~ 17 ~

~ 17 ~

" ဟိုးရှေးရှေးတုန်းက... မြို့လေးတစ်မြို့မှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ကြင်နာပြီးတော့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြတဲ့မိသားစုသုံးယောက် ရှိခဲ့တယ်....

အဲ့လို အေးအေးချမ်းချမ်း နေထိုင်ရင်းနဲ့ တစ်ရက်မှာ ထင်မှတ်မထားတဲ့ ကံကြမ္မာရဲ့ ရိုက်နှက်မှုကြောင့် အဲ့ဒီမိသားစုလေးဟာ ပျော်ရွှင်မှုတွေ ပျက်သုန်းပြီး မိသားစုထဲက ဖခင်ဖြစ်သူဟာ လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ရတယ်...

ဖခင်ဆုံးပါးတဲ့အချိန်နဲ့ အပြိုင်ပဲ ကလေးငယ်လေးဟာလဲ ဆေးရုံကို တစ်လလောက် တက်လိုက်ရတယ်။ ရောဂါတော့ ရှာမရပါဘူး ။ တစ်စုံတစ်ခုကို အကြောက်လွန်ပြီး ဖြစ်လာတဲ့ ရောဂါလို့ပဲ ပြောကြတယ်တဲ့။

ဒီလိုနဲ့ ဆေးရုံကနေ အိမ်ကိုပြန်ရောက်တော့ အဖေကို မေးရှာတယ်။ အမေလုပ်တဲ့သူကလဲ စကားတွေ ဟိုလွှဲ ဒီလွှဲပေါ့။

ဒါကို ငါးနှစ်အရွယ် သားငယ်လေးက သေဆုံးခြင်းဆိုတာ ဘာမှန်းမသိရှာတော့ တစ်နေ့ သူ့အဖေပြန်လာနိုး ပြန်လာနိုးနဲ့ ညနေ နေဝင်ချိန်တွေတိုင်း အိမ်အပေါက်ဝလေးမှာ ငုတ်တုတ်လေးထိုင်ပြီး စောင့်နေရှာတယ်...

တစ်ရက်လဲ ပြန်မလာ...နှစ်ရက်လဲ ပေါ်မလာ... သူ စောင့်ခဲ့တယ်....နေ့စဉ်ရက်ဆက်... ဒီမြင်ကွင်းကို နေ့တိုင်းမြင်နေရတဲ့ သူ့အမေကတော့ သားလေးမသိအောင် နောက်ကွယ်မှာ ကြိတ်ငိုလို့ပေါ့။

မျှော်နေတဲ့ အဖေဖြစ်သူက ပေါ်မလာခဲ့လေတော့ အဲ့ကလေးလေးက ငိုယိုပြီး သူ့အမေကို မေးရှာတယ်... မေမေ ဖေဖေက ဘယ်သွားတာလဲ ဘာလို့ ပြန်မလာတာလဲ လို့....

အဲ့ဒီ့မှာ အမေလုပ်သူက ဖြေရှာတယ်... သား ဖေဖေက မိုးပေါ်ရောက်သွားပြီ...မေမေတို့ဆီ ပြန်မလာတော့ဘူး... ဒါပေမယ့် မေမေနဲ့သားကို ဟိုး မိုးပေါ်ကနေ နေ့တိုင်း စောင့်ကြည့်နေတယ်... ဒီလိုပြောလိုက်တော့ ဖေဖေကဘာလို့ မိုးပေါ်ရောက်သွားတာလဲ... သားတို့ဆီ ဘာလို့ ပြန်မလာတာလဲ....မရဘူး ဖေဖေ့ကို ပြန်ခေါ်ပေး ဆိုပြီး... ကြမ်းပေါ်မှာ လူးလှိမ့်လို့ ငိုလိုက်တာ ကလေးလေး သတိလစ်သွားတဲ့အထိ။

ဘာရယ်ကြောင့်မှန်း မသိပေမယ့် ကလေးငယ်လေးဟာ ဖခင်ဆုံးပါးသွားခဲ့တဲ့အချိန်က စ လို့ မိုးတွေ ခြိမ်းရင် သူ့မှာ နေစရာမရှိအောင် ကြောက်တတ်လာတယ်လ...သွေးသံရဲရဲတွေ မြင်တိုင်းလဲ ကြောက်ရွံ့တုန်လှုပ်ပြီး ထိတ်လန့်တတ်လာတယ်။

တစ်ခါတစ်ခါဆို မိုးည အိမ်မက်ဆိုးကြီးတွေ မက်လို့ အသက်ရှူတွေ ကြပ်ပြီး နိုးထလာခဲ့ရတဲ့ ရက်တွေကလဲ မနည်းမနောပေါ့.... ဒါပေမယ့် အိပ်မက်အကြောင်းကိုတော့ ဘယ်သောခါမှ ပြန်စဉ်းစားလို့ မမှတ်မိခဲ့ဘူး...မက်လိုက်တိုင်းလဲ ဒီ အိပ်မက်တစ်ခုထဲကိုပဲ မြင်မက်နေပေမယ့်လို့ ပေါ့။

ဒီလိုနဲ့ စိတ်ဒဏ်ရာတွေ ရခဲ့တဲ့ ကလေးလေးဟာ ရွယ်တူကလေးငယ်တွေကြား အ​ဖေဆိုတာ ပြစရာ မရှိလေတော့ စိတ်အားတွေလဲ ငယ်ခဲ့
ရတာပါပဲ။

တစ်ကောင်ကြွက် တစ်မျက်နှာ အမေလုပ်သူကလဲ လုပ်ငန်းအကြောင်းတွေ ဘာမှ နားမလည်ခဲ့လေတော့ ဖေဖေ ထားခဲ့တဲ့ လက်ငုတ်လက်ရင်းလေးတွေ ထုခွဲရောင်းချနေထိုင်လာရင်း အဲ့ကလေးလေး ဆယ်နှစ်သားအရောက်မှာ အမေလုပ်သူဟာ အားကိုးရှာရင်း နောက်အိမ်ထောင် ပြုလိုက်တာ အစပိုင်းတော့ ဟုတ်မလိုလိုနဲ့ အဲ့လူကြီးက အချိန်တွေလဲ ကြာလာရော ဇာတိတွေပြ မိန်းမနဲ့ ကလေးလုပ်သူအပေါ် မကြင်နာခဲ့ပါဘူး။

လက်ထပ်ပြီး တစ်နှစ်အကြာမှာ မွေးခဲ့တဲ့ သမီးလေးကလဲ ကျန်းမာရေး ချို့တဲ့ရှာတော့ ခွဲစိပ်ခန်းအကြိမ်ကြိမ်ဝင် ဆေးတွေ အခါခါကုနဲ့ ဒီမိသားစုလေးဟာ အကြွေးတွေ တင်ပြီးရင်း တင်လို့ ပိုင်ဆိုင်သမျှ အသိမ်းခံရဖို့ ဖြစ်လာခဲ့တယ် "

ပြောတဲ့လူကလဲ အဝေးကိုငေးလို့ တွေးတွေးဆွေးဆွေးလေးနဲ့ တိုးတိုးသက်သာ ပြောလို့နေပြီး နားထောင်နေတဲ့ လူကလဲ အာရုံအပြည့်စိုက်လို့ တိတ်တိတ် ဆိတ်ဆိတ်....

အခန်းလေးထဲမှာ ပုံပြင်ပြောနေတဲ့ အသံတိုးတိုးလေးကသာ ပျံ့နှံ့လို့....

" အဲ့ဒီမှာ ဘာ သွားဖြစ်သလဲဆိုရင် အကြွေးသိမ်းဖို့ ရောက်လာခဲ့တဲ့ အကြွေးရှင် သူဌေးဟာ အဲ့ဒီအိမ်က အရွယ်ရောက်လာပြီဖြစ်တဲ့ သားငယ်လေးကို မျက်စိကျသွားခဲ့တယ်လေ။

အဟက်! ရယ်တော့ ရယ်ရတယ်နော်... မွေးထားတာ သားတစ်ယောက် ဖြစ်ပေမယ့် သူဌေးမျက်စိကျလို့ တောင်းခံရတယ် တဲ့။

ပြောရရင်တော့ အဲ့ဒီ သားဖြစ်သူကို အကြွေးနဲ့ သိမ်းတယ်ပေါ့ဗျာ... ရှိသမျှအကြွေးတွေကို လျှော်ပေးမယ်... ဒီသားကို သူ့ဆီပေး... အဲ့ဒါ အပြင် ကျန်းမာရေး မကောင်းတဲ့ သမီးကိုလဲ အဲ့သူဌေးက သူပိုင်တဲ့ ဆေးရုံကြီးမှာ ဆေးကုပေးအုံးမှာတဲ့။

ပထွေးလုပ်တဲ့လူက ချက်ချင်း သဘောတူ ခေါင်းညိမ့်ချင်ပေမယ့် အမေနဲ့သားလေး ကတော့ အဲ့လိုမလုပ်ဖို့ မျက်ရည်တွေနဲ့ အခါခါတောင်းပန်တယ်... ရလား ဆိုတော့ မရခဲ့ပါဘူး... နောက်ဆုံးလက်ရှိ နေ နေတဲ့အိမ်ပေါ်ကနေပါ ဆင်းပေးရတော့မယ့် အချိန်လဲရောက်ရော ရွေးချယ်စရာ
မရှိခဲ့လေတော့ ခေါင်းညိမ့်လိုက်ရတယ်။

အဲ့ဒီ့နေ့က စ လို့ အဲ့ကောင်လေးဟာ သူ့ဘဝကိုသူ မပိုင်တော့ဘဲ အဲ့သူဌေးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ နေခဲ့ရတော့တယ်။

Sunghoon သိလား... အဲ့ဒီကောင်လေးကလေ ပိုင်ရှင်ရှိပါတယ်လို့ တံဆိပ်ကပ်ခံထားရပြီးတဲ့ လူတစ်ယောက် တဲ့။

ဘဝကြီးကို ချုပ်ချယ်မှုပေါင်းစုံနဲ့ ထိန်းချုပ်ခံနေရပေမယ့်လဲ ကျေးဇူးတွေက ရှိနေတော့ ဘာတစ်ခုမှလဲ စောဒက မတက်ဝံ့ရှာခဲ့ဘူး။

အဲ့ဒီလိုတွေ အပိုင်သိမ်း ထိန်းချုပ်ထားပေမယ့်လဲ အဲ့သူဌေးက ဒီကောင်လေးအပေါ် နှိမ့်ချဆက်ဆံသလားဆိုတော့လဲ မဟုတ်ပြန်ဘူး။

အရမ်းကောင်းပေးတယ်... လိုအပ်တာ ဖြည့်ဆည်းပေးတယ်... ကာကွယ်စောင့်ရှောက်ပေးတယ်။ ဒီကောင်လေးကို ဘေးလူတွေ စေ့စေ့ကြည့်တာတောင် မကြိုက်တာမျိုးအထိ။

တစ်ခါတစ်ရံ ဒီကောင်လေးအပေါ် ကြမ်းတမ်းပေမယ့် တစ်ခါတစ်ရံမှာ နူးညံ့ပေးတတ်တယ်။

တစ်ခါတစ်လေ ဒီကောင်လေးအပေါ် ဒေါသတွေနဲ့ ပေါက်ကွဲတတ်ပေမယ့် တစ်ခါတစ်လေကျတော့ သူနဲ့ မတူအောင် ချိုသာပေးပြန်ပါရော...

သူမတူအောင် ဂရုစိုက် စောင့်ရှောက်ပေးမှုတွေရယ် ကြီးမားလှတဲ့ ကျေးဇူးတရားတွေရယ်ကြား ရုန်းမထွက်နိုင်ခဲ့တဲ့ ဒီကောင်လေးဟာ ငိုလိုက်ရယ်လိုက်...ပျော်လိုက် မပျော်လိုက်ပါပဲ....

ဒါပေမယ့် သေချာတာတစ်ခုက ဒီကောင်လေးဟာ တစ်ချိန်ကျရင် ဒီသူဌေးဖြစ်သူရဲ့ သိမ်းပိုက်ခြင်းကို ခံရမှာဖြစ်လို့ သူ့ဘဝထဲကို ဘယ်လိုလူမျိုးကိုမှ လိုတာထက် ပိုပြီး ဆွဲမခေါ်တတ်ခဲ့ပါဘူး။

ခေါ်လို့လဲ မရသလို...ခေါ်ခွင့်လဲ ရှိမှမရှိတာ....

ဒီပုံပြင်လေးထဲက ဒီကောင်လေးဟာ အချစ်ဆိုတာ ဘာမှန်းမသိခင်ကတည်းက သူများအပိုင်ပါလို့ သတ်မှတ်ခြင်း ခံထားခဲ့ရတဲ့ အရုပ်သာသာ လူတစ်ယောက်ပါ ....

သူ့ဘဝကိုလဲ သူမပိုင်ဘူး...

သူ့နှလုံးသားကိုလဲ သူမပိုင်ဘူး...

တစ်ခါတစ်ရံမှာ ဒီကောင်လေးဟာ သူ ထမ်းပိုးထားရတဲ့ ကျေးဇူးတရားဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးရဲ့ ဝေးရာကို ထွက်ပြေးသွားလိုက်ချင်ပေမယ့်လဲ သူ့မှာက ငဲ့ကွက်စရာ မိသားစုက ရှိနေလေတော့ ဘယ်လိုမှ ရုန်းထွက်လို့ မရခဲ့ပါဘူး တဲ့....

ပုံပြင်လေးကတော့ ဒါပါပဲ Sunghoon ရယ်...

ကျန်တာတွေတော့ Sunghoon ဘာသာ စဉ်းစားကြည့်ပေါ့ "

ရင်နာနာနဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်လေးအဆုံးမှာတော့ သေချာသွားတာက Sunghoon တစ်ယောက် သူ့အချစ်တွေ ရှေ့ဆက်ဖို့ ဘယ်လိုမှ လမ်းစ မရှိတော့ဘူး ဆိုတာပါပဲ။

ထင်ထားတာထက်ကို ပိုပြီး ကိုယ့်အချစ်တွေက
ကံဆိုးနေခဲ့တာပါ။

ပြောစရာရှိတာတွေကို ပြောလို့ အဆော ပြန်သွားခဲ့တဲ့ အချိန်ထိ Sunghoon တစ်ယောက် အတွေးပေါင်းစုံနဲ့ ဆိုဖာပေါ်မှာ ကျောက်ရုပ်။

မလှုပ်မယှက် ထိုင်နေမိရင်း...အဆော ပြောခဲ့တဲ့စကားတွေသာ နားထဲမှာ တဝဲလည်လည်....

အဆော မပြန်ခင်မှာ သူ အရမ်း သိချင်နေတဲ့ မေးခွန်းကို မေးဖြစ်အောင် မေးလိုက်မိပါရဲ့။

ဒီပုံပြင်ထဲက သူဌေးကြီးဟာ ကောင်ကလေးအပေါ် ချစ်ပါရဲ့လား လို့...

ချစ်တယ်လို့တော့ တဖွဖွ ပြောခဲ့ပါတယ်တဲ့...

ဒါဆို ကောင်လေးကရော သူဌေးကြီးကို ပြန်ချစ်ခဲ့ပါသလား လို့ မေးလိုက်တော့ ရလိုက်တဲ့ အဖြေတစ်ခုက

အချစ်ဆိုတာ သူ့ဘဝမှာ အသုံးမဝင်ပါဘူး တဲ့။

သူ့စိတ်ထဲမှာ ရှိတာက ကျေးဇူးတွေ ပြန်ဆပ်နိုင်ဖို့ရယ် သူ့မိသားစု အဆင်ပြေဖို့ရယ် သာတဲ့။

ဒါဆို ဒီကောင်လေးက လက်ထပ်ခြင်းဆိုတာကို ကျေးဇူးဆပ်စရာ အရာ တစ်ခုလို့ပဲ ထင်မြင်ခဲ့တာများလား...

လက်ထပ်ခြင်းနဲ့ ကျေးဇူးဆပ်မယ်ဆိုရင် အသစ်စက်စက် သူ့နှလုံးသားကို ဘယ်နေရာမှာများ သော့ခတ် သိမ်းထားမလို့တဲ့လဲ....

အဆော ဘဝထဲကို အရင်ဦးဆုံး ဝင်လာတဲ့ လူက ကိုယ်သာ ဖြစ်ခဲ့မယ်ဆိုရင် သော့ခတ်သိမ်းထား ခံရမယ့် အဆောရဲ့ နှလုံးသားလေးကို ကိုယ်များ ပိုင်ဆိုင်ခွင့် ရလေမလား...

သိချင်မိတယ် အဆောရယ်...

နောက်ဆုံးပြောသွားတဲ့ စကားတစ်ခွန်း ရှိသေးတယ်။

ဒီပုံပြင်ထဲက ကောင်ငယ်လေးလို အနာဂတ်အိပ်မက်တွေ မက်ခွင့်မရတဲ့ ထိန်းချုပ်ခံ လူတန်းစားတွေ အစား အနာဂတ် အိပ်မက်တွေ ရှိနေတဲ့ Sunghoon က အဲ့ဒီအိပ်မက်ကို သေသေချာချာ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားပေးပါ တဲ့။

စကားလေးတစ်ခွန်းနဲ့လဲ ယိုင်လဲနေတဲ့ ကိုယ့်ခြေလှမ်းတွေကို အားအင်တွေ ပြည့်ဝလာအောင် စွမ်းဆောင်နိုင်လွန်းပါတယ် အဆောရယ်....

စိတ်ချပါ...

အဆော အတွက် ဒီအောင်မြင်မှုကို ကိုယ် ရအောင်ယူပေးမယ်....

.
.
.

Sunghoon ဆီက ပြန်လာတော့ အပြင်မှာ အနည်းငယ် မှောင်ရီပျိုးနေလေပြီ။

Jay သူ့ကို စိတ်တိုနေမယ်ဆိုတာ သိပေမယ့်လဲ မတတ်နိုင်ပါ။

လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို သူ လုပ်ခဲ့တာပဲ။

မကြိုက်တာ လုပ်ခဲ့ပြီး ပြီမို့ အပြစ်ခံယူဖို့ရန် Jay ရှိရာသို့ သွားရတော့သည်။

သူ ရောက်သွားတော့ Jay က သူ့အခန်းထဲမှာ စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေလေသည်။

သူ ဝင်လာတာကို တစ်ချက်သာမော့ကြည့်ပြီး လုပ်လက်စကိုသာ ဆက်လုပ်နေတဲ့ Jay က ဘာစကားမှ ဆိုမလာသေး။

ထို့ကြောင့် Sunoo သူ့နားမှာ အသာရပ်နေရင်း သူပြောလာမယ့် စကားများကိုသာ စောင့်ဆိုင်းနေပြီး ပေးလာမယ့်အပြစ်ကို ခံယူဖို့ အသင့်ပြင်ထားလိုက်တော့သည်။

စာရွက်စာတမ်းတွေကို စစ်ဆေးနေစဉ် တလျှောက်လုံး သူ့ဘက်ကို လှည့်ကြည့်မလာတဲ့ Jay က ဖိုင်တွေအကုန် အိတ်ထဲသို့ ထည့်ပြီးကာမှ သူရှိရာဆီ လှည့်ကြည့်လာတော့သည်။

ပြီးနောက် ကုတင်ပေါ်မှာ အကျအန ထိုင်ကာ သူ့ကို စေ့စေ့ကြည့်ရင်း

" ပြောပါအုံး ကိုယ်တောင် တားလို့မရအောင် အရေးတကြီး အပြင်ကို ထွက်သွားရတဲ့ အကြောင်းလေး "

" Sunghoon က ဘယ်သူ့ကိုမှ အဆက်အသွယ် မလုပ်ဘဲ အခန်းပိတ်ပြီး နေနေတယ်ဆိုလို့ သွားတာပါ "

" ကျစ်! လာပြန်ပြီ ဒီ Park Sunghoon... တစ်ခါလာလဲ Park Sunghoon... နောက်တစ်ခါလာလဲ Park Sunghoon... မင်း ပါးစပ်ကနေ Park Sunghoon.. Park Sunghoon နဲ့ ခဏတိုင်း ကြားနေရတာ ငါ့အတွက် တော်တော် အဆင်မပြေဖြစ်နေပြီနော် ဘေဘီ! "

" ခုရက်ပိုင်းအတွင်း သူနဲ့ ခဏခဏ ဆုံဖြစ်နေလို့ပါ "

" အေး ခဏတိုင်း ဆုံနေရအောင် အဲ့ကောင်က ဘာမို့လို့လဲ... ဘာသဘောနဲ့ မင်းအနား အဲ့လောက်ထိ ကပ်တွယ်နေရတာလဲ "

" ကျွန်တော်တို့က သူငယ်ချင်းတွေ - "

" တော်!! သူငယ်ချင်း သူငယ်ချင်း ဆိုပြီး နေမကောင်းတဲ့ကြားက ငါတားနေတာတောင် မရမက ထွက်သွားပြီး တွေ့စရာလား ကွ! "

" ဟို သူက အခုတလော စိတ်တွေ တော်တော် အဆင်မပြေဖြစ်နေတာမို့လို့ပါ... အလုပ်ကိစ္စတွေကလဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတော့ တစ်ယောက်ထဲ စိတ်ညစ်ညစ်နဲ့ အခန်းပိတ်ပြီး တစ်ခုခု လုပ်လိုက်မှာစိုးလို့ "

" အဲ့ဒီ့တော့ သူ့ပတ်ဝန်းကျင်မှာ သူ့ကို သွားပြီး ကြည့်ရှုစောင့်ရှောက်ဖို့ မင်းကလွဲ ဘယ်သူမှ မရှိကြတော့လို့လား... သူက အပေါင်းအသင်းမရှိ ဆွေမျိုးအသိုင်းအဝိုင်း မရှိတဲ့ ကောင် မို့လို့လား "

" သူငယ်ချင်းတွေတော့ ရှိပေမယ့် သူ့မှာ ဆွေမျိုးဆိုတာ မရှိပါဘူး... တစ်ယောက်ထဲနေတဲ့သူမို့ "

" တခြားကောင်တွေက ဘယ်ရောက်လို့ မင်းကပဲ သွားတွေ့ရတာလဲ... ငါ့ စကားကို ဆန့်ကျင်ပြီး ထွက်သွားရလောက်တဲ့အထိ စိုးရိမ်ပေးနေရအောင် သူက ဘာကောင်လဲ... မင်းဘဝမှာ သူနဲ့ငါ ဘယ်သူက ပိုပြီး အရေးပါနေတာလဲ ...မင်းအတွက် အဲ့ကောင်က ဘယ်လောက်အထိ အရေးကြီး နေလို့လဲ ပြောစမ်း မင်း!! "

ကုတင်ပေါ်ကနေ ရှူးရှူးဒိုင်းဒိုင်းနဲ့ ထလာတဲ့ Jay က သူ့ပုခုံးစွန်းနှစ်ဖက်ကို ဆုပ်ကိုင်လို့ လှုပ်ယမ်းကာ မေးလိုက်တော့ Sunoo တခဏတာ ဆွံ့အသွားမိသည်။ ဒါ ဘယ်လို မေးခွန်းကြီးလဲ မေးစရာ မဟုတ်တာကိုလေ....

" Jay... ဘယ်လိုကြီး မေးလိုက်တာလဲ "

" ငါ မေးတာပဲ ဖြေ "

" Jay နဲ့သူက အဲ့လို နှိုင်းယှဉ်စရာမှ မဟုတ်တာ...
Jay ဆိုတာ အရာရာ ပြည့်စုံနေတဲ့ လူတစ်ယောက်လေ...သူကတော့ အဲ့လိုမဟုတ်ဘူး ... အခက်အခဲတွေကြား ရှင်သန်နေရတဲ့လူ ... သူ့မှာ ဘာမှ မရှိဘူး... မိဘတွေ မရှိဘူး ...အားကိုးစရာမရှိဘူး...
နွေးထွေးပေးမယ့် ရင်ခွင် မရှိဘူး...သူ့ဘဝကြီးကို ထိန်းကျောင်းပေးနေတဲ့ သူ့ဆရာရယ်... သူငယ်ချင်း အနည်းငယ်ရယ်နဲ့ပဲ ဘဝကို ရှေ့ဆက်နေရတဲ့လူပါ... ဒါကြောင့် ကျွန်တော် တတ်နိုင်တဲ့ဖက်ကနေ ကူညီပေးနေတာ... ဒါလဲ ကျွန်တော်ဟာ ကိုယ့်ဘဝကိုတောင် မပိုင်တဲ့လူတစ်ယောက် မို့ ဘာမှ လုပ်ပေးနိုင်တာ မရှိပါဘူး ... အားပေးရုံ နှစ်သိမ့်ရုံပဲ တတ်နိုင်တာပါ... အရေးတွေပါနေလို့လဲ မဟုတ်ဘူး... အရေးကြီးတဲ့ လူမို့လို့လဲ မဟုတ်ဘူး... မပြည့်စုံတဲ့ လူအချင်းချင်း စိတ်ဓာတ်ရေးရာမှာ ကြံ့ခိုင်နေအောင် အားပေးချင်ရုံပါပဲ... တခြား ဘာအကန့်တွေမှ မပါ ပါဘူး "

" ကျစ်! "

မျက်မှောင်တွေ တွန့်ချိုးကာ သူ့ကို ကြည့်နေတဲ့ Jay က ကျစ်တစ်ချက် စုပ်သပ်ကာ သူ့ကို ကျောခိုင်းလိုက်ပြီး မျက်နှာပေါ်က မျက်မှန်ကို ခပ်ကြမ်းကြမ်း ဆွဲချွတ်ကာ စားပွဲပေါ်သို့ ပစ်တင် လိုက်သည်။

ပြီးမှ

" မင်း စကားကို မင်း မြဲမြဲမှတ်ထား ဘေဘီ... သူက မင်းအတွက် အရေးမပါဘူးလို့ ပြောထားပြီးမှ မင်း စကားကို မင်း မတည်လာခဲ့ရင် မင်းလဲ မလွယ်ဘူး...အဲ့ကောင်လဲ ဘဝဆုံးမယ် မှတ်"

" Jay !!! "

ကြားလိုက်ရတဲ့ စကားကြောင့် Sunoo အလန့်တကြား အော်ခေါ်လိုက်မိရင်း ကျောခိုင်းထားတဲ့ Jay ရဲ့ လက်မောင်းကို ကိုင်၍ သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။

" Jay ဘာလို့ ဒီလိုစကားမျိုး ပြောတာလဲ... "

" အဟွန်း... ငါ မင်းနဲ့ ပတ်သက်လာရင် ဘယ်လိုတွေလုပ်တတ်တယ်ဆိုတာ မေ့နေမှာစိုးလို့ သတိပေးတာလေ ဘေဘီ... မင်း မဟုတ်တာ လုပ်မထားရင် ဘာမှ ကြောက်လန့်နေစရာ မလိုပါဘူး "

ခနိုးခနဲ့ ရယ်သံနဲ့အတူ သူ့ကို မေးဖျားကနေ ဆွဲမော့ကာ မျက်လုံးတွေထဲ တည့်တည့်ကြည့်ပြီး ပြောလာတဲ့ Jay ပုံစံက တကယ်ကို သွေးအေးရက်စက်တော့မယ့် အရိပ်အငွေ့တွေ အပြည့်။

မေးကို ကိုင်ထားတဲ့ Jay ရဲ့လက်ကို ဆွဲဖယ်ကာ မျက်နှာလွှဲလိုက်တော့ လက်နှစ်ဖက်နဲ့ ဆွဲညှပ်ယူကာ သူ့မျက်နှာကို မော့စေပြန်သည်။

Jay ရဲ့ မူပိုင်အပြုံးတစ်ခု ဖြစ်တဲ့ နှုတ်ခမ်းပါးတစ်ဖက် ကော့တက်ရုံ ပြုံးကာ သူ့မျက်နှာအစိတ်အပိုင်းတွေကို အတန်ကြာအောင် စေ့စေ့စပ်စပ် ကြည့်နေတဲ့ Jay က

" ကိုယ့် ဘေဘီလေး... ကိုယ် စိတ်မချစရာ ဘာတစ်ခုမှ လုပ်မနေဘူးမလား... ဟင် "

ရုတ်တရက် နူးညံ့ချိုသာတဲ့ လေသံကို ပြောင်းသွားကာ နဖူးချင်း ထိကပ်လာပြီး တိုးဖွဖွ မေးလာလေတော့ Sunoo စိတ်သန့်သန့်နဲ့ပဲ ဘာတစ်ခု မှ လုပ်မနေပါဘူးလို့ ဖြေဖြစ်သည်။

တကယ်လဲ သူ ဘာမှ မ လုပ်မနေဘဲ။

သူ့အဖြေကို သဘောကျသွားဟန် ထပ်ပြီး တိုးသဲ့သဲ့လေး အသံထွက်ရုံ ရယ်နေပြန်တဲ့ Jay....

နဖူးချင်း တေ့ဆိုင်ထားပြီး အလွန်ကို နီးစပ်ထိကပ်နေတဲ့ မျက်နှာနှစ်ခုရဲ့ အနေအထားကြီးကြောင့် Sunoo မနေတတ်တော့။

ပိုပြီးဆိုးတာက သူ့မျက်နှာတစ်ခုလုံးကို Jay ရဲ့ ဝင်သက်ထွက်သက် နွေးနွေးတွေက လွှမ်းခြုံထားသလို ဖြစ်နေတာကြောင့် သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေဟာ ရှိန်းဖိန်းလို့။

ဒီအခြေအနေကြီးနဲ့ သူ တကယ်ကို မနေတတ်တော့ပါ။

အထူးတဆန်း အခုမှ လာပြီး နူးညံ့ပြနေတဲ့ ပုံစံတွေကို Sunoo အကျွမ်းတဝင်မဖြစ်။

အရင်လို မပြောမဆို ဝုန်းဒိုင်းကြဲပြီး ကြမ်းကြမ်းတမ်းတမ်း နမ်းသွားလိုက်တာကမှ တော်အုံးမည်။

" baby... ကိုယ့် baby doll လေး.... ကိုယ့်ကို ဘယ်အချိန်မှ ပြန်ချစ်မှာလဲ ပြောပါအုံး "

ပါးတွေချင်း ပွတ်သပ်နေကာ နှစ်ယောက်ကြားသာရုံ မေးနေတဲ့ စကားများကြောင့် Sunoo တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများတောင် ထ လာရသည်။

" ကျွန်တော်~~ ကျွန်တော် မနေတတ်တော့ဘူး Jay... ဖယ်ပေးပါတော့ "

ထိန်းပြီး ပြောလိုက်ရပေမယ့် အသံတို့ဟာ လှုပ်ခတ်လို့... စကားအဆုံး တံတွေးမျိုချလိုက်တဲ့ အသံကလဲ နှစ်ယောက်ထဲရှိနေတဲ့ အခန်းကျယ်ကြီးထဲ မြည်သွားလိုက်တာများ ဂလု ခနဲ။

ဒါကို ကြားတော့ Jay က သွားတန်းဖွေးဖွေးတွေ ပေါ်အောင် ပြုံးရယ်လာပြီး

" ကိုယ့် အရုပ်ကလေး စိတ်တွေ လှုပ်ရှားနေတာ လား " တဲ့

မလှုပ်ရှားပဲ ဘယ်သူနေနိုင်မလဲ...

ဒီလောက် ပွတ်သီးပွတ်သပ် လှုပ်နေတာ Jay သာ ကြောင် တစ်ကောင်ဆို သူ ဆွဲကိုင် လွှင့်ပြစ်လိုက်ပြီ။

" မင်းရဲ့ အစိတ်အပိုင်းတိုင်းက တကယ် မြတ်နိုးချင်စရာ ကောင်းလိုက်တာ ဘေဘီရယ်... ကိုယ်တော့ မင်းကိုဘယ်လိုမှ အဆုံးရှုံးခံလို့ ဖြစ်မှာမဟုတ်တော့ဘူး "

တင်းကြပ်စွာ ပွေ့ဖက်လာတဲ့ လက်တွေကြား ကျွန်တော်ဟာ တောင့်တောင့်လေးရပ်လို့ အသက်တောင် ရဲရဲ မရှူရဲတော့တဲ့ အဖြစ်။

နားရွက်ဖျားလေးကို ဖွဖွစုပ်ငုံလို့ ပြောလာတဲ့ အသံက လှိုင်းများတောင် ထ လို့။

တဖြည်းဖြည်း လည်တိုင်တွေဆီ ချည်းကပ်လာတဲ့ Jay ရဲ့ နှုတ်ခမ်းပါးတွေက လည်တိုင်တွေဆီ ပုခုံးရိုးတွေဆီ မေးဖျားလေးဆီ မထိတထိနဲ့ တိုးတိုက်ပွတ်သပ် ကျီစယ်နေပြန်သည်။

ခါးတွေဆီက ပွေ့ဖက်ထားတဲ့ လက်အစုံက အင်္ကျီအောက်ကို လျှိုဝင်လာတဲ့ အချိန်မှာ Sunoo မနေတတ်တော့တာကြောင့် Jay ကို တွန်းထုတ်လိုက်မိတော့သည်။

" ကျွန်တော်... ကျွန်တော် မနေတတ်တော့ဘူး Jay"

" အဟက်! ဒါတွေနဲ့ မင်း ဘယ်အချိန်မှ နေသားကျမှာလဲ ဘေဘီ "

ဘယ်တော့မှ နေသားကျမှာ မဟုတ်ဘူး လို့ ပြန်ပြောလိုက်ချင်ပေမယ့်လဲ တကယ်တမ်းတော့ ထုတ်မပြောဖြစ်တော့ပါ။

ကုတင်ပေါ် ထိုင်နေပြီ ဖြစ်တဲ့ Jay က သူ့ကို လက်ကောက်ဝတ်ကနေ ဆွဲခေါ်ပြီး ပေါင်တွေပေါ် ထိုင်စေပြန်ပါသည်။

သေချာတယ် Jay ပေါင်တွေပေါ်က သူ့ပုံစံက တစ်စုံတစ်ခုကို ကြောက်ရွံ့နေတဲ့ အကောင်ပေါက်လေးတွေလို ကုပ်ကုပ်လေး ဖြစ်နေမယ်ဆိုတာ။

ဒါပေမယ့် ထင်ထားသလို မကြမ်းရမ်းလာတဲ့ Jay က သူ့ခါးတွေကို ဖွဖွပဲ သိုင်းဖက်ထားလိုက်ပြီး

" ကိုယ် မနက်အစော Tokyo ကို သွားရမယ် ဘေဘီ ... အဲ့က Steel စက်ရုံမှာ ပြဿနာလေး နည်းနည်းရှုပ်နေလို့... အတွင်းရေးမှူး Lee နဲ့ မပြီးလို့ ကိုယ် ကိုယ်တိုင်သွားရမှာ... "

" ဟုတ်ကဲ့ "

" ဒါပေမယ့် ကိုယ် ဘေဘီ့ကို မခွဲချင်ဘူး ဖြစ်နေတယ်... စိတ်လဲ စိတ်မချဘူး "

တကယ်ကို လေးလေးနက်နက်နဲ့ ပြောနေတဲ့ Jay စကားများကြောင့် Sunoo - Jay မျက်နှာကို ငေးကြည့်လိုက်မိသည်။

" ဘာကို စိတ်မချတာလဲ "

" အကုန်လုံးပဲ... တစ်နေရာမှ စိတ်ချတာ မရှိဘူး "

" Jay ကလဲ ကျွန်တော်က ဘာလုပ်နေလို့ စိတ်မချရတာလဲ "

" မင်း တစ်ခုခု လုပ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး... အရာအားလုံးပေါ့... မင်း ကျန်းမာရေး... လုံခြုံရေး... သွားရေးလာရေးက အစ ကိုယ် စိတ်မချတာ "

" ကျွန်တော် ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်ပါတယ်... အဲ့လောက်လဲ စိတ်မချဖြစ်မနေပါနဲ့... "

" အင်း... လိမ်လိမ်မာမာ နေ... ကိုယ် စိုးရိမ်ရမယ့် အလုပ်မျိုး ဘာတစ်ခုမှ မလုပ်မိစေနဲ့... ကိုယ် ဟိုကနေ စိတ်တိုမနေချင်ဘူး "

" Jay က ခုလိုတွေ မှာကြားနေရအောင် ဟိုမှာ ဘယ်လောက်ကြာအောင် နေမှာ မို့လို့လဲ... ခရီးတွေက အရင်ကလဲ ထွက်နေကျပဲကို ... ခုမှ ဘာလို့ စိတ်မချနေတာလဲ "

" အရင်က ဘေဘီ ဘယ်သွားသွား ကိုယ့်လူတွေ ပါတယ်လေ... ကိုယ့်စောင့်ကြည့်မှုအောက်မှာပဲ ဘေဘီ ရှိနေတော့ ကိုယ် စိတ်ချထားလို့ ရတယ်... ခုက ဘေဘီ့နားမှာ ဘယ်သူမှ မရှိဘူး... ပြီးတော့ ဘေဘီ့မှာက ကိုယ့်ထက် ပို အရေးကြီးနေတဲ့ သူငယ်ချင်းဆိုတဲ့ လူတွေကလဲ ရှိနေတော့ "

" အာ... Jay ကလဲ လုပ်ပြန်ပြီ ဒီစကားကြီး "

ပေါင်ပေါ် ထိုင်နေရာမှ Jay လက်တွေကို ဖယ်ကာ ဆတ်ခနဲ ထ ရပ်လိုက်တော့ Jay က မျက်နှာတည်တည်နဲ့ပဲ သူ့ကို ပြန်မော့ကြည့်လာပြီး

" ကိုယ် တကယ် ပြောနေတာနော် ဘေဘီ... မင်း အနားမှာ အဲ့လို လူတွေ အများကြီး ရှိနေတာ ကိုယ် သိပ်သဘောကျတာ မဟုတ်ဘူး... မင်း ပျော်ပါစေ ဆိုပြီးတော့သာ လွှတ်ပေးထားတာ "

" ဒါတွေပဲ ထပ်တလဲလဲ ပြောနေမယ်ဆို ကျွန်တော် အိမ်ပြန်တော့မယ် "

တံခါးဆီ သွားဖို့ လှည့်ထွက်မယ်အလုပ် လက်ကနေ ပြန်အဆွဲခေါ် ခံလိုက်ရပြီး ရောက်သွားရပြန်ပြီ Jay ရင်ခွင်ထဲ။

" မပြန်ရဘူး.... မင်း ဒီည ကိုယ့်အနား နေပေးရမယ် ဘေဘီ "

Jay ရဲ့ ထူးခြားနေတဲ့ ပုံစံကြောင့် Sunoo နေရမှာ ခပ်လန့်လန့်ပါပဲ။

" ဟို ကျွန် ကျွန်တော် အိမ်ပဲ ပြန်ချင်တယ်.... Jay လဲ ခဏနေ အိပ်ရာဝင်တော့မှာပဲ ကို ဘာလို့ ကျွန်တော်က နေ -"

" ဖက် အိပ်မလို့ "

"ဗျာ...."

သူပြောနေတဲ့ စကားကို ဖြတ်လို့ ထင်မထားတဲ့ စကားကြီး ပြောလာတဲ့ Jay ကြောင့် Sunoo အံသြ သွားရတာ အမှန်ပါ။

Jay သူ့အပေါ် ဘယ်လောက်ပဲ ပိုင်စိုးပိုင်နင်းတွေ လုပ်လုပ် တစ်အိပ်ရာထဲကတော့ တစ်ခါမှ မအိပ်ဖူးဘူး မလား....

" ဘာလို့ အလန့်တကြားတွေ ဖြစ်နေတာလဲ... ခွဲရမှာမို့ ဘေဘီ့အငွေ့အသက်လေးတွေ သတိရနေအောင် ဖက်အိပ်ရုံလေးပါကွာ... ကိုယ် ဘေဘီ့ကို ဘာမှ မလုပ်ဘူး စိတ်ချ "

ဒီတစ်ခါလဲ မြည်သွားပြန်ပြီ တံတွေးမျိုချတဲ့အသံက ဂလုခနဲ။

ထိုအခါ Jay ရယ်သံတွေ ကျယ်လာခဲ့ပြီး အားရပါးရ အော်ရယ်နေတာများ လူငယ်လေး တစ်ယောက်လို။

" တံတွေးတွေ ခဏတိုင်း မျိုချနေတာ စိတ်တွေ အရမ်း လှုပ်ရှားနေလား ဘေဘီ... ကိုယ်က မင်းကို ဘာလုပ်မယ် ထင်လို့လဲ... ဒီတိုင်း ဖက်အိပ်ရုံတင်နော် ဘေဘီ... အတွေးတွေ လွန်မနေနဲ့ "

သူများ ဖြစ်ပျက်နေတာကို ကြည့်ပြီး တဟားဟား အော်ရယ်ကာ စ နောက်နေတဲ့ Jay ကို ကြည့်ပြီး Sunoo မျက်စောင်းလေး ထိုးလိုက်မိသည်။

" ကျွန်တော်က ဘာတွေး ရမှာလဲ... ဘာ မှ မတွေးပါဘူး နော် "

" အေးပါကွာ ဟုတ်ပါပြီ... ကဲ မတွေးဘူးဆိုလဲ လာ ညစာ စားကြမယ်... ခုထိ ဘာမှ မစားရသေးဘူး မလား "

အဲ့ဒီ့ညက Jay သူပြောတဲ့ အတိုင်း တစ်ညလုံး ဖက်အိပ်ရုံကလွဲ သူ့နှုတ်ခမ်းတွေကိုတောင် မထိခဲ့ပါ။

သူ့ကို ဖက်ပြီး တရှူးရှူးနဲ့ အိပ်ပျော်နေတဲ့ Jay ရဲ့ ရင်ခွင်ထဲ မှာတော့ ကျွန်တော်ဟာ တစ်ညလုံး မလှုပ်ရဲဘဲ မျက်လုံးအပြူးသားနဲ့....

မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တဲ့ ကျွန်တော်...

နိုးလာတဲ့ အချိန်မှာတော့ Jay က မရှိတော့။

ဘေးနားက စားပွဲပေါ်မှာတော့ သူ့ဖုန်းလေးနဲ့ ဖိပြီး ထားရစ်ခဲ့တဲ့ စာလေးတစ်စောင်

** ကိုယ်သွားပြီ ဘေဘီ... မင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ ကိုယ်မနှိုးတော့ဘူး... မနက်စာ စားပြီးမှ အိမ်ပြန်ပါ... မင်းအတွက် မနက်စာကို ကိုယ်ပြင်ခိုင်းခဲ့တယ်... ကိုယ်မရှိတဲ့ ဒီရက်တွေ အတွင်း ကိုယ်စိတ်ပူရမယ့်အလုပ်မျိုး ဘာတစ်ခုမှ လုပ်လို့မရဘူးနော်... စိတ်ချမယ်... ကိုယ်ပြန်လာရင် မင်း အတွက် Surprise အကြီးကြီး ပေးစရာတစ်ခု ရှိတယ်...ကိုယ်နဲ့ အတူ အဲ့ပွဲကို အလှပဆုံး တက်ရောက်ဖို့ ပြင်ထားပါ... အော် ဒါနဲ့ မင်းနှုတ်ခမ်းလေးပေါ် ကိုယ် အနမ်းလေးတစ်ပွင့် ချွေချခဲ့တယ်... morning kiss လေးပေါ့ ဘေဘီ ... See you.. ပြန်လာရင် တွေ့ကြမယ် **

ဒီစာကို ဖတ်ပြီး Sunoo စာရွက်လေးကို ကိုင်ကာ အကြာကြီး ငိုင်နေမိသည်။

ရုတ်တရက် ပြောင်းလဲလာတဲ့ Jay ရဲ့ နုညံ့တဲ့ ပုံစံတွေနဲ့ သူ တကယ်ကို နေသားမကျ။

* ဘာလို့ အခုမှ ဒီလိုတွေ ပြုမူနေရတာလဲ Jay ရယ်... ဟိုးအစတည်းကသာ Jay ကျွန်တော့်အပေါ် ခုလို ချိုသာခဲ့မယ်ဆိုရင် နူးညံ့ပေးခဲ့မယ် ဆိုရင် ကျွန်တော် Jay ကို ပြန်ချစ်မိမလား မသိပေမယ့် ခုတော့... *

.
.
.

ဒီလိုနဲ့ ကျွန်တော်တို့တွေ ဒီရက်ပိုင်းအတွင်းမှာ လုပ်စရာရှိတာတွေကို ပုံမှန်လုပ်ကိုင်နေကြရင်းနဲ့ နေ့စဉ်ဘဝကြီးကို ဖြတ်သန်းနေကြတယ်။ အရာရာဟာ ပုံမှန်ပါပဲ။

Sunghoon တစ်ယောက်လဲ Company နဲ့ ဖြစ်နေတဲ့ ကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းပြီးလို့ ခုဆို နည်းပြကြီးနဲ့အတူ လေ့ကျင့်ရေးတွေ ပြန်ဆင်းနေပြီ။

ကျွန်တော်လဲ နေကောင်းသွားပြီ ဖြစ်လို့ ကျောင်းကို ပုံမှန် ပြန်တက်နေပြီ။

တစ်ခါတစ်ရံ ဖုန်းပြောဖြစ်တာကလွဲလို့ Sunghoon လဲ ကျွန်တော့်ကို အရင်လို ကျောင်းမှာ လာမတွေ့တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် သူ ကျွန်တော့််အပေါ် စိတ်ဖြတ်သွားနိုင်ပြီး သူ့အလုပ်ကိုသူ ပုံမှန်ပြန်လုပ်နေပြီဖြစ်လို့ ကျွန်တော် ပျော်ပါတယ်။

Tokyo ကို သွားတဲ့ Jay လဲ ဟိုမှာ အလုပ်ကိစ္စတွေ မပြတ်တာကြောင့် ပြန်မလာနိုင်သေးပါဘူး။ ဒါပေမယ့်လဲ အဝေးကနေတော့ ကျွန်တော့်ကို စိတ်မချကြောင်းတွေ ပြောပြတတ်ပါတယ်။

သူ ပြန်လာရင် ပေးမယ်ဆိုတဲ့ Surprise ဆိုတာကြီးကလဲ ဘာမှန်း မသိပေမယ့်လို့ ကျွန်တော် စိတ်တော့ ဝင်စားပါတယ်။

ဒီလိုနဲ့တစ်ရက်မှာ ကျောင်းကို ကိစ္စရှိလို့ ရောက်လာတဲ့ Jake ရယ် Niki ရယ်နဲ့ ကျွန်တော် Canteen မှာ ဆုံဖြစ်ကြတယ်။

သူတို့နှစ်ယောက်ရယ် ကျွန်တော်ရယ် Jungwon ရယ် တစ်ဝိုင်းထဲ အတူတူထိုင်ဖြစ်ကြတော့ စကားတွေလဲ တောင်စဉ်ရေမရ ပေါ့။ ဟိုဟိုဒီဒီ ပြောကြရင်း Sunghoon အကြောင်းတွေ ပြောဖြစ်ကြတော့ လေ့ကျင့်ရေး ဆင်းနေပေမယ့် စိတ်အခြေအနေကတော့ သိပ်မကောင်းသေးဘူးလို့ ဆိုတယ်။

ဒါနဲ့ပဲ ကျွန်တော်တို့ လေးယောက်သားဟာ Sunghoon. ဆီကို သွားရောက် အားပေးဖို့ သူ လေ့ကျင့်နေတယ်ဆိုတဲ့ ice rink ရှိရာကို ထွက်လာခဲ့ကြတော့တယ်။

Ice rink ပေါ်မှာတော့ တေးသွားနဲ့အညီ ယိမ်းနွဲ့ကခုန်နေလေတဲ့ Sunghoon...

တစ်ယောက်ထဲတော့ မဟုတ်။ သူနဲ့ အတူတူ တွဲပြီး လေ့ကျင့်နေတဲ့ ကောင်မလေးတစ်ယောက်လဲ ရှိနေခဲ့ပါသည်။

ဘေးပတ်ဝန်းကျင်ကို မေ့လို့ အတိုင်အဖောက်ညီညီ ပျံဝဲ ကခုန်နေခြင်းဟာ အလွန်ကို လိုက်ဖက်လှပါသည်။

Skate ကွင်းထဲကို ဝင်ရောက်လာကြတဲ့ ကောင်လေးတွေဟာလဲ အသံမပေးဘဲ လက်ထဲမှာ အရုပ်လေးတွေကိုယ်စီ ကိုင်လို့ တိတ်တိတ်လေး ရောက်လာခဲ့ကြသည်။


ကွင်းဘေးမှာ အသာရပ်ကြည့်နေကြတော့ သူတို့ဘက်ကို လှည့်ကြည့် လာတဲ့ Sunghoon က အားလုံး ရောက်နေတာမြင်သွားပြီး လက်လှမ်းပြလေသည်။

Sunoo ကိုပါ မြင်လိုက်တဲ့အချိန် Double jump ခုန်ကာ ပြန်အကျ ခြေချော်ကျသွားတော့ အတူရှိနေတဲ့ ကောင်မလေးက လှမ်းပွေ့ကာ ထိန်းပေးလေသည်။

Sunoo ဒီမြင်ကွင်းကို မကြည့်နိုင်လို့ မျက်နှာလွှဲလိုက်မိတယ်။ ရင်ဘတ်ထဲမှာလဲ အောင့်ခနဲပဲ။ ဘာလို့လဲ... သူ ​ခြေချော်ပြီး အောက်ကို ပြုတ်ကျသွားမှာ စိုးရိမ်မိလို့များလား။

ကိုယ့်ကိုကိုယ်တောင် သေချာ မဝေခွဲနိုင်ခင်မှာပဲ ကွင်းထဲက နှစ်ယောက်သားကတော့ဖြင့် ပြန်လည် ကခုန်နေလေပြီ။

သီချင်းသံလဲဆုံးရော ကွင်းတစ်ပတ်လှည့်လည်ပြီး ခေါင်းညွှတ်အရိုအသေပေးနေတဲ့ Sunghoon ဆီသို့ သူတို့တတွေ အရုပ်လေးတွေ လှမ်းပစ်ပေးကြသည်။

ဒီလိုတွေ လုပ်လိမ့်မယ်မထင်တဲ့ Sunghoon က သူ့ဆီ ပျံ့လွင့်လာတဲ့ အရုပ်တွေကို ကြည့်ပြီး သဘောတကျ။

သွားစွယ်လေးတွေ ပေါ်အောင် ပြုံးရယ်နေကာ အရုပ်တွေထဲက တစ်ခုကို ကောက်ယူလိုက်သည်။

ဘယ်သူပစ်လိုက်တယ် မသိဘဲ ကောက်ယူလိုက်မိတဲ့ အရုပ်လေးဟာ ဖြစ်ချင်တော့ Sunoo ရဲ့ အရုပ်ကလေး ဖြစ်နေခဲ့လေသည်။

သူ့အရုပ်လေးကိုမှ ရွေးပြီး ကောက်လိုက်လို့ စောစောက ခပ်ညှိုးညှိုးလေး ဖြစ်နေတဲ့ Sunoo ရဲ့ မျက်နှာလေးက ခုတော့ ပြုံးလို့ပေါ့။

ကျန်တဲ့ ကောင်တွေကတော့ အော်တာပေါ့

" ဘာလို့ငါ့အရုပ်မဟုတ်တာလဲ...!! "

" ဘာလို့ ငါ့အရုပ်ကို မကောက်ရတာလဲ!! "

" Ya..Park Sunghoon!! "

သူတို့တွေ မကျေမနပ်အော်နေပေမယ့် Sunghoon ကတော့ အရုပ်လေးကို မြှောက်ပြကာ သူတို့ရှိရာဆီ အရိုအသေတွေပေးလို့။

ပြီးတော့ ကွင်းအပြင်သို့ ထွက်လာတဲ့ Sunghoon က ဖိနပ်က Blade တွေကို ချွတ်ပြီး သူတို့ရှိရာဆီ လာမယ်အလုပ် အတူလေ့ကျင့်တဲ့ ကောင်မလေးက အနားသို့ ရောက်လာကာ Sunghoon နဲ့ စကားပြောနေလေသည်။

ပြန်ခါနီး နှုတ်ဆက်နေတယ်ထင်ပါ့။ တစ်ယောက်လက် တစ်ယောက်ဆွဲလို့ ခေါင်းတွေ ညိမ့်ပြနေကြသည်။

ပြီး ကောင်မလေးက Sunghoon ပုခုံးကို သိုင်းဖက်လိုက်ကာ ကျောပြင်ကို ပုတ်ပေးပြီး လူချင်းခွာကာ အဆောက်အအုံထဲမှ ထွက်သွားလေတော့သည်။

ဒါကိုကြည့်ပြီး ဘာလို့မှန်းမသိပေမယ့် Sunoo ရင်ထဲ တစ်စုံတစ်ရာ လစ်ဟာသွားသလို ခံစားချက်ကြီးနဲ့ ဘဝင်မကျ။

" အဆော ရောက်လာတာပဲ "

သူတို့နားကို ရောက်လာတဲ့ Sunghoon က သူ့ကို ဦးတည်ပြီး နှုတ်ဆက်လိုက်တော့ ကျန်တဲ့ကောင်တွေ အသံက ထွက်လာပြန်ပါသည်။

" သားကြီးရေ... ငါတို့လဲ ပါတယ်နော်... မင်း မျက်လုံးထဲ ငါတို့ ပျောက်ပြီး မြင်ချင်ရာပဲ ကွက်မြင်နေမှာဆိုးလို့ သတိပေးတာ "

" အဟမ်း သားကြီးရေ... မင်းအဖေ ဒီမှာနော် "

Niki နဲ့ Jake ပေါက်ကရတွေအော်တော့ Sunoo လဲ မနေတတ်သလိုလို ။ Sunghoon လဲ ဂုတ်ကြီးပွတ်ကာ မျက်နှာကြီး အောက်ငုံ့သွားပြီး ရယ်လို့။

သူတို့အကြောင်းတွေ အစုံအလင်မသိတဲ့ Jungwon ခမျာမှာတော့ မျက်မှန်လေး ပင့်ကာ ပင့်ကာနဲ့ အူကြောင်ကျားလေးဖြစ်လို့ပေါ့။

" လာ မျက်မှန်လေး မင်းကို ကွင်းတစ်ပတ်လိုက်ပြမယ် မင်းမရောက်ဖူးဘူး မလား "

" ငါတို့ လျှောက်ကြည့်လိုက်အုံးမယ် Sunghoon ရေ "

သိသိသာသာကြီးကို ရှောင်ထွက်သွားကြတဲ့ Niki နဲ့ Jake ကတော့ Jungwon ကိုပါ ပုခုံးဖက်ပြီး ဆွဲခေါ်သွားလေတော့သည်။

ထိုအခါမှ Sunghoon က

" ကိုယ်တို့ ဟိုဖက်နား သွားထိုင်ရအောင်လေ အဆော "

ထိုင်ခုံတွေရှိရာဆီ ညွှန်ပြပြီး ပြောလိုက်တော့ ရေခဲပြင်ကြီးရဲ့ ဘေးက အကာကို ကျောမှီပြီး ရပ်နေတဲ့ အဆောက တစ်ဖက်လှည့်၍ အကာပေါ် လက်တင်လိုက်ကာ

" မသွားပါဘူး ဒီမှာပဲ နေမှာ "

လေသံလေးဟာ တစ်ခုခုကို အလိုမကျနေသလို။

" အဆော ညောင်းနေမှာဆိုးလိို့... "

" ဟင့်အင် ရတယ် "

" ဒါလေးအတွက် ကျေးဇူးပါ နော် "

လက်ထဲက အရုပ်လေးကို မြှောက်ကာ လှုပ်ယမ်းပြပြီး ကျေးဇူးတင်စကားဆိုတော့ မကြည်ကြည့်လေးနဲ့ လှည့်ကြည့်လာတဲ့ အဆောက

" ရပါတယ်... ဘာမှ မ မပြောပ လောက်တာ "

" အဆောအတွက် မပြောပ ပေမယ့် ကိုယ့်အတွက်က အမှတ်တရ အကြီး ကြီးပဲ... ကိုယ် သေချာ သိမ်းထားမှာ "

မျက်တောင်​ရှည်လေးတွေ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အကြည့်လွှဲသွားပြန်တဲ့ အဆောက ဘာမှတော့ ပြန်မပြော။

" ထူးဆန်းတယ်နော် ကိုယ့်နှလုံးသားက အဆောနဲ့ ပတ်သက်လာရင် အရာရာကို အာရုံခံလို့ ရနေတယ် "

" ဘာကို... "

" ဒီအရုပ်လေး လေ... အဆော ပေးတာမှန်းမသိဘဲ ကောက်ယူလိုက်မိတာ "

" တိုက်ဆိုင်သွားလို့ ဖြစ်မှာပါ "

" ဟင့်အင် ကိုယ့်နှလုံးသားက အာရုံခံမိနေတာ ပါဆို "

" ဟားဟား အဲ့ Sunghoon ဟာလေ... သိပ်စကားတတ်တာပဲ "

" အဟား ဟား... အဲ့လို ဖြစ်သွားတာလား..."

" အဆင်မပြေသေးဘူး ထင်လို့ လာကြည့်တာ... ခုတော့ အဆင်ပြေနေသားပဲ နော် "

" ဘာကိုလဲ အဆော "

" အားလုံးပဲ.. ... ခုလို Sunghoon အနားမှာ လေ့ကျင့်ရေးတူတူဆင်းမယ့် အဖော်ရှိနေတာတို့ အားပေးနှစ်သိမ့်ပေးမယ့်လူရှိနေတာတို့... အဲ့လို ရှိနေတော့ ပိုပြီး အဆင်ပြေသွားတာပေါ့ "

သူ့ကို တည့်တည့် မကြည့်ဘဲ မျက်နှာလေး ခပ်လွှဲလွှဲလုပ်လို့ စကားဆိုနေသူလေးကို Sunghoon သဘောတကျ ပြုံးပြီး ကြည့်လိုက်မိသည်။

သူ့စိတ်ထဲမှာ အဆော ပြောတဲ့စကားတွေဟာ သဝန်တိုလို့ပါလို့ ဘာလို့ ထင်နေမိပါလိမ့်။

" အဟင်း... အဆောက ဘယ်လို ထင်လို့လဲ "

" ဘာကို ဘယ်လိုထင်ရမှာလဲ "

မျက်ခုံးလေး ပင့်လို့ မျက်လုံးလေး ဝင့်ကြည့်လာတဲ့ အဆော...

" အဟင်း... သူနဲ့ အတူ လေ့ကျင့်နေရတော့ ကိုယ်အဆင်ပြေနေတယ်လို့ ထင်တယ်ပေါ့ "

" အင်းလေ... မြင်နေရတာပဲကို... "

" ဘာကို မြင် "

" ဟော်... Skate စီးနေတဲ့တလျှောက်လုံး Sunghoon ပြုံးပျော်နေတာပဲ လေ... တချက်တချက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီးတော့တောင် ရယ်နေကြသေးတာကို ... ခုနကလဲ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး နှုတ်ဆက်နေကြတာလေ.. "

" အဲ့တော့ အဆောက သဘောမကျဘူးလား "

" အာ.... မဟုတ်တာ... ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ "

" ကိုယ်ကတော့ အဆော စကားတစ်ခွန်းပဲနော်.. သဘောမကျရင် ပြောလိုက်... ကိုယ် အဆော မကြိုက်တာဆို ဘာတစ်ခုမှ မလုပ်ဘူး "

" အဲ့... ကျွန်တော်နဲ့ မှ မဆိုင်တာလို့ဆို... ဘယ်သူနဲ့ ကျင့်ကျင့် Sunghoon အဆင်ပြေရင် ပြီးပြီ လေ "

" ဘယ်သိနိုင်မလဲ မဆိုင်ပါဘူးဆိုပြီး စိတ်ထဲ ကြိတ်ပြီး သဝန်တိုနေရင် ဘယ်လိုလုပ်"

" ဟာ... Sunghoon နော်.... မဟုတ်တာတွေမပြောနဲ့ "

ပါးဖောင်းဖောင်းလေး နှစ်ဖက်ပေါ်က သွေးကြောမျှင်လေးတွေ ပိုပြီး အရောင်ရင့်သွားသလို နားရွက်ဖျားလေးတွေပါ ရဲတက်လာပြီး ရှက်သွားသူလေးက ခြေထောက်လေး ဆောင့်ကာ အဝေးကိုထွက်သွား လေပြီ။

ချစ်တယ် အဆောရယ်....

မောင် မင်းကို လာမတွေ့ပေမယ့် ရူးလောက်အောင် လွမ်းနေရတာပါ။

မဖြစ်သင့်မှန်း သိလို့ ကိုယ့်စိတ်ကို ထိန်းပြီး ကြိတ်မှိတ် မျိုသိပ်နေရပေမယ့် အဆောကို အရမ်း တွေ့ချင်နေတာ...

ခုလို မောင့်အနားကို အရောက်လာပေးလို့ မောင် အရမ်း ကျေးဇူးတင်ပါတယ်။

ခပ်လှမ်းလှမ်းထိ ရောက်သွားပြီဖြစ်တဲ့ အဆောနောက် အပြေးလေးလိုက်ရင်း Sunghoon စိတ်ထဲက စကားလုံးတချို့ ရေရွတ်လိုက်မိသည်။

ခဏတာလေးဆိုပေမယ့်လဲ ဒီလိုလေး အတူရှိနေရတဲ့ အခိုက်အတန့်လေးတွေကို မောင် မြတ်နိုးလိုက်တာ အဆောရယ်...

ခြေလှမ်း သွက်သွက်လေးနဲ့ သွားနေတဲ့ အဖြူရောင် အရိပ်ကလေးကို မှီလာတော့

" ကိုယ့်ကို မစောင့်ဘဲ ဘယ်ထိ သွားအုံးမလို့လဲ အဆောရဲ့... ဒီမှာ လေ့ကျင့်ထားရတာ မောပါတယ် ဆို... ကိုယ့်ကို ပြေးလိုက်လာရအောင် လုပ်နေတယ် အဆောက ... ဒီမှာ ဗိုက်တွေ အောင့်လာပြီ "

တမင် မောနေတဲ့ ဟန်လုပ်ကာ မျက်နှာကို ရှုံ့မဲ့လို့ ဗိုက်တွေကို ဖိနှိပ်ကာ ပြောလိုက်တော့ အားနာသွားတဲ့ မျက်နှာလေးနဲ့ လှည့်ကြည့် လာတဲ့ အဆောက သူ့ဗိုက်နေရာဆီ စိုးရိမ်သလိုလေး ကြည့်လာပြီး

" အယ်... ဟုတ်သားပဲ Sunghoon ပင်ပန်းနေတာကို... အရမ်း အောင့်နေလားဟင် ဗိုက်က... "

" ဟား ဟား ဟား အဆောက လိမ်ဖို့ လွယ်လိုက်တာ.. တန်း အညာမိသွားတယ် ဟား ဟား "

သူ့ကို ညာမှန်းသိသွားတော့လဲ နှုတ်ခမ်းလေး ကိုက်ကာ သူ့လက်မောင်းကို လာထုနေပြန်ပါသည်။

ဘယ်လိုတောင် ကလေးဆန်တဲ့ အပြုအမူလေးတွေလဲ အဆောရယ်...

ကိုက်ထားတဲ့ နှုတ်ခမ်းလေးဆီ အကြည့်ရောက်မိတော့ သွားလေးနဲ့ ဖိကြိတ်ခံထားရတဲ့ နှုတ်ခမ်းသားလေးက စိုရဲလို့။

ဟားးးး အကိုက်ခံထားရတဲ့ အဲ့ဒီ နှုတ်ခမ်းသားလေးတွေကို မောင် သနားလိုက်တာကွာ...

နှုတ်ခမ်းလေးတွေဆီက အကြည့်ကို မလွှဲဖယ်ဘဲ သတိလက်လွတ် ငေးလိုက်မိတော့ နှုတ်ခမ်းလေးရဲ့ ပိုင်ရှင်က မျက်နှာလေးကို တစ်ဖက်သို့ လှည့်သွားလေသည်။

ပြီး ရင်နာနာနဲ့ တွေးလိုက်မိတာ တစ်ခုက ဒီနှုတ်ခမ်းဖူးဖူးရဲရဲ လေးတွေဟာ ဘယ်နှကြိမ်များ သိမ်းပိုက်ခံရပြီးပြီလဲ လို့။

ဘယ်ဘက်ရင်အုံထဲက ကျဉ်ခနဲပါပဲ။

ပိုင်ရှင် ရှိနေတဲ့ ဒီအဖြူရောင်လေးကိုမှ ချစ်မိသွားတော့လဲ ခံပေအုံးပေါ့။

မပြတ်သားနိုင်သေးသ၍တော့ နာကျင်နေရအုံးမှာပါပဲ။

အနီးအနားက ကော်ဖီဆိုင်လေးမှာ နှစ်ယောက်အတူ ထိုင်ဖြစ်ကြတော့ သူ့အကြိုက် mint chocolate milk shake လေးကို ကိုယ်တိုင်မှာပေးဖြစ်တယ်။

အတူရှိရတဲ့အချိန်တွေ နည်းပေမယ့်လဲ သူနဲ့ ပတ်သက်လာရင် အသေးအမွှားလေးက အစ သတိထားတတ်တဲ့ ကိုယ်က သူ့အကြိုက်တွေကို အကုန်သိနေတော့တာ ဘာဆန်းလို့လဲ။

" အဆောကို ကိုယ် ဝမ်းသာစရာ သတင်း ပြောစရာရှိတယ် "

" ဘာများလဲ ဟင် "

" ကိုယ်... Company တစ်ခုနဲ့ ချိတ်ဆက်မိပြီ အဆော "

" ဝိုး... ဒါ သေချာတယ်ဆို ဝမ်းသာစရာပဲပေါ့ "

" ဟုတ်တယ် အဆော... အဆောကို ဦးဆုံး ပြောပြချင်လို့ ကိုယ် ဟိုကောင်တွေကိုတောင် မပြောရသေးဘူး "

" သေချာ စုံစမ်းအုံးနော် Sunghoon... အရင် Company လို ဖြစ်နေအုံးမယ် "

" အွန်း ကိုယ် ဒီတစ်ခါ ကိုယ့်ဘက်က မခံရအောင် သေချာ စုံစမ်းထားတယ်... ဒီတစ်ခါ လာကမ်းလှမ်းတဲ့ Company က တော်တော်လေး ကြီးတာပဲ...ကိုယ်ဖြင့် အစက ယုံတောင် မယုံနိုင်ဘူး... ဒီလောက် ကြီးမားတဲ့ Company ကြီးတစ်ခုက ငါ့ကို ကမ်းလှမ်းလာတာပဲဆိုပြီး ကိုယ် အရမ်းလဲ ပျော်သွားတယ် "

" Sunghoon အတွက် အဆင်ပြေသွားတာပေါ့ "

" ဟုတ်တယ် အဆောရယ်... ဒီတစ်ခါတော့ ကိုယ် လိမ်မာပါးနပ်စွာ နေရတော့မယ်... အဲ့လိုမှမဟုတ်ရင် ကိုယ် လမ်းတွေ ထပ်ပျောက်လိမ့်မယ် "

" Sunghoon တွေးတာမှန်ပါတယ်... တဖြည်းဖြည်း ပြိုင်ပွဲအချိန်ကလဲ နီးလာပြီ မလား... ခုချိန်မှာ တည်ငြိမ်တဲ့ အနေအထားတစ်ခု ရှိသင့်နေပြီ "

" ဟုတ်တယ် အဆော... အခု Company ကတော့ ပြည်တွင်း ပြည်ပ လုပ်ငန်းခွဲတွေလဲ အများကြီးရှိတယ်တဲ့... အခြေတော့ တော်တော်ခိုင်တယ်ဘပြောရမယ်... ကမ်းလှမ်းချက်တွေကိုက ကြောက်ခမန်းလိလိပဲ "

" အင်း ဘယ်လိုမျိုးမို့လို့လဲ "

" သူတို့ Company image နဲ့ ကိုက်ညီအောင်တဲ့ ကိုယ့်ကို Condo တစ်ခန်းပေးတယ်...Model မြင့်မြင့် ကားတစ်စီး လဲ စီစဉ်ပေးတယ်... ဒီကြားထဲ ကိုယ်လိုအပ်တာတွေ အကုန် ဖြည့်ဆည်းပေးမယ်လို့လဲ ပြောတယ်... ကိုယ်နည်းနည်းတော့ ကြောက်မိတာအမှန်ပဲ သိလား အဆော... ကိုယ်လို ဘာမှ မဟုတ်တဲ့ကောင်ကို ဒီလောက်ထိ ဖြည့်ဆည်းပေးထားပြီးတော့ သူတို့ ရည်ရွယ်ချက်က ဘာလဲ...သူတို့ ကိုယ့်ဆီက ဘာ လိုချင်တာလဲ လို့ လေ "

" အများကြီး မတွေးပါနဲ့ Sunghoon ရယ်... သူတို့လို Company ကြီးတွေက ရှေ့ကို တအားမျှော်ကြည့်တတ်တာလေ... Sunghoon ဆီက အောင်မြင်မှု အလားအလာတွေ မြင်လို့ သူတို့ အဲ့လို Support ပေးတာပေါ့.... Sunghoon က အရည်အချင်း ရှိပြီးသား လူမို့လို့ပါ "

" ကိုယ်တော့ ရင်တွေ ခုန်နေတယ်... ဒါ ကိုယ့်အတွက် Challenge အသစ်ပဲ "

" ကြိုးစားပါ Sunghoon "

" အသေအချာပဲ ပေါ့ အဆောရဲ့ "

စကားအဆုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လို့ ပေါ့ပေါ့ပါးပါးလေးပဲ ပြုံးဖြစ်ကြတယ်။

" ကျွန်တော် ရောက်နေတာလဲ ကြာပြီဆိုတော့ ပြန်တော့မယ်နော်... Sunghoon လေ့ကျင့်စရာရှိတာ ဆက်လေ့ကျင့်ပါ "

" ဘာလဲ အပြင်မှာ ကြာနေရင် အုပ်ထိန်းသူကြီးက ဖုန်းဆက်ခေါ်မှာ စိုးလို့လား "

သဘောရိုးနဲ့ ပြောလိုက်တဲ့ စကားပေမယ့် Sunoo စိတ်ထဲမှာတော့ တမျိုးကြီးပဲ။ Sunghoon ဆီကနေ ဒီလိုစကားတွေ မကြားချင်ပါ။

" Sunghoon ကလဲ... အဲ့လို မဟုတ်ပါဘူး "

" ကိုယ်က အဆော အခက်အခဲဖြစ်မှာစိုးလို့ ပြောတာပါ "

" သူ မရှိဘူး... ပြည်ပခရီး သွားနေတယ် "

" ဪ.... "

တခဏ တိတ်ဆိတ်သွားတဲ့ လေထုထဲမှာ သူတို့လေးတွေ အတွေးကိုယ်စီနဲ့များ ရှိနေကြမလား...

" ကျွန်တော် သွားတော့မယ်နော် "

တိတ်ဆိတ်မှုကို ဖြိုခွင်းလို့ ပြန်ဖို့ရန် ပြင်လိုက်တဲ့ အဆောကို Sunghoon က

" အဆော... "

" ဟုတ် "

" စောနက တစ်ယောက်က ကိုယ့် စီနီယာပါ "

" ဘယ်သူ...."

ရုတ်တရက်ဆိုတော့ Sunoo ချက်ချင်း မစဉ်းစားမိ။

" အဆော အထင်လွဲနေမှာစိုးလို့... သူနဲ့က ကိုယ် ငယ်ငယ် မေမေရှိစဉ်တည်းက တူတူလေ့ကျင့်ဖြစ်ကြတာ... မေမေ တပည့်လို့လဲ ပြောလို့ရပါတယ်... အခု သူက နိုင်ငံခြားမှာ နေတာလေ... ကိုရီးယားကို ခဏ အလည်ပြန်လာတုန်း ကိုယ့်ဆီ လာတွေ့ရင်း ကွင်းထဲ ခဏဝင်လာတာ "

" ဟို.. ဘယ်သူက သိချင်နေလို့လဲ...ဒါ Sunghoon ကိစ္စတွေပဲကို "

" အဆော မသိချင်လဲ ကိုယ်ကတော့ ပြောပြချင်တယ်... ကိုယ့်အပေါ် အဆော နည်းနည်းလေးလောက် အထင်လွဲသွားမှာမျိုးကို တောင် ကိုယ် မလိုလားဘူး "

" မ~ မလွဲပါဘူး... ဘာလို့ အထင်လွဲရမှာလဲ "

" ဒါဆို ဝင်လာတုန်းက ကိုယ်တို့ကို မြင်တော့ ဘာလို့ အဆော မျက်နှာလေး မကောင်းဖြစ်နေတာလဲ "

" အာ... မဟုတ်တာတွေ "

ခေါင်းလေးငုံ့ကာ တွင်တွင်ငြင်းနေတဲ့ အဆော မျက်နှာရဲရဲလေးကို Sunghoon တစိမ့်စိမ့်ကြည့်ရင်း ဖြေရှင်းချက်တွေ ပေးနေမိသည်။

တကယ်ပါ ကိုယ့်အချစ်တွေကို အဆော သေးသေးလေးတောင် အထင်လွဲလို့ မဖြစ်။

" ကိုယ့်အချစ်တွေက အဆော တစ်ယောက်ထဲအတွက်ပဲ ဖြစ်တည်နေတာမို့ အဆောအတွက် အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ အဆော ပိုင်ပါတယ်... တခြား ဘယ်သူ့အတွက်မှ မဟုတ်ဘူး "

" ဘာလို့ ဒီစကားတွေ ပြောနေပြန်တာလဲ "

မျက်ဆန်လေးတွေ ဟိုကပ်ဒီကပ်နဲ့ ဖန်ခွက်ထဲက milk shake တွေကို ပိုက်လေးနဲ့ မွှေနှောက်နေကာ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီး စိတ်လှုပ်ရှားနေပုံပေါ်တဲ့ အဆော။

" အဆော အထင်လွဲပြီး သဝန်တိုနေမှာ စိုးလို့ လို့"

" ဟာ...ကြည့်... တော်ပြီ ကျွန်တော် ပြန်တော့မယ်... Sunghoon ဘာသာ နေခဲ့တော့ "

အရမ်းစိတ်လှုပ်ရှားနေပြီမှန်း သိလို့် စိတ်ကလေး ပေါ့ပါးသွားစေဖို့ တမင် စနောက်လိုက်တဲ့ စကားမှာ မျက်စောင်းလေးထိုးလို့ နှုတ်ခမ်းလေးကို ကိုက်ခါ ထွက်သွားလေတဲ့ အဆောရဲ့ နောက်ကျောပြင်လေးကို ကြည့်ရင်း Sunghoon သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

မြတ်နိုးရတယ် အဆောရယ်....

သူများတွေ အတွက်တော့ မသိပေမယ့် ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် ငွေရောင်ဆံနွယ်လေးတွေ ဝဲခါနေတဲ့ မျက်ဝန်းညိုပိုင်ရှင်လေးပါလို့ ဖြေမိမှာ အမှန်ပါပဲ....

မပြည့်စုံတဲ့ ဘဝကြီးနဲ့ တစ်ယောက်ထဲ ပင်ပင်ပန်းပန်း ဖြတ်သန်းနေရတဲ့ အနေအထားတစ်ခုမှာ အချစ်ဆိုတာကြီးကိုလဲ မြည်းစမ်းကြည့်ဖို့ စိတ်မဝင်စားခဲ့ဘူး....

အဲ့ဒီ့ မပြည့်စုံခြင်းတွေကြောင့်ပဲ အချစ်နဲ့ ဝေးအောင်နေတယ်လို့ ဆိုရမလား....

ဒီအဖြူရောင်လေးနဲ့ မတွေ့ခင်အချိန်တွေထိ ကျွန်တော် တကယ် မချစ်ကြည့်ခဲ့ဖူးဘူး....

ဒါပေမယ့် ဒီ အဖြူရောင်လေးကို တွေ့တော့မှ....

ဒီကောင်ငယ်လေးကို တွေ့တော့မှလေ....

ကျွန်တော့်အချစ်စိတ်တွေ နိုးကြားလာခဲ့ရတယ်....

ပိုင်ရှင်ရှိပြီးသား အရုပ်ကလေးပါလို့ ကိုယ့်စိတ်ကို ဘယ်လောက်ပဲ အသိပေးပေး လက်မခံချင်တဲ့ နှလုံးသားကြီးက ဆက်ချစ်ပါရစေတဲ့.... ပြီးတော့ ထပ် ချစ်ပါရစေတဲ့....

ပြီးတော့

စကား နားမထောင်လိုက်ပုံများ.... ကျွန်တော့်နှလုံးသားဟာ သူ့ကို တွေ့ရင် မတည်ငြိမ်နိုင်ခြင်းတွေနဲ့ ဗရမ်းဗတာ ခုန်တယ်.... ပိုင်ဆိုင်လိုခြင်းတွေနဲ့ ထပ်ခါထပ်ခါ ခုန်တယ်။

သူ့ကို တွေ့တိုင်း လောဘတွေ တက်တက်လာရတာဟာလဲ အရှင်လတ်လတ် ကျနေတဲ့ ငရဲ လိုပဲ... မပိုင်ဆိုင်နိုင်တာကိုမှ လိုချင်တပ်မက်နေမိရတော့ အခက်သားလား....

မတွယ်ငြိမိအောင် ကိုယ့်စိတ်တွေကိုယ် အထပ်ထပ် စည်းတွေခြားပြီး သတိတွေပေးနေလဲ စည်းတွေချိုးဖောက်လို့ ကိုယ့်နှလုံးသားက မင်းမှ မင်း ဖြစ်နေတဲ့အခါ ကိုယ် ခံစားနေရတဲ့ ဝေဒနာတွေ မသက်သာဘူးပေါ့ အချစ်ရယ်....

မောင်လေ မင်းကို အတိုင်းဆမဲ့ ချစ်တယ်...

ဘာနဲ့မှ နှိုင်းလို့မရအောင် ချစ်နေတယ် အချစ်ရယ်....

*****

Love you all my vitamins 💙

San Htarni 💙

22.3.2023

Give me fever (အဲ့လေ ယောင်လို့ ကလေးတွေ သီချင်းနဲ့ ရောသွားတာ 😁)

Give me feedback 😌

Comment