~ 32 ~

~ 32 ~

ဖွဲဖွဲလေးကျနေတဲ့ မိုးရေစက်လေးတွေကို အကြောင်းမဲ့ ထိုင်ငေးရင်း ဝရံတာကို မှီ၍ မလှုပ်မယှက် ရပ်နေတဲ့ Park Sunghoon...

အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ရတာဟာ သူ့ရဲ့ ဝမ်းနည်းမှုတွေအတွက်ပဲ ကိုယ်စား ငိုပေးနေသယောင်...

ဒီလိုပါပဲ သူ့ရဲ့ပါးပြင်ပေါ်မှာလဲ မရည်ရွယ်ဘဲ စီးကျနေတဲ့ မျက်ရည်စများ...

သုတ်ပစ်ဖို့လဲ သတိမရ...

ရှိုက်သံမထွက်ဘဲ ငိုရတဲ့အဖြစ်က ပိုပြီးများ ရင်နာစရာကောင်းနေသလား...

မောင့်ရင်ဘတ်တွေ အောင့်မျက်နာကျင်ရလိုက်တာ....

အိပ်မက်တွေ မကောင်းဘူး အချစ်ရယ်...

မင်းကို စိတ်မချခြင်းတွေနဲ့ နေရတာ စိတ်မသက်သာလိုက်တာ...

မင်းကို တွေ့နိိုင်ဖို့ မောင် ဘယ်လို လုပ်ရမလဲ...

ကျေးဇူးပြုပြီး မင်းရဲ့အပြုံးတွေနဲ့ မောင့်ကို လမ်းပြလှည့်ပါ....

မင်းရဲ့ အနမ်းတွေနဲ့ မောင့်ကို ထွေးပွေ့လှည့်ပါ...

မင်းရဲ့ အကြင်နာတွေနဲ့ မောင့်မျက်ရည်တွေကို တိတ်စေလှည့်ပါ...

မင်းမျက်နှာလေးကို မောင်တွေ့ချင်လှပြီ...

မင်းအသံလေးကို မောင်ကြားချင်လှပြီ....

မင်း အငွေ့အသက်လေးတွေကို မောင် ငံ့လင့်လှပြီ...

ကျေးဇူးပြုပြီး မောင့်အနားကို လှမ်းလာခဲ့ပါတော့ အချစ်ရယ်....

အချိန်နာရီတွေကြာလာတာနဲ့အမျှ ဖွဲဖွဲလေး ကျဆင်းနေတဲ့ မိုးရေစက်တွေကနေ သဲသဲမည်းမည်းရွာကျနေတဲ့ မိုးရေစက်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

ဒါပေမယ့် ဝရံတာမှာ ရပ်နေတဲ့ သူကတော့ လှုပ်ရှားဖို့ကို သတိမရလေဟန်...

သူ့ဘဝအကြောင်းကိုသူ စဉ်းစားမိတော့ ဝရံတာဘောင်ကို ဆုပ်ကိုင်ထားမိတဲ့ လက်တွေဟာ တင်းခနဲ...

ငယ်စဉ် ကလေးဘဝမှာ မိသားစုသုံးယောက် သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ခဲ့ရတယ်ဆိုပေမယ့် သူတို့ဘဝထဲကနေ ဖေဖေဟာ ပထမဆုံး ထွက်ခွာသွားခဲ့တယ်...

ခုထိ ဖေဖေ့နောက်ကြောင်းတွေကို မသိခဲ့တဲ့ သူ...

ဖေဖေ့ရဲ့ ဇာတိ၊ ဖေဖေ့ရဲ့ မိဘတွေအကြောင်း ဘာဆိုဘာမှ သူမသိခဲ့ဘူးလေ...

မသိဆို မေမေကလဲ ဘာတစ်ခုမှ ပြောမပြခဲ့။

သူက သတိတရနဲ့ မေးလိုက်တိုင်း မေမေက..

" သားဖေဖေက ဒီနိုင်ငံသားမဟုတ်ဘူး "

" သားဖေဖေကို မေမေနဲ့ ယူလို့ဆိုပြီး သားရဲ့ အဖိုးအဖွားတွေက စိတ်ဆိုးပြီး မခေါ်ကြဘူးလေ" ဆိုတာကလွဲပြီး အတေးအမှတ်ကြီးတဲ့ မေမေက ဖေဖေ့အကြောင်းဆို စကားစမခံ။

သူနဲ့ သဘောတူမပေးတဲ့ ယောက္ခမတွေအကြောင်း မပြောချင်လို့နဲ့တူရဲ့။

ဒီလိုနဲ့ သူအလယ်တန်းမှာ မေမေကပါ သူ့ကို ထပ်ပြီး ခွဲသွားပြန်တယ်။

အဲ့ဒီနောက် ဦးလေးဆိုတဲ့ မေမေ့ရဲ့ တစ်ဦးတည်းသော မောင်...

သူ့ပိုင်ဆိုင်သမျှတွေကို ယူလို့ရသမျှ ယူသွားပြီး လူလားမမြောက်သေးတဲ့ သူ့ကို ထားခဲ့ပြန်တယ်။

နည်းပြကြီးသာ အနားမှာမရှိရင် အခုချိန် သူဆိုတာ လမ်းဘေးရောက်နေလောက်ရဲ့။

ညီအစ်ကိုတမျှ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရထားပြန်တော့လဲ သူ့ရဲ့ မလိမ်မာမှုကြောင့် တစ်ယောက်က စိတ်ဆိုးသွားပြီး ပေါ်မလာတော့...

Jake တစ်ယောက်သာ အားတဲ့အချိန်လေး သူ့ကို စိတ်မချလွန်းလို့ ပြေးပြေးလာရှာတယ်...

အချစ်ကို ခံစားသိရှိလာတဲ့ အချိန်မှာလဲ သူ့ရဲ့အချစ်ရေးဟာ မြူဆိုင်းနေတဲ့ မနက်ခင်းတစ်ခုလို ရှေ့ရေးကို မျှော်ကြည့်လို့တောင်မရတဲ့ မှုန်ဝါးဝါးအရာတစ်ခုသာ...

သူ့ရဲ့ အနာဂတ်ဆိုတာလဲ မရှိတော့သလို သူ့ရဲ့ အိပ်မက်ဟာလဲ ပျောက်ဆုံးခဲ့ပြီ။

ဆရာဝန်ဆီက အတည်ပြုချက်အရ သူ့ခြေထောက်တွေဟာ နောက်ထပ် တစ်ခါ ရေခဲပြင်ပေါ် ထပ်ပြီး ခြေချလို့မရတော့ပါတဲ့...

မောင့်ဦးတည်ရာ ရည်မှန်းချက်တွေ ပျက်ဆီး
သွားတဲ့အချိန်မှာ မောင့်အချစ်ကတော့ ဘေးနား ကျန်နေမှ ဖြစ်မယ်ကွယ်...

ဒီလိုမှ မဟုတ်ရင် မောင့်ဘဝကြီးဟာ တကယ်ကို ဗလာနယ်ဖြစ်လို့ အိပ်မက်လဲဆုံး အချစ်လဲရှုံးရလိမ့်မယ်....

ထိုစဉ်...

တီးတောင်....တီးတောင်.....

အတွေးနယ်ချဲ့နေမိတဲ့ Sunghoon တစ်ယောက် တံခါးဆီမှ လူခေါ်ဘဲလ်သံကြားမှ အတွေးစတို့ ပြတ်တောက်သွားရသည်။

" ဒီအချိန်ကြီးကို ဘယ်သူလာတာလဲ... ဘဲလ်တီးပြီးမှ လာရမယ့်လူလဲ ငါ့မှာ မရှိပါဘူး "

တစ်ကိုယ်တည်း ရေရွတ်ရင်း တံခါးရှိရာဆီသွားကာ တံခါးကို ဖွင့်ပေးလိုက်သည်။

ထိုအခါမှာ မြင်လိုက်ရတာက အဆောရဲ့ မေမေ...

" အန်တီ..."

ထင်မထားဘဲ ရောက်လာသူကြောင့် သူ့ခေါ်သံဟာ တအံ့တသြ...

ပြီးတော့ အလောတကြီးလဲ နိုင်သွားကောင်းရဲ့...

" အန်တီ့ကို အထဲဝင်ခွင့်ပြုပါကွယ် "

အံ့ဩ မှင်သက်စိတ်နဲ့ တံခါးဝမှာ ပိတ်ရပ်နေတဲ့ သူ့ကို အပြုံးလေးနဲ့ ခွင့်တောင်းလာတော့မှ သတိဝင်လာကာ...

" အာ... ဟုတ်..ဟုတ်ကဲ့ အန်တီ...အထဲဝင်ပါဗျ "

ကျက်သရေရှိလှတဲ့ ဟန်ပန်နဲ့ တည်ကြည်ခန့်ညားမှုတို့ ထည့်ပေါင်းထားတဲ့ရုပ်ရည်ဟာ အဆောရဲ့မေမေလို့ အထူးပြောနေစရာမလိုအောင် မြင်ရသူအပေါင်းကို ရင်အေးစရာပါပဲ...

ဒါ့အပြင် မျက်နှာပေါ်မှာလဲ အေးချမ်းတဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲထားလေတော့ အကြည်ဓာတ်တစ်ခုက လွှမ်းခြုံထားသည့်ဟန်။

သူ့ကို ကြည့်တဲ့ မျက်ဝန်းတွေမှာလဲ သားတစ်ယောက်အပေါ်ထားတဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာဓာတ်မျိုးကို ခံစားနေရတော့ ဒီအမျိုးသမီးကို ကြည့်ပြီး Sunghoon အနားမှာမရှိတော့တာကြာနေပြီဖြစ်တဲ့ မေမေ့ကိုတောင် သတိရလိုက်မိသေး။

သူ့မေမေဟာလဲ အဆောရဲ့မေမေလိုပဲ မြင်လိုက်ရတာနဲ့ အေးချမ်းတဲ့ မျက်နှာလေးနဲ့ပါပဲ။

" ထိုင်~ ထိုင်ပါ အန်တီ "

ဧည့်ခန်းထဲက ဆိုဖာခုံတွေဆီ ညွှန်ပြလိုက်ကာ ထိုင်ဖို့ပြောတော့ စိတ်လှုပ်ရှားမှုတွေနဲ့ သူ့အသံဟာ ယိုင်နေကာ ထစ်ထစ်ငေါ့ငေါ့။

ဒါကိုပဲ နားလည်တဲ့အပြုံးလေးနဲ့ ခေါင်းညိမ့်ပြကာ ဆိုဖာမှာ ဖြေးဖြေးညင်သာ ဝင်ထိုင်လိုက်ပြီး

" ထိုင်ပါအုံးကွယ်... အန်တီ သားနဲ့စကားလေး ပြောစရာ နည်းနည်းရှိနေလို့ လာခဲ့တာပါ "

" ဟို အန်တီ အပူသောက်မလား အအေးသောက်မလား ဗျ... ကျွန်တော် ဘာကို..."

" နေပါစေ သား... အန်တီတို့ စကားပြောရအောင် ထိုင်သာ ထိုင်ပါ "

" ဟုတ်ကဲ့ဗျ "

ရှေ့တည့်တည့်က ဆိုဖာမှာပဲ ဝင်ထိုင်လိုက်တော့ အလိုက်မသိတဲ့ လက်နှစ်ဖက်ကို ဘယ်လိုနေရာချရမှန်းမသိ...

လက်ပဲ ပိုက်လိုက်ရမလား...

ပေါင်ပေါ်ပဲ တင်ထားရမလား...

ပေါင်အောင်ပဲ ထိုးထည့်ထားရမလား...

ဒီ လက်နှစ်ဖက်နဲ့ ဗြာများနေရတဲ့ သူ။

နောက်ဆုံး လက်နှစ်ဖက်ကို ပေါင်တွေပေါ်မှာပဲ တင်ထားလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ စိတ်ကို လျှော့ချလိုက်ရသည်။

ဘာ စကားတွေ ပြောမှာမှန်းမသိပေမယ့် သူ ရင်တထိတ်ထိတ်။

" သား ခြေထောက်ကရော အခြေအနေ ဘယ်လိုလဲကွယ့် "

" ဟုတ်.. သက်သာနေပါပြီ အန်တီ... စိုးရိမ်စရာ မရှိတော့ပါဘူးခင်ဗျ "

" တော်သေးတာပေါ့ သားလေးရယ်... ကြားကြားချင်း အန်တီ တကယ် စိတ်မကောင်းပါဘူး... အန်တီ့သားလေးအတွက်နဲ့ ဒီလိုတွေထိ.."

" မဟုတ်ဘူး အန်တီ... အဲ့လို မပြောပါနဲ့... ဒီကိစ္စက အဆောနဲ့ ဘာမှ မသက်ဆိုင်ပါဘူး... ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ကျွန်တော်မို့ အဆောကြောင့် ဆိုတာကြီးကို မတွေးစေချင်ပါဘူး... ဒီလို စကားဖြတ်ပြီးပြောရတာက ရိုင်းမှန်းသိပေမယ့် ကျွန်တော့်ရဲ့ ထိခိုက်မှုကို အဆော နာမည် မတပ်စေချင်လို့ပါ "

သူမစကားကို အဆုံးသတ်မခံဘဲ ဖြတ်ပြောလာတဲ့ စကားဟာ သူမ သားကို ကာကွယ်ပြောဆိုတဲ့ စကားတဲ့လား...

ဒီကလေးရဲ့ မျက်လုံးတွေထဲကနေ သူမသားအပေါ် ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးတယ် ဆိုတာ သူမ သိနိုင်မြင်နိုင်ပါတယ်လေ...

သူမ စိတ်မကောင်းစွာနဲ့ပဲ တီးတိုးရေရွတ်မိရပါတယ်...

" ကျေးဇူးပါ သားရယ်.... "

" မလိုတာ အန်တီရယ်... အန်တီနဲ့ ကျွန်တော့်ကြားမှာ ကျေးဇူးဆိုတဲ့ စကားက မလိုအပ်ပါဘူး... အဆော မေမေက ကျွန်တော့်အမေပဲမို့ ကျေးဇူးတင်စရာ မလိုပါဘူး အန်တီ "

" သား ဒီလိုတွေ ထိခိုက်ထားတာတွေ သိရဲ့နဲ့ အန်တီ ရောက်မလာနိုင်ခဲ့ဘူး... အန်တီ သား အပေါ်မှာ လူကြီးမပီသခဲ့ပါဘူးကွယ်... အဲ့ဒီ အတွက်လဲ အန်တီ့ကိုယ် အန်တီ အပြစ်တင်လို့ မဆုံးပါဘူး "

" မဟုတ်တာ အန်တီရယ်... ကျွန်တော် အားလုံး အဆင်ပြေပါတယ် "

" အခုလည်းပဲ သားအပေါ် အန်တီ လူကြီးမပီသတဲ့ လုပ်ရပ်တစ်ခုကို လုပ်ရလိမ့်မယ်... အန်တီ ဒီကို လာဖို့ အများကြီး စဉ်းစားခဲ့ပါသေးတယ်... အများကြီးစဉ်းစားပြီးမှ သားဆီကို လာခဲ့တာပါ "

" ဟုတ်ကဲ့ အန်တီ ... ကျွန်တော် နားထောင်နေပါတယ် "

ဒီလေသံနဲ့ ဒီအမူအရာတွေအရ ပြောလာမယ့်စကားတွေဟာ သူ့အတွက် ကောင်းဖို့ မဖြစ်နိုင်တာ ရာခိုင်နှုန်းပြည့်။

"အရင်ဆုံး ပြောချင်တာက သား စိတ်လိုက်မာန်ပါလုပ်နေတာတွေ ရပ်တန့်ဖို့ပါပဲ..."

" ဗျာ အန်တီ.. ဘယ်လို.. "

သူမ စကားကို နားရှုပ်သွားပုံရတဲ့ ကောင်လေးက အူကြောင်ကြောင်လေးနဲ့ ပြန်မေးလာတာကြောင့်

" အန်တီ ဆိုလိုချင်တာက ကွယ်... CEO တို့အိမ်ရှေ့လာပြီး ဆူဆူပူပူလုပ်တာတွေ ရပ်စေချင်တာပါ... CEO က ဘယ်လိုလူလဲဆိုတာ သားလဲ ကောင်းကောင်းသိမယ် ထင်ပါတယ်... အန်တီ တောင်းပန်ထားလို့ CEO ဘာမှ မလှုပ်ရှားသေးပေမယ့် CEO က သူမကြိုက်တာလုပ်ရင် ကြာကြာသီးခံမယ်မထင်ဘူး... ဒါကြောင့် သား အဲ့လိုတွေ မလုပ်ဖို့ အန်တီ ပြောချင်တာပါ "

" နားနဲ့မနာ ဖဝါးနဲ့ပဲ နာပါ အန်တီ... ကျွန်တော် အန်တီ့သားဖြစ်သူကို ကျွန်တော့်အသက်ထက် ပိုပြီး ချစ်မြတ်နိုးရပါတယ်... အဲ့လို အဆောအပေါ်မှာ ချစ်တဲ့ အချစ်တွေက ပေါ့ပေါ့တန်တန် မဟုတ်ခဲ့လို့ အဆောနဲ့ ပတ်သက်လာရင် ကျွန်တော် ဘာကိုမှ မဆင်ခြင်နိုင်ပါဘူး...အခု ကိစ္စမှာလဲ မျက်နှာလေးမှ မြင်ခွင့်မရ တွေ့ခွင့်မရဘဲ... ဘာဖြစ်နေမှန်း မသိရဘဲ ဆေးရုံဆင်းသွားကတည်းက အဆက်အသွယ်ပြတ်နေတာ အန်တီရယ်... ပုံမှန်ဆို ဒီလို အဆက်အသွယ် ပြတ်စရာ အကြောင်းမှ မရှိဘဲ...အခုဟာက အဆော တစ်ခုခု ဖြစ်နေလို့သာ "

" အန်တီက သူ့အမေပါ... ကိုယ့်သားကိုယ် အန္တရာယ်အဖြစ်ခံမလား... သား စိတ်ချထားဖို့က Sunoo လေး အန္တရာယ် ကင်းနေပါတယ် "

" ဒါပေမယ့်လည်း အဆော ကျွန်တော့််ဆီကို ဆက်သွယ်မလာဘူးလေ အန်တီ "

" သားလေးက မင်းဆီကို ဘယ်တော့မှ ဆက်သွယ်လာတော့မှာ မဟုတ်ဘူးကွယ် "

" ဒါက ဘယ်လို စကားမျိုးလဲ အန်တီ... အဆောက ဘာလို့ ကျွန်တော့်ကို မဆက်သွယ်ရမှာလဲ ''

" မင်း ကြားချင်မှာ မဟုတ်ပေမယ့် သိအောင်တော့ ပြောပြရမှာပဲ... သားလေးက CEO နဲ့ လက်ထပ်ဖို့ စီစဉ်နေပြီ "

" ကျွန်တော် မယုံဘူး... တကယ်ပဲ အဲ့လိုဆိုလဲ အဆော ကျွန်တော့်ကိုတော့ အသိပေးမှာပဲ "

Sunoo ရဲ့အမေဖြစ်တဲ့ သူမနဲ့တောင် ပြိုင်ငြင်းနေတဲ့ ဒီကောင်လေးက ဘာကိုများ တထစ်ချ ယုံကြည်ထားလို့ပါလိမ့်။

" သား မယုံချင်ဘူးဆိုလဲ ဒါဟာ အမှန်ပါ... ဒါကြောင့် သား အိမ်ရှေ့လာလာနေတာတွေ ရပ်တန်းက ရပ်ပေးပါ ... ပြီးတော့ Sunoo လေးနဲ့ ဆက်သွယ်ဖို့လဲ မကြိုးစားစေချင်ဘူး...အဲ့ဒီကိစ္စလေးကိုပဲ အန်တီက မေတ္တာရပ်ခံချင်တာပါ... သား ဒီလိုတွေ ဆက်လုပ်နေရင် Sunoo လေးပဲ စိတ်ရှုပ်ရလိမ့်မယ်... "

" ဗျာ..."

" ဟုတ်တယ် သား... Sunoo လေးက အခု သားမရှိလဲ နေသားကျနေပါပြီ... သူ့ဘဝအတွက် မှန်တာကိုပဲ ရွေးချယ်ပြီး ရှေ့ဆက်နေတဲ့အချိန်မှာ သားက ဒီလိုတွေ နှောက်ယှက်နေရင်... "

" မဟုတ်.. မဟုတ်ဘူးလေ အန်တီ... ကျွန်တော် အဆောကို နှောက်ယှက်နေတာ မဟုတ်ဘူးလေ... ကျွန်တော် လုပ်နေသမျှအရာတွေက အဆောကို စိတ်မချလို့ တွေ့ခွင့်ရဖို့အတွက်ပါ "

" ခြံရှေ့မှာလာပြီး အော်ဟစ်သောင်းကျန်းတာမျိုးက နှောက်ယှက်တာမဟုတ်ရင် ဘာဖြစ်နိုင်အုံးမှာလဲ သားရယ်..မင်း အဲ့အတွက် ဆင်ခြင်ပေးစေချင်တယ် "

" အန်တီ..."

" Sunoo လေး စိတ်တွေ ပြန်ပြီး တွေဝေသွားလို့ မဖြစ်ဘူး ... ဒါကြောင့် ဒီလိုတွေ ဆက်မလုပ်တော့ဖို့ အန်တီ တောင်းဆိုနေတာပါ... သူလဲ သူ့ဘဝသူ လျှောက်လှမ်းနေချိန်မှာ သားလဲ ကိုယ့်ဘဝအတွက် အကောင်းဆုံး ဖြစ်မယ်ထင်တာကို ရွေးချယ်သင့်ပါပြီကွယ်... အန်တီ့သားလေးရဲ့ အနားကို မလာပါတော့နဲ့... အန်တီ့သားလေးကို မေ့ပစ်ပြီး စိတ်သစ်လူသစ်နဲ့ ဘဝကို ရှေ့ဆက်ပါ.. ဒါ အန်တီ အကောင်းဆုံး အကြံပေးတာပါ "

" အဆောမပါတဲ့ ဘယ်လမ်းကမှ ကျွန်တော့်အတွက် အကောင်းဆုံးဆိုတာ ဖြစ်မလာနိုင်ပါဘူး အန်တီ... ကျွန်တော့်ဘေးမှာ အဆော ရှိနေဖို့ လိုအပ်တယ် "

" မဖြစ်နိုင်တဲ့ အရာတစ်ခုကို ဇွတ်တိုးပြီး မတောင်းဆိုချင်ပါနဲ့ လူလေးရယ်... ဖြစ်နိုင်မယ်ဆိုရင် အန်တီလဲ သားကို ဒီလိုတွေ ဘယ်ပြောချင်ပါ့မလဲ... သားတို့ ပျော်နေတာပဲ အန်တီက မြင်ချင်ခဲ့တာပါ... အခုဟာကတော့ တကယ်ကို မဖြစ်နိုင်တာမလို့ ငါ့သားကပဲ နောက်ဆုတ်ပေးပါ.. Sunoo လေးနားကို နောက် ဘယ်တော့မှ ပေါ်မလာပါတော့နဲ့ "

" ကျွန်တော် တောင်းပန်ပါတယ် အန်တီ... ကျွန်တော့်ကိုတော့ အဆောရဲ့အဝေးကို မပို့ပါနဲ့... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် အဆောနဲ့ဝေးလို့ တကယ်မဖြစ်လို့.. ဝေးဖို့စကားတွေ မပြောပါနဲ့ဗျာ "

" အန်တီလဲ စိတ်မကောင်းပါဘူး ကွယ် ... အန်တီ့ သားလေးက မင်းကို တကယ် ချစ်ခဲ့ရှာတာပါ... ဒါပေမယ့်လဲ လက်တွေ့မှာက အချစ်ကို ဦးစားပေးလို့ရတဲ့ အခြေအနေမှာ ရှိမနေဘူးကွယ့်... "

" ဘာလို့လဲ အန်တီ... ဘာလို့များလဲ... ချစ်တဲ့သူ
ကို ကျောခိုင်းပြီး မချစ်မနှစ်သက်တဲ့လူနဲ့ ပေါင်းဖက်ဖို့ကို အန်တီ ဘယ်လို စိတ်နဲ့များ တိုက်တွန်းနိုင်ရတာလဲ.. အဆောက အန်တီ့ရဲ့ သား မဟုတ်ဘူးလား... ဟင် အန်တီ "

ဒီစကားအကြားမှာ သူမ ရင်ထဲ နင့်ခနဲပါပဲ...

ဒီလိုတွေ ဘယ်ဖြစ်စေချင်ခဲ့ပါ့မလဲ...

သူမ သားရဲ့ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးမှ ရလာတဲ့ အခွင့်အရေးတွေကို သူမတို့ ရယူခဲ့ပြီးပြီလေ...

ဘယ်လိုမှ ပြန်လည်ပြင်ဆင်လို့လဲ မရတော့ဘူးမို့... မျက်စိမှိတ်ပြီး ရှေ့ဆက်လျှောက်ရုံသာ...

သူမဟာ သူမ သားအပေါ်မှာလဲ မိခင်မပီသခဲ့သလို...ဒီကောင်လေးအပေါ်မှာလဲ လူကြီးမပီသခဲ့ပါဘူး...

" သားလဲ သိပြီးလောက်မှာပေမယ့် အန်တီ တစ်ခေါက်ထပ်ပြောပါ့မယ်.. အန်တီတို့မိသားစုက CEO အပေါ်မှာ ကျေးဇူးကြွေးတွေ အများကြီး တင်နေတယ် သားရယ်... အဲ့ဒီကျေးဇူးတွေကြောင့် အန်တီတို့ CEO ကို ဘယ်လိုမှ လွန်ဆန်လို့မရဘူး ... CEO ရဲ့ အကူအညီတွေကို အန်တီတို့ အများကြီး လက်ခံထားမိတယ်..."

သူမရဲ့စကားအဆုံးမှာ ဒီကောင်လေးဟာ ခေတ္တခဏတော့ ငြိမ်သက်သွားရှာတယ်...

ပြီးမှ ခေါင်းငုံ့ချထားရာကနေ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်တာကို မြင်လိုက်ရပြီး သူမကို မော့ကြည့်လာကာ ဆို့နင့်အက်ကွဲနေတဲ့ အသံနဲ့ တစ်ခွန်းချင်း ပြောလာတာက

" ကျေးဇူးတရားဆိုတဲ့ အရာက အဲ့သလို ဆပ်လို့ ရတယ်တဲ့လား... ကျွန်တော် နားမလည်လို့ သေချာလေး ရှင်းပြပေးပါလား ဟင်... ကျွန်တော်သိထားတဲ့ ကူညီခြင်းတွေမှာ ရယူလိုမှုဆိုတဲ့ အရောင်တွေ မပါခဲ့ဘူး အန်တီ... တကယ် စစ်မှန်တဲ့ အကူအညီတွေ ဆိုတာလဲ ဒီလို ပြန်လည်ပေးဆပ်ရတာတွေ မပါဘူးလေဗျာ... ဒါကိုပဲ ကျေးဇူးတရားဆိုတဲ့ ခေါင်းစဉ်ကြီး တပ်ပြီး ရယူသိမ်းပိုက်ဖို့ ကြိုးစားတာကရော... တကယ်ပဲ ကျေးဇူးတင်ထိုက်ရဲ့လား "

" ဒီလောကကြီးမှာ ဘယ်အရာကများ အလကားရလို့လဲ သားရယ်...အပေးရှိရင် အယူရှိမယ်လေ... အခု အန်တီတို့က ယူထားမိတော့ ထိုက်သင့်တာတော့ ပြန်ပေးရမှာပေါ့... သူ တောင်းလာတဲ့အရာကလဲ ကျန်တာမဟုတ်ဘဲ သားလေး Sunoo ကိုမှ ဆိုတော့..."

" ဒီလိုတွေနဲ့ပဲ ကျွန်တော်က အဆောကို လက်လွှတ်ရတော့မှာပေါ့... ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ...ကျွန်တော့်အချစ်တွေက ဘာ အပြစ်ရှိလို့ ကျွန်တော်က ရင်ကွဲခံပြီး စွန့်လွှတ်ပေးရမှာလဲ အန်တီရယ်... ကျွန်တော် အန်တီ့သားကို ချစ်တယ်လေဗျာ... ကျွန်တော့်အသက်ထက်ကို ပိုပြီး မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ရတာပါ... "

" သိပါတယ် သားရယ်... အန်တီ သိနေပါတယ်... ဒါကြောင့်လဲ ဒီလိုစကားတွေ လာပြောရတာ အန်တီ့ကိုယ် အန်တီ အပြစ်ရှိသလို ခံစားနေရပါတယ်... ဒီလိုစကားတွေ ပြောဖို့အတွက်နဲ့ အန်တီ မလာချင်ခဲ့ဘူး... တကယ်ကို မလာချင်ခဲ့ပါဘူး.... ဒါပေမယ့် သားအတွက်လဲ အန္တရာယ်မဖြစ်စေချင်သလို Sunoo လေးကိုလဲ စိတ်ဖြောင့်ဖြောင့်နဲ့ ရှေ့ဆက်စေချင်လို့ အန်တီ ခုလို လာခဲ့ရတာပါ "

" ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ ဗျာ... ဘာလို့ ကျွန်တော့်အပေါ်ကိုမှ လောကကြီးက ရက်စက်နိုင်ရတာလဲ... မတရားလိုက်တာ.. တကယ် မတရားလိုက်တာ "

သူမရှေ့မှာမို့ မျက်ရည်မကျစေရန် ထိန်းထားဟန်ရှိတဲ့ ကောင်လေးက အံကို ကြိတ်လို့ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်နဲ့ ဒီစကားတွေကို ဆိုတယ်...

ဟုတ်ပါတယ် ဒီကလေးမှာ အပြစ်မရှိခဲ့ပါဘူး။

တာဝန်မယူနိုင်ဘဲ အချစ်တွေ ပေးခဲ့မိတဲ့ သားလေး Sunoo မှာလဲ အပြစ်မရှိဘူး။

ဒါဆို...

မပေါက်ဖွားသင့်တဲ့ ရပ်ဝန်းမှာမှ အချစ်တွေ ပေါက်ဖွားစေခဲ့တဲ့ ကံတရားကြီးကိုပဲ သူမ အပြစ်တင်ရမလား...

ပေါင်းဖက်မပေးနိုင်ရင် အစကတည်းက မဆုံဆည်းပါစေနဲ့လား ကံတရားကြီးရယ်...

စိတ်မကောင်းပေမယ့် သူမ မပြောမဖြစ်တဲ့စကားကို နောက်ဆုံးပြောဖို့ အသက်ကို ရှိုက်ရှူလိုက်ကာ စိတ်တင်းလိုက်ရတယ်...

" နောက်ဆုံးအနေနဲ့ပေါ့... အန်တီ သားကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်... "

သူမကို မော့ကြည့်လာတဲ့ မျက်လုံးတွေဟာ မျက်အိမ်တွေ နီရဲ​နေကာ အောက်မျက်ခမ်းတို့က တလှုပ်လှုပ်။

" သား ရှေ့လျှောက် Sunoo လေးနားကို ဘယ်တော့မှ ပေါ်မလာတော့ပါဘူးဆိုတဲ့ ကတိ... အန်တီ့သားရဲ့ ဘဝလေး ဖြောင့်ဖြူးစေချင်လို့ အန်တီ ဒီကတိလေးတစ်ခုတော့ သားဆီက ကြားချင်တယ်...ဒါဟာ သားအပေါ်မှာ မတရားမှန်း သိပေမယ့်... Sunoo လေးရဲ့ အမေတစ်ယောက်အနေနဲ့ အန်တီ အတ္တကြီးပါရစေ "

" အဟင်း ဟင်းး... တော်သေးတာပေါ့ အန်တီရယ်... drama တွေထဲကလို ငွေထုတ်နဲ့ပေါက်ပြီး ငါ့သားနဲ့ မပတ်သက်နဲ့လို့ ပြောမလာခဲ့လို့... ကျေးဇူးတင်ပါတယ်... ကျွန်တော့်အပေါ် ဒီလို ချိုချိုသာသာပဲ ဆက်ဆံပေးတာကို တကယ်ပဲ ကျေးဇူးအထူးတင်ပါတယ် ... အန်တီ တောင်းတဲ့ ကတိကို မပေးနိုင်ပေမယ့်... ကျွန်တော်သာ တကယ်ပဲ အဆောအတွက် အနှောက်အယှက်တစ်ခုဆိုတာ သေချာခဲ့ရင် ကျွန်တော် အတတ်နိုင်ဆုံး ဆင်ခြင်ကြည့်ပါ့မယ်... ဒါကျွန်တော် ပြောနိုင်တာ အကုန်ပဲမို့ ကျွန်တော့်ဆီက ဘာကိုမှ ထပ်ပြီး မမျှော်လင့်ပါနဲ့တော့ "

တစ်ပေါက်ချင်း ကျလာတဲ့ မျက်ရည်တွေကို အံတုလို့ သူမကို နာနာကျင်ကျင် ပြုံးပြရင်း အဆုံးသတ်စကားတို့ကို ဆိုနေလေတဲ့ Park Sunghoon ဆိုတဲ့ ဒီကောင်လေးကို ကြည့်ရင်း သူမ သနားလွန်းလို့ ရင်ထဲမချိပါဘူး။

ကျေးဇူးတရားတွေသာ မရှိခဲ့ရင် သားလေးကို ဒီကောင်လေးလက်ထဲ သူမကိုယ်တိုင်ပဲ ပေးအပ်မိမှာ အမှန်ပါ။

သူမသားလေးအပေါ် တန်ဖိုးထားပြီး ချစ်ပေးခဲ့တဲ့ ဒီကောင်လေးကို သူမလဲ မခံစားစေလိုပါဘူးလေ...

အခုတော့ ဘယ်သူကမှ ဘာကိုမှ မတတ်နိုင်တော့တဲ့ ဘဝမှာ အရာအားလုံးဟာ ကံ စီမံရာပေါ့...

မျက်ရည်တွေနဲ့ ခေါင်းငိုက်စိုက်ချကာ ကျန်ခဲ့တဲ့ ဒီကောင်လေးကို သူမ ကျောခိုင်းရင်း စိတ်မကောင်းခြင်းများစွာနဲ့သာ အိမ်ကို ပြန်လာခဲ့ရတယ်...

သူမ အတွေးအာရုံထဲမှာတော့ အရမ်းကို နာကျင်နေတဲ့ မျက်ဝန်းတစ်စုံကသာ တစ်ဝဲလည်လည်။

သူမ ဒီကောင်လေးဆီ လာပြီး ဒီလိုစကားတွေ ပြောခဲ့တာသာ သားလေး သတိရတဲ့အချိန်မှာ သိသွားခဲ့ရင်...

သူမကို ခွင့်လွှတ်ပေးနိုင်ပါ့မလား...
.
.
.

Meeting ခန်းထဲမှာ အချိန်အတော်လေး ကြာသွားတာကြောင့် ငြီးစီစီဖြစ်နေတဲ့ ခေါင်းကို ဘယ်ညာခါယမ်းရင်း ရုံးခန်းထဲကို ဝင်လာတဲ့ CEO Park...

ကိုက်ခဲချင်သလိုဖြစ်နေတဲ့ ခေါင်းကြောင့် မျက်ခုံးကြားနေရာကို လက်မ လက်ညှိုး နှစ်ချောင်းနဲ့ ဖိထောက်ရင်း အခန်းထဲကို ဝင်လိုက်တော့ ရုံးခန်းအလယ်က ဆိုဖာမှာ ခြေချိတ် လက်ပိုက်ပြီး ရှူတည်တည်ရုပ်နဲ့ ထိုင်နေတဲ့ Park Sunghoon...

ဒီကောင်လေးကို မြင်လိုက်တာနဲ့ ပင်ပန်းနေတဲ့ စိတ်တွေဟာ ပိုပြီး ညစ်ညူးသွားသလိုလို...

" appointment မရှိဘဲ ငါ့အခန်းထဲထိ ရောက်နေတာက ဘာသဘောလဲ Park Sunghoon "

အလုပ်စားပွဲရှိရာထိ တောက်လျှောက်သွားလိုက်ပြီး လက်ထဲက ဖိုင်တွဲကို စားပွဲပေါ်ပစ်တင်ကာ မေးလိုက်တော့ ဆိုဖာပေါ် ထိုင်နေရာမှ ထလာတဲ့ Park Sunghoon က

" ဘာသဘောလဲဆိုတာတော့ မပြောပြလဲ CEO ကြီးက သိမယ်ထင်ပါတယ် "

" မင်းအကြောင်းတွေ လိုက် သိနေရအောင်ထိ ငါ အားမနေဘူး "

Jay ရဲ့အပြောမှာ ဟက်ခနဲ ရယ်လိုက်ပြီး ပုခုံးတစ်ဖက်တွန့်ပြကာ

" ဟက်! ဘာလဲ အဆောနဲ့ ကျွန်တော် မတွေ့ဖို့အရေး လုံးပန်းနေရလို့လား "

" ကလေးကလားတွေ "

" အဲ့ဒါ CEO ကြီး ကိုယ်တိုင်ပဲလေ "

" ကဲ... ငါ စိတ်မကြည်ဘူး Park Sunghoon... မင်းနဲ့ အငြင်းအခုန်တွေလဲ လုပ်မနေနိုင်ဘူး... လိုရင်းကိုသာ မြန်မြန် ပြော "

ရှေ့က မချေမငံလုပ်နေတဲ့ Park Sunghoon ကို တည့်တည့်စိုက်ကြည့်ပေးလိုက်ကာ မြန်မြန် ကိစ္စဖြတ်ဖို့လုပ်တော့

" လိုရင်းကိုပဲ ပြောရမယ်ဆိုရင် ခင်ဗျား အဆောကို ဘာလုပ်ထားလဲ "

" လာပြန်ပြီ ဒီစကား... မင်းတို့ချင်း ဘာဖြစ်ထားမှန်းမသိရဘဲ... ငါ့ဆီ လာလာပြီး ပြဿနာရှာတာကြီးကတော့ မဟုတ်သေးဘူးနဲ့ တူတယ်နော် Park Sunghoon "

" ကျုပ်တို့က ဘာမှ ဖြစ်စရာ အကြောင်းမရှိဘူး...ဖြစ်နေတာက ခင်ဗျား... ခင်ဗျား ကြားဝင် နှောက်ယှက်နေလို့သာ ဖြစ်နေရတာ "

" ဘာ ဟား ဟား ဟား ဟား... မင်းနဲ့ တွေ့တိုင်းလဲ ငါ့မှာ ရယ်နေရတာ မရိုးရဘူး... ဒီတစ်ခါ မင်းရဲ့ ပြက်လုံးက ဒါလား... တစ်ခေါက်ပြီးတစ်ခေါက် မရိုးရတဲ့ဟာသတွေနဲ့ ရောက်ရောက်လာတယ်နော် ချာတိတ်... ဟားဟားဟား "

" ခင်ဗျား!! "

" ဟိုး ဟိုး ဟိုးထား ချာတိတ်... ငါ ထပ်မရယ်ချင်တော့လို့ ဟာသတွေ မပြောတော့နဲ့ကွာ... ငါတို့ အတည်တွေပဲ ပြောရအောင်... မင်းပြောတဲ့ စကားကို မင်း သေချာ ပြန်စဉ်းစားကြည့်ပါအုံး... မင်းတို့ကြားကိုပဲ ငါက ဝင်နှောက်ယှက်နေတာလား... မင်းကပဲ အေးအေးဆေးဆေး ရှိနေတဲ့ ငါနဲ့ ဘေဘီ့ကြားကို ဝင်လာတာလား ဆိုတာ "

" ကျုပ်က ကြားဝင်တယ်ပြောရအောင် ခင်ဗျားနဲ့ အဆောမှာ ဘာတွေ တရားဝင်ပတ်သက်ထားတာ ရှိလို့လဲ... ရှင်းနေတာကို ရှုပ်အောင်လုပ်မနေစမ်းပါနဲ့ "

" ဒါဆိုလဲ မင်းသိအောင် ပြောလိုက်မယ်လေ... ငါနဲ့ ဘေဘီ လက်ထပ်တော့မယ်...လက်ထပ်ဖို့လဲ အားလုံး စီစဉ်နေပြီ... ဒီထပ် ပိုပြီး တရားဝင်တာ မရှိတော့ဘူး.. ဒါကြောင့် မင်း ဘေဘီ့ကို ထပ်ပြီး ပတ်သက်ဖို့ ကြိုးစားမနေတော့နဲ့... ကြိုးစားနေလဲအချည်းနီးပဲမို့ အေးအေးဆေးဆေးသာ လက်လျှော့လိုက်တော့ "

" ကျုပ် အဆောနဲ့ တွေ့ချင်တယ် "

" ဘေဘီကတော့ မင်းကို မတွေ့ချင်တော့ဘူးတဲ့ ချာတိတ်... မင်းအပေါ် ခဏတဖြုတ် သာယာမိတာပါလို့လဲ ကိုယ့်ကို ဝန်ခံထားတယ် "

" ဒါဆို ကျုပ်ကို အဆောနဲ့ တွေ့ခွင့်ပေး... အဆောကိုယ်တိုင် ပြောလာတာကို ကျုပ် အတည်ပြုရမှ ယုံပေးနိုင်မယ် "

" မင်း မယုံလဲ မတတ်နိုင်ဘူးလေ ချာတိတ်... ငါက မင်း ယုံအောင် ပြောနေတာမဟုတ်ဘူးကွ... အမှန်တရားကို ပြောပြရုံလေးပဲ "

" ဒါက အမှန်တရားဆိုတာ သေချာရင် ခင်ဗျား အဆောကို ခုလို ပိတ်လှောင်ထားစရာမလိုဘူးလေ... အပြင်ထွက်လို့မရအောင် အစောင့်ချထားပြီး ပိတ်လှောင်ထားတယ်ဆိုကတည်းက ခင်ဗျား မူမမှန်တာဘဲ "

" အိုးး ဟိုးးး စွပ်စွဲလှချည်လား ချာတိတ်ရ... ပိတ်လှောင်ထားတယ်လို့ပဲ... မင်းစကားကြီးက ကြီးကျယ်သွားလိုက်တာကွာ... မသိရင် ငါကပဲ ဘေဘီ့ကို အနိုင်ကျင့်ထားသလိုနဲ့... "

" မဟုတ်လို့လား ခင်ဗျား "

" နိုးပါ.. ဘေဘီကိုယ်တိုင်ကိုက မင်းနဲ့ မပတ်သက်တော့ပါဘူးလို့ ကတိပေးထားတာ...အပြင်မထွက်တာလဲ မင်းနဲ့ မတွေ့ချင်လို့...တခြား ဘာအကြောင်းမှမရှိဘူး... ယုံ "

" ခင်ဗျား လျှာအရိုးမရှိတိုင်း စကားတွေ လျှောက်ပြောမနေနဲ့... လမ်းပေါ်က ဖြတ်သွားတဲ့ ခွေးကို ပြောတောင် အဲ့စကားကို မယုံဘူး ရှင်းလား "

" ယုံတာ မယုံတာ မင်း သဘောပါ... အချိန်တန်ရင်တော့ ဘယ်ဟာ အမှန်လဲဆိုတာ ပေါ်လာမှာပဲလေ "

" ကျုပ်ကတော့ အဆော ကိုယ်တိုင်ပြောတာကိုပဲ ယုံပေးနိုင်မယ်... အဆော ကျုပ်အပေါ်ကို ဒီလိုပြစ်ပြစ်ခါခါကြီး လုပ်သွားလိမ့်မယ်လို့ ကျုပ်မယုံဘူး "

ဘယ်လိုပြောပြော လက်မခံနိုင်ဘဲ ဘေဘီနဲ့ တွေ့ဖို့ကိုသာ တတွတ်တွတ်ပြောနေတဲ့ Park Sunghoon ကိုကြည့်ပြီး Jay ခေါင်းကိုသာ ဖြည်းညှင်းစွာ ခါယမ်းလိုက်မိသည်။

အရမ်းကို စိတ်ထင်ရာတွေ လုပ်တတ်တဲ့ ဒီကောင်လေးဟာ ဘယ်သောအခါမှ ကိုယ့်အန္တရာယ်ကိုယ် မမြင်...

သူ့အတွက် အန္တရာယ်အပေးနိုင်ဆုံး လူကိုမှ လာလာပြီး ထိပ်တိုက်တွေ့နေတာဟာ ဘယ်လို သတ္တိတွေနဲ့လဲ...

Jay သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ စိတ်ကို လျှော့ချလိုက်ပြီး ထိုင်ရာမှ ထကာ မှန်အပြည့်ကာထားတဲ့ နံရံမှတဆင့် မြင်နေရတဲ့ ပြင်ပရှုခင်းတွေကို ကြည့်ရင်း ဒီကောင်လေးအပေါ် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မယ့်စကားတွေကို စဉ်းစားလိုက်ပြီးနောက်...

" မင်းရဲ့ ခြေထောက်တွေ မကောင်းတော့လို့ ရေခဲပြင်ပေါ် ခြေမချနိုင်တော့ဘူး ဆိုပေမယ့် မင်းရဲ့ အသုံးဝင်မှုတွေ အများကြီး ရှိသေးတာကြောင့် မင်းကို ငါ လက်တွဲမဖြုတ်ပါဘူး..ပြီးတော့ မင်းက Company ရဲ့ image တစ်ခုလိုလဲ ဖြစ်နေတာကြောင့် မင်းရဲ့ အပြုအမူတစ်ခုချင်းစီက Company အပေါ် သက်ရောက်စေနိုင်တယ်... ဒါကြောင့် မင်းရဲ့အပြုအမူတွေကို ဂရုစိုက်စေချင်တယ်... ငါနဲ့လဲ သိပ်ပြီး ထိပ်တိုက်မတွေ့စေချင်ဘူး... ငါနဲ့ ခဏတိုင်း ထိပ်တိုက်တွေ့နေရင် မင်းအတွက် ကောင်းစရာမရှိလို့ လိမ်လိမ်မာမာနေကွာ... မင်းဘဝ ဆက်ပြီး တိုးတက်ချင်သေးရင် ဘေဘီ့အနားကို ဘယ်တော့မှ ပေါ်မလာခဲ့နဲ့ "

" လက်တွဲဖြုတ်တော့ရော ကျုပ်က ဂရုစိုက်မယ်ထင်လား... အခုချိန်မှာ ကျုပ်ခေါင်းထဲ အဆောကလွဲပြီး ဘာမှ ရှိမနေဘူး "

" မိုက်ရူးရဲ ဆန်နေတာတွေ ရပ်တန်းက ရပ်သင့်နေပြီ Park Sunghoon... မင်းဘဝအတွက် အကောင်းဆုံး ဖြစ်မယ့်လမ်းကိုပဲ စဉ်းစားပါ "

" ပြောပြီးပြီပဲ...ကျုပ်ခေါင်းထဲ အဆောကလွဲ ဘာမှ မရှိဘူးလို့ "

" ကောင်းပြီ... ငါ မင်းကို မေးမယ်... မင်း သေချာ စဉ်းစားပြီး ဖြေ "

Jay စကားအဆုံးမှာ ဘာလဲ ဆိုတဲ့ သဘောနဲ့ မျက်လုံးတွေ လှန်ကြည့်လာပြီး မေးဆတ်ပြတဲ့ Park Sunghoon...

" ဘေဘီ့ကို မင်း ငါ့လက်ထဲက ယူသွားနိုင်လို့ ပိုင်ဆိုင်နိုင်ပြီပဲ ထားပါတော့...မင်း အခုလို မိုက်ရူးရဲ ဆန်ပြီး အလုပ်အပေါ် စိတ်မဝင်စားဘဲ လုပ်ချင်ရာ လုပ်နေပုံနဲ့ မင်းချစ်တဲ့ လူကို ပြည့်စုံအောင် ထားနိုင်မယ် ထင်သလား... "

" ဒါကတော့... "

" နေအုံး.. ငါ့စကားဆုံးအောင် နားထောင် "

Jay လက်ကာပြလိုက်ကာ ပြောလက်စ စကားကို ဆက်သည်။

" မပြည့်စုံတာတွေ များလာခဲ့ရင်ရော မင်းနဲ့သူ စိတ်ချမ်းသာနိုင်မယ် ထင်သလား... နှစ်ယောက်အတူ ထူထောင်မယ့် ဘဝတစ်ခုဆိုတာ တွေးထားတာထက် အများကြီး ပိုပြီး ပင်ပန်းတယ် ခက်ခဲတယ်ဆိုတာ မင်းခေါင်းထဲ ထည့်ထားဖို့လိုတယ် ချာတိတ်... မိုက်ရူးရဲဆန်ပြီး လုယူလိုက်တာနဲ့ ပိုင်ဆိုင်လိုက်ရတာနဲ့တင် ဘဝကြီးက ပြီးသွားတာ မဟုတ်ဘူး... ပိုင်ဆိုင်ပြီးတဲ့နောက်မှာ ပြန်ပြီး ပေးဆပ်ရမယ့် သေချာပေါက် ဖြည့်ဆည်းရမယ့်အပိုင်းတွေအများကြီး ရောက်လာလိမ့်မယ်... အဲ့ဒါတွေအတွက် မင်းဘက်က အဆင်သင့်ပြင်ပြီးပြီလား... "

" ...... "

လက်တွေ့ကျကျ မေးခွန်းထုတ်လာတဲ့ Jay ရဲ့စကားတွေကို ချက်ချင်း မတုန့်ပြန်နိုင်ပုံရှိတဲ့ Sunghoon ကတော့ မျက်နှာလွှဲသွားကာ ဂုတ်တွေကို ပွတ်သပ်နေလေသည်။

" မင်းမှာ ဖြေဖို့ အ​ဖြေ အဆင်သင့်မရှိတော့ဘူး မလား... ဘယ်ရှိမလဲ... ဘယ်လို ကြိုတင်ပြင်ဆင်မှုမျိုး မှ ရှိမထားတာကိုးး "

" ခင်ဗျား စကားတွေက ကျုပ်ကို အထင်သေးလွန်းနေပြီ CEO Park.. ကျုပ်လဲ အစွမ်းအစရှိတဲ့ ယောကျာ်းတစ်ယောက်ပါ... ကျုပ်က ဘဝတစ်ခုကို ဦးဆောင်ဖို့ အရည်အချင်းမဲ့နေတဲ့ လူလဲ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် ကျုပ် အဆောကို ပြည့်စုံအောင် ထားနိုင်တယ်...ခင်ဗျားလို ဘီလီယံနာကြီးနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ... ဒါပေမယ့်လဲ ကျုပ်က ဒီတိုင်း နေနေတဲ့ လူမဟုတ်ဘူးလေ... ကျုပ်ဘဝအတွက် ကျုပ်အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတဲ့ လူ "

" အဟင်းးး "

သူ့စကားကြောင့် ယောကျာ်းမာန ထိခိုက်သွားဟန်ရှိတဲ့ Park Sunghoon က ချက်ချင်းကိုပဲ ပြန်လည်ချေပလာခဲ့ပြန်ပါသည်။

ဒါကိုပဲ Jay ကတော့ ခပ်အေးအေးသာ ကြည့်ပြီး ပြုံးနေလိုက်သည်။

" ဘာ ရယ်တာလဲ ခင်ဗျားက "

သူ့ဆီက ရယ်သံထွက်လာတော့ မျက်မှောင်ကျုံ့ကာ မနှစ်မျို့ဟန်ဖြင့် ပြန်မေးလာတာကြောင့်

" အော်... အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်ဆိုလို့ပါ... ခြေထောက်ထိခိုက်မိထားလို့ အားကစားကို စွန့်လွှတ်လိိုက်ရတာတောင် ကျန်တဲ့ အလုပ်တွေကို စိတ်နှစ်ပြီး လုပ်ဖို့ မစဉ်းစားဘဲ ဆက်တိုက်ပြဿနာတွေပဲ ရှာနေတဲ့ လူဆီက ဒီစကားကြားတော့ ကိုယ် နည်းနည်း ရယ်ချင်သွားလို့ "

" ခင်ဗျား လှောင်စရာ မဟုတ်ဘူး...ဒါတွေအားလုံးက ခင်ဗျားကြောင့် ဖြစ်နေတာပဲလေ... ခင်ဗျားသာ အဆောကို ဖွက်မထားရင် ဒီလိုဖြစ်စရာ အကြောင်းကိုမရှိတာ "

" ဖွက်ထားတယ်ဆိုတဲ့ စကားကြီးကတော့ နည်းနည်း သဘာဝမကျဘူးကွာ... ကိုယ်က ဘေဘီ့ကို အနှောက်အယှက်တွေ ကင်းအောင် ကာကွယ်ထားရုံပါ "

" ကျစ်! သိနေပေမယ့်လဲ နည်းနည်းလေးများ ထူးခြားလာမလားလို့ ခင်ဗျားဆီ ရောက်လာမိတာ မှားတာပဲ... တမင် အချိန်လာ ဖြုန်းရာ ကျနေပြီ "

" အွန်း... ဟုတ်တယ်.. အစကတည်းက အဲ့လိုသိထားရင် ကိုယ့်ဆီ လာစရာတောင် မလိုတော့ဘူးပေါ့... တစ်ခါတည်း မှာလိုက်အုံးမယ်.. နောက်ဆိုရင် အလုပ်ကိစ္စနဲ့ တွေ့စရာရှိမှ လာခဲ့ပါ... ဒီလို ကိစ္စတွေအတွက်နဲ့တော့ အချိန်ကုန်ခံ မလာခဲ့နဲ့... ကိုယ်လဲ မင်းကို အချိန်မပေးနိုင်ဘူး "

" Shit !! "

မျက်လုံးချင်းတည့်တည့်ဆုံအောင်ကြည့်ကာ တစ်ခွန်းချင်း သေချာပြောလိုက်တဲ့ Jay ရဲ့ စကားအဆုံးမှာ သူ့ရှေ့က ဆိုဖာခုံကို ခြေထောက်နဲ့ ကန်ကာ အခန်းထဲကနေ ဒေါသတကြီး ထွက်သွားတဲ့ Park Sunghoon...

ဒုန်းးးး

သူ့ဘာသာနေတဲ့ အခန်းတံခါးကိုပါ ဆောင့်ပိတ်သွားတာ ဒုန်း ခနဲ...

ဟူးးးး

Jay သက်ပြင်မောတစ်ခုကိုသာ လေးလေးပင်ပင် ချပစ်လိုက်မိသည်...

Company နဲ့လက်တွဲထားတဲ့ Player တစ်ယောက်ဖြစ်တဲ့အပြင် Company ရဲ့ image တစ်ခုလို ဖြစ်နေလို့သာ သူ ဒီအချိန်ထိ သီးခံပေးထားတာမလား...

ဒါပေမယ့်လဲ သေချာစဉ်းစားကြည့်ရင် သူ ဒီကောင်လေးအပေါ် ဘေဘီ့နား ကပ်လာတဲ့ အရင်လူတွေတုန်းကလို မရက်စက်နိုင်တာတော့ အမှန်ပါ...

ဒီကောင်လေး သူ့အပေါ် ဘယ်လောက်ပဲ အမှားတွေလုပ် ပြဿနာရှာနေလည်းပဲ၊ သူ့လက်ထဲက ဘေဘီ့ကို ပေါ်တင်စိန်ခေါ်ပြီး လုယူနေလည်းပဲ သူ ဘာကြောင့်များ အပြစ်ကြီးကြီးမားမား မပေးဖြစ်ပါလိမ့်...

ဒီကောင်လေးရဲ့ ဂျစ်ပေါက်ပေါက်မျက်နှာပေးနဲ့ မခန့်လေးစားပြောတတ်တဲ့ အကျင့်လေးတွေက သူငယ်စဉ်ကနဲ့ တထေရာထဲ...

စိတ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်လွန်းတဲ့ နေရာမှာပါ လာတူနေတာကရော တိုက်ဆိုင်မှုတစ်ခုများလား...

ဘာပဲဖြစ်ဖြစ် ဒီကောင်လေးရဲ့ မျက်နှာကို မြင်လိုက်ရတိုင်း သူ့ခန္ဓာကိုယ်တွင်း သွေးတွေ နွေးထွေးသွားတတ်တာကိုတော့ ဝန်ခံရမည်။

ဒီကောင်ဆိုးလေးနဲ့ သူဟာ ဘယ်ဘဝက ရေစက်များလဲ...

အတွေးတွေနဲ့အတူ ခုံပေါ်ကို ပြန်ထိုင်လိုက်မိတဲ့ခဏမှာ အခန်းတံခါးခေါက်သံနှင့်အတူ အထဲကို ဝင်လာတဲ့ အတွင်းရေးမှူး Lee...

သူရှိရာ စားပွဲအထိ ရောက်လာပြီးနောက် ခပ်တိုးတိုး အသိပေးလာတဲ့စကားက

" ဧည့်သည်ပါလာပါတယ် CEO... "

" ဘယ်က ဧည့်သည်လဲ... ဒီနေ့ Appointment လုပ်မထားတဲ့ ဧည့်သည်တွေနဲ့ပဲ တွေ့နေရတယ် "

ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဧည့်သည်ပါလာတယ်ဆို၍ Jay မျက်မှောင်ကျုံ့ကာ ပြန်
မေးလိုက်တော့ အတွင်းရေးမှူး Lee က

" CEO တွေ့မှ ဖြစ်မယ့် ဧည့်သည်ပါ "

အတွင်းရေးမှူး Lee ရဲ့ စကားကြောင့် ရိပ်မိသလိုရှိတာနဲ့ တံခါးရှိရာဆီ အကြည့်တို့အရောက် ဖြည်းညှင်းစွာ ပွင့်လာတဲ့ တံခါးနဲ့အတူ အထဲကို ဝင်လာတဲ့ လူကြီးတစ်ယောက်...

တိတိကျကျ ပြောရမယ်ဆိုရင် အနောက်တိုင်းဟန်ပန်အပြည့်နဲ့ တည်ကြည်ခန့်ညားတဲ့ မျက်နှာကျရယ်... ခြောက်ပေကျော်ကျော်အရပ်ကြီးနဲ့ လိုက်ဖက်လှတဲ့ ခန္ဓာကိုယ်ရယ်... နောက်ကိုဆံပင်တွေအကုန်လှန်သိမ်းထားပြီး ရှင်းသန့်နေတဲ့ မျက်နှာအနေအထားက CEO ကြီးနဲ့ ခပ်ဆင်ဆင်...

အသက်အရွယ်ကို ခန့်မှန်းရ ခက်လောက်တဲ့ နုပျိုမှုတွေရှိနေတဲ့ လူကြီးတစ်ယောက်...

အခန်းပေါက်ဝမှနေ CEO Park ကို ကြည့်နေတဲ့ မျက်မှန်အောက်က မျက်ဝန်းတွေဟာ ဝမ်းသာဝမ်းနည်း ရိပ်တို့ ရောပြွန်းနေဟန် အရောင်တလက်လက်....

မိနစ်ဝက်လောက်ထိ ရပ်ကြည့်နေပြီးမှ ထူပြည့်ပြည့်နှုတ်ခမ်းအစုံတို့ လှုပ်ခတ်လာကာ ယိုင်နဲ့နေတဲ့ အသံတို့နဲ့ ထွက်ကျလာတာက

" သား ~~~~ "

ခေါ်သံနဲ့ အပြိုင်ပဲ ထိုဧည့်သည်ရှိရာဘက်ကို ကျောခိုင်းပြီး တောက်တစ်ချက် ပြင်းပြင်း ခေါက်လိုက်တဲ့ CEO...

တောက်!!!!

" ဘယ်လို ဧည့်သည်တွေ ခေါ်လာတာလဲ အတွင်းရေးမှူး Lee "

***********

Love you all my Vitamins 💙

San Htarni 💙

8.6.2023

# Fic လေး ပြီးခါနီးမှ စိတ်တွေလေ လူကလဲ လေနဲ့ စာမရေးနိုင်ဖြစ်နေတဲ့ ကျွန်တော့်ကို တစ်ယောက်တစ်ခွန်းစီလောက် ဝင်ပြီး ဆုံးမပေးသွားကြစမ်းပါဗျာ...

ကျွန်တော် စာရေးလို့မရဘူး ဖြစ်နေတယ်လို့ 😭😭😭

ဦးနှောက်ထဲရော ရင်ဘတ်ထဲရော ဗလာကြီးဖြစ်နေပြီး Plot တွေပျောက်နေတယ် 😔😔

Comment