~ 23 ~

~ 23 ~


" လိုက်ပို့ပေးလို့ ကျေးဇူးနော် မောင် "

" ကျေးဇူးတင်ရင် အာဘွား ပေး "

" ဆိုးလိုက်တာ "

" ချစ် လို့ ပါ ကွာ... "

မောင့်ရဲ့ ကော်ဖီဆိုင်လေးထဲမှာ နှစ်ယောက်သား စိတ်ကြိုက် သောင်းကျန်းထားခဲ့ပြီး ညနေ အိမ်ပြန်ချိန်မှာ မောင်က အိမ်ကို လိုက်ပို့ပေးခြင်း ဖြစ်သည်။

အိမ်ရှေ့ထိ ရောက်နေတာတောင် ကားထဲက ထွက်လို့မရအောင် သူရှိရာ ကားတစ်ဖက်ခြမ်းမှာ ကားတံခါးကို ဖွင့်လို့ ကားဘော်ဒီကို မှီပြီး လက်တစ်ဖက်က ကားတံခါးပေါ် ထောက်ထားကာ ရှေ့က ပိတ်ရပ်ထားတဲ့ မောင်ရယ်ပါ...

" လိုက်တယ် "

" အင်...ဘာလဲ "

ဘာကိုဆိုလိုမှန်းမသိလို့ မေးလိုက်တော့ သူဝတ်ထားတဲ့ မောင့်အင်္ကျီအကြီးကြီးကို မေးငေါ့ပြပြီး

" မောင့်အင်္ကျီအကြီးကြီးထဲမှာ အဆော ခန္ဓာကိုယ်လေး မြုပ်နေတာ အရမ်းမိုက်တာပဲ "

" မိုက်စရာလား... ဒီလောက် ပွနေတဲ့ အင်္ကျီကြီး ဝတ်ထားတာကို "

" အဆောနဲ့ လိုက်တယ် "

ဆိုင်မှာပဲ ရေချိုးကာ သူ့အင်္ကျီက ပြန်ဝတ်လို့ မရအောင်ထိ ဂျုံတွေပေနေတာမို့ မောင့်အင်္ကျီအကြီးကြီးကို ယူဝတ်ထားခြင်းဖြစ်သည်။

အရပ်ကွာဟမှုကြောင့် မောင့်အင်္ကျီဟာ သူ့ကိုယ်ပေါ်မှာ အတော်လေး ပွပြီး ရှည်လို့နေသည်။

ခါးအရှည်ကလဲ တင်ပါးကို ကျော်လို့ ပေါင်တစ်ဝက်လောက်အထိဖုံး​နေကာ လက်ကလဲ သူ့လက်ဖျားတွေထက်ကို ကျော်ကာ ရှည်ကျလို့။

ဒါကို ကြည့်ပြီး ဆိုင်မှာကတည်းက မောင်က လိုက်စ နေခဲ့တာ...

" ဖယ် အိမ်ထဲဝင်တော့မယ် "

ရယ်ကျဲကျဲလုပ်နေတဲ့ မောင့်ကို မျက်စောင်းထိုးကာ ရှေ့က ပိတ်ရပ်ထားတဲ့ မောင့်ကို တွန်းဖယ်လိုက်ပြီး ကားထဲက တိုးထွက်လိုက်တော့ မောင်က ဖယ်မပေးဘဲ ဆက် ပိတ်ထားပြီး

" အိမ်ထဲ ဝင်ချင်ရင် မောင့်ကို အာဘွားပေး... အာဘွားရမှ ဖယ်ပေးမယ် "

" မောင်နော် အိမ်ရှေ့ကြီးမှာ "

" ဘယ်သူ မြင်မှာ မို့လို့လဲ..."

" တစ်ယောက်ယောက် မြင်သွားရင် မကောင်းဘူး...ဖယ်နော် မောင့်... အတင့်မရဲနဲ့... ဟိုတစ်ခါလို Jay သိသွားရင် ရှင်းမရ ဖြစ်နေမယ် "

" ရှင်းမရတော့လဲ အမှန်အတိုင်း ချပြလိုက်ရုံပေါ့"

" မောင်နော်... စကားကို ဘယ်လိုကြီးပြောတာလဲ..ပြောတော့ အဆောကို ခက်ခဲအောင် မလုပ်ပါဘူးဆို "

" မောင်က သဘော ပြောပြတာပါ... ကဲ အထဲဝင်ချင်တယ်မလား... လာ ဒီကို "

ပါးတစ်ဖက်ကို ဖောင်းပြကာ လက်ညှိုးနဲ့ ထောက်ပြပြီး အာဘွားပေးဖို့ တောင်းဆိုနေတဲ့ မောင်ဟာ တကယ်ကို အဆိုးအဆာလေးပါ။

သူ ဖြစ်ချင်တာကို ဖြစ်လိုက်ရမှ။

ဒါကြောင့်ပဲ Sunoo ဆက်ငြင်းမနေတော့ဘဲ မောင့်ကို ဂုတ်ကနေ ဆွဲနှိမ့်ချလိုက်ပြီး ဖောင်းထားတဲ့ ပါးလေးတစ်ဖက်ကို နှုတ်ခမ်းလေးနဲ့ ဖိကပ်လို့ အနမ်းပေးလိုက်ရတော့သည်။

မဟုတ်ရင် မိုးသာ ချုပ်သွားမယ် ကားထဲက ထွက်ရဖို့မမြင်။

Sunoo နမ်းလို့အပြီးမှာပဲ မောင်က ချက်ချင်းကိုပဲ ပြန်ခွာလိုက်တဲ့ သူ့ နှုတ်ခမ်းလေးပေါ် ဖိကပ်လို့ ဖျတ်ခနဲ တစ်ချက် နမ်းလိုက်တာကြောင့် မျက်စောင်းပါးပါးလေးနဲ့ ကြည့်လိုက်ကာ

" မောင် သိပ် ကဲတယ် "

" ချစ်လို့ပါဆို "

" မောင်ပဲ အပြောကောင်း "

သူ့အပြောကြောင့် မောင့်ပါးပေါ်က ပါးချိုင့်လေး ခွက်ဝင်သွားတော့ ပေးလိုက်ရတဲ့ အနမ်းတစ်ပွင့်က တန်ပါတယ်လေ...

" ညကျ မောင် ဖုန်းဆက်မယ်နော် "

" ဟုတ် မောင် "

" ဒါဆို မောင် သွားမယ် "

သူ့ခေါင်းကဆံပင်လေးကို ဆွဲဖွခဲ့ပြီး ကားပေါ်တက်ခါ မောင်းထွက်သွားတဲ့ မောင့်ကားလေး အိမ်ရှေ့က ထွက်သွားမှ ခြံတံခါးကိုဖွင့်ကာ အထဲကို ဝင်ခဲ့လိုက်သည်။

ဝင်ဝင်ချင်းပဲ ဘယ်က ဘယ်လို ရောက်လာမှန်းမသိတဲ့ မေမေက သူ့လက်ကို ဆွဲကာ ရေး​ကြီးသုတ်ပြာ ပုံစံနဲ့ အပေါ်ထပ်က သူ့အခန်းထဲထိ တောက်လျှောက် ဆွဲခေါ်သွားတော့ နောက်က လိုက်သွားရတဲ့ သူ့မှာ ဘုမသိ ဘမသိ။

အခန်းထဲ ရောက်မှာ ဆွဲထားတဲ့ လက်ကို လွှတ်ပေးလိုက်တဲ့ မေမေက

" သား... မေမေ မြင်လိုက်တာ ဘာလဲ... မေမေ မြင်လိုက်တာ ဘာလဲလို့ "

" ဘာကိုလဲ မေမေ "

ထိတ်ထိတ်ပြာပြာနဲ့ ဂဏာမငြိမ်နေတဲ့ မေမေ့ပုံစံကြောင့် သူလည်းပဲ စိုးရိမ်သွားရကာ မေးလိုက်တော့ မေမေက

" မေမေ အိမ်ရှေ့မှာ တွေ့လိုက်တာ ဘာလဲ Sunoo... အဲ့ကောင်လေး အဲ့ကောင်လေးက ဘယ်သူလဲ... သားတို့ သားတို့က ဘာတွေလဲ "

သိလိုက်ပါပြီ မေမေ အထိတ်တလန့်ဖြစ်နေတဲ့ အကြောင်းရင်းကို။ မေမေ တွေ့သွားခဲ့တာပဲ။

အချစ်တစ်ခုက ဖုံးကွယ်ထားဖို့ အဲ့လောက် ခက်ခဲရသလား...

သူတို့ ခုမ စ ပြီး ချစ်ကြမှာလေ...

ဇာတ်လမ်းအစမှာတင် တားဆီးပိတ်ပင် ခံရတော့မှာလား...

" မေမေ မေးနေတယ်လေ Sunoo!!... သားတို့က ဘာတွေလဲ... မေမေ ဘာတွေကို မြင်လိုက်ရတာလဲလို့ !! "

" မေမေ..."

" သား!!! "

မေမေ့ကို မမေးဖို့ရာ ခေါင်းလေးယမ်းပြတော့ မေမေ့ဆီက ခပ်မာမာအော်သံတစ်ခုက ထွက်ကျလာခဲ့သည်။

" မေမေ သိရမှ ဖြစ်မယ် သား... သား မေမေ မသိအောင် ဘာတွေ လုပ်ထားတာလဲ... မေမေ့ကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့... မေမေ အားလုံးကို အမှန်အတိုင်းပဲ သိချင်တယ် "

" မေမေ... "

တိုးဖျော့ဖျော့ သူ့ခေါ်သံကို မေမေက ဂရုမစိုက်တော့ဘူး...

" မေမေ မေးနေတယ်လေ!! "

" သား မဖြေချင်ဘူး မေမေ "

" Kim Sunoo!! ... မေမေ မေးနေတယ် နော်... မေမေ အားလုံးကို အမှန်အတိုင်း သိချင်တယ်... ဒီမှာ မေမေ သိချင်လွန်းလို့ အသားတွေပါ တုန်နေပြီ နော်... မေမေ့ကို စိတ်ဆိုးမိအောင် မလုပ်နဲ့ "

မေမေ့ပုံစံက သူ မပြောမချင်း မရမက မေးတော့မည့်ပုံ။ ဒါနဲ့ပဲ သူ သက်ပြင်းဖွဖွချကာမေမေ့ကို ဘာတစ်ခုမှ မထိန်ချန်တော့ဘဲ ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် မေမေ နားလည်ပေးဖို့ မျှော်လင့်ပါတယ်လေ....

" သား... သားနဲ့သူနဲ့က ချစ်သူတွေပါ မေမေ... မေမေ မြင်ခဲ့ပြီးပြီဆိုတော့ သားတို့ အခြေအနေကို မေမေ ခန့်မှန်းပြီးသား ဖြစ်မှာပါ "

" မိုက် လိုက် တာ သားရယ်... မင်းမို့လို့ ဒီလို လုပ်ရပ်ကြီးကို "

" မေမေ့!! "

မေမေ့ ပြစ်တင်သံကို သူ မကြားလိုတာကြောင့် ခပ်မြန်မြန်ပဲ ဟန့်တားလိုက်ပြီး

" သား လုပ်ရပ်ကို မေမေတော့ လက်ခံပေးမှ ဖြစ်မယ်မလား... မေမေတစ်ယောက်တော့ သားဘက်မှာ ရှိနေပေးပြီး သားတို့ကို ထောက်ခံပေးမှ ဖြစ်မယ်လေ မေမေ ... သား ကို မိုက်လိုက်တာ လို့ မပြောပါနဲ့လား "

" ပြောရမယ်သား... ဒါ အတော်ကြီးကို မိုက်မဲတဲ့ အလုပ်ကို သား လုပ်လိုက်တာလေ... မလုပ်သင့်ဆုံး အရာတစ်ခုကို သား လုပ်ခဲ့တာ "

" သားကို အပြစ်မတင်ပါနဲ့... သား မေမေ့ဆီက ပြစ်တင်ပြောဆိုတာတွေကို မကြားနိုင်လို့ပါ... မေမေ သားကို စိတ်ဆိုးတယ်ဆိုရင် စိတ်ဆိုး ပြေတဲ့အထိ ရိုက်လိုက်ပါ... ရိုက်ပြီးရင်တော့ သားလုပ်ရပ်အတွက် မေမေ သားကို နားလည်ပေးပါ "

" ဒီ ကိစ္စမျိုးက စိတ်ဆိုးလို့ဆိုပြီး ရိုက်လိုက်တာနဲ့ ပြီးပျောက်သွားမယ့် ကိစ္စလား... သား ဒါကို မလုပ်ခင် ရှေ့နောက် မစဉ်းစားဘူးလား "

" သား အမျိုးမျိုး စဥ်းစားခဲ့ပါတယ် မေမေ... သား သူ့ကို မချစ်မိဖို့လဲ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်... ဒါပေမယ့် မရခဲ့ဘူး... သား စိတ်တွေကို သား မထိန်းချုပ်နိုင်လိုက်ဘူး... သူ့ကို သား ဘဝထဲ မဝင်ခဲ့ဖို့ တားမြစ်ရင်း တွန်းထုတ်ရင်းကနေပဲ သား သူ့ကို ချစ်မိသွားခဲ့တယ်... သား သူ့ကို သိပ်ချစ်တယ် မေမေ "

" သားလေးရယ်... "

" သူနဲ့တွေ့မှ သားက အရေးပါတဲ့ လူတစ်ယောက်ပါလား လို့ ခံစားမိလာရတာ...

သူနဲ့တွေ့တော့မှ သားရဲ့ ဖြစ်တည်မှုက အဓိပ္ပါယ် ရှိပါလား လို့ ခံစားမိလာရတာ...

သူနဲ့တွေ့တော့မှ လူငယ်ဘဝရဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို ခံစားလာရတာပါ...

သူက အမြဲတမ်း သားအပေါ် နွေးထွေးပေးတယ်... သားသဘော သားဆန္ဒကို ရှေ့တန်းတင်ပြီး အမြဲတမ်းပဲ သားက နံပါတ်တစ် ဖြစ်စေခဲ့တယ်...

သူနဲ့အတူ ရှိနေရရင် သား စိတ်တွေ အမြဲတမ်း လွတ်လပ် ပျော်ရွှင်နေတယ် မေမေ "

" ......"

"သူက သား အချစ်ကို ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်ပါ.... သားအချစ်ကို ရဖို့အတွက်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ မာနတွေ သိက္ခာတွေကိုတောင် မထောက်ဘဲ သားရှေ့မှာ ဒူးထောက်ခဲ့တာ ... ဒီလို လူတစ်ယောက်ကို ချစ်မိသွားလို့ သား မမှားဘူးမလား.... ဟင် မေမေ "

သူ့ကို ယူကျုံးမရအကြည့်တွေနဲ့ ကြည့်နေတဲ့ မေမေ့မှာ စကားဆိုစရာတို့ ပျောက်ရှသွားလေဟန် ရှိပါသည်။

ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ရင်ထဲက ခံစားရသမျှကို တစ်ခွန်းချင်း ရင်ဖွင့်နေတဲ့ သူ့ကို တွေတွေကြီး စိုက်ကြည့်နေပြီးမှ ရင်ခွင်ထဲကို ဆွဲဖက်လိုက်ကာ

" သားရယ်... သားလေးရယ်... မေမေ့ သားလေးရယ် "

သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေတဲ့ မေမေ့ကို သူ ပြန်လည်ပွေ့ဖက်လိုက်ပြီး

" မငိုပါနဲ့ မေမေ... သား ချစ်မိသွားတဲ့ ကိစ္စက မေမေ ငိုစရာမှ မရှိတာ "

" မေမေ အသုံးမကျခဲ့လို့ ငါ့သားလေး ခုလိုတွေ ဖြစ်နေရတာ... မေမေ ပြန်တွေးမိတိုင်း အသည်းနာလို့ပါ သားရယ်... "

" ဘယ်သူ့ကြောင့်မှ မဟုတ်ခဲ့ပါဘူး မေမေရယ်... သားတို့ ကံတွေကိုက ဒီလိုဖြစ်လာဖို့ ပါလာခဲ့ကြလို့ပါ... မေမေ့ကိုယ်မေမေ အပြစ်တွေ မတင်ပါနဲ့"

" ခုတော့ ဘာဆက် လုပ်ကြတော့မလဲ... မေမေတို့ ဘာဆက်လုပ်ကြမလဲ... ဒီကိစ္စတွေ CEO သိသွားရင် တကယ်မလွယ်ဘူးနော်.... မေမေ့ သားလေးကိုလဲ ရင်မကွဲစေချင်ဘူး... CEO သိသွားရင်လဲ.."

" သား Jay လက်က မလွတ်ဘူးဆိုတာ သိပြီးသားပါ... ဒါပေမယ့် မေမေရယ်... အချိန်အတိုင်းအတာ တစ်ခုလောက်တော့ Jay ကို မေ့ထားပြီး သား ပျော်သလိုပဲ နေချင်တယ် "

" သားလေးရယ်... မင်း ရှေ့လျှောက် ဘယ်လို လုပ်မယ် စိတ်ကူးထားလို့လဲ... သား ဦးနှောက်ထဲမှာ ဘာတွေ ရှိနေတာလဲကွယ်... သား အစား မေမေ ရင်မောလိုက်တာ... မေမေလဲ သားလေး ပျော်နေတာကိုပဲ မြင်ချင်ခဲ့တာပါ... သား စိတ်ထဲရှိသလို နေထိုင်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ရွှင်နေတာကိုပဲ မြင်ချင်ခဲ့တာပါ... ဒါပေမယ့် အခု ဒီ ပျော်ရွှင်မှုက အချိန်ဘယ်လောက်ထိ ခံမှာ မို့လို့လဲ... "

" အချိန်အတိုင်းအတာ တစ်ခုထိပေါ့ မေမေရယ်.. အခုချိန်မှာ သူက သားကို လိုအပ်နေတယ်... တစ်ကောင်ကြွက် တစ်မျက်နှာ သူ့ဘဝမှာ လက်တွဲဖော်အဖြစ် သားကို ရှိနေစေချင်တယ်တဲ့... သူက အနာဂတ်အိမ်မက်တွေရှိတဲ့ လူတစ်ယောက်ပါ... အဲ့ဒီ အိမ်မက်တွေဆီ အရောက်သွားဖို့ သူ့ဘေးမှာ အားပေးဖော်အဖြစ် သားကို ရှိနေစေချင်နေတယ်... သူ့အိမ်မက်တွေ ပြည့်ဝဖို့ အကောင်အထည်ဖော်နေတဲ့ ကာလအတွင်းတော့ သား သူ့ဘေးမှာ အားလုံးကို မေ့ထားပြီး ပျော်ပျော်လေးပဲ နေမယ်... သူ အောင်မြင်သွားတဲ့ တစ်နေ့ကျရင်တော့.... "

ပြောလက်စ စကားတွေ ရပ်တန့်သွားကာ ခေါင်းလေးငုံ့ချသွားပြီး အားအင်ကုန်ခမ်းသွားဟန် ဖျော့တော့တဲ့ပုံစံလေးနဲ့ ရှိနေတဲ့ သားကို ကြည့်ပြီး သူမ ရင်ထဲ တကယ်ကို မချိတော့ပါဘူး...

" သားလုပ်ရပ်က အရမ်း စွန့်စားလွန်းရာ ရောက်နေတယ်ဆိုတာကိုရော သိသေးရဲ့လား ... CEO သိသွားရင်လဲ မကောင်းသလို တဖက် ကောင်လေးက သားရဲ့ ဆုံးဖြတ်ချက်ကို သိသွားရင်ရော.. သူ လက်ခံမယ် ထင်လို့လား ... အန္တရာယ်တွေ များလိုက်တာကွယ် "

" သား သူ့ကို ချစ်တယ် မေမေ...အချိန်တန်ရင် Jay ကိုပဲ လက်ထပ်ရမှာ သိပေမယ့်
တစ်ကြိမ်တစ်ခါလောက်တော့ သား စစ်မှန်တဲ့ အချစ်တစ်ခုနဲ့ ထိတွေ့ဖူးချင်တယ်...
ဒါဟာ မောင့်အပေါ် မတရားမှန်း သိနေပေမယ့်
မောင့်အချစ်တွေကို စော်ကားမိနေတာမှန်း သိနေပေမယ့် သား ရသလောက် အချိန်လေးတော့ မောင့်အနား နေပါရစေ... ဘာတစ်ခုမှ မတွေးတောဘဲ နေနိုင်သမျှ အချိန်လေးပေါ့... ပြီးတော့ မောင့်ကို ချစ်ပေးနိုင်သမျှ သား အစွမ်းကုန် ချစ်ပေးခဲ့ချင်တယ် "

" အဲ့ဒါက သူ့ကို ပိုပြီး ခံစားရစေတယ် ဆိုရင်ရော... သား အခုလိုတွေ ချစ်ပေးပြီးမှ သူ့အနားက ထွက်သွားရင် အဲ့လို ထွက်သွားတဲ့ တစ်နေ့ သူ ဘယ်လို ဖြစ်ကျန်ခဲ့မလဲ သား စဉ်းစားဖူးရဲ့လား... သူ့ကို ဒဏ်ရာတွေ ပို ပေးသလို ဖြစ်နေပါ့မယ် သားရယ် ... ပြီးတော့ Jay ရဲ့ ကျေးဇူးတရားတွေကိုလဲ စော်ကားရာ ရောက်နေပါ့မယ်... Jay က သားအပေါ် အစစအရာရာ အကုန်ကောင်းပေးနေတယ် မလား "

"Jay လား... ခုချိန်မှာ သား Jay မေတ္တာတွေကို စော်ကားသလို ဖြစ်နေတယ် ဆိုပေမယ့် တစ်နေ့ သားက Jay အနားမှာပဲ နေရမှာလေ.... အဲ့အချိန်ကျမှ သား မှားခဲ့တာတွေ အတွက် အတိုးချပြီး ပြန်ပေးဆပ်မယ်.... သား အမှားတွေ အတွက် တစ်သက်လုံး Jay အနားနေပြီး သူ့စိတ်တိုင်းကျ သား ပြန်ပေးဆပ်ပါ့မယ်... ဒါပေမယ့် ခုချိန်မှာတော့ အားနည်းသူ မောင့်အနား ပါရမီဖြည့်ရင်း ခဏတော့ ပျော်ချင်သေးတယ် "

" သားလေးရယ်... မေမေတို့အတွက်နဲ့ သားလေး အနစ်နာခံနေရတာ မေမေ ရင်ထဲမချိဘူး... ဒီ အမေ အသုံးမကျခဲ့လို့... ငါ့သားလေး ရင်တွေနာပြီးရင်း နာနေရတာ မေမေ အသုံးမကျလို့ ဒီမေမေ ဉာဏ်နည်းခဲ့လို့ပါ သားရယ် "

" ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ မေမေ... ဒါ သားရဲ့ ကံတရားပါ... ဒီလို ပုံစံနဲ့ပဲ မေမေတို့အပေါ် ကျေးဇူးဆပ်ပေးနိုင်တာကိုတောင် သားက လွန်လှပါပြီ... "

" မေမေ့သားလေးကိုလေ ဘယ်လို ကျေးဇူးတရားတွေကိုမှ ထောက်ထားစရာ မလိုတဲ့ လွတ်လွတ်လပ်လပ် ပျော်နေတဲ့ ကောင်ငယ်လေးအဖြစ် မြင်ချင်လိုက်တာ သားရယ်... ခုတော့ သားလေးမှာ ထောက်ထားစရာတွေရယ် ငဲ့ညှာစရာတွေရယ်နဲ့ ရဲရဲ မပျော်ရဲတဲ့ဘဝကို ရောက်နေရရှာတယ်... ဒါတွေက မေမေ့ကြောင့် "

" တော်ပါတော့ မေမေရယ်... သား ဒီလိုနေရတာလဲ နေပျော်ပါတယ်... ဘာပဲဖြစ်ဖြစ် မေမေနဲ့ ညီမလေး အဆင်ပြေရင် သားက ရပါပြီ "

အမြဲတမ်း မိသားစုအတွက်ပဲ ရှေ့တန်းတင်ပြီး မိသားစုအဆင်ပြေဖို့ကိုသာ ခေါင်းထဲထည့်တတ်တဲ့ သားလေး...

ဒီတစ်ခါတော့ သူ့ဘဝမှာ မိသားစုတမျှ အရေးကြီးတဲ့ လူတစ်ယောက်ကို တွေ့ဆုံခဲ့ရပြီပေါ့...

သူ့ဘဝအတွက် အရေးပါတယ်ဆိုပေမယ့်လည်း မိသားစုကို ငဲ့ညှာ ကျေးဇူးတရားတွေကို ​ထောက်ထားလို့ ရဲရဲတင်းတင်း ပျော်ပစ်လိုက်ဖို့ကို မဝံ့မရဲနဲ့ အချိန်တန်ရင် ခြေလှမ်းတွေ ရပ်တန့်ပစ်ဖို့ ခုကတည်းက တွေးတော ထားရှာတယ်တဲ့...

ဒါပေမယ့်လဲ တာဝန်မယူနိုင်တဲ့ အချစ်တစ်ခုကို ဘယ်တော့မှ မ စတင် သင့်ဘူးဆိုတာ သားလေး မသိလေရော့သလားကွယ်....

.
.
.

" အလုပ်ကို ဘယ်လိုတွေ လုပ်နေကြတာလဲ!!!... ဒီ ပြဿနာလေးလောက်ကို မဖြေရှင်းတတ်ကြတော့ဘူးလား!!!... မင်းတို့ ဦးနှောက်တွေ ဘယ်နေရာ သွားပြီး သုံးစားနေကြတာလဲ ဟမ်!!! "

ပြည်ပ ရုံးခွဲတွေက တင်သွင်းလာတဲ့ အချက်အလက် file တွေကို ကြည့်ပြီး ပေါက်ကွဲနေတဲ့ CEO Park...

Complain တွေက နေရာစုံကနေ တက်နေကြတာ...

တစ်ခါမှ အခုလောက်ထိ ဖြေရှင်းခဲ့ရတာ မရှိသေးဘူး။

အနှောက်အယှက်က ဝင်ပြီးဆို ဘက်ပေါင်းစုံက။

ရှန်ဟိုင်းစက်ရုံပေါက်ကွဲတဲ့ ကိစ္စမှာလဲ ယခုအထိ လက်သည်က မပေါ်သေး။ ထို့ကြောင့် အတွင်းရေးမှူး Lee လဲ မသင်္ကာစရာကောင်းတဲ့ သဲလွန်စနောက် တောက်ရှောက်လိုက်နေပြီး ရုံးချုပ်ကို ပြန်မလာနိုင်။

သူ့ဦးဆောင်မှုအောက်မှာ နေရာစုံ ထောင့်စေ့နေပါရက်နဲ့ ခုလို လွဲချော်မှုတွေ အနှောက်အယှက်တွေက ဘယ်က ဘယ်လို လာဖြစ်ရတာလဲ။

ဒါဟာ သွေးရိုးသားရိုး ကိစ္စတွေ မဟုတ်မှန်းတော့ သူ သိနေသည်။ ဖြစ်နိုင်ချေရှိတဲ့ လူတချို့ကို စောင့်ကြည့်ခိုင်းထားပေမယ့် ဘာတစ်ခုမှ ထူးခြားမှု မရှိ။

သူ့ကို ဒီလိုတွေ လာ ထိပါးရဲနေတာက ဘယ်လို အ​ကြောက်အလန့်မရှိတဲ့ သတ္တိမျိုးနဲ့လဲ....

သူ့ ဒေါသကို သိတာကြောင့် ရုံးခန်းထဲကို အစီရင်ခံစာတွေ လာပို့တဲ့ တာဝန်ခံဟာလဲ ခေါင်းမဖော်ဝံ့။

ကြမ်းပြင်ပေါ်မှာလဲ CEO Park စိတ်ရှိတိုင်း သောင်းကျန်းထားမှုကြောင့် စာရွက်စာတမ်းတွေဟာ ပြန့်ကျဲလို့။

ထိုစဥ် မန်နေဂျာဖြစ်သူ ရုံးခန်းထဲကို ရေးကြီးသုတ်ပြာ ဝင်လာပြီး

" CEO... ရှယ်ယာရှင်တွေဆီက ဖုန်းဆက်လာပါတယ်... "

" ဘာတဲ့လဲ "

" ပြည်ပရုံးခွဲတွေဆီက ဆုံးရှုံးမှုတွေကို ဘယ်လို ဖြေရှင်းပေးမှာလဲ မေးနေကြပါတယ် CEO "

" ကောင်းပြီလေ ငါ ကိုယ်တိုင် သူတို့နဲ့ တွေ့မယ်... ခု ချက်ချင်း ဒါရိုက်တာ အစည်းအဝေးခေါ်လိုက်"

" ဟုတ်ကဲ့ CEO "

" ကဲ မင်းကလဲ အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား... ကျောက်ရုပ်ကြီးလို ငါ့ရှေ့လာ ရပ်မနေနဲ့ "

" ဟုတ် ဟုတ်ကဲ့ CEO "

" ကြည့်လိုက်ရင် တစ်ယောက်မှ အချိုးပြေတာကို မရှိဘူး "

မန်နေဂျာကို အစည်းအဝေး ခေါ်ဖို့ပြောကာ တဆက်တည်း ခေါင်းကြီးငုံ့ပြီး အကြောက်လွန်နေတဲ့ တာဝန်ခံကိုပါ ဟောက်လိုက်တော့ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေပြီး ကြမ်းပြင်ပေါ်က စာရွက်တွေကို ကောက်ပြီး ထွက်သွားတော့သည်။

ဟူးးးး

စိတ်တွေက မကြည်နေတော့ မြင်မြင်ကရာ ဒေါသဖြစ်စရာတွေကြီး။

အခန်းထဲ ဘယ်သူမှ မရှိတော့မှ ဆုံလည်ကုလားထိုင်ပေါ် ​ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။

ထိုစဉ် စားပွဲပေါ် တင်ထားတဲ့ ဖုန်းကို လက်နဲ့ ထိမိလိုက်တော့ လင်းခနဲ ဖြစ်သွားတဲ့ Screen ပေါ်က အဖြူရောင် ပုံရိပ်လေးတစ်ခု။

ဒီပုံရိပ်လေးကို မြင်လိုက်ရတော့ သူ နှုတ်ခမ်းပါးလေးတွေ ကော့ညွတ်သွားအောင် ပြုံးလိုက်မိသည်။

အပြုံးလှလှလေးနဲ့ ကြည်ကြည်တောက်တောက် မျက်ဝန်းညိုလေးတွေကို မြင်လိုက်ရတဲ့ ခဏ ပူလောင်နေတဲ့ သူ့စိတ်တွေ တခဏတော့ အေးချမ်းသွားရတယ်မလား...

ပြဿနာတွေ ဖြစ်ပြီးကြတဲ့ ညကတည်းက သူ ဘေဘီနဲ့ ကောင်းကောင်းမတွေ့ရသေး။

Company ကိစ္စတွေမှာ ဖြေရှင်းစရာတွေ များနေတာကြောင့် သူ အလုပ်ထဲမှာသာ အချိန်တွေကုန်နေတတ်တာများပြီး အိမ်ကိုတောင် ည အိပ်ချိန်လောက်မှ ပြန်ဖြစ်တာက ခပ်များများရယ်။

သူ့ရဲ့ ကုန်ခမ်းနေတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းဖို့အတွက် ဒီကောင်လေးရဲ့ မျက်နှာနုနုလေးကို တွေ့ရဖို့ လိုနေပြီလေ။

ထို့ကြောင့် ဒီနေ့ အလုပ်စောစောဆင်းပြီး ဒီကောင်လေးကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ကာ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။

" ဟယ်လို..."

တဖက်က ကြားလိုက်ရတဲ့ အိပ်ချင်မူးတူးအသံလေးကြောင့် CEO ကြီး ထပ်တစ်ခါ ပြုံးလိုက်မိရပြန်ပါပြီ။

" ဘယ်အချိန်မို့ အိပ်နေရတာလဲ ဘေဘီ "

" စောနက စာကြည့်ရင်းနဲ့ မျက်လုံးတွေ ညောင်းလာလို့ ခဏဆိုပြီး မှေးလိုက်မိတာ "

" အွန်း စာကို အဲ့လို ဇွဲရှိရှိ ကြည့် သိလား မင်း တိုးတက်အုံးမယ် "

" Jay ကလဲ..."

"ခုရော မျက်လုံးတွေ ညောင်းနေသေးလား "

" ဟင့်အင် "

" ဒီညနေ အပြင်မှာ Dinner တူတူစားမယ်... ပြင်ဆင်ထား ဘေဘီ... ကိုယ် Driver လွှတ်လိုက်မယ် "

" ဘာရှိလို့လဲ ဟင် "

" တစ်ခုခုရှိမှ စားရမှာလား ကွာ... "

" မဟုတ်ပါဘူး... ကျွန်တော်က ပွဲတစ်ခုခု ရှိတာလား လို့ပါ "

" ဘာပွဲမှ မရှိဘူး... ဒီတိုင်း ဘေဘီနဲ့ အချိန်မဖြုန်းရတာ ကြာနေပြီ မို့ "

" ဟုတ်ကဲ့ပါ... "

တိုးဖျော့သွားတဲ့ လေလှိုင်းတစ်ဖက်က အသံကြောင့် Jay မျက်မှောင်ကျုံ့လိုက်ကာ

" ဘာဖြစ်သွားတာလဲ အသံက "

" ဘာမှမဖြစ်ပါဘူး Jay... ညနေ ကျွန်တော် စောင့်နေပါ့မယ် "

" အင်း...See you "

" ဟုတ်ကဲ့ "

ဘေဘီနဲ့ ဖုန်းပြောပြီးတာနဲ့ ရှန်ဟိုင်းမှာ ရောက်နေတဲ့ အတွင်းရေးမှူး Lee ကို တဆက်တည်း ဖုန်းခေါ်လိုက်ပြီး အဲ့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အသေးစိပ် ပြန်မေးရသည်။

ပြီး ဆက်လုပ်ရမယ့် အစီအစဉ်ကို ပြောပြပြီးတာနဲ့ ဖုန်းချလိုက်သည်။

Jay ဖုန်းချချချင်း တံခါးခေါက်သံ တစ်ချက်နဲ့အတူ မန်နေဂျာဝင်လာပြီး

" အစည်းအဝေး စလို့ရပါပြီ CEO "

" Ok... လာခဲ့မယ် "

အစည်းအဝေးခန်းထဲမှာတော့ လောဘဇောတိုက်နေတဲ့ ရှယ်ယာရှင်ဆိုတဲ့ လူတွေက အသင့်စောင့်ကြိုလို့။

သူ ဝင်လာတော့ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုး လုပ်နေတာတွေ ရပ်သွားကာ အားလုံးရဲ့ အကြည့်တွေက စားပွဲထိပ်က သူရှိရာဆီမှာ။

Jay ထိုင်ခုံမှာ ဟန်ပါပါ ထိုင်လိုက်ပြီး ငွေဆိပ်တက်ပြီး အဆီပြန်နေတဲ့ ရှယ်ယာရှင်တွေကို တချက်ဝေ့ကြည့်လိုက်သည်။

အားလုံးရဲ့ မျက်လုံးတွေက သူတို့ ကျေနပ်အောင် မဖြေရှင်းပေးရင် သူ့ကို ဝိုင်းပြီး ပြဿနာရှာချင်တဲ့ အငွေ့အသက်တွေနဲ့။

တချို့လဲ သူ့ကို ယုံကြည်ထားဟန် အေးအေးဆေးဆေး ထိုင်နေကြတဲ့ လူတွေလဲ ရှိရဲ့။

Jay ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားစလိုက်သည်။

" အခု ခေါ်လိုက်ရတဲ့ အစည်းအဝေးရဲ့ အကြောင်းကို အားလုံးလဲ သိပြီး ဖြစ်မှာပါ... အဲ့တော့ ကျုပ် ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘူး... ဘာ စောဒကမှ မတက်ဘဲ ကျုပ်ကိုပဲ ယုံကြည်ပြီး ကိုယ့်အိမ်မှာကို အရင်လို အေးဆေး ထိုင်နေကြဖို့ပဲ "

" ဒီလို ပြောလို့တော့ ဘယ်ဖြစ်မလဲ CEO... ကျွန်တော်တို့ ဆုံးရှုံးနေတာ နည်းတာမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နေနိုင်မလဲ "

" ဟုတ်တယ်လေ CEO...ခုထိ သေချာရေရာတဲ့ အဖြေ ဘာတစ်ခုမှ ထွက်မလာသေးဘဲ... ကျွန်မတို့က CEO ကို ဘယ်လို ယုံကြည်ရမလဲ ''

" CEO က ဒီမှာရှိနေပြီး အတွင်းရေးမှူးနဲ့ပဲ ပြဿနာတွေ ဖြေရှင်းဖို့ လွှတ်ထားတာကို ကျွန်တော်တို့က ဘယ်လို ယုံကြည်ပြီး ထိုင်စောင့်နေရမှာလဲ...ဟုတ်မှလဲ လုပ်ပါ CEO ရယ် "

" ဒီကိစ္စတွေကို CEO ဘယ်လို ဖြေရှင်းပေးမှာလဲ.. ကျွန်တော်တို့က အမြတ်အစွန်းလိုချင်လို့ ရင်းနီးမြှုပ်နှံထားတာလေ... ခုတော့ အလှူလုပ်နေရသလို ဖြစ်နေပြီ "

ဝုန်း!!!!

သူ ဝင်လာတုန်းက ခေါင်းချင်းဆိုင် တီးတိုးတီးတိုး လုပ်နေတဲ့ လူတစ်စုဆီကနေ ဇာတ်တိုက်ထားဟန်ရှိတဲ့ စကားလုံးတစ်ချို့ သူ့ထက်ငါ ဦးအောင် ပြောရင်း ထွက်ကျလာတော့ သီးမခံတတ်တဲ့ CEO Park နဲ့ တွေ့ကြပြီပေါ့။

စားပွဲကို လက်သီးဆုပ်နဲ့ ခပ်ကြမ်းကြမ်းလေး ထုလိုက်တော့မှ ပွက်လောရိုက်နေတဲ့ အသံတွေ ငြိမ်ကျသွားကာ အခန်းထဲမှာ တိတ်ဆိတ်သွားတော့သည်။

" ခင်ဗျားတို့ စကားကို ဆင်ခြင်ပြီးပြောရင် ကောင်းလိမ့်မယ်... ကျုပ်နဲ့ လက်တွဲလာတဲ့ တလျှောက်လုံး ခင်ဗျားတို့ ဘာတွေ ဆုံးရှုံးခဲ့ဖူးသလဲ... ခင်ဗျားတို့ တစ်သက်မမြင်ဖူးခဲ့တဲ့ ပမာဏတွေအထိ ရလာအောင် ကျုပ်စွမ်းဆောင်နိုင်တယ်ဆိုတာ ပြန်ပြောပြနေစရာမလိုအောင် ခင်ဗျားတို့အသိ... ဒါကို ခင်ဗျားတို့ ပါးစပ်က ဒီလိုစကားမျိုး ထွက်လာရဲသေးတယ်"

" အရင်က အရင်လေ CEO... ခု ကိစ္စမှာတော့ ဆုံးရှုံးနေတာတွေက အားလုံး မျက်မြင်ပဲ "

" စိတ်ချ ဒီကိစ္စကို ကျုပ်မကိုင်တွယ်နိုင်လို့ ဆုံးရှုံးရမယ်ဆိုရင်တောင် ခင်ဗျားတို့ ငွေထဲက တစ်ပြားတစ်ချက် မပါစေရဘူး... အားလုံးကို ကျုပ် တာဝန်ယူတယ် "

" ကျွန်တော်တို့ကတော့ ဒီကိစ္စတွေကို CEO Park ကိုင်တွယ်နိုင်မယ်ဆိုတာ ယုံပါတယ်... ကျွန်တော်တို့အတွက်ကတော့ ဘာမှ ပြောစရာ မရှိပါဘူး CEO "

ယုံကြည်တဲ့လူတွေက အေးဆေးနေနိုင်ပေမယ့် လောဘဇောတွေနဲ့ အတ္တတွေ ဖုံးလွှမ်းနေတဲ့ လူတစ်စုကတော့ အသံကောင်းဟစ်တုန်း။

" CEO ရဲ့ စကားကို ကျွန်မတို့ ဘယ်လို ယုံကြည်ရမလဲ... ကျွန်မတို့က အပြောတွေ မကြိုက်ဘူးနော် CEO... လက်တွေ့အကောင်အထည်ပေါ်မှ ကြိုက်တာ "

" လက်တွေ့ အကောင်အထည်ပေါ်မှာကတော့ ကျုပ်ကို မယုံမကြည်လာ လုပ်နေတဲ့ လူမှန်သမျှ ဒီ Company ကနေ ရှင်းထုတ်ခံရတော့မယ် ဆိုတာပဲ... ကျုပ်ကို မယုံကြည်တဲ့ လူတိုင်းအတွက်လဲ ကျုပ်ရဲ့ Company မှာ နေရာပေးစရာ မရှိဘူး... အဲ့တော့ မယုံကြည်ပါဘူးဆိုတဲ့ လူတွေ အပြန်ကျရင် ခင်ဗျားတို့ရဲ့ ရှယ်ယာတွေကို ကျုပ်ရဲ့ မန်နေဂျာဆီမှာ ထုတ်သွားလို့ရတယ်နော်... ကျုပ် မန်နေဂျာက အားလုံး စီစဉ်ပေးလိမ့်မယ် "

တည်ကြည်တဲ့ မျက်နှာထား၊ အေးစက်တဲ့ စကားသံတွေနဲ့ စူးရှတဲ့ သူ့ အကြည့်တွေအောက် စောစောက မရှိတဲ့ အစွယ်သေးသေးလေးကို ထုတ်ပြကာ မာန်ထန်နေတဲ့ လူတစ်စု ခေါင်းတွေငုံ့ပြီး ခပ်ကုတ်ကုတ်တွေ ဖြစ်ကုန်ကြသည်။

" ဟို ကျွန်တော်တို့က အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူး... ဟို... "

" သေချာသိထားဖို့က ခင်ဗျားတို့ ရှယ်ယာတွေ မရှိလဲ ကျုပ်က အေးဆေး ရှေ့ဆက်သွားလို့ရတယ်ဆိုတာပဲ... ခင်ဗျားတို့ရဲ့ လက်တစ်ဆုပ်စာ ရှယ်ယာလေးကို ကျုပ်က မှုစရာကို မရှိတာ "

" မထုတ် မထုတ်ပါဘူး CEO... ကျွန်မတို့က အစတည်းက ယုံကြည်လို့ လက်တွဲလာကြတာပဲ ဟင်းဟင်း ဟင်း "

ခုမ စကားတွေ အမူအရာတွေလျှောချကာ မျက်နှာတွေ ပြောင်းလဲကုန်ကြတော့ CEO ကြီးက ရယ်တာပေါ့....

" ဟား ဟား ဟား ဟား... ခင်ဗျားတို့က ဟာသတွေ သိပ်လုပ်တယ်ဗျာ.... အရယ်အပြုံးနည်းတဲ့ ကျုပ်တောင် ဟားတိုက်ပြီး ရယ်မိသွားပြီ... ကျုပ်နဲ့ လက်တွဲလာတာ ကြာနေတဲ့ လူတွေက ဒီလို စကားတွေ ပြောလာတာ နည်းနည်းလေးတော့ ဟာသ မြောက်နေတယ်... စိတ်တွေ ဗျာ မများကြနဲ့နော်... အပင်ကူးရင်း ကိုင်းလွတ်သွားရင် အကျ နာတတ်တယ် "

" ..... "

သူ့စကားအဆုံး ကန့်လန့်တိုက်ခဲ့တဲ့ လူတစ်စုရဲ့ မျက်နှာတွေဟာ လ ငပုတ်ဖမ်းသလို မဲမှောင်လို့။

ဒါကိုပဲ Jay လက်ပိုက်၍ အရသာခံကြည့်နေလိုက်သည်။ နှုတ်ခမ်းပါးမှာတော့ ခပ်ထေ့ထေ့ အပြုံးတို့က ဆင်မြန်းလျှက်သား။

" ကဲပါ... နောက်ဆုံး ပြောချင်တာကတော့ ဒီကိစ္စတွေကို ကျုပ်ကိုယ်တိုင် လိုက်သွားပြီး ဖြေရှင်းမယ်ဆိုတာပါပဲ... ယုံကြည်တဲ့လူက ကျုပ်နဲ့ လက်တွဲ... မယုံကြည်တဲ့လူက ကြိုက်ရာလမ်း ရွေးပေါ့.. အစည်းအဝေးပြီးပါပြီ အားလုံး ကျုပ်ကို ခွင့်ပြုကြပါအုံး "

ပြောစရာရှိတာ ပြောခဲ့ပြီး Jay ဦးအောင် အစည်းအဝေးခန်းထဲက ထွက်လာလိုက်သည်။

ဦးနှောက်ရှိတဲ့လူက သေချာစဉ်းစားပြီး သူတို့အတွက် ကောင်းသလို လုပ်သွားလိမ့်မယ်။

သူတို့ ရှယ်ယာတွေလောက်တော့ Jay က မမှု။

လောလောဆယ် သူ့ခေါင်းထဲ ရှိနေတာက သူ့ဘေဘီနဲ့ တွေ့ဖို့သာ။

ထို့ကြောင့် သူ့ခြေလှမ်းတွေက ဘေဘီနဲ့ ချိန်းထားရာဆီ....

.
.
.

မီးရောင်စုံ အပြိုင်အဆိုင် ထွန်းညှိထားရာ အထပ်မြင့်အဆောက်အအုံတွေဆီက မီးရောင်တွေဟာ ကောင်းကင်ဆီသို့တိုင် လျှံတက်လို့...

ကမ္ဘာမြေပြင်ဆီက ထွန်းလင်းတောက်ပနေမှုတွေကို မယှဉ်နိုင်စွာ ကောင်းကင် ပေါ်က ကြယ်လေးတွေဟာ မျက်နှာငယ်စွာ ငုတ်လျှိုးလို့ပေါ့...

ညအချိန်ဆိုပေမယ့် ဥဒဟိုသွားလာနေကြတဲ့ လူတွေ ကားတွေကြောင့် လမ်းမကြီးက စည်ကားနေမြဲ...

လမ်းဘေး တစ်ဖက်တစ်ချက်မှာလဲ တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ ကြည်ကြည်နူးနူး လမ်းလျှောက်နေကြတဲ့ သမီးရည်းစားအတွဲတွေရှိသလို... အလုပ်ဆင်း အိမ်ပြန်ချိန် အိမ်ကိုရောက်ဖို့ ခပ်သုတ်သုတ် လမ်းလျှောက်နေတဲ့ လူတွေလဲ ရှိရဲ့။

တစ်ယောက်နဲ့ တစ်ယောက် ဟစ်အော်စနောက်လို့ ဗရုတ်ကျနေတဲ့ လူငယ်လေးတွေလဲ ရှိသလို.. အေးအေးဆေးဆေး တစ်ယောက်ထဲ အတွေးနဲ့ လမ်းလျှောက်နေတဲ့လူတွေလဲ ရှိရဲ့။

ထို လူတွေထဲမှာ Sunghoon ရယ် Jake ရယ် Niki ရယ် အပါအဝင်ပေါ့...

အလုပ်ကိုယ်စီ အရှုပ်ကိုယ်စီနဲ့ သူငယ်ချင်းသုံးယောက် မတွေ့ဖြစ်တာလဲ ကြာတော့ Sunghoon လေ့ကျင့်မှုအပြီးမှာ အတူချိန်းပြီး ညစာစားဖို့ ထွက်လာကြခြင်းဖြစ်သည်။

ကားနဲ့မလာဘဲ ညလေညှင်းခံရင်း လမ်းလျှောက်ချင်တယ်ဆိုတဲ့ Niki ရဲ့အဆိုကြောင့် သုံးယောက်သား ရောက်တတ်ရာရာတွေ ပြောရင်းနဲ့ လမ်းလျှောက်လာကြရင်းပေါ့ ...

" အားးး အဆောကို သတိရလိုက်တာကွာ... ဒီလို သာယာတဲ့ ညလေးမှာ ငါ့ဘေးနား အဆော ရှိရင် သိပ်ကောင်းမှာပဲ... အဆော လက်လေးကို ဆွဲပြီး အဆော သွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးချင်တာ ''

ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်လို့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကားသံတွေနဲ့ အပြိုင်ထ အော်တဲ့ Sunghoon ကြောင့် Niki က

" ပိုကို ပိုပါတယ်ကွာ မင်း... Sunoo အချစ်ကို မရခင်ကလဲ မရလို့ ငါတို့ နားပူရတယ်... ရပြီးတော့လဲ နားအေးရမလား မှတ်တယ်... အချိန်ပြည့် အဆော အဆောနဲ့ နားကြားပြင်းကပ်တယ် ဟေ့ရောင်ရေ... "

" မင်း! ကိုယ်ချင်းမစာ မပြောနဲ့ သားကြီး... မင်း ကောင်မလေးတွေအကြောင်း ပြောတုန်းကလဲ ငါတို့ ဒီလို နားထောင်ပေးလာတာပဲ "

" အာ ဟ... ဘာလဲ ငါ့ကောင်မလေးက... Nishimura တို့က ကျောလှည့်လိုက်ပြီးရင် တာ့တာနော်... စားမြုံ့ပြန်ပြီး တမ်းတနေတဲ့ လူ စားမျိုးထဲ ငါမပါဘူး "

" ဒါတော့ မင်း သေချာ မချစ်တတ်သေးလို့ပါကွာ... မင်းလဲ ချစ်တတ်လာတဲ့ တစ်နေ့ သူမှ သူ ဖြစ်လာလိမ့်မယ်... ငါ ပြောတာ ယုံ သားကြီး "

" ငါ ချစ်တတ်သွားရင်လဲ မင်းလောက်တော့ ဖြစ်မယ် မထင်ပါဘူး ကွာ... မင်း ဟာက "

" ဘာဖြစ်လဲ ဘာဖြစ်လဲ.. ငါ က ဘာဖြစ်လဲ "

" အရူး အမဲသားကျွေးမိသလိုပဲ "

" အဲ့ အရူးက မင်းလေ "

" ငါမဟုတ်ဘူး မင်း "

" မင်းသာ ရူးတာ ငါက မရူးဘူး "

" ခု ရူးနေတာ မင်းလေ Park Sunghoon ရ... အဆော အဆော နဲ့ Kim Sunoo ရူး ရူးနေတာ "

" လိ ကို ရူးလား... အဲ့ဒါ ချစ်တာကွ ချစ်တာ "

" ရားးး Park Sunghoon မင်း ငါ့ခေါင်းကို "

Sunghoon က Niki ကို ပုခုံးကနေ ဆွဲဖက်လိုက်ကာ ခိုစီး၍ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ခေါင်းကို ထုတော့ အထုခံရတဲ့ Niki က အာခေါင်သံကြီးနဲ့ ထအော်လေတော့သည်။

ဆူဆူညံညံနဲ့ စကားနိုင်လုနေတဲ့ Niki နဲ့ Sunghoon မှာ တစ်ယောက်နဲ့တစ်ယောက် ဆွဲလိုက် ထုလိုက် ငြင်းလိုက်နဲ့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိ။

နောက်က အေးအေးဆေးဆေး လိုက်လာတဲ့ Jake က လမ်းတစ်ဖက်ခြမ်းမှာ ရှေ့ဆင့်နောက်ဆင့် ထိုးရပ်လိုက်တဲ့ ကားနှစ်စီးကို ဘာရယ်မဟုတ် ကြည့်လိုက်မိစဉ်မှာတော့...

" ဟေ့ရောင်တွေ သားကြီးတို့ ဟေ့ရောင် "

Jake ရဲ့အလောတကြီးနဲ့ ခပ်အုပ်အုပ်ခေါ်လိုက်သံကြောင့် Sunghoon နဲ့ Niki လှည့်ကြည့်လိုက်တော့ Jake က တစ်နေရာကို မေးငေါ့ပြလာသည်။

Jake ပြတဲ့နေရာကို သူတို့နှစ်ယောက် ကြည့်လိုက်မိတဲ့ အချိန်မှာတော့...

ရှေ့က ကားပေါ်ကနေ ဆင်းလာတဲ့ Jay က နောက်က ကားပေါ်က ဆင်းလာတဲ့ အဆောရှိရာဆီ လက်နှစ်ဖက်ကို ဆန့်တန်းလို့ အပြုံးတို့နဲ့ လျှောက်လှမ်းသွားတာကို မြင်လိုက်ရလေသည်။

အဆောရှေ့မှာ ခြေစုံရပ်မိတဲ့အချိန် အဆောရဲ့ ခန္ဓာကိုယ်လေးကို ဆွဲဖက်လိုက်ပြီး နဖူးပြင်လေးထက် အနမ်းတစ်ပွင့် ပေးလိုက်တာကို မြင်လိုက်ရတဲ့အချိန် Sunghoon မျက်လုံးအစုံကို မှိတ်လိုက်မိသည်။

သူမှ ဒီလို မြင်ကွင်းတွေကို မကြည့်နိုင်ဘဲ။

Sunghoon မျက်လုံး ပြန်ဖွင့်လိုက်တဲ့ အချိန်မှာတော့ Jay က အဆော ပုခုံးလေးပေါ် လက်တင်လို့ ဆိုင်ထဲက ပြေးထွက်လာပြီး ကြိုနေတဲ့ လူတွေကို လက်ပြ၍ပင် နှုတ်ဆက်နေလေပြီ။

အားလုံးက တရိုတသေနဲ့ ခါးလေးတွေ ညွှတ်လို့ ခေါင်းတွေငုံ့ကာ ကြိုဆို နှုတ်ဆက်နေတာ မြင်ရပြန်တော့ သူ့မျက်နှာထက်မှာ မချိပြုံးလေးတစ်ခုကိုသာ ဆင်မြန်းနိုင်တော့တယ်လေ။

အဆောရယ်...

ဒီလူ့ဘေးမှာ ရှိနေတဲ့ အချိန်တိုင်း အဆောဟာ အားလုံးရဲ့ ရိုသေခံ ဦးညွှတ်ခံလေးပါလား...

အားလုံးက တရိုတသေနဲ့ ဦးညွှတ်ရတဲ့သူလေး...

အားလုံးက လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ခံရတဲ့သူလေး...

ဒီလူ့ လက်ထဲမှာ လိုလေသေးမရှိ ပြီးပြည့်စုံနေတဲ့ အဆောဘဝလေးက မောင့်ကြောင့်များ....

ဟူးးး မောင် မှားနေပြီလား အချစ်ရယ်...

ဦးညွှတ်နေတဲ့ လူတွေကြား ခေါင်းမော့ရင်ကော့ကာ အဆော ပုခုံးလေးကိုဖက်လို့ အထဲကို ဝင်သွားတဲ့ Jay ဟာလဲ လူရှိန်စရာ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလို့...

သူတို့ ဝင်သွားရာ အဆောက်အအုံကြီးကတော့ Park Group ပိုင် Five Star အဆင့်ရှိတဲ့ Restaurant ကြီး...

ဒီမြင်ကွင်းကို အစအဆုံး ငေးနေမိတဲ့ မောင့်မှာတော့ လက်သီးကို ကျစ်ကျစ်ဆုပ်လို့ မေးကြောတွေထောင်ထနေအောင် အံကို တင်းတင်းကြိတ်ကာ တောက် တစ်ချက် ခေါက်ပြီး လှည့်ထွက်လာမိလိုက်တယ်....

တောက် ခေါက််တယ်ဆိုတာကတော့ ကိုယ့်ဘဝကို ရင်နာလွန်းလို့ပါ....

ဒီလို အရှိန်အဝါ ဒီလို ဂုဏ်ထူး ရာထူးတွေနဲ့ ယှဉ်လိုက်တော့လဲ မောင်ဆိုတာ လမ်းပေါ်မှာ ခြေဗလာနဲ့ ရပ်နေတဲ့ လူ...

အဆောအတွက် ပေးစရာဆိုလို့ အချစ်တွေ အပြင် ဘာတစ်ခုမှ မရှိတဲ့ လူ...

အဆော ပြုံးပျော်နေအာင် စွမ်းနိုင်တာလေးကလွဲ ဘာတစ်ခုမှ မဖြည့်ဆည်းပေးနိုင်သေးတဲ့ လူ....

မောင့် အဆောရယ်....

ဘာပဲဖြစ်ဖြစ် မောင့်ဘဝထဲ ဝင်လာခဲ့ပေးလို့ ကျေးဇူးပါကွာ...

အဆောအတွက် မောင် အောင်မြင်အောင် ကြိုးစားပါ့မယ်...

မျက်စိရှေ့က မီးရောင်တွေဟာလဲ နှစ်ထပ်သုံးထပ်တွေဖြစ်လို့ လမ်းမကြီးပေါ်က သွားလာနေတဲ့ လူတွေရဲ့ ပုံရိပ်တွေဟာလဲ မပီပြင်တော့...

ပြည့်အိုင်လာတဲ့ မျက်ရည်တွေကို ကျ မလာစေဖို့ အံတင်းခံပြီး ခြေဦးတည့်ရာ ထွက်လာတော့ နောက်က တကြော်ကြော်အော်ကာ လိုက်လာတဲ့ Jake နဲ့ Niki...

" သားကြီး.. ဟေ့ရောင်... သားကြီး "

" yar... Park Sunghoon "

" သားကြီး ဘယ်သွားမလို့လဲ... "

" ဘာဖြစ်တာလဲ သားကြီးရာ... မင်း အစတည်းက ဒါတွေအတွက် ကြိုပြင်ဆင်ထားရမှာလေကွာ"

" ခံနိုင်ရည် ရှိရမယ်လေ သားကြီး ဒီလောက်လေးနဲ့ "

တစ်ယောက်တစ်ခွန်း ဖျောင်းဖျနေတဲ့ Jake နဲ့ Niki ရဲ့ စကားတွေကို သူ ဘာမှ ပြန်မပြောနိုင်။

ရင်ဘတ်ထဲက တင်းကြပ်ဆို့နင့်မှုကြောင့် ပြည့်အိုင်လာတဲ့မျက်ရည်တွေက ဘယ်လိုမှ ရှေ့ဆက် လမ်းလျှောက်လို့မရတော့အောင် မြင်လွှာတွေကို ပိတ်ကာထားလေပြီ။

ထို့ကြောင့် လမ်းဘေးမှာ ရှိနေတဲ့ ခုံတန်းလေးပေါ် မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ထိုင်ချလိုက်သည်။

" သားကြီးရာ... မင်း အဲ့လောက် မပျော့ညံ့စမ်းနဲ့ ကွာ... ဒါ ဘာမှ မဟုတ်တဲ့ အရာကြီးကို "

သူ့ကျောပြင်ကို ဖွဖွပုတ်ပြီး Jake က အားပေးစကား ပြောလာတော့ သူ အသက်ဝဝရှူကာ အားတင်းလိုက်ပြီး

" ငါ သိမ်ငယ်လို့ပါကွာ... ဒီမြင်ကွင်းကို ကြည့်ပြီး ငါ့ဘဝ ငါ့အခြေအနေကို စဉ်းစားမိတော့ ငါ သိမ်ငယ်သွားမိလို့ပါ "

" ဟေ့ကောင် ဒီလိုစကားဆိုတာ မင်း ပါးစပ်က လုံးဝမှကို မထွက်လာသင့်တဲ့ စကားနော် "

Niki ကပါ သူ့စကားကြားတော့ ပုခုံးကိုဆွဲဖက်ကာ ခပ်မာန်မာန်လေး ဝင်ပြောလာသည်။

" မဟုတ်ဘူးကွာ... ငါ ငါ အဆောကို အဆောကို ဒီလိုတွေ မဖြည့်ဆည်းပေးနိုင်ရင်... "

တိုးဝင်ပျောက်ကွယ်သွားတဲ့ သူ့အသံအဆုံးမှာ ဘယ်လို ခံစားချက်တွေ လိုက်ပါနေတယ်ဆိုတာ Niki နဲ့ Jake ရိပ်စားမိပါသည်။

" မလိုပါဘူး သားကြီးရာ.... Sunoo သာ ပကာသနတွေ မက်တဲ့လူ ငွေမက်တဲ့ လူဆို မင်းဘဝထဲ ဒီလို ဝင်လာမလား မင်း စဉ်းစား... "

" အဲ့လိုဆိုပေမယ့်လဲ ငါက ချစ်နေတဲ့လူလေ Jake ရာ... ငါ ချစ်တဲ့လူကို အရာရာ ဖြည့်ဆည်းပေးချင်တာ ငါ မှားလား... "

" မမှားဘူး သူငယ်ချင်း... မင်း မှန်တယ်... ဒါပေမယ့် လူတွေက လောကကြီးဆီ တိုးဝင်လာကြတဲ့ပုံစံချင်းက မတူကြဘူးလေ... မတူတာကို လိုက်တုနေစရာလဲ မလိုဘူးလေကွာ... ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ကိုယ့်ဘဝနဲ့ကို အကောင်းဆုံး ပုံဖော်နေနိုင်ရင် ဒါ ပြည့်စုံနေတာပဲ ကွ "

" ငါ မတက်သင့်တဲ့ လောဘတွေ တက်လိုက်မိတာများလား သားကြီးတို့ရာ "

" ကျစ် ပြောရ လက်ပေါက်မကပ်စမ်းနဲ့ Sunghoon ရာ... Sunoo က မင်းရှိနေရုံနဲ့ ပြည့်စုံနေတဲ့ လူပါကွ... မလိုတာတွေ မတွေးနဲ့ကွာ... "

" ငါ့ကြောင့် အေးချမ်းနေတဲ့ အဆောဘဝလေး ခက်ခဲသွားမှာ စိုးတယ်ကွာ ''

" ဒါဆို မင်းက Sunoo ကို လက်လွှတ်တော့မလို့လား "

" ဟင့်အင် Niki... အဆောကို လက်လွှတ်ဖို့တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး "

" ဒါဆို ပြီးပြီလေ သားကြီး... အဲ့ဒါကို မင်း ဘာဖြစ်နေတာလဲ... "

စိတ်မရှည်တတ်တဲ့ Niki က ချော့ချော့မော့မော့ ဖျောင်းဖျတယ် ဆိုတာထက် လိုရင်းကိုသာ ထိထိမိမိ ချပြတတ်တဲ့လူ။

Jake ကတော့ လေပြေလေးနဲ့ပဲ Sunghoon ကို ရှင်းပြနေလေသည်။

" မင်း အတည်ကြီးဖြစ်နေတယ်ဆိုတာ ငါတို့ သိပါတယ် သူငယ်ချင်းရာ... တိုက်ခိုက်ပြီး ရယူထားတဲ့ အချစ်မို့လို့ တစ်ဖက်လူနဲ့ ယှဉ်ကြည့်ပြီး မင်း ဒီလိုဖြစ်နေတာကိုလဲ ငါ နားလည်တယ်... ဒါပေမယ့် မင်းတို့လျှောက်ရမယ့်လမ်းက အခုမှ အစ ပဲ ရှိသေးတယ်... စစ်မရောက်ခင် မြှားကုန်ချင်မနေစမ်းနဲ့... ရှေ့လျှောက် မင်း ကြံ့ခိုင်နေရမယ့် ကိစ္စတွေ အများကြီး လာအုံးမှာ... သန်မာနေမှ ဖြစ်မယ်လေ ဒါမှ Sunoo ရှေ့မှာ မင်း မားမားမတ်မတ် ရပ်တည်နိုင်မှာပေါ့ "

" အေးပါကွာ... ငါ နားလည်ပါတယ် "

သူငယ်ချင်းသုံးယောက် လမ်းဘေးခုံတန်းလေးမှာပဲ ယိုင်နဲ့ ပြိုလဲ ချင်နေတဲ့ Sunghoon ကို နှစ်သိမ့်ရင်း အားပေးရင်း အချိန်တွေ ကုန်ခဲ့ရပေမယ့်

စားသောက်ဆိုင်ကြီးရဲ့ အပေါ်ဆုံးထပ် လသာဆောင်မှာတော့ CEO အလိုကျ ပြင်ဆင်ပေးထားတာက ခမ်းခမ်းနားနား...

နှင်းဆီဖြူပန်းအိုးကြီးတွေက စားပွဲဝိုင်းနဲ့ မလှမ်းမကမ်းမှာ အလှဆင်ထားတာ စီရရီ။

ညလေညှင်းသွဲ့သွဲ့မှာ နှင်းဆီ ရနံ့တို့ဟာလဲ သဲ့သဲ့လေး မွှန်းထုံလို့ပေါ့။

စားပွဲဝိုင်းရဲ့ ဘေးနားမှာတော့ တယောတံကိုကိုင်လို့ ပိုင်ပိုင်နိုင်နိုင် တီးခတ်နေတဲ့ ပညာရှင်လေးဆီက တေးသွားလေးဟာလဲ ဆွဲဆွဲငင်ငင်နဲ့ နားဝင်ပီယံ တင့်လှပါသည်။

မလှမ်းမကမ်းမှာလဲ ဆိုင်ရဲ့ နာမည်အကြီးဆုံး chef ကိုယ်တိုင် ဟင်းပွဲတွေကို ပြင်ဆင်ပေးနေတာ လိုလေသေးမရှိ။

စားပွဲပေါ်မှာ ဟင်းပွဲတွေလဲ အစုံရောက်ပြီး သီချင်းတီးခတ်မှုလဲ ပြီးသွားတဲ့အခါ Jay လက်တစ်ဖက် ဝေ့ပြလိုက်တာနဲ့ အားလုံး အရိုအသေပေးကာ အထဲကို ပြန်ဝင်သွားကြတော့သည်။

ထိုအခါကျမှ Jay က Sunoo ရှေ့က ဟင်းပွဲတွေကို အသားတွေသေချာ လှီးဖြတ်၍ ပြင်ပေးလိုက်ပြီး

" ကိုယ် ပြင်ပေးထားတာတွေ ကြိုက်ရဲ့လား ဘေဘီ "

" ဟုတ် ကြိုက်ပါတယ်... အားလုံး ကျွန်တော် ကြိုက်တာတွေကြည့်ပါပဲ "

" ဘာ လိုအပ်သေးလဲ... ကိုယ် ဘာမှာပေးရအုံးမလဲ "

" ဟင့်အင် Jay... လိုတာထက်ကို ပိုနေပါပြီ "

" အဝ စားရမယ်နော်... ဘေဘီ့ကို စားစေချင်လို့ ကိုယ် ပြင်ခိုင်းထားတာ "

" ဟုတ်ကဲ့ "

Sunoo ရှေ့က ဖန်ခွက်ထဲကို Jay ဝိုင်အနည်းငယ် ထည့်ပေးလိုက်ပြီး

" ဒီ ဝိုင်လေး မြည်းကြည့်... ဘေဘီ ကြိုက်မှာ သေချာတယ်... ဘေဘီ့ အကြိုက်အရသာလေး "

ပြောပြောဆိုဆို သူ့ဖန်ခွက်ထဲကိုလဲ ငှဲ့ထည့်လိုက်ပြီး တစ်ငုံချင်း အရသာခံသောက်နေတဲ့ Jay...

သူကိုယ်တိုင်က နည်းနည်းသာ စားပြီး Sunoo ပန်းကန်ထဲကိုသာ ဟင်းတွေ ထည့်ပေးနေပြီး ဝိုင်ပဲ ထိုင်သောက်နေတဲ့ Jay ကို ကြည့်ပြီး Sunoo စားနေရတာ မြိုမကျချင်တော့။

သူ Jay အပေါ်ကို အပြစ်တွေ လုပ်ထားမိတာကြောင့် စိတ်ထဲကလဲ သိပ်မလုံချင်ပါ။

သူ လုပ်ထားတာတွေကို ဘာတစ်ခုမှ မသိပါဘဲ သူ့အပေါ် ဂရုစိုက်မပျက် ရှိနေတဲ့ Jay ကို သူ အားနာလှပါသည်။

ကျွန်တော် တောင်းပန်ပါတယ် Jay ရယ်...

ပါးစပ်ဆယ်ပေါက် ရှိမယ်ဆိုရင်တောင် ကျွန်တော့််အပြစ်တွေ အတွက် တောင်းပန်ဖို့ မလုံလောက်ပါဘူး....

ဒီ အပြစ်တွေအတွက် တစ်နေ့ကျရင် ကျွန်တော်ကိုယ်တိုင် Jay ကို ဖွင့်ပြောပြီး တောင်းပန်ပါ့မယ်...

ပြီးတော့ Jay အနားနေပြီး ပြန်ပေးဆပ်ပါ့မယ်...

ခုတော့.. ခုတော့... ကျွန်တော့််ကို တခဏတာ ဆိုးမိုက်ခွင့်ပြုပါ Jay ရယ်...

" ဟိတ် ဘေဘီ... စားလေ... ဘာလို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ... ဘာလဲ မတွေ့ရတဲ့ ရက်တွေအတွင်း ကိုယ့်ကို လွမ်းနေလို့ တဝ ကြည့်နေတာလား "

" ဗျာ... ဟို ဟို... မဟုတ်ပါဘူး... "

" အဟင်း ဟင်း.... ဘာတွေ တွေးနေလို့ အယောင်ယောင် အမှားမှားတွေ ဖြစ်နေတာလဲ "

" ဘာမှ မတွေးပါဘူး "

" အွန်း... ဘာယူအုံးမလဲ ကြိုက်တာ ထည့်စားနော် "

သူ့ရဲ့ အလိမ်အညာတွေကို ယုံပေးပြီး သူ့ထဲကိုပဲ ဟင်းတွေ ထည့်ပေးနေတဲ့ Jay ကို ကြည့်ပြီး Sunoo သက်ပြင်းဖွဖွချလိုက်မပါရဲ့။

အားနာပါတယ် Jay ရယ်။

စားသောက်ပြီးစီးကြတော့ ဝိုင်ခွက်ကိုယ်စီနဲ့ လေညှင်းခံရင်း မြို့ပြရဲ့ ညရှုခင်းကို ကြည့်ရင်း စကားပြောဖြစ်ကြသည်။

" Jay..."

" ပြော ဘေဘီ "

" စိတ်ညစ်စရာတွေ ရှိနေလား ဟင် "

" Why?? "

" Jay မျက်နှာ သိပ်မလန်းလို့... ပြီးတော့ ညစာလဲ ဟုတ်တိပတ်တိ မစားဘဲ ဝိုင်တွေပဲ သောက်ပြီး သက်ပြင်းတွေ ချ နေတယ် "

" အဟင်း.. အဲ့လောက် သိသာသွားလား "

" ဟုတ်... Jay ဘာဖြစ်နေလို့လဲ ဟင်... ကျွန်တော် သိလို့ရမလား "

" Company ကိစ္စတွေပါ ဘေဘီ... ပြည်ပရုံးခွဲတွေမှာ နည်းနည်း ခေါင်းရှုပ်စရာလေးတွေ ရှိနေလို့ "

" အဆင်ပြေရဲ့လား "

" ကိုယ်က အမြဲတမ်း အဆင်ပြေနေတဲ့ လူလေ ဘေဘီရ "

" ဟုတ်ကဲ့ပါ "

ဝိုင်ခွက်ကို ကုန်စင်အောင် မော့သောက်လိုက်တဲ့ Jay က ဖန်ခွက်ကို ဝရံတာ ဘောင်ပေါ်တင်လိုက်ကာ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး

" ဘာလဲ ဘေဘီက ကိုယ့်ကို စိတ်ပူလို့လား "

" ဟုတ်ကဲ့ "

" ဟား ဟား ဘေဘီ စိတ်ပူအောင် ကိုယ်တောင်အမြဲတမ်း အလုပ်တွေ အဆင်မပြေဖြစ်အောင် လုပ်မှနဲ့ တူပါတယ် "

" အာ... Jay ကလဲ... မဟုတ်တာ "

" ဟုတ်တယ်လေ... ဘေဘီက ကိုယ့်အပေါ်ဆို ခံစားချက်တွေ သိပ်မှ ဖော်ပြလေ့မရှိတာ.... ခုတော့ စိတ်ပူတယ်ဆိုတော့ "

" အဲ့လို မဟုတ်ပါဘူး Jay ရယ်... Jay ကို ကျွန်တော် အမြဲတမ်း စိုးရိမ်ပါတယ် စိတ်ပူပါတယ်... Jay ကို အမြဲတမ်းအတွက် အဆင်ပြေ နေတာပဲ မြင်ချင်တဲ့ လူပါ "

" ဟား ဟား ဟား ဒီည dinner လေးကတော့ အတော် အကျိုးရှိတယ် ပြောရမယ်... ဘေဘီ့ဆီက မမျှော်လင့်ထားတာတွေ ကြားနေရတယ်ဟေ့"

" Jay ကလဲ "

သူ့ခါးကို ထပ်တိုးဖက်လို့ ခပ်တင်းတင်း ဆွဲညှစ်လိုက်ပြီး အော်ရယ်နေတဲ့ Jay ကြောင့် Sunoo မျက်နှာလေး ရဲသွားရသည်။

" ပြောစမ်းပါအုံး ကိုယ့်ကို ဘာလို့ စိတ်ပူတာလဲ စိုးရိမ်တာလဲ "

သူ့မျက်နှာလေးကို ငုံ့ကြည့်ပြီး ခပ်ပြုံးပြုံး မျက်နှာနဲ့ မေးလာတဲ့ Jay စကားကြောင့် Sunoo ဖြေရခက်သွားခဲ့ရသည်။

ဘာလို့လဲ...

ကျေးဇူးရှင်မလို့လား...

လိုလေသေးမရှိ ဖြည့်ဆည်းပေးနေတဲ့ လူမို့လို့လား..

ဟင့်အင်...

သေချာတာကတော့ ဖြည့်ဆည်းပေးနေလို့မဟုတ်ခဲ့ပါဘူး။

" ပြောလေ ကိုယ်မေးနေတယ် "

တွေးငေးနေမိတဲ့ သူ့ကို Jay က မေးဖျားလေးကနေ ဆွဲလှုပ်ကာ ထပ်မေးလိုက်မှ

" ဟို... Jay က ကျွန်တော့်ရဲ့ ကျေးဇူးရှင် မို့လို့ပါ "

" ဒါပဲလား "

" ကျွန်တော့်အပေါ် ဂရုတစိုက်ရှိလွန်းတဲ့ ကျွန်တော့်ရဲ့ အုပ်ထိန်းသူလဲ ဖြစ်လို့.... "

" အင်း ရပြီ... ဆက်မပြောနဲ့တော့ "

သူ့ခါးကို ဖက်ထားတဲ့ လက်တွေကို ဖြေလွှတ်လိုက်ပြီး တစ်ဖက်လှည့်သွားတဲ့ Jay က သူ့စကားကို ဘဝင်ကျဟန်မတူ...

မျက်နှာပေါ်က အပြုံးတွေလဲ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝရံတာဘောင်ပေါ် လက်ထောက်လို့ ခပ်ဝေးဝေးက ရှုခင်းတွေကို လှမ်းကြည့်နေလေသည်။

Jay က စကားမဆိုတော့လဲ Sunoo ခမျာ ခပ်ဆိတ်ဆိတ်ပါပဲ...

ဘာ စကားမှလဲ ထပ်မဆိုရဲ...

အတန်ကြာအောင် ငြိမ်နေပြီမှ သူ့ဘက်ကို လှည့်လာကာ

" ကိုယ် မနက်ဖြန် ပြည်ပရုံးခွဲတွေဆီ သွားရမယ် ဘေဘီ "

" ဟုတ်ကဲ့ "

" ဟိုမှာ ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးနေတယ်... အတွင်းရေးမှူး Lee ကို လွှတ်ထားပေမယ့် ခုထိ ဇစ်မြစ်ကို မလိုက်နိုင်သေးဘူး ဖြစ်နေတယ် "

" တော်တော်ဆိုးလို့လား ဟင် "

" အဆိုးကြီးတော့ မဟုတ်ပါဘူး... ဒါပေမယ့် ကိုယ့်ကို ထိပါးလာတယ်ဆိုတော့ မှတ်လောက်အောင်တော့ ပညာပြန်ပေးမှ ရမယ်... ဘယ်ကောင်လဲ ဆိုတာ သိအောင် လုပ်ရအုံးမယ်လေ "

" ဂရုစိုက်ပါနော် ..ကျွန်တော် စိတ်ပူတယ် "

" အွန်း... "

" ဟို... တစ်ယောက်ထဲ လိုက်သွားမှာလား ဟင် "

" ဟင့်အင် ကိုယ့်လူ တစ်ယောက်ပါမယ်... ဒီက ကိစ္စတွေအတွက်က အတွင်းရေးမှူး Lee ကို ပြန်ခေါ်ထားတယ် "

" ဟုတ်ကဲ့ပါ "

" ဘေဘီ... "

" ဟုတ် "

သူ့ကို ခေါ်ပြီး ဘာမှ မပြောသေးဘဲ ဝရံတာကို မှီ၍ လက်ပိုက်ကာ စိုက်ကြည့်နေတာ အကြာကြီး...

နှုတ်ခမ်းဖျားမှာလဲ စီးကရက်တစ်လိပ်ကို ခဲရင်းပေါ့။

Jay အကြည့်တွေအောက် သူ့မှာတော့ ထိတ်ထိတ်လန့်လန့်ပါပဲ...

ဘာ ပြောလိုက်မလဲ... ဘာ လုပ်လိုက်မလဲပေါ့...

သူက အပြစ်တွေနဲ့ လူလေ။

အတန်ကြာမှ Jay က စီးကရက်ကို လက်ညှိုးနဲ့ လက်ခလယ်ကြား ညှပ်ယူကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး

" ကိုယ်မရှိတဲ့ အချိန်ခဏမှာ လိမ်လိမ်မာမာ နေမယ် မလား "

" ဗျာ... "

" ကိုယ်မေးတာ မရှင်းလို့လား "

" မဟုတ် မဟုတ်ပါဘူး... "

" ဒါဆို ဖြေ "

" ဟုတ်... ဟုတ်ကဲ့ပါ.. နေပါ့မယ် "

နှလုံးသားတွေ ပေါက်ထွက်ပြီလားတောင် ထင်ရလောက်အောင် သွေးတွေ ဆောင့်ခုန်သွားကာ ခေါင်းတွေပါ ကြီးသွားရတဲ့ မေးခွန်းကြီး။

အေးစက်တည်ငြိမ်နေတဲ့ မျက်လုံးအကြည့်တွေနဲ့ တစ်ခွန်းချင်း ပီပီသသပြောထွက်လာတဲ့ စကားက လိမ်လိမ်မာမာ နေမယ် မလား တဲ့။

သူ.. သူက... ဆိုး မိုက်ခဲ့ ပြီးပြီလေ...

Jay မကြိုက်တာတွေကို လုပ်ခဲ့ပြီးပြီ။

အပြစ်ရှိတဲ့ လူတစ်ယောက်အဖို့ ဘာလေးပဲ ပြောလိုက် ပြောလိုက်... ဘယ်လိုတွေပဲ ကြည့်လိုက် ကြည့်လိုက် စိတ်မလုံခြုံမှုတွေကြား လူဟာ ဂယောင်ခြောက်ခြားနဲ့ အထိတ်ထိတ် အလန့်လန့်။

သိများသွားမလား... သိများ သိနေလားနဲ့ပေါ့။

" ကိုယ် မေးတဲ့ မေးခွန်းမှာ ဘေဘီ လန့်စရာ ဘာပါသွားလဲ "

" ဟို မပါ ပါဘူး... ရုတ်တရက်ဆိုတော့ အံ့သြသွားမိလို့ပါ "

ဟန်ကိုယ့်ဖို့မလား...

Sunoo အမူအရာ မပျက်စေရန် အသက်ဝဝရှူကာ စိတ်တင်းလိုက်ပြီး ပြောလိုက်ရသည်။

သူ အမူအရာ ပျက်နေရင် Jay ရဲ့ ပါးနပ်မှုနဲ့ အကုန် ပေါ်သွားမှာက အမြန်။

" ဘာတစ်ခုမှ မလွဲမှားစေနဲ့ ဘေဘီ... ကိုယ် အလုပ်ကို စိတ်ဖြောင့်ဖြောင့် လုပ်နေချင်တယ် "

" ဟုတ်ကဲ့ စိတ်ချပါ Jay "

စီးကရက်ကို အငွေ့တထောင်းထောင်းဖြစ်အောင် ရှိုက်ဖွာလိုက် တစ်ချက်တစ်ချက် သူ့ကို စကားပြောလာလိုက်နဲ့မို့ Sunoo အာရုံမပြန့်စေရန် Jay ကိုသာ ကြည့်နေပြီး ဘာပြောလာမလဲ နားစွန့်နေရသည်။

ဒီအချိန်ခဏမှာတော့ ညရှုခင်းတွေကလဲ Sunoo အတွက် မသာယာနိုင်တော့။

ညလေညှင်းလေးတွေကလဲ Sunoo ရင်တွင်းကို မအေးချမ်းစေတော့။

စီးကရက်ငွေ့တွေကြားကနေ သတိအနေအထားနဲ့ ရပ်နေတဲ့ Sunoo ကို မျက်လုံးတွေ မှေးစင်း ကြည့်နေတဲ့ Jay က ဟက် ခနဲ ရယ်လိုက်ပြီး

" ဘာလဲ ဘေဘီက အခု ကျောက်ရုပ်ဖြစ်နေတာလား... ဘာလို့ တောင့်တောင့်ကြီး ရပ်နေတာလဲ... ကိုယ်နဲ့ နေရတာ အဲ့လောက်ထိ စိတ်ကျဉ်းကျပ်နေတာလား "

" မဟုတ် မဟုတ်ပါဘူး Jay ရဲ့... ကျွန်တော်က ဟို.. Jay ဘာပြောလိုက်မလဲလို့ နားစွင့်နေမိတာပါ "

" ပြောချင်တာတော့ မရှိတော့ပါဘူး... ဒါပေမယ့် လုပ်ချင်တာတော့ တစ်ခု ရှိတယ် "

" ဗျာ.. ဘာ ကို .. အမေ့!! "

ရုတ်တရက် လက်ကောက်ဝတ်ကနေ ဆွဲခေါ်လိုက်တဲ့ Jay ကြောင့် Sunoo မှာ Jay ရင်ခွင်ထဲ အလဲလဲအပြိုပြိုနဲ့ ရောက်ရှိသွားရတော့သည်။

ယိုင်နေတဲ့ ခြေထောက်တွေကို သေချာမတ်အောင် ရပ်လိုက်ကြီး ဟန်ချက်ပျက်သွားတဲ့ ခန္ဓာကိုယ် ကို ပြန်ပြင်လိုက်ပြီးတဲ့ အချိန်မှာ Jay က ရင်ခွင်ထဲက သူ့ကို မေးဖျားလေးကနေ ဆွဲမော့စေလိုက်ပြီး မျက်လုံးချင်း ဆုံအောင် ကြည့်ကာ

" ဒီည မင်း ဘာဖြစ်နေတာလဲ ဘေဘီ... "

" ကျွန်တော်က ဘာဖြစ်နေလို့လဲ "

" မင်း အယောင်ယောင်အမှားမှား အထစ် အထစ်နဲ့... ငါ ဒီလို ပုံစံတွေ မကြိုက်ပါဘူး "

" ဟုတ် ဆင်ခြင်ပါ့မယ် "

" ဟက်! မင်းရဲ့ ဒီလိုပုံစံလေးက ကိုယ့်သီးခံနိုင်စွမ်းကို ဟိုး အောက်ဆုံးထိ ကျရောက်သွားစေတယ်ဆိုတာ ဘေဘီသိရဲ့လား "

" ဟင့်အင်... ကျွန်တော်က ဘာလို့လဲ "

" ဘေဘီ့ရဲ့ ဒီ ပြူးကြောင်ကြောင် မျက်လုံးလေးတွေ... အူတူတူ အမူအရာလေးတွေ ကြောင့်ပေါ့... တစ်ချက်တစ်ချက် ထိတ်ထိတ်လန့်လန့်နဲ့ ပွင့်အာ သွားတဲ့ ဒီ နှုတ်ခမ်းဖူးလေးတွေကလဲ လာ နမ်းလှည့်ပါ လို့ ဆွဲဆောင်နေသလိုပဲ "

သူ့မျက်နှာ အစိတ်အပိုင်းတွေကို လက်ချောင်းတွေနဲ့ ဖွဖွတို့ထိပြီး ခပ်စိုက်စိုက်ကြည့်နေတဲ့ Jay ကြောင့် Sunoo တံတွေးမြိုချလိုက်မိသည်။

ဝိုင်ရဲ့ တန်ခိုးကြောင့်ပဲလား မသိ Jay ရဲ့ မျက်လုံးအကြည့်တွေက ရီဝေဝေ...

သူ့မှာလဲ ကြောင်အမ်းအမ်းနဲ့ ရင်ခွင်ထဲကနေ Jay မျက်နှာကို မော့ကြည့်နေမိတာ မျက်နှာလွှဲဖို့ မေ့တဲ့အထိ။

ခပ်စိုက်စိုက်အကြည့်တွေနဲ့ မျက်ဝန်းတွေကို မှေးစင်းကာ တဖြည်းဖြည်းနဲ့ Jay မျက်နှာကြီး သူ့ဆီ တိုးကပ်လာတော့မှ သူ သတိပြန်ဝင်လာကာ Jay ရင်ဘတ်ကြီးကို သူ့လက်တွေနဲ့ ဖိတွန်းထားလိုက်မိတော့သည်။

ဟင့်အင်.... သူ အနမ်းမခံချင်ဘူး။

နှလုံးသား တစ်စုံလုံး မောင့်ဆီ အပ်နှင်းလိုက်ပြီးတဲ့ အချိန်က စ လို့ သူ Jay အနမ်းတွေကို လက်မခံချင်တော့ဘူး။

သူ မောင့်အပေါ်ရော Jay အပေါ်ရော အပြစ်ရှိသလိုတွေ ခံစားနေရတာကြောင့် အနမ်းမခံချင်ဘူး။

ဘယ်လို ရှောင်ထွက်ရမလဲ...

မောင်ရေ... အဆောကို လမ်းပြလှည့်ပါ။

ရင်ဘတ်ကို တွန်းထားတဲ့အပြင် မျက်နှာကိုပါ တစ်ဖက်စောင်းပြီး ရှောင်လိုက်တဲ့ သူ့ကြောင့် Jay ဒေါသထွက်သွားကာ တောက်တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်မိသည်။

Jay က သူ့အနမ်းတွေကို ရှောင်တာ ဘယ်တုန်းကမှ မကြိုက်ခဲ့တဲ့ လူလေ။

ရှောင်လေ ပိုနမ်းလေ။

တားမြစ်လေ ပို ကြမ်းတမ်းတတ်လေ။

ဒီတစ်ခါမှာတော့ တောက်ခေါက်ပြီး ရင်ခွင်ထဲကသူ့ကို တွန်းထုတ်လိုက်ကာ တစ်ဖက်သို့ လှည့်သွားပြီး

" မင်းကြည်ဖြူတဲ့ အနမ်းတစ်ခုရဖို့ ငါ ဘယ်လောက်ထိ စောင့်နေရအုံးမှာလဲ ဘေဘီ " တဲ့...

ဟင့်အင် ကျွန်တော်လဲ မသိဘူး Jay...

တစ်နေ့နေ့ပေါ့...

တစ်နေ့နေ့တော့ ကျွန်တော် Jay ကို အရာအားလုံး ပေးဆပ်မှာပါ...

ဒါကြောင့်

ကျေးဇူးပြုပြီးတော့

အဲ့နေ့အထိ....

************************************

Love you all my Vitamins 💙

San Htarni 💙

23. 4. 2023

Comment