီးတောင် ချစ်ခဲ့ရတဲ့ မောင့်ကိုပါ မေ့သွားရှာတဲ့ Sunoo...

ဘယ်လောက်ထိအောင်များ နာကျင်ခံစားခဲ့ရလို့ ဒီအရာတွေကို မှတ်ဉာဏ်တွေထဲက ဖြတ်ထုတ်ပစ်ပြီး မေ့ပစ်ရပါသလဲ အဖြူရောင်လေးရယ်.....

ဒီ စစ်ဆေးချက်တွေကို သိရှိပြီးနောက် ​ဖြေမဆည်နိုင်စွာ မျက်ရည်တွေနဲ့ ကြိတ်ငိုနေရှာတဲ့ မေမေ။

သူ့ကြောင့်ဆိုတဲ့ စိတ်နဲ့ ယူကျုံးမရစွာ Sunoo ရှေ့ကို ရောက်မလာနိုင်ဘဲ အိပ်ခန်းကျယ်ကြီးထဲမှာ အရက်ပုလင်းတွေကြား ခေါင်းစိုက်နေတဲ့ Jay။

ဒါဆို မောင်ကရော...

အဆောရဲ့ မောင်ကရော...

ဘယ်မှာများလဲ...

မိုးရေတွေကြား အဖျားတွေတက်ခါ သတိလစ်သွားပြီးတဲ့နောက်...

အုပ်မိုးပေးခဲ့တဲ့ ထီးကလေးရဲ့ ပိုင်ရှင်ကရော...

ဘယ်သူပါလဲ....

.
.
.

ပေါ့ပါးလန်းဆန်းနေတဲ့ ခန္ဓာကိုယ်နဲ့ နိုးထလာပြီးတဲ့နောက် သူ့အသိအာရုံမှာ ပထမဆုံး ဝင်ရောက်လာတာက သူ့ရဲ့ အချစ်ရဆုံးသူ...

" အဆော ~~"

နှုတ်မှ စိုးရိမ်တကြီး ဖွင့်ဟခေါ်ဆိုလိုက်မိပြီးနောက် အိပ်နေရာမှ ငေါက်ခနဲ ထ ထိုင်မိတော့ သူရောက်နေတာက သူ မရင်းနီးတဲ့ အိပ်ခန်းတစ်ခု။

ထို့​ကြောင့် ​အခန်းတဝိုက် မျက်စိကစားပြီး စူးစမ်းကြည့်လိုက်တဲ့အချိန်မှာ ...

သန့်ရှင်းသပ်ရပ်နေပြီး အဖြူရောင်တွေနဲ့သာ ဆင်ယင်ထားတဲ့ အိပ်ခန်းကျယ်တစ်ခု...

ရိုးရှင်းတဲ့ အဆောင်အယောင်တွေနဲ့ အနည်းငယ်သာရှိသော ပရိဘောဂတွေဟာ အနောက်တိုင်းဆန်ဆန် အငွေ့အသက်တို့ကို ရရှိစေပြန်သည်။

အိပ်နေရာမှ ထ ထိုင်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့ ​ခြေထောက်တစ်ဖက်မှာ အသစ်လဲလှယ်ထားတဲ့ ပတ်တီးဖွေးဖွေးက အခန့်သား။

သူ့ ခန္ဓာကိုယ်ပေါ်မှာလဲ အသစ်လဲလှယ်ပေးထားသော အဝတ်အစားတွေက နေရာယူလို့နေသည်။

ထို့နောက် ကုတင်ပေါ်မှ ဆင်းကာ အိပ်ခန်းထဲမှသည် ဧည့်ခန်း မီးဖိုဆောင် ဝရံတာမကျန် လှည့်ပတ်ကြည့်ရှုပြီးနောက် လူသူဟူ၍ မတွေ့ရဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ တိုက်ခန်းကျယ်ကြီးကသာ သူ့ကို ကြိုဆိုနေလေသည်။

ဝရံတာမှာ ရပ်၍ ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်တော့လဲ သူ မရင်းနီးတဲ့ ရပ်ဝန်းတစ်ခုသာ။

သူ ဘယ်ရောက်နေတာလဲ...

ဒီတိုက်ခန်းကျယ်ကြီးကရော ဘယ်သူ့ရဲ့ တိုက်ခန်းလဲ...

အဆော...

အဆောဆီကို သွားရမယ်...

အဆော သတိမှ ရသေးရဲ့လား...

မောင့်အဆောနားမှာ မောင် ရှိမနေနိုင်ခဲ့လို့ တောင်းပန်ပါတယ် အချစ်ရယ်...

အဆော ဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ မောင်က အေးအေးဆေးဆေး အိပ်ပျော်နေခဲ့မိလို့ တောင်းပန်ပါတယ်ကွယ်....

အဆောရှိရာဆီသွားဖို့ တိုက်ခန်းကြီးရဲ့ တံခါးပေါက်ဆီ အရောက်မှာတော့ တွေ့လိုက်ရတာက သော့ပိတ်ထားတဲ့ တံခါးကြီးသာ...

" ကျစ်! ဘာတွေလဲကွာ... ဘာသဘောလဲ... အထဲမှာ လူတစ်ယောက်လုံး ရှိနေတာကို သော့ပိတ်ထားခဲ့ရတယ်လို့... ချီးးပဲ "

ထိုတံခါးကြီးရဲ့ လက်ကိုင်ဖုကို ဆွဲကိုင်လှုပ်ယမ်းနေလည်းပဲ အချည်းနီး...

ခန္ဓာကိုယ်တစ်စောင်းနဲ့ တိုက်ဖွင့်တော့လဲ မရ...

" ရားးး! ! ချီးပဲ ချီးပဲ ချီးပဲ ကွာ "

ဒုန်းးး

ဒုန်းးးး

စိတ်မရှည်တဲ့ အဆုံး တံခါးရှိရာဆီ ပစ်သွင်းလိုက်မိတဲ့ လက်သီးချက်များ...

နေ့လည်ကတည်းက သော့ပိတ်ထားတဲ့ တိုက်ခန်းကြီးထဲ တစ်ယောက်တည်း ယောက်ယက်ခတ်နေတဲ့ Park Sunghoon...

ညနေစောင်းတဲ့အထိ လူသူတစ်ဦးတစ်ယောက်မျှ ပေါ်မလာ...

မီးဖိုခန်းထဲမှာ အဆင်သင့် လုပ်ထားပေးခဲ့တဲ့ အစားအသောက်တွေ ရှိပေမယ့်လဲ Sunghoon တစ်ယောက် အစားစားဖို့ သူ့မှာ အာရုံမရှိနေ။

စိတ်အစဉ်က ချစ်တဲ့သူရှိရာဆီပဲ ရောက်နေမိတော့ လူက ထိုင်မရ ထမရနဲ့... ဘာမှလဲ လုပ်လို့မရတဲ့ အခြေအနေမှာ သူ စိတ်ပျက်လက်ပျက်နဲ့ပဲ တစ်ယောက် ယောက် ရောက်လာဖို့ကိုသာ ဆုတောင်းနေမိသည်။

ည ရှစ်နာရီလောက်မှာတော့ တတီတီမြည်လာတဲ့ တံခါး password နှိပ်သံနဲ့အတူ ကလစ်ခနဲဆို ကြားလိုက်ရတဲ့ တံခါး လှည့်ဖွင့်သံ။

စောင့်ဆိုင်းနေရတဲ့ တစ်စုံတစ်ယောက် ရောက်လာခဲ့ပြီမို့ သတိအနေအထားနဲ့ ခါးကိုမတ်ကာ တံခါးရှိရာဆီသို့ အကြည့်တို့ကို ပို့ထားလိုက်မိသည်။

လက်ကလဲ စားပွဲပေါ်က အလှပန်းအိုးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းပေါ့။

သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား...

ထို ဝင်လာတဲ့ တစ်စုံတစ်ယောက်ဟာ လူကောင်းလား လူဆိုးလား သူမှ မသိနိုင်ဘဲ...

မီးမထွန်းထားတဲ့ တိုက်ခန်းထဲ တံခါးချပ်ကို တွန်းဖွင့်၍ ဝင်ရောက်လာတဲ့ အရိပ်တစ်ခု...

အမှောင်ထဲမှာမို့ မည်သူမည်ဝါ မသဲကွဲသေး။

ထိုအခိုက်မှာပဲ ချောက်ခနဲဆို ကြားလိုက်ရတဲ့ မီးခလုတ်ဖွင့်သံနဲ့အတူ လင်းထင်းသွားတဲ့ အခန်းကြီး။

ထိုမီးရောင်နဲ့မှ သေသေချာချာ မြင်လိုက်ရတာက...

ဝင်ရောက်လာတဲ့ အရိပ်ပိုင်ရှင်ဟာ အတွင်းရေးမှူး Lee Heeseung...

ထိုအခါမှ Sunghoon လက်ထဲမှာ ပန်းအိုးလေးလဲ လွတ်ကျသွားကာ သူ တအံ့တသြ ခေါ်လိုက်မိသည်။

" အတွင်းရေးမှူး Lee...!!! "

" အာ...သတိရလာပြီလား Park Sunghoon shi"

" အတွင်းရေးမှူး Lee က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ "

" အဟင်းးး မင်း စကားက ပြောင်းပြန်ဖြစ်နေတယ် မထင်ဘူးလား Park Sunghoon shi ''

" ဒါဆို... "

" ဒါ ကိုယ့်အိမ်ပါ "

" ဒီကို ကျွန်တော် ဘယ်လိုဖြစ်ပြီး..."

" ဘယ်လို ရောက်လာတယ် ဆိုတာထက် ရောက်သင့်လို့ ရောက်လာတယ်လို့ပဲ သိထားပေးပါ "

" မဟုတ်သေးဘူး လေ အတွင်းရေးမှူး Lee... တကယ်ဆို ကျွန်တော်က ဒီမှာ ရှိမနေသင့်ဘူး "

" ဒီမှာမှ ရှိမနေရင်... မင်း အခုချိန် ဘဝကူးနေလောက်ပြီ "

" ကျစ်! မဟုတ်သေးပါဘူး... ကျွန်တော့်အိမ်ကိုပဲ ဖြစ်ဖြစ် ခေါ်သွားပေးသင့်တာ မဟုတ်ဘူးလား..ခုဟာက.. "

" အဖျားတွေတက်ပြီး သတိလစ်နေတဲ့ လူတစ်ယောက်ကို အပျက်အဆီးတွေနဲ့ ရှုပ်ပွနေတဲ့ အိမ်ထဲမှာ တစ်ယောက်ထဲ ထားခဲ့ဖို့အထိတော့ ငါ အသိဉာဏ်မနည်းသေးတာ အမှန်ပဲ Park Sunghoon... အဲ့လို ထားခဲ့မယ်ဆိုလဲ မင်း သတိရလာတဲ့ အချိန် မသွားသင့်တဲ့ နေရာ.. မင်း တိုးဝင်လို့ မရတဲ့ နေရာကိုပဲ အထိအခိုက်ခံပြီး ထပ် သွားနေအုံးမှာလေ "

" ဒါကတော့... "

" ထားပါတော့... ခု မင်း သတိရလာပြီဆိုတော့ မင်း စိတ်တိုင်းကျ ဆုံးဖြတ်လို့ရပါပြီ... ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် အားအင် ပြည့်ဝနေဖို့ လိုတာကြောင့် မင်း တစ်ခုခု စားဖို့တော့ လိုမယ်နော်... ဒီမှာ ငါ ပြင်ပေးခဲ့တဲ့ အစားအသောက်တွေလဲ ဘာတစ်ခုမှ စားထားတဲ့ပုံ မပေါ်ဘူး "

အိမ်ထဲဝင်လာကတည်းက အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ကာ ဆိုဖာနောက်မှီပေါ် တင်ထားလိုက်ပြီး လုပ်စရာရှိတာတွေကို ဇယ်ဆက်သလို လုပ်နေတဲ့ Heeseung...

အခုလဲ စကားပြောနေရင်းမှ မီးဖိုထဲ ဝင်သွားကာ စားပွဲပေါ်က အုပ်ဆောင်းကို လှပ်ကြည့်၍ Park Sunghoon ကို လှမ်းပြောနေပြန်သည်။

" ကိုယ့်ကိုကိုယ်တောင် ဘယ်ရောက်နေမှန်း မသိတဲ့ အခြေအနေကြီးမှာ ဘယ်သူက အစား စားဖို့ သတိရမှာလဲ "

" ခု သိပြီဆိုတော့ လာစားတော့လေ... မင်း သတိလစ်နေတာ နှစ်ရက်တိတိနော်.. မင်း အစာအိမ်ထဲမှာ ဘာ အစာမှ မဝင်တာ နှစ်ရက်ရှိနေပြီ "

အပြင်က ဝယ်လာဟန်ရှိတဲ့ အထုပ်တွေထဲက စားစရာတွေကို ပန်းကန်ထဲ ထည့်၍ ပြင်ဆင်ရင်း Sunghoon ကိုပါ စားဖို့ ခေါ်တော့ သတိလစ်တာ နှစ်ရက်ရှိနေပြီ ဆိုတာနဲ့ ပြူးပြူးပြာပြာ ဖြစ်သွားတဲ့ Sunghoon က

" ဗျာ... ကျွန်တော် သတိလစ်နေတာ နှစ်ရက် နှစ်ရက်တောင် ရှိပြီလား "

" sure..."

" အဲ့လောက်ထိ ကြာသွားခဲ့တာလား... "

" အဖျားတွေ တအားကြီးခဲ့တာကိုးး... ခြေထောက်တွေကလဲ ပြန် ရောင်လာခဲ့တာ... ဒီဒဏ်တွေကြောင့်လဲ ကြာသွားတာ ပါမယ်​... ဒါတောင် မင်း သတိလစ်နေတဲ့ အတောအတွင်း ဆရာဝန်တွေ နေ့တိုင်း လာကြည့်ပေးခဲ့လို့ သက်သာတာနော်... မဟုတ်ရင် မင်း ခြေထောက်တွေ ခုချိန် ပြန်ထောက်နိုင်အုံးမှာ မဟုတ်ဘူး "

" ကျွန်တော့်ကို ခုလို ကြည့်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူး Lee "

ထိုအခါမှ သူ့ခြေထောက်တွေကိုသူ ကြည့်ရင်း ငြိမ်ကျသွားတဲ့ Park Sunghoon က ကျေးဇူးတင်စကား ပြောဖို့ သတိရဟန်တူပါသည်...

" မလိုပါဘူး... မင်း တကယ် ကျေးဇူးတင်ရမှာ ငါမဟုတ်လို့... စိတ် သက်သက်သာသာနဲ့ပဲ နေပါ "

" အတွင်းရေးမှူး Lee ဘာကို ပြောချင်တာလဲ... ကျွန်တော်က ဘယ်သူ့ကို ကျေးဇူးတင်ရမှာလဲ "

" အင်း.. အဲ့လိုလေးတွေ ရှိတယ်... ခုတော့ လာ စားလှည့်တော့ ပူတုန်းလေး "

သူကိုယ်တိုင်ပါ စားပွဲမှာထိုင်လိုက်ကာ စားသောက်ဖို့ကို ခေါ်တော့

" ကျွန်တော် စားချင်စိတ်မရှိဘူး အတွင်းရေးမှူး Lee... ခုချိန်မှာ ဒါတွေ စားနေ​လဲ စားလို့ဝင်မှာမဟုတ်ဘူး... ကျွန်တော် အဆော ဆီ သွားရမယ်... အတွင်းရေးမှူး Lee သိထားသမျှ အဆော အ​ခြေအနေကို ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါလား "

Sunghoon ရဲ့ တောင်းဆိုမှုမှာ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ချက်ချင်းဆိုသလို မျက်နှာပျက်ကာ ငြိမ်ကျသွားတဲ့ Heeseung...

ထိုအချင်းအရာကို မြင်လိုက်တဲ့ Sunghoon မှာ စိုးရိမ်စိတ်တို့ မြင့်တက်သွားကာ

" အဆော တစ်ခုခု ဖြစ်နေတာလား... အဆော ဘာဖြစ်နေလို့လဲ... မြန်မြန် ပြောစမ်းပါ "

ဆိုဖာပေါ် ထိုင်နေရာမှ အတွင်းရေးမှူး Lee ရှိရာ စားပွဲနားကို ဘယ်က ဘယ်လို ရောက်သွားလိုက်မှန်း မသိတဲ့ Sunghoon...

စိတ်က အလျင်လိုနေတော့ ပတ်တီးစည်းထားရတဲ့ ခြေထောက်တွေကိုလဲ သတိမထားနိုင်။

Heeseung သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လက်ထဲက ဇွန်းနဲ့ ခရင်းကို အောက်ပြန်ချလိုက်ကာ Sunghoon ကို သေချာကြည့်လိုက်ပြီး

" Sunoo ဘာမှ မဖြစ်ပါဘူး... သတိလဲ ရနေပြီ... အားလုံးလဲ ပုံမှန်ပဲမို့ မနေ့ညနေကပဲ ဆေးရုံ ဆင်းသွားပြီ "

" သေချာရဲ့လား... ဒါဆို ဘာလို့ အတွင်းရေးမှူး Lee မျက်နှာမကောင်း ဖြစ်သွားရတာလဲ "

" အာ... အဲ့ဒါ ကိုယ် တခြားတစ်ခုကို စဉ်းစားလိုက်မိလို့ပါ... Sunoo လေးက နေကောင်းနေပါပြီ "

" အားးး တော်သေးတာပေါ့... ကျွန်တော် အဆောကို တအား စိုးရိမ်နေခဲ့တာ... ကျွန်တော် အဆောအနားမှာ ရှိနေမပေးနိုင်ခဲ့လို့လဲ ကိုယ့်ကိုကိုယ် အပြစ်တွေ တင်နေတာ... အဆော နေကောင်းပြီ ဆိုလို့ တကယ် တော်သေးတာပေါ့ "

ယခုမှ စိတ်အေးသွားသည့်ပုံမျိုးဖြင့် ထိုင်ခုံတွေပေါ် ပစ်စလက်ခတ် ထိုင်ချလိုက်တဲ့ Sunghoon...

လိမ်ညာပြောဖို့ စိတ်ကူးမရှိပေမယ့် အမှန်အတိုင်းပြောလိုက်ဖို့ရာကလဲ မဖြစ်။

CEO အမိန့်မလား...

Sunoo လေးရဲ့ အကြောင်းတွေကို အပြင်လူတွေဆီ မပေါက်ကြားရဆိုတဲ့ တစ်ချက်လွတ် အမိန့်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပေါက်ကြားအောင် လုပ်လိမ့်မည်မဟုတ်...

Heeseung မျက်စိရှေ့က သူ့အပြောကို ယုံကြည်သွားရှာတဲ့ ကောင်လေးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိရင်း ရင်ထဲ လေးလံလာခဲ့ရတော့သည်။

ဆုတောင်းလွဲခဲ့တဲ့ အချစ်တွေများလား...

ထပ်တူညီခဲ့ကြပေမယ့် လက်တွဲဖို့ရန် ခက်ခဲလွန်း လိုက်တာ...

သူ ကြည့်နေတာကို မသိရှာတဲ့ Sunghoon ကတော့ ထိုင်ခုံမှာ ထိုင်ကာ တစ်ခုခုကို တွေးနေဟန်ဖြင့် အတန်ကြာ ငြိမ်သက်နေလေရဲ့။

ပြီးမှ ထိုင်ရာမှ ထ လိုက်ကာ

" ကျွန်တော် အဆောဆီ သွားမှ ဖြစ်မယ် "

" သွားလို့မဖြစ်ဘူး "

Heeseung ရဲ့ ကပြာကယာ အတားမှာ နားမလည်ဟန်နဲ့ ပြန်ကြည့်လာပြီး

" ဘာဖြစ်လို့လဲ အတွင်းရေးမှူး Lee "

" Sunoo လေးက... Sunoo လေးက အခု သူ့အိမ်မှာ ရှိနေတာ မဟုတ်ဘူး... CEO က သူ့အနားခေါ်ထားတယ်... Sunoo အခု CEO နဲ့ အတူ ရှိနေတယ် Park Sunghoon "

" အဓိပ္ပါယ်မရှိလိုက်တာ... ဘယ်မှာပဲ ရှိနေနေ... ကျွန်တော်ကတော့ ရအောင် သွားတွေ့မှာပဲ "

" Sunghoon... Park Sunghoon... လိုက်သွားလို့ မဖြစ်ဘူးနော် "

စားပွဲခုံကို လက်နဲ့ ပုတ်ကာ ထိုင်ရာမှ ထသွားတဲ့ Sunghoon ကို Heeseung နောက်ကနေ ခပ်မြန်မြန်လေး လိုက်ဆွဲရသည်။

သွားခိုင်းလိုက်လို့ မဖြစ်ဘူးမလား...

ထိပ်တိုက်တွေ တွေ့ကုန်ကြရင် မဖြစ်သင့်တာတွေက ထပ် ဖြစ်ကြအုံးမယ်လေ...

ခု ဖြစ်သွားတဲ့ ကိစ္စတွေမှာလဲ ဘယ်သူ့ဘက်ကမှ အလျှော့မပေးကြပဲ စိတ်ထင်ရာတွေ ဇွတ်တရွတ် လုပ်ကြလို့ ဖြစ်ခဲ့ရတာ...

တကယ်တမ်း ဒီသုံးယောက်မှာ တစ်ယောက်ယောက်က လျှော့ပေးလိုက်မှ ဒီကိစ္စတွေ ငြိမ်းချမ်းသွားရမှာလေ။

အချိန်တိုင်း ထိပ်တိုက်တွေ တွေ့နေကြရင် တစ်ယောက်မှ ကောင်းနိုင်ဖွယ်ရာ မရှိတော့။

ခုလဲ Sunoo လေးခမျာ...

ဟင်းးးး

Heeseung သက်ပြင်းမောတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြီးမှ

" လိုက်မသွားတာ မင်းအတွက် ပိုကောင်းလိမ့်မယ်လို့ ငါ အကြံပေးချင်တယ် Park Sunghoon shi... CEO က အစောင့်တွေလဲ ချထားတယ်... သူ ကိုယ်တိုင်လဲ Sunoo လေးနားမှာ 24 နာရီလုံး ရှိနေတာမို့... မင်း ဘယ်လိုမှ သွားဖို့ အဆင်မပြေနေဘူး "

" ဒါဆို ကျွန်တော်က ဒီတိုင်းကြီး ငုတ်တုတ်ထိုင်နေရမှာလား... အဆောက ကျွန်တော့််ချစ်သူဗျ... ကိုယ့်ချစ်သူ တစ်ယောက်လုံး... ဒီလောက်အထိ ဝေဒနာ ခံစားထားရတာကို သက်သာတဲ့အထိတောင် ကျွန်တော်က သူ့အနားရောက်မလာနိုင်ရင် ကျွန်တော် ဘယ်လို လူလုပ်တော့မလဲ...သူ့ဘာသာ ဘယ်သူတွေ ရှိရှိ ကျွန်တော် ဂရုမစိုက်ဘူး အတွင်းရေးမှူး Lee.. ကျွန်တော်ကတော့ အဆောဆီကို ရောက်အောင် သွားမှာပဲ "

ဆွဲထားတဲ့ Heeseung ရဲ့ လက်တွေကို ဖြုတ်ချခဲ့ကာ နောက်လှည့်မကြည့်စတမ်း ထွက်သွားတဲ့ Sunghoon...

ဒီတစ်ခါလဲ ချိုင်းထောက်မပါ ပတ်တီးစည်းထားတဲ့ ခြေထောက်ကို အားပြု၍ ထောက်သွားပြန်လေသည်။

ကြာရင်တော့ ဒီခြေထောက်ဟာ ဖြတ်မပစ်ရရင် ကံကောင်းပေါ့လေ....

.
.
.

" ကျွန်တော့်ကို ဘာလို့ ဒီဆေးတွေ တိုက်နေတာလဲ ဟင် ဦးလေးကြီး... ကျွန်တော် နေကောင်းနေပါပြီ... ဘယ်နေရာမှ နာမနေတော့ဘူးလေ "

မျက်တောင်ရှည်လေးတွေ တဖျတ်ဖျတ်ခတ်ကာ လည်ပင်းလေး မော့ပြီး ဆေးမသောက်ချင်လို့ အကြောင်းတွေ ပြနေတဲ့ ကုတင်ပေါ်က ကောင်ငယ်လေးကို Jay ပြုံးပြုံးလေးသာ ကြည့်လိုက်မိသည်။

သတိမေ့သွားပြီးမှ အရင်ကထက် ပို၍ ကလေးဆန်လာတဲ့ ဘေဘီ...

သူ့ကိုလဲ Jay လို့ ခေါ်ခိုင်းတာကို ခုထိ ဦးလေးကြီးတဲ့...

ဆရာဝန်တွေရဲ့ ကုထုံးတွေရယ် ဘေဘီ့ မေမေရဲ့ အနီးကပ် စောင့်ရှောက်မှုတွေမှာ ဘေဘီ့ မှတ်ဉာဏ်တွေဟာ ကလေးဘဝက လွန်မြောက်လာခဲ့ပြီ ဆိုပေမယ့် ဘယ်သူ့ကိုမှ မမှတ်မိသေးတဲ့ အ​ခြေအနေ...

" ဘယ်နေရာမှ မနာတော့ဘူး ဆိုပေမယ့် ဘေဘီ ကိုယ့်ကို မမှတ်မိသေးဘူးလေကွာ... အဲ့တော့ ကိုယ့်ကို မှတ်မိဖို့ ဒီဆေးကို သောက်ရမယ် "

Jay ရဲ့ ခပ်ပြုံးပြုံးနဲ့ စ နောက်လိုက်မှုမှာ ဘေဘီဟာ မျက်စောင်းလေးထိုးလာပြီး...

" ဦးလေးကြီးကို မှတ်မိပါတယ်နော်... ဘာလို့ မမှတ်မိရမှာလဲ "

" အဟားးး ဘေဘီက ကိုယ့်ကို တကယ်ကြီး မှတ်မိတယ်ပေါ့ "

" မှတ်မိတယ် "

" ဘေဘီ ဆေးမသောက်ချင်လို့ ကိုယ့်ကို ညာနေတာ ကိုယ်သိပါတယ်ကွာ... "

" အာ... မှတ်မိပါတယ်လို့ဆို... ကျွန်တော် မညာဘူး တကယ် တကယ် "

တကယ် တကယ် ဆိုတဲ့ နေရာလေးမှာ ခေါင်းလေးကိုပါ တဆတ်ဆတ် ညိမ့်ပြလိုက်တာကြောင့် Jay အသည်းယားစွာ နှုတ်ခမ်းတွေကို ဖိကိုက်ပစ်လိုက်ရသည်။

ဒီကလေးဆန်မှုလေးကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး ဆွဲနမ်းပစ်လိုက်ချင်ပေမယ့် ဘာကိုမှ မမှတ်မိသေးတဲ့ ဘေဘီ့အပေါ် သူ့ စိတ်တွေ ထိန်းချုပ်ထားရသည်။

အလိုလိုမှ ဘေဘီက သူ့ကို မြင်ရင် ရှောင်ဖယ်ရှောင်ဖယ်နဲ့ ကြောက်လန့်နေတဲ့ အမူအရာလေးတွေကြောင့် သူ့ကို မကြောက်ဖို့ မနည်း ချော့မော့ထားရတာ...

သူ့ဘက်က ဒီလိုတွေ အရိုင်းဆန်လိုက်ရင် ဘေဘီ့အနား ကပ်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်တော့။

" ဟုတ်ပြီလေ... ကိုယ့်ကို မှတ်မိတယ်ဆိုရင် ဘေဘီကကိုယ့်ကို အရင်တုန်းက ခေါ်သလိုပဲ ပြန်ခေါ်ရမယ်... "

" ဦးလေးကြီး လို့ လား... "

" အာ...ဟာ... ဘယ်က ဦးလေးကြီးလဲ... ကိုယ် ဘယ်လိုခေါ်ရမယ်လို့ သင်ပေးထားလဲ ကွာ.. "

Jay ရယ်လဲရယ်ချင် စိတ်တွေလဲ လေ ကာ မျက်နှာကြီး ရှုံ့တွပြီး ပြောလိုက်မိတော့ ပါးဖောင်းဖောင်းလေးတွေ မို့တက်ကာ မျက်လုံးလေး ပိတ်ကျအောင်ထိ သဘောတကျ ရယ်နေတဲ့ ဘေဘီ...

" ဟီးးးဟီးးး မသိလို့လေ... ကျွန်တော်က အဲ့လို ခေါ်ရမယ် ထင်တာကိုးးး "

" သေချာပြီ ဒါဆို ဘေဘီကိုယ့်ကို မမှတ်မိသေးဘူး... အဲ့တော့ ဆေးသောက်ရမယ်... နော် "

သူ့စကားနဲ့သူ မိသွားပြီး ဆေးသောက်ရဖို့ ဖြစ်လာတော့ မျက်နှာလေးက စူပုတ်ပုတ်လေး ဖြစ်ချင်လာပြီ။

" ဒီ ဆေးသောက်ရင် ကိုယ် အလုပ်က ပြန်လာတော့ ဘေဘီကြိုက်တဲ့ mint choco ဝယ်လာပေးမယ်လေ... ဘယ်လိုလဲ "

အကဲစမ်းသလိုလေး Jay ပြောလိုက်တော့ မျက်လုံးလေးတွေ အရောင်လက်လာတဲ့ ဘေဘီ..

တကယ်ကို ကလေးလေးပါ...

တစ်ခုခုကို လုပ်ခိုင်းချင်ရင် ကြိုက်တတ်တာလေးတွေ ဝယ်ပေးမယ် ပြော တန်း ကောက်လုပ်ပစ်တတ်တာ...

ဆေးတိုက်မရရင်... လုပ်ရမယ့် လေ့ကျင့်ခန်းတွေ မလုပ်ရင် မုန့်ဝယ်ကျွေးမယ်ပြော ဘေဘီဟာ တစ်ခွန်းနဲ့ နားထောင်တော့တာ...

ခုလဲ အရောင်လက်နေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို မော့ကြည့်နေကာ

" ဦးလေးကြီး တကယ်ပြောတာနော် "

လက်ညှိုးလေးထိုးပြီး သေချာအောင် ထပ်မေးနေတဲ့ ဘေဘီ့ကို Jay အသာအယာပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

" တကယ်ပေါ့ ဘေဘီရယ်... ကိုယ် ဘေဘီ့ကို ဘယ်တုန်းက လိမ်ညာ ပြောဖူးလို့လဲ "

ပြောပြီးတာနဲ့ သူ့ဆီ ထိုးထားတဲ့ ဘေဘီ့ လက်ညှိုးလေးကို ဆွဲယူကာ သွားလေးနဲ့ ကိုက်လိုက်တော့

" အ့... ဦးလေးကြီး နော်..."

" အဟွန်းး "

Jay သဘောတကျနဲ့ သွားတန်းညီညီလေးတွေ ပေါ်အောင် ရယ်လိုက်မိပြီး လက်ထဲက ဆေးလုံးတွေကို ဘေဘီ့လက်ထဲ ပြောင်းထည့်ပေးလိုက်သည်။

" ကဲ လိမ်မာတယ် ဘေဘီက... ဆေးလေးသောက်လိုက်နော်... ဒါမှ ဘေဘီ သိချင်နေတဲ့ အရာ အားလုံးကို ပြန်မှတ်မိလာမှာ... ကိုယ် အပြန် မုန့်ဝယ်လာခဲ့မယ် "

" ဟုတ် "

လက်ထဲက ဆေးတွေကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး Jay သဘောကျ ဆေးသောက်ပြနေတဲ့ ဘေဘီ့ကို ကြည့်ကာ Jay စိတ်ထဲက ပြောလိုက်မိတာကတော့

* တကယ်တမ်း ကိုယ့်စိတ် အတိုင်းသာဆို မင်း ဘာကိုမှ မမှတ်မိလေ ကောင်းလေပဲ ဘေဘီရယ်... ဘာတွေကိုမှ သတိမရတော့ဘဲ ဘယ်သူ့ကိုမှ တမ်းတနေရတာမျိုး မရှိတော့ဘဲ ဒီတိုင်းလေး... ဒီတိုင်းလေးပဲ မင်းကို ကိုယ့်အနား ထားလိုက်ချင်တော့တယ်... *

" ကျွန်တော် သောက်လို့ပြီးသွားပြီနော် ဦးလေးကြီး "

ဆေးသောက်ပြီးကြောင်း ပါးစပ်လေး ဟပြကာ အတည်ပြုနေတဲ့ ဘေဘီ့ကိုကြည့်ပြီး Jay မျက်နှာက အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်လာရတယ်...

မချိပါဘူး...

ကိုယ့်အတ္တတွေနဲ့ ဘေဘီ့ကို အတိတ်တွေကို
သတိမရစေချင်တော့ဘူးလို့ တွေးလိုက်မိတိုင်း ကိုယ့်ကြောင့် ခုလိုတွေ ဖြစ်သွားရတဲ့ ဘေဘီ့ကို ကြည့်ပြီး ကိုယ့်ရင်ထဲ မချိပါဘူး ဘေဘီရယ်...

Jay ကုတင်ထက်က မော့မော့လေး ဖြစ်နေတဲ့ ဘေဘီ့နဖူးလေးပေါ် အနမ်းဖွဖွပေးလိုက်ကာ

" လိမ်မာလိုက်တာ ဘေဘီရယ်~~~ "

အဆုံးသတ်သံတို့ အဖျားခတ် လှုပ်ခါသွားတာကိုတော့ အကောင်းအဆိုး နားမလည်တဲ့ ဘေဘီဟာ သတိထားမိမှာ မဟုတ်ပါဘူး...

ထိုအခိုက်မှာပဲ ခြံရှေ့မှ ဆူဆူညံညံ အသံတွေကို ကြားလိုက်ရသည်။

" အဆော!!! အဆောရေ!!!!... မောင့်ကို ခဏလေးလောက်ပဲ ဖြစ်ဖြစ် တွေ့ခွင့်ပေးပါကွာ... အဆော... "

လေအဝေ့မှာ တိုက်ကြီးပေါ်ထိ လျှံတက်ရောက်ရှိလာတဲ့ အာခေါင်ခြစ် အော်သံတွေ...

တစ်နေ့တစ်မျိုး မရိုးရအောင် ခြံရှေ့လာပြီး အော်ဟစ်သောင်းကျန်းတတ်တဲ့ Park Sunghoon...

ဘေဘီ့မေမေရဲ့ တောင်းပန်တားမြစ်မှုတွေကြောင့်သာ သူ ခုချိန်ထိ သီးခံပေးနေတာ...

သူ့စိတ်အတိုင်းသာဆို ခြေတစ်လှမ်းမှ ရွေ့မလာနိုင်အောင် ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပစ်လိုက်ပြီ။

ဘေဘီ့ကို သူ့အိမ်မှာသာ ခေါ်ထားကာ အနီးကပ်စောင့်ကြည့် နေတော့ ဘေဘီလဲ ဘယ်မှ သွားလို့မရသလို Sunghoon မှာလဲ ဘယ်လိုမှ လာတွေ့လို့မရ။

မတွေ့ရလေ ပိုတွေ့ချင်လေ ဖြစ်နေတဲ့ Park Sunghoon ဟာ သူ့အိမ်ရှေ့ လာပြီး ဒီရက်ပိုင်းတွေမှာ ခုလိုတွေ လုပ်နေတာ...

ထိုအသံများကြောင့် Jay လက်သီးတို့ တင်းခနဲ...

ဒီ့ထပ် ပိုပြီး သီးခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးမလား...

အံကို တင်းတင်းကြိတ်လိုက်ကာ အခန်းပြင်သို့ ထွက်မယ်အလုပ်

" ဘာသံတွေလဲဟင် ဦးလေးကြီး... "

မျက်လုံးလေးပြူးကာ မေးလာပြီး ကုတင်ပေါ်က ဆင်းမယ်လုပ်နေတဲ့ ဘေဘီ့ကို Jay ပုခုံးလေးကနေ ပြန်ဖိချလိုက်ကာ

" လမ်းပေါ်က အသံတွေပါ ဘေဘီရယ်... ဘာမှ ထူးခြားတာ မဟုတ်လို့... အိပ်တော့နော်... ဘေဘီ ဆေးတွေ သောက်ထားရတယ်လေ "

" ကျွန်တော် မအိပ်ချင်သေးလို့... အပြင်ခဏ ထွက်ကြည့်မယ်နော်.... ဘယ်သူ ဘာဖြစ်နေတာလဲ သိချင်လို့ပါ... ကြားနေရတဲ့ အော်သံက အရမ်း သနားစရာ ကောင်းတာပဲ..အဲ့အသံတွေ ကြားပြီး ကျွန်တော့်ဒီနေရာက အောင့်လာတယ် "

သူ့ဝဲဘက်ရင်အုံလေးကိုသူ ဖိပြပြီး ပြောလိုက်တဲ့ ဘေဘီ့စကားမှာ Jay ခေါင်းကြီး သွားရသည်။

ဒါ ဘယ်လိုသဘောတွေလဲ ...

လူက မှတ်ဉာဏ်တွေကို ဖြတ်ထုတ်ထားပေမယ့် နှလုံးသားက ခံစားသိရှိနေတာမျိုးလား...

Jay ခပ်မြန်မြန်ပဲ ဘေဘီ့အနား သွားလိုက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး

" ဟင့်အင် ဘာမှ မဟုတ်ဘူး... ဘာမှမဟုတ်လို့ ဘေဘီ ထွက်ကြည့်စရာ မလိုဘူးလေ... ကိုယ် သွားကြည့်လိုက်မှာမို့ ဘေဘီက အေးအေးဆေးဆေး အိပ်နေလိုက်တော့နော် "

" ကူညီနိုင်ရင် ကူညီပေးလိုက်ပါ ဦးလေးကြီးရယ်... ဟိုနေ့ကလဲ ဦးလေးကြီးမရှိတုန်း အဲ့လို အော်သံတွေ ကြားရသေးတယ်... ကျွန်တော် သူ့ကို သနားလွန်းလို့ပါ "

" ကောင်းပြီ... ကောင်းပါပြီ... ကိုယ် ကူညီလိုက်မှာမို့ ဘေဘီ ဘာမှ စိတ်မကောင်း မဖြစ်နဲ့နော်... ကိုယ် ဘေဘီ့အနား ရှိမနေလဲ ဘေဘီက အဲ့လို အသံတွေ ကြားရင် ထွက်မကြည့်ဘဲ အိမ်ထဲမှာပဲ လိမ်လိမ်မာမာ နေမယ်မလား... ဟင် "

" နေပါတယ်... မနေလို့လဲ မရပါဘူးနော်... ဦးလေးကြီးရဲ့ ဟို တပည့်တွေက ကျွန်တော် ခြံထဲဆင်းရင်ကို နောက်က တကောက်ကောက် လိုက်နေတာ... မေမေ့ဆီသွားချင်ပါတယ်ဆိုတာတောင် ပေးမသွားဘူး "

" အဲ့ဒါ ဘေဘီ့ကို စိုးရိမ်လို့လေ ဘေဘီရယ်... ကဲ ကိုယ် သွားကြည့်ပြီး ကူညီပေးလိုက်မယ် ဘေဘီ အိပ်တော့ နော် "

ပါးလျလျ ခန္ဓာကိုယ်လေးကို အိပ်ရာပေါ် လှဲသိပ်ပေးလိုက်ပြီး စောင်လေးပါ ခြုံပေးလိုက်ကာ Jay အခန်းပြင်ကို ထွက်လာခဲ့သည်။

Park Sunghoon ကို ဒီအတိုင်း လွှတ်ထားလို့တော့ မရတော့ဘူးပဲ...

" အဆော...အဆော အထဲမှာ ရှိနေတာ မောင် သိတယ်နော်.. ခဏလောက်လေး ထွက်လာပေးပါ... မောင့်ဆီ ခဏလေးပဲဖြစ်ဖြစ် ထွက်လာခဲ့ပေးပါ...အဆော!!! "

" မောင့်ကို မျက်နှာလေးတော့ ပြပေးပါကွာ... အဆော တကယ် အဆင်ပြေနေရဲ့လား မောင် အတည်ပြုဖို့ မျက်နှာလေးပဲ ပြပေးပါ... "

ဆွေးဆွေးမြေ့မြေ့ ဒီအော်သံတွေနဲ့ အပြိုင် နာကျင်အောင့်မျက်နေတဲ့ ရင်ဘတ်တွေကို ဆုပ်ချေလို့ မျက်ရည်လေးတွေ ကျဆင်းနေတဲ့ ကုတင်ပေါ်က အဖြူရောင်လေး...

ဒီမျက်ရည်တွေ ဘာကြောင့် ကျလာခဲ့ရတာလဲဆိုတာ သူကိုယ်တိုင်တောင် နားမလည် မသိရှိခဲ့ပါဘူး....

ကလေး စိတ်လေးနဲ့ပေါ့...

သူတွေးနေမိတာက သနားစရာကောင်းလို့ သူပါ လိုက်ငိုမိတယ် ဆိုတာမျိုး....

ခဏအကြာမှာတော့ ခြံရှေ့က အော်သံလေးတွေလဲ တိတ်ကျသွားခဲ့သလို ကုတင်ပေါ်ကအဖြူရောင်လေးဟာလဲ ရှိုက်သံလေးတွေ တစ်ဝက်တပျက်နဲ့ အိပ်ပျော်သွားခဲ့လေတော့သည်....

************************************

Love you all my Vitamins 💙

San Htarni 💙

21.5.2023







Comment