~ 16 ~

~ 16 ~

ပထမဆုံး ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကို ထုတ်ဖော်ဖွင့်ဟလိုက်မိလို့ အငြင်းခံလိုက်ရတဲ့အပြင် သူငယ်ချင်းအဖြစ်ကနေတောင် ရှိနေပေးဖို့ မသေချာတော့တဲ့ အခြေအနေနဲ့ တွေ့ကြုံခဲ့ရတဲ့ Sunghoon ဘက် မှာရော ငြိမ်သက်အေးဆေးနေလိမ့်မယ်လို့ ထင်ပါသလား...

ထိုးနှက်ချက်ပေါင်းစုံနဲ့ သူ့မှာလဲ အလဲလဲ အပြိုပြိုပါပဲ...

အဆော အိမ်ရှေ့က အပြန် ဦးတည်ရာမရှိ ကားလျှောက်မောင်းနေခဲ့ပြီး ညနေစောင်းမှ အခန်းကို ပြန်ရောက်ခဲ့တဲ့ Sunghoon...

ခရီးရောက်မဆိုက် ဆီးကြိုနေခဲ့တဲ့ သတင်းစကားတစ်ခုက သူ့အတွက်တော့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။

အခန်း Password ကိုနှိပ်၍ အထဲကိုဝင်လိုက်တော့ ဧည့်ခန်းထဲမှာ Jake နဲ့ Niki. က သူအလာကို စောင့်နေကြလေသည်။ နှစ်ယောက်လုံး မျက်နှာတွေကတော့ မကောင်းကြ။

" မင်းတို့ ရောက်နေကြတာလား "

အားအင်တွေ ကုန်ဆုံးသွားသလိုမျိုး ချည့်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လှမ်းဝင်လာတဲ့ သူ့ကို နှစ်ယောက်လုံး အကဲခတ်နေကြတာကို သိပေမယ့် အသိအမှတ်ပြုတယ်ဆိုရုံ နှုတ်ဆက်ခဲ့ပြီး အိပ်ခန်းထဲသို့ ဝင်လာလိုက်သည်။

ကုတင်နားကိုအရောက် အပေါ်ထပ်ကုတ်ကို ချွတ်မယ်ဆိုပြီး လက်လှမ်းလိုက်မှ အင်္ကျီပါမလာတာကို သတိကရသည်။

အဆောဆီမှာ ကျန်နေခဲ့တာပဲ...

အဆောဆီ စိတ်ရောက်သွားတော့ အဆော ပြောလိုက်တဲ့ စကားတွေက နားထဲပြန်ကြားယောင်လာပြန်သည်။

ထိုအခါ အသက်ရှူရခက်လောက်အောင် လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်တွေကြောင့် ကိုယ်ပေါ်က အင်္ကျီကို ဖြစ်သလို ဆွဲချွတ်ပစ်လိုက်ကာ ကုတင်ပေါ်သို့ ပစ်ပေါက်လွှင့်ပစ်လိုက်သည်။

ချီးပဲကွာ.... ငါ့ အလှည့်ကျမှ အချစ်က ဘာလို့ အဲ့လောက်ကံဆိုးနေရတာလဲ...

တစ်ယောက်ထဲ ကြိမ်ဆဲရင်း ကုတင်ပေါ်သို့ ခေါင်းငိုက်စိုက်နဲ့ ပစ်ထိုင်ချလိုက်ကာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ပစ်လိုက်မိသည်။

ဒီအပြုအမူကို သူ့နောက်က လိုက်ဝင်လာတဲ့ Niki နဲ့ Jake ကမြင်သွားပြီး

" မင်း ဘာဖြစ်လာတာလဲ သားကြီး "

" ငါ့စိတ်တွေ အဆင်မပြေဘူး ကွာ..."

စကားတစ်ခွန်း ထွက်လာဖို့ မနည်းအားတင်းပြီး ပြောလိုက်ရပေမယ့် အဖျားသံတို့ဟာ တုန်ယင်လှုပ်ခတ်လို့။

" သားကြီး ! "

နှစ်ယောက်လုံး စိုးရိမ်နေကြတာကို သူသိတယ်။ ဒါပေမယ့် ရင်ဘတ်တစ်ခုလုံး ဆို့နင့်နေပြီး လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ်နေမှုကြောင့် သူ စကားမဆက်နိုင်သေး။

စကားပြောလိုက်တဲ့အချိန် ငိုသံတို့ စွက်မလာဖို့ အားယူကာ အသက်ဝဝရှူလိုက်ပြီးမှ

" အဆောက ငါ့ကို ပြောတယ်... သူ့ကိုတကယ်ချစ်ရင် ဘယ်တော့မှ ချစ်တယ်လို့ မပြောပါနဲ့ တဲ့..."

" ဟင်... ဘယ်လိုကြီးလဲ "

" မင်း ဖွင့်ပြောခဲ့ပြီပေါ့ "

Jake နဲ့ Niki ဆီမှ တပြိုင်ထဲ ထွက်လာတဲ့ အမေးစကားအဆုံးမှာ သူ မချိပြုံးလေးတစ်ခုကို မျက်နှာထက်မှာ ပန်ဆင်လိုက်ရင်း

" ဟုတ်တယ်.. ငါ ဒီနေ့ပဲ ဖွင့်ပြောခဲ့တယ်... အဟက်! ရင်နာစရာကောင်းတာက ဖွင့်ပြောပြောချင်းပဲ အငြင်းခံလိုက်ရတာပဲ ... "

" ဘာလို့တဲ့လဲ... စဉ်းတောင် မစဉ်းစားဘဲ တန်းငြင်းရတဲ့ အကြောင်းအရင်းက ဘာတဲ့လဲ သားကြီး... ငါတို့က မင်း ဖွင့်ပြောလိုက်ရင် အဆင်ပြေကြမယ် ထင်ထားတာလေ... သူ မင်းအပေါ် သံယောဇဉ်ရှိတဲ့ ပုံပါပဲ "

" အဟင်း... ငါလဲ အဲ့လို ထင်ခဲ့တာပဲ... အဆော ငါ့အပေါ် မချစ်နိုင်ရင်တောင် နည်းနည်းလောက်တော့ သံယောဇဉ်ရှိနေမယ် ထင်ထားခဲ့တာ... ဘယ်ထင်ထားပါ့မလဲကွာ... အဲ့လောက်ထိ ပြတ်သားနိုင်ပြီး အသည်းမာလိမ့်မယ်လို့ "

" သူက ဘာပြောလိုက်လို့လဲ... မင်းပုံစံ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်နော် သားကြီး "

Jake အမေးမှာ Sunghoon သူနဲ့ အဆော ပြောဖြစ်ခဲ့တာတွေကို တလုံးမကျန် ပြန်ပြောပြလိုက်သည်။ ဒီစကားတွေကြားတော့ Niki က တွေးတွေးဆဆနဲ့ ပြောလာသည်။

" သူပြောတဲ့စကားကို သေချာ စဉ်းစားကြည့်ရင် တမျိုးဖြစ်နေတယ် မထင်ဘူးလား "

" ဖြစ်တာပေါ့... အဆော ပြောတဲ့စကားတွေထဲမှာ တွေးစရာတွေမှ အများကြီး... မေးတာပေါ့ အကြောင်းအရင်းက ဘာလဲလို့... သူ ဘာပြန်ပြောတယ်ထင်လဲ "

" .... "

" ငါ သိဖို့မလိုဘူးတဲ့... ငါ သိဖို့မလိုဘူးတဲ့လေ... ဒီလိုနဲ့ပဲ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ခဲ့ကြတယ်... ကျောခိုင်းခဲ့ကြတယ်... ဒီဇာတ်လမ်းကြီးက ရှေ့ဆက်စရာ မရှိတော့ဘူး ထင်ပါတယ် သားကြီးတို့ရာ "

စိတ်ပျက်အားလျော့နေတဲ့ပုံစံနဲ့ သူ့ကိုကြည့်ပြီး Niki က

" တစ်ကြိမ်တစ်ခါလေး ဖွင့်ပြောပြီး အငြင်းခံရလို့ ဆိုပြီး နောက်ဆုတ်လို့ ဖြစ်မလားကွ... ဘယ်သူကရော တစ်ခါတည်းနဲ့ ကျွန်တော််လဲ ချစ်နေပါတယ်ဗျာ လို့ တန်းဖြေမလဲ...စိတ်ဓာတ်မကျနဲ့ ငါ့ ကောင်... ဆက်ကြိုးစား "

" အေးလေ... အဲ့လိုကြီးလဲ တထစ်ချ မှတ်ယူမထားပါနဲ့ ငါ့သူငယ်ချင်းရာ... မင်း အချစ်တွေ သူ့အပေါ် စစ်မှန်နေတာပဲ... တစ်နေ့ ပျော်ရွှင်ရမှာပါ.."

" ငါလဲ ဒီလိုပဲ ဖြစ်စေချင်ပါတယ်... "

စကားပြောနေရင်း အဝတ်ဗီရိုထဲမှ အင်္ကျီတစ်ထည်ကို ဆွဲထုတ်လာတဲ့ Niki က အင်္ကျီကို သူ့ဆီ လှမ်းပေးရင်း

" အအေးပတ်မယ် ငါ့ကောင်.... ရောက်ကတည်းက အင်္ကျီချွတ်နဲ့ ဝတ်ထားအုံး "

Sunghoon အင်္ကျီဝတ်နေချိန်မှာ Jake နဲ့ Niki တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး အချက်ပြနေကြတာကို Sunghoon မြင်သည်။

ထို့ကြောင့်ပဲ

" ငါ့ကို ဘာပြောစရာရှိနေလဲ.. မင်းတို့နှစ်ကောင် တစ်ခုခု ပြောစရာရှိနေကြတယ်မလား "

ထိုအခါမှ Jake က သက်ပြင်းတစ်ချက် ချလိုက်ပြီး

" အေး.. သားကြီးရာ.. မပြောလို့လဲ မပြီးဘူးဆိုတော့ ပြောတော့ ပြောရမှာပဲ..ဒီနေ့လို နေ့ရက်ကြီးမှာ ဒီစကားမျိုး မပြောချင်ပေမယ့်...."

ပြောလက်စ စကားကို ရပ်ကာ ဆံပင်ကိုသပ်တင်လိုက် နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက် လုပ်နေပြီး ဆက်မပြောတာကြောင့်

" ဘာလဲ Jake... ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ...ပြောမှာသာ ပြောစမ်းပါ "

" Company က ဖုန်းဆက်လာတယ်တဲ့ သားကြီး နည်းပြကြီး မင်းကိုဆက်သွယ်လို့မရလို့ ငါတို့နဲ့ ရှိနေလား လှမ်းမေးရင်းနဲ့မှ ဒီကိစ္စကို ငါတို့လဲ သိရတာ "

" အေးပါ...ဘာလဲဆိုတာပဲ ပြောပါ... အကောင်းမဟုတ်ဘူးဆိုတာတော့ ငါသိတယ်... ဒီ့ထပ် ဆိုးစရာလဲ မရှိတော့တာမို့ ငါ ဘာမှ မဖြစ်ဘူး... ပြောသာပြော "

" မင်းနဲ့ စာချုပ်ချုပ်ထားတာကို သူတို့ဘက်က ဖျက်သိမ်းလိုက်ပြီးတဲ့... သူတို့ရဲ့ စည်းကမ်းတွေကို မလိုက်နာလို့ ဆက်ပြီး လက်မတွဲနိုင်တော့ပါဘူး တဲ့ "

" အဟင်း... ဒီလိုပဲ ပြောမှာပေါ့... ဒါမှ သူတို့အပြစ်လွတ်မှာလေ... ပြီးတော့ရော... ဘာပြောသေးလဲ "

" ဟို...လျော်ကြေးကိစ္စ..."

" ဒါပေါ့..လျော်ရမှာပေါ့...ဒီလိုကောင်တွေက သူတို့ဘက်က ဘယ်အရှုံးခံမလဲ...ဟား ဟား တစ်ဖက်သတ် စာချုပ်ဖျက်... ပြီး သူတို့အမှားမရှိပါဘူးဆိုပြီး ကစားသမားတွေဘက်ကို လျော်ကြေးပေးခိုင်း... ဒီလိုပါပဲ တစ်ဖက်သတ်လောကကြီးက အားနည်းသူတွေကိုဆို ဖိဖိပြီး ထောင်းချင်နေကြတာ... ဒါတွေ ဒီလိုဖြစ်လာတာ မဆန်းပါဘူး ... ဟား ဟား ဟား ဟား "

မျက်လုံးထဲမှာ မျက်ရည်တို့ ဝေ့သီနေပေမယ့်လဲ ရယ်စရာ ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ Sunghoon ကိုကြည့်ပြီး ဘေးက သူငယ်ချင်းနှစ်ယောက်ဟာလဲ စိတ်မကောင်းကြ။

သူတို့သုံးယောက်ထဲမှာ Sunghoon ဟာ တစ်ကောင်ကြွက် တစ်မျက်နှာ အားအနည်းဆုံး လူမို့လို့ သူတို့က ကူညီဖေးမချင်ပေမယ့် မာနခဲ Park Sunghoon က သူ့ရှေ့မှာ သနားတယ်ဆိုတဲ့ အပြုအမူတောင် အပြမခံပါ။

ကြုံလာသမျှ အခက်အခဲကို ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းကာ သူ့ဘဝကိုသူ ရှေ့ဆက်နေသူ။

ဒီတစ်ခါ ထိုးနှက်ချက်ကတော့ဖြင့် ပြင်းထန်လွန်းပါသည်။

" သားကြီး တမျိုးတော့ မထင်နဲ့ကွာ... ငါ မင်းကို အရင်က ပြောဖူးတဲ့အတိုင်း ငါ့အဖေကို..."

" No No No Jake! မင်းကိုတော့ အားနာပါတယ်.. ဒါပေမယ့် ငါ ဒီလို အကူအညီမျိုး လက်မခံနိုင်ဘူး... ငါ့အရည်အချင်းကြောင့် ငါ့ကို ကမ်းလှမ်းတာ မဟုတ်ဘဲ သူငယ်ချင်းကို မှီခိုပြီးမှ ရလာမယ့် အခွင့်အရေးမျိုး ငါမလိုချင်ဘူး "

" မင်း... တကယ် ခေါင်းမာတာပဲ သားကြီးရာ..."

Jake ပြောဖူးပါသည်။ ယခုလက်ရှိ စာချုပ်ချုပ်ထားတဲ့ Company နဲ့ လက်မတွဲခင်က ငါ့အဖေကို ပြောပြီး မင်းလိုတာအကုန် ထောက်ပံ့ပေးခိုင်းမယ် လို့။ ဒါပေမယ့် Sunghoon က ဘယ်လိုမှ လက်မခံ။

ခုလဲ သူပြောမယ့်စကားကိုပဲ အဆုံးသတ်မခံ။ ဖြတ်ပြောကာ လက်မခံနိုင်ကြောင်း တန်းငြင်းနေလေသည်။ အဲ့တော့လဲ Jake မှာ လက်လျှော့ရုံကလွဲ...

" အေးပါကွာ... ဘာပဲဖြစ်ဖြစ် အဆိုးတွေပြီးရင်တော့ ကောင်းတာတွေလာဖို့ပဲ ရှိတော့တာပါ... သားကြီး ဘာမှ စိတ်ဓာတ်မကျနဲ့... မင်းနားမှာ ငါတို့ ရှိတယ် "

" အဟင်း..မင်းတို့နှစ်ယောက်ကလွဲပြီး ငါ့မှာ မရှိဘူးဘဲ... ဒီလိုအချိန်မှာ ငါ့ဘေးနား ရှိနေပေးကြလို့ ကျေးဇူးပါကွာ "

ဒီစကားတွေကြားရတော့ ကတိတွေပေးပြီးမှ အဝေးထွက်သွားဖို့ စကားတွေပဲပြောခဲ့တဲ့ အဖြူရောင်လေးကို ရင်ဘတ်ကြီးထဲ စူးအောင့်နေအောင် သတိရမိလိုက်သည်။

ထင်မှတ်မထားလောက်အောင် အသည်းမာနိုင်သူလေးက တစ်ကြိမ်တစ်ခါလေးတောင်မှ အခွင့်အရေးမပေး... ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ကျောခိုင်း နှုတ်ဆက်သွားခဲ့လေပြီ။

တစ်နေ့ထဲမှာတင် အဆိုးတွေ တမျိုးပြီး တမျိုး တွေ့ကြုံလိုက်ရတော့လဲ ဒီခန္ဓာကိုယ်ကြီးက ဘယ်ခံနိုင်ရည်ရှိပါတော့မလဲ။

ထို့ကြောင့် Sunghoon ကုတင်ပေါ် တက်ကာ ခွေခေါက်လှဲချလိုက်ပြီး အိပ်မယ်ကြံတော့ Niki က

" သားကြီး ဒီလို လှဲနေမယ့်အစား စိတ်ပြေလက်ပျောက် ဆိုင်ကို သွားရအောင်... နည်းပြကြီးက မင်း ဆိုင်ဘက်မလာတာလဲ ကြာပြီပြောတယ် "

Sunghoon ရဲ့ Cafe' bar လေးပါ။ နည်းပြကြီး ကိုယ်တိုင်ဦးစီးပြီး သူ အထက်တန်းတက်နေကတည်းက ဖွင့်ထားတဲ့ ဆိုင်လေး။

အရင်ကတော့ နည်းပြကြီးနဲ့အတူ လေ့ကျင့်ခန်းတွေဆင်း ပြီးရင် ဆိုင်လေးမှာ လုပ်စရာရှိတာ လုပ်။ တစ်ခါတစ်လေ Jake နဲ့ Niki ပါ ရောက်လာပြီး ရယ်သံတွေနဲ့ ပျော်စရာတွေ ပြည့်နှက်ခဲ့ပါတယ်။

ခုတော့ နည်းပြကြီးနဲ့ စကားများပြီး ကတည်းက သူ အဲ့ဘက်ကို မရောက်ဖြစ်။

ခု Niki က ဆိုင်သွားဖို့ ခေါ်နေခြင်းဖြစ်သည်။ ဒါပေမယ့်လဲ သူ ဘယ်ကိုမှ မသွားချင်တော့။ ခြေတစ်လှမ်း လှမ်းဖို့တောင် အင်အားကမရှိ။

" ငါ မလိုက်ချင်ဘူး Niki ရာ... နားချင်နေပြီ "

" ဆိုင်မသွားချင်လဲ ငါတို့ မြစ်ကမ်းဘေး Skate သွားစီးမယ်ကွာ ... ဒီလိုကြီး ခွေမနေနဲ့ "

" ငါ တကယ်ကို ပင်ပန်းနေလို့ သားကြီးရာ... ငါ တစ်ယောက်ထဲပဲ နေချင်တယ်"

" မင်း တစ်ယောက်ထဲနေမယ်ဆိုပြီး အိပ်ရာထဲ ခွေနေမလို့မလား... မရဘူးကွာ... ဒါ မင်းပုံစံမှ မဟုတ်တာ... မင်း ဘယ်တုန်းက အခုလို အားအင်ကုန်ခမ်းနေတဲ့ပုံနဲ့ နေဖူးလို့လဲ...သားကြီး ထ ကွာ.. စိတ်ပြေလက်ပျောက် သွားကြမယ် "

မရမက ဇွတ်ခေါ်နေတဲ့ Niki နဲ့ Jake ကို Sunghoon အသာ သာ ပြုံးပြလိုက်ပြီး

" ငါတစ်ယောက်ထဲ အေးအေးဆေးဆေး နေချင်တယ် သားကြီးတို့ရာ... မင်းတို့စေတနာကို နားလည်ပေမယ့် ငါ့ကို တစ်ယောက်ထဲ နေခွင့်ပြုပါ "

" ဟင်းးး အေးပါကွာ ဒါဆိုလဲ ငါတို့ ဧည့်ခန်းထဲမှာ ပဲ ရှိနေပေးမယ်လေ "

" ဟင့်အင်ရတယ် မင်းတို့ ပြန်လိုက်တော့ ငါတစ်ယောက်ထဲ နေချင်လို့ "

" ငါတို့ တိတ်တိတ်ပဲ နေပေးပါ့မယ်ကွာ... ဒီလို အချိန်မှာ မင်းကို တစ်ယောက်ထဲ ထားခဲ့ဖို့တော့.."

" ရပါတယ် သားကြီးတို့ရာ... ငါ ဒီလောက်နဲ့ ကိုယ့်ကိုကိုယ် သတ်မသေနိုင်သေးပါဘူး...ရတယ် လစ်လိုက်တော့ "

" ကဲ ပြောမရလဲ ငါတို့ လစ်မယ်... ဒါပေမယ့် ဒီလို ခွေခေါက်နေတဲ့ ပုံစံကြီးနဲ့တော့ ကြာကြာမနေနဲ့ ဟေ့ရောင် ... ခဏပဲ.. ခဏတော့ ခံစားလိုက်.. ပေါက်ကွဲချင် ပေါက်ကွဲပစ်လိုက်...ပြီးရင် မင်းပုံစံအတိုင်းပဲ မင်းနေတော့ "

Jake ရဲ့ ပြောစကားကို Sunghoon အိပ်ရာထက်ကနေ လက်မလေးသာ ထောင်ပြလိုက်သည်။

" ဒါဆို ငါတို့သွားပြီ..လိုရင် ဖုန်းဆက်လိုက်နော်... တစ်ယောက်ထဲ လျှောက်လုပ်မနေနဲ့ သားကြီး... နည်းပြကြီးလဲ စိတ်ပူနေတယ် ပြီးရင် ဖုန်းဆက်လိုက်အုံး "

" ဒီနေ့ ငါ နားရအုံးမှာလား ဟေ့ရောင်တွေ!! "

စိတ်တိုတိုနဲ့ Sunghoon ထ အော်လိုက်တော့မှ ပါးစပ်ပိတ်ပြီး ထွက်သွားတဲ့ နှစ်ယောက်။

Sunghoon စိတ်မကြည်တဲ့ကြားက ပြုံးလိုက်မိပါသေးသည်။ စိတ်မချစွာနဲ့ မှာလို့မပြီးနိုင်ဖြစ်နေတဲ့ ဒီနှစ်ယောက်....

သူ့မှာလဲ ဒီနှစ်ယောက်ရှိလို့သာ...

ဒီနေ့ဟာတော့ဖြင့် Sunghoon အတွက် ကံဆိုးမှုတွေ စုပြုံလာတဲ့ နေ့

ဒီနေ့ဟာ မေမေ့ရဲ့နှစ်ပတ်လည် နေ့

အဆော ဆီက အငြင်းခံရတဲ့ နေ့

ပြီးတော့ Company က စာချုပ် ဖျက်သိမ်းခံရတဲ့ နေ့။

ခံနိုင်သလောက်တော့ ခံလိုက်အုံးပေါ့ Park Sunghoon ရေ...

.
.
.

နေမကောင်းလို့ နားနေရတဲ့ရက်တွေအတွင်း Sunoo တစ်ယောက် Jay ရဲ့ ညွှန်ကြားမှုနဲ့ ဆေးထိုးဆေးသောက်လုပ်၊ အားရှိစေမယ့် အစားအစာတွေ စားပြီး နားနေရသည်။

အိပ်ရာထဲမှာပဲ နေရတာ ပျင်းလာလို့ ပန်းခင်းကြီးထဲ သွားထိုင်တော့ လေစိမ်းတိုက်မယ်ဆိုပြီး Jay က အပြင်ထွက်မခံ။

ထို့ကြောင့် Sunoo ပျင်းပျင်းနဲ့ အိပ်ရာထဲမှာနေပြီး သီချင်း နားထောင်နေလိုက်သည်။ သီချင်းနားထောင်ရင်း ဆေးရှိန်ကြောင့် မျက်ခွံတို့လေးလံလာသည်။ မှေးခနဲ အိပ်ပျော်မယ် အလုပ် မြည်လာတဲ့ ဖုန်းသံကြောင့် Sunoo မျက်လုံးလေးတွေ ပွင့်လာပြီး အိပ်နေရာမှ စားပွဲပေါ်က စားပွဲပေါ်က ဖုန်းကို မမှီမကမ်း လှမ်းယူလိုက်သည်။

လိုက်စမ်းပြီး ယူနေရတာကြောင့် ပထမ ဖုန်း call ဟာ ကျသွားခဲ့ပြီး Sunoo လက်ထဲကို ဖုန်းရောက်တော့ ဒုတိယ အကြိမ် ပြန်မြည်လာတာကြောင့် Contact name ကို ကြည့်လိုက်မိသည်။ နာမည်က မပါ။

* ဘယ်သူပါလိမ့်... *

* ဒီ ဖုန်းနံပါတ် ငါလဲ မသိပါဘူး....ကိုင်လိုက်ရမလား... မကိုင်ဘဲ ထားလိုက်ရမလား... *

မျက်ခုံးတန်းလေး တွန့်ချိုးကာ စဉ်းစားလိုက်ပြီးမှ ကိုင်ဖို့ဆုံးဖြတ်လိုက်သည်။

" ဟယ်လို..."

" Sunoo shi "

" ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူးနော် "

" အာ တော်သေးတာပေါ့ Sunooနဲ့တန်းတွေ့လို့ "

" ဟုတ်ကဲ့ အဲ့ဘက်က ဘယ်သူလဲလို့ "

" ကျွန်တော် Jake ပါ Sunoo "

" ဟော်... Jake "

" ဟုတ်ပါတယ်... ကျွန်တော် ဖုန်းသာဆက်လိုက်ရတယ် Sunoo နဲ့ တွေ့ပါ့မလားလို့ "

" ဟို... ဘာပြောစရာ ရှိလို့လဲ ဟင် Jake "

" Sunoon... ပြောရမှာတော့ အားနာပေမယ့် ကျွန်တော် Sunoo ကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ "

" ဪ...အားနာစရာမလိုပါဘူး Jake ရဲ့ ပြောပါ ကျွန်တော် ဘာကူညီပေးရမလဲ... ကျွန်တော် တတ်နိုင်တာဆို ကူညီမှာပေါ့ "

Sunoo လှဲအိပ်နေရာမှ ထ ကာ ကုတင်ခေါင်းရင်းကို မှီလိုက်ပြီး Jake ပြောလာမယ့် စကားကို စောင့်နေလိုက်သည်။

" ဟိုလေ... အဲ့ကိစ္စက Sunoo ပဲ တတ်နိုင်မှာမို့လို့ အကူအညီတောင်းရတာပါ... ကျွန်တော်တို့ကိုလဲ တမျိုးတော့ မထင်ပါနဲ့ နော် "

" ဟော်... ဟုတ်ပါပြီ Jake ရဲ့ ဘာလဲဆိုတာပဲ ပြောပါ "

" Sunghoon ကိစ္စပါ Sunoo "

" Sunghoon! Sunghoon ဘာဖြစ်လို့လဲ ဟင် Jake "

Sunghoon ကိစ္စဆိုလို့ Sunoo စိတ်ပူစွာ မေးလိုက်မိသည်။ မတွေ့ကြတော့ဖို့ ဆုံးဖြတ်ထားပေမယ့်လဲ သူ့အကြောင်း သူ့အခက်အခဲတွေကို သိနေလေတော့ စိတ်လေးတော့ ပူမိသား။

" Sunghoon တစ်ယောက် အခန်းတံခါးပိတ်နေပြီး ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တာ သုံးရက်ရှိသွားပြီ Sunoo...အပြင်လဲ ထွက်မလာတော့ အထဲမှာ ဘာဖြစ်နေမှန်းလဲ မသိရဘူး "

" ဖုန်းရော ဆက်မကြည့်ဘူးလား "

" ဘယ်နေမလဲ ဆက်တာ ခဏခဏပဲ... တံခါး သွားခေါက်တော့လဲ အသံမပေးဘူး... "

" ဟင်..."

" ဟုတ်တယ် Sunoo... ဖွင့်ဝင်နေကျ သူ့အခန်း password လဲ ပြောင်းထားတော့ ကျွန်တော်တို့ ဝင်လို့လဲမရ ဖြစ်နေတယ် "

" ဟင်းးး Sunghoon ကလဲ.... ဘာလို့ အဲ့လို လုပ်နေတာလဲ မသိဘူး... အကုန် စိတ်ပူနေကြမှာ မသိဘူးလား နော် "

" ကျွန်တော်တို့ သူနဲ့ နောက်ဆုံး တွေ့ခဲ့တာက နှစ်ပတ်လည်နေ့ကပဲ... အဲ့နေ့က သူ အခန်းကို ပြန်လာတော့ သူ့ကြည့်ရတာ အ​ခြေအနေမကောင်းဘူး... ကျွန်တော်တို့ မေးကြည့်တော့မှ Sunoo နဲ့ ကိစ္စတွေ ဖွင့်ပြောပြတယ်လေ.... "

" ဟုတ်တယ်... ကျွန်တော် နဲ့ သူ အဲ့နေ့က အဲ့ကိစ္စကို ဆွေးနွေးဖြစ်ခဲ့ကြတယ်... ကျွန်တော့်သဘောထားကိုလဲ သူ့ကို ပြောပြလိုက်တယ် "

" ဘာလို့လဲ ဆိုတာကိုတော့ ကျွန်တော် မမေးတော့ပါဘူး... ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက Sunoo ရဲ့ အဖြေအတွက် အရမ်း ခံစားနေရတယ်... ဒီလိုတွေမှ ဖြစ်နေပါတယ်ဆို Company ကလဲ စာချုပ်ဖျက်သိမ်း ပြီး လျော်ကြေး တောင်းတယ်... "

" ဟင်! "

" ဒီကိစ္စတွေက Sunoo နဲ့ မဆိုင်ဘူးဆိုတာ သိပေမယ့်လဲ... အဲ့လို ကိစ္စတွေကို တစ်ရက်ထဲနဲ့ ပေါင်းစုပြီး ကြုံလိုက်ရတဲ့ ကျွန်တော့်သူငယ်ချင်းက သူ့ကိုယ်သူ အခန်းပိတ်ပြီး ဘယ်သူနဲ့မှ မဆက်သွယ်ဘဲ နေ နေတာကို ကျွန်တော် စိတ်ပူလို့ ... အဲ့ဒါ Sunoo များ Sunghoon ကို လာကြည့်ပေးနိုင်မလား လို့လေ...."

"....... "

Sunghoon ကို လာကြည့်ပေးရမယ်တဲ့လား....

သံယောဇဉ်တွေ ပိုတိုးမလာအောင် ဇာတ်လမ်းဖြတ်ခဲ့ပါပြီ ဆိုမှကွယ်...

ဒါပေမယ့်လဲ စိုးရိမ်စိတ်လေးတော့ ဝင်မိသား...

ဘာလို့ အဲ့လိုတွေ ပြိုလဲပြနေရသလဲ Hoonie ရဲ့။

မင်း ကြံ့ခိုင်ဖို့ လိုတယ်လေ။

ဘာပဲဖြစ်ဖြစ် Hoonie ခုလို ပြိုလဲနေတာဟာ သူ့ပယောဂလဲ မကင်း။

သူ ရက်ရက်စက်စက် ကျောခိုင်းခဲ့တာတွေလဲ ပါ ပါမည်။

" ဟယ်လို... Sunoo shi "

သူ့ဘက်က အသံတိတ်သွားလို့ Jake က အသံပေးလာတော့

" ကောင်းပါပြီ Jake... ကျွန်တော် သူ့သူငယ်ချင်းတစ်ယောက်အနေနဲ့ လာကြည့်လှည့်ပါ့မယ်... ကျွန်တော် လာလိုက်လို့ အကူအညီဖြစ်တယ်ဆိုပဲ ကျွန်တော် ဝမ်းသာလှပါပြီ "

" ကျေးဇူးပါ Sunoo ရယ်... ကျွန်တော် အားနာနာနဲ့ အကူအညီတောင်းရတာပါ "

" ရပါတယ် Jake ရယ် အားမနာရပါဘူး... ကျွန်တော် ဘယ်လိုလာရမလဲပဲ ပြောပါ... အခု ထွက်လာခဲ့မယ် "

" ဒါဆို ကျွန်တော်တို့ ပန်းခြံထိပ်က စောင့်နေမယ် Sunoo "

အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ နေ နေတယ်ဆိုသူအတွက် Sunoo ထပ်ပြီး အချိန်မဆွဲချင်။ ထို့ကြောင့်ပဲ ချက်ချင်းသွားဖို့ ဆုံးဖြတ်လိုက်ကာ ကုတင်ပေါ်က ထ လိုက်တော့ ခေါင်းထဲက မကြည်...မူးနောက်နောက် ဖြစ်ချင်နေသည်။

မူးနေလဲ မသွားလို့ မဖြစ်။ ထို့ကြောင့် အပေါ်ထပ် အင်္ကျီတစ်ထည်ကို ဝတ်လိုက်ကာ Sunghoon အင်္ကျီလေးကိုလဲ ယူလာခဲ့ဖို့ မမေ့။

ဖြစ်ချင်တော့ အခန်းထဲကထွက်လို့ လှေကားထိပ်အရောက်မှာ အလုပ်က ပြန်လာတဲ့ Jay နဲ့ တည့်တည့်တိုးလေတော့သည်။

လက်ထဲမှာက အင်္ကျီထည့်ထားတဲ့ အိတ်ကတစ်ဖက် ကားသော့ကတစ်ဖက် ကိုင်ကာ ထွက်လာတဲ့ သူ့ပုံစံကို Jay က ​ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီး

" ဒါ ဘယ်ကို သွားမလို့လဲ ဘေဘီ "

" ကျွန်တော် ကိစ္စလေး တစ်ခုရှိလို့ အပြင်ခဏသွားမယ် Jay "

" ဘာကိစ္စမှန်း မသိပေမယ့် ကိုယ် ခွင့်မပြုဘူး ဘေဘီ... မင်း ကောင်းကောင်း နေကောင်းသေးတာ မဟုတ်ဘူး "

" ကျွန်တော် သက်သာနေပါပြီ... ကျွန်တော် သွားမှ ရမှာမို့လို့ပါ "

" ကိုယ် ခွင့်မပြုဘူးလို့ ပြောနေတယ်လေ "

" ခဏလေးပါ... ကျွန်တော် မကြာစေရဘူး Jay "

" ဘာလို့ ကိုယ့်စကားကို စောဒကတက်နေတာလဲ ဘေဘီ... မင်း နေမကောင်းဖြစ်နေတဲ့အချိန် ကိုယ် စိတ်မတိုချင်ဘူးနော် "

" ကျွန်တော် မသွားလို့ မဖြစ်လို့ပါ... ခဏပဲ ပြန်လာမှာမို့ ခွင့်ပြုပေးပါ Jay "

" ကျစ်! "

လှေကားထိပ်မှာ လှေကားအပေါ်ထစ်ကနေ ခေါင်းလေးငုံ့ပြီး ခေါင်းမာမာနဲ့ တောင်းဆိုနေတဲ့ Sunoo ရယ်...

လှေကားအောက်တစ်ထစ်ကနေ မော့ကြည့်နေပြီး မသွားဖို့ တားမြစ်နေတဲ့ Jay ရယ်...

ဒါပေမယ့် ခေါင်းလေးငုံ့ထားတဲ့ Sunoo ရဲ့မျက်နှာပေါ်မှာတော့ ခေါင်းမာတဲ့ အရိပ်အယောင်
တွေ ထင်ဟပ်နေကာ သူ့ကို တားနေလဲ သွားဖြစ်အောင် သွားမယ့်ပုံ။

" ဘေဘီ မင်း ငါ့စကားကို နားထောင်ဖို့ အစီအစဉ်မရှိဘူးလား... ဒီလိုတွေဆို ငါ ဘာလုပ်တတ်လဲ မင်း သိတယ်နော် "

အသာတကြည် တားဆီးလို့ မရတော့မှန်း သိတာကြောင့် Jay လေသံမာမာနဲ့ ခြိမ်းခြောက်ကြည့်လိုက်သည်။ ဘေဘီများ နောက်ပြန်လှည့်မလားလို့ပေါ့။ ဒါပေမယ့် အထင်နဲ့ အမြင်က တလွဲ။

" Jay အပြစ်ပေးမယ်ဆိုလဲ ကျွန်တော် ပြန်လာတဲ့အခါ အပြစ်ကို ခံယူပါ့မယ်...ခုတော့ နောက်ကျနေပြီမို့ သွားခွင့်ပေးပါ "

စကားအဆုံး လှေကားတွေပေါ်က ဒရောသောပါး ပြေးဆင်းသွားလေတဲ့ Sunoo...

Jay အံကိုကြိတ်လို့ မျက်လုံးအစုံကို မှိတ်ချလိုက်သည်။

သူ မြင်လိုက်တယ်...

ဘေဘီကိုင်ထားတဲ့ လက်ဆွဲအိတ်လေးထဲက တစ်စွန်းတစ်စထွက်နေတဲ့ ဟိုကောင်လေးရဲ့ အင်္ကျီကို။

ဒီကောင်လေးဆီ သွားဖို့ကိစ္စမှာ သူ ဘာကြောင့် တားဆီးလို့မရ ရတာလဲ။ ဒီကောင်လေးနဲ့ ပတ်သက်မိပြီးမှ ဘေဘီ လမ်းတွေ အရမ်းများနေပြီ။ အပြစ်လုပ်တာတွေလဲ အရမ်း များလှပြီ။

Jay ခြေလှမ်းတို့ကို နောက်ပြန်လှည့်ကာ ကိုယ့်အိမ်ကိုသာ ပြန်လာလိုက်သည်။ အိမ်ကိုအရောက်မှာ အပြင်ကနေ ဝယ်လာခဲ့တဲ့ ဘေဘီ့အကြိုက် အစားအစာလေးတွေကတော့ အမှိုက်ပုံးထဲသို့။

" စားမယ့်ပိုင်ရှင် မရှိတော့လဲ မင်းတို့သွားရမယ့်နေရာက အမှိုက်ပုံးပဲ ပေါ့ "
.
.
.

စေ့စေ့ပိတ်ထားတဲ့ တံခါးတစ်ချက်ရဲ့ ရှေ့မှာတော့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာတွေနဲ့ ရပ်နေကြတဲ့ Sunoo.. Jake.. နဲ့ Niki...

" ဘယ်လို လုပ်ကြမလဲ... ဖုန်းလဲ ခေါ်လို့မရဘူး "

" တံခါးခေါက် ကွာ... အသံကျယ်ကျယ်နဲ့ အော်ခေါ်ကြည့် မရရင် တံခါးဖျက်ပြီး ဝင်လာမယ်လို့ပြော "

Niki နဲ့ Jake တစ်ယောက်တစ်ခွန်း ပြောနေကြတာတွေကို Sunoo အသာငြိမ်နားထောင်နေလိုက်သည်။

အော်လဲ မရ၊ ခေါ်လဲ မရ... ဖုန်း ဝင်နေပေမယ့်လည်း မကိုင်။ ထို့ကြောင့် Sunoo သူကိုယ်တိုင် ခေါ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး

" ကျွန်တော် ခေါ်ကြည့်အုံးမယ်... မရရင်တော့ ကျွန်တော်တို့ လုပ်သင့်တာ လုပ်ကြတာပေါ့ "

" အင်း ဟုတ်တယ် Sunoo အသံကြားရင် ဒီကောင် တံခါးဖွင့်ချင် ဖွင့်လောက်မှာပါ "

Sunoo ခေါင်းအသာညိမ့်ပြကာ တံခါးကို ခပ်ပြင်းပြင်း ခေါက်၍ အသံပေးလိုက်သည်။

" ဒေါက် ဒေါက် ဒေါက် ..Sunghoon shi.... ဒေါက် ဒေါက်... Sunghoon shi...ya Park Sunghoon... အထဲမှာ ရှိနေလား... ကျွန်တော့်ကို တံခါးလေး ခဏဖွင့်ပေးပါ... Sunghoonie "

တုတ်တုတ်မှ လှုပ်မလာ... ဘာသံမှလဲ ပြန်မပေး။ပိုကျယ်တဲ့ အသံနဲ့ Sunoo ထပ်ခေါ်လိုက်သည်။

" ဒုန်း ဒုန်း Sunghoon... Sunghoon shi...
တံခါးလေး ဖွင့်ပေးပါ... အထဲမှာ ရှိနေလား... ဒီမှာ အကုန်လုံးက Sunghoon ကို စိတ်ပူနေကြတယ်...တံခါးလေး ခဏ ဖွင့်ပေးပါ Sunghoon shi "

အော်ခေါ်ရလွန်းလို့ ဘေးခန်းက လူတွေပါ ထွက်လာကြည့်ပြီး တိုးတိုး နေဖို့ သတိပေးသွားကြလေပြီ။ အထဲက လူကတော့ လှုပ်မလာသေး။

" Sunghoon ထွက်မလာဘူးလား!!
ရတယ်လေ... Sunghoon ပဲနေနိုင်မလား ကျွန်တော်ပဲ နေနိုင်မလား ကြည့်ရသေးတာပေါ့... Sunghoon ထွက်မလာမချင်း ကျွန်တော် ဒီရှေ့မှာ ထိုင်နေမှာနော်... ထွက်မလာမချင်း နော်.. ဒီမှာကျွန်တော် ထိုင်နေပြီ "

Sunoo ပြောပြောဆိုဆို ကြမ်းပြင် ပေါ်သို့ ထိုင်ချလိုက်ကာ သူ ထွက်အလာကို စောင့်နေလိုက်သည်။ ချော့ပြောနေလို့မရမှတော့ ဒီလိုနည်းနဲ့ပဲ အကြပ်ကိုင်ရတော့မှာပေါ့။

Jake နဲ့ Niki က ကြမ်းပြင်ပေါ်က သူ့ကို အားနာကာ အောက်မှာ ထိုင်မနေဖို့ တားနေပေမယ့် Sunoo ခေါင်းမာစွာ ဆက်ထိုင်နေလိုက်သည်။

ဒါကို ကြည့်မနေနိုင်တော့တဲ့ Jake က အထဲကို လှမ်းအော်လိုက်ပြီး

" Ya Park Sunghoon... ထွက်လာခဲ့ကွာ...ဒီမှာ Sunoo ကို အားနာစရာကောင်းနေပြီ... အောက် ကြမ်းပြင် အအေးကြီးမှာ ထိုင်နေတယ် "

Jake စကားအဆုံး အထဲက လှုပ်လှုပ်ရှားရှား အသံတချို့ ကြားလိုက်ကာ ခဏအကြာမှာ ကလစ်ခနဲ တံခါးလှည့်ဖွင့်သံကို ကြားလိုက်ရသည်။

ဖြည်းဖြည်းချင်း ပွင့်လာတဲ့ တံခါးချပ်ရဲ့ နောက်မှာတော့ ဆံပင်တွေ ရှုပ်ပွနေပြီး အင်္ကျီ ဖိုသီဖတ်သီနဲ့ ပေါ်လာတဲ့ ရှုံ့တွတွမျက်နှာတစ်ခု။


Sunghoon ကိုမြင်ပေမယ့် Sunoo မထသေးပဲ
ကြမ်းပြင်ပေါ်ကနေသာ မော့ကြည့်နေမိသည်။

ရက်ပိုင်းလေးအတွင်းမှာပဲ သိသိသာသာ ပိန်ကျသွားခဲ့ပြီး လူကလဲ ဖြူရော်ရော်....

မလန်းမဆန်းမျက်နှာလေးနဲ့ သူ့ကို ကြည့်လာပြီး

" အထဲဝင်ပါ "

တစ်ခွန်းသာ ပြောခဲ့ပြီး တံခါးဖွင့်ပေးခဲ့ကာ အထဲသို့ ပြန်ဝင်သွားလေသည်။

" ဟာ.. ဒီကောင် Sunoo ကိုမြင်တာကို ဒီတိုင်း ထွက်သွားရသလား "

ကြားထဲက မနေနိုင်တဲ့ Jake မှာ Sunoo ကို လက်မောင်းမှ ထိန်းပေးကာ ထခိုင်းလိုက်ပြီး အထဲသို့ ခေါ်လာခဲ့လိုက်သည်။

ပြတင်းပေါက်တွေလဲ ပိတ်၊ လိုက်ကာတွေကအစ အကုန်ချထားပြီး မီးလဲ ဖွင့်မထားလေတော့ တစ်အိမ်လုံး မှောင်နေသည်။ ထို့ကြောင့် Jake နဲ့ Niki တံခါးတွေလိုက်ဖွင့် မီးတွေ လိုက်ဖွင့်နဲ့ ချက်ချင်း အလုပ်ရှုပ်သွားခဲ့ရသည်။

Sunoo ကတော့ ခုထိ Sunghoon ထိုင်နေတဲ့ ဆိုဖာခုံနား မတ်တပ်ကလေး။

Sunghoon ကလဲ ထိုင်ဖို့မပြောသလို သူကိုယ်တိုင်ကလဲ ဝင်မထိုင်။

ဒီတစ်ခါလဲ Jake ကပဲ ကြားကနေ ဝင်ပြောရပြန်သည်။

" Sunoo ဘာလို့ မတ်တပ်ကြီးလဲ... ထိုင်လေ.. Sunghoon ထိုင်ဖို့ ပြောလေကွာ... "

" ကိုယ့်အိမ်မှာ အဆော ကြိုက်သလို နေနိုင်ပါတယ် "

စကားတော့ ပြောနေပေမယ့် ခုထိ Sunoo မျက်နှာကို တည့်တည့်ကြည့်မလာသေး။

Sunoo ခုံမှာ ဝင်မထိုင်သေးဘဲ Jake နဲ့ Niki ကို ခေါင်းညိမ့်ပြလိုက်သည်။

သဘောပေါက်တဲ့ Jake နဲ့ Niki က

" ဒါဆို ကျွန်တော်တို့ သွားစရာလေးရှိသေးလို့ သွားလိုက်ပါအုံးမယ် Sunoo... သားကြီး ငါတို့ အပြင်သွားအုံးမယ် "

Sunoo ကိုရော Sunghoon ကိုပါ နှုတ်ဆက်ခဲ့ပြီး အပြင်သို့ ထွက်သွားလေတော့သည်။

သူတို့ အပြင်ရောက်ပြီဆိုမှ Sunoo Sunghoon ဘေးမှာ ဝင်ထိုင်လိုက်ပြီး လက်ထဲက အိတ်လေးကို စားပွဲပေါ် တင်လိုက်ခါ

" Sunghoon ကျွန်တော့်ကို ဝတ်ပေးလိုက်တဲ့ အင်္ကျီလေးပါ... ကျွန်တော် ချမ်းအေးနေတဲ့ အချိန်မှာ နွေးထွေး လုံခြုံမှုတွေ ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော် "

ဒါကိုပဲ လှည့်ကြည့် မလာသေးတဲ့ Sunghoon က ခေါင်းလေးသာ အသာညိမ့် ပြသည်။

ထို့ကြောင့် Sunoo ကပဲ ဆက်၍ စကားတွေ ပြောနေခဲ့လိုက်သည်။

" Sunghoon အကြောင်းတွေ Jake တို့ပြောပြလို့ ကျွန်တော် အကုန်သိပြီးပါပြီ... ဒီလိုကြားရတဲ့အတွက် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး "

" အဟက်!  It's Ok အဆော... ဒီလိုကိစ္စတွေက ကိုယ်နဲ့ မစိမ်းပါဘူး...  ဖြစ်လိုက် ပျက်လိုက် "

အရေးမစိုက်ဟန် ခပ်ဟဟ ရယ်လိုက်တဲ့ Sunghoon ရဲ့ မျက်လုံးထဲမှာတော့ အရည်ကြည်တို့ ဝေ့သီနေသယောင်...

" ပြီးတော့... ဒီလို ကိစ္စတွေ ဖြစ်နေတဲ့ကြားက ကျွန်တော့်ကြောင့်နဲ့ Sunghoon ပိုပြီး စိတ်ညစ် ... အင့် ! "

စကားမဆုံးလိုက်။ ပုခုံးတွေကနေ ဆွဲယူ၍ အဖက်ခံလိုက်ရကာ Sunghoon ရင်ခွင်ထဲကို ရောက်သွားတဲ့ Sunoo...

ရုတ်တရက်ဆိုတော့ Sunoo ဟန့်တားချိန်မရလိုက်။ Sunghoon ရင်ခွင်ထဲ ခန္ဓာပါးပါးလေးအလုံးစုံနစ်မြုပ်သွားရတော့သည်။

Sunghoon မှာ Sunoo ပုခုံးပေါ် မေးလေးတင်ထားကာ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။

လက်လေးနဲ့ အသာတွန်းပြီး ရုန်းကန်လာတဲ့ Sunoo ကြောင့် Sunghoon ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ကာ

" ခဏလေးပါ... ကိုယ့်ကို ဒီတိုင်းလေး ခဏလောက်နေခွင့်ပြုပါ အဆောရယ်... "

" Sunghoon shi "

" ခဏလောက်လေးပဲ ခွင့်ပြုပေးပါ အဆောရယ် ကိုယ် စိတ်တွေ အရမ်းပင်ပန်းနေလို့ပါ... ကိုယ်ကို  အဆောရဲ့ ရင်ငွေ့နွေးနွေးလေးကို ခဏလောက်လေးပဲ ခိုလှုံခွင့်ပြုပါ "

စိတ်တွေ တအား ပင်ပန်းလာတဲ့အခါ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုဟာ တကယ်ကို လိုအပ်တယ်မလား။ ဒါကြောင့် Sunoo မငြင်းဆန်တော့ဘဲ Sunghoon ရဲ့ ကျောပြင်လေးကို ပြန်လည်ပွေ့ဖက်ပေးလိုက်ပြီး သာသာဖွဖွ ပုတ်ပေးနေလိုက်သည်။

မိနစ်အနည်းငယ် အကြာမှာ Sunoo ခံစားမိလိုက်တဲ့ ပုခုံးပေါ်က စိုစွတ်မှုတစ်ခု။

ပြီးတော့ Sunoo ပွေ့ဖက်ထားမိတဲ့ Sunghoon ရဲ့ ကျောပြင်ကျယ်ဟာ လှုပ်ခတ်လာပြီးနောက် ငိုရှိုက်ခြင်းဆီသို့...

ထို့ကြောင့် Sunghoon ရဲ့ခန္ဓာကိုယ်ကြီးကို မမှီမကမ်း ဖက်တွယ်ပြီး တင်းကြပ်နေအောင် ဖက်ထားပေးမိလိုက်သည်။

ရင်ထဲက ခံစားနေရတဲ့ မွန်းကြပ်ပိတ်လှောင်မှုတွေ ပြေပျောက်စေဖို့အတွက်ပေါ့။

ကျောပြင်ကို ပွေ့ဖက်ပေးထားရင်းမှ သူ့ပုခုံးပေါ်မျက်နှာအပ်ထားတဲ့ Sunghoon ရဲ့ခေါင်းလေး
ကို အသာအယာ ပွတ်သက်ကာ ချော့မြူပေးလိုက်သည်။ မိနစ်အနည်းငယ် အကြာမှာတော့ တသိမ့်သိမ့်လှုပ်ခါနေတဲ့ ကျောပြင်လေး အနည်းငယ်တည်ငြိမ်လာပြီး Sunoo ခါးပေါ်က လက်တွေ ပြေလျော့သွားကာ လူချင်းခွာသွားလေတဲ့ Sunghoon။

တပြိုင်တည်းမှာ ဆိုဖာပေါ်မှ ထ သွားပြီး Sunoo ကို ကျောပေးကာ ပြတင်းပေါက်မှာ သွားရပ်တဲ့ သူက မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်ကာ မျက်ရည်တွေကို သုတ်နေလေသည်။

Sunoo ထိုင်ရာမှ ထကာ Sunghoon အနားကို သွားရပ်လိုက်တော့

" ကျေးဇူးပါ အဆော..ခုလို ကိုယ့်ကို ပုခုံးတစ်ဖက်ငှားပေးတဲ့ အတွက် "

" ကျွန်တော့်ရဲ့ ပုခုံးတစ်ဖက်က Sunghoon ရဲ့ စိတ်ထဲက ပူပင်မှုတွေကို တခဏလောက် ငြိမ်းအေးစေတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ "

" အဆော ကိုယ့်ကို ဒီလို အလိုလိုက် လိုက်လို့ ကိုယ် အကျင့်ပါသွားရင် ဘယ်လိုလုပ်မလဲ "

" ဘာကိုလဲ... "

" အဟင်း... ထားလိုက်ပါတော့ ဘာမှ မဟုတ်တော့ဘူး "

နားမလည်လို့ ပြန်မေးတာကို အဖြေမပေးဘဲ ပါးစောင်ကို လျှာနဲ့ထိုးကာ တစ်ဖက်လှည့်သွားလေတဲ့ Sunghoon...

" ဒါနဲ့လေ... Sunghoon ဒီရက်ပိုင်းတွေ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အခန်းအောင်းနေတယ်ဆို... "

" ဟုတ်တယ် အဆော... ကိုယ် စိတ်တွေ အရမ်း ညစ်နေလို့... ဘယ်သူနဲ့မှ မတွေ့ဘဲ နေ နေတာ... ကိုယ့်အပူကိုလဲ တဖက်သားကို မပေးချင်လို့ "

" အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ Sunghoon ရယ်... ဒီလိုအချိန်မှာ ဘေးနား တစ်ယောက်ယောက် ရှိနေတော့ ခံစားရတာ သက်သာသေးတာပေါ့ "

" ကိုယ်ရှိနေစေချင်တဲ့ လူကမှ နေမပေးနိုင်တာ... ကျန်တာ ဘယ်သူ့ကိုမှ ကိုယ်မလိုတော့ပါဘူး "

သူ့စကားအကြားမှာ မျက်နှာလေးညှိုးသွားပြီး ခေါင်းလေးငုံ့သွားတဲ့ အဆော...

" ထားလိုက်ပါတော့လေ... ကိုယ် ဒီစကားတွေ မပြောတော့ပါဘူး... အရင်ရက်ကလို ရက်ရက်စက်စက် စကားတွေ ထပ်ကြားရရင် ကိုယ့်နှလုံးသားက ခံနိုင်ရည်ရှိမယ် မထင်ဘူး "

" Sunghoon ရယ်... ကျွန်တော် ပြောခဲ့တဲ့စကားတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်တို့က.... "

" အဟက်... အဆော သိလား... ကိုယ်ကလေ ငယ်ငယ်ထဲက ကိုယ်ပိုင်ဆိုင်ရမယ့် အချစ်တစ်ခုကို သိပ်ပြီး စိတ်ကူးယဉ်တာ... ငါ တကယ်ချစ်တဲ့လူ တွေ့လာရင် ငါတော့ ဘယ်လိုနေမယ် ချစ်ရသူနဲ့ အတူတူ ဘာတွေ လုပ်မယ်ဆိုပြီးပေါ့... ဒီတစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ရာသက်ပန် ချစ်သွားပြီး နားလည်မှုတွေနဲ့ ဘဝတစ်ခုကို ထူထောင်ချင်ခဲ့တာလေ... ခုတော့လဲ စိတ်ကူးအိပ်မက်တွေက သဲထဲရေသွန်ပါဗျာ... အသက်လောက်ချစ်ရတဲ့ ချစ်သူတစ်ယောက်ကို ရှာတွေ့ခဲ့ပေမယ့်လဲ ကျစ်! ဟားးး တစ်ခါမှ ကံမကောင်းဖူးခဲ့တဲ့ ဒီကောင်... အချစ်ရေးလေးမှာတော့ ကံကောင်းချင်ခဲ့တာ... ခုတော့ "

" ကျွန်တော် ဘာပြောရမှန်းမသိတော့ဘူး Sunghoon ရယ်... ကျွန်တော် ပြောလိုက်တဲ့စကားတွေက Sunghoon ခုလောက်ထိ ခံစားရဖို့ မရည်ရွယ်ခဲ့တာ အမှန်ပါ... မဖြစ်သင့်တဲ့ အချစ်ရေးတစ်ခုမို့ Sunghoon ရှေ့ဆက်တိုးမလာနိုင်အောင် တားမြစ်ခဲ့တဲ့ သဘောပါ "

" ဒါပေမယ့် ကိုယ်က ရှေ့ပဲ ဆက်တိုးချင်နေတယ် အဆော... ကိုယ် ဘာလုပ်ရတော့မလဲ "

" ရှေ့ဆက်လို့မှ မဖြစ်ဘဲ "

" ဒါဆို ဘာလို့ ကိုယ့်ရှေ့မှာ ထပ်ပြီး ပေါ်လာခဲ့လဲ အဆောရယ်... မဖြစ်နိုင်ဘူးဆိုရင်... ကိုယ့်ရှေ့ကို ဘာလို့ထပ်ပြီး ရောက်လာခဲ့သေးလဲ "

" Sunghoon ဒီလိုကြီး ပေတေနေပြီး အခန်းအောင်းနေတာမျိုး ကျွန်တော် မဖြစ်စေချင်လို့လေ... အားပေးဖို့ နှစ်သိမ့်ပေးဖို့ ကျွန်တော် ရောက်လာခဲ့တာ "

" ကိုယ့်ဘဝနဲ့ကိုပါ အဆောရယ်.. အဆော ပြန်မချစ်နိုင်တဲ့ လူတစ်ယောက်အတွက်နဲ့ ဘာလို့ လိုက်ပြီး ပူပန်နေရတာလဲ "

" အိပ်မက်တွေရှိတဲ့ Sunghoon က ပန်းတိုင်ရှိရာဆီ တစိုက်မက်မက် သွားနေရမယ် မဟုတ်ဘူးလား...အခုလိုကြီး နေပြီးတော့... Sunghoon မေမေကို ပေးထားတဲ့ ကတိ... အဲ့ကတိကို Sunghoon ချိုးဖျက်တော့မလို့လား "

" ကိုယ်ဘယ်လိုပဲ နေနေပါ... ကိုယ့်ကိုမှ မချစ်နိုင်ရင် ပစ်ပယ်ထားလိုက်ပါ အဆော... ထင်ယောင်ထင်မှား ဖြစ်စေမယ့် ဂရုစိုက်မှုတွေ ပေးမနေပါတော့နဲ့ "

" Sunghoon ဘာလို့ ဒီလို ဂျစ်ကန်ကန်စကားတွေပဲ ပြောနေရတာလဲ... ဒီအချစ်ဆိုတာကြီးက ဘဝအတွက် ဘာတွေများ အရေးကြီး နေလို့လဲ... ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် Sunghoon ဒီအချစ်ဆိုတာကြီးကို စိတ်ထဲ ထည့်ထားနိုင်သေးတာလား "

" ဟုတ်တယ် အဆော... ကိုယ်ကတော့ အချိန်ပြည့် စိတ်ထဲမှာ အချစ်ရှိတယ်... အချိန်တိုင်းမှာ ကိုယ့်အချစ်တွေကို ပေါက်ဖွားလာစေတဲ့ အဆောက ရှိနေတယ် "

" ပြောရခက်လိုက်တာ Sunghoon ရယ်... အဲ့လောက်ထိ ဖြစ်နေရအောင် ကျွန်တော်က ဘာမို့လို့လဲ "

" အဆောက ကိုယ့်ဘဝကြီးပေါ့...အဆောက ကိုယ့်ရဲ့ တစ်ဘဝလုံးပဲလေ... ဒါကြောင့် ကိုယ့်ဘဝကြီး သာယာနေသည်ဖြစ်စေ ခက်ခဲနေသည်ဖြစ်စေ ကိုယ်တစ်ယောက်ထဲ ဒီလိုကိစ္စတွေကို ဖြတ်ကျော်မသွားချင်ဘူး... ကိုယ့်ဘေးနား အဆော ရှိနေပေးဖို့ လိုအပ်တယ် "

ဘယ်လိုပြောပြော ဒီအချစ် ဝင်္ကပါထဲပဲ လည်နေတဲ့ Sunghoon ကြောင့် Sunoo သက်ပြင်းလေး ချလိုက်မိသည်။ သူ့အနား ရပ်နေရာမှ ဆိုဖာတွေရှိရာဆီ ပြန်သွားလိုက်ပြီး ခုံပေါ်ကို ဆောင့်အောင့် ထိုင်ချလိုက်တော့ ခပ်ပြုံးပြုံးသာ လိုက်ကြည့်နေတဲ့ Sunghoon။ Sunoo မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်ပြီးမှ

" အဲ့ Sunghoon ကြီးက တဇွတ်ထိုးကြီးဗျ... ပြောရဆိုရ လက်ပေါက်ကပ်လိုက်တာ... အဲ့ အချစ်ဆိုတာကြီးအပေါ် ဘာလို့ တစိုက်မက်မက် ဖက်တွယ်နေရတာလဲ ... ဒီအချစ်ကို ဖက်တွယ်နေမယ့်အစား ကိုယ့်အလုပ်အပေါ်ပဲကို တစိုက်မက်မက်ဖက်တွယ်ပြီး လုပ်နေပါ့လား...ဒါမှ လိုချင်တဲ့ အောင်မြင်မှုက ရမှာပေါ့ လို့.. ခုတော့ မဟုတ်ဘူး... ဒီအချစ် အချစ်နဲ့ တကယ်ပဲ.. တဇွတ်ထိုးကြီး "

" အဲ့ဒါ အဆောကို ချစ်လွန်းလို့ လေ... ကိုယ့်ဘဝထဲမှာ အဆောကို ရှိနေစေချင်လို့ ကိုယ်တဇွတ်ထိုး ပြောနေရတာ "

" အဓိပ္ပါယ် မရှိလိုက်တာ Sunghoon ရယ်... "

" ဟင့်အင် အဆော... ကိုယ့်ကို အဓိပ္ပါယ် မရှိဘူးလို့ မပြောနဲ့... အဆော မျက်လုံးထဲမှာ ကိုယ်က အဓိပ္ပါယ်ရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်တာ "

" ဒါဆို အဓိပ္ပါယ်ရှိအောင် နေလေ.. အဓိပ္ပါယ်ရှိတဲ့ အလုပ်ကို လုပ်လေ "

" ဒါဆို ကိုယ်ဘယ်လိုနေရမလဲ... ဘယ်လိုနေမှ အဆော မျက်လုံးထဲမှာ အဓိပ္ပါယ်ရှိတဲ့ လူတစ်ယောက်လို့ မြင်နိုင်မလဲ... အဆော ကိုယ့်ကို ဘယ်နေရာ သဘောမကျဘူးလဲ...ကိုယ်ပြောင်းလဲပေးမှာမို့ အဆော ပါးစပ်ကသာ ဖွင့်ဟလိုက်ပါ ... ကိုယ့်ဘေးမှာ အဆော ရှိနေမှ ကိုယ်အခုရင်ဆိုင်နေရတာတွေကို ကျော်ဖြတ်နိုင်မှာမို့လို့ပါ "

ပြတင်းပေါက်နား ရပ်နေရာမှ Sunoo ထိုင်နေရာဆီ လျှင်မြန်သော အရှိန်နဲ့ ရောက်လာပြီး ဘေးမှာ ဝင်ထိုင်ကာ မျှော်လင့်တကြီး စကားတွေဆိုနေလေတဲ့ Sunghoon...

အချစ်ဆိုတဲ့အရာကြီးက လူတွေကို အဲ့လို မျှော်လင့်ချက်တွေ ထားမိစေတဲ့ အရာတစ်ခုလား...

သဘောမကျတာတွေကို ပြောင်းလဲပေးလိုက်ရုံနဲ့ရော တစ်ဖက်လူက ပြန်လည် ချစ်ပေးလို့ရတဲ့ အရာတစ်ခုများလား....

ဒါပေမယ့် သူ့အနေနဲ့တော့ အဲ့လို မထင်မိပါဘူး။

ချစ်တယ် တဖွဖွပြောပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးလေ့ရှိတဲ့ Jay ကိုတောင် သူ့စိတ်နှလုံးက ပြန်မချစ်နိုင်ခဲ့တာလေ...

သူပြောလာမယ့်စကားကို မျှော်လင့်နေတဲ့ Sunghoon ကို ကြည့်ပြီး Sunoo ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။

ပြောမှ ဖြစ်တော့မည်။ သူ့အပေါ် အရမ်း မျှော်လင့်နေတဲ့ Sunghoon ရဲ့စိတ်တွေ သူ့အပေါ် မျှော်လင့်ချက်တွေ မထားတော့အောင်... သူ့အပေါ် စိတ်ဖြတ်နိုင်အောင် သူ သူ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြမှ ဖြစ်တော့ပါမည်။

ဒီအကြောင်းတွေ ပြောပြလိုက်လို့ရော Sunghoon ရဲ့ စိတ်အခြေအနေက ခံနိုင်ရည်ရှိပါ့မလား....

သူအရမ်းမျှော်လင့်နေတဲ့ Sunoo ဟာ နောင်တစ်ချိန်မှာ လက်ထပ်ရမယ့် ပိုင်ရှင်ရှိပြီးသား လူပါ ဆိုတာကိုသာ သိသွားရင် ပြိုလဲနေတဲ့ Sunghoon ရဲ့ စိတ်တွေ ပိုပြီးပဲ ဆိုးသွားလေမလား...

ဒါမှမဟုတ် သူ့အပေါ်ကိုပဲ စိတ်ဖြတ်သွားနိုင်မလား....

ဘယ်လိုပဲဖြစ်ဖြစ် ပြောတာတော့ ပြောပြရတော့မည်။

ထို့ကြောင့် Sunoo သူ့ရှေ့က Sunghoon ကို ကြည့်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးမှ

" ကျွန်တော် Sunghoon ကို ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်နော်... ဒီပုံပြင်လေးကို နားထောင်ပြီးသွားရင်တော့ Sunghoon ကျွန်တော့်ကို မချစ်ဖို့ တားနေရတဲ့ ကျွန်တော့်စကားတွေကို Sunghoon သဘောပေါက် နားလည်သွားမှာပါ "

ရုတ်တရက် မျက်နှာလေး တည်သွားကာ လေးလေးနက်နက် စကားတွေဆိုလာတာကြောင့် အရေးကြီးတဲ့ တစ်စုံတစ်ရာ ဖြစ်မယ်ဆိုတာတော့ Sunghoon ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့်

" ပြောပါ... အဆော ပြောတာ ကိုယ် သေချာ နားထောင်နေပါ့မယ် "

မှန်ပြတင်းမှ အဝေးကို လှမ်းငေးလိုက်တဲ့ အဆောရဲ့ မျက်ဝန်းတွေက ဘာကြောင့် ဝမ်းနည်းရိပ်တွေ သန်းသွားရတာလဲ....

ဒီပုံပြင်ဆိုတာကရော ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်လေလား....

အဝေးကိုပဲ ငေးနေတဲ့ အ​ဆောဆီက စကားသံတို့ စတင်ကြားလိုက်ရချိန်မှာ Sunghoon အဆော မျက်နှာနုနုလေးကို ငေးကာ ပြောပြလာမယ့် အကြောင်းအရာတွေကို သေချာအာရုံစိုက်လိုက်တော့သည်။

" ဟိုး...ရှေးရှေးတုန်းက...... "

*****

Love you all my Vitamins 💙

San Htarni 💙

19.3.2023

Happy SunSun Day 🦊🐧💙
Happy Weekend ပါ Vitamins

Comment