~ 5 ~

~ 5 ~

" လိုက်ခဲ့ပါ ဟေ့ရောင်ရာ... မင်းပါတော့ ငါတို့ အင်အားတောင့်တာပေါ့ကွ "

"မလိုက်ဘူးဆိုကွာ... ငါ အိပ်ရေးမဝသေးဘူး "

" ဟေ့ရောင်နော် မင်း သူငယ်ချင်း အချင်းချင်းကို အဲ့လောက် မကပ်နဲ့... မင်း ခေါ်တဲ့နေရာတွေကျ ငါတို့ အမြဲတမ်းလိုက်ရတယ်... ငါတို့ ခေါ်မှ မင်း မငြင်းနဲ့ "

"ကျစ်! ဘယ်လို ကောင်တွေလဲကွာ... ကလေးကလား စကားနာထိုးနေတယ်... ငါ ညက နောက်ကျမှ အိပ်ရတယ်ကွ...နည်းပြကြီး ငါ့ကို တအားမောင်းနေတာ မင်းတို့လဲ သိရဲ့သားနဲ့ "

" ပြန်လာမှ ထပ်အိပ်ကွာ... မကြာပါဘူး မင်းကလဲ သူတို့လဲ မနက်ပိုင်းပဲအားတာမို့လို့ နောက်ကျလို့မရလို့ပါကွာ.... သူငယ်ချင်းကြီးရာ... နော် "

"......."

Sunghoon တိုက်ခန်းမှာ မနက်ကိုးနာရီထိ အိပ်ရာမထသေးတဲ့ Sunghoon ကို Jake နဲ့ Niki က သွားစရာရှိလို့ နှိုးခေါ်နေကြခြင်း ဖြစ်သည်။

ဘယ်လောက်နှိုးနှိုး ထမလာတဲ့ Sunghoon ဟာ ဘေးစောင်းအိပ်နေရာမှ မှောက်ခုံးကြီး ပြောင်းအိပ်လိုက်တဲ့အပြင် ခေါင်းပေါ်သို့ ခေါင်းအုံးတစ်လုံးကိုတင်ကာ နားနှစ်ဖက်ကိုပိတ်ထားလေတော့သည်။

" Park Sunghoon!!! မင်းး အသာတကြည်နှိုးနေတုန်း ထမလား ခြေထောက်နှစ်ချောင်းကနေ ဆွဲချရမလား ကြိုက်တာရွေး "

Jake ဘယ်လောက်ပြောပြော Sunghoon ကတော့ တုတ်တုတ်မလှုပ်။ အမြင်ကပ်လာတဲ့ Niki က နှိုးမရတဲ့အဆုံး မှောက်ခုံးအိပ်နေတဲ့ Sunghoon ရဲ့ ကျောပေါ်သို့ ခုန်တက်လိုက်ကာ ပက်လက်လှန် အိပ်ချပစ်လိုက်သည်။

"Yarr.... လိ မို့ ငါ့ပေါ်တက်ခုန်နေတာလား... အူပွင့်တော့မှာပဲ... ဖယ်စမ်း ငါ့အပေါ်က "

အားပြင်းပြင်းနဲ့ ခုန်တက်လိုက်တာကြောင့် အောက်ကကောင်က အော်လေတော့သည်။

" အေဘေးလေး ခုမှ အသံက ထွက်လာတယ်... မင်း, အေးဆေးနှိုးနေတုန်းက ထ ပါ့လားကွ "

"ငါမှ အိပ်ချင်သေးတာကိုကွ... မင်းတို့မို့ ကိုယ်ချင်းမစာ အိပ်နေတဲ့ လူကို အတင်းလာနှိုးနေပြီးတော့.... ဟေ့ရောင် Niki ဖယ်လို့ပြောနေတယ်နော် "

"ငါ ဖယ်ရင် မင်းက ထ မှာလား ပြော"

" သေတောင်မထဘူး ကွာ "

" အေး! မထချင်အုံး ကွာ "

Sunghoon ဆီက ထမယ်ဆိုတဲ့ စကား မကြားမချင်း ဒုက္ခပေးဖို့ ပြင်ထားတဲ့ Niki က Sunghoon ကျောပေါ် ပက်လက်အိပ်နေရာမှာ ခွထိုင်လိုက်ကာ ခေါင်းပေါ်တင်ထားတဲ့ ခေါင်းအုံးကို အားနဲ့ ဖိချလိုက်တော့သည်။

"ဝူး...ဝွန်းး... ဝူးးး"

အဖိခံထားရတော့ အသက်ရှူမဝတာကြောင့် Sunghoon မှာ ဖယ်ခိုင်းဖို့ ပြောတာတောင် ဝူး ဝူး ဝါး ဝါး တွေ ဖြစ်လို့။

Sunghoon က အောက်ကနေ ရုန်းလေ Niki က အပေါ်ကနေ အားနဲ့ ဖိလေ နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်နေလေတော့သည်။

ဘေးက ကြည့်နေတဲ့ Jake ကတော့ တဟားဟား အော်ရယ်နေလေရဲ့။

နောက်ဆုံး Sunghoon လက်တွေ ကုတင်ပေါ်ကို ပုတ်ပြီး အချက်ပြလိုက်မှ Niki က ဖိထားတာကို
လွှတ်ပေးလိုက်သည်။

အကြောင်းသိတဲ့ Niki က ခေါင်းအုံးကို လွှတ်ပေးပြီးတာနဲ့ ကုတင်ပေါ်က ဆင်းကာ ဧည့်ခန်းသို့ပြေးထွက်သွားသည်။ မပြေးလို့လဲ မရဘူးလေ ကိုယ်နိုင်တုန်းက လုပ်ထားတာမလား လွတ်အောင် မပြေးရင် ဒီကောင်ပြန်လုပ်တာ ခံရတော့မှာ။

" Yarr...Niki မင်း ဘယ်ပြေးတာလဲ သတ္တိရှိရင် အဲ့နေရာမှာ ရပ်နေစမ်း "

ထင်တဲ့အတိုင်းပဲ အိပ်ရာပေါ်က လူးလဲထလာတဲ့ Sunghoon က ချက်ချင်းကို Niki နောက်သို့ပြေးလိုက်တော့သည်။

" မရပ်ဘူး သားကြီးရေ့.... မင်း ထိုက်နဲ့မင်းကံ ခံရတာ ခံလိုက်လေ..."

"လိ ကိုခံရမလား... ဟေ့ရောင် မင်း ပြန်လာခဲ့စမ်း "

"No ပါ... "

Sunghoon လက်သံကို သိထားတဲ့ Niki က ဧည့်ခန်းထဲမှာ လှည့်ပတ်ပြေးနေရာမှ မလွတ်တော့ဘူးမှန်းလဲ သိရော အခန်းပြင်သို့ ပြေးဖို့ကြံလေတော့သည်။

အခန်းပြင်မရောက်ခင် တံခါးကြားထဲကနေ လျှာထုတ်ပြောင်သွားတဲ့ Niki ကိုကြည့်ပြီး Sunghoon မှာ ဆွေ့ဆွေ့ခုန်ကာ အော်ဟစ်နေလေတော့သည်။ အိပ်ရာထ စ အပေါ်ပိုင်းဗလာနဲ့မို့ သူ့မှာ အပြင်ထိလိုက်လို့ကလဲ မရနဲ့။ Niki က ဒီအချက်ကို သိလို့ လူကို တမင်ကလိပြီးမှ အပြင်ထွက်ပြေးတာ။

" ကဲ ကဲ ရေမိုးချိုး အမြန်ပြင်တော့ သားကြီး... ခုတောင် နောက်ကျနေပြီ "

" လိ ကိုနောက်ကျပါ့လား...မင်းလဲ ဘောပဲ ဟေ့ရောင်... သူများအိပ်နေတာကို လာ နှောက်ယှက်တဲ့ ကောင်တွေ... မင်းကိုလဲ ကြည်တာမဟုတ်ဘူး "

"ငါ ဘာလုပ်မိလို့လဲ သားကြီးရာ..."

" လုပ် လုပ် မလုပ်လုပ်ကွာ တော်ပြီ ငါ့တိုက်ခန်း Password ပြန်ပြောင်းတော့မယ်... မပြောမဆို ဝင်ဝင်လာပြီး နှောက်ယှက်တဲ့ကောင်တွေ "

အိပ်ရေးမဝလို့ ပတ်ရမ်းပြီး ရေချိုးခန်းထဲ ဝင်သွားတဲ့ Sunghoon ကို ကြည့်ကာ Jake မျက်နှာ ကတော့ စပ်ဖြဲဖြဲ... သူတို့ သူငယ်ချင်း သုံးယောက်က အမြဲ အဲ့ဒီ့လိုပဲ...ဆဲလိုက်ဆိုလိုက် နိုင်တဲ့လူက နိုင်သလိုချလိုက်နဲ့.... အခန်း Password ပြောင်းမယ် အမြဲပြောပြောပြီး ဘယ်တော့မှ မပြောင်းတဲ့ Sunghoon ရဲ့ တိုက်ခန်းလေးကတော့
Niki နဲ့ Jake တို့ရဲ့ အများဆုံး ကျက်စားရာနေရာ။

ဂျပန်မှာရှိတဲ့ မိဘတွေက ပြန်ခေါ်နေတာကို မသွားဘဲ ဒေါ်လေးမိသားစုနဲ့ နေပြီး ကိုရီးယားမှာပဲ ပျော်နေတဲ့ ဂျပန်ကောင်လေး Niki ရယ် ....

မိသားစုနဲ့ မတည့် အမြဲကတောက်ကဆဖြစ်ပြီး မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့ သူဌေးသားလေး Jake ရယ်...

မိဘတွေဆုံးပြီးကတည်းက နည်းပြကြီးရဲ့ အနီးကပ်စောင့်ရှောက်မှုတစ်ခုသာ ရှိပြီး တွယ်တာစရာ မိသားစုဆိုတာ မရှိဘဲ ဝါသနာပါရာ အိမ်မက်တစ်ခုကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း တစ်ကိုယ်တော် ရွက်လွှင့်နေတဲ့ Park Sunghoon ရယ်....

ဒီ သုံးယောက်တွေ့ဆုံပုံကလဲ နည်းနည်းတော့ ဗရမ်းဗတာနိုင်ခဲ့တယ်လေ...

လမ်းကြားလေးတစ်ခုထဲက ရန်ပွဲလေးမှာ တစ်ယောက်နဲ့ အများ ခံချနေတဲ့ Jake ကို လမ်းရဲ့ တစ်ဖက်တစ်ချက်ဆီကနေ လမ်းကြားလေးထဲကို ဝင်လာတဲ့ Sunghoon နဲ့ Niki က တွေ့ပြီး ဝင်ကူကြရင်းကနေ ခင်မင်သွားခဲ့ကြပြီး ခုထိ တွဲဖြစ်နေကြတာ။

မိသားစုကို မခင်တွယ်တတ်ကြတဲ့ Niki နဲ့ Jake က သူငယ်ချင်းတွေကိုတော့ တော်တော်ခုံမင်ကြပါသည်။ ဆိုးတူကောင်းဖက် ဒီသုံးယောက်ဟာ ရန်ပွဲတွေလဲ အခါခါပေါ့။

ရုံးရောက်ဂတ်ရောက်တွေဖြစ်ရင်လဲ ငွေကြေးအာဏာရှိတဲ့ Jake ရဲ့ မိဘတွေ လိုက်ဖြေရှင်း လိုက်တာနဲ့ အရာအားလုံး အေးဆေး။

" ကဲ ပြီးပြီ သွားကြစို့ "

"ဟင် မင်း ရေချိုး အဝတ်အစား လဲတာကလဲ ငါးမိနစ်တောင် မကြာဘူး "

"အေးလေ အဲ့ဒါ ဘာဖြစ်လဲ... ငါ့ဘာသာ တစ်မိနစ်နဲ့ ပြီးပြီ... ငါက မင်းတို့လို စော်ကြောင် မဟုတ်တော့ ဘာမှ ပြင်ဆင်နေစရာမလိုဘူးလေ.. မင်းတို့သာ ဆော်ကြောင်တွေဆိုတော့ အပြင်တစ်ခါထွက်ဖို့ကို ပြင်ဆင်နေရတာ "

"အေးပါကွာ... "

ဒီလိုနဲ့ သူငယ်ချင်းသုံးယောက် ချီတက်ခဲ့ကြတာက စီးပွားရေးတက္ကသိုလ်ရဲ့ canteen ဆီသို့။

ဟန်မြစ်ကမ်းဘေးမှာ တွေ့ခဲ့တဲ့ ကောင်မလေးတွေနဲ့ အဆင်တွေပြေနေတဲ့ Niki နဲ့ Jake က အားတာနဲ့ ဒီကျောင်းကိုရောက်ပြီ။

မလိုက်ချင်ပါဘူးဆိုလဲ Sunghoon ကို မရမကခေါ်သေးတာ....သူတို့အဖွဲ့ထဲက ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးနေလို့ Sunghoon မှာ အသဲအသန် ငြင်းထားရသေး။

ငါ့ကို နောက်တစ်ခါ အဲ့လိုတွေလုပ်ရင် မင်းတို့နဲ့ ဘယ်မှ မလိုက်ဘူးလို့ လေသံခပ်မာမာနဲ့ ဟောက်လိုက်မှ ဟိုနှစ်ကောင်က ငြိမ်သွားတာရယ်။

ကျောင်းကိုရောက်တိုင်း ခပ်တည်တည်သာနေတတ်ပြီး မျက်နှာကျောတင်းတင်းနဲ့ သူ့ကို ကောင်မလေးတွေကလဲ ရှိန်ကြသည်။

" ငါ့ကောင်ကြီး မင်းဘာသာ တစ်ဝိုင်းထိုင်မှာလား.. ငါတို့နဲ့ ပေါင်းမလား "

Canteen မှာ ထိုင်ကြမယ်လုပ်တော့ အကြောင်းသိတဲ့ Jake က ကပ်မေးလာတာကြောင့် Sunghoon က

" မင်းတို့နဲ့ ထိုင်ရင် နားတွေ မျက်စိတွေ ရှုပ်လွန်းလို့ဟေ့... ငါ့ဘာသာ တစ်ယောက်ထဲ ထိုင်မယ်... မြန်မြန်တော့ လုပ်ကြ...ငါ အကြာကြီး မစောင့်ဘူး ဟေ့ရောင် "

"အေးပါ သားကြီးရ... ကြိုက်တာ မှာကွာ...ငါ ဒကာခံပါ့မယ် "

" ဟမ့် ! မခံလို့ရော ရမလား "

ပတ်ကျိရှုံးအောင် ချွဲပြစ်နေတဲ့ အသံတွေနဲ့ အီစီကလီ လုပ်နေကြမယ့် အထဲတော့ စိတ်ရှုပ်ခံပြီး အတူလိုက်မထိုင်နိုင်။ ဒါ့ကြောင့် ဆိုင်လေးရဲ့ ထောင့်ကျကျနေရာလေးမှာ တစ်ယောက်ထဲထိုင်ကာ စားချင်တာမှာပြီး ထိုင်စားနေလိုက်သည်။

တစ်ချက်တစ်ချက် Jake တို့ဝိုင်းမှ ဆူဆူညံညံ အသံတွေ ထွက်လာပေမယ့် ကျန်တာတော့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ... လူအများကြီးလဲ မရှိဘဲ သုံးလေးဝိုင်းလောက်သာ ထိုင်နေတဲ့သူ ရှိတာကြောင့် ဆိုင်ထဲက ဖွင့်ထားတဲ့ သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ ဆိုင်ထိုင်ရတာ သက်သောင့်သက်သာရှိလှပါသည်။

ထိုအချိန်မှာပဲ ဆိုင်ရဲ့ မှန်တံခါးလေးကို တွန်းဖွင့်ကာ ဝင်ရောက်လာတဲ့ အဖြူရောင်လေး...

ထင်မှတ်မထားတဲ့အချိန်မှာ တွေ့လိုက်ရတာမို့ Sunghoon မှာ မှင်သက်မိနေကာ ငေးကြည့်မိနေခိုက် နောက်နားဆီက ဝိုင်းမှ မျက်မှန်လေးနဲ့ ကောင်လေးတစ်ယောက်ဟာ အဖြူရောင်လေးဆီ ပြေးဝင်လာပြီး ဖက်လိုက်လေတော့သည်။

" Sunoo... Kim Sunoo!!! မင်း တကယ်ကြီး ကျောင်းလာတယ်ပေါ့ "

" အေးလေ... တကယ်လာလို့ပဲ မင်းရှေ့ရောက်နေပြီလေ Jungwon ရ "

" အား...ဟာ... ငါ ဝမ်းသာလိုက်တာ သူငယ်ချင်းရာ "

ပြေးပွေ့ပြီး နှုတ်ဆက်လိုက်တဲ့ ကောင်လေးကပဲ အဖြူရောင်လေးရဲ့ လက်မောင်းတစ်ဖက်ကို ဆွဲကိုင်လှုပ်ကာ ခုန်ပေါက်နေပြန်သည်။ ပြီး လက်မောင်းကနေ ဆွဲခေါ်သွားကာ Sunghoon ထိုင်နေတဲ့ စားပွဲဘေးကနေ စကားတပြောပြောနဲ့ ဖြတ်လျှောက်သွားကြတော့သည်။

Sunghoon မှာ မျက်စိရှေ့မြင်နေရတဲ့ မြင်ကွင်းအားလုံးကို မျက်တောင်မခတ်လိုက်ကြည့်နေမိပေမယ့် Sunoo ကတော့ သူငယ်ချင်းခေါ်ရာနောက် ပြုံးပြုံးလေးနဲ့ လိုက်သွားကာ သူ့သူငယ်ချင်း မေးသမျှဖြေပေးနေပြီး Sunghoon ကို မြင်ပုံမပေါ်။

မျက်လုံးလေး တစ်ချက် ဝေ့ကြည့်လိုက်ရုံနဲ့တင် ကိုယ့်ကို တွေ့ရမှာကို အဖြူရောင်လေးရယ်...

မင်း အကြည့်တွေက တည်ငြိမ်လှချည်လား....

တချက်လေးတောင် စောင်း ငဲ့ ကြည့် မသွားဘူး။

ဒါနဲ့....

မင်း ကိုယ့်ကို တွေ့ရင် မှတ်ရော မှတ်မိပါ့မလား... ကိုယ် သိချင်လိုက်တာ...

နောက်နားဆီက ကြားနေရတဲ့ စကားသံလေးတွေ နားစွင့်ရင်း Sunghoon အသာငြိမ် ထိုင်နေလိုက်သည်။ ကိုယ့်ကိုများ အဖြူရောင်လေးက မထင်မှတ်ဘဲ တွေ့သွားရင် ဘယ်လိုနေမလဲ သိချင်တာကြောင့်လေ။

" ဘာလို့ အဲ့လောက်အကြာကြီး ကျောင်းတွေ ပျက်နေရတာလဲ Sunoo ရဲ့... ငါ မင်း ကျောင်းမလာတော့ တစ်ယောက်ထဲ ပျင်းနေတာ "

" ဘာ ပျင်းစရာရှိလို့လဲ... ငါ မလာလဲ ကျောင်းမှာ လူတွေမှ အများကြီး "

" လူတွေအများကြီးရှိလဲ ငါ့မှာ မင်းတစ်ယောက်ပဲ ရှိတာ သိသားနဲ့ "

" အော်ဟော်... အဲ့တော့ ငါ့သူငယ်ချင်းလေးက ငါ့ကို လွမ်းနေတယ်ပေါ့ "

"အေး လို့ဆို... ဒါနဲ့ မင်း ဘာလို့ အရင်ရက်တွေက ကျောင်းမလာတာလဲ "

အရင်ရက်တွေက Niki နဲ့ Jake ခေါ်လို့ ဒီကျောင်းကို Sunghoon ခဏတိုင်းရောက်ဖြစ်ပါသည်။ ဒီအဖြူရောင်လေးကို မတွေ့ရတဲ့အကြောင်းရင်းက ဒီကောင်လေး ကျောင်းမတက်လို့ပေါ့။ ဘာလို့များပါလိမ့်။ သူတို့နှစ်ယောက် ပြောနေတဲ့ စကားတွေကို စိတ်ဝင်တစား နားထောင်နေလိုက်သည်။

" ဟင်းးး ဒီလိုပါပဲကွာ... ကျောင်းတက်ချင်စိတ်မရှိလို့ပါ "

" ဘာလို့ မတက်ချင်ရတာလဲ... မင်း ပဲ ကျောင်းမြန်မြန်ပြီးချင်တယ်... အလုပ်မြန်မြန်လုပ်ချင်တယ်နဲ့ ခဏတိုင်း ညည်းနေပြီးတော့ "

" ဟုတ်တော့ ဟုတ်ပေမယ့်.... "

"ဘာလဲ မင်း Daddy ကြီးနဲ့ အဆင်မပြေလို့လား"

"ဘာကို Daddy??"

"အဟိ...မင်းရဲ့Daddy type ကြီးနဲ့ ဘဲကြီးလေကွာ... "

"အာ... မင်းကလဲ ဘာတွေ လျှောက်ပြောနေမှန်းမသိဘူး "

"ဟိ ဟိ ငါလဲ အဲ့လို Daddy တစ်ယောက်လောက်တော့ ရချင်သေးတယ် "

" yarr... Jungwon ဘာလို့ မျက်နှာပြောင်နေတာလဲ သူများတွေ ကြားသွားမယ်လေ မင်း "

" ခိ မကြားပါဘူးကွ မင်းကလဲ ငါက တိုးတိုးလေး ပြောတာကို "

"တော်ပြီ အတန်းတက်မယ် လာ သွားကြစို့ "

" ဒါနဲ့ မင်း Bodyguard တွေရော... တစ်ယောက်မှ မတွေ့ပါလား "

"အင်း မပါဘူး... ဒီနေ့ ငါ တစ်ယောက်ထဲ လာတာ"

"ဝိုးးး တယ်ဟုတ်ပါ့လား...မင်း ဘဲကြီးက လွှတ်တယ်ပေါ့ တစ်ယောက်ထဲ "

"လွှတ်လို့တောင် ငါ ဒီမှာ ရောက်နေပြီလေ "

"အာ..ဟုတ်သားပဲ ဟ "

ကျောင်းဘာလို့ မလာလဲ ဆိုတဲ့ နေရာကစပြီး အသံတိုးသွားတာကြောင့် ဘာမှ ရှင်းရှင်းလင်းလင်း မကြားလိုက်ရ။ မသိမသာ ခေါင်းလေးကို စောင်းကာ နောက်သို့ လှည့်ကြည့်လိုက်တော့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ တိုးတိုးကြိတ်ကြိတ် ပြောနေတာကိုသာ တွေ့လိုက်ရသည်။

ခဏကြာတော့ နှစ်ယောက်သား နေရာမှ ထသွားကာ ဆိုင်အပြင်သို့ ထွက်သွားလေတော့သည်။

Sunghoon လဲ ကျသင့်ငွေကို ခပ်မြန်မြန်ရှင်းကာ နောက်ကနေ မသိမသာလေး လိုက်သွားမိသည်။

ကျောင်းပေါ်တက်သွားတဲ့အထိ နှစ်ယောက်သားက တတွတ်တွတ်နဲ့ စကားတွေပြောကာ တစ်ယောက်နဲ့ တစ်ယောက် တွန်းလိုက်ထိုးလိုက်...

ဒီတစ်ကြိမ်မှာတော့ အဖြူရောင်လေးဟာ ပြုံးရယ်နေပါသည်။

အရင်အခါကများလို့ မျက်ရည်တွေနဲ့ မဟုတ်တော့။

ပြုံးရယ်လိုက်တိုင်း ပါးဖောင်းဖောင်းလေးတွေက မို့တက်သွားကာ မျက်လုံးလေးတွေဟာ ပိတ်ကျတော့မတက်။

အဲ့လို အပြုံးမျက်နှာလေးနဲ့ပဲ မင်းက လိုက်ဖက်ပါတယ် အဖြူရောင်လေးရယ်...

တစ်နေရာအရောက် မျက်မှန်နဲ့ ကောင်လေးက ရှေ့ဆက်သွားကာ အဖြူရောင်လေးက တစ်နေရာသို့ ချိုးကွေ့သွားလေသည်။

Sunghoon လဲ နောက်မှဆက်လိုက်လာခဲ့ကာ အဖြူရောင်လေး ဝင်သွားတဲ့နေရာကို တွေ့တော့မှ မလုံမလဲပြုံးလိုက်မိကာ ဂုတ်လေးကိုပွတ်ပြီးသာ ရှေ့မှာ ရပ်ကျန်နေခဲ့ရတော့သည်။

ဝင်သွားတာက Toilet တဲ့လေ....

ရှေ့နား ခပ်လှမ်းလှမ်းကနေ ရပ်စောင့်နေပြီး မကြာ Toilet ထဲက ထွက်လာတဲ့ အဖြူရောင်လေးက စောနကအတိုင်း ဘေးဘီကို တချက်လေးမှ လှည့်မကြည့်ဘဲ Sunghoon ကို ကျော်ပြီး သူ့လမ်းသူသာ ဆက်လျှောက်သွားတာမို့ ကိုယ့်ဘက်က စပြီးသာ အသံပေးဖို့ ဆုံးဖြတ်လိုက်ရတော့သည်။

ထို့ကြောင့် နောက်ကမှီအောင်လိုက်ကာ ဘေးကနေ အတူယှဉ်တွဲ လျှောက်လိုက်ပြီးမှ

" ကိုယ်တို့ ထပ်ပြီး တွေ့ဆုံဖို့ ကံကြမ္မာက အခွင့်ပေးလိုက်ပြီနဲ့ တူတယ်နော် bro "

သူ့အသံကြောင့် လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေဟာ အညိုရောင်လေး...

မျက်တောင်ရှည်စင်းစင်းလေးတွေ ဝန်းရံထားတဲ့ မျက်ဝန်းညိုလေးတစ်စုံဟာ ကြယ်တာရာအပေါင်းတို့ ကိန်းဝပ်ခစားနေသလို အရောင်လေးတွေ တဖျက်ဖျက်နဲ့....

အဲ့ဒီအကြည့်လေး ရောက်လာတဲ့ တခဏ ကိုယ့်ရင်ဘတ်ကြီးကို အရှိန်ပြင်းတဲ့ တစ်စုံတစ်ရာနဲ့ ဝင်တိုက်မိလိုက်သလိုလို ငလျင်လှိုင်းတွေပဲ ဖြတ်ပြေးသွားသလိုလို...

** ဘာလဲ ဟ ဒီခံစားချက်ကြီးက...**

ကိုယ့်ကိုကိုယ် ပြန်အံ့သြမိသွားရတဲ့ အခိုက်အတန့်...

မျက်ဝန်းညိုလေးတွေ လှုပ်ခပ်သွားအောင် မျက်တောင်ရှည်လေးတွေ တဖျက်ဖျက်ခပ်လိုက်ပြီးမှ စိမ်းသပ်သပ်အကြည့်တွေကနေ မှတ်မိသွားဟန် အရိပ်တို့ပေါ်လာကာ မျက်နှာလေးဟာ ပြုံးယောင်သန်းလာပြီး ကိုယ့်ဘက်ကို လက်ညှိုးလေးထိုးကာ

" အာ... ဟို လက်ကိုင်ပုဝါ... "

"အမ်! "

နာမည်မမှတ်မိလို့ထင်ရဲ့ ကိုယ့်ကို လက်ညှိုးလေးထိုးလာပြီး ခေါ်လိုက်တာက လက်ကိုင်ပုဝါတဲ့လား... သူ့ခေါ်သံကြောင့် ရှုံ့မဲ့သွားတဲ့ ကိုယ့်မျက်နှာကို ကြည့်ကာ အားနာသွားဟန် မျက်ဝန်းလေးနဲ့

" ဟို sorry နော်... နာမည်ကလေ... "

"Park Sunghoon ပါ bro ရယ်...ဘယ်နှယ့် လက်ကိုင်ပုဝါ တဲ့လဲ "

"အဟီး... ဟုတ် နောက်ဆိုမှတ်ထားပါ့မယ်ဗျ... "

သူ့ခေါင်းလေးသူ ကုတ်ကာ အားနာပြုံးလေးနဲ့ ပြုံးပြပြီးမှ ခေါင်းလေးငုံ့ကာ ရယ်နေလေသည်။

" ဒီတစ်ခါတော့ bro မျက်နှာမှာ အပြုံးတွေ ဝေလို့ပါ့ပဲ... အဲ့လိုလေးနဲ့က တကယ် လိုက်တယ် "

"ဗျာ..."

ကိုယ်ပြောတာကို နားလည်ပုံမရ... ကြောင်တောင်တောင်လေး မော့ကြည့်လာသည်။

" အော်... အရင်အခေါက်တွေ တွေ့တုန်းက bro ငိုနေခဲ့တာမလား...မျက်ရည်တွေနဲ့လေ... ခု တစ်ခေါက်တော့ မျက်နှာလေး ပြုံးနေလို့... bro မျက်နှာလေးက အပြုံးလေးတွေနဲ့ လိုက်တယ်လို့ "

"အာ... ဟုတ်ကဲ့ ကျေးဇူးပါဗျ "

"မလိုပါဘူး bro ရယ်... ဘာကို ကျေးဇူးလဲ "

" ဒါနဲ့လေ... Sunghoon လက်ကိုင်ပုဝါလေး... ကျွန်တော် ပြန်ပေးမယ်နော်... အခုက ပါမလာလို့"

"အာ... မဟုတ်တာ ... ပြန်ပေးစရာမလိုပါဘူး... ကိုယ် ပေးလိုက်ကတည်းက ပြန်ယူဖို့ စိတ်ကူးမရှိဘူးမို့ bro ပဲ သိမ်းထားလိုက်ပါ "

"အဲ့လို လုပ်လို့ရတယ်လား "

"ရတာပေါ့ဗျာ..."

"ဟုတ်ကဲ့ ကျေးဇူးပါဗျ "

" ဟင့် လုပ်ပြန်ပြီ ဒီကျေးဇူး... ကျေးဇူးက စားလို့ရတာလဲ မဟုတ်ဘဲ ခဏတိုင်းပြောနေတယ်... တကယ် ကျေးဇူးတင်တယ်ဆိုရင် ကိုယ့်ကို မုန့်လိုက်ကျွေး "

"ဟုတ် ရပါတယ်ဗျ... Sunghoon စားချင်တယ်ဆို ကျွေးပါ့မယ် "

" အ့~ ဟို ~ စားချင်လို့တော့ မဟုတ်ဘူးလေ bro ရဲ့... "

" ဟင် မစားချင်ဘူးလား ခုနကကျ မုန့်လိုက်ကျွေးဆို "

ဘယ်လိုလေးလဲ အဖြူရောင်လေးရယ်... မင်းက တကယ်ကို ဘယ်လိုလေးလဲကွာ... အူကြောင်ကြောင်လေးနဲ့ သူ ထင်ရာတွေ ပြောနေတဲ့ ရှေ့က ကောင်ငယ်လေးကို ကြည့်ကာ Sunghoon မှာ ငိုရခက် ရယ်ရခက်...

ပိုပြီး ရင်းနီးမှုရစေဖို့ Canteen လေးထိုင် မိတ်ဖွဲ့ စကားတွေဘာတွေ ပြောကြဖို့ ကြံဖန်ပါတယ်ဆိုမှကွယ်...

ကလေးတွေလို မုန့်စားချင်လို့ လာပြောနေတယ်များ ထင်နေသလား အဖြူရောင်လေးရဲ့...မင်းဟာလေ... မင်း ပုံစံလေးနဲ့ လိုက်ဖက်အောင်ကို ဖြူစင်လွန်းလှပါတယ်...

" ဘာဖြစ်လို့လဲ ဟင်... မုန့်က စားမှာလား မစားဘူးလား... ဟို... ကျွန်တော် အတန်းတက်ရတော့မှာမို့လေ စားမယ်ဆိုလဲ ဝယ်ပေးလိုက်မယ်လေနော်... အဲ့လိုလုပ်လို့ ရလား "

ဟိုက်!! ဝယ်ပေးလိုက်မယ်ဆိုပါ့လား...

ဒါမှ တကယ့်ကို ဂွ ကျပြီဗျာ...

ဖြူစင်လွန်းတာလား အူကြောင်ကြောင်နိုင်လွန်းတာလား... ဒါမှမဟုတ် ကိုယ့်ကို မုန့်ငတ်တဲ့ ကလေးတွေလိုများ ထင်မှတ်နေရော့သလား...

အဖြူရောင်လေးရဲ့ မေးခွန်းအဆုံး ပြောစရာစကားမဲ့သွားရတာ ကျွန်တော်ဆိုတဲ့ Park Sunghoon ကြီးပါပဲဗျာ....

" တစ်ခုခု ပြန်ပြောအုံးလေ Sunghoon ကလဲ ကျွန်တော် ဘယ်လို လုပ်ပေးရမှာလဲလို့ ... ဒီမှာ ကျွန်တော် အတန်းချိန်က နီးနေပြီ "

"ဟုတ်...ဟုတ်ကဲ့...ရပါတယ်ဗျာ... အတန်းချိန်နီးနေတယ်ဆိုလဲ နောက်တစ်ခေါက်မှပေါ့... "

"ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး "

နောက်တစ်ခေါက်မှလို့ ပြောလိုက်တာနဲ့ ချက်ချင်းပဲ လှည့်ထွက်သွားတဲ့ အဖြူရောင်လေး ကြောင့် Sunghoon မှာ အလောတကြီး တားလိုက်ရပြန်ပါသည်။

" ဟာ...ဟေ့ ဟေ့ မဟုတ်ဘူးလေ...ခဏနေပါအုံး"

လက်ကို ဖမ်းဆွဲလိုက်မိတာကြောင့် ရှေ့ကို သွားတော့မယ့် သူက မျက်မှောင်လေးကျုံ့ကာ ပြန်လှည့်ကြည့်လာပြီး သူ့လက်လေးကို ကျွန်တော့်ဆီက ရုန်းသွားကာ

" ဘာဖြစ်ရပြန်တာလဲ... ကျွန်တော့်မှာ အချိန်မရှိပါဘူးဆို အမျိုးမျိုးပဲ... "

စိတ်မရှည်တော့ဘူးဆိုတာ သိသာနေတဲ့ ငြူစူသံလေးကြောင့်

" အာ sorry ပါနော်... အမျိုးမျိုး လုပ်တာမဟုတ်ရပါဘူး... ဆက်သွယ်စရာမရှိလို့... ဟို နောက်တစ်ခါလာရင် ဘယ်လို ဆက်သွယ်ရမလဲ bro ရဲ့... အဲ့ဒါကြောင့် ဖုန်းနံပါတ် လေးဖြစ်ဖြစ်.... "

" ဖုန်းနံပါတ်က ပေးလို့မရဘူး... နောက်တစ်ခါလာလို့ မုန့်စားချင်ရင် ကျွန်တော့််အတန်းဘက် လာခဲ့လိုက်ပါ "

Speechless!!!!!

တကယ်ကြီးကို ကျွန်တော် Park Sunghoon ပြောစရာစကား ကင်းမဲ့သွားပါပြီဗျာ....

မျက်ခုံးတန်းလေးတွေ တွန့်ချိုးကာ ကျွန်တော့်မျက်နှာကိုတောင် မကြည့်တော့ဘဲ မျက်နှာလေး ခပ်လွှဲလွှဲလုပ်ကာ ပြောလာတဲ့ အဖြူရောင်လေးကြောင့် သူ စိတ်မညစ်စေလို၍ ခေါင်းကိုသာ ခပ်သွက်သွက်လေး ငြိမ့်ပြလိုက်ရတော့သည်။

" Ok ပါ Ok ပါ... အချိန်မရရင် ကိုယ် ဘာမှဆက်မပြောတော့ဘူးမို့ ကိုယ့်ကိုတော့ မငြိုငြင်လိုက်ပါနဲ့ It's ok bro... see you..."

လက်နှစ်ဖက်မြှောက်ကာ လက်ဝါးဖြန့်ပြီး ထပ်မတားဘူးဆိုတဲ့အကြောင်း သိစေလိုက်ပြီး ခေါင်းလေးငုံ့ကာနှုတ်ဆက်လိုက်တော့ အဖြူရောင်လေးကလဲ ခေါင်းလေး ပြန်ငုံ့ပြကာ အတန်းရှိရာဆီ ထွက်သွားလေတော့သည်။

အတန်းထဲထိ ဝင်သွားတာကို မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီးမှ ခြေလှမ်းတို့ကို နောက်ပြန်လျှောက်ကာ အတန်းထဲမှာ ထိုင်နေပြီဖြစ်တဲ့ အဖြူရောင်လေးကို မမြင်ရတော့မှ နောက်ပြန်လျှောက်နေတဲ့ ခြေလှမ်းတို့ကို ရှေ့လှည့်လိုက်မိသည်။

" အဟမ်းးး "

" အဟွတ် အဟွတ် "

ဘာသံတွေလဲလို့ မထင်လိုက်လေနဲ့ ဒါ စော်
ကြောင်နှစ်ကောင်ရဲ့ လုပ် ချောင်း သံတွေ။

" မင်းတို့နှစ်ကောင်လုံး ရောဂါတွေ ကူးလာတာလား ချောင်းတွေ ဒီလောက်ဆိုးနေတာ မပေါ့ဆသင့်ဘူးနော် "

ဘာမှမသိလေဟန်နဲ့ ငကြောင်ကွက်နင်းကာ သူတို့နှစ်ယောက်ကို ပြောလိုက်တာကြောင့် စပ်ဖြဲဖြဲ ဒီနှစ်ကောင်က

" အဟွတ် အဟွတ် ချောင်းတွေဆိုးနေလို့ ဘာမှ မပြောတော့ဘူးမို့ ကျွန်တော်တို့နှစ်ယောက်ကိုတော့ မငြိုငြင် လိုက်ပါနဲ့ bro...အဟမ်း... It's Ok..အဟမ်းး.. See you bro အဟမ်း "

" ချောင်းထဲ အသက်ပါသွားအုံးမယ် ဟေ့ရောင် ကြည့်လဲလုပ်အုံး "

တမင်မျက်နှာပြောင်ချင်နေ​တဲ့ နှစ်ကောင်...

" ဟား ဟား ပတ်ကြီး ဟေ့ရောင်... ဒါ မင်း ဒိုင်လျှိုလေးလား... ဖြူဖြူသေးသေးလေးနဲ့ ချစ်စရာလေးနော် အဟီးး.... ဒါကြောင့် ငါတို့ကိုတောင် အသိမပေးနိုင်ဘဲ နောက်ကလိုက်သွားတာကိုးးး "

ရယ်ကျဲကျဲမျက်နှာနဲ့ ခုထိ မျက်နှာပိုးမသေသေးတဲ့ Jake က ပြောတော့ Niki ကလဲ

" ဘယ်အချိန်ထဲကလဲ သားကြီး... အနေအထားက ခုမ တွေ့တာတော့ မဟုတ်ဘူးနော်... မင်း လျှိုမထားနဲ့ ဟေ့ရောင် .... ငါတို့နဲ့လဲ မိတ်ဆက်ပေး "

" လျှိုတာမဟုတ်ရပါဘူး ကွာ.... ခုမတွေ့တာ သုံးခါပဲ ရှိပါသေးတယ်... မိတ်ဆက်ပေးရလောက်အောင် ငါနဲ့လဲ အဲ့လောက်ထိ ခင်တာ မဟုတ်ဘူးကွ "

" အမ်... "

"ဟုတ်တယ်ကွ... သူ အကူအညီ လိုတုန်း ကူညီပေးဖူးတာကွာ... အဲ့ဒါ အခု ဒီမှာတွေ့လိုက်ရလို့ စကားခဏလိုက်ပြောတာ "

Sunghoon စကားကြောင့် Jake က ရယ်စရာမပါဘဲ ထရယ်နေတော့သည်။ ရယ်လို့အားရမှ

" Sunghoon.... Sunghoon... အနားကပ်လာသမျှ မိန်းကလေးတွေကို အပြတ်ငြင်းလာပြီး ဒီဟာလေးနဲ့ တွေ့တော့မှ .... အဟင်းးး ဘာလဲ မင်း ငြိ သွားတာလား "

Jake ပြောလိုက်တဲ့ စကားကြောင့် Sunghoon မှာ ပြာပြာသလဲ ငြင်းဆန်လိုက်ရသည်။

" အာ... ဟေ့ရောင် ဟေ့ရောင် အဲ့ဒါ မင်း ဘာစကားကြီးလဲ... ဘာကို ငြိ ရမှာလဲ... ယောကျ်ားလေးချင်းကြီးကွာ... မင်းကလဲ "

" မင်းအပြုအမူတွေ ထူးဆန်းနေလို့လေ သားကြီးရ"

" ဘာ ထူးဆန်းစရာ ရှိလို့လဲကွ... ဒီလိိုပဲ သိတဲ့လူ တွေ့လို့ လိုက်နှုတ်ဆက်တာပဲကို "

" အဲ့လို နောက်ကလိုက်ပြီး နှုတ်ဆက်တယ်ဆိုတာကိုက မင်း ထူးဆန်းနေတာ "

" ဟုတ်တယ် Sunghoon... မင်း ဘယ်သူ့ကို ဖုန်းနံပါတ် တောင်းဖူးလဲ... ဘယ်သူ့ကို နောက်ထပ်ဆုံဖို့ ကြိုးစားဖူးလဲ... ဒါတော့ မင်းကိုယ်မင်း သိမှာပါနော် "

Jake တင်မက Niki ကပါ ဝင်ပြောလာလေတော့သည်။

" မင်းတို့က ဒါတွေပါ ကြားလိုက်တာလား... ဘယ်အချိန်ကတည်းက ရောက်နေကြတာလဲ "

" မင်းမပီသအောင် ကလေးကလား မုန့်လိုက်ကျွေးခိုင်း နေကတည်းက ... ခွီးးး ဟိုဟာလေးကလဲ အူကြောင်ကြောင်နော်... အချိန်မရလို့ မုန့်ဝယ်ပေးလိုက်မယ်တဲ့ ဟား ဟား ဟား ဟား "

ပြောရင်းဆိုရင်း အသံအကျယ်ကြီးနဲ့ အော်ရယ်နေတဲ့ Niki ကြောင့် Sunghoon မှာ Niki ပါးစပ်ကို အတင်းလိုက်ပိတ်ကာ တိုးတိုးနေရန် သတိပေးရပြန်သည်။

" ဟေ့ရောင် Niki... ငါတို့ရောက်နေတာ သူများကျောင်းမှာနော်... ကျောင်းပေါ်ထိတက်ပြီး အသဲပြဲကြီးနဲ့ အော်ရယ်မနေနဲ့ လိုက်ရိုက်ခံနေရမယ် "

ပါးစပ်ပိတ်ထားတဲ့ လက်ကို မရမက ဆွဲဖယ်ကာ

" ချီးမှပဲ မင်းပါးစပ်ပိတ်တာ နှာခေါင်းပါရောပိတ်ထားတယ်ကွ...ငါ့ကို အသက်ရှူပိတ် သေအောင် လုပ်နေတာလား... "

"သေပါစေကွာ... မင်းလိုကောင်မျိုး သေတာ မသနားဘူး "

"ငါတော့ မသေနိုင်သေးဘူး ဟေ့ရောင်... မင်းနဲ့ ဟိုဟာလေး ချစ်သူဖြစ်သွားတာကို မြင်ချင်သေးတယ်ကွ"

" လိကို ချစ်သူဖြစ် မင်းတော့ တကယ် သေချင်နေပြီ "

လက်သီးရွယ်လိုက်တဲ့ Sunghoon ကြောင့် တကယ်ထိုးတော့မှာမှန်းသိလို့ Niki တစ်ယောက်ရှေ့ကနေ အော်ရယ်ပြီး ပြေးသွားလေတော့သည်။

ဒီလိုပဲ သူတို့ သူငယ်ချင်းသုံးယောက်ဟာ တွေ့လိုက်ရင် အမြဲ ရုန်းရင်းဆန်ခတ်။
.
.
.

Park Group ပိုင် company အဆောက်အအုံကြီးရဲ့ အပေါ်ဆုံးထပ်က CEO ရုံးခန်းထဲမှာတော့ ဆုံလည်ကုလားထိုင်ကို ဟိုဟိုဒီဒီ လှည့်ပတ်ထိုင်ကာ လက်ထဲက လက်ကိုင်ပဝါလေးတစ်ထည်ကို သေချာ စူးစိုက်ကြည့်နေတဲ့ Jay...

ပုဝါလေးကို ကြည့်တယ်ဆိုတာထက် ပုဝါလေးရဲ့ အဖျား ထောင့်နားဆီမှာ ငှက်လေးတစ်ကောင် ပျံသန်းနေသလိုပုံလေးကို ချည်လေးနဲ့ထိုးထားပြီး ပုံလေးရဲ့အောက်မှာ SH ဆိုတဲ့ စာသားလေးကို ပန်းစာလုံးလေးတွေနဲ့ ရေးထွင်းထားတဲ့ နေရာလေးကိုသာ ကွက်ပြီး ကြည့်နေတယ်ဆို ပိုမှန်ပါလိမ့်မည်။

ဒီပုဝါလေး သူ့လက်ထဲ ရောက်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိပြီ။ နှင်းဆီခြံထဲ ဘေဘီလာထိုင်တဲ့နေ့ ကတည်းက။

ဘေဘီနဲ့သူ ကားလျှောက်မောင်းပြီး အိမ်ကို ပြန်လာတော့ နှင်းဆီခင်းကိုပြုစုဖို့ တာဝန်ပေးထားတဲ့ ဝန်ထမ်းကောင်လေးတစ်ယောက်က လာပေးသွားတာ။

" အစ်ကိုလေး Sunoo ကျကျန်ခဲ့တာတွေ့လို့ လာပေးတာပါ သူဌေး " တဲ့

သူ ဝယ်ပေးထားတဲ့ ဘေဘီ့ရဲ့ ပစ္စည်းတွေထဲမှာ ဒါမျိုးပုဝါမှ မပါဘဲ...

ပြီးတော့ ဘေဘီက ပုဝါ ဆောင်တတ်တဲ့ ကလေးမဟုတ်။

ဒါဆို ဒီပုဝါ ဘေဘီ့ဆီ ဘယ်လိုရောက်နေတာလဲ...

ဘေဘီက ဒီပုဝါလေးကို သူ့အိတ်ကပ်ထဲမှာတောင် ထည့်ထားပြီး မျက်နှာပေါ်တောင် တယုတယ တင်လိုက်သေးတာလေ။

ဘေဘီက ကိုယ်နဲ့မကွာ ဆောင်ထားရလောက်အောင် ဒီပုဝါလေးက ဘယ်လောက်ထိ တန်ဖိုးရှိနေလို့လဲ...

ပြီးတော့ ဒီပုဝါလေးပေါ်က ပုံလေးနဲ့ စာလေးဟာ တစ်ခုခုကို အမှတ်တရရေးထိုးထားသလို... အမြတ်တနိုးရေးထိုးထားသလို ပုံစံမျိုး။

SH တဲ့....

ဒါကရော ဘာလဲ...

ဘာရဲ့ သင်္ကေတလဲ...

ဒီပုဝါလေးကို တကြည့်ကြည့်နဲ့ Jay စဉ်းစားနေတာ တစ်ပတ်ကြာပြီ။

ဘေဘီ့ကို တင်းကြပ်ထားမှုတွေ လျှော့ပေးကာ လွတ်လပ်ခွင့်ပေးပါမယ်လို့ ကတိပေးထားပြီးမှ ဒီပုဝါလေးတစ်ခုအတွက်နဲ့ စစ်လားဆေးလား လုပ်ပြန်ရင်လဲ ကိုယ်ဟာ သဘောထား သေးသိမ်ရာကျတော့မည်။

ပြီးတော့ ဘေဘီလဲ စိတ်ညစ်ရမည်။

သူ့ကို မယုံရကောင်းလား ဆိုပြီးတော့ပေါ့...

ဒါကြောင့် သူ ဘေဘီ့ကို မေးကြည့်ဖို့ ဆန္ဒမရှိ။

သူ ကိုယ်တိုင်ပဲ သိအောင် ကြိုးစားတော့မည် ဟုဆုံးဖြတ်ကာ စားပွဲအံဆွဲထဲသို့ ထည့်လိုက်လေတော့သည်။

ဒါကိုပဲ ဖိုင်တွေတစ်ထပ်ကြီးနဲ့ အခန်းထဲဝင်လာတဲ့ Heeseung က မြင်ဖြစ်အောင် မြင်လိုက်ကာ

" ပုဝါလေးကို ကြည့်နေပြန်ပြီလား CEO "

"ဟုတ်တယ် အတွင်းရေးမှူး Lee.. ကျွန်တော့်စိတ်ထဲမှာ မတင်မကျ ဖြစ်နေမိလို့ "

" အဲ့ဒါဆိုလဲ Sunoo လေးကို ဖွင့်မေးလိုက်ပါလား CEO ရယ်... Sunoo လေးက အမှန်တိုင်းပြောမှာပါ "

" နေပါစေ အတွင်းရေးမှူး Lee... ဘေဘီ့ကို စိတ်ရှုပ်မခံတော့ဘူး... ထားလိုက်ပါ... ဒါ အသေးအဖွဲလေးပါ ဘာမှ ဟုတ်မှာ မဟုတ်ပါဘူး "

" အသေးအဖွဲလို့ ထင်တယ်ဆိုရင်လဲ CEO ကိုယ်တိုင်လဲ စိတ်ရှုပ်ခံမနေတော့နဲ့လေ... တစ်နေ့တစ်နေ့ အားအားရှိ ဒါကြီးပဲ ထိုင်ကြည့်နေတယ် "

" ဟား ဟား ဟုတ်ပါပြီ အတွင်းရေးမှူး Lee ရယ်.. ဒါ Company ဆိုတာလဲ သတိထားအုံး... ကျွန်တော်က အထက်လူကြီးနော် "

"အာ... Sorry ပါ CEO... ကျွန်တော် CEO စိတ်ရှုပ်နေတာ တွေ့ရလို့ စေတနာနဲ့ပါ "

"သိပါတယ် အတွင်းရေးမှူး Lee ရယ်... အစ်ကိုတစ်ယောက်လို ကျွန်တော့်ကို စိုးရိမ်လို့ ပြောနေတယ် ဆိုတာ "

CEO က တမင် နောက်လိုက်မှန်း သိပေမယ့် ဒါ Company မှာမလား... CEO နဲ့ ဘယ်လောက်ပဲ ရင်းနီးတယ်ဆိုဆို အထက်လူကြီးနဲ့ လက်အောက် ဝန်ထမ်းဆိုတော့ သူ ဆင်ခြင်သင့်ပါသည်။

ထို့ကြောင့် ဘာမှ ဆက်မပြောတော့ဘဲ ဖိုင်တွဲတွေကိုသာ CEO ရှေ့က စားပွဲပေါ် တင်ပေးလိုက်ပြီး

" ဒါ CEO လက်မှတ်ထိုးရမယ့် ဖိုင်တွေပါ "

" ဟုတ်ပြီ... ကျွန်တော် တစ်ခါတည်း စစ်ပြီး လက်မှတ်ထိုးပေးလိုက်မှာမို့ စောင့်ယူသွားပါ "

အလုပ်အကြောင်း ပြောလိုက်တာနဲ့ မျက်နှာရော ဟန်ပန်အမူအရာကပါ တည်ကြည်လေးနက်သွားကာ ဖိုင်တစ်ခုချင်းဆီကို သေချာ စစ်ဆေးပြီး လက်မှတ်ထိုးနေတဲ့ CEO...

ပုဝါလေးကို ကြည့်ပြီး စိတ်မသက်မသာဖြစ်နေတဲ့ သူ့ CEO ကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘက်က စုံစမ်းစရာရှိတာ စုံစမ်းထားဖို့ အတွင်းရေးမှူး Lee တစ်ယောက် ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။

*************************************

Love you all my Vitamins 💙

San Htarni 💙

2.2.2023

Comment