~ 22 ~

~ 22 ~

Polaroid Love သီချင်းသံတိုးတိုးလေး ဖွင့်ထားတဲ့ Cafe' ဆိုင်လေးထဲမှာ စိတ်လှုပ်ရှားခြင်းများစွာနဲ့ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်...

တိတ်ဆိတ်နေတဲ့ ဆိုင်လေးထဲမှာ ကိုယ်ချစ်ရသူနဲ့ နှစ်ယောက်ထဲရှိနေပါလား ဆိုတဲ့ အသိဟာလဲ သွေးခုန်နှုန်းတွေပိုတိုးလာအောင် ပံ့ပိုးပေးနေသလိုပါပဲ...

ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင်ပြန် ကြားယောင်နေရတဲ့ အခိုက်အတန့်မှာ တစ်ဖက်လူရော ကိုယ့်ရင်ခုန်သံကို ကြားသွားမလားဆိုတဲ့ စိတ်နဲ့ ရှက်ရွံ့နေရတာဟာလဲ feeling တမျိုး....

ဒီ Cafe' ဆိုင်လေးထဲ နှစ်ယောက်ထဲ ရှိနေရတာကတော့ ဆိုင်ရှင်လေး Park Sunghoon ရဲ့ လက်ချက်ပေါ့။

ဆိုင်ထဲအဝင်မှာ Sunghoon ရဲ့ လက်လေးတစ်ဖက် လှုပ်ရှားလိုက်တာကြောင့် ဆိုင်တံခါးမှာ ချိတ်ဆွဲထားတဲ့ Open ဆိုတဲ့ စာတန်းလေးဟာ

ခုတော့ဖြင့် လမ်းမကြီးဘက်ကို မျက်နှာမူနေတာ Close တဲ့။

Sunoo မှာ အရင်ကတော့ Sunghoon နဲ့ သူငယ်ချင်းတွေအဖြစ် ခဏတိုင်းတွေ့နေကြပေမယ့် ခုလို ချစ်သူရည်းစားအနေနဲ့ တရားဝင် တွေ့ဆုံတာဟာ ပထမဆုံးမို့ သူ့မျက်နှာကို ရဲရဲတင်းတင်း မကြည့်ရဲ။

Sunghoon ကိုယ်တိုင်ဖျော်ပေးထားတဲ့ အသည်းပုံဖော်ထားတဲ့ ကော်ဖီခွက်လှလှလေးကိုသာ တွင်တွင်ငုံ့ကြည့်လို့ပေါ့။

Sunghoon မှာလဲ မျက်စိရှေ့က အရှက်သည်းနေတဲ့ အလှတရားလေးကို မျက်စိမလွှဲနိုင်အောင်ပါပဲ...တစိမ့်စိမ့် ထိုင်ကြည့်ရင်း ဒီအဖြူရောင်လေးကို သူ တကယ်ပဲ ပိုင်ဆိုင်နိုင်ပြီဆိုတဲ့ သိစိတ်နဲ့ ရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေရတယ်။

တစ်ဖက်က ကော်ဖီခွက်လေးရဲ့ လက်ကိုင်ကွင်းလေးကို ကိုင်ထားကာ တစ်ဖက်က စားပွဲပေါ်မှာတင်လို့ထားတဲ့ အဆောရဲ့ ရှည်သွယ်ပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးတွေ ဖြစ်နေတဲ့ လက်ဖြူဖြူနုနုလေးကို ကြည့်ပြီး Sunghoon တစ်ယောက် မနေနိုင်စွာ လှမ်းကိုင်လိုက်မိသည်။

အဆောရဲ့ လက်လေးပေါ် သူ့လက်တွေနဲ့ အုပ်မိုးဆုပ်ကိုင်လိုက်တဲ့အခါမှာ ဖျတ်ခနဲဆို မော့ကြည့်လာတဲ့ မျက်ဝန်းညိုညိုလေးတွေဟာ ဒီနေ့မှ ပို၍တောက်ပနေသလိုပါပဲ။ အရောင်လေးတွေဟာ လက်ဖြာလို့။

သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေတဲ့ ပါးပြင်နုနုလေးနှစ်ဖက်ကတော့ဖြင့် အရောင်လေးတွေ ပိုရင့်သွားကာ ခပ်ရဲရဲလေး။

ကိုက်စားပစ်ချင်စရာ မက်မွန်သီးလေးတွေလို...

သူကိိုင်ထားတဲ့ လက်ကလေးကိုလဲ မရုန်းဘဲ ကယောင်ကတမ်းနဲ့ ကော်ဖီခွက်လေးကို ကောက်မော့တဲ့အခါ အပေါ် နှုတ်ခမ်းလေးမှာ Cream တွေ ပေကုန်တော့သည်။

" ပေကုန်ပြီ "

အပြောထက် မြန်တဲ့ သူ့လက်က အဆော နှုတ်ခမ်းပေါ်က Cream တွေကို လက်မလေးနဲ့ညင်သာဖွဖွ ပွတ်သုတ်ပေးပြီးသား...

အဲ့လက်မလေးကိုပဲ သူ့ပါးစပ်နဲ့ ပြန်ပြီး စုပ်ယူလိုက်တဲ့အခါမှာ ရှက်ရွံ့သွားဟန် မျက်နှာရဲရဲလေးက ပိုပြီး နီစွေးသွားတော့သည်။

သူ့ အပြုအမူကြောင့် မော့ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေကို မျက်တောင်ရှည်တွေနဲ့ သိမ်းဝှက်လို့ မျက်နှာလေး အောက်ကို ပိုပြီး ငုံ့ချလိုက်တဲ့ အဆောကိုကြည့်ပြီး Sunghoon နူးနူးညံ့ညံ့လေး ခေါ်လိုက်မိတယ်...

" အဆော..."

" ဟုတ် "

" မောင့်ကို မော့ကြည့်ပါအုံးလား အဆောရယ်... ဘာလို့ ရောက်ကတည်းက မျက်နှာကြီး ငုံ့နေတာလဲ "

" ဟို.. မငုံ့.. မငုံ့ပါဘူး... ဒီတိုင်း ဒီတိုင်းပါပဲ "

" ဘာလဲ.. မောင့်ကို ရှက်နေတာလား.. မောင်က အဆော ရှက်ရမယ့်လူလားလို့ မောင့်အဆောရဲ့ "

" မရှက် မရှက်ပါဘူး "

မရှက်ပါဘူး ဆိုသူလေးဟာ မျက်နှာလေးကို ဝှက်ထားတာများ လည်ပင်းလေးပါလိမ်ပြီး နောက်ကို မသိမသာလေး စောင်းထားသေးသည်။ ပြီး စကားတွေဟာလဲ ထစ်လို့။

ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးနုနုလေးကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီး

" မောင့်ကို မျက်နှာလေး ပြပါအုံးကွာ... မောင် အဆော မျက်နှာလေးကို တဝကြီး ရှုစားချင်လို့ပါ "

" ဘာလို့လဲ ကျွန်တော်တို့ မတွေ့ဖူးတဲ့ လူတွေလဲ မဟုတ်ဘဲ... "

" ဟာ...မောင့်အဆောကတော့ နောက်ပြီကွာ... မတွေ့ဖူးတဲ့ လူမှ မျက်နှာကြည့်ရမှာလား လို့... ခုလို တရားဝင် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ မောင်က မောင့်ချစ်သူ မျက်နှာလေးကို တစိမ့်စိမ့် ထိုင်ကြည့်ချင်တာပေါ့ "

သူ့ပြောစကားကြောင့် အဆောဆီက ရောက်လာတဲ့ မျက်စောင်းပါးပါးလေး... မျက်နှာလေးပေါ်မှာတော့ ရှက်ပြုံးမပွင့်တပွင့်လေးနဲ့ပေါ့။

" အဆော..."

" ပြောလေ Sunghoon "

" ချစ်တယ် "

" ဟုတ် "

" အဆောရော... မောင့်ကို ချစ်ရဲ့လား ဟင် "

" မချစ်ဘဲ... ကျွန်တော် Sunghoon ဆီကို ရောက်လာပါ့မလား "

" ဒါဆို မောင့်ကို ဘယ်လောက်ထိ ချစ်လဲ "

ဖြေရခက်သွားပုံနဲ့ မျက်ခုံးတန်းလေးတွန့်ချိုးသွားကာ မျက်ဆန်လေးတွေဟိုကပ်ဒီကပ်လုပ်ပြီး

" ကျွန်တော်... ကျွန်တော် အဲ့လိုတွေတော့ မပြောတတ်ဘူး "

" ဟင့်အင်ကွာ... မပြောတတ်လို့ မရဘူး... ပြောတတ်သလို ပြောကြည့်... မောင် ကြားချင်တယ်လေ အဆောရဲ့ "

မျက်နှာချင်းဆိုင် ထိုင်နေရာမှာ အဆောဘေးက ခုံရှိရာဆီ ဖျတ်ခနဲဆို ဝင်ထိုင်လိုက်ပြီး ဇွတ်တရွတ်လေး မေးမိတော့ ရောက်လာပြန်ပြီ မျက်​စောင်းလေးက

" မ ပြော တတ် ပါ ဘူး ဆို "

စကားတစ်ခွန်းချင်းဆီကို ဖိပြောကာ မျက်နှာလေး တစ်ဖက် လှည့်သွားတဲ့ အဆောကို ပုခုံးလေးကနေ ဆွဲလှည့်လိုက်ပြီး

" မောင် ကြားချင်တယ် ဆိုကွာ "

" ဟင်းးး Sunghoon ရယ်... ဘယ်လောက်ချစ်သလဲဆိုတာလေ.. တကယ်တမ်းတော့ မေးစရာမလိုဘူး ထင်တာပဲ... ကျွန်တော့်အကြောင်းတွေလဲ Sunghoon အကုန်သိထားတာပဲကို... အဲ့လို အခြေအနေတွေရှိနေတဲ့ ကြားထဲကတောင် ကျွန်တော် အရဲစွန့်ပြီး Sunghoon ကို ချစ်ခဲ့တာပါ..."

စကားအဆုံးမှာ အသံလေး တိမ်ဝင်သွားပြီး မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ ရစ်သိုင်းလာတဲ့ အဆော...

Sunghoon ရှေ့က အဖြူရောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းတင်းလေး ဖက်ထားလိုက်ပြီး

" သိပါတယ် အဆောရယ်... အဆော မောင့်အပေါ် ဘယ်လောက်ထိ ချစ်သလဲဆိုတာ မောင် သိတာပေါ့... မောင်က မောင့်ချစ်သူလေး ပါးစပ်ကနေ မောင့်အပေါ် ထားတဲ့ ခံစားချက်လေးတွေကို ကြားချင်မိလို့ မေးလိုက်မိတာ... မောင် လောဘကြီးမိသွားတယ်ကွာ... မောင် တောင်းပန်တယ် နော်... အဆော ဘာမှ စိတ်မကောင်းမဖြစ်နဲ့... ဟုတ်ပြီလား... "

ထိုအခါမှ ရင်ခွင်ထဲက ကောင်ငယ်လေးဟာ ခေါင်းလေးကို တဆက်ဆက် ညိမ့်ပြလာတော့သည်။

သူ သိတာပေါ့...

အဆော ဘယ်လောက်အထိ သတ္တိတွေ မွေးပြီး သူ့ကို ပြန်ချစ်ခဲ့လဲဆိုတာ...

နောက်ဆို မောင် လောဘမကြီးမိအောင် ဆင်ခြင်ပါ့မယ် မောင့်အဆောရယ်....

ခဏတာ တိတ်ဆိတ်သွားတဲ့ စကားဝိုင်းလေးရယ် မျက်နှာလေး ညှိုးကျသွားတဲ့ ကောင်ငယ်လေးရယ်ကြောင့် Sunghoon ဒီအ​ခြေအနေကြီးကို ပြန် ပြောင်းလဲဖို့ ကြိုးစားလိုက်သည်။

ချစ်သူနှစ်ယောက်ရဲ့ ပထမဆုံး date လေးမှာ ပျော်စရာတွေပဲ ပြည့်နေသင့်တယ်မလား...

ရင်ခွင်ထဲက မှီတွယ်ထားတဲ့ အဆောရဲ့ လက်ချောင်းလေးတွေကို တစ်ချောင်းချင်း ဖြန့်ကြည့်လိုက်ပြီး

" အဆော..."

" ဗျာ.."

"လက်ချောင်းလေးတွေက ဘာလို့ အဲ့လောက်ထိ လှနေရတာလဲ အဆော... ကြည့်ပါအုံး လှလိုက်တာ... မောင် ဒီ လက်ချောင်းလေးတွေကို ကိုက်စားပစ်ချင်လာပြီ "

သူ့အပြောကြောင့် ရင်ခွင်ထဲကနေ အပြုံးလေးနဲ့ မော့ကြည့်လာတဲ့ အဆောက

" Sunghoon ကလဲ မဟုတ်တာ... ကျွန်တော့်လက် ထက် Sunghoon လက်ချောင်းလေးတွေက ပိုလှတာကို "

" အာ... မောင့်လက်က အဆော လက်လောက် မလှပါဘူး.... ဒီမှာ ကြည့်ပါအုံး ရှည်သွယ်ပြီး ပြည့်ဖောင်းနေတာပဲ... မောင် တစ်ခါလောက် ကိုက်ကြည့်ချင်တယ် "

ပြောပြောဆိုဆို လက်လေးကို ပါးစပ်နားထိ ဆွဲကပ်လိုက်တာကြောင့် ကပြာကယာ ပြန်ရုတ်သွားတဲ့ လက်ကလေး

" အ့ Sunghoon နော်... "

ရင်ခွင်ထဲက ထသွားကာ မျက်စောင်းလေးနဲ့ ရန်စောင်လာတဲ့ အဆော...

" ဒီ ပါးလေးတွေလဲ မောင် အသည်းယားနေတာ ကြာပြီ... ဘာလို့ ဒီလို ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေတာလဲ... အဆော ရှက်နေတဲ့ အချိန်များဆို မက်မွန်သီးလေးတွေ ကျလို့ ... မောင့်ကို တစ်ကိုက်လောက် ပေးကိုက်ကွာ..နော် "

ပုခုံးလေးကနေ ပြန်ဆွဲခေါ်ကာ ပါးလေးကို ကိုက်မယ်လုပ်တော့ သူ့ရင်ဘတ်ကို လက်လေးနဲ့ တွန်းထားကာ မျက်နှာလေးကို နောက်လှန်ထားပြီး

" မလုပ်နဲ့နော်... Sunghoon shi... "

" ဟင့်အင်ကွာ... မောင့်ကို နည်းနည်းတော့ ပေးကိုက်.... မောင် ဖွဖွလေးပဲ ကိုက်မယ် "

သူက ဇွတ်တိုး အဆောက မျက်နှာလေးကို ဟိုဒီ လှည့်ပတ်ရှောင်နဲ့

" Sunghoon shi... ဘယ်လိုတွေဖြစ်နေတာလဲ... Zombie စိတ် ပေါက်နေတာလား... လူကို ဟို ကိုက်မယ် ဒီကိုက်မယ်နဲ့ "

" ဟားဟား အဆောကလဲ... မောင်သာ Zombie ဆို ပါးလေးတွေ လက်လေးတွေကို ကိုက်မနေဘူးဗျ... ဒီ လည်တိုင်ကျော့ကျော့လေးကို ကိုက်မှာ "

ပြောလဲပြော အဆော လည်တိုင်တွေကြား တိုးဝေ့ကာ ကိုက်မယ့်ဟန်ပြင်လိုက်တော့ နားထဲမှာ စူးကနဲ ဖြစ်သွားအောင်ထိ အော်လိုက်တဲ့ အသံလေး။

" Sunghoon shiii...!!!! တကယ်ကို ဘယ်လိုတွေ ဖြစ်!!!"

ပြွတ်!!!

" အာ... "

တွန်းထိုးပြီး ရှောင်နေတဲ့ကြားက သူ့နှုတ်ခမ်းတွေနဲ့ လည်တိုင်လေးကို ဖိကပ်ပြီး နမ်းလိုက်တဲ့အချိန်မှာ အော်သံလေး ပျောက်သွားကာ အာမေဋိတ်သံလေး ထွက်ကျလာပြီး ငြိမ်ကျသွားတော့သည်။

ပြွတ်!!!

ငြိမ်နေတဲ့အဆောကို နောက်တစ်ခါ ထပ်ပြီး လည်ပင်းလေးကို ဖိကပ်နမ်းလိုက်တော့

" Sunghoon shi... တော်ပြီလေ... ဘယ်လို ဖြစ်နေတာလဲ "

"မောင် အဆောကို အသည်းတွေယားနေလို့ "

" ဖြစ်ရမယ် "

Sunghoon ရှိရာဆီ နောက်တစ်ခါ ကျရောက်လာပြန်တဲ့ မျက်စောင်းလေး...

အဆောသာ နဂါးလေးဆို ဒီ မောင်က မျက်စောင်းဒဏ်တွေကြောင့် ပြာဖြစ်တော့မယ်။

" အဆော..."

" ခေါ်ပြန်ပြီ... Sunghoon အဲ့လို ခေါ်လိုက်ရင်ကို ကျွန်တော် လန့်နေပြီ သိလား "

" ဟင်!... ဘာလို့လဲ အဆောရဲ့ "

" Sunghoon က ကျွန်တော့်ကို အဲ့လိုတွေ ခေါ်ခေါ်ပြီးရင် အခက်တွေ့အောင် သိပ်လုပ်တာလေ ...ဇွတ်တရွတ်နဲ့ သူဖြစ်ချင်တာတွေ တအား ပူဆာတာ "

" အဟားး အဲ့လို ဖြစ်သွားတာလား... အခုလဲ မောင် အဆောကို နည်းနည်းလောက် ပူဆာ စရာရှိနေတယ်... အဲ့ဒါ အဆော လိုက်လျောပေးနော် "

" ဘာ ဖြစ်ရပြန်ပြီလဲ "

" မောင့်ကိုလေ... Sunghoon Sunghoon နဲ့ မခေါ်တော့ဘဲ မောင် လို့ ခေါ်ပေးပါ့လား ဟင်... မောင်တို့ ချစ်သူတွေတောင် ဖြစ်နေပြီပဲကို သူစိမ်းတွေ ခေါ်သလို Sunghoon လို့ မခေါ်ပါတော့နဲ့ "

" ဟင်... Sunghoon နဲ့ ကျွန်တော်က သူစိမ်းမဟုတ်လို့ အမျိုးတွေ မလို့လား "

" အာ... အဆောကလဲ... သူစိမ်းတွေ ဆိုပေမယ့် မောင်တို့က အရင်းနီးဆုံး သူစိမ်းတွေလေကွာ... အဲ့တော့ သူစိမ်းဆန်တဲ့ အပြုအမူတွေ အခေါ်အဝေါ်တွေ လုပ်လို့မရတော့ဘူးလေ "

" Sunghoon ကို ဘယ်သူကပြောလဲ လုပ်လို့မရဘူးလို့ "

" အဆောကလဲ... ဘယ် ချစ်သူတွေက အဲ့လို သူစိမ်းဆန်ပြီး နေလို့လဲ"

" သူများတွေ မနေလဲ ကျွန်တော်တို့ နေမယ်လေ"

" ဟာ ကြည့်... အဆော မောင့်ကို တမင် ရစ်နေတာလား "

" ဟင့်အင် ကျွန်တော် မရစ်တတ်ပါဘူး "

" မနောက်နဲ့ နော် အဆော..."

" အာ... ကျွန်တော် မနောက်တတ်ပါဘူး "

မနောက်တတ်ပါဘူး ပြောတဲ့ အဆောမျက်နှာလေးပေါ်မှာတော့ ကျွန်တော့်ကို ရစ်နေရလို့ ကျေနပ်နေတဲ့ အပြုံးလေးနဲ့။

" မောင် အတည်ပြောနေတာ...ကြားချင်လှပြီ ကွာ.. ခေါ် မောင်... လို့ "

" ဟင့်အင် "

" အဆော!!"

" ဗျ!!"

သူက အသံကို မြှင့်ခေါ်လိုက်တော့ ပြန်ထူးလာတဲ့ အသံဟာလဲ ခပ်ကျယ်ကျယ်ပဲ။

ဒါ အဆော သူ့ကို တမင်ကို ရစ်နေတာရယ်...

ရမလား အဲ့လို လုပ်လို့။

" ခေါ် ဆို ကွာ "

" မခေါ်ပါဘူး ဆို ဗျာ "

" သေချာပြီလား မခေါ်မှာ "

" အင်း သေချာတယ် "

" သေချာတယ် နော် "

" သေချာပါတယ်ဆို "

မျက်နှာလေး မော့ချီကာ မျက်ခုံးလေးတစ်ဖက် ပင့်ပြပြီး စိန်ခေါ်နေတဲ့ ဒီကောင်လေးကို စိတ်ရှည်ပေးလို့မရတော့။

သူလဲ ပြန်ပြီ ပညာပြရတော့မှာပေါ့။

ထို့ကြောင့် အပြုံးစစ လေးနဲ့ မျက်နှာလေး မော့ချီနေတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းလေးကို Sunghoon ဖျတ်ခနဲဆို လှမ်း နမ်းလိုက်တော့သည်။

ပြွတ်!!

" မခေါ်မချင်း နမ်းမှာ "

အံ့ဩကာ မှင်သက်မိနေတဲ့ ကောင်လေးရဲ့နှုတ်ခမ်းလေးကို Sunghoon နောက်တစ်ခါ ထပ်ပြီး ဖိကပ်နမ်းလိုက်သည်။

ပြွတ်!!

" ခေါ် ..မောင် လို့ "

" yarr... "

ထိုအခါမှ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ မော့ကြည့်လာပြီး ရန်စွာလေတော့သည်။

" မခေါ်သေးဘူးလား "

" ကျွန်တော်မှ မခေါ်တတ်တာ ''

" ဒီတိုင်းလေး ခေါ်လိုက်ရုံပဲကို မခေါ်တတ်စရာမှ မရှိတာ... ခေါ်ပါကွာ မောင် ကြားချင်လို့ "

" ဟင့်အင် "

ပြွတ်!!

" Sunghoon shi !! ဘယ်လိုဖြစ် "

ပြွတ်!!!

" များနေပြီ နော် "

ပြွတ်!!

" မခေါ်မချင်း နမ်းမှာပါဆို... ဘာလဲ အဆောက မောင်နမ်းတာ ခံချင်လို့ တမင် မခေါ်ဘဲ နေတာလား ပြော "

" yarr!!! "

တကယ်ကို ရှေ့ကအဖြူရောင်လေးက အနီရောင်လေး ဖြစ်နေပါပြီ။

ဘယ်လောက်ရှောင်ရှောင် ရှောင်မရဘဲ အနမ်းခံနေရလို့ ရှက်နေတာရော သူ ဇွတ်တရွတ်တွေ လုပ်နေလို့ စိတ်တိုနေတာရောနဲ့ပေါင်းပြီး နှုတ်ခမ်းကြီးစူပြီး မျက်စောင်းကြီး တရွယ်ရွယ်နဲ့။

ဒါပေမယ့် သူကတော့ အပြုံးမပျက် ပူဆာမပျက်။ ဒီနေ့ ဒီအသံလေးကို သူ ကြားရမှ ဖြစ်မယ်လေ။

ဒါ့ကြောင့် သူ မျက်နှာကို ပြင်လိုက်ပြီး မျက်နှာငယ်လေးနဲ့ လုပ်လိုက်ကာ

" အဆော မောင့်ကို မသနားဘူးလား ဟင်... မောင် အရမ်း မျှော်လင့်ထားတာကိုလေ.... "

" မသနားပါဘူး "

" ခေါ်ပါကွာ... မောင် အဆော နှုတ်ခမ်းဖူးဖူးလေးကနေ မောင် လို့ ခေါ်တာလေးကို အရမ်း ကြားချင်နေလို့ပါ နော်...အဆော နော် လို့ "

အဆော လက်ဖဝါးလေးတစ်ဖက်ကို ဆွဲယူလိုက်ကာ သူ့ပါးပြင်လေးနဲ့ ပွတ်သပ်ပြီး မျက်နှာငယ်လေးနဲ့ ပြောလိုက်တော့

" ဟင်းးး အဲ့ Sunghoon ကလေ... အမြဲပဲ လိုချင်တာကို တကျီကျီနဲ့ မရ ရအောင် အတင်းတောင်းတာပဲ... ကလေးကြီးကျလို့ "

" အဲ့တော့ ခေါ်တော့မယ် မလား ဟင် "

" မသိဘူး "

" အဆော..."

" ဘာလဲ "

" ခေါ် ကွာ "

" ရှက်စရာကြီးဗျာ... "

" ဘယ်သူ့ကို လဲ ရှက်တာက "

" မောင့်ကို "

" အမ်! ဘယ်သူ့ကို!!! "

" Sunghoon ကို လို့"

" အာ... မဟုတ်ဘူးလေ... ခုန အဲ့လို ပြောလိုက်တာ မဟုတ်ပါဘူး... မောင် ကြားလိုက်တယ်နော်.. အဆောနော်... မညစ်နဲ့... ပြန်ပြော "

" ကြားရင် ဘာလို့ ပြန်မေးနေသေးလဲ "

" မောင် ရုတ်တရက် ကြားလိုက်ရတော့ ထူပူသွားလို့ပါကွာ... ပြန်ခေါ်နော် မောင် လို့ "

" မသိဘူးဗျာ... ကျွန်တော် နှုတ်က မရဲဘူး... ဟို ခေါ်စေချင်လဲ ဖြည်းဖြည်းချင်းတော့ ခေါ်ပါ့မယ်.. ချက်ချင်းကြီးကျ... "

အခက်တွေ့နေတဲ့ ပုံစံလေးနဲ့ အဆောဟာ တကယ့်ကို ဘေးကျပ်နံကျပ် ဖြစ်နေဟန်။ ဒါကြောင့်ပဲ သူ ထပ်ပြီး မတောင်းဆိုတော့ဖို့ ဆုံးဖြတ်လိုက်ကာ

" ရပါတယ် အဆောရယ်... အဆောအတွက် ခက်ခဲနေရင်လဲ ထားလိုက်ပါတော့... မောင်က အရမ်း မျှော်လင့်ထားတော့ ကြားချင်နေမိလို့ပါ... အဆော ခေါ်ရခက်နေရင်လဲ... ဟင်းးး ထားလိုက်ပါတော့ လေ "

လေသံလေးကို တိုးဖျော့ကာ လက်လျှော့လိုက်တဲ့ ပုံစံလေးနဲ့ ပြောလိုက်ပြီး ထိုင်ရာမှ ထ ကာ လှည့်ထွက်မယ်လုပ်လိုက်တော့ အဆောက စားပွဲပေါ် ထောက်ထားတဲ့ သူ့လက်လေးကို လှမ်းဆွဲလိုက်ပြီး

" အဲ့ဒါ ဘာဖြစ်သွားတာလဲ "

" မောင် ဘာမှမဖြစ်ပါဘူး... "

" ဒါဆို ဘာလို့ ထ သွားတာလဲ "

" ဟို... အဆောအတွက် မုန့်သွား လုပ်မလို့ ... အဆော ကြိုက်တဲ့ mint flavour လေး ထည့်ပြီး မောင် cake လုပ်ပေးမယ်... ခဏ စောင့်နော် "

အပြုံးယဲ့ယဲ့လေးနဲ့ ပြောခဲ့ပြီး အဆောကို ထားခဲ့ကာ မုန့်ဖုတ်တဲ့ နေရာဆီသို့သာ သွားလိုက်တော့သည်။ အဆော ဘယ်လို ထင်သွားမလဲ မသိပေမယ့် ထွက်လာခဲ့တာက သူအဲ့နေရာမှာပဲ ဆက်ရှိနေရင် အဆောကို ထပ်ခါထပ်ခါ ပူဆာမိနေမှာစိုးလို့။

အဆောရှိရာဘက်ကို ကျောပေးလို့ မုန့်ဖုတ်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်နေလိုက်သည်။ လိုအပ်တဲ့ ဂျုံကိုလဲ အချိုးအဆအတိုင်း ဇလုံထဲသို့ ထည့်လိုက်ပြီး ရေထည့်ကာ နယ်ဖို့အလုပ်မှာတော့...

သူ့ခါးဆီကို ရစ်သိုင်းလာတဲ့ လက်လေးတွေ...

ကျောပြင်ဆီက နူးနူးညံ့ညံ့ အထိအတွေ့လေးနဲ့ အတူ သူ့ပုခုံးပေါ်ကို မှီတွယ်လာတဲ့ ခေါင်းလုံးလုံးလေး...

ထိုအခိုက်မှာ ဆံနွယ်ဖြူဖြူလေးတွေဆီက Shampoo ရနံ့ဟာ လှိုက်ခနဲပဲ....

" မောင်... "

တိုးသဲ့သဲ့ ခေါ်သံလေး...

တကယ်တမ်းက တိုးတိုးလေး ခေါ်လိုက်တာပါ...

ဒါပေမယ့် Sunghoon နားထဲမှာတော့ ပဲ့တင်သံတွေတောင် ရိုက်ခတ်သွားလောက်အောင်ထိ မြည်ဟည်းသွားခဲ့ရသည်။

သူ ထင်မထားဘူးလေ...

ခုလို ခေါ်လာလိမ့်မယ်လို့။

စမ်းရေစီးသလို ငြိမ့်ငြိမ့်ညောင်းညောင်းခေါ်သံလေးအဆုံးမှာ သူ့ရင်ဘတ်ထဲက ညိမ့်ခနဲပဲ။

" အဆော!! "

" မောင်... စိတ်မကောင်း ဖြစ်သွားတာလား ဟင် "

" အဆော!!! မောင်လေ.. "

" ဟင့်အင်... ကျွန်တော့်ဘက်ကို လှည့်မလာပါနဲ့... ဒီတိုင်းလေးပဲ... ခဏနေရအောင်... ကျွန်တော် မျက်နှာချင်းဆိုင် ပြီး ဒီစကားတွေကို ပြောဖို့ သတ္တိမရှိလို့ပါ..."

အဆော လက်လေးတွေကို ဆွဲဖြုတ်လို့ မျက်နှာချင်းဆိုင်မယ်အလုပ် ခါးဆီက လက်တွေကို ပို၍ တင်းကြပ်စွာ တိုးဖက်လိုက်ပြီး သူ့ကို အလှည့်မခံ။

" မခေါ်ချင်လို့ မဟုတ်ပါဘူး မောင်ရယ်... အဆော မောင့်ကို မောင်..လို့ မြတ်မြတ်နိုးနိုးနဲ့ကို ခေါ်ချင်ပါတယ်... ဒါပေမယ့်လေ... အဆော မောင့်ကို ချစ်တယ်လို့ ပြောပြီးတဲ့ အချိန်က စ လို့ ခုချိန်ထိ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရလို့ပါ''

" ဘာအတွက်လဲ အဆောရယ်... အဆောက ဘာတွေကို အပြစ်လို့ ယူဆ နေလို့လဲ "

" မသိတော့ဘူး မောင်ရယ်... အဆောလေ မောင့်ကိုလဲ ချစ်တယ်... Jay အပေါ်မှာလဲ သစ္စာ ဖောက် သလိုဖြစ်နေတော့... "

" ဟင့်အင် အဆော... မဆိုင်လိုက်တာ.. အဆော စိတ်ထဲ အဲ့လိုတွေ မတွေးစေချင်ဘူး... တကယ်တမ်း အပြစ်ရှိကြေးဆို မောင်သာ အပြစ်ရှိတာပါ... မောင်က အဆောအကြောင်းတွေ သိရဲ့နဲ့ နောက်မဆုတ်ဘဲ အဆော စိတ်တွေ ယိုင်နဲ့လာအောင် လုပ်လိုက်မိလို့ အဆောက မောင့်ကို ပြန်ချစ်တာလေကွာ.. တကယ်တမ်းက မောင့်မှာသာ အပြစ်ရှိတာပါ "

" အဆော မဆင်ခြင်နိုင်ခဲ့တာ... မောင့်သဘောထားကို သိတဲ့ အချိန်ကတည်းက အဆော မောင့်ရှေ့ကို မလာတော့ရင်... "

" ထင်လို့လား... အဆော မောင့်ကို ရှောင်ထွက်သွားတာနဲ့ပဲ မောင်က လက်လျှော့လိုက်မယ် ထင်နေတာလား... မောင်က အဲ့လို လွယ်လွယ် လက်လျှော့တတ်တဲ့လူ မဟုတ်ဘူး အဆောရဲ့... အဆော ဘယ်လောက် ရှောင်ပုန်းနေပါစေ မောင်က အဆောဆီ ရောက်အောင်လာပြီး မောင့်အချစ်တွေကို ဖွင့်ဟမှာ "

" Jay သိသွားမှာ အဆော သိပ်ကြောက်နေတယ် မောင်... မောင့်ကို Jay ဆိုးဆိုးဝါးဝါးတွေ လုပ်မှာ တွေးပြီး ကြောက်နေတယ် "

" မောင်ကတော့ အဆော အတွက်ပဲ စိတ်ပူတာပါ... အဆောက သူ့အရိပ်မှာ နေနေရတော့ အဆောကို စိတ်ဒုက္ခတွေ ပေးမှာ စိုးတာ... မောင့်အတွက်ကတော့ ဘာမှ ဂရုစိုက် မနေဘူး "

" အဆောအတွက်နဲ့ မောင့် ရည်မှန်းချက်တွေ ထိခိုက်မှာစိုးတယ် "

" မောင်တို့ တွေ့ရတဲ့ ဒီအချိန်ခဏလေးမှာ မောင်တို့ ဒီအကြောင်းတွေ မပြောကြစို့ အဆောရယ်... ဒီနေ့လို First date လေးမှာ မောင်တို့အတွက် ပျော်စရာတွေပဲ ဖန်တီးကြရအောင်လေ နော် "

" အင်းပါ မောင်... ဒါပေမယ့်လေ မောင် အဆောကို တစ်ခုတော့ ကတိပေးရမယ် "

" ဘာကိုလဲ အဆော"

" တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေါ့ အောင်မြင်မှုနဲ့ အဆောကို တစ်ခုပဲ ရွေးချယ်ရတော့မယ်ဆိုရင် မောင် အောင်မြင်မှုကိုပဲ ရွေးပါနော် ... အဆောက မောင့်ဘေးနား ထာဝရ ရှိနေပေးနိုင်မှာ မဟုတ်ဘူး ... အောင်မြင်မှုကသာ မောင့်ဘေးနား တစ်သက်လုံး ရှိနေမှာ "

" အာ... မဟုတ်တာ အဆောရာ... မောင်က အဆောကလွဲပြီး ဘာကိုမှ မမက်မောဘူးလေကွာ... ဒီ ကတိကြီးကတော့ မပေးနိုင်... "

" မောင့်!!! "

" အဆော! ဒီနေ့လို First date မျိုးမှာကွာ... မောင့်ကို ဒီလိုကတိမျိုးတောင်းမှ ဖြစ်မှာလား ... မောင် ဘယ်လို စိတ်နဲ့ ကတိပေးရမလဲ ''

ခါးဆီကလက်တွေကို ဆွဲဖြုတ်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်ကာ အဆော ပုခုံးလေးတွေကို ဆုပ်ကိုင်လို့ မေးလိုက်တဲ့ အခါမှာ အဆောက

" နောင် အနာဂတ်ဆိုတာ မျှော်ကြည့်လို့ရတဲ့ အရာမဟုတ်ဘူးလေ မောင်... အခု ချစ်နေကြပေမယ့် နောင်တစ်ချိန်မှာ အဆောက မောင့်နား ရှိမယ် မရှိမယ် မသေချာဘူးမလား.... အဲ့တော့ မသေချာတဲ့ အဆောကို ရွေးချယ်မယ့်အစား မောင့် ဘဝတက်လမ်းကိုသာ ရွေးချယ်ပါ "

"ဘာကြီးလဲ ကွာ... အဆော မောင့်ကို ဘာလို့ ဒီစကားတွေ ပြောနေတာလဲ "

" ကတိပေးပါ မောင်... "

" အဆော!! "

" နော် မောင့် "

" ဟင့်အင် မောင် မပေးနိုင်ဘူး "

" အဆောကလဲ မောင့်ဆီက ဒီကတိကိုပဲ လိုချင်နေတယ်လေ "

" အဆော မောင့်ကို မရစ်နဲ့ကွာ.... မဖြစ်နိုင်တာကြီး "

အဆောပုခုံးပေါ်က လက်တွေကို ဖြေလွှတ်ပေးလိုက်ပြီး ကျောခိုင်းလိုက်တော့ သူ့လက်မောင်းတစ်ဖက်ကို တွယ်ချိတ်လာတဲ့ လက်နုနုလေးတွေ....

ဘေးကနေ လက်မောင်းကို ဖက်ထားပြီး ခပ်မော့မော့လေး ကြည့်ကာ တိုးတိုးလေး ကပ်ခေါ်လာပြန်တဲ့ အဆောက...

"မောင်... "

အဆောရဲ့ ခေါ်သံထဲမှာ တောင်းဆိုမှုတွေလဲ ပါနေလေသည်။

" ဟင့်အင် "

သူကလဲ No ပဲ။

သူ့အဖြေကြောင့် အလိုမကျဖြစ်သွားတဲ့ အဆောက သူ့လက်မောင်းကို ဆောင့်ချပစ်ကာ နှုတ်ခမ်းစူလေးနဲ့ လှည့်ထွက်သွားတော့သည်။

" မောင် ကျွန်တော့်ကို တကယ် မချစ်ပါဘူး "

" အဆော... "

ထွက်သွားမခံဘဲ အဆော လက်ကောက်ဝတ်လေးကနေ ဖမ်းဆွဲထားလိုက်တော့ လက်လေးကို ရုန်းထွက်သွားကာ

" ဖယ် ကျွန်တော့်ကို မထိနဲ့ "

" အဆော... ဒီလိုနေ့ကြီးမှာ မောင့်ကို စိတ်ဆိုး စိတ်ကောက်မှ ဖြစ်မှာလားကွာ... အဆော စကားကို အဆောပဲ သေချာ စဉ်းစားကြည့်... ချစ်သူတွေ ဖြစ်ကြပါပြီဆိုမှ တစ်သက်လုံး အတူရှိသွားချင်ကြတာ သဘာဝပဲလေ... တကယ်ချစ်တဲ့ ချစ်သူတွေမှာ ဘယ်သူက ထားသွားဖို့ကို တွေးမှာလဲ "

" ....... "

သူ့မျက်နှာကို မကြည့်ဘဲ မျက်နှာလွှဲထားကာ နှုတ်ခမ်းလေး ဆူပွပွလုပ်နေတဲ့ ဒီကောင်လေးကို သူ စိတ်မဆင်းရဲစေချင်ပါဘူး။

ဒါပေမယ့်လဲ ပေးရမယ့် ကတိကြီးက သူ့ရင်ကို ကွဲစေမယ့် အရာကြီးလေ...

အပိုင်လိုချင်လို့မှ ချစ်ခွင့်ကို မရမက တောင်းယူထားရတာမို့ လွယ်လွယ်လေး ကျောခိုင်းလို့ ဖြစ်မတဲ့လား။

" ကျန်တာ မောင့်ဆီက ဘာ ကတိပဲ တောင်းတောင်း မောင် ပေးမယ်ကွာ... နော်... ဒါကြီးတော့ မဖြစ်လို့ပါ... "

" ဟင့်အင်... ကျန်တာ မလိုချင်ဘူး... ဒီ ကတိပဲပေး "

" အဆော..."

" ..... "

ချက်ချင်းကိုပဲ မျက်လုံးထဲ ပြည့်အိုင်လာတဲ့ မျက်ရည်တွေနဲ့ အဆောက တကယ်ကို နားလည်ရခက်ပါသည်။ ဘာ အတွေးတွေနဲ့များ ဘယ်လိုတွေ တွေးခေါ်ပြီးများ သူ့ဆီက ဒီကတိကို တောင်းပါလိမ့်....

နောက်ဆုံးတော့လဲ သူပဲ လက်လျှော့လိုက်ရကာ ကတိပေးဖို့ ဆုံးဖြတ်လိုက်ရတော့သည်။ နောင်ခါလာ နောင်ခါစျေးပေါ့...လောလောဆယ်တော့ ရွှေစိတ်တော် မညှိုးစေဖို့ ချစ်သူလေး အလိုကျ... ဒီ ကတိကို တည်ပေးဖို့ မတည်ပေးဖို့ ဆိုတာကတော့....

ဟူးးးး

" ကဲ.. မဆိုးတော့နဲ့ကွာ... ကတိပေးတယ်... မောင် ကတိပေးတယ်.. ဟုတ်ပြီလား... အဆော လိုချင်တဲ့ ကတိကို မောင် ပေးတယ်...အဲ့လိုကြီး မနေတော့နဲ့... မောင် အဆော မျက်ရည်တွေကို မကြည့်ရက်လို့ ငိုတော့ မငိုလိုက်ပါနဲ့ "

ထိုအခါကျမှ မျက်ရည်လည်နေတဲ့ မျက်ဝန်းဝိုင်းလေးတွေနဲ့ မော့ကြည့်လာပြီး

" တကယ်ပြောတာလား "

" တကယ်ပါဗျာ... မောင် တကယ် ကတိပေးတာပါ... "

" တကယ်နော် "

" အွန်း... တကယ် တကယ် "

" အဟီးး "

မျက်ရည်တွေနဲ့ ရယ်ပြလာတဲ့ ရှေ့ကကောင်ငယ်လေးကို Sunghoon ရင်ခွင်ထဲ ထည့်ပြီး ထွေးပွေ့ထားလိုက်တော့သည်။

သူ ဒီကတိကို ပေးတယ်ဆိုတာ ဒီကောင်လေးကို မျက်နှာ မညှိုးစေချင်လို့လေ...

သူပြောလိုက်တဲ့ စကားလေးကြောင့် ဒီကောင်လေးမျက်နှာ ပြုံးပျော်သွားတယ်ဆိုရင်ပဲ သူ ကျေနပ်ပါပြီ။

" မျက်နှာလေး မော့... မောင် မျက်ရည်တွေ သုတ်ပေးမယ် "

ရင်ခွင်ထဲ တိုးဝှေ့လို့ မျက်နှာလေး ဝှက်ထားသူကို မေးဖျားလေးကနေ ဆွဲမော့စေလိုက်တော့ အလိုက်သင့်လေး ပါလာသည်။

သူ့ကို မော့ကြည့်နေတဲ့ ရွှန်းရွှန်းစားစား မျက်ဝန်းတောက်တောက်လေးတွေက ကြယ်တာရာ အပေါင်းတို့ ခညောင်းနေသလို။

မျက်ရည်လေးတွေကြောင့် စိုလဲ့နေကာ အရောင်တို့က တလက်လက်။

မျက်တောင်ရှည်တို့ ခစားရာ မျက်ခွံအစ်အစ်လေးပေါ် သူ့နှုတ်ခမ်းတို့ ကျရောက်သွားချိန် ဖျတ်ခနဲ မှိတ်ကျသွားတဲ့ မျက်လုံးလေးတွေ။

အသာအယာလေး ဖိကပ်နမ်းလိုက်ပြီးမှ ပြန်ခွာလိုက်တော့ ရန်လိုတဲ့ မျက်စောင်းလေးက ရောက်လာကာ

" မောင် ပြောတော့ မျက်ရည်သုတ်ပေးမလို့ ဆို "

" သုတ်ပေးနေတယ်လေ "

" ဒါလား မျက်ရည်သုတ်ပေးတာက "

" အဟင်း... အွန်း ဒါ ဟုတ်တယ်... မောင့်အချစ် အသားလေးတွေက နူးညံ့တော့ မောင့်လက်တွေနဲ့ သုတ်လိုက်ရင် ပွန်းပဲ့ကုန်မှာစိုးလို့ မောင့်နှုတ်ခမ်းလေးနဲ့ ဒီလို ဒီလို သုတ်ပေးနေတာ "

ပြောလဲပြော မျက်ခွံလေးတွေ နှစ်ဖက်လုံးကို ဖိကပ်နမ်းလိုက်တော့ မျက်လုံးလေးတွေ ပိတ်ကျအောင်ထိ သဘောတကျ ရယ်နေလေတဲ့ အဖြူရောင်လေး။

ခု ငိုလိုက် ခုရယ်လိုက်နဲ့ ဒီအဖြူရောင်လေးဟာ ချက်ချင်းကို စိတ်အတက်အကျလွယ်ပြီး ဖြူစင်လွန်းလှတဲ့ ကောင်ငယ်လေးပါ။

ဒါကြောင့် ဒီအချိန်ခဏလေးမှာ သူ့ စိတ်ထဲ တွေးလိုက်မိတာက အဆောကို အမြဲတမ်းအတွက် သူ့အချစ်တွေနဲ့ ပြုံးပျော်နေအောင် ထားပေးဖို့။

ဘာအတွက်နဲ့မှ စိတ်ညစ်အောင် မလုပ်မိဖို့။

မွန်းကြပ်ပိတ်လှောင်မှုတွေနဲ့ ဖိအားတွေများခဲ့တဲ့ အဆောကို သူ့ရင်ခွင်မှာ လွတ်လပ်စွာ ပျော်မြူးနေနိုင်ဖို့ပေါ့။

မျက်ခုံးလေးတွေ မျက်လုံးလေးတွေ ပါးမို့မို့လေးတွေကို ဘယ်ပြန်ညာပြန် တရှိုက်မက်မက် နမ်းရှိုက်နေမိတော့ အဆောက ခေါင်းလေးကို နောက်ဆုတ်ရှောင်သွားပြီး

" မောင့်! တော်ပြီလေ... ဘယ်လောက်ထိ နမ်းနေမှာလဲ "

" တနေကုန် "

" အာ... မောင်နော် "

" တကယ်ပြောတာ "

" မသိဘူး သွား "

သူ့လက်တွေထဲက ရုန်းထွက်ကာ သူ့ရင်ဘတ်ကို တွန်းပြီး ထွက်ပြေးဖို့ အလုပ်မှာ အဆော တွန်းလိုက်တဲ့ အရှိန်နဲ့ နောက်က စားပွဲပေါ် လက်နောက်ပြန် ထောက်မိလိုက်သည်။ ဖြစ်ချင်တော့ သူ့လက်တစ်ဖက်က ဂျုံတွေထည့်ထားတဲ့ ဇလုံထဲကို ကျသွားခဲ့ပြီး သူ့လက်မှာ ဂျုံတွေ ပေကျံကုန်လေတော့သည်။

" အယ်... မောင့်လက်မှာ ဂျုံတွေ ပေကုန်ပြီ "

သူ့အခြေအနေကို ပြန်လှည့်ကြည့်နေတဲ့ အဆောက မြင်သွားပြီး လက်ညှိုးလေးထိုးကာ အပြော.. သူ့ခေါင်းထဲမှာ အကြံတစ်ခု ရသွားပြီး

" လာခဲ့ ဒါ အဆောကြောင့် ဖြစ်တာ "

" အားးး မောင့် ဘာလုပ်မလို့လဲ "

" အဆောကိုလဲ ဂျုံတွေနဲ့ ပြန်သုတ်မယ်လေ "

" မောင်နော်... မလုပ်နဲ့ နော် "

" မရဘူး... လုပ်မယ် ''

" မောင့်! "

လူလည်လေးက သူ့ကို ဂျုံမှုန့်တွေနဲ့ သုတ်မယ်လုပ်တော့ အော်ပြီး စားပွဲတွေကို ပတ်ပြေးလေတော့သည်။

" ဒီလို ပြေးလို့ လွတ်မလား... မောင် မိအောင် ဖမ်းပြမယ် ပြေး ကြိုက်သလောက် "

" မောင့်! မလုပ်နဲ့ လို့ "

" No No ခုမှ ဒီလို ပြောလို့ မရတော့ဘူး... အဆောလဲ မောင့်ကို ဂျုံတွေ ပေအောင် လုပ်ထားတာလေ"

" တမင်လုပ်တာ မဟုတ်ဘူးလေ... မတော်တဆ "

" မောင်လဲ မတော်တဆ "

စားပွဲဝိုင်းတစ်ခုကိုပဲ ပတ်ပြေးနေကြတဲ့ သူနဲ့ အဆောရဲ့ အကွာအဝေးက လက်တစ်ကမ်းအကွာမှာသာ။

ဒါနဲ့ပဲ သူ အဆောရှိရာဆီ ဂျုံတွေနဲ့ လှမ်းပတ်လိုက်တော့ ဆံပင်တွေပေါ် အင်္ကျီတွေပေါ် ဂျုံတွေ ဖွေးဖွေးလှုပ်သွားလေသည်။

" yar... မောင့် ဘာလို့ အဲ့လို လုပ် ..."

အဆောက သူ့ကို ရန်လုပ်နေတုန်းမှာပဲ နောက်တစ်ဆုပ် ထပ် ပက်လိုက်တော့ စကားဆုံးအောင် မပြောနိုင်တော့ဘဲ မျက်လုံးကြီး ပြူးပြီး အော်လေတော့သည်။

ဒီ တစ်ခါတော့ မျက်နှာမှာပါ ဂျုံမှုန့်တွေ ကပ်သွားတော့ အဖြူရောင်လေးက အခုမှ တကယ့်ကို တစ်ကိုယ်လုံး စွပ်စွပ်ဖြူသွားတော့တာ။

" ဟား ဟား ဟား မောင့်အဆောက ခုမှ မြေခွေးဖြူလေး ဖြစ်သွားတော့တယ်... ကြည့်ပါအုံး တစ်ကိုယ်လုံး ဖြူဖွေးလို့... ပို ဖြူသွားအောင် မောင် လုပ်ပေးမယ် လာ "

" တော်တော် ပျော်နေတယ်လား... သူများကို ဒီလိုတွေ ပေတိပေစုပ် ဖြစ်အောင်လုပ်ပြီး... ရတယ်လေ ဒီလောက် ဂျုံတွေနဲ့ ပက်ချင်နေရင်လဲ... မောင့်ကိုပါ ဂျုံနဲ့ နယ်ပြီး မုန့်လုပ်ပစ်မယ် "

" ဟား ဟား ဟား မလုပ်ရဘူးလေ... ဘယ်နှယ့် မောင့်ကို မုန့်လုပ်ပစ်မယ်ရယ်လို့ "

" လုပ်မယ် မုန့်လုပ်ပြီး စက်ထဲထည့် ဖုတ်ပစ်မယ်"

စားပွဲပေါ်က လက်ကျန် ဂျုံထုတ်ကို သွားယူကာ သူ့ကိုပါ ဂျုံမှုန့်တွေနဲ့ ပြန်ပက်လာတဲ့ အဆော...

ဒီလိုနဲ့ မုန့်လုပ်တဲ့ နေရာ ကျဉ်းကျဉ်းလေးထဲမှာ ဂျုံတိုက်ပွဲလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လေထဲမှာလဲ ဂျုံမှုန့်တွေ ပလူပျံနေကာ စားပွဲတွေ ပန်းကန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ်မှာလဲ ဂျုံတွေ ဖွေးဖြူလို့။

သူရောကိုယ်ရော လက်ထဲ ဂျုံတွေ မရှိတော့မှ ပြေးလွှားနေတာကို ရပ်လိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ခွက်ထိုးခွက်လန် အော်ရယ်မိကြတော့သည်။

" ဟား ဟား ဟား အဆောပုံစံလေးက ကွာ... တကယ်ကို မြေခွေးဖြူလေးပါ.. တစ်ကိုယ်လုံး ဖွေးစွပ်လို့ "

" မောင်ရော ဘာထူးလဲ ဒီမှာကြည့်ပါအုံး မျက်ခုံးမွှေးတွေပေါ်မှာပါ ဂျုံမှုန့်တွေ ကပ်လို့... ခစ် ခစ် ခစ် မျောက်မျက်ခုံးဖြူကြီးကျလို့ "

" မြေခွေးဖြူလေး "

" မျောက်ဘိုးဘိုးကြီး ခစ် ခစ် "

" အ့ ထိတယ်ကွာ... မျောက်ဘိုးဘိုးကြီးတဲ့ "

" ဟား ဟား ဟား ဟား "

" ခစ် ခစ် ခစ် "

အခန်းကျဉ်းလေးထဲမှာ ရယ်သံတို့နဲ့ ဖုံးလွှမ်းသွားခဲ့တော့သည်။

ရယ်လို့အားရမှ တစ်ယောက်ကို တစ်ယောက် ဆံပင်တွေ အဝတ်အစားတွေပေါ် ပေကျံနေတဲ့ ဂျုံတွေ ကို ခါချပေးပြီး

ပြေးလွှားထားရလို့ မောနေပြီ ဖြစ်တာကြောင့် နှစ်ယောက်လုံး ပန်းကန်တွေထားတဲ့ ဗီရိုလေးကိုမှီကာ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ဘေးမှာထိုင်နေတဲ့ အဆောရဲ့ လက်လေးကို ဆွဲယူလိုက်ပြီး

" ပျော်ရဲ့လား အဆော "

" ဟုတ် ပျော်ပါတယ် မောင် "

" အွန်း... အမြဲ အခုလိုပဲ စိတ်လွတ်လက်လွတ် ရယ်မောပြီး ပျော်နေ နော်... မောင်က အမြဲတမ်း ပျော်အောင်ထားမယ် "

" ဟုတ် "

" မောင့်ရင်ခွင်ထဲ ရှိတဲ့ အချိန်တိုင်း အဆော စိတ်ထဲ ရှိသလို နေလို့ရတယ်... ဘာတွေကိုမှ ထိန်းချုပ်မထားနဲ့... ဘာတွေကိုမှ ကန့်သတ်မထားနဲ့... အဆော ဖြစ်ချင်တာတွေ လိုချင်တာတွေ အားလုံးကို မောင် ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားမယ် "

" ကျေးဇူးပါ မောင်... အဆောအတွက် ဘာမှ မလိုပါဘူး... မောင့်အချစ်တွေနဲ့တင် ပြည့်စုံနေပါပြီ... မောင့်ဘေးနား အခုလိုလေး ရှိနေခွင့် ရနေတာနဲ့ကိုပဲ အဆော ပျော်နေပါပြီ "

" ချစ်တယ်... မောင် အရမ်း ချစ်တယ်နော် "

" အဆောလဲ မောင့်ကို ချစ်တယ် "

လက်ဖဝါးလေးတွေချင်း တင်းတင်းဆုပ်လို့ ဘေးချင်းကပ်ထိုင်နေတဲ့ အနေအထားမှာ တစ်ယောက်ကိုတစ်ယောက် အချစ်ရိပ်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ စူးစိုက်ကာ ကြည့်လို့ပေါ့။

နှုတ်ခမ်းလေးတွေပေါ်မှာလဲ အပြုံးနုနုလေးတွေ ခိုတွယ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာ မျက်တောင်မခတ်။

တစ်ဖြည်းဖြည်းနဲ့ အနားကို တိုးကပ်လာတဲ့ Sunghoon ရဲ့ မျက်နှာချောချောမှာ တစ်စုံတစ်ရာကို တောင်းဆိုချင်ဟန် အငွေ့အသက်တို့နဲ့...

ဝင်သက်ထွက်သက်တို့ တိုးဝှေ့ကျီဆယ်လို့ နှာခေါင်းဖျားလေးချင်း ထိကပ်လို့ နဖူးချင်းထိစပ်နေတဲ့ အနေအထားမှာ သေချာတာကတော့ အနမ်းတစ်ခုဟာ အသက်ဝင်လာတော့မည့်ပုံပါပေ။

ညှို့ညှို့ငင်ငင် သူ့အကြည့်တွေကို မခံနိုင်ဟန် အဆောဟာ မျက်လွှာလေးချလို့ မျက်တောင်လေးတွေဟာလဲ လှုပ်လှုပ်ခတ်ခတ်...

ဝုန်းဝုန်းဒိုင်းဒိုင်း အခြေအနေကြီးကနေ ဒီလို ပြန်လည်တိတ်ဆိတ်သွားကြပြန်တော့လဲ သွေးခုန်နှုန်းတွေ တိုးလို့ ရင်ခုန်သံတွေ တဒိတ်ဒိတ်။

တစ်ယောက်ရင်ခုန်သံကို တစ်ယောက် နားဆင်ရင်း စိတ်အလှုပ်ရှားကြီး လှုပ်ရှားနေကြတဲ့ ကောင်လေးနှစ်ယောက်...

အလွန်ကို နီးကပ်နေပြီ ဖြစ်တဲ့ မျက်စိရှေ့က နှုတ်ခမ်းဖူးဖူးလေးကို ငုံထွေးဖို့ရာ ရွယ်လိုက်တဲ့ အချိန်မှာတော့...

" မောင်... ဟို... ဂျုံတွေ.. ဂျုံတွေ ပေကျံနေတယ်လေ "

သူ့ရင်ဘတ်ကို တွန်းပြီး မျက်နှာလေးလွှဲသွားတဲ့ ကောင်လေးက ဂျုံမှုန့်တွေ ပေထားတာကြောင့် အနမ်းခံဖို့ အားနာနေပုံ ရပါသည်။

" ဂျုံလေးနဲ့ဆိုတော့ မောင့်အချစ်ရဲ့ နှုတ်ခမ်းလေးက ဘယ်လို အရသာလေးလဲ မောင် သိချင်နေပြီ "

"အာ... "

ဖျန်းခနဲဆို ရဲတက်လာတဲ့ မျက်နှာနုနုလေးကို သူ့ဘက်ကို ဆွဲလှည့်လိုက်ကာ ပွင့်အာနေတဲ့ နှုတ်ခမ်းလွှာလေးတွေကို သူ့နှုတ်ခမ်းထူထူတွေကြား ငုံချလိုက်တော့သည်။

ဘယ်လို ဆင်ခြေတွေမှ မလိုဘူး...

ဂျုံ မကလို့ ရွှံ့တွေပဲ ပေပေ... ဒီကောင်လေးကို သူ မက်မောတယ်လေ...

ပါးလေးနှစ်ဖက်ကို သူ့လက်တွေနဲ့ ထိန်းကိုင်လို့
အောက်နှုတ်ခမ်းထူပြည့်ပြည့်လေးကို ထပ်ခါထပ်ခါ စုပ်ယူနမ်းရှိုက်နေပြီးမှ အပေါ် နှုတ်ခမ်းလွှာလေးကို တဖန် စိတ်ကြိုက်နမ်းရှိုက်လိုက်သည်။

နမ်းလေ နမ်းလေ ပိုပိုပြီး နမ်းချင်လာလေ... ပြန်လွှတ်မပေးချင်လောက်အောင် နူးညံ့ အိထွေးနေတဲ့ အဆောရဲ့ နှုတ်ခမ်းလေးတွေဟာ ချိုချိုမွှေးမွှေး ဂျယ်လီလေးအလား...

သူ့နှုတ်ခမ်းနှစ်လွှာကြားမှာ စိတ်ကြိုက် ဆော့ကစားခံနေရတဲ့ အဆော နှုတ်ခမ်းလေးတွေက အချိန်ကြာလာတာနဲ့ အမျှ ပိုပြီးတော့တောင် ချိုမြိန်လာသလိုပါပဲ...

အနီးကပ်မြင်နေရတဲ့ မျက်တောင် ရှည်စင်းစင်းလေးတွေဟာလဲ မျက်စိရှေ့မှာ တလှုပ်လှုပ်နဲ့။

တစ်ချက်တစ်ချက် သူ့ပါးဆီကို လာလာ ထိစပ်နေတဲ့ လုံးလုံးချွန်ချွန် နှာတံလေးဆီမှ ဝင်သက်ထွက်သက် နွေးနွေးလေးကလဲ သူ့မျက်နှာပေါ်ကို ရိုက်ခတ်နေ​သေးသည်။

ထိတွေ့မိတဲ့ အစိတ်အပိုင်းတိုင်းက နူးညံ့ပြီး အိစက်နေတော့ ပြန်လွှတ်မပေးချင်စရာ...

အသက်ရှူသံတွေ ပြင်းလာတဲ့အထိလဲ သူ နမ်းရှိုက်မိနေတုန်း...

မိနစ်တချို့ ကုန်လွန်ခဲ့ပြီးတဲ့ အချိန်မှာတော့ ရင်ဘတ်ကို ပုတ်လာတဲ့ လက်လေးတစ်ဖက်ကြောင့် နမ်းရှိုက်မှုကို သူ ရပ်တန့်ပေးလိုက်ဖို့ ကြိုးစားရတော့သည်။

နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်ပြီး နှဖူးလေးကို နမ်းခြင်းနဲ့ အဆုံးသတ်လိုက်တော့ အဆောက

" တော်ပြီလေ မောင်ရယ်...အရမ်း အကြာကြီးပဲ "

" ဒါတောင် မောင် အားမရသေးဘူး "

သူ့အနမ်းတို့ကြောင့် စိုစွတ်နေတဲ့ နှုတ်ခမ်းလေးတွေကို လက်မလေးနဲ့ ပွတ်ဆွဲကာ သုတ်ပေးလိုက်ပြီးမှ နှာခေါင်းလေးရှုံ့ပြလို့ ပြောလိုက်တဲ့ သူ့အပြောကို အဆောက မျက်စောင်းပါးပါးလေးနဲ့ မှတ်ချက်ပေးရှာတယ်

" ဆိုးလိုက်တာ " တဲ့

အဆောရဲ့စကားကို သဘောတကျနဲ့ ခေါင်းမော့ကာ တဟားဟား အော်ရယ်လိုက်ပြီး ရှေ့ကကောင်ငယ်လေးကို ကောက်ပွေ့လိုက်ကာ သူ့ ပေါင်တွေပေါ် ထိုင်စေလိုက်ပြီး ရင်ခွင်ထဲထည့် ဖက်ထားလိုက်သည်။

ပြီး နား နားကပ်ကာ ခပ်တိုးတိုးလေး ပြောလိုက်တဲ့ စကားက

" နောက်ကျ ဒီ့ထပ် ဆိုးတာတွေ လာအုံးမှာ " လို့ပေါ့...

အဲ့အချိန်မှာတော့ သူ့ရင်ဘတ်ကြီးပေါ် ကျရောက်လာတဲ့ အဆောရဲ့ လက်သီးဆုပ်လေးတွေ။ အဆောက တဘုန်းဘုန်းထုလေ အင်္ကျီမှာကပ်နေတဲ့ ဂျုံမှုန့်တွေက တဖွားဖွားနဲ့ ထ လာလေ။ ဒါကို ကြည့်ပြီးလဲ နှစ်ယောက်သား ထ ရယ်လိုက်မိကြသေးတယ်... အကြောင်းပြချက်မရှိပေါ့။

ဒီလိုပါပဲ ချစ်စ ခင်စ မှာ မျက်စိရှေ့က ဖြစ်ပျက်နေတဲ့ အရာရာဟာ ပျော်စရာအတိ။

ရင်ခွင်ထဲက ပြုံးရယ်နေတဲ့ ကောင်လေးကို အလစ်အငိုက်ဖမ်းလို့ နောက်တစ်ကျော့ အနမ်းတွေကို ပုံဖော်တဲ့အခါ သူ့လည်တိုင်တွေဆီ သိုင်းဖက်လာတဲ့ လက်ကလေးတွေ...

အလိုတူအလိုပါ ပြန်လည်တုန့်ပြန်လာတဲ့ နှုတ်ခမ်းဖူးလေးတွေဟာလဲ သူ့အနမ်းတွေကို ပိုပြီး ကြာရှည်အောင် တွန်းအားပေးနေသလိုပါပဲ...

ဒီနှုတ်ခမ်းလေးတွေကို အခုချိန်မှာ သူ တကယ် ပိုင်ဆိုင်နိုင်ပြီး သူဟာ ဒီကောင်လေးရဲ့တရားဝင်ချစ်သူပါလို့ တွေးမိလိုက်တဲ့ အခါမှာတော့ အဆောရဲ့ ခါးဆီက သူ့လက်တွေ ပို၍တင်းကြပ်သွားပြီး အနမ်းတွေကို ပို၍ နက်ရှိုင်းစေလိုက်တော့သည်...

ဒီတစ်ကြိမ် အနမ်းခရီးဟာလဲ စက္ကန့်တွေကို ဖြိုချလို့ မိနစ်တွေကို တိုက်စားကာ အချိန်တွေ အကြာကြီးထိ.....

*************************************

Love you all my Vitamins 💙

San Htarni 💙

17.4.2023

# စိတ်တွေလေပြီး ကျန်းမာရေးပါ ထ ဖောက်တော့ ဒီအပိုင်းလေးက တော်တော်ကြာသွားတယ်။ အခုတော့ ပုံမှန်အတိုင်းလေးပဲ ပြန် up ပေးပါတော့မယ်နော်။

sunsun နှစ်ယောက်ကို တွဲပေးလိုက်တာနဲ့ ဒီ Fic က ပြီးတော့မှာလား ထင်နေကြတဲ့ Vitamin လေးတို့ကိုလဲ အသိပေးချင်တာက မပြီးသေးပါဘူးလို့... ကြားထဲမှာ အကွေ့အဝိုက်တွေ တော်တော်လေး ကျန်ပါသေးတယ်။ အခုထိက သုံးပုံ ပုံ နှစ်ပုံလောက်လို့ ပြောရမလား အဲ့လောက်ပဲ ပြီးပါသေးတယ်။ ဆက်ပြီး အားပေးကြပါအုံး နော်။ 💙

Comment