~ 11.2 ~

~ 11.2 ~

" အဲ့လိုမှ မင်းတို့ဘက်က ဆက်ပြီး ခေါင်းမာနေအုံးမယ်ဆိုရင် စာချုပ်ဖျက်သိမ်းဖို့ပဲ ရှိတော့တာပေါ့ "

အလိုလိုမှ နည်းပြ ပြောင်းမယ့်ကိစ္စကြောင့် စိတ်တွေ မကြည်နေပါဘူးဆို စာချုပ်ဖျက်မယ့် ကိစ္စပါ ထပ် ပြောလာတော့ Sunghoon ဒေါသက ဒီဂရီမြင့်သွားလေပြီ။

" ဘာဗျ !! အဲ့လို တဖက်သတ်ကြီး စာချုပ်ဖျက်သိမ်းတာ ဘယ်မှာ ရှိလို့လဲ...ခင်ဗျားတို့နဲ့ စာချုပ် ချုပ်တုန်းကရော နည်းပြ ပြောင်းပါမယ်လို့ ပါသလား... စာချုပ်မချုပ်ခင်ကတည်းက ကျုပ်ရဲ့ နည်းပြနဲ့ပဲ လေ့ကျင့်ပါ့မယ် ပြောပြီးသား... ဒါကိုလဲ ခင်ဗျားတို့ကိုယ်တိုင် သဘောတူထားပြီးသား... သဘောတူလို့လဲ စာချုပ် ချုပ်ဖြစ်ကြတာ... အခုမှ ဘာ ထ ဖြစ်နေတာလဲ... ဒါ အလုပ် လုပ်နေတာနော် ခင်ဗျားတို့က ထောက်ပံ့ပေးနေရတယ်ဆိုပြီး တဖက်သတ် အနိုင်ပိုင်းဖို့ မကြိုးစားနဲ့... ဒါ လုပ်ငန်းကြီး လုပ်နေတဲ့ လူတွေရဲ့ အပြုအမူ မဟုတ်ဘူး "

" ငါတို့ အလုပ် လုပ်ပုံကို မင်းဘက်က ဝေဖန်စရာ မလိုဘူးနဲ့တူတယ်နော် Park Sunghoon... ငါတို့ ထောက်ပံ့ပေးနေသ၍ ငါတို့မကြိုက်တာတွေ ပြင်ဖို့ ငါတို့မှာ အခွင့်ရှိတယ်..."

" ဒါဆို စာချုပ်မချုပ်ခင် ကတည်းက ညှိနှိုင်းလေ... တရားနည်းလမ်းကျကျ လုပ်မှပေါ့... ကျုပ်ဘက်ကလဲ စာချုပ်မချုပ်ခင် ကျုပ်လိုချင်တဲ့ အခြေအနေတွေ အကုန်ပြောပြထားတယ် ခင်ဗျားတို့ သဘောတူပါတယ်ဆိုလို့ လက်မှတ်ထိုးတယ်... အခုမှ ဗလောင်းဗလဲတွေ လာမလုပ်ကြနဲ့ "

" အေး စာချုပ် ချုပ်တုန်းကတော့ မင်း အရည်အချင်းတွေအရ ထပ်ပြီး တိုးတက်လာအုံးမယ်ဆိုတာ ယုံကြည်လို့ လက်ခံပေးခဲ့တာလေကွာ... ခု ငါတို့ မျှော်လင့်သလိုမှ ဖြစ်မလာတာ... ဒီတော့ ငါတို့ နည်းပြ ပြောင်းပေးတာ နည်းလမ်းကျတယ်လေ... ဟူး... ဒီစကားတွေပဲ ထပ်တလဲလဲပြောနေရတာ စိတ်ကုန်လာပြီကွာ ... ငါ ဘယ်လို လူတွေနဲ့ စကားပြောနေရမှန်းကို မသိတော့ပါဘူး ကွာ... လူ ကြည့်တော့ ဘာမှ ဖြစ်မလာသေးဘူး ကိုယ့်ကိုကိုယ် ဘဝင်ခေါင်ခိုက်နေပြီး မာနက ကြီးပြချင်နေကြသေးတယ်"

အရည်အချင်းကို အထင်သေးဟန် ပြောလာတဲ့ သူဌေးရဲ့ စကားများကြောင့် Sunghoon ရဲ့ သီးခံနိုင်စွမ်းတို့ လျော့ပါးလာခဲ့လေပြီ။

" ကျုပ်က တခြားနယ်ပယ်မှာ ဘာမှ မဟုတ်ပေမယ့် ကျုပ်နယ်ပယ်မှာတော့ အရည်အချင်းရှိပြီး နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့လူပဲ ...

ခင်ဗျားတို့လဲ ခင်ဗျားတို့ စီးပွားရေးစျေးကွက်ကို ချဲ့ချင်လို့ ကျုပ်ကို ချည်းကပ်လာတယ်... ကျုပ်ကလဲ ကျုပ်ပန်းတိုင်ဆီ သွားဖို့ ခင်ဗျားတို့နဲ့ လက်တွဲတယ်"

" သား အဲ့လိုတွေ မပြောရဘူးလေ... "

နည်းပြကြီး က ဝင်တားပေမယ့် Sunghoon နည်းပြကြီးကို လက်ကာပြလိုက်ကာ ပြောစရာရှိတာကိုသာ ဆက်ပြောလိုက်သည်။

" ခင်ဗျားတို့လဲ အကျိုးအမြတ်လိုချင်လို့ ကျုပ်ဆီရောက်လာသလို ကျုပ်ကလဲ အောင်မြင်ချင်လို့ ခင်ဗျားတို့နဲ့ ပူးပေါင်းတာ

ဒါကြောင့် နည်းပြကြီးနဲ့ ကျုပ်ရဲ့ အရည်အချင်းကို စော်ကား တဲ့ အပြောအဆိုတွေကို ဆင်ခြင်ပေးစေချင်တယ် သူဌေး... ကျုပ်က ခုချိန် ဘာမှ ဖြစ်မလာသေးပေမယ့် ကျုပ် အောင်မြင်တဲ့ တစ်နေ့ အဲ့ အသီးအပွင့်တွေကို စားရမှာ ခင်ဗျားတို့ပဲ မလား... ဒါတွေ မြင်လို့လဲ ခင်ဗျားတို့ ကျုပ်ဆီ ရောက်လာကြတာ "

" ဒါပေါ့ ... သေချာပါတယ်... ငါတို့လဲ ဒါ စီးပွားရေး လုပ်နေတာလေ အလှူပေးနေတာ မဟုတ်ဘူးကွ... အဲ့လို စီးပွားရေး လုပ်နေတာမလို့လဲ ငါတို့လိုချင်တဲ့ ပုံစံ ရအောင် ပြောနေတာပဲလေ... ဒီမှာ ကောင်လေး မင်း ငါတို့နဲ့ ရေရှည်လက်တွဲချင်တယ်ဆိုရင် မင်းရဲ့ ဘာမှ မဟုတ်တဲ့ အဲ့မာန နဲ့ တယူသန်စိတ်လေးကို နည်းနည်း လျှော့လိုက်"

" ကျုပ်ဘက်ကတော့ မလျှော့နိုင်တာ အသေအချာပဲ "

Company က လူတွေနဲ့ Sunghoon ကြား အခြေအတင်တွေ ဖြစ်လာတော့ နည်းပြကြီးကပဲ အခြေအနေကို ဝင် ထိန်းကာ နှစ်ဖက်လုံးကို စကားပြောလိုက်သည်။

" ဟို... သူဌေး ကို ကျွန်တော် တစ်ခုလောက် ပြောပါရစေ... သား လဲ ခဏနေပါအုံး... စိတ်လိုက်မာန်ပါတွေ ပြောနေကြရင် ဘာတစ်ခုမှ ကောင်းဖို့ ဖြစ်လာမှာ မဟုတ်ဘူးလေ... "

" နည်းပြကြီး က ဘာ ဝင်ပြောအုံးမလို့လဲ... သူတို့သဘောကို ကျွန်တော် လုံးဝ လက်ခံမှာ မဟုတ်ဘူးနော် "

" ခေါင်းမမာပါနဲ့ သားရယ်... သား ကောင်းဖို့အတွက် ပြောနေတာတွေပါကွ "

" ကဲ ဒီလိုဆို နည်းပြကြီးက ဘာလုပ်ပေးနိုင်မလဲ ပြောကြည့်ပါအုံး "

သူဌေး ဖြစ်သူက ဝင်ပြောလာတော့ နည်းပြကြီး Sunghoon ကို ကြည့်ကာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ ပြီးမှ အားတင်းကာ သူ့ဆုံးဖြတ်ချက်ကို အားလုံး သိအောင် အသိပေးလိုက်လေတော့သည်။

" ကျွန်တော်... Sunghoon ရဲ့ နည်းပြအဖြစ်ကနေ နှုတ်ထွက်ပါတယ် သူဌေး... ဒါကြောင့် သူဌေး တို့ကပဲ သူ့အတွက် ကောင်းမယ်ထင်တဲ့ ~~"

" နည်းပြကြီး !!!"

နည်းပြကြီး စကားမှ မဆုံးသေး Sunghoon ရဲ့ အော်သံက ကြားကနေ ဖြတ်ဝင်လာသည်။ ပြီး ထိုင်ရာမှ ထကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး မယုံနိုင်ဟန် မျက်ဝန်းတွေနဲ့ နည်းပြကြီးအား ကြည့်နေလေတော့သည်။

အတူတူထိုင်နေကြရင်း Sunghoon ရုတ်တရက် ထ ရပ်လိုက်တော့ ဘေးက Sunoo ဟာလဲ အယောင်ယောင် အမှားမှားနဲ့ ထ ရပ်မိလျှက်သား။

" နည်းပြကြီးကို ဘာမှ ဝင်မပြောဖို့ ကျွန်တော် ပြောထားတယ်လေ... ကျွန်တော် နည်းပြကြီးကို ဘယ်နည်းနဲ့မှ လက်လွှတ်မှာ မဟုတ်ဘူးနော် "

" မရူးမိုက်စမ်းနဲ့ သား... ဘယ်သူနဲ့ လေ့ကျင့် လေ့ကျင့် အဓိက က မင်း လိုချင်တဲ့ ရွှေတံဆိပ် ရဖို့ပဲ မလား "

" ဘယ်သူမှ မရှိတော့တဲ့ ကျွန်တော့်ဘဝမှာ နည်းပြကြီးကိုပါ လက်လွှတ်ပေးပြီးတော့မှ ရလာမယ့် ဒီရွှေတံဆိပ်ကရော ဘာအသုံးဝင်တော့မှာ မလို့လဲ... "

အသံတွေ တိမ်ဝင်လာကာ အဖျားခတ်သံတွေ တုန်ယင်နေတဲ့ Sunghoon ရဲ့ စကားသံများက သူ့ရင်ထဲက ခံစားချက် အတိုင်းအတာကိုပါ မြင်ယောင်လာစေမိပါသည်။

ဒီလို အခြေအနေတွေကို မကြုံဖူးခဲ့သလို ဒီလို ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ Sunghoon ရဲ့ ပုံစံတွေနဲ့ မရင်းနီးခဲ့တဲ့ Sunoo ခမျာတော့ ဘယ်လို နှစ်သိမ့်ပေးရမှန်းလဲ မသိ... ဘယ်လို ဖျောင်းဖျပေးရမှန်းလဲ မသိ။

ထို့ကြောင့် လက်သီးဆုတ်ထားတဲ့ Sunghoon ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး လက်မောင်းလေးကို ပွတ်သပ်ပေးနေမိသည်။

ဘာပဲဖြစ်ဖြစ် Sunghoon ရဲ့ဒေါသဖြစ်နေတဲ့ စိတ်ကလေး နည်းနည်း ဖြစ်ဖြစ် ပြေလျော့ပါစေကွယ်...

ထိုအခိုက်မှာ Company မှ လူတွေအားလုံး ထ ရပ်လိုက်ကြကာ

" ကဲ... နည်းပြကြီး ခင်ဗျားတို့နှစ်ယောက်ပဲ ပြေလည်အောင် အရင် ညှိနှိုင်းလိုက်ကြပါအုံး... နောက်ဆုံးအနေနဲ့ အချိန် တစ်ပတ် ပေးပါ့မယ်... အဲ့တစ်ပတ်အတွင်းမှာ ကျုပ်တို့ ပြောတာကို လက်မခံရင် စာချုပ်ဖျက်သိမ်းမယ်... ပြီးတော့ ကျုပ်တို့ သူ့အတွက် စိုက်ထုတ်အကုန်အကျခံခဲ့ရတာတွေ အတွက် လျော်ကြေး တောင်းရပါလိမ့်မယ် ... အဲ့တော့ အကောင်းဆုံး အဖြေတစ်ခု ပြန်ပေးနိုင်ဖို့တော့ ကျုပ်တို့ မျှော်လင့်ပါတယ်... သွားခွင့်ပြုပါအုံး "

သူတို့ပြောချင်ရာကို ပြောပြီး အနိုင်ပိုင်းကာ ထွက်သွားတဲ့ Company က လူတွေ ပြန်သွားပြီးနောက်မှာတော့ Sunghoon တစ်ယောက်လဲ ဆိုဖာပေါ်မှာ အရုပ်ကြိုးပျက်။

ဒူးနှစ်ဖက်ပေါ် တံတောင်နဲ့ထောက်ကာ လက်နှစ်ဖက်က ဆံပင်တွေထဲကို ထိုးထည့်၍ ခေါင်းကြီးငုံ့ထားလေသည်။

Sunoo မှာလဲ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရတဲ့ ပြဿနာတွေကြားမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ Sunghoon ဘေးနားလေးမှာပဲ မတ်တပ်လေးရပ်ကာ လက်မထိပ်လေးနှစ်ခုကို လက်သည်းလေးနဲ့ ကုတ်ခြစ်နေမိသည်။

တအောင့်အကြာမှာတော့ နည်းပြကြီးဆီမှ စကားသံတစ်ခု ထွက်လာခဲ့သည်။

" မင်း ဘယ်အချိန်ထိ အခုလို မိုက်ရူးရဲ လုပ်နေမှာလဲ ငါ့ သား "

"........"

Sunghoon ဆီကတော့ ဘာ တုန့်ပြန်စကားမှ ထွက်မလာခဲ့။

" စာချုပ်အနေနဲ့သာ နှုတ်ထွက်မယ်ပြောတာလေ သားရယ်... တချိန်လုံး ငါက မင်းနဲ့ အတူ ရှိနေမှာပါ... သူတို့နဲ့ မဆိုင်တဲ့ အချိန်တွေမှာ ငါကိုယ်တိုင် လေ့ကျင့်ပေးနေအုံးမှာ မို့ ငါ့သားက ထပ်ပြီး ခေါင်းမမာတော့နဲ့ ကွာ... သူတို့ ပြောတာကို လက်ခံလိုက် နော် ငါ့သား "

" ဒီအကြောင်းပဲ ပြောနေမယ်ဆို ထွက်သွားလိုက်ပါတော့ နည်းပြကြီး... နည်းပြကြီး မရှိတော့တဲ့ ကျွန်တော်ဆိုတာလဲ ဒီ Figure Skate လောက မှာ မရှိတော့ဘူးလို့ သိထားပေးပါ "

" ကျစ်! ဒီ ကလေးကွာ..."

Sunghoon ရဲ့ ခေါင်းမာနေမှုကြောင့် နည်းပြကြီးလဲ ဖျောင်းဖျစရာ စကားလုံးများ ကင်းမဲ့သွားရတော့သည်။

အတန်ကြာ တိတ်ဆိတ်နေကြပြီးမှ နည်းပြကြီးကပဲ

" စာချုပ်ပါ အချက်အလက်တွေအရ ကိုယ့်ဘက်က စာချုပ်ဖောက်ဖျက်ရင် လျော်ကြေးက နှစ်ဆနော် သားလေး... ဒီလိုတွေ ပြဿနာဖြစ်ထားတာ အပြင်ကို ပေါက်ကြားသွားရင်လဲ သားအတွက် မကောင်းဘူး... သဘောပေါက်စမ်းပါကွာ... ငါ့ သားက လိမ်မာရဲ့သားနဲ့ ခေါင်းမာမနေပါတော့နဲ့... ဦးလေး သားဘေးမှာပဲ ရှိနေမှာလို့ ပြောနေပြီပဲ "

" ဟင့်အင်... ကျွန်တော့်စကား ကုန်နေပြီ... ဘာမှ ထပ်ပြောစရာမရှိတော့ဘူး ဦးလေး... ကျွန်တော် ဆုဖလားကို ကိုင်မြှောက်ခွင့်ရတဲ့အချိန် ဘေးမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ ပဲ့ကိုင်ရှင်ဟာ ဦးလေးမှ မဟုတ်ရင် ကျွန်တော် အဲ့ဆုကို မမက်မောဘူး... ဦးလေး ကျွန်တော့်နည်းပြနေရာက နှုတ်ထွက်တဲ့နေ့ ကျွန်တော်လဲ Figure Skate လောက က ထွက်တဲ့နေ့ပဲ "

ခုချိန်ထိ ဆွေးနွေးလို့မပြီးသေးတဲ့ ဒီပြဿနာက ပြေလည်မည့်ပုံလဲ မပေါ်ပါချေ...

ကြာလာတော့ နည်းပြကြီးလဲ စိတ်မရှည်တော့ဟန် တူပါသည်။ လေသံတွေပါ မာလာခဲ့ကာ ဒေါသကြောင့် အသံတွေက တုန်ခါနေလေသည်။ ဒါဟာလဲ ဂရုဏာ ဒေါသတွေပါပဲ...

" ဒါဆို လျော်ကြေးကိစ္စ မင်း ဘယ်လို ဖြေရှင်းမလဲ... လျော်ရမှာက နည်းနည်းနောနော မဟုတ်ဘူး Park Sunghoon... ပြီးတော့ မင်း နာမည်လဲ ပျက်အုံးမယ်... မင်း ဒီလို လုပ်နေပုံနဲ့ သူတို့ဘက်ကရော ငြိမ်နေမယ်ထင်သလား... မင်း နာမည်ကို ဟိုးအောက်ဆုံးထိ ဆွဲချ သွားမှာကွ"

" ဂရုမစိုက်ဘူးဗျာ... ဘာဖြစ်ဖြစ်... လျော်စရာမရှိ တိုက်ခန်းရောင်းပြီး လျော်လိုက်မယ် နည်းပြကြီး ဘာမှ စိတ်ပူမနေနဲ့... ကျွန်တော့်အနားက ထွက်သွားမှာ မလား သွားတော့လေ... နောက် ဘယ်တော့မှ ကျွန်တော့်ရှေ့ပေါ်မလာတော့နဲ့ "

ဒါဟာ Sunghoon အနေနဲ့ နည်းပြကြီးကို မပြောသင့်ဆုံးစကားပါပဲ...

သိသိရက်နဲ့ တမင် ဂျစ်ပြနေတဲ့ Sunghoon ပါးပေါ်မှာလဲ မျက်ရည်တွေ စီးကျလာခဲ့သလို ဂရုဏာ ဒေါသတွေနဲ့ နည်းပြကြီးရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တို့ ဝေ့သီလို့ပါပဲ။

Sunghoon ရဲ့ ထွက်သွား ဆိုတဲ့ စကားမှာ နည်းပြကြီးလဲ ခံနိုင်ရည်တို့ ရှိတော့ဟန်မတူ... အံကိုတင်းတင်းကြိတ်ကာ မျက်ရည်မကျအောင် ထိန်းလိုက်ပြီးမှ

" အေး ဒီလောက်မှ ပြောရဆိုရ ခက်နေရင်လဲ မင်း ထိုက်နဲ့ မင်းကံ ပဲ Sunghoon.... မင်း ပြောသလို မင်းရှေ့ကို ငါ ဘယ်တော့မှ ပေါ်မလာတော့ဘူး "

"စိတ်ချ ကျုပ်လဲ Figure Skate လောကမှာ ထပ် ပေါ်မလာတော့ဘူး!!! "

ပြောပြီးတာနဲ့ တံခါးဆီကို လှမ်းသွားတဲ့ နည်းပြကြီးရဲ့ ခြေလှမ်းတွေ အပြင်ကို မရောက်ခင် လည်ချောင်းကွဲမတက် အော်ပြောလိုက်တဲ့ Park Sunghoon....

ဒါပေမယ့်လဲ နည်းပြကြီးဆီကတော့ ဒုန်းကနဲ့ တံခါးဆောင့်ပိတ်သွားသံ ကိုသာ ကြားလိုက်ရပြီး ဘာမှ တုန့်ပြန်မသွားခဲ့။

အခန်းလေးထဲမှာ စကားသံတို့ တိတ်ကျသွားကာ ငြိမ်သက်သွားခဲ့သည်။

ထိုအခိုက်မှာပဲ Sunghoon ဆီမှ ငိုရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

Sunoo မှာ Sunghoon ဘေးသို့ ကပြာကယာ ဝင်ထိုင်လိုက်ပြီး ပုခုံးလေးကို ကိုင်လိုက်ကာ

" Sunghoon shii...စိတ်ထိန်းပါ Sunghoon ရယ်... ဘာလို့ နည်းပြကြီးကို အဲ့လိုတွေ သွားပြောရတာလဲ "

ထိုအခါမှာ နီရဲနေတဲ့ မျက်လုံးအိမ်တွေနဲ့ Sunghoon က Sunoo ဘက်သို့ လှည့်ကြည့်လာပြီး

" Sorry ပါ အဆော ရယ်... အဆောကို ခေါ်လာပြီး စိတ်ညစ်စေမိပြီ "

ထိုစကားကြောင့် Sunoo ခေါင်းကို ခပ်သွက်သွက်လေး ခါ ပြလိုက်ကာ

" ဟင့်အင် ကျွန်တော် စိတ်မညစ်ပါဘူး.... Sunghoon ရဲ့ "

" အဆော သိလား... နည်းပြကြီးက ကိုယ့် မိဘလို လူလေ... သူက ကိုယ့်အဖေဆိုလဲဟုတ် ကိုယ့်အမေဆိုလဲ ဟုတ်တယ်... ကိုယ်လို တစ်ကောင်ကြွက် အထီးကျန်လူတစ်ယောက်မှာ နည်းပြကြီးလို ကိုယ့်အပေါ် မေတ္တာထားပေးတဲ့ လူမျိုးကို အနားက ထွက်မသွားစေချင်တာ ကိုယ်မှားလား... ကိုယ်ကျရှုံးသည်ဖြစ်စေ ကိုယ်အောင်မြင်သည်ဖြစ်စေ ကိုယ့်အပေါ် မေတ္တာစစ်နဲ့ နွေးထွေးပေးတဲ့ လူကိုပဲ ကိူယ့်အနားမှာ ရှိစေချင်တာ ဒါကို နည်းပြကြီးက နားမလည်ဘူး အဆောရယ်... သူ နားလည်အောင် ကိုယ်ဘယ်လို ရှင်းပြရမလဲ... "

မျက်ရည်တွင်တွင်ကျကာ ငိုရှိုက်သံတွေနဲ့ မချိတင်ကဲ ပြောပြနေတဲ့ Sunghoon ကိုကြည့်ပြီး Sunoo နဲ့ စိတ်မကောင်း...

သူငိုတာ ကြည့်ပြီး ကိုယ်ပါ ဝမ်းနည်းစိတ်နဲ့ ငိုချင်လာသလိုလို။

" နည်းပြကြီးကလဲ Sunghoon အတွက် စေတနာနဲ့ ပြောတာပါ... သူလဲ Sunghoon နားကနေ ဘယ်ထွက်သွားချင်ပါ့မလဲ... Sunghoon ကပဲ နည်းပြကြီးရဲ့ စေတနာကို နားလည်ပေးလိုက်ပါနော် "

" ကိုယ့်ဘဝမှာလေ ပထမဆုံး ဖေဖေ ပြီးတော့ မေမေ နောက်ပြီး သွေးသားရင်းချာမို့ စောင့်ရှောက်ချင်လှပါချည်ရဲ့ ဆိုတဲ့ ဦးလေး... အားလုံး အားလုံးပဲ ကိုယ့်ကို ငယ်ငယ်ထဲက စွန့်ခွာသွားခဲ့ကြတာ အဆောရဲ့... ပြန်မလာနိုင်တော့တဲ့ စွန့်ခွာခြင်းမျိုးနဲ့ စွန့်ခွာသွားတဲ့ လူရယ်... ပြန်မလာနိုင်တော့မယ့် လုပ်ရပ်တစ်ခုကို ကျူးလွန်ပြီးမှ စွန့်ခွာသွားတဲ့ လူရယ်... ကိုယ့်ကို ချစ်ပါတယ်ဆိုပြီး တစ်ယောက်ထဲ ထားခဲ့ကြတယ်... ကိုယ်ကလဲ ချစ်ပါတယ်ဆိုတာကို ကိုယ့်ဘေးနား ရှိမနေပေးကြဘူး.... နည်းပြကြီးက ကိုယ့်ဘေးနားရှိနေတဲ့ နောက်ဆုံးလူပါ အဆောရယ်... အဲ့လိုလူကို ကိုယ်ဘယ်လို စိတ်နဲ့ ထွက်သွားခွင့်ပေးရမလဲ.... သူပါ ကိုယ့်အနား မရှိတော့ရင် ကိုယ်တကယ် အထီးကျန် ဖြစ်ပြီ "

" Sunghoon ရယ်...အဲ့လိုတွေ မတွေးပါနဲ့လား... Sunghoon အနားမှာ Niki နဲ့ Jake လဲ ရှိသလို အခုဆို ကျွန်တော်ပါ ရှိနေပြီပဲ... Sunghoon ဘယ်တော့မှ အထီးမကျန်ပါဘူး "

ငေးမိငေးရာကို ငေးပြီး ခံစားချက်တွေကို ရင်ဖွင့်နေတဲ့ Sunghoon မှာ အဆော ဆီက ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် အဆော မျက်နှာကို လှည့်ကြည့်လိုက်မိသည်။ အဆောရဲ့ မျက်နှာနုနုလေးဟာတော့ ဘယ်လို အရိပ်အယောင်တွေမှ မရှိဘဲ ပကတိ အေးချမ်းလျှက်ပါပဲ။

" အဆော တကယ်ပြောတာလား... တကယ်ပဲ အဆောက ကိုယ့်ဘေးနား နေပေးနိုင်မှာမလို့လား "

" ကျွန်တော် နေပေးနိုင်သလောက် အချိန်အတိုင်းအတာထိပေါ့ Sunghoon ရဲ့ "

" အတိုင်းအတာ?? အတိုင်းအတာ ဆိုတာ ဘာကိုပြောတာလဲ ဟင် အဆော... "

" ကျွန်တော် Sunghoon နားလည်အောင် ဘယ်လိုပြောပြရမလဲ... ကျွန်တော့််ကို ကျွန်တော်လဲ တကယ် မသိတော့ပါဘူး Sunghoon ရယ်... ဒါပေမယ့်လဲ တစ်နေ့ Sunghoon နားလည်လာမှာပါ ... ခုတော့ မျက်ရည်တွေ သုတ်လိုက်ပါအုံး... "

Sunoo အိတ်ကပ်ထဲက Sunghoon ပေးထားတဲ့ ပုဝါလေးကိုထုတ်ကာ မျက်ရည်တွေနဲ့ Sunghoon ဆီသို့ ကမ်းပေးလိုက်သည်။

ပုဝါဆီကို အကြည့်ရောက်လာတဲ့ Sunghoon မှာ မျက်ရည်တွေကြားက ပြုံးလိုက်ရင်းနဲ့...

" အဟင်း... ခုတော့ ဒီပုဝါလေးက ကိုယ့်အတွက် ပြန်ဖြစ်သွားပြီပေါ့ "

ပုဝါလေးကို လှမ်းယူလိုက်တဲ့ Sunghoon က Sunoo ထင်သလို မျက်ရည်တွေကို မသုတ်။ အဲ့ဒီအစား ပုဝါလေးကို ဖြန့်လိုက်ကာ ထောင့်နားလေးက ချည်ထိုးထားတဲ့ ပုံလေးကိုသာ လက်မလေးနဲ့ ဖွဖွပွတ်သပ်နေလေသည်။

အဲ့ပုံစံအတိုင်းလေးပဲ ငြိမ်သက်နေတဲ့ Sunghoon ကြောင့် Sunoo လဲ အလိုက်တသိ ငြိမ်နေပေးကာ မျက်ရည်တွေနဲ့ ပုဝါလေးကို ကြည့်ရင်း ငိုင်နေတဲ့ Sunghoon ကိုသာ မျက်တောင်မခတ် ငေးနေမိသည်။

ပျော်ပျော်နေတတ်တယ်လို့ ထင်ရတဲ့ Sunghoon မှာလဲ ခုလို မျက်ရည်ကျရတဲ့ အခိုက်အတန့်တွေက ရှိနေသေးတာပါလား....

ဘယ်သောအခါဖြစ်ဖြစ် ကိုယ့်အဖြစ်ကသာ ပိုဆိုးတယ်လို့ ထင်နေကြပြီး ကိုယ်သာ ဇာတ်နာနေတတ်ကြတဲ့ လူ့လောကကြီးထဲမှာ ကိုယ့်ထပ် ပိုဆိုးတဲ့ အဖြစ်အပျက်တွေနဲ့ ရှင်သန်နေကြရတဲ့ လူတွေဟာလဲ တစ်ပုံကြီးဆိုတာ Sunoo လက်ခံလိုက်ရတော့တယ်။

အတန်ကြာ ငြိမ်သက်နေပြီးမှ Sunghoon က ပုဝါလေးကို အကြည့်မပျက်ဘဲ Sunoo ကို စကားပြောလာတယ်...

" အဆော သိလား... ဒီပုဝါလေးက ကိုယ့်အတွက် ကိုယ့်မေမေ ချည်ထိုးပေးထားတဲ့ နောက်ဆုံး လက်ဆောင်လေးလေ "

" ဟင် !! "

Sunoo မအံ့သြဘူးဆို လိမ်ရာကျမှာပေါ့...

ဒီလိုမျိုး ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်တော့တဲ့ တန်ဖိုးထားအပ်တဲ့ ပစ္စည်းလေးကိုလေ...

ဘယ်သူဘယ်ဝါမှန်းတောင် မသိခဲ့တဲ့ လမ်းဘေးမှာ ထိုင်ငိုနေတဲ့ သူ့လိုလူကို အနှမြောမရှိ ပေးပစ်ခဲ့လို့။

ပြီးနောက် Sunghoon က ပုဝါထောင့်လေးမှာ ငှက်ရုပ်လေးလို ပုံစံမျိုးလေး ချည်နဲ့ ပုံထွင်းထားတဲ့ နေရာလေးကို ပြကာ ဆက်ပြောလာတာက

" ဒီပုံလေးကို သေချာကြည့် အဆော... အဆော မျက်လုံးထဲ ဘာပုံလို့ မြင်လဲ "

ဘယ်လိုကြည့်ကြည့် Sunoo မျက်လုံးထဲမှာတော့ ငှက်ကလေးတစ်ကောင် ပျံဝဲနေတဲ့ ပုံစံလေးပဲ။ ဒါကြောင့်

" ဒါ ငှက်လေးတစ်ကောင် ပျံသန်းနေတဲ့ ပုံ မလား ဟင် "

" အဟင်း... အဆော မျက်လုံးထဲ အဲ့လိုပဲ မြင်တာလား... တကယ်တမ်းက အဲ့ဒါ ငှက်မဟုတ်ဘူး အဆောရဲ့... ရေခဲပြင်ပေါ် Skate စီးရင်း ပျံဝဲနေတဲ့ ပုံလေး လေ... ဒီ SH ဆိုတာလေးကတော့ ကိုယ့်နာမည်အတိုကောက်ပေါ့... Sunghoon ဆိုတဲ့ ကိုယ်ဟာ ရေခဲပြင်တွေပေါ်မှာ ငှက်လေးတစ်ကောင်လို ပျံဝဲနေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေမေ ထိုးပေးထားခဲ့တာ... ဒါလေးက နောက်ဆုံးတစ်ခုပဲ အဆော "

" ဪ..."

( ဒါမျိုးပုံလေးကို လက်ကိုင်ပုဝါလေးပေါ် ချည်ထိုးထားတော့ ငှက်လေးပျံနေတာနဲ့ တူနေတယ် ဆိုတဲ့ သဘောမျိုးလေးပါ )

Sunoo အံ့သြလို့မှ မဆုံးသေး... ထပ်ပြောလာခဲ့တဲ့ စကားတွေကြောင့် ထပ်ပြီး ဆွံ့အရပြန််တယ်။

" မေမေ ဒီပုဝါလေးကို ပေးခဲ့တဲ့ ရည်ရွယ်ချက်က မျက်ရည်တွေ သုတ်ဖို့ မဟုတ်ခဲ့ဘူး အဆောရဲ့... ရေခဲပြင်ပေါ် စိတ်ရှိလက်ရှိ ကခုန်ပြီးတဲ့ အခါမှာ ကျလာတဲ့ ချွေးစက်တွေကို သုတ်ဖို့အတွက် တဲ့လေ "

ကြားလိုက်ရတဲ့ စကားတွေကြောင့် Sunoo မှာ အံ့သြစိတ်လေးကနေ အားနာမိတဲ့ စိတ်တွေ ထပ်တိုး ဝင်ရောက်လာပြန်ပါရော....

အဲ့လို ရည်ရွယ်ချက်တစ်ခုရှိနေခဲ့ပြီး တန်ဖိုးရှိလှတဲ့ ပုဝါလှလှလေးကို သူ့မျက်ရည်တွေ စွန်းပေးစေခဲ့မိလို့။

" Sunghoon ရယ်... ဒါနဲ့များ ကျွန်တော့်ကို ဘာလို့ ~"

" မေမေက ထပ်ပြောသေးတယ် အဆောရဲ့... ဒီပုဝါလေးက မျက်ရည်တွေကို သုတ်ဖို့ မဟုတ်ပေမယ့် သားကိုယ်တိုင် မျက်ရည်တွေကို သုတ်ပေးချင်တဲ့ တစ်စုံတစ်ယောက်များ ပေါ်လာခဲ့ရင်တော့ မေမေက သုတ်ဖို့ ခွင့်ပြုပေးမယ် တဲ့ "

" ဟို...."

" အဟင်း... သိလား အဆော.. ကိုယ်လေ အဆောဟာ ဘယ်ကလဲ ဘယ်သူလဲဆိုတာ မသိခဲ့ဘဲနဲ့တောင် ခုံတန်းလေးပေါ် ထိုင်ငိုနေတဲ့ ငွေရောင်ဆံပင်လေးတွေနဲ့ဖြူလွလွ ကောင်ငယ်လေးကို မျက်ရည်တွေ မကျစေချင်တဲ့ စိတ်နဲ့ ဒီပုဝါလေးကို လိုလိုချင်ချင် ထုတ်ပေးခဲ့မိတာ... သေချာတယ် အဲ့ဒီ ခံစားချက်က ခုချိန်ပြန်စဉ်းစားလဲ အဆောကို မျက်ရည်တွေ မကျစေချင်ခဲ့ဘူး "

" ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး Sunghoon ရယ်... "

" အဆော ကိုယ့်ကို တစ်ခု ကူညီပေးနိုင်မလား ဟင် "

" ဟုတ် ကျွန်တော် ဘာလုပ်ပေးရမလဲ... "

" မေမေ မျက်ရည်တွေ မစွန်းထင်းစေချင်ခဲ့တဲ့ ဒီပုဝါလေးပေါ် ကိုယ့်မျက်ရည်တွေ မစွန်းပေရအောင် အဆော လက်နဲ့ ကိုယ့်မျက်ရည်တွေကို သုတ်ပေးနိုင်မလား ဟင်... ကိုယ် အကူအညီတောင်းတာပါ "

Sunoo မျက်နှာလေးကို စူးစူးနင့်နင့် စိုက်ကြည့်ကာ တိုးတိုးငြင်သာ ပြောလာတဲ့ Sunghoon စကားသံ အပ်ရှရှလေးကြောင့် ငြင်းဆန်လိုက်ဖို့ မစွမ်းသာခဲ့ပါဘူး။

ဒါ့ကြောင့်ပဲ Sunoo မှာ မျက်ရည်တို့စိုရွှဲနေတဲ့ Sunghoon မျက်နှာချောချောလေးဆီ လက်လှမ်းလိုက်ပြီး

" ဟုတ်ကဲ့ ကျွန်တော် ကူညီနိုင်ပါတယ် Sunghoon ရယ်... ကျွန်တော်လဲ Sunghoon ကို မျက်ရည်တွေ မကျစေချင်ဘူး... မျက်ရည်တွေနဲ့ မမြင်ချင်ပါဘူး "

Sunghoon မျက်နှာပေါ်က မခြောက်တခြောက် မျက်ရည်တွေကို Sunoo ငြင်ငြင်သာသာ သုတ်ပေးလိုက်မိသည်။

အဲ့ဒီ့ အချိန်တုန်းကတော့ မျက်ရည်တွေသုတ်ပေးနေမိတဲ့ Sunoo ရဲ့ ရင်ထဲမှာ အဖြူရောင် သံယောဇဉ်တွေသာ ရှိခဲ့တာပါ...

ပါးပြင်ပေါ်က မျက်ရည်တွေကို ပြောင်စင်အောင် သုတ်ပေးလိုက်ပြီးမှ

" Sunghoonie ... ကျွန်တော်တို့လေ .. ဘယ်လို အခက်အခဲတွေပဲ တွေ့တွေ့ ဘယ်လို အတားအဆီးတွေပဲ ရှိရှိ စိတ်မပျက် အားမလျှော့ဘဲ ရှေ့ဆက် ခြေလှမ်းကြရအောင်နော်... တစ်နေ့မဟုတ် တစ်နေ့ တော့ ကျွန်တော်တိို့ အတွက် စောင့်ကြိုနေတဲ့ အောင်မြင်မှု ပန်းတိုင်တစ်ခုနဲ့ တွေ့ဆုံရမှာပါ... အဓိကက လမ်းတစ်ဝက်နဲ့ လှည့်ပြန်မသွားဖို့ဘဲ "

" ဘယ်လို လုပ်ရမလဲ အဆောရယ်... ကိုယ့်အိပ်မက်တွေက ဝေဝါးနေပြီး ကိုယ် ပန်းတိုင်ဆီ သွားမယ့် လမ်းကြောင်းတွေက ယိမ်းယိုင်နေပြီ "

" ဟင့်အင် အဲ့လိုကြီးမပြောပါနဲ့... Sunghoon ကျွန်တော့်ကို ကတိတစ်ခုပေး "

ပြောပြောဆိုဆို မျက်ရည်သုတ်ပေးနေတဲ့ လက်လေးတစ်ဖက်က Sunghoon မျက်နှာပေါ်မှ ဖယ်ခွာသွားကာ ကလေးတွေ အချင်းချင်း ကတိပြုရင် လုပ်သလိုမျိုးလေး လက်သန်းလေးကို ထောင်ပြလာသည်။

Sunghoon ပါးပြင်ပေါ်က အဆော ရဲ့ လက်ဖဝါးနုနုလေး ဖယ်ခွာသွားတော့ Sunghoon ရင်ထဲ တစ်ခုခု လစ်ဟာ သွားသလိုပါပဲ။

" ဘာများလဲ အဆော... ကိုယ်က ဘာကတိပေးရမှာလဲ "

" Sunghoon အိပ်မက်တွေဆီ အရောက်သွားဖို့ ဘယ်တော့မှ လက်မလျှော့ပါဘူးဆိုတဲ့ ကတိ "

" အဆော ရယ်.... ခု ကိုယ့်အခြေအနေကို အဆောလဲ တွေ့နေရသားနဲ့... ကိုယ် ဘယ်လို အင်အားနဲ့ ရှေ့ဆက် လျှောက်ရမလဲ... "

အဆော ပြောလာမယ့်စကားကို နားစွင့်ရင်း အဆော မျက်နှာလေးကို ငေးကြည့်နေမိရာမှ အဆော တောင်းတဲ့ ကတိက ပေးဖို့ မသေချာတော့တဲ့ အခြေအနေတစ်ခုမှာ ရောက်နေတာမို့ Sunghoon ကတိပေးဖို့ ခက်ခဲလှပါသည်။

ဒါကိုပဲ လိုချင်တဲ့ ကတိ မရလို့ နှုတ်ခမ်းလေးစူကာ လက်သန်းလေးကို ပြန်ရုတ်သိမ်းသွားတဲ့ အဆောပုံစံလေးက ကလေးလေးတစ်ယောက်လို။

ဒါကြောင့် Sunghoon အကြည့်တို့ မလွှဲနိုင်ခဲ့။

အတူတူရှိနေရတဲ့ အချိန်လေးတွေ ပိုပိုများလာလေ ကိုယ့်မေတ္တာတွေ ပိုတိုးလာလေပါလား အဆော ရယ်...

" အဲ့ Sunghoon ကြီးကလေ... လူကြည့်တော့ လွယ်လွယ် လက်မလျှော့တတ်တဲ့ ပုံစံကြီးနဲ့ "

နှုတ်လေးစူကာ အပြစ်တင်သလို ပုံစံလေးနဲ့ မျက်ဆန်ညိုညိုလေးတွေ ထောင့်ကပ်ကာ ပြောနေတဲ့ အဆောကြောင့် Sunghoon စိတ်ညစ်နေတဲ့ကြားက ပြုံးလိုက်မိပြန်ပါရော...

တတ်လဲတတ်နိုင်တဲ့ အဆောပါပဲကွယ်....

" မဟုတ်ဘူးလေ အဆောရယ်... ကိုယ်က လက်လျှော့မယ် ပြောနေတာမှမဟုတ်တာ... အဆောကို ကတိပေးပြီးမှ ဖြစ်မလာခဲ့ရင် ကိုယ် ကတိမတည်ရာ ကျမှာစိုးလို့ပါ "

" အာ... မရဘူး Sunghoon... ကတိပေး... အဲ့ရွှေတံဆိပ်ကို ရအောင် ယူပါ့မယ်လို့ "

" ဒါဆို အဆောလဲ ကိုယ့်ကို ကတိတစ်ခုပေး "

" အင်... ကျွန်တော်က ?? ဘာကိုလဲ..."

" ကိုယ့်အိပ်မက်တွေကို ရှေ့ဆက်နိုင်ဖို့ ကိုယ့်ဘေးမှာ အားအင်တစ်ခုအနေနဲ့ ရှိနေပေးပါ့မယ် လို့ ပေါ့ "

" ကျွန်တော်က... "

သူ့ကိုသူ လက်ညှိုးလေး ပြန်ထိုးပြကာ အံ့သြသလိုလေး ပြန်မေးလာတဲ့ အဆောကြောင့်

" အင်းပေါ့ အဆောကပေါ့.... ဘယ်လိုလဲ အဲ့ကတိ ပေးနိုင်မလား... အဆောသာ အဲ့ကတိ ပေးရင် ကိုယ်လဲ ဘယ်လိုအခက်အခဲရှိရှိ အားအင်အပြည့်နဲ့ ရှေ့ဆက်မယ် "

မျက်ခုံးတစ်ဖက် ပင့်ပြလိုက်ကာ စိန်ခေါ်တဲ့ သဘောနဲ့ ပြောလိုက်တဲ့ Sunghoon ကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေတဲ့ Sunoo...

ပြီးမှ မျက်တောင်ရှည်လေးတွေကို ပုတ်ခက်ပုတ်ခက်လုပ်ကာ Sunghoon ဆီကြည့်နေတဲ့ အကြည့်တွေကို လွှဲသွားပြီးမှ

" ဟုတ်... ဟုတ်... ရတယ်လေ.. ပေးတယ်.. ကျွန်တော် အဲ့ကတိပေးတယ်... ကျွန်တော် Sunghoon နားမှာ အားအင်တစ်ခုအဖြစ် ရှိနေပေးမယ်..."

" တကယ်နော်... အဆော တကယ်ပြောတာနော်... ပြီးမှ ကိုယ့်အနားက ထွက်မသွားရဘူးနော် "

" တကယ်ပါ... ကျွန်တော် တကယ်ပြောတာပါ... ဒါပေမယ့်လေ... ဟို.. အဲ့လို ရှိနေပေးတယ်ဆိုတာကလဲ အချိန်တစ်ခုအထိပဲနော် "

" ဟာ... ဘာလို့လဲ ဘာလို့ အချိန်တစ်ခုထိပဲလဲ "

" အဲ့ဒါ... အဲ့ဒါ နောက်မှ ပြောပြမယ်.. ခုတော့ Sunghoon ကျွန်တော့်ကို ပေးထားတဲ့ ကတိအတိုင်း ရှေ့ဆက်ရမယ်နော် "

" ဟူးးး အင်းပါ အဆောရယ်.... ကိုယ် ကတိတည်ပါ့မယ်..."

" ဟင် ပြောတဲ့လေသံကြီးကလဲ အားမပါလိုက်တာ "

ထိုင်ခုံနောက်မှီပေါ် ခန္ဓာကိုယ်ကို ပစ်မှီချလိုက်ကာ သက်ပြင်းတစ်ချက်နဲ့ ပြောလိုက်တဲ့ Sunghoon ကြောင့် အဆောဟာ မျက်မှောင်လေးကျုံ့ပြီး အလိုမကျဖြစ်နေပြန်ပါသည်။

" အားက ဘယ်ပါတော့မလဲ...အဆောက ကိုယ့်ဘေးနား အချိန်တစ်ခုပဲ နေမယ် ပြောတာကိုးး"

" ဟော်... ဟုတ်တယ်လေ တစ်သက်လုံးတော့ ဘယ်နေလို့ဖြစ်မလဲ... Sunghoon လဲ Sunghoon ဘဝအတွက် ရှေ့ဆက်ရမှာတွေ ရှိသလို ကျွန်တော်လဲ ကျွန်တော် တာဝန်ယူရမယ့်အရာတွေ ရှိသေးတာကို "

" အဲ့ဒါနဲ့ပဲ ကိုယ့်ဘေးနားက ထွက်သွားမယ်ပေါ့..."

" အင်း ပေါ့ "

" ဘယ်လိုလုပ်မလဲ ကိုယ်ကတော့ ကိုယ့်ဘေးနားမှာ အဆောကို တစ်သက်လုံး ရှိစေချင်နေတယ် "

သူရှိရာဘက်ကို ခန္ဓာကိုယ်လေး စောင်းကာ စကားပြောနေတဲ့ အဆောကို ဆိုဖာနောက်မှီပေါ် ခေါင်းမှီတင်ထားရင်းမှ ဆံပင်တွေကို လက်နှစ်ဖက်နဲ့ သပ်တင်လိုက်ပြီး မျက်လုံးတွေကို မှေးစင်းကာ ရီဝေဝေအကြည့်တွေနဲ့ ပြောနေတဲ့ Sunghoon ရဲ့ စကားတွေက ဘာလိုလို...

ရုတ်တရက် မျက်လုံးတွေ မှေးစင်းကာ ခပ်စိုက်စိုက်ကြည့်လာပြီး ပြောလာတဲ့ စကားတွေကြောင့် Sunoo မနေတတ်ဖြစ်ကာ လည်ချောင်းတွေတောင် ခြောက်လာသလိုကြီး။

အရွယ်မရောက်ခင်ကတည်းက ခုအချိန်ထိ ဘေးတစိမ်းတစ်ယောက်နဲ့ နီးနီးကပ်ကပ် နေခဲ့ဖူးတာဆိုလို့ Jay တစ်ယောက်သာ ရှိတာမလား...

ခုတော့ အနေအထားက နှစ်ယောက်နီးကပ်စွာ ထိုင်နေကြပြီး စိုက်ကြည့်ခံနေရကာ ဘာအဓိပ္ပါယ် မှန်းမသိတဲ့ စကားတွေ ပြောလာတော့ Sunoo ရင်ထဲ တဒိတ်ဒိတ်နဲ့။

ရင်ခုန်သွားတာလား ရင်တုန်သွားတာလား တောင် ဝေခွဲမတတ်တဲ့ Sunoo ရယ်ပါ...

စောစောကထိ နှစ်သိမ့်ရင်း အားပေးရင်းနဲ့ ဘာကိုမှ သတိမထားမိပေမယ့် အခု သေချာကြည့်တော့မှ ခြေထောက်တွေကို ကားထိုင်နေပြီး လက်နှစ်ဖက်က ဆိုဖာပေါ်မှီထားတဲ့ ခေါင်းနောက်မှာ ဖြန့်ကားကာ တင်ထားတဲ့ Sunghoon နဲ့ Sunghoon ဘက်ကို ခန္ဓာကိုယ်တစ်ခြမ်းလုံး လှည့်ထိုင်ထားတဲ့ Sunoo က ခြေထောက်တွေချင်း ထိစပ်နေသလို ဆိုဖာနောက်မှီပေါ် ဖြန့်တင်ထားတဲ့ Sunghoon လက်တွေကြောင့် Sunoo ခမျာ Sunghoon ရင်ခွင်ထဲပဲ ရောက်နေသလိုလို။

ဒီအခြေအနေကြီးနဲ့ နေရခက်လာတဲ့ Sunoo က ခန္ဓာကိုယ်လေးကို နောက်ဆုတ်ထိုင်လိုက်ပြီးမှ

" ဟို...ကျွန်တော်လဲ Sunghoon နဲ့ လိုက်လာတာ ကြာနေပြီ ဆိုတော့လေ ပြန်တော့မယ်နော်... Sunghoon ရော တစ်ခါတည်း လိုက်ခဲ့မလား "

" ဒါဆိုလဲ အဆော ပြန်လိုက်တော့လေနော်... ကိုယ် ခဏလောက် နေခဲ့အုံးမယ် "

" အတူတူ ပြန်ကြရအောင်လေ Sunghoon ရယ်... လမ်းလဲ ကြုံနေတာပဲ ''

" ကိုယ် တစ်ယောက်ထဲ အေးအေးဆေးဆေး စဉ်းစားစရာလေး ရှိနေသေးလို့ပါ အဆော... အဆော ပြန်နှင့်နော် "

" ကျွန်တော် Sunghoon ကို တစ်ယောက်ထဲ စိတ်မချဘူး "

" စိတ်ချပါ အဆောရဲ့ ကိုယ် ဘာမှ မဖြစ်ဘူး... စဉ်းစားစရာလေး နည်းနည်းရှိနေလို့... ခေါင်းအေးအေးထားပြီး စဉ်းစားချင်လို့ "

" ဒါဆိုလဲ ကျွန်တော် ပြန်တော့မယ်... Sunghoon ကျွန်တော့်ကို ပေးထားတဲ့ ကတိ မမေ့နဲ့နော် "

" ကိုယ် မမေ့ဘူး စိတ်ချ... အဆောသာ ကိုယ့်ကတိကို တည်ပါစေ "

မှီထိုင်နေရာမှ ရုတ်တရက် ခန္ဓာကိုယ်ကို မတ် လိုက်ပြီး Sunoo မျက်နှာနားထိ ငုံ့ကိုင်းကာ တိုးကပ်လာတဲ့ Sunghoon ကြောင့် Sunoo ခန္ဓာကိုယ်လေး နောက်သို့ တွန့်သွားရသည်။

ပြီးမှ Sunghoon မျက်နှာချောချောကို မရဲတရဲလေး ပြန်ကြည့်လိုက်ကာ ခေါင်းလေး ညိမ့်ပြလိုက်ပြီး

" ဟုတ် တည်ပေးပါ့မယ်... "

" အဟွန်း... အဆောက လိမ်မာတယ် "

ငုံ့ကိုင်းကြည့်နေရုံတင်မဟုတ် Sunoo နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်ပျော့ပျော့လေးတွေကိုပါ သပ်တင်ပေးလာတဲ့ Sunghoon ရဲ့ အပြုအမူကြောင့် Sunoo ရဲ့ မျက်နှာလေးဟာ ငုံ့ပြီးရင်းသာ ငုံ့ကျသွားရတော့သည်။

" ဟို...နေ နေ ခဲ့မယ်ဆို ကျွန်တော် ပြန်ပြီနော်...Sung Sunghoon shi "

စကားတွေ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောပြီး တန်း ထွက်သွားတဲ့ အဆော ပုံစံလေးက သရဲတွေ့သလို ကြောက်ကြောက် ရွံ့ရွံ့ တုန်တုန် လှုပ်လှုပ်နဲ့။

ဒီလောက်လေးနဲ့ တုန်လှုပ်မနေနဲ့အုံးလေ အဆောရယ်... ကိုယ်တို့ ဒီထပ်ပိုပြီး ရှေ့ဆက်စရာတွေ လာအုံးမှာက အများကြီးပဲ။

ဘာပဲဖြစ်ဖြစ် ခုလို စိတ်ညစ်ပြီး ပြိုလဲနေတဲ့အချိန် အနားမှာ အဆော ရှိနေခြင်းက ခံစားရတာတွေ တစ်ဝက်တော့ သက်သာစေပါသည်။

ဘေးလူတွေရှေ့ လွယ်လွယ်နဲ့ မျက်ရည်ကျမပြတတ်တဲ့ သူလိုလူက အဆော ရှေ့မှာတော့ ဖုံးကွယ်လိုစိတ်မရှိ မျက်ရည်တွေ စိတ်လွတ်လက်လွတ် ကျနိုင်တာဟာလဲ အဆောပေါ်မှာ သူထားတဲ့ မေတ္တာ အတိမ်အနက်က နက်ရှိုင်းလွန်းလို့ ဖြစ်မှာပါ....

ထွက်ခွာသွားပြီဖြစ်တဲ့ အဖြူရောင် ကျောပြင်ငယ်လေးကို မျက်စိတစ်ဆုံး လိုက်ငေးရင်း....

************************************

Love you all my Vitamins 💙

San Htarni 💙

26.2.2023

Comment