~ 19 ~

~ 19 ~


မှားခဲ့တယ်

ကျွန်တော် သိပ်ကို မှားခဲ့တယ်

မိုက်မဲလွန်းလိုက်တာများ

မလုပ်သင့်တဲ့ အရာတစ်ခု မဖြစ်သင့်ဆုံးအရာတစ်ခုကိုမှ စိတ်အလိုလိုက်ပြီး ကျွန်တော် ကျူးလွန်ခဲ့မိတယ်။

ကျွန်တော်လေ သူ့အနမ်းတွေကို မတုန့်ပြန်ခဲ့သင့်ပါဘူး။

တဒင်္ဂစိတ်ရဲ့အလိုကိုလိုက်ပြီး ရူးမိုက်မိတဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တွေနဲ့ ဒီရက်ပိုင်းတွေမှာ နေရတာ စိတ်တွေ အဆင်မ​ပြေနေဘူး။

အဲ့ဒီ့ အနမ်းတစ်ခုကြောင့်ပဲ တားမြစ်အပ်တဲ့ စည်းတွေ ချိုးဖောက်ဖို့ ဖြစ်လာတဲ့အခါ.....

.
.
.

" အခန်းရှေ့မှာ Sunghoon ရောက်နေတယ် Sunoo "

စာသင်နေရင်း နားနားလေးကို ကပ်ပြောလာတဲ့ Jungwon ရဲ့စကားသံ။

ဟင့်အင် သူ မတွေ့ချင်ဘူး...

မတွေ့ရဲတာဆို ပိုမှန်မယ်။

ကိုယ့်စိတ်တွေကို ဇဝေဇဝါနဲ့ ဝေခွဲမရဖြစ်နေတဲ့ ခံစားချက်တွေကြောင့် ဒီရက်ပိုင်းတွေမှာ သူ့ကို ရှောင်နေခဲ့မိတာပါ။

ဖုန်းဆက်တော့လဲ မကိုင်ဖြစ်ဘူး။

ကျောင်းကိုလာတွေ့ရင်လဲ သူ့အရိပ်မြင်တာနဲ့ ကျွန်တော် ပုန်းနေပြီးသား။

အရင်လို မဟုတ်တော့တဲ့ သူကလဲ အလုပ်ချိန်တွေပြည့်ကာ အားလပ်ချိန်နည်းတာကြောင့် သူ့ကိုမိအောင် မဖမ်းနိုင်ခဲ့။

ဒီနေ့တော့ဖြင့် တည့်တည့်တိုးလေပြီ။

မတတ်နိုင်... ရအောင် ရှောင်ရုံပေါ့။

ဆရာအတန်းထဲက ထွက်သွားတော့ စားပွဲပေါ်က ပစ္စည်းတွေကို ကပြာကယာ စုပြုံကောက်သိမ်းလိုက်ကာ အခန်းထဲကထွက်မယ့် အတန်းဖော်တွေနဲ့ ရောနှောပြီး အခန်းရဲ့ အနောက်ပေါက်ကနေ ခပ်မြန်မြန်လေး ထွက်လာလိုက်သည်။

လူကြားထဲတော့ သူ ဘာမှ မလုပ်လောက်ဘူးမလား။

သို့ပေမယ့် အထင်နဲ့ အမြင်ကတလွဲ။

အခန်းရဲ့ အရှေ့ပေါက်မှာ ရှိနေတဲ့သူက အနားကို ဘယ်ကဘယ်လို ရောက်လာလိုက်မှန်းမသိ။ လူကြားထဲက ကျွန်တော့်ကို ဘာတစ်ခွန်းမှ ပြောဆိုခြင်းမရှိဘဲ လက်ကောက်ဝတ်ကနေ ဆွဲကိုင်လို့ လူရှင်းရာ ကျောင်းခေါင်မိုးထပ်ဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

ခေါ်သွားခံရတဲ့ ကျွန်တော်ကရော အသာတကြည် လိုက်ပါသွားပါ့မလား။ သူ့လက်တွေကို မရမက ဆွဲခွာ သူ့လက်မောင်းတွေကို ထုရိုက်လို့ လွှတ်ပေးဖို့လဲ အကြိမ်ကြိမ် ပြောကာ နောက်ကနေ တရွတ်တိုက်။

အားမတန်တော့ သူ့လက်တွေထဲက မလွတ်မြောက်တဲ့ ကျွန်တော်ဟာ နောက်ဆုံးတော့လဲ ရောက်သွားခဲ့ရတာပါပဲ သူခေါ်ဆောင်ရာ ခေါင်မိုးထပ်ဆီ။

သူ ဦးတည်ရာဆီ ရောက်တော့မှ လက်တွေကို ဖြည်လွှတ်ပေးလာတဲ့သူက ချက်ချင်း စကားမဆိုသေး။

ကျောခိုင်းလို့ လက်တွေက ခါးတွေပေါ်မှာ အကျအနထောက်ထားကာ အသက်ကို ပြင်းပြင်း ရှူနေသေးသည်။

" ဒါ ဘယ်လို အပြုအမူလဲ Sunghoon shi "

" မောင်က မေးရမှာ မဟုတ်ဘူးလား အဆော "

အခေါ်အဝေါ်တွေကအစ ပြောင်းလဲသွားတဲ့သူက ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး မေးလိုက်တဲ့ စကားတွေမှာ ဝမ်းနည်းရိပ်မျက်ဝန်းတွေနဲ့။

ဘာလဲ...

သူ ငိုနေတာလား။

ကျောခိုင်းထားကာ အသက်ပြင်းပြင်း ရှိုက်ရှူနေလို့ ဒေါသစိတ်တွေကို မျိုသိပ်နေတယ်ထင်တာ တကယ်တမ်းက ငိုရှိုက်သံတွေကို ကွယ်ဝှက်နေတာတဲ့။

" အဆော ဘာတွေ လုပ်နေတာလဲ "

" ကျွန်တော် ဘာလုပ်နေလို့လဲ "

" မောင့်ကို ရှောင်နေတယ်လေ...အဆော မောင့်ကို ရှောင်နေတယ် "

" မရှောင်ပါဘူး... Sunghoon ထင်လို့ဖြစ်မှာပါ "

သူ့ရဲ့ စိုထိုင်းထိုင်းမျက်ဝန်းတွေနဲ့ ရင်မဆိုင်ချင်တဲ့ ကျွန်တော်။ ရှိုက်ရှူနေရလို့ နိမ့်ချည်မြင့်ချည် လှိုက်ဖိုမောနေတဲ့ သူ့ရင်ဘတ်နေရာကိုပဲ အကြည့်တို့ ပို့ထားမိသည်။

ခုထိ ဂဏာမငြိမ်သေးတဲ့ သူ့အသက်ရှူသံတွေဟာလည်း သူ့ရင်တွင်း ခံစားချက်တွေကို ပေါ်လွင်စေတယ်။

" ထင်လို့တဲ့လား... ထင်တာဆိုရင် မောင့်ကို မြင်ရက်နဲ့ ရှောင်ထွက်ဖို့ ကြိုးစားတာက ဘာသဘောလဲ... မောင် ဖုန်းတွေဆက်တိုင်း မကိုင်တာကရော ဘာကြောင့်လဲ... မောင် နားလည်အောင် ရှင်းပြ "

" ရှင်းပြစရာ ဘာအကြောင်းမှမရှိဘူး...ရှောင်တယ် ထင်ရင်လဲ ထင်လိုက်... Sunghoon ကို တကူးတက ရှောင်နေရလောက်အောင်လဲ အဲ့လောက်ထိ အရေးပါနေတာ မဟုတ်ဘူး "

" အဆော!! "

အလောတကြီး ဖြတ်အော်ပြီး တားမြစ်လိုက်သံက နှစ်ယောက်ထဲ ရှိနေတဲ့နေရာမှာ အနည်းငယ်တော့ ကျယ်လောင်သွားခဲ့သည်။

သူ မကြားချင်တဲ့ စကားလုံးတွေ ပြောထွက်လာမှာစိုးလို့ တားမြစ်လိုက်တယ်ထင်ပါရဲ့။

" မောင် အဲ့ဒီ့နေ့က စာချုပ်မှာ လက်မှတ်ထိုးခဲ့တာ အဆောရဲ့ ယုံကြည်မှုကို တန်ဖိုးထားလို့နော်... မောင် အဲ့လူကြီးနဲ့ ပတ်သက်ချင်တာ မဟုတ်ဘူး... မြင်နေရတယ်... သူ့မျက်လုံးတွေထဲက မောင့်အပေါ် လွှမ်းမိုးချုပ်ကိုင်ချင်နေတဲ့ အငွေ့အသက်တွေကို... သေချာတာတစ်ခုက အဲ့ဒီ့ စာချုပ်က ထောင်ချောက်ပဲ... မောင့်ကို ထောင်ချောက်ထဲမှာ ပိတ်ထားပြီး အဆောနား မရောက်နိုင်အောင် မောင့် ခြေလှမ်းတွေကိုရပ်တန့်ဖို့ ကြံစည်နေတာ... သိတယ် မောင်သိနေတယ်... ထောင်ချောက်မှန်း သိသိရက်နဲ့ ဝင်တိုးခဲ့တာ အဆော မောင့်ဘက်မှာ ရှိနေပေးမယ်လို့ ထင်ခဲ့လို့ "

" စိတ်ကူးတွေယဉ်ပြီး ထင်ရာတွေ မတွေးပါနဲ့လား...Jay က ဘာလို့ အဲ့လို လုပ်ရမှာလဲ... Sunghoon ကျွန်တော့်ကို ချစ်နေတယ် ဆိုတာတောင် သူ သိတာမဟုတ်ဘူး "

" ထားပါတော့ သူသိခြင်း မသိခြင်းထက် အဆော သိထားဖို့က ထောင်ချောက်မှန်း သိသိရက်နဲ့ မောင် ဝင်တိုးခဲ့တာဟာ အဆောကို ချစ်လို့... အဆော စကားကို နားထောင်ပေးလိုက်တာ... ဒါ့ကြောင့် အဆော မောင့်ကို ရှောင်မနေပါနဲ့လား.. အဆော မောင့်ဘေးမှာ ရှိနေဖို့ လိုအပ်တယ်"

"ကျွန်တော့်အကြောင်းတွေ Sunghoon အကုန်သိနေတာတောင် ကျွန်တော့််ကို ချစ်ချင်နေတုန်းပဲလား...ဒီလိုစကားတွေ မပြောသင့်တော့ဘူး မဟုတ်ဘူးလား"

" မောင်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် အဆောကို ချစ်တယ်ဆိုတဲ့အကြောင်းတွေ ပြောနေအုံးမှာပဲ "

တွေဝေတုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပြောထွက်လာတဲ့ သူ့စကားများကြောင့် ကျွန်တော် ပြောစရာစကားတွေ တခဏတော့ ပျောက်ဆုံးသွားခဲ့ရပါသည်။

အချစ်တစ်ခုကို ကလေးတွေ မုန့်တောင်းသလို တစာစာ တောင်းယူနေလို့ ရပါသလား။ Sunoo ပင့်သက်မောလေးသာ ခပ်ဖွဖွ ချလိုက်မိရင်း နှစ်ယောက်ကြားသာရုံ လေသံလေးနဲ့ပဲ

" ကျွန်တော်က ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်လေ Sunghoon ရယ်..."

" ဒါဆို မောင် မေးမယ်... အဆောနဲ့ အဲ့လူ က လက်ထပ်ထားပြီးပြီလား "

" ဟင့်အင် "

" စေ့စပ်ထားလား "

" ဟင့်အင် "

" ဘယ်မလဲ ပိုင်ဆိုင်ပါတယ်ဆိုတဲ့ သက်သေ "

" အဲ့လို မဟုတ်ဘူးလေ Sunghoon ရယ်... ဘာပဲဖြစ်ဖြစ် စကားအရာ မှာ ကျွန်တော်က သူနဲ့ လက်ထပ်ပါ့မယ်လို့ ကတိပေးပြီးသားဖြစ်နေပြီလေ... သက်သေတွေ အထောက်အထားတွေ မရှိဘူးဆိုပြီး မဆိုင်တာမှ မဟုတ်တာ "

" မဆိုင်တဲ့ ဆင်ခြေတွေ ပေးပြီး မောင့်ကို အဝေးကို တွန်းမထုတ်ပါနဲ့ အဆောရယ်... အဆော ရင်ထဲက အချစ်တွေကို ဒီလိုပုံစံမျိုးနဲ့ လျစ်လျူရှု မလို့လား "

" ကျွန်တော် ဘယ်သူ့ကိုမှ မချစ်ဘူး Sunghoon "

" မညာနဲ့ မောင့်ကို "

" ကျွန်တော် ဘယ်သူ့ကိုမှ မညာဘူး "

မညာပါဘူး ပြောနေတဲ့ အဆောဟာ သူ့ အကြည့်တွေကိုတော့ဖြင့် ရှောင်လွှဲဖို့ ကြိုးစားနေလေသည်။ ဒါ့ကြောင့်ပဲ အဆော မျက်လုံးတွေနဲ့ ဆုံဖို့ ကြိုးစားပြီး မျက်ဝန်းညိုလေးတွေထဲကို တည့်တည့်ကြည့်ကာ

" ဒါဆို အဆော မောင့်ကို နမ်းတဲ့ အနမ်းတွေက ဘာလဲ... မောင်တို့ နမ်းခဲ့ကြတယ်လေ...မောင်တို့ နှစ်ဦးသဘောတူ အနမ်းတစ်ခုကို ဖန်တီးခဲ့ကြတယ်လေ.... ဒါ သေချာပေါက် အဆော မောင့်အပေါ် ခံစားချက်တွေ ရှိနေလို့ပေါ့... သေချာပေါက် အဆော မောင့်ကို ချစ်နေလို့ ''

" မဆိုင်တာတွေ ထည့်မပြောပါနဲ့... "

" မပြောလို့ မရဘူးကွ... ကျေကျေနပ်နပ်ကြီး နှစ်ဦးသဘောတူ နမ်းခဲ့ကြပြီးမှ .. ကျစ်! ဟာကွာ... အဆော... မောင့်ကို မညာပါနဲ့ ... မောင် အဆော မျက်လုံးတွေထဲကနေ အချစ်တွေကို မြင်နေရတယ် "

" ကျွန်တော် ဘယ်သူ့ကိုမှ မချစ်ဘူးလို့ ပြောနေတယ်လေ "

နှစ်ယောက်ကြားက လေထုက အနည်းငယ်တော့ မငြိမ်မသက်ဖြစ်လာခဲ့ပြီ။ တစ်ယောက်တစ်ခွန်း ပြောနေကြတဲ့ စကားသံတွေထဲမှာ ခက်ထန်မှုတို့ တစွန်းတစ်စ။

" ဒါဆို မောင့်ကို ဘာလို့ နမ်းလဲ... ဘာလို့ မောင့်အနမ်းတွေကို ကြည်ဖြူခဲ့လဲ.. ပြော... မောင်နားလည်အောင် ရှင်းပြ ''

အဆောရဲ့ ပုခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်လို့ အဆောမျက်နှာလေးပေါ် သိချင်နေတဲ့ အဖြေတို့ ရှိလိုရှိငြား ရှာဖွေကာ မေးမြန်းမိသည်။

" ကျွန်တော်... ကျွန်တော် စိတ်တွေ ထွေပြားသွားပြီး စိတ်တွေ လွတ်သွားလို့ "

ဂဏာမငြိမ်နေတဲ့ မျက်ဆန်ညိုလေးတွေက ဟိုဒီရွေ့လျားလို့ မဖြစ်နိုင်တဲ့ ဆင်ခြေတွေနဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အဆော။ ဒီလို ဆင်ခြေမျိုးတော့ဖြင့် သူက ယုံကြည်ပြီး ခေါင်းညိမ့်ပြလိုက်ရမယ်တဲ့လား။

" ဒါဆို မောင်မှ မဟုတ်ဘူး... အဆော စိတ်လွတ်သွားတိုင်း ဘယ်သူဖြစ်ဖြစ်လား.. ဘယ်သူ နမ်းနမ်း အဆော ကြည်ဖြူမှာလား... ပြောလေ... ဒါဆို Jake ကို ပေးနမ်းခိုင်းလိုက်မယ်.. ဒါမှမဟုတ်သေးရင် Niki ရော... ဟမ်... ပြော... အဆော စိတ်လွတ်တိုင်း ဘယ်သူဖြစ်ဖြစ် ရတာလား လို့ "

ဖြောင်းးးး !!!

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အသားချင်း ရိုက်ခတ်သံက ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့သည်။

လည်ထွက်သွားသော မျက်နှာနဲ့အတူ ယူကျုံးမရတဲ့ စိတ်တွေက လှိုက်ခနဲ။

သူ ပြောချင်တာက အချစ်မပါရင် ဘယ်သူ့ကိုမှ နမ်းလို့မရဘူးဆိုတာကို။ အချစ်စိတ်ကြောင့်သာ သူတို့ နမ်းခဲ့ကြတယ်ဆိုတာကို သိစေချင်ခဲ့တာ။

ခုတော့ သူ အဆောအပေါ် စကားတွေ လွန်သွားခဲ့မိပြီ။

" မမိုက်ရိုင်းပါနဲ့... ကျွန်တော့် အပေါ်
အဲ့လို ကြမ်းတမ်းတဲ့ စကားတွေ မပြောပါနဲ့ "

ချက်ချင်းဆိုသလိုပဲ အဆောရဲ့ မျက်ဝန်းညိုလေးတွေထဲက ရစ်သိုင်းလာတဲ့ ငွေ့ရည်ကြည်ကလေးများ။ အဲ့ဒီ့ မျက်ဝန်းလေးတွေထဲမှာ သူ့ကို ပြောထွက်ရက်လေခြင်းဆိုတဲ့ မယုံကြည်နိုင်ဟန် အကြည့်လေးတွေလဲ ပါနေခဲ့သည်။

" မဟုတ်ဘူး မဟုတ်ဘူး မောင် တောင်းပန်တယ်... မောင် ပြောချင်တာ အဲ့လို မဟုတ်ဘူး အဆောရယ်..မောင်.. မောင် စိတ်တွေ လောသွားတယ်... တောင်းပန်တယ်ကွာ... "

" တော်တော့... ထွက်သွားပါတော့... နောက်လဲ ကျွန်တော့်ရှေ့ကို ပေါ်မလာပါနဲ့တော့ ... ကျွန်တော် မှားခဲ့ပါတယ်... ကျွန်တော်မှားခဲ့တာမို့ နောက်ဆို ကျွန်တော့် သိက္ခာကို ခုလို စော်ကားပြီး ပြောဆိုတာမျိုးတွေ လာ မလုပ်ပါနဲ့ "

" မဟုတ်ဘူး... မောင် တောင်းပန်တယ်လေ... မောင် အဆော သိက္ခာကို စော်ကားတာ မဟုတ်ရပါဘူး... အချစ်မပါရင် ဘယ်သူမှ အဲ့လို နမ်းလိုမရဘူးဆိုတာ အဆော သိစေချင်ရုံပါ... မောင့်ကို ယုံပါကွာ... "

" တော်ပါတော့... တော်လိုက်ပါတော့ ကျွန်တော် မကြားချင်တော့ဘူး... ကျွန်တော် ဘာကိုမှ မကြားချင်တော့လို့ ကျွန်တော့််ရှေ့က ထွက်သွားပါတော့ "

နားနှစ်ဖက်ကို လက်ဖဝါးလေးနဲ့ ဖိအုပ်လို့ ထွက်သွားဖို့ပဲ တွင်တွင်ပြောနေတဲ့ အဆောက သူ့ရဲ့ မဆင်မခြင် စကားများကြောင့် အတော်လေးကို ဝမ်းနည်းနာကျင်သွားပုံပေါ်ပါသည်။

ပါးပြင်နှစ်ဖက်ပေါ် စီးဆင်းရန် အသင့်ဖြစ်နေတဲ့ မျက်ဝန်းထဲက အရည်ကြည်လေးတွေကို ထိန်းထားနေရတဲ့ မျက်တောင်ရှည်လေးတွေက နိုင်နင်းတော့ဟန်မတူ။

ဒီလို နာကျင်နေတဲ့ အဆောပုံစံလေးက မောင့်ရင်ကို အခါခါ ကွဲစေပါတယ် အချစ်ရယ်။

" မောင် မှားသွားပါတယ် အဆော... ထပ်ရိုက်လိုက် အဆော မကျေနပ်သေးရင် မောင့် ပါးတစ်ဖက်ကို ထပ်ရိုက်လို့ ရသေးတယ်... ရော့ ရိုက်လိုက် အဆော... မောင် ခံယူဖို့ အသင့်ပါ ... ရိုက်လိုက်ပါ... အဆောမကျေနပ်သေးရင် မောင့် မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ရိုက်ပစ်လိုက်လို့ရတယ်...ရိုက် မောင့်ကို ရိုက်လိုက်ပါ "

အဆောရဲ့ လက်ဖဝါးနုနုလေး တစ်ဖက်ကို ဆွဲယူလို့ သူ့ပါးပေါ် တင်ပေးလိုက်တဲ့ အခါ လက်လေးကို မရအရ ရုန်းကာ မျက်ရည်တွေနဲ့ အဆောက ခေါင်းလေးကို ရမ်းပြလေသည်။

" ဟင့်အင် မလိမ်မာတဲ့ မောင့်ကို အပြစ်ပေးပါ အချစ်ရယ်... မောင် ကျေကျေနပ်နပ်ကြီး ခံယူမှာမို့ ရိုက်လိုက်စမ်းပါ... အင့် ရိုက် ရိုက် အင့် "

ရုန်းနေတဲ့ လက်ကလေးကို တင်းတင်းဆုပ်လို့ သူကိုယ်တိုင်ပဲ အားနဲ့ လွှဲကာ သူ့ပါးကိုသူ ပြန်ရိုက်လိုက်တော့ မျက်လုံးလေး ပြူးသွားကာ

" Sunghoon shi ဘာလုပ်တာလဲ... အဲ့လိုတွေ မလုပ်ပါနဲ့ "

" အဆောမှ မောင့်ကို အပြစ်မပေးတာ... အဲ့ဒါကြောင့် မောင့်ကိုမောင် အပြစ်ပေးနေတာလေ "

" ဟင့်အင် "

Sunoo သူတပါးအပေါ် အခုလိုကြီး ကိုယ်ထိလက်ရောက် တစ်ခါမှ မပြုမူဖူးခဲ့ဘူး။

ဒေါသအလျောက် စိတ်မထိန်းလိုက်နိုင်ဘဲ အလိုအလျောက် ပြုမူမိလိုက်တဲ့ လုပ်ရပ်တစ်ခု။

ရိုက်မိလိုက်ပြီးမှ သူလဲ စိတ်မကောင်း။ သူ ဒီအသက်အရွယ်အထိ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ သူ့ကြောင့်နဲ့ နာကျင်စေရရန် စိတ်လေးနဲ့တောင် မရည်ရွယ်ဖူးခဲ့တာအမှန်။

ခုတော့...

ကျယ်လောင်သော ထိခတ်သံနဲ့အတူ လည်ထွက်သွားသော မျက်နှာတစ်ခြမ်း။ နီရဲပြီး အထင်းသားဖြစ်နေတဲ့ သူ့ လက်ဝါးရာကြီးက Sunghoon ဘယ်လောက်ထိ နာကျင်သွားသလဲဆိုတဲ့ သက်သေ။

ဒေါသကြောင့် ရိုက်လိုက်မိပြီးမှ သူ့ပါးပေါ်က ဒဏ်ရာကို မြင်လိုက်ရပြန်တော့လဲ ရင်ထဲမှာ နာကျင်ရပြန်သည်။

ဪ... အချစ်ဆိုတာ နာကျင်စရာ တမျိုးလား လောကကြီးရယ်။

ဒါဟာ အချစ်ပါလား လို့ မသေချာသေးတဲ့ အ​ခြေအနေမျိုးမှာတောင် သူ့မျက်ရည်တွေ သူ့တောင်းပန်တိုးလျှိုးမှုတွေ သူ့ဒဏ်ရာ ဒဏ်ချက်တွေကို မြင်တွေ့နေရတာ ကျွန်တော့်ရင်တွေ အောင့်မျက် နာကျင်ရလိုက်တာ။

ဒါပေမယ့်လဲ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီ ဖြစ်တဲ့ ကျွန်တော့်ရင်တွင်းတစ်နေရာက ခံစားချက်တွေကြောင့် ကိုယ့်ကိုကိုယ့် ပြန်လည်ကြောက်လန့်လာမိတာကြောင့် ကိုယ့်စိတ်တွေကို ပိတ်ပင်ရမယ်။ တားဆီးရမယ်လေ။

Sunghoon ရဲ့ လက်တွေထဲက သူ့လက်ကလေးကို အားနဲ့ ရုန်းထွက်လိုက်ကာ

" ထွက်သွားပါတော့... ကျွန်တော့်ရှေ့က ထွက်သွားပါတော့ Sunghoon shi... ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် Sunghoon ရှေ့ကို တစ်သက်လုံး ပေါ်မလာတော့ဘဲ နေရပါလိမ့်မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခက်ခဲအောင် မလုပ်ပါနဲ့ "

လက်သီးလေးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်လို့ မျက်လုံးစူးစူးလေးနဲ့ မော့ကြည့်ကာ ပြောလာတဲ့ အဆောရဲ့ မျက်ဝန်းလေးတွေဟာ နီရဲလို့ပါလား။

မျက်ရည်တို့ရဲ့ နှောက်ယှက်မှုကြောင့် ပူးကပ်နေကြတဲ့ မျက်တောင်ရှည်ရှည်လေးတွေ တစ်ချက်ပုတ်ခတ်လိုက်တိုင်း မောင့်ရင်တွေ နာကျင်ရပါတယ် အချစ်ရယ်.... ဒီမျက်တောင်လေးတွေ ပူးကပ်နေစေတဲ့ မျက်ရည်တွေဟာ မောင့်ကြောင့် ကျလာရတယ်ဆိုတာ သိနေတာကြောင့်လေ။

မောင့်ကြောင့် အဆော မျက်ရည်ကျရတာမျိုး မောင် မလိုလားပါဘူး။

မောင့်ကြောင့် အဆော ခက်ခဲရမှာမျိုး မဖြစ်စေချင်ပါဘူး။

ဒါကြောင့်ပဲ Sunghoon ခေါင်းကို အသာအယာ
ညိမ့်ပြလိုက်ကာ

" ကောင်းပါပြီ... အဆော ထွက်သွားဆို မောင် ထွက်သွားပါ့မယ်.... ဒါပေမယ့် အဆော ပါးပြင်ပေါ်က မျက်ရည်လေးတွေကိုတော့ မောင် သုတ်ပေးခဲ့ပါရစေ... မောင်အသုံးမကျလို့ ကျလာရတဲ့ ဒီ မျက်ရည်တွေကို မောင် ကိုယ်တိုင်ပဲ သုတ်ပေးခဲ့ပါရစေ "

ခေါင်းညိမ့်ခေါင်းခါ ခွင့်ပြုချက်တွေ စောင့်မနေနိုင်ပါဘူး.... အဆောရဲ့ ပါးပြင်နုနုလေးပေါ်က မျက်ရည်စီးကြောင်းလေးတွေကို Sunghoon လက်မလေးနဲ့ ညင်သာဖွဖွ တို့ထိကာ သုတ်ပေးလိုက်မိသည်။

ဒါကိုတော့ အဆောလဲ မတားပါဘူး။ ငြိမ်ငြိမ်သပ်သပ်လေး ခံယူနေကာ မျက်လုံးလေးကို မှိတ်ချထားလေသည်။

ပါးပြင်ပေါ်ကမျက်ရည်လေးတွေ ပြောင်စင်သွားတော့မှ

" မျက်ရည်တွေ ထပ် မကျပါတော့နဲ့ နော်... မောင် ထွက်သွားမှာမို့ မျက်ရည်တွေနဲ့ အဆောကို တစ်ယောက်ထဲ မထားခဲ့ချင်ဘူး "

နှစ်ယောက်ကြားသာရုံ တိုးတိုး​ငြင်သာ ပြောလိုက်တော့ မျက်လုံးလေး မှိတ်ရက်ကနေပဲ ခေါင်းလေးကို ညိမ့်ပြသည်။

ဒါကိုကြည့်ပြီး Sunghoon အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ကာ အဆော ပါးပြင်ပေါ်က သူ့လက်တွေကို ရုတ်သိမ်းလို့ ခြေလှမ်းကျဲကြီးများနဲ့ အဆော နားက ထွက်ခွာလာခဲ့တော့သည်။

မောင့်ကြောင့်နဲ့တော့ မောင့် အဆောကို မခက်ခဲစေချင်ပါဘူး ကွယ်....

Sunghoon လှည့်မကြည့်လို့ မသိခဲ့တာ။

သူ ကျောခိုင်းလိုက်ပြီး မကြာခင်မှာ ကြမ်းခင်းပေါ်ကို အရုပ်ကြိုးပျက် လဲကျသွားခဲ့တဲ့ ခန္ဓာငယ်လေးကိုပေါ့။

ရင်ဘတ်တွေကို လက်တစ်ဖက်နဲ့ ဖိဆုပ်ချေလို့ ကြမ်းပြင်ပေါ် အားပြုထောက်ထားတဲ့ လက်ကလေးတစ်ဖက်ဟာလဲ တုန်ရီလို့ Sunghoon ရှေ့မှာမို့ မကျလာအောင် တားဆီးထားတဲ့ မျက်ရည်တွေဟာလဲ လွတ်လွတ်လပ်လပ် ကျဆင်းလို့။

ဒီလိုအပြုအမူ ဒီလိုအပြောအဆိုတွေနဲ့ ထွက်သွားတဲ့သူ့ကို ကြည့်ပြီး Sunoo ရင်ထဲ တင်းကျပ် စို့နင့်နေလှပြီ။

ကြာရင် ကျွန်တော့်စိတ်တွေ တင်းခံမထားနိုင်တော့မှာ စိုးတယ် Sunghoon ရယ်...

.
.
.

နေသာတဲ့ အားလပ်ရက်လေးတစ်ရက်မှာ ကြီးကျယ်ခမ်းနားလှတဲ့ တိုက်အိမ်ကြီးရဲ့ ရှေ့က ပြာလဲ့လဲ့ရေကန်ကြီးထဲ လူးလားခေါက်တုံ ကူးခပ်နေတဲ့ လူတစ်ယောက်။

ဟိုးအောက်ထဲထိ ငုတ်သွားလိုက် ရေပေါ်ကို ပြန်ပေါ်လာလိုက် ရေကန်ကြီးရဲ့ အစအဆုံးကို ကူးခတ်သွားလိုက်နဲ့ ရေကူးလိုက်တိုင်း မြောက်တက်လာတဲ့ လက်မောင်းသားတွေဟာလဲ ကျစ်လစ်သန်မာလှတဲ့ ကြွက်သား အဖုအထစ်တွေနဲ့။

တဖန်ရေအောက်ထဲကို ငုတ်သွားပြီးမှ ကန်ဘောင်အစပ်နားမှာ ပြန်ပေါ်လာခဲ့ကာ ခေါင်းကိုမော့လို့ ရေစိုဆံပင်တွေကို လက်နှစ်ဖက်နဲ့ သပ်တင်လိုက်ပုံဟာ ညှို့အား ခပ်ပြင်းပြင်းပါပဲ။

ကန်ဘောင်ပေါ်ကို လက်ထောက်လို့ လွှားခနဲ ခုန်တက်လိုက်ပြီး ​ကန်ဘေးက ခုံတွေ ရှိရာဆီ သို့တစ်လှမ်းချင်း တစ်လှမ်းချင်း။

နေရောင်အောက်မှာ တောက်ပနေတဲ့ အပေါ်ပိုင်းဗလာကျင်း ရေစိုစို ခန္ဓာကိုယ်ကောက်ကြောင်းဟာလဲ စိုက်မကြည့်ရဲစရာ ယောကျ်ားဆန်တဲ့ အငွေ့အသက်တွေနဲ့။

အဆီပိုမရှိ ကျစ်လစ်ချပ်ရပ်နေတဲ့ ခန္ဓာကိုယ်ဟာ အားကစား ဘယ်လောက်ထိလိုက်စားပါတယ်ဆိုတဲ့ သက်သေတွေ။

ခုံနားကိုရောက်တဲ့အခါမှာတော့ မရယ်မပြုံး သူ့မျက်နှာချောချောပေါ်မှာ အပြုံးတစ်ခု ဖြစ်ထွန်းသွားလေတော့သည်။

အကြောင်းကတော့ သူ့ကို ခါးစည်းပုဝါလေး လှမ်းပေးလိုက်တဲ့ အဖြူရောင် ကောင်ငယ်လေးကြောင့်။

ပုဝါကို ခါးမှာ အကျအနစည်းလို့ပြီးတဲ့အချိန်မှာ ကောင်ငယ်လေးရဲ့ လက်ကို ဆွဲယူလို့ ခန္ဓာကိုယ်လေး အနားကို ကပ်လာတဲ့အချိန် လက်တစ်ဖက်နဲ့ သိုင်းဖက်လိုက်ကာ ပါးဖောင်းဖောင်းလေးကို နှာခေါင်းချွန်ချွန်တွေနဲ့ ဖိကပ်လို့ အားရပါးရ မွှေးကြူလိုက်လေတော့သည်။

ထိုအခါမှာ သူ့ရင်ဘတ်ကို လက်ဖဝါးနုနုလေးနဲ့ ထောက်ကာ တွန်းထားတဲ့ ကောင်ငယ်လေးက

" အ့ ဟ!! Jay!!! ရေတွေနဲ့ကို "

" ဟား ဟား ဟား စောနထဲက ပတ်ပြေးနေတဲ့ ကောင်လေး... ခုတော့ မိပြီမလား "

" Jay.. ဖယ်ပေးအုံးလေဗျာ... ရေတွေ စိုကုန်တော့မှာ "

" ရေကူးပါမယ်ဆိုတာကို မကူးဘဲ ပတ်ပြေးချင်အုံးလေ ... အဲ့ဒါ အပြစ်ပေးတာ "

မျက်နှာလေးကို နောက်လှန်ကာ မော့ထားပြီး ရင်ဘတ်ကို တွန်းကန်လို့ အနမ်းမခံရဖို့ ကြိုးစားနေတဲ့ ဘေဘီ့ကို Jay သဘောတကျ ပြုံးကြည့်လိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို တစ်လှည့်စီ အားရအောင် တရှူးရှူး နမ်းလိုက်တော့ မျက်နှာလေးဟာ ရှုံ့မဲ့လို့။

" စိုကုန်ပြီ ဒီမှာ ရေတွေ "

" စိုကုန်တော့ ပြန်လဲလိုက်ပေါ့ "

သူ့ခန္ဓာကိုယ်ပေါ်က ရေတွေနဲ့ ဆံပင်က ရေတွေရဲ့ လက်ချက်ကြောင့် ဘေဘီ့အင်္ကျီပေါ်မှာ ရေတွေက အကွက်လိုက်။ ဆူပုတ်ပုတ်လေး ပြောလာတဲ့ ဘေဘီ့ကို တမင် စ နောက်ခဲ့ကာ ထွက်လာတော့လဲ ဘေဘီဟာ မကျေမနပ်ပုံစံလေးနဲ့နေရာမှာပဲ ခြေစုံရပ် ကျန်နေခဲ့ပြန်တယ်။

လေးငါးလှမ်းလောက် လှမ်းလာပြီးမှ ကျန်နေခဲ့တဲ့ ဘေဘီ့ကို လှည့်မကြည့်ဘဲ

" ခဏနေရင် အပြင်ကို သွားစရာရှိတယ်နော် ဘေဘီ..."

" ကျွန်တော် မလိုက်လို့ရလားဟင် Jay... မနက်က Jay ကြောင့် gym အကြာကြီး ဆော့ထားရတာ လူက မလှုပ်ချင်တော့ဘူး "

" reason တွေ မလိုချင်ဘူး ဘေဘီ... ကိုယ် ဆင်းမလာခင် အားလုံး ပြီးအောင် ပြင်ဆင်ထား "

" Jayyyy "

အော်ခေါ်နေလဲ လှည့်မကြည့်တော့ ရေစိုစို ခန္ဓာကိုယ်နဲ့ Jay ဟာ တိုက်ကြီးထဲသို့ ဝင်ရောက်သွားလေပြီ။

" ဟင့်...အမြဲတမ်း သူ့သဘော သူဆန္ဒကြည့်ပဲ... အဲ့လို အပြင်သွားမယ်ဆိုလဲ ဘာလို့ gym ကို အကြာကြီး ဆော့ခိုင်းလဲ "

ပွစိပွစိနဲ့ မကျေမနပ်စကားတွေ ရေရွတ်နေလည်းပဲ အချိန်တန်တော့ Jay ဘေးမှာထိုင်ပြီး Jay ခေါ်ဆောင်ရာကို လိုက်ပါရတာပါပဲ။

ဘယ်သွားမယ်မပြောဘဲ ခေါ်လာတာကြောင့် Jay မောင်းနေတဲ့ ကားလေးရဲ့ ဦးတည်ရာဟာ ဘယ်ဆီမှန်းမသိ။

" Jay.. ဘယ်သွားမှာလဲ ဟင် "

လမ်းကြောင်းကလဲ သွားနေကျ မဟုတ်တော့ သိချင်စိတ်ကြောင့် ကားမောင်းနေတဲ့ Jay ကို မေးလိုက်မိသည်။

" တစ်နေရာရာပေါ့ "

လှည့်ကြည့်တယ်ဆိုရုံ မျက်လုံးလေး ဝေ့လာပြီး တစ်ခွန်းထဲသော စကားကိုဆိုသည်။

Jay ဟာ အဲ့လိုမျိုး။ သူအသိမပေးချင်တဲ့ဟာဆို ဘယ်လိုမေးမေး မဖြေတတ်ပါ။

အဲ့တော့ ထပ်မေးမနေတော့ဘဲ Sunoo ကားမှန်မှတဆင့် မြင်နေရတဲ့ မြင်ကွင်းတွေကိုသာ ငေးမောရင်း အသံတိတ်လိုက်ပါ လာလိုက်တော့သည်။

အဆောက်အအုံတစ်ခုထဲကို ကားချိုးကွေ့ဝင်လိုက်တာနဲ့ ကားဆီကို ပြေးလာကြတဲ့ လုံခြုံရေးတွေ။

ကားရပ်လိုက်တာနဲ့ လက်လေးတွေ ယှက်လို့ ခေါင်းလေးတွေ ငုံ့ကာ တညီတညွတ်ထဲ နှုတ်ဆက်လိုက်ကြသည်။

" ရောက်လာပါပြီ လား CEO "

Jay ဟာ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ပြီး ထိုလူတွေထဲက တစ်ယောက်ရဲ့ လက်ထဲကို ကားသော့ကိုပစ်ပေးလိုက်သည်။

ပြီး ဘောင်းဘီအိတ်ထဲ လက်တစ်ဖက် ထည့်လို့ ရှေ့ကနေ ဦးဆောင်ပြီး အထဲသို့ ဝင်သွားတော့သည်။

ဘယ်နေရာမှန်း ဘာမှန်းမသိသေးတဲ့ Sunoo မှာတော့ ကြောင်တောင်တောင်လေးဖြစ်လို့။

မကြာသေးခင်ကမှ ဆောက်လုပ်ပြီးစီးထားမှန်း သိသာစွာ အဆောက်အအုံကြီးတစ်ခုလုံးဟာ တောက်ပ ပြောင်လက်လျှက်။

နံရံတွေပေါ်မှာလဲ ရွှေရောင်ပန်းကနုတ်ပုံတွေ ဖော်ထားတာက ကြွကြွရွရွ။ ရွှေရောင် မီးဆိုင်းကြီးတွေကလဲ မျက်နှာကြက်မှာ ကြွားကြွားဝါဝါ နေရာယူထားသေးသည်။ အဖြူရောင်နောက်ခံမှာ ရွှေရောင်တွေနဲ့ အလှဆင်ထားတဲ့ ဒီအဆောက် အအုံ ကြီးက ဘာကြီးပါလိမ့်။

Sunoo ငေးကောင်းကောင်းနဲ့ အဆောက်အအုံရဲ့ အတွင်းပိုင်းကို လှည့်ပတ်ငေးကြည့်ပြီး လိုက်လာရာ ရှေ့ကို သွားနေတဲ့ Jay နဲ့ ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တော့သည်။

ဒါကို သတိထားမိတဲ့ Jay က နောက်ကို လှည့်ကြည့်ပြီး

" ဘေဘီ! ဒီနေ့ငေးလို့ ပြီးအုံးမှာလား "

မျက်မှောင်ကြီး ကျုံ့ကာ နောက်လှည့်အော်တော့ Sunoo သွားဖြူဖြူလေးတွေပေါ်အော် ရယ်ပြလိုက်ပြီး Jay အနားရောက်အောင် ပြေးသွားလိုက်ရသည်။

မဟုတ်ရင် လူရှေ့မရှောင် သူရှေ့မရှောင် မျက်လုံးပြူးကြီးနဲ့ အော်တော့မှာ။

Sunoo လဲ Jay နားရောက်ရော မှန်တွေအပြည့်ကာရံထားတဲ့ အခန်းကျယ်ကြီးတစ်ခုထဲကနေ ထွက်လာတဲ့ အတွင်းရေးမှူး Lee နဲ့ နည်းပြကြီး။ နည်းပြကြီး ရှိနေတယ်ဆိုတော့ ဒီနေရာက....

" ရောက်လာပြီလား CEO "

နည်းပြကြီးရဲ့ တရိုတသေနှုတ်ဆက်မှုမှာ Jay ကတော့ မရယ်မပြုံး မျက်နှာနဲ့ပဲ နည်းပြကြီးဆီ အကြည့်တို့ပို့ကာ

" ကွင်းထဲရောက်နေပြီလား "

" ဟုတ်ကဲ့ CEO.. အားလုံးပြင်ဆင်ထားပြီးပါပြီ...CEO အလာကို စောင့်နေကြတာပါ "

" အင်း "

အတွင်းရေးမှူး Lee ဖွင့်ပေးတဲ့ မှန်တံခါးချပ်ကြီးရဲ့ နောက်မှာတော့ ကြီးမား ကျယ်ပြန့်တဲ့ ice rink ကြီးက ကြိုဆိုနေလေသည်။

ဘဲဥပုံ ice rink ကြီးရဲ့ ဘေးပတ်ပတ်လည်မှာတော့ ပရိတ်သတ်တွေထိုင်ကြည့်ဖို့ရာ ခုံတန်းတွေက နိမ့်ရာမှ မြင့်ရာသို့ စီတန်းထားရှိထားလေသည်။

ထိုခုံတွေပေါ်မှာလဲ လူတွေက ဟိုတစ်စု ဒီတစ်စု။
ပြီး ice rink ကြီးရဲ့အလယ်မှာတော့ ရိုက်ကွင်းအတွက် ပြင်ဆင်ထားသော ကင်မရာကြီးတွေက ရှုထောင့်ပေါင်းစုံမှာ ရှိလို့နေသည်။

ပုံစံကြည့်ရတာ ဒီအဆောက်အအုံကြီးဟာ Jay Sunghoon ကို စာချုပ်ချုပ်ဖို့ ပြင်ဆင်နေကတည်းက ကြိုတင်ပြီး တည်ဆောက်ထားဟန်တူပါသည်။

အပြင်မှာတုန်းကတော့ ဘယ်နေရာမှန်းမသိပေမယ့် အထဲက အပြင်အဆင်တွေကို မြင်လိုက်ရတော့ Sunoo သိလိုက်ရပါပြီ။

Jay ဟာ ဒီနေရာကို အလုပ်ရှိ၍ လာပုံပေါ်ပါရက် သူ့ကို ဘာကြောင့်များ အသိမပေးဘဲ ခေါ်လာပါလိမ့်။ သူ Sunghoon နဲ့ မျက်နှာချင်း မဆိုင်ချင်ပါ။ Jay ပါ ဘေးမှာ အတူရှိနေမယ့်အဖြစ်ကြီးကို ပို မလိုလား။

အတွင်းရေးမှူး Lee နေရာချထားပေးတဲ့ နှစ်ယောက်ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တော့ Jay ရဲ့ လက်တွေဟာ သူ့ခါးဆီကို ရောက်လို့လာပါသည်။

လူတွေရှိနေတာမို့ ခါးပေါ်က လက်ကို Sunoo အသာအယာတွန်းဖယ်တော့ လက်တွေဟာ ပို၍ တင်းကြပ်သွားကာ

" ငြိမ်ငြိမ်နေ " တဲ့လေ။

သူတို့ဘေးနားမှာ အတွင်းရေးမှူး Lee လာထိုင်တော့ Jay က

" Park Sunghoon က ခုထိ အဆင်သင့်မဖြစ်သေးဘူးလား "

" ဖြစ်ပါပြီ CEO... ခုပဲ ထွက်လာပါလိမ့်မယ် "

အတွင်းရေးမှူး Lee နဲ့ Jay တို့ပြောစကားတွေအရ သိရတာဟာ Jay ရဲ့ ခွင့်ပြုချက်နဲ့ media တစ်ခုက Sunghoon ကို interview လာလုပ်ရင်း ဓာတ်ပုံနဲ့ Vd အနည်းငယ်ရိုက်ရန် ခွင့်တောင်းထားခြင်းဖြစ်သည်တဲ့လေ။

Jay ဆိုတာကလဲ Park Group ရဲ့ CEO ပီပီ စီးပွားရေး လောကမှာတော့ ဘယ်အရာဖြစ်ဖြစ် သူ့လက်နဲ့ ထိလိုက်ရင် ရွှေဖြစ်ပဲ။

ခုလဲ Figure Skater Park Sunghoon ကို မိတ်ဆက်ပေးပြီးတာနဲ့ media သမားတွေရဲ့ အာရုံစိုက်ခြင်းကို ခံရပြီး Figure skate ထုတ်ကုန်ပစ္စည်းတွေ ကြော်ငြာဖို့ လုပ်ငန်းရှင်အများစုကလဲ Sunghoon ကိုသာ ဆက်သွယ်နေကြသည်။

Schedule အပြည့်နဲ့ Sunghoon တစ်ယောက်လဲ ဒီရက်တွေမှာ နားရတယ်မရှိပါ။

CEO Park ရောက်လာပြီဆိုတာ သိတာနဲ့ media ဘက်က တာဝန်ရှိသူတွေက လာရောက်ပြီး နှုတ်ဆက်ကြသည်။

Park Group ပိုင် အဆောက်အအုံကြီးထဲမှာ Park Group ရဲ့ ကစားသမားနဲ့ ဒီလို ရိုက်ကူးခွင့်ပေးလို့ ကျေးဇူးတင်ကြောင်းတွေလဲ တဖွဲ့တနွဲ့ပေါ့။

Jay ကတော့ CEO ဆိုတော့ အလိုက်အထိုက်လေး ပြန်ပြောပေးနေပေမယ့် Sunoo မှာတော့ ဘေးကနေ နားမလည်တဲ့ စကားဝိုင်းကြားထဲ ပျင်းနေပေပြီ။

အဲ့ဒီ့အချိန်မှာပဲ အဝတ်လဲခန်းထဲကနေ နည်းပြကြီးနဲ့အတူ ထွက်လာတဲ့ Sunghoon။

နည်းပြကြီးက သူတို့ရှိရာဆီ ညွှန်ပြပြီး တစ်စုံတစ်ရာ ကပ်ပြောလိုက်တော့ ရောက်လာတဲ့ Sunghoon အကြည့်တွေက စူးစူးရဲရဲ။

Jay ရှိရာဖက်ဆီ ခေါင်းလေးငုံ့လို့ နှုတ်ဆက်လိုက်သည်။

ပြီးနောက် သူရှိရာဆီလှမ်းကြည့်လာတဲ့ မျက်ဝန်းတွေကတော့ နူးနူးညံ့ညံ့လေး။ သူ့ကို ကြည့်လိုက်တိုင်း ဘယ်သူနဲ့မှ မတူ နူးညံ့သွားတတ်တဲ့ Sunghoon ရဲ့ အကြည့်လေးတွေကို သူ သိပ်သဘောကျတယ်။

ပြီးတော့ မျက်နှာလေးဟာ ယောင်ယောင်လေး ပြုံးသွားတာကို Sunoo မြင်လိုက်ရလေသည်။

ဒါပေမယ့် Sunghoon ရဲ့ ဒီအကြည့် ဒီအပြုံးတွေနဲ့ ရင်မဆိုင်ချင်တာကြောင့် သူ မျက်နှာလွှဲ လိုက်မိသည်။

ထိုခဏမှာ သူ့ဆံပင်တွေထဲကို ရောက်လာတဲ့ Jay ရဲ့ လက်တွေ။ တစ်ဖက်လူတွေနဲ့ စကားပြောမပျက်ဘဲ Sunoo ရဲ့ ငွေရောင်ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်ဆော့ကစားနေလေသည်။

ဒါကို ကြည့်ပြီး Sunghoon မျက်နှာတည်သွားကာ blade မှ စွပ်ထားတဲ့ အစွပ်တွေကို ဆွဲဖြုတ်ပြီး ကွင်းထဲသို့ ဝင်သွားလေတော့သည်။

တောက်!!!!

ကွင်းထဲကို ဝင်လာတဲ့ Sunghoon ဆီမှ ခပ်ပြင်းပြင်း ထွက်လာတဲ့ တောက်ခေါက်သံတစ်ချက်။

ပိုင်နိုင်ကြောင်းပြသနေတဲ့ Jay ရဲ့အပြုအမူတွေကို သူ သိပ်မုန်းတယ်။

ဒီလူကြီး အဆောအပေါ်မှာ သိပ်ကို လွှမ်းမိုးလွန်းတယ်။

အရင်တည်းက ဒီပုံစံလား မသိပေမယ့် သူ့ရှေ့ရောက်ရင် အပြုအမူတွေက ပိုပြီး လွန်ကဲနေသလိုပဲ။

* အဟက်! သူ အပိုင်ဆိုတာ သိအောင် ကြွားနေတယ် ထင်ပါရဲ့.. ကျုပ်က ဂရုစိုက်မယ် ထင်လို့လား... ခင်ဗျား အပိုင်လေးကို ကျုပ်က ရအောင် ယူမှာ *

သူများ အပိုင်ကို တပ်မက်မိတော့လဲ Sunghoon ခမျာ ပူပူလောင်လောင်ပါပဲ...

ရင်ထဲမှာ မီးတွေတောက်လို့။

ကျောင်းမှာ တွေ့ပြီးကတည်းက ဒီမျက်နှာလေးကို မတွေ့ရတာ ဘယ်နှစ်ရက် ရှိနေပြီလဲ ...

ဒါကြောင့် သူ မြတ်နိုးရာလေးကို လွမ်းလွမ်းဆွေးဆွေး အကြည့်တွေနဲ့ စူးစူးနင့်နင့် ကြည့်မိတဲ့အခါ အဖြူရောင်လေးက မျက်နှာလေးကို လွှဲဖယ်သွားလေသည်။

အခုချိန်မှာတော့ လွမ်းတာ ဆွေးတာတွေကို ခဏမေ့ထားပြီး အလုပ်ကိုသာ အာရုံထဲ ထည့်ထားလိုက်တော့သည်။

Photo shooting ပြီးသွားတော့ တစ်ဖြတ်နားကာ Skate စီးတဲ့ Vd ရိုက်ဖို့ ပြင်ကြရသည်။

အဲ့ဒီမှာပဲ Sunghoon က photo ရိုက်ရန်အတွက် စီးထားတဲ့ Boots အသစ်ကို ချွတ်၍ သူစီးနေကျ ဖိနပ်အဟောင်းလေးနဲ့ လဲလှယ်လိုက်သည်။

ဒါကို နားနေခန်းထဲမှာ နည်းပြကြီးနဲ့ လုပ်ငန်းအခြေအနေတွေ ပြောဖို့ ရောက်နေတဲ့ Jay က မြင်သွားပြီး

" Video ရိုက်မှာကို ဘာလို့ ဖိနပ်အဟောင်းနဲ့လဲ... အားလုံးကို ချပြမယ့် Vd မှာ ဒီဖိနပ်ကို မစီးသင့်ဘူးမလား Park Sunghoon... ဖိနပ်စင်မှာ မင်းအတွက် အကောင်းဆုံးဆိုတာတွေပဲ ဖြည့်ပေးထားတယ်လေ "

Sunghoon ဟာ CEO ရဲ့ စကားကို ကြားလိုက်တော့ ဖိနပ်စီးနေရင်းမှ မော့ကြည့်လာပြီး

" CEO သိလား... ငွေကြေးတွေ ဘယ်လောက်ပဲ တတ်နိုင်လို့ အကောင်းဆုံးဆိုတာတွေကို စီးနေလဲ Skate boots ဆိုတာမျိုးက စီးတဲ့သူနဲ့ အသားကျနေမှ ဖြစ်တာလေ... CEO က ငွေ​ကြေးတတ်နိုင်တဲ့သူ ဆိုတော့ အရာရာကို ငွေပေးပြီး အကောင်းဆုံးတွေ ဆင်လိုက်ရင် ရပြီ ထင်နေတယ်နဲ့ တူပါရဲ့"

" အဟား ဟား... ချာတိတ်က ကိုယ် ဆင်ပေးထားတဲ့ ဖိနပ်မျိုး မစီးဖူးဘူး ထင်ပါရဲ့... ဒီ Brand က နာမည်ကြီး Brand နော်... မင်း စီးနေကျ ပေါပေါပဲပဲတွေနဲ့ တန်းမဆိုင်ဘူး "

" Branded ဖြစ်တိုင်း ကောင်းတာမှ မဟုတ်တာ CEO ရယ်... ကျွန်တော် ပြောနေပေါ့ပဲ... Skate boots တွေက အသားကျဖို့ လိုတယ်လို့... အခု Skate စီးချင်မှ အခု ကောက်စွပ်ပြီး စီးသွားလို့မရဘူးဗျ... ခြေလှမ်းတွေနဲ့ အတူ လိုက်ပါမယ့် ဖိနပ်ဆိုတာ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့လိုတယ် အသားကျနေဖို့ လိုတယ်... စိန်စီထားတဲ့ ဖိနပ်ဖြစ်နေအုံးတော့ စီးမယ့် လူနဲ့ အံဝင်ခွင်ကျ မဖြစ်ရင် အလကားပဲ CEO "

" ဟူးးး တန်ဖိုး နားမလည်တဲ့ လူနဲ့ စကားပြောရတာ အချိန်တွေ ကုန်လိုက်တာ ... တစ်ကမ္ဘာလုံးကို ချပြမယ့် Vd နော် ချာတိတ်... မင်း စိတ်ထင်ရာ လုပ်နေလို့မရဘူး "

" တန်ဖိုး! ဟုတ်လား CEO??? ... ကျွန်တော် မသိလို့ မေးပါရစေအုံး... CEO က တန်ဖိုး ဆိုတာကို ငွေကြေး ကိန်းဂဏန်းတွေနဲ့ သတ်မှတ်တာလား... သူ့ရဲ့ အသုံးဝင်ပုံနဲ့ သတ်မှတ်တာလား "

" ဒီမေးခွန်းက ငါလို လူတစ်ယောက်ကို မေးစရာကို မလိုတာ... မင်း ခေါင်းကောင်းရင် စဉ်းစားလေ "

" ကျွန်တော်ကတော့ မသိလို့ မေးပါရစေ... CEO သတ်မှတ်တဲ့ တန်ဖိုးဆိုတာ ဘာများလဲ "

" ဘာနဲ့ပဲ သတ်မှတ် သတ်မှတ်...အခြေအနေနဲ့ နေရာဒေသကို လိုက်ပြီး သင့်တင့်အောင် ပြုမူတတ်ရင် တန်ဖိုးဆိုတာ မြင့်လာတာပဲ... ဥပမာ အခု မင်းလုပ်နေတဲ့ အပြုအမူတွေလိုပေါ့... မင်း တန်ဖိုးကို မြင့်သထက် မြင့်ဖို့ ပံ့ပိုးပေးနေပေမယ့် မင်းက မြင့်လွန်းပါတယ်ဆိုပြီး ခုန်ချချင်နေတယ်လေ "

" ဟား ဟား ဟား နောက်ဆုံးတော့လဲ ဒီ Branded ကြီး စီးပြီး Vd ရိုက်မှ ကျွန်တော့်တန်ဖိုး ပိုမြင့်လာမယ်လို့ ပြောနေတာကြီးပါပဲလား... ပြောပါရစေအုံး အဲ့ဒီ့ boots ကြီး စီးပြီး အသားမကျလို့ Skate စီးတဲ့အခါ ဒုက္ခရောက်ရင်၊ ကျွန်တော့်ခြေထောက်တွေ ပေါက်ပြဲကုန်ရင် CEO တာဝန်ယူပေးမှာလား... Skate သမားတွေရဲ့ အသက်က ဒီခြေထောက်တွေနဲ့ အံဝင်ခွင်ကျ စီးရမယ့် ဖိနပ်ပဲဗျ... CEO ဘာပြောပြော ကျွန်တော်ကတော့ စီးနေကျ ဖိနပ်နဲ့ပဲ Vd ရိုက်နိုင်မယ် "

" တဆိတ် မင်းကို support ပေးနေတာ ငါဆိုတာလဲ သတိရအုံးနော် ချာတိတ်... မေ့နေမှာစိုးလို့ သတိပေးတာ "

" တသက်လုံး မမေ့ဘူး... ပြီးတော့ ကျုပ်ကို Support ပေးနေပါတယ်ဆိုပြီးလဲ ထိန်းချုပ်ဖို့ မကြိုးစားနဲ့... ကျုပ်က ဘယ်သူ့ထိန်းချုပ်မှုမှ ခံမယ့်လူမဟုတ်ဘူး "

" ကြိုက်သွားပြီ မင်း စိတ်ဓာတ်ကို... ဒါပေမယ့် မင်း တစ်ခု သိထားဖို့က ငါဆိုတဲ့ လူက မင်းရဲ့ ဘဝကြီးကို အမျိုးမျိုး ကြိုးဆွဲလို့ရတယ် ဆိုတာပဲ "

မလျှော့...

ဘယ်သူကမှ မလျှော့...

စကားတွေနဲ့ စစ်ခင်းနေတဲ့ သူတို့ကြားမှာ တစ်ယောက်ကမှ အလျှော့ပေးမယ့်ပုံ မပေါ်ပါ။

နည်းပြကြီးလဲ ဒါရိုက်တာတွေနဲ့ ဆွေးနွေးစရာရှိလို့ အပြင်ကို ထွက်သွားရာ ဒီနားနေခန်းထဲမှာ Jay နဲ့ Sunghoon နှစ်ယောက်ထဲ။

ကြားဝင်ပေးမယ့်လူလဲ မရှိ။

ဖျန်ဖြေပေးမယ့် လူလဲမရှိ။

အလျှံညီးညီး တောက်လောင်နေသလို စိုက်ကြည့်နေကြတဲ့ မျက်ဝန်းနှစ်စုံဟာလဲ မကြာခင်မှာ ထ ပေါက်ကွဲတော့မယ့်် ဗုံးတစ်လုံးလို။

အားပြိုင်နေတဲ့ မျက်ဝန်းအကြည့်တွေနဲ့ပဲ Sunghoon က

" မသိလို့ မေးပါအုံးမယ် ခင်ဗျားက ဘာလို့ ကျုပ်ကို Sponsor ပေးနေတာလဲ "

" ငါ့အထောက်အပံ့နဲ့ မင်း ခြေလှမ်းတွေ ရှေ့ဆက်နေရတယ်ဆိုတာ သိအောင်လို့ "

ရှင်းပါသည်။

Jay ဖြေလိုက်တဲ့ အ​ဖြေဟာ သိပ်ကို ရိုးရှင်းလွန်းပါသည်။

ရိုးရှင်းလွန်းလို့လဲ ဒီခြေလှမ်းတွေကို သူ မြင်ခဲ့ပါသည်။

ဒါပေမယ့် အောင်မြင်မှုနဲ့ ပန်းတိုင်ဆီကို သွားရာ လမ်းစတစ်ခုဖြစ်တာကြောင့်ရော အဆောရဲ့ တောင်းဆိုမှုကြောင့်ရော သူ မငြင်းဆန်ဘဲ ဒီပိုက်ကွန်ထဲ တည့်တည့်တိုးခဲ့တာ။

အခုတော့ဖြင့် Jay ဟာ ပွင့်ပွင့်လင်းလင်း ပြောလာပြီး သူ့ခြေလှမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပြီ။

" CEO တစ်ခုတော့ သတိမေ့နေမှာစိုးလို့ သတိပေးရအုံးမယ်... ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်မှာ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိခဲ့ကြတာနော်... CEO ကြီးကပဲ ကျွန်တော့်ကို တစ်ဖက်သတ် ပံ့ပိုးနေရတဲ့ ဂရုဏာရှင်ကြီးလို့ ထင်နေမှာစိုးလို့ "

" ဟား ဟား ဟား ဟား Park Sunghoon.. Park Sunghoon.. မင်းက သိပ်ကို ကလေးဆန်တာပါလား....ကလေးကလားဆန်တဲ့ စကားတွေ အရမ်းပြောလွန်းတယ်ကွာ... အေးပေါ့လေ အသက်အရွယ်ကလဲ ဘေဘီနဲ့မှ မတိမ်းမယိမ်းမလား... ချာတိတ်အရွယ်လေးနဲ့ ဇွတ်ရင့်ကျက်ပြနေရတာဆိုတော့ နည်းနည်းတော့ ကလေးဆန်မှာပေါ့... ဒီလို ကလေးကလား စကားတွေအတွက် ကိုယ် ဗွေမယူပါဘူး "

" အဲ့ဒီ့ မရင့်ကျက်သေးတဲ့ ကျုပ်လို ချာတိတ်ဆီမှာ အရည်အချင်းတွေ ရှိနေလို့လဲ CEO ကြီးက လက်တွဲတာမဟုတ်ဘူးလား "

ခနိုးခနဲ့ အကြည့်တွေနဲ့ ထီမထင်ဟန်ပန်တွေက ထ ရိုက်ပစ်လိုက်ချင်စရာတွေပါပဲ။

ဒါပေမယ့်လဲ Jay ခပ်ပြုံးပြုံးသာ နေလိုက်သည်။
ဒီကလေးသာသာလေးတွေက သူ့မျက်လုံးထဲမှာ အမှုန်အမွှားလေးသာ။

" အေး မင်းအရည်အချင်းရှိတာကိုလဲ ငါ လက်ခံတယ် အဲ့ဒါကြောင့်လဲ မင်းကို အဆုံးထိ ငါ လက်တွဲမဖြုတ်ဘဲ ထောက်ပံ့မှာ... တစ်ခုပဲ... မင်းကို ငါ တရားဝင် သတိပေးလိုက်မယ် ဘေဘီ့ နားကို လှမ်းနေတဲ့ မင်း ခြေလှမ်းတွေကို သတိထားဖို့တော့ လိုလိမ့်မယ် ချာတိတ်... ငါမသိဘူး မထင်နဲ့ ဘေဘီနဲ့ ပတ်သက်လာရင် ငါမသိတဲ့အရာဆိုတာ ခပ်ရှားရှားရယ် "

Jay စကားကို အကြားမှာ Sunghoon ဟက်ဟက်ပက်ပက် အော်ရယ်ပစ်လိုက်မိသည်။ မောင့် အဆောလေးကတော့ဖြင့် သူ့ ဆိုင်သူကြီးကို သဘောရိုးလို့ ထင်နေတာပဲ... ခုတော့ဖြင့် Sunghoon ထင်သလို ဖြစ်လာခဲ့လေပြီ။ ဒီလူကြီး သူ့​ခြေလှမ်းတွေကို ချုပ်ကိုင်ချင်တာ။

" ဟား ဟား ဟား ခုတော့ ခင်ဗျားက တရားဝင် ကြေငြာပြီပဲ... ကျုပ်က ဘယ်အချိန် ရုပ်လုံးပေါ်လာမလဲလို့ စောင့်နေတာ... မအောင့်နိုင် မအီးနိုင် ခုကတည်းက ပြောလာတော့ အချိန်တွေ စောလိုက်တာ ခင်ဗျားရယ် "

" ပိတ်ပင်တားဆီးရမယ့် အရာတွေက အချိန်စောစော တားလေ အန္တရာယ်ကင်းလေပဲမလား ချာတိတ်... အချိန်တွေ လွန်မှ တားဖို့လုပ်ရင်တော့ ပျက်ဆီးဖို့ပဲ ရှိတော့မပေါ့ "

" ဘာတွေက ပျက်ဆီးမှာလဲ ကျွန်တော်တော့ သိချင်လိုက်တာဗျာ "

အချေအတင်တွေပါပဲ...

အချေအတင်တွေ....

ဘယ်သူက တားဆီးနိုင်မှာလဲလေ...

အဲ့ဒီ့အချိန်မှာပဲ အခန်းထဲကို ဝင်လာခဲ့တဲ့ အဖြူရောင်လေး...

အဖြူရောင်တွေဟာ ငြိမ်းချမ်းခြင်းကို ပေးစွမ်းနိုင်တယ်မလား....

အဖြူရောင်လေးလဲ ရောက်လာရော တည့်တည့်ဆုံနေကြတဲ့ အနီရောင်အဆင့် အကြည့်တွေဟာလဲ အရောင်တွေ ဖျော့သွားခဲ့ပြီး မခိုးမခန့် အပြုံးတွေကလဲ တည်တည်ကြည်ကြည်တွေဖြစ်သွားခဲ့ပြီ။

ဒီနေရာမှာ ရှိနေတဲ့ နှစ်ယောက်လုံးဟာ ဒီ အဖြူရောင်လေးကို စိတ်ညစ်မခံနိုင်ကြတဲ့ လူတွေလေ။

အဖြူရောင်လေးကတော့ အခန်းထဲက ပူပူလောင်လောင် အငွေ့အသက်တွေကို မခံစားမိ။ ပကတိ အဖြူထည်လေးအတိုင်း ဘယ်သူ့စိတ်ထဲ ဘာတွေရှိနေမလဲဆိုတာ မသိဘဲ မျက်နှာကြည်ကြည်လေးနဲ့ပဲ နှစ်ယောက်လုံးကို ဝေ့ကြည့်လိုက်ပြီး

" Jay... ဘာလုပ်နေလဲ ခဏလေးဆိုပြီး ထွက်သွားတာ... နည်းပြကြီးက ဒီထဲမှာ ရှိတယ်ဆိုလို့ "

" အင်း ဘေဘီ ပျင်းနေပြီလား "

" မပျင်းပါဘူး... "

" ဘေဘီ့ သူငယ်ချင်းနဲ့ စကားပြောစရာလေး နည်းနည်းလေး ရှိနေလို့ပါ... ခု ပြီးပါပြီ... ဘေဘီ ရော သူငယ်ချင်းကို အားပေးစကား ပြောလိုက်အုံးလေ... အရင်ကတော့ တကူးတက သွားသွားတွေ့နေပြီးတော့ "

Jay စကားကြောင့် အဖြူရောင်လေးရဲ့ မျက်ဝန်းလေးတွေ သူရှိရာဆီ ရွေ့လျားလာခဲ့သည်။ ချက်ချင်းပဲ Jay ဆီ မျက်နှာလေး ပြန်လှည့်သွားပြီး

" ရတယ် Jay မပြောတော့ပါဘူး "

" ကျွန်တော်တော့ ပြောစရာရှိနေတယ် CEO... ခဏလောက် အချိန်ပေးပါ "

" အာ.. ရပါတယ် သူငယ်ချင်းချင်း အေးဆေး ပြောကြ "

ထိုသို့ ပြောပြီး ထိုင်ရာမှ ထလာတဲ့ Jay ဟာ Sunghoon ရဲ့ ဘေးမှာ ကပ်ရပ်လိုက်ပြီး နှစ်ယောက်ကြားသာရုံ သွားကြားထဲက စိမ့်ထွက်လာတဲ့ လေသံမျိုးနဲ့

" မင်းရဲ့ သိတတ်လိမ္မာမှုပေါ် မူတည်ပြီးတော့ မင်းဘဝကြီး တိုးတက်ပြောင်းလဲ သွားဖို့ကိုလဲ ဖန်တီးပေးနိုင်သလို ဘယ်နေရာ မှာမှ သုံးစားလို့မရတော့တဲ့ လူတစ်ယောက် ဖြစ်အောင်လဲ ဖန်တီးပေးနိုင်တယ် ကောင်လေး....အဲ့ဒါကြောင့် လိမ်လိမ်မာမာ နေကွာ... နောက်ဆို ငါနဲ့ ထိပ်တိုက်မတွေ့စေနဲ့ "

Sunghoon ရဲ့ ပုခုံးကို ခပ်ဖွဖွလေး ပုတ်လို့ တိုးတိုးကပ်ပြောသွားခဲ့ကာ အခန်းထဲက ထွက်သွားလေတော့သည်။

ကျန်ခဲ့တဲ့ Sunghoon ကတော့ မခံချိမခံသာပေါ့။

မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်း ပွတ်ဆွဲပစ်လိုက်ကာ

" Shit!!! F***k ပဲကွာ "

" Sunghoon shi "

သူ့ပုံစံကို ကြည့်ပြီး အဆောက မျက်လုံးလေး ပြူးသွားပြီး အလန့်တကြားလေး ခေါ်လာသည်။

Sunghoon စိတ်ကို ပြန်ထိန်းလိုက်ကာ

" အဆော "

" ဘာတွေ ဖြစ်နေကြတာလဲ ဟင် Sunghoon shi "

" အဟင်း... ဘာမှမဖြစ်ပါဘူး အဆောရဲ့ မောင်တို့ အေးဆေး"

" မဟုတ်သေးပါဘူး... ပုံစံတွေက တကယ်အေးဆေးဖြစ်နေတာရော သေချာရဲ့လား "

" ကဲ ဒါတွေထားပါ.... မောင့်နား ရှိနေတုန်းလေး ဒါတွေ စဉ်းစားမနေနဲ့... ပြောပါအုံး မောင် အလုပ်လုပ်နေတာတွေ တော်ရဲ့လား... "

" ဟုတ်... Sunghoon က အရည်အချင်း ရှိပြီးသားပဲကို ပြောစရာမလိုပါဘူး "

" အဆော "

" ဟုတ် "

" လာ မောင့်နောက် လိုက်ခဲ့ "

" Sunghoon shi... ဘာလုပ်တာလဲ... လူတွေ မြင်ကုန်မယ်လေ "

" ရှူး တိုးတိုးနေ.. နားနေခန်းက လူတွေဝင်လာနိုင်လို့ "

အပြင်က လူရိပ်လူခြေကို လှမ်းကြည့်ကာ ဘယ်သူမှ မမြင်တာသေချာတော့မှ Jay အလစ်မှာ လက်ကို ဆွဲပြီး အကွယ်တစ်နေရာကို ခေါ်လာတဲ့ Sunghoon။ အရမ်းကို ရဲတင်းလွန်းပါသည်။

" လူတွေမြင်ကုန်မယ်ဆို Sunghoon shi "

" ဒီနေရာကို ဘယ်သူမှ မလာပါဘူး... ဘယ်သူမှ မမြင်ဘူး စိတ်ချ "

" ဖယ်ပါ ကျွန်တော် သွားတော့မယ် "

" ခဏလေးပါ အဆောရယ်... မောင် အရမ်း လွမ်းနေလို့... ဒီမျက်နှာလေးကို မောင် အားရအောင် ကြည့်ပါရစေအုံး မတွေ့ရတဲ့ ရက်တွေမှာ မောင့်ကို မလွမ်းဘူးလား "

" ဘာတွေ ပြောနေတာလဲ...

" အဆော... မောင် အရမ်း လွမ်းနေခဲ့တာ ''

" ကျွန်တော့်ကို အဲ့လိုတွေမလုပ်ပါနဲ့ဆို Sunghoon ရယ်... "

" မောင်က ဘာလုပ်နေလို့လဲ "

ဘာလုပ်နေလို့လဲ ဆိုသူက ကျွန်တော့်ကို နံရံနဲ့ သူ့ခန္ဓာကိုယ်ကြီးကြား ညှပ်ပိတ်ထားကာ ထွက်သွားလို့မရအောင် နံရံကို လက်တွေနဲ့ပါ ထောက်ထားပြီး ကာထားသေးသည်။

" ဒီလို ဇွတ်တရွတ်ဆန်တာတွေ ကျွန်တော် မကြိုက်ဘူး Sunghoon ... ပြီးတော့ Jay လဲ ရှိနေတာ... သူသိသွားရင် Sunghoon အတွက် မကောင်းဘူး "

"မောင် ဂရုမစိုက်ဘူး... "

" Jay ဘာတွေ လုပ်နိုင်တယ်ဆိုတာ Sunghoon မသိလို့...Jay က တကယ်ကို အန္တရာယ်များတဲ့လူပါ "

" အဲ့တော့ မောင်က ကြောက်ရမှာလား "

" ကြောက်ဖို့ မကြောက်ဖို့ ပြောနေတာ မဟုတ်ဘူး Sunghoon... သတိထားပြီး နေဖို့ပြောနေတာ "

"မောင် ဂရုမစိုက်ပါဘူးဆိုကွာ "

" Sunghoon ဂရုမစိုက်ပေမယ့် ကျွန်တော်ကတော့ ဂရုစိုက် ရမယ်လေ ... "

" အဟက်..အဆော လူကြီးက မမိုက်ပါဘူးကွာ... သိပ်ကလေးဆန်တာပဲ "

" ဘာတွေ ဖြစ်ခဲ့ကြလို့လဲ "

" ဟင်... ဘာရယ်မဟုတ်ပါဘူး.. ဒီတိုင်း "

" Sunghoon တို့ ဘာတွေ ဖြစ်ခဲ့တာလဲ.. ကျွန်တော် ဝင်လာတော့ နှစ်ယောက်လုံး မျက်နှာတွေက တမျိုးပဲနော်... ကျွန်တော့်ကို မညာနဲ့ "

" မောင် မညာချင်ပါဘူး... တကယ် ပါးပါးလေးပဲ...ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မဟုတ်လို့.. အဆော မသိလဲ ရတယ် "

" ဘာကိစ္စပဲဖြစ်ဖြစ် သူနဲ့ ထိပ်တိုက်မတွေ့လေ ကောင်းလေပဲ... ပြီးတော့ ဒီလို အပြုအမူမျိုးတွေလဲ Sunghoon ထပ် မလုပ်ပါနဲ့ "

" ချစ်တယ် "

" Sunghoon shi!! "

" မောင် အရမ်းလွမ်းနေတယ် "

" ဟာ... ပြောလေကဲလေပါလား... Sunghoon ကျွန်တော့်စကားကို နားမထောင်တော့ဘူးလား... ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စကား မပြောပါနဲ့လို့ "

" မောင်မှ မပြောဘဲ မနေနိုင်တာ... အဆော ဘယ်လောက်တားတား မောင် ပြောနေအုံးမှာ "

တကယ်ကို ဇွတ်တရွတ်...

ဘယ်လိုမှ တားမရ ဆီးမရ...

သူ ပြောချင်ရာတွေသာ ပြောနေလေတဲ့ မောင်ဟာ သိပ်ကို ဆိုးလွန်းလှပါသည်။

" ကျွန်တော်တို့ မတွေ့ဘဲ နေကြရအောင် "

" မောင် မနေနိုင်ဘူး"

" ကျစ်! ပြောရခက်လိုက်တာ Sunghoon ရယ် "

နံရံပေါ်ကို လက်တွေ ကွေး ထောက်ထားပြီး ခန္ဓာကိုယ်ကြီးကို ငုံ့ကိုင်းချထားတာကြောင့် အလွန်နီးကပ်နေတဲ့ အနေအထားကြီး။

တစ်ယောက်ယောက် မြင်သွားရင်ဆိုတဲ့ စိတ်နဲ့ Sunoo ချွေးတွေတောင် ပျံလာခဲ့ပြီ။

" အဟင်း... စိတ်တွေ လှုပ်ရှားနေလား... မောင့်အဆော မျက်နှာမှာ ချွေးတွေတောင် ပျံလာပြီ "

မျက်နှာကို လေနဲ့မှုတ်ကာ ပြုံးယဲ့ယဲ့နဲ့ ပြောလာတဲ့ Sunghoon ရဲ့ မျက်နှာချောချောကို Sunoo မျက်လုံးလေး လှန်ကြည့်လိုက်ပြီး

" ကျွန်တော့်ကို ဒီလို ခက်ခဲအောင် လုပ်ရတာမျိုး သိပ်သဘောကျနေလား Sunghoon... "

" မောင် ဘာလုပ်လို့လဲ "

" အားလုံးပဲ... Sunghoon ပြောသမျှ စကားတွေ လုပ်သမျှ အပြုအမူတွေက ကျွန်တော့်ကို ခက်ခဲစေတယ် "

" မောင့်အဆောရယ်.... ဒါတွေအားလုံးက မောင် အဆောကို ချစ်လွန်းလို့ မြတ်နိုးလွန်းလို့ ဖြစ်နေရတာပါကွာ "

" အေး ချစ်လို့ဆိုတာ သိတယ် နားလည််တယ်... ဒါပေမယ့် ကျွန်တော်က Sunghoon ချစ်သင့်တဲ့လူလား... စဉ်းစားလေ... ကျွန်တော်က ဘယ်လိုလူလဲ ဆိုတာကိုလဲ Sunghoon အကုန်သိအောင် ပြောပြီးပြီလေ... ဒါကိုပဲ ကျွန်တော့်ကို မစွန့်လွှတ်နိုင်သေးဘူးလား "

" မောင်က ဘာလို့ စွန့်လွှတ်ရမှာလဲ.. အဆောကို စ ချစ်ကတည်းက စွန့်လွှတ်ဖို့ဆိုတဲ့ စိတ်ကူး မရှိခဲ့ဘူး "

" Sunghoon ဘာလို့ ကျွန်တော့်အခြေအနေကို နားလည်မပေးနိုင်ရတာလဲကွာ... "

" အဆောကရော မောင့်အချစ်တွေကို ဘာလို့ နားလည်မပေးတာလဲ ''

" ကျစ်! "

နီးကပ်လွန်းတဲ့ မျက်နှာနှစ်ခုက ဝင်သက်ထွက်သက်​ တွေချင်း ဖလှယ်နေသလိုပါပဲ။ နွေးထွေးစွာ လာရိုက်ခတ်နေတဲ့ သူ့လေငွေ့နွေးနွေးကြောင့် Sunoo မျက်လုံးလေး ဝင့်ပြီး Sunghoon ကို မော့ကြည့်လိုက်တော့ သူ့နှုတ်ခမ်းတွေရှိရာဆီ စူးစိုက်ကြည့်နေတဲ့ Sunghoon ရဲ့ အကြည့်စူးစူးတွေနဲ့ ရင်ဆိုင်လိုက်ရသည်။

"ချစ်တယ် အဆောရယ်... ထိန်းချုပ်ထားရတာ မောင့်ရင်တွေ ပေါက်ကွဲထွက်တော့မလိုပဲ... "

" မပြောနဲ့ "

"ပြောမယ်.. အဆော... အရမ်းချစ်တယ် "

" မချစ်နဲ့ လို့ "

" ဟင့်အင်ကွာ ချစ်တယ် "

တဖြည်းဖြည်း တိုးဝင်သွားတဲ့ မောင့်အသံရယ်... တဖြည်းဖြည်း ငုံ့ကိုင်းလာတဲ့ မောင့်မျက်နှာကြီးရယ်... ထိန်းချုပ်မနိုင်အောင် ဗရမ်းဗတာခုန်လှုပ်နေတဲ့ သူ့ ရင်ခုန်သံတွေရယ်... ကြာရင် မောင် ကြားသွားတော့မှာ....

မဖြစ်...

သူ့ ရင်ခုန်သံတွေကို မောင် ကြားသွားလို့ မဖြစ်ဘူးလေ...

ရှိသမျှအားအကုန်သုံး၍ ငုံ့ကိုင်းလာတဲ့ Sunghoon ခန္ဓာကိုယ်ကြီးကို တွန်းပစ်လိုက်မိသည်။

နမ်းမိတော့ဖို့ သေချာနေတဲ့ အနေအထားရောက်မှ ရုတ်တရက် အတွန်းခံလိုက်ရ၍ အရှိန်ပျက်သွားတဲ့ Sunghoon

" အဆော..."

" လိုက်မလာနဲ့ ကျွန်တော့်နောက်ကို "

သူ့ရှေ့ကနေ ပြေးထွက်သွားတဲ့ ပုံရိပ်ငယ်လေး...

" ဟာ ကွာ..."

Sunghoon မချိတင်ကဲသာ ရေရွတ်လိုက်မိတော့သည်။

စိတ်ငြိမ်အောင် နေရာမှာပဲ ခဏနေပြီးမှ ရှေ့ကို ထွက်လာတော့ Jay နဲ့ အဆောက ပြန်ဖို့ရန် နှုတ်ဆက်နေပေပြီ။

အဆောရဲ့ ခါး သွယ်သွယ်လေးကို ဖက်ထားတဲ့ ဟိုလူကြီးရဲ့ လက်တွေကို ကြည့်ပြီး ပူလောင်နေရတာလဲ ဝဋ်ဒုက္ခတမျိုး။

ဒီအရုပ်ကလေးကို တရားဝင် မပိုင်ဆိုင်နိုင်သေးသ၍ မောင် ပူလောင်နေရအုံးမှာပဲကွယ်....

ပြန်သွားတဲ့ အထိ သူရှိရာဆီ တစ်ချက်လေးမှ လှည့်ကြည့်မသွားတဲ့ အဆောဟာ တကယ်ကို ရက်စက်လှပါသည်။

Jay ကတော့ သူ့ကို နှုတ်ခမ်းတစ်ဖက်ကော့တက်ရုံလေး ပြုံးပြသွားကာ အဆောခါးတွေကို ပိုင်ပိုင်နိုင်နိုင်ကြီး သိမ်းဖက်လို့ မှန်တံခါးမှတဆင့် အပြင်သို့ ထွက်သွားလေတော့သည်။

အဆောရဲ့ ခါးသိမ်သိမ်လေးပေါ်က အဲ့ဒီ့ လက်တစ်စုံရဲ့ ပိုင်ရှင်က ဘာလို့ မောင်မဟုတ်ရတာလဲ...

အဆောရဲ့ ဘေးမှာ ရပ်တည်နေနိုင်တဲ့ လူက ဘာလို့ မောင်မဟုတ်ရတာလဲ...

အဆောကို ချစ်တယ်ဆိုတဲ့ စကားတွေ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတဲ့ လူက ဘာလို့ မောင်မဟုတ်ရတာလဲ....

အဆောရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ပိုင်ပိုင်နိုင်နိုင် နမ်းရှိုက်နိုင်တဲ့လူက ဘာလို့ မောင်မဟုတ်ရတာလဲ...

အဖြူရောင်လေးရေ...

မင်းနဲ့တွေ့မှ စတင် ဖြစ်ပေါ်လာတဲ့ မောင့်အချစ်တွေကို မင်းလေးနဲ့ပဲ အဆုံးသတ်ခွင့်ပေးပါကွာ....

သေချာရေရာတဲ့ ပိုင်ဆိုင်ကြောင်း သက်သေတွေ မရှိဘဲ ပိုင်ရှင်ရှိပါတယ်လို့ သတ်မှတ်ထားတဲ့ မောင့် အဆောရေ..

မင်းရဲ့ ဆိုင်သူကြီးဆီက မောင့်အသည်းနှလုံးလေးကို မောင် ရအောင် လုယူပါရစေတော့.....

နီးရာခုံတစ်ခုမှာ ပစ်စလက်ခတ် ဝင်ထိုင်လို့ ထွက်သွားပြီဖြစ်တဲ့ ကျောပြင်ငယ်လေးကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီး Sunghoon ရင်ထဲမှာ ပိုင်ဆိုင်လိုခြင်း ပူလောင်မှုတွေနဲ့...

မောင့်နှလုံးသားကို ခွင့်ပြုချက်မရှိဘဲ ခိုးယူသွားခဲ့ပြီးမှ မချစ်ပါနဲ့လို့ အကြိမ်ကြိမ် တားမြစ်နေတဲ့ မင်းလေးက သိပ်ကို ဆိုးမိုက်လွန်းပါတယ် အချစ်ရယ်...

မင်းရဲ့ ကန့်သတ်တားဆီးမှုတွေနဲ့ ပိတ်လှောင်ခံထားရတဲ့ မောင့်နှလုံးသားလေး မောပန်းနာကျင်လှပြီကွယ်...

မောင့်ဘက်ကိုလဲ တစ်ချက်လောက်တော့ လှည့်ကြည့်ပေးပါကွာ....

( Sunghoon ဘက်က ခံစားချက်အနေနဲ့ လိုက်ဖက်မယ်ထင်လို့ ထည့်ပေးထားတယ်။ သီချင်းလေးကို နားထောင်ကြည့်ပေးအုံးနော်။
ဇာတ်ဝင်တေးလေးလိုပေါ့)

***********************************

Love you all my Vitamins 💙

San Htarni 💙

30.3.2023

# ဇာတ်ကြီးက မျောနေပြီလား...
ပျင်းစရာကောင်းနေလား...
ဒီလိုလေးမှ ဆွဲပြီးမရေးရင်လဲ ဇာတ်ကောင်တွေရဲ့ အနေအထားတွေ ခံစားချက်တွေက ပေါ်လွင်မှာ မဟုတ်လို့လေ။ ဒီအထိ ဖတ်ရတာ ဘယ်လိုနေလဲ ခံစားရတဲ့အတိုင်းလေးတွေ ပြောပြပေးသွားအုံးနော်။
စံ့ရဲ့ အရေးအသားကိုရော၊ ဇာတ်ကောင်တွေရဲ့ အနေအထားကိုရောပေါ့။ Feedback လေးတွေ မျှော်နေမယ်။

Comment