~ 24 .1 ~

~ 24.1 ~

ကျောင်းရှေ့ ခုံတန်းလေးမှာ အဆော မောင်အလာကို စောင့်နေမိသည်။

မတွေ့ဖြစ်ကြတာလဲ ရက်ပိုင်းမျှရှိပြီလေ...

မောင် ဖုန်းဆက်လာတဲ့အခိုက်အတန့်မှာ လှိုက်ခနဲ ပျော်သွားမိရသေး...

မောင့်အလုပ်ရဲ့ မအားလပ်မှုများကြောင့် မောင်နဲ့ သူ ဖုန်းနဲ့သာ အဆက်အသွယ် လုပ်ဖြစ်နေကြတာ။ လူချင်းက မတွေ့ရ။

မောင် လာမယ့်လမ်းကို မျှော်ကြည့်ရင်း Sunoo လည်ပင်းရှည်နေရပြီ။

လာခေါ်မယ်ပြောထားပြီး အချိန်က နောက်ကျနေတာကြောင့် နှုတ်ခမ်းလေးကလဲ စူပွပွဖြစ်နေပြီလေ။

သူပဲ အရမ်းလွမ်းနေလို့ တွေ့ချင်လှပါပြီဆိုလို့ ဒီလူက အတန်းချိန်ဖျက်ပြီးတောင် စောင့်နေရတာ။

​မောင်က တော်တော်နဲ့ ပေါ်မလာ...

Jungwon ကတောင် ပြောနေပြီ သူ့ကို...

Sunghoon နဲ့ပတ်သက်လာရင် ပိုလွန်းလို့တဲ့။

အမြင်ကပ်ကပ်ရှိရင် Jay နဲ့ သွားတိုင်မယ်တဲ့လေ။

ဒါပေမယ့်လဲ တစ်ဦးတည်းသော သူငယ်ချင်းလေးဆိုတော့လဲ တားချင်ပေမယ့် သူက ချစ်နေတယ်ဆိုတော့ အလိုလိုက်ရှာပါတယ်။

Jay မသိအောင်နေဖို့ အထပ်ထပ် သတိပေးရင်း Jungwon မှာလဲ သူ့လောက်နီးနီး ရင်တထိတ်ထိတ်။

ကျောင်းမှာ ဘာဖြစ်ဖြစ် Jay က သူ့ကို အကုန်ပြောဖို့ Jungwon ကို မှာထားတယ်မလား။

ခုလို ကိစ္စအကြီးကြီး ဖြစ်ပျက်သွားတာကို အသိမပေးဘဲ အလိုတူအလိုပါ ကြိတ်ကြံနေမိတော့ သိသွားရင် သူလဲ မချောင်ဘူးဆိုပြီး ရင်ထိတ်နေတာ။

ခုံတန်းလေးပေါ် ခပ်လျှောလျှောလေးမှီရင်း လာရာလမ်းကို မျှော်ကြည့်လိုက် ပေါ်မလာတော့ ​ခေါင်းလေးငုံ့ပြီး လွယ်အိတ်ကြိုးလေးကို ဆော့နေလိုက်နဲ့ ခြေထောက်လေးတွေဟာလဲ လှုပ်စိလှုပ်စိနဲ့ အငြိမ်မနေနိုင် ဖြစ်နေတဲ့ အဆော။

အရိပ်အယောင်တောင် မမြင်ရသေးတဲ့ မောင့်ကို စိတ်က ကောက်ချင်နေပြီ။

" ဟင့် အဲ့မောင်ဟာလေ... ဖုန်းထဲမှာကျ မတွေ့ရရင် ခုချက်ချင်းပဲ အသက်ထွက်တော့မယ့် ပုံနဲ့... ခုကျတော့ ပေါ်မလာဘူး... ဘယ်လိုလူကြီးမှန်းကို မသိဘူး တကယ်ပဲ "

အင့် ဘုန်း!! ဘုန်း!!

" သူများ အတန်းချိန်ရှိတာတောင် မတက်ဘဲစောင့်နေတာကို သူက နောက်ကျရဲသေးတယ်... တွေ့မယ် လာရင်တော့လား ဟွန့် "

လွယ်အိတ်ကို လက်သီးစုပ်လေးနဲ့ ထု လိုက် နှုတ်ခမ်းလေး စူပွပွနဲ့ တစ်ယောက်ထဲ ရေရွတ်လိုက်နဲ့ စိတ်ကောက်ဖို့ အစပျိုးနေတဲ့ အဆောရယ်ပါ...

ထိုစဉ်မှာပဲ ရုတ်တရက် နောက်ကနေ မျက်လုံးတွေကို အုပ်ကာလိုက်တဲ့ လက်တစ်စုံ။

ရုတ်တရက်မို့ လန့်သွားပေမယ့် လေအဝေ့မှာ သင်းသင်းလေး လွင့်လာတဲ့ ကိုယ်သင်းနံ့လေးကြောင့် ဘယ်သူဆိုတာ Sunoo ချက်ချင်း သိလိုက်ပါပြီ။

ဒါပေမယ့် ကောက်ချင်နေတဲ့ စိတ်အခံကြောင့် မသိသလိုနေလိုက်ခါ

" ဘယ်သူလဲ... ဘာလုပ်တာလဲ.. ဖယ်ပေး "

"..... "

" ဖယ်လို့ ပြောနေတယ်နော် "

"....... "

" ဖယ်လို့ ဆိုနေ "

".... "

" မဖယ်ပေးရင် အော်လိုက်မှာနော် "

လက်တွေကို ဆွဲခွာဖြုတ်ပြီး ဖယ်ခိုင်းနေတာကို မဖယ်တဲ့ မောင်က အော်မယ်ဆိုမှ လက်တွေကို ဖယ်ပေးကာ Sunoo ရဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ဆွဲဖဲ့လိုက်ပြီး

" မောင့်အချစ် စောင့်ရတာ ကြာသွားလား "

ရယ်ကျဲကျဲ မျက်နှာနဲ့ ခုံတန်းရဲ့ နောက်မှီကို ကျော်ခွတက်လာပြီး ဘေးမှာလာထိုင်လေသည်။

သူ ထိုင်တော့ Sunoo လဲ ဘယ်ရမလဲ ချက်ချင်း ခုံ တစ်ဖက်စွန်းကို တိုးထိုင်ပစ်လိုက်တာပေါ့။

" ဟ အဲ့လိုလား "

သူ့အပြုအမူကြောင့် မောင်က ရယ်ဟဟလုပ်ပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ကာ သူ့နားထပ်တိုးလာသည်။

မောင်က ကပ်လာတော့ Sunoo ခုံအဖျားထိ တိုးထိုင်လိုက်တာ အရှိန်လွန်ပြီး ပြုတ်ကျမလို ဖြစ်သွားသေး။

ဟန်ချက်ပျက်သွားတာကြောင့် ပြုတ်ကျမှာစိုးပြီး ယောင်ယောင်မှားမှားနဲ့ မောင့်လက်မောင်းကြီးကို လှမ်းဆွဲလိုက်တော့ မောင်က အော်ရယ်ပါလေရော...

" ဟား ဟား ဟား အကဲပိုလေး မောင်ကပ်ထိုင်တာ ဘာမှ မဖြစ်ဘူးနော်.. ပြုတ်ကျမှ ဖင်နာနေမယ် လာ ဒီဘက် ပြန်တိုး "

" မတိုးဘူး သွား ''

လာဆွဲခေါ်နေတဲ့ မောင့်လက်တွေကို ပုတ်ချကာ မျက်စောင်းကြီးကြီးတစ်ချက်ထိုးပြီး ကြည့်လိုက်တော့ သွားစွယ်ရှည်ရှည်လေးတွေပါ ပေါ်အောင် ရယ်နေတဲ့ မောင်...

ပါးချိုင့်လေးတစ်ဖက်ကပါ ထင်းနေအောင် ပေါ်နေတော့ စိတ်ကောက်နေတဲ့လူတောင် စိတ်ကောက်ဖို့မေ့ပြီး မောင့်အပြုံးတွေထဲမှာ မျောခနဲပဲ။

" အဟင်း ချစ်ဖို့ကောင်းတဲ့ မောင့်အသည်းလေး "

ငေးနေမိတဲ့ အဆောရဲ့ ပါးလေးနှစ်ဖက်ကို ဆွဲကာ ဟိုဘက်ဒီဘက် ဆွဲယမ်းလိုက်တဲ့ မောင့်ကြောင့် Sunoo သတိ ပြန်ဝင်လာကာ

" အ့ နာတယ်... ဘာလုပ်တာလဲ ဖယ် "

ပြွတ်!!

ဟာ..

ပြွတ်!!!

" မောင့်!!!"

" ဗျ "

" လူတွေနဲ့ "

" ဘာဖြစ်လဲ အဲ့တော့ "

ပြွတ်!!!

" မြင်ကုန်မယ်လေ ကျောင်းထဲမှာကြီး ''

" ဒါဆို အဆောင်က မောင့်ကို ဘာလို့ အကပ်မခံလဲ... အကပ်မခံရင် နမ်းမှာပဲ "

" မောင့်ဘာသာ မောင် စဉ်းစားကြည့်လေ... တကယ်တမ်းက ဒီနားမှာ လာ ထိုင်စောင့်နေဖို့တောင် မကောင်းတော့ဘူး... အတန်းထဲ ဝင်ပြီး စာသင်နေလိုက်ရမှာ "

ပါးနှစ်ဖက်ကို ဆွဲထားတဲ့ လက်တွေကို ဖယ်လိုက်တော့ နဖူးတွေ ပါးတွေကို သူ့နှုတ်ခမ်းတွေနဲ့ ဖိကပ်နမ်းလာတဲ့ မောင်က အလွန်ကို အတင့်ရဲလှပါသည်။

သူ့အပြစ်ကိုသူကျ မသိဘဲ အကပ်မခံလို့ နမ်းရပါသတဲ့။

" မောင် ဘာလုပ်မိလို့လဲ "

" ဟာ... အဲ့ဒါကို အဆောက ပြောပြနေရမှာလား "

" အဟင်း... ဟုတ်တယ် အဆော ပြောပြ "

" မောင် နော်! "

" ထိုးလိုက်တဲ့ မျက်စောင်းကြီးကကွာ... မောင့်အချစ်သာ နဂါးလေးဆို မောင်တော့ လောင်ကျွမ်းပြာကျတော့မှာပဲ "

" ပြာကျ သွားလိုက်ရမှာ "

" ဟော... ဒါ မချစ်တာဘဲ "

" ဟွန့် "

နှုတ်ခမ်းလေး တစူစူ မျက်စောင်းလေး တထိုးထိုးနဲ့ စိတ်ကောက်နေတဲ့ အသည်းအသက်လေးကို Sunghoon ကြည့်ပြီး အသည်းတွေ ယားလှပြီ။

အရင်ကတော့ လူကြီးဆန်ပြီး အနေအေးတယ်လို့ ထင်နေမိတဲ့ အဆောက ချစ်သူရည်းစားတွေ ဖြစ်ပါပြီဆိုတော့မှ ကလေးဆန်တဲ့ အပြုအမူလေးတွေ တစ်စ တစ်စ ပေါ်လာတာက အလွန်ချစ်ဖို့ ကောင်းပါသည်။

သူ အလိုမကျဖြစ်ရင် စိတ်လေးက ကောက်ပြီ။

စိတ်ကောက်တာနဲ့လဲ မပြီးသေး။ နှုတ်ခမ်းလေး တထော်ထော်နဲ့ မကျေနပ်တာတွေကို စူပွစူပွနဲ့ ပြောနေသေးတာ။

အဆော ဘယ်လိုလေးပဲ နေနေ သူ့မှာတော့ ချစ်လိုက်ရတာ ချစ်လို့ကိုမဝ။

သူ့ရင်ခွင်မှာ ရှိတဲ့ အခိုက်အတန့်တွေမှာ အဆောကို ဟန်ဆောင်မှု ကင်းကင်းနဲ့ စိတ်ထဲရှိသလိုလေးသာ နေစေသည်။

မောင့်ရင်ခွင်ထဲကို ရောက်လာတဲ့ အချိန်က စလို့မွန်းကြပ်ခဲ့ရသမျှတို့ ပြေပျောက်ပါစေကွယ်....

Sunghoon မျက်စိရှေ့က ကောက်တေးလေးကို ထပ် မစနောက်တော့ဘဲ လက်လေးတစ်ဖက်ကို ဆွဲယူကာ နှုတ်ခမ်းလေးနဲ့ နမ်းလိုက်ပြီးမှ ပါးမှာ ကပ်ထားလိုက်ကာ

" အဆော မောင့်ကို စိတ်ကောက်တော့မယ်ဆိုတာ မောင် သိပါတယ် အချစ်ရယ်... မောင် တမင်နောက်ကျနေတာ မဟုတ်ရပါဘူး... ဒီနေ့ Company က ထွက်တဲ့ ဖိနပ် ဒီဇိုင်းအသစ်အတွက် မောင် ဓာတ်ပုံရိုက်ပေးနေရလို့... အကုန်ပြီးနေပြီးမှ အတွင်းရေးမှူး Lee ရောက်လာပြီး မကြိုက်သေးဘူးဆိုလို့ ထပ်ရိုက်ပေးနေရတာ... မောင့်အဆောလေး စောင့်နေရတော့မယ်ဆိုတာ မောင် သိနေလို့ အလုပ်လုပ်ရတာ စိတ်တောင် မဖြောင့်ဘူး "

" ဟုတ်လို့လား "

မယုံရဲရဲ ပေကပ်ကပ် အကြည့်လေးနဲ့ မေးလာတဲ့ အဆောရဲ့ ပါးလေးတစ်ဖက်ကို သူ နှာခေါင်းတစ်ခုလုံး နစ်ဝင်သွားအောင် ဖိကပ်နမ်းလိုက်ပြီး

" ရှူးးး မောင် မညာပါဘူး အချစ်ရဲ့ "

" ညာရဲရင် ညာကြည့်လေ "

" အင်.. အဆောက ဘာလုပ်မှာလဲ "

" မချစ်တော့ဘဲ နေမှာ ".

" အမလေးဗျာ... မချစ်ဘဲတော့ မနေပါနဲ့... ဒီ မောင်က တစ်သက်လုံး မလိမ်မညာရဲပါဘူး... မောင် အမှန်တိုင်း ပြောနေတာပါ အချစ်ရဲ့ "

" ပြီးရော... အလုပ်ကိစ္စဆိုလို့ စိတ်ပြေ ပေးလိုက်မယ်... မဟုတ်ရင်တော့ အတန်းသွားတက်ပစ်လိုက်မှာ "

" အင် မတက်ရပါဘူး... မောင့်မှာ တွေ့ချင်လွန်းလို့ အလုပ်တွေပြီးအောင် အကုန်လုပ်လာရတာ "

" အ့ မောင့်... ကျောင်းထဲမှာလို့ အဲ့လိုကြီး မလုပ်နဲ့ ဖယ် လူတွေ မြင်ကုန်မယ် "

ပြောပြောဆိုဆို ရင်ခွင်ထဲ ဆွဲဖက်လိုက်တဲ့ သူ့ကြောင့် အဆောက ဘေးဘီကို ဝေ့ကြည့်ပြီး ရှက်ရဲရဲ မျက်နှာလေးနဲ့ ရင်ခွင်ထဲက ရုန်းထွက်သွားသည်။

" ဒါဆို လူတွေ မမြင်တဲ့ နေရာရောက်ရင်ရော "

" မောင် နော် "

" ခွင့်ပြုမှာလား ပြော "

" ဘာကိုလဲ "

" အဆော သိရဲ့သားနဲ့ "

" သိပါဘူး "

" မညစ်နဲ့ နော် "

" မညစ်ပါဘူး နော် "

" မတွေ့ရတာဘဲ ဘယ်လောက်ကြာနေပြီလဲ မောင့်ကို မသနားဘူးလား "

" ဟင့်အင် "

" အာ... ကြည့်... မတွေ့ရတဲ့ ရက်အတွင်း ရက်စက်တတ်နေတာ သူ "

" ခစ်ခစ် မျက်နှာကြီးကလဲ ရှုံ့မဲ့လို့ "

" အေး ရယ်ထားပါ... အဲ့ မသိချင်ယောင် ဆောင်နေတဲ့ ဟာလေးတော့ လူမရှိမှ တွေ့မယ် ဟွန်း ဟွန်း "

" မောင့် ဟွန်း ဟွန်း ကြီးကလဲ ကြောက်စရာကောင်းလိုက်တာ "

" ချစ်စရာကောင်းတာပါ မောင်က "

" တော်ပါ... ဒီနေ့ ဘယ်သွားမှာလဲ ပြော... အဆောကို ဘယ်နေရာခေါ်သွားပေးမှာလဲ "

" မောင့်အချစ် ကြိုက်တဲ့နေရာပြော... မောင်က ကမ္ဘာမြေအဆုံးထိဆိုလဲ ခေါ်သွားပေးမယ် "

" ပိုလိုက်တာ တအားပဲ... "

" မပိုပါဘူး ဗျာ... လိုတောင် လိုနေသေးတယ် "

" ကဲ မောင်ရေ... စနောက် မနေတော့နဲ့ အချိန်လင့်နေပြီ...ဘယ်သွားမှာလဲ ဆို "

" အဆော ဟိုနေ့က မောင့်ကို Skate စီးဖူးချင်တယ်ပြောတယ်မလား...အဲ့ဒါ မောင်တို့ မြစ်ကမ်းဘေး အဆောနဲ့ မောင် တွေ့တဲ့နေရာ သွားပြီး Skate စီးကြမယ်လေ မောင် သင်ပေးမယ် စီးတတ်အောင် "

" ဟာ... မောင် တကယ်ပြောတာလား "

" တကယ်ပေါ့ဗျာ... "

" ဟီးဟီး အဲ့ဒါတွေကြောင့် မောင့်ကို ချစ်နေရတာ "

" အင်း အင်း ခုကျ ရုပ်လေးက... နော်..ခင်ဗျားလေးပဲ အမျိုးမျိုး တတ်နိုင်တယ် ''

" ဟီး မောင်ကလဲ... မောင်က အလိုလိုက်ပေးတော့ အဆော ပျော်သွားလို့ပါ "

" ပျော်စေဗျာ... မောင့်အချစ်ပျော်ရင် ရပြီ... မောင်က အမြဲတမ်း အလိုလိုက်ပေးမှာ "

" အဲ့ဒါတွေကြောင့် ချစ်နေရတာ မောင့်ကို "

" ချစ်ရင် လာ ထား "

ပါးကြီးတစ်ဖက်ဖောင်းပြပြီး လက်ညှိုးထိုးပြနေပြန်ပါပြီ သူ့ပါးကိုသူ။

အဆော မျက်နှာလေး ပြုံးနေရာမှ ပြန်တည်လိုက်ပြီး နှာခေါင်းရှုံ့ပြလိုက်တော့ ရယ်ဟဟနဲ့ မောင်က

" အလိုလိုက်ထားတယ်လေ... ဆုတော့ ချသင့်တာပေါ့ "

" မောင်ဟာလေ... တအား အခွင့်အရေးကို အသုံးချတတ်တဲ့လူ "

" အခွင့်အရေးဆိုတာ အသုံးချတတ်ရင် ကိုယ့်အတွက်ချည်းပဲတဲ့ အချစ်ရဲ့... "

" ဟွန်း မောင်ပဲ အပြောကောင်း "

" ကဲ လာပါကွာ... ပါးလေးတစ်ဖက်ပဲ ပေး... အဆောဆီက အာဘွားရဖို့ တောင်းရတာကလဲ မောင်..."

" အင့် ပြွတ်! "

မောင့်စကားမဆုံးခင် ခပ်သွက်သွက်လေး မောင့်ပါးကို ဖိနမ်းလိုက်ပြီး မေးဖျားလေးကိုပါ ကိုက်ဆွဲလိုက်တော့ မောင်ဟာ ပြောလက်စ စကားတွေ ရပ်တန့်သွားကာ လက်ကလဲ လေပေါ် မြှောက်ရင်းတန်းလန်းကြီး ရပ်သွားလေသည်။

ပြီး လူကို ပြူးပြူးကြီး လှည့်ကြည့်လာတာကြောင့် Sunoo မသိချင်ယောင်ဆောင်ကာ တစ်ဖက်လှည့်နေလိုက်သည်။

ရုပ်လေးကတော့ ရယ်ချင်ပတ်ကျိ ရုပ်လေးနဲ့ပေါ့။ မရယ်မိအောင် အောက်နှုတ်ခမ်းလေးကိုလဲ ဖိကိုက်ထားရသေး။

စက္ကန့် တချို့ ငြိမ်ကျသွားတဲ့ မောင်က ခဏအကြာမှာတော့ ဖြုန်းစားကြီး သူ့ကို ဆွဲဖက်လိုက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလာတော့

" အ့ မောင့် ဘာလုပ်တာလဲ... "

" အဆောက ခွေးပေါက်လေးလား... လူကို ကိုက်သွားတယ် ကြည့်... "

" မောင့် ဖယ်ပါ.. "

" မဖယ်ပါဘူး... မောင်လဲ ပြန်ကိုက်ရမှ ကျေနပ်နိုင်မယ် "

" အ့ ဟ မောင့် ခစ် ခစ် မလုပ်နဲ့... မောင့်!! "

" အင့် အင့် အင့် မောင့်ကို ကိုက်တဲ့ ခွေးပေါက်လေး "

" အားး ယားတယ် ယားတယ် လို့ မောင့်!!! "

လူကို ရင်ခွင်ထဲဆွဲသွင်းပြီး ပါးတွေ လည်ပင်းတွေ ဂုတ်စပ်တွေကို နှာခေါင်းနဲ့ရော နှုတ်ခမ်းနဲ့ပါ ဖိနမ်းလိုက် ဆွဲကိုက်လိုက် လုပ်နေတဲ့ မောင့်ကြောင့် Sunoo တစ်ကိုယ်လုံး တွန့်လိမ်ပြီး ရုန်းကန်နေရတော့သည်။

" မောင့် မလုပ်နဲ့ လို့.. ယားတယ်ဆိုနေ... အားး ဟား ဟား မောင့် တော်ပြီ လေ "

သစ်ပင်အောက်က ခုံတန်းလေးပေါ်မှာ ဆွဲချုပ်ဖက်ထားပြီး အတင်းလိုက်နမ်းနေတဲ့ မောင်ရယ် ယားလို့ တွန်းထိုး ရုန်းကန်ကာ အော်ဟစ်ပြီး တားနေတဲ့ Sunoo ရယ်...

ဘေးလူတွေ မြင်သွားမှာလဲ မမှုတော့ ဘေးလူတွေ ကြားသွားမလားလဲ မစိုးရိမ်မိတော့...

ဒါပါပဲ ချစ်သူဘဝဆိုတာ ဘေးပတ်ဝန်းကျင်ကို မေ့ထားပြီး တစ်ခါတစ်ခါဆို နှစ်ယောက်တည်း တစ်ကမ္ဘာတည်လို့ ပျော်စရာတွေနဲ့အတိ။

" မောင့်!! မောလာပြီ တော်တော့လို့ "

" မောင့်ခွေးပေါက်လေးကို အပြစ်ပေးတာ... အဲ့ဒါ မောင်မသိအောင် ခိုး ကိုက်သွားလို့ "

" ဖြစ်ရမယ်... ဖယ်တော့သွား မောလာပြီ "

" ချစ်လိုက်တာကွာ...ဒီအကောင်ပေါက်လေးကို.. ဖြစ်နိုင်ရင် မျိုချပစ်လိုက်ချင်တော့တယ် "

ဖယ်ပါဆိုမှ ပိုပြီး ဖျစ်ညှစ်ကာ တိုးဖက်လာတဲ့ မောင်က အောက်နှုတ်ခမ်းကိုကိုက်လို့ မချိတင်ကဲ ရေရွတ်လာတော့

" မျိုချရအောင် အဆောက စားစရာလား ပြော "

" စားစရာဆို မျိုချထားပြီးတာ ကြာပေါ့ "

" အဟားး အဲ့မောင်ဟာလေ ပို ကို ပိုတယ် "

" ချစ်တာကိုးး "

" ဟွန့် "

ရင်ခွင်ထဲကနေ ကဲသဲနေတဲ့ မောင့်ကို နှာခေါင်းလေး ရှုံ့ပြလိုက်တော့ မောင်က နဖူးချင်းလာတိုက်ကာ သွားစွယ်လေးတွေ ပေါ်အောင် ရယ်ပြလာပြန်တယ်။

လွမ်းနေရသမျှ ရက်တွေအတွက် မောင့်အပြုံးတွေကို ဖောဖောသီသီ မြင်နေရတော့လဲ အလွမ်းတွေ ပြေရပါတယ်လေ...

" အဟမ်း အဟမ်း... ဒီနှစ်ယောက် ဒီနေ့ အချစ်စမ်းလို့ ပြီးအုံးမှာလားဗျ... ကျွန်တော်တို့ ဘယ်ချိန် မြစ်ကမ်းဘေး သွားရမှာလဲ တစိတ်လောက် ပြောပြပေးပါအုံးလား "

ရုတ်တရက် သူတို့နောက်ကနေ ပေါ်ထွက်လာတဲ့ စကားသံကြောင့် Sunoo လန့်သွားကာ မောင့်ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ ခုံတန်းလေးရဲ့နောက်မှာ ရပ်နေကြတဲ့ Jake Jungwon နဲ့ Niki...

" ဟင်... "

Sunoo နှုတ်မှ အာမေဋိတ်သံလေး ထွက်ကျလာပြီး

" ဟို.. ဟို... ဘယ် ဘယ်တုန်းက ရောက်နေကြတာလဲ "

" ကြာပြီ.. ခွေးပေါက်လေးက ကိုက်တယ်ဆိုလား အဟမ်း... ခွေးပေါက်ကြီးက ပြန်ကိုက်မယ်လုပ်နေတုန်းလို့ ပြောရမလား...အဟမ်း "

ပြောင်စပ်စပ်ရုပ်နဲ့ တမင် ချောင်းတွေဟန့်ပြီး ပြောနေတဲ့ Niki ကြောင့် Sunoo မျက်နှာလေးရဲတွတ်သွားကာ ခေါင်းလေးငုံ့ကျ သွားတော့ မောင်က

" ရားး မင်းတို့ကောင်တွေ ရောက်နေရင်လဲ အသံလေးဘာလေး ပေးကြလေကွာ... အသံမပေးဘဲ ခုလိုကြီး လုပ်ရလား ကွ "

" အသံပေးလိုက်ရင် မင်း အရှိန်ပျက်သွားမှာစိုးလို့ပါ သားကြီးရာ... မင်းပဲ အကိုက်ခံရလို့ မကျေနပ်ပွဲ ပြန်နွှဲဖို့ လုပ်နေတာမလား... တော်ကြာ အသံပေးလိုက်လို့ မင်း ပြန်မကိုက်လိုက်ရရင် ငါတို့ အပြစ် ဖြစ်နေမှာပေါ့ "

စရ နောက်ရမယ်ဆို Niki တို့ တစ်ပြားသားမှ မလျှော့။ ဒါကို Jake ကပါ နောက်ကနေ Follow လိုက်ပြီး ထပ် စနောက်နေပြန်သေးတာ။

" ဒါပေမယ့် ငါတို့ ဘာမှ မမြင်ဘူးနော် သားကြီး.. ငါတို့ ဟိုဘက်ကို လှည့်နေတာ... သွေးထွက်သံယိုတွေ မမြင်ရဲလို့ ငါတို့ တကယ် မကြည့်ဘူး... မင်းတို့ ကိုက်နေတဲ့ အသံတွေပဲ ကြားနေရတာ "

" အေးကွ ဟုတ်တယ် တော်ကြာ အကိုက်ကြမ်းလို့ သွေးတွေထွက်လာရင် ငါတို့မကြည့်ရဲဘူးလေကွာ... ခွီးးး "

စကားပြောရင်း သူ့ဘာသာ မထိန်းနိုင်ဖြစ်ပြီး ထ ရယ်နေတဲ့ Niki။

" လိ ကို ကိုက်...လိ ကို သွေးထွက်လား... ဟေ့ရောင်တွေ တော်လိုက်တော့ နော် "

" ဟော်... မင်းတို့ ကိုက်နေလို့လဲ ကိုက်နေတယ် ပြောရသေးတယ်.. "

" ကိုက်ရအောင် ငါတို့က ခွေးလားကွ "

" မသိဘူးလေ မင်းပဲပြောပြီးတော့ မောင့်ခွေးပေါက်လေး ဆို.. မင်းလဲ ပြန်ကိုက်မယ်ဆိုတော့ ငါတို့က ခွေး ထင်... "

" ဟေ့ရောင်!!! "

" ဟား ဟား ဟား သားကြီး လွန်မယ်နော်... လွန်မယ်နော် စိတ်လျှော့ စိတ်လျှော့ သားကြီး "

နှစ်ယောက် တစ်ယောက် စကားနိုင်လုပွဲမှာ မောင် က ပြောလို့မနိုင်တော့ ဟိုနှစ်ကောင်ကို လက်သီးနဲ့ လိုက်ထိုးလေတော့သည်။

မောင်က လက်သီးကြီးရွယ်ပြီး နောက်ကလိုက် Jake နဲ့ Niki က အော်ရယ်ပြီး အနားက သစ်ပင်တွေ ခုံတန်းတွေကို ပတ်ပြေးနဲ့ ဝရုန်းသုန်းကားတွေကို ဖြစ်လို့။

Sunoo ကတော့ ကိုယ်တိုင် ကဲသဲထားတာဆိုတော့ ရှက်လို့ ခေါင်းမဖော်နိုင်တော့။

မျက်နှာတွေလဲ ပူထူနေကာ နှားရွက်ဖျားတွေကို ရဲတွတ်လို့နေလိမ့်မယ်။

အနားမှာ ရပ် ကျန်နေခဲ့တဲ့ Jungwon ကတော့ မျက်မှန်ကြီး ပင့်တင်ကာ တင်ကာနဲ့ ရန်လုပ်နေသေးတာ

" မိုးမမြင် လေမမြင် ဖြစ်မနေနဲ့ဗျာ... တော်ကြာ Jay သိသွားမှာ ဘုရားကယ်ပါ ဖြစ်နေမယ် " တဲ့

ကိုယ်က မှားထားတာဆိုတော့လဲ ရန်လုပ်ခံရတော့မှာပေါ့လေ။

နောက်ဆုံးတော့ Jake နဲ့ Niki က ပြေးနေတာကို ရပ်လိုက်ပြီး အမိခံလိုက်တော့ မောင်က လက်မောင်းတွေကို တစ်ချက်စီ ထိုးလိုက်ပြီးမှ ပတ်ပြေးနေတာက ရပ်သွားကြလေတော့သည်။

မကြီးမငယ်နဲ့ လိုက်တမ်းပြေးတမ်း ကစားနေတဲ့ ကလေးကြီးတွေ။ သူတို့မို့ မမော။

နောက်ဆုံး ငါးယောက်သား မြစ်ကမ်းဘေး Skate စီးဖို့ ထွက်လာကြလေတော့သည်။

Sunoo ကတော့ ခုထိ ရှက်နေသေးတာကြောင့် နောက်နားကနေပဲ ခပ်ခွာခွာလေး လိုက်လာခဲ့သည်။

ဒါကိုပဲ မောင်က သူ့လက်ချောင်းတွေကို ယှက်သွယ်၍ လာကိုင်ပြီး မျက်ခုံးတစ်ဖက် မှိတ်ပြလိုက်သေးတာ။

" မောင်ကလဲ သူတို့ပါတယ်ဆိုလဲ စောစောက ပြောရောပေါ့.. "

မောင့်ကို တိုးတိုးလေး ကပ် ရန်လုပ်တော့ မောင်က

" အဆောတစ်ယောက်တည်း ခုံပေါ်မှာ ထိုင်စောင့်နေတာ မြင်တော့ သူတို့က ကျောင်းပေါ်တက်သွားပြီး Jungwon ကို သွားခေါ်မယ်ဆိုပြီး သွားကြတာလေ.. အဲ့လို လိုက်လာမယ်မှန်း မောင်မှမသိတာ "

" ဘာပဲဖြစ်ဖြစ် သိရင် ဆင်ခြင်လို့ ရသေးတာပေါ့ ခုတော့... "

" ဘာဖြစ်လဲ... ခုတော့ "

" မမြင်သင့်တာတွေ မြင်ကုန်ပြီလေ "

" မကြည့်ပါဘူး တဲ့ သူတို့က "

" ဟာ.. အဲ့ဒါကို ယုံနေတာလား မောင်က "

" ဟီးး ယုံလို့ ရမလား လို့လေ "

" ဟွန်း မောင်နော် ရုပ်ကိုက ပြောင်စပ်စပ်နဲ့ "

" ကြည့်ပါအုံး မောင့်အသည်းလေး မျက်နှာလေးကို စတော်ဘယ်ရီသီး မှည့်မှည့်လေး ဖြစ်နေပြီ "

" မသိဘူး သွား.. ဘာမှ လာမပြောနဲ့ "

မျက်နှာပိုး မသေတဲ့ မောင့်ကို တွဲထားတဲ့ လက်တွေ ခါကျလိုက်တော့ အတင်းပြန်ဆွဲပြီး သူ့လက်ကြီးနဲ့ ဖျစ်ညှစ်၍ ကိုင်လာပြန်သည်။

သူက ခါချလိုက် မောင်က အတင်း လိုက်ကိုင်လိုက်တဲ့ တိုးတိုးကြိတ်ကြိတ် ရန်ပွဲလေးတစ်ခု။

ဒါကိုပဲ မြင်ဖြစ်အောင် မြင်သွားတဲ့ Niki က

" ဟိုနှစ်ကောင် သွက်သွက်လာကြ.. နောက်မှာ ကိုက်မနေကြနဲ့ " တဲ့

Niki အပြောကြောင့် Sunoo မောင့်ကိုပဲ မျက်စောင်းကြီးကြီးထိုးချလိုက်ကာ

" အဲ့ဒါ မောင့်ကြောင့် ပြောခံရတာ " လို့ဆိုပြီး မောင့်လက်တွေကို မရမက ခါချပြီး Jungwon လက်ကိုသာ ပြေးတွဲလိုက်တော့ မောင်က

" ဟော် ဗျာ... " ဆိုပြီး နောက်မှာ ကျန်ခဲ့လေတော့သည်။

.
.
.

" board ပြားပေါ်ကို ခြေတစ်ဖက်တင်ပြီး အရှိန်ယူလိုက်... ဟုတ်တယ် ဟုတ်တယ် အဲ့တိုင်းလေးပဲ ဆက်သွား... လဲမယ်နော် အဆော ဖြည်းဖြည်းပဲ စိတ်မလောနဲ့ "

" ဒီလိုမျိုးလား မောင် "

" ဟုတ်တယ် ဟုတ်တယ် ဟုတ်နေပြီ အဲ့တိုင်းလေး ဆက်သွားထား "

" ဟီးဟီး ပျော်ဖို့ကောင်းတယ် Skate စီးရတာ "

" ရှေ့ကြည့်လေ အဆောရဲ့... လက်နှစ်ဖက်က ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းထားအုံး ယိုင်သွားမယ် ... ဖြည်းဖြည်းချင်းပဲ သွားမယ်နော် "

Sunoo သွားတဲ့နောက် စိတ်မချစွာနဲ့ ပြေးလိုက်နေတဲ့ မောင်က ဘေးကနေ စီးပုံစီးနည်းကိုလဲ တတွတ်တွတ်ပြောပြနေတာ သူမို့ မမောမပန်း။

" မောင့် ပြေးမလိုက်နဲ့လေ မောနေမယ်...အဆောဘာသာ စီးကြည့်မယ် "

" စိတ်မချပါဘူး ဗျာ... ဟိုတစ်ခါ ice rink မှာလို လွှတ်ပေးလိုက်မှ ပြုတ်ကျကုန်မယ် "

" ဟီးဟီး မောင်ကလဲ ခု မလဲအောင် သေချာထိန်းစီးပါ့မယ် မောင် မောနေမှာစိုးလို့ "

" မောင်က မမောဘူး ရတယ်... အဆော မထိခိုက်မိဖို့က အဓိက "

မျက်လုံးလေး တစ်ဖက် မှိတ်ပြပြီး ပြောလိုက်တဲ့ မောင့်ကိုကြည့်ပြီး ကိုယ့်ချစ်သူကို ပြန်ကြွေမိရတဲ့ အခိုက်အတန့်လေးပါ။

ဒီလိုတွေ အလိုလိုက် အကြိုက်ဆောင်ပြီး အရာရာ ကိုယ့်သဘောကိုသာ ရှေ့တန်းတင်ပြီး စိတ်တိုင်းကျအောင် လုပ်ပေးတတ်လွန်းလို့ပဲလားမသိ မောင့်ဘေးနားနေရရင် ကျွန်တော် အပူအပင်တွေကင်းမဲ့လို့ စိတ်လွတ်လက်လွတ် ပျော်နေမိရပါတယ်။

ဟုတ်တယ်... မောင့်ဘေးနား ရှိနေတုန်းခဏ ကျွန်တော်လဲ ပျော်ပျော်နေမယ်။ မောင့်ကိုလဲ ပျော်အောင်ထားမယ်။ ဘယ်လို စိတ်ညစ်စရာတွေကိုမှ ခေါင်းထဲ အဝင်မခံဘဲနဲ့လေ။

အချိန်အတန်ကြာအောင် လှည့်ပတ် စီးကြပြီးနောက် မောင် မောနေမှာစိုးတာကြောင့် နားကြဖို့ပြောတော့

" အဆောက နားချင်ပြီလား... မောင့်​ကြောင့်ဆိုရင် ရတယ်နော်..မောင်က သက်လုံကောင်းပြီးသား... မြစ်ကမ်းတစ်လျှောက် အဆောကို ပွေ့ချီပြီး ပြေးရမယ်ဆိုရင်တောင် မမောဘူး "

" ဒါဆို နောက်တစ်ခါ ပွေ့ချီပြီး ပြေးခိုင်းရမယ် "

" လာစမ်းပါ ခုတည်းက ပြေးချင်နေပြီ "

သူ့လက်မောင်းက ကြွက်သားတွေကို ညှစ်ပြနေပြီး တကယ်ကုန်းပိုးတော့မယ့် ဟန် လုပ်ပြတော့ Sunoo မျက်လုံးလေးတွေ မှိတ်ကျနေအောင် ရယ်လိုက်မိပြီး

" မောင်ဟာလေ... သိပ် ပိုတာပဲ သိလား ... ကဲ နားရအောင် မောင်ရေ... ဟိုဟာတွေက ဘယ်ရောက်ကုန်ပြီလဲ မသိဘူး "

" နေပါစေ အဲ့ကောင်တွေက ဒီရောက်ရင် အဲ့လိုပဲ... လျှောက်ပွေနေတာ ရှိမှာ... မောင်တို့ ဟို တိုင်လုံးကြီးတွေနား သွားထိုင်ရအောင် "

တံတားတိုင်လုံးကြီးတွေအောင်က အရိပ်လဲရကာ နေရာ ကျယ်တာကြောင့် မောင်နဲ့ အဆော တိုင်လုံးကြီးတွေရှိရာဆီ သွားလိုက်ကြပြီး ထိုင်မယ်လုပ်တော့ မောင်က သူ့ကို မထိုင်ခိုင်းသေးဘဲ အောက်က ဖုန်မှုံသဲမှုံတွေကို လေနဲ့ ကုန်းမှုတ်ပေးနေသေးသည်။

ပြီးမှ သူက အရင်ထိုင်ချကာ သူ့ပေါင်ပေါ် လက်နဲ့ ပုတ်ပြပြီး

" လာ မောင့်ပေါ်ထိုင် "

" ဟိုဟာတွေ မြင်သွားမယ်လေ မောင်ရယ်.. ခုနကလို ဖြစ်နေမှဖြင့် "

" အဲ့ကောင်တွေက သူတို့အာရုံနဲ့ သူတို့ပါကွာ... မမြင်ပါဘူး မောင်တို့ကို... လာ မောင့်ရင်ခွင်ထဲ ရဲရဲကြီး ပစ် ဝင်လိုက် "

လက်ကြီးနှစ်ဖက်ကားကာ သူ့ရင်ခွင်ထဲ ဝင်ထိုင်ဖို့ခေါ်နေတဲ့ မောင့်ကြောင့် Sunoo မငြင်းနေတော့ဘဲ ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီး မောင့်ပေါင်တွေပေါ် ဘေးတစ်စောင်းလေး ဝင်ထိုင်လိုက်တော့သည်။

ရောက်လာပါပြီ မောင့်လက်တွေက။ သူ့တစ်ကိုယ်လုံးကို ရစ်ပတ်သိုင်းဖက်လို့ လည်ပင်းကြား မျက်နှာကြီးပါ ဝင်တိုးလာတော့သည်။

" မောင်ရေ.. သိပ်မကဲနဲ့နော်... လူတွေမြင်မယ်..အပြင်ဖက်ကြီးမှာ "

သတိပေးစကားဆိုလိုက်တော့မှ လည်ပင်းကြားတိုးဝေ့ နမ်းရှိုက်နေရာကနေ မော့လာပြီး

" ဒါဆို လူမမြင်တဲ့ အထဲမှာဆိုရင်ရော... "

" ဘာလဲ "

" ခွင့်ပြုမှာလား.... မောင် ကျောင်းမှာကတည်းက မေးထားတာနော် "

"အဲ့ မောင်ဟာလေ... တွေ့လိုက်ရင် ကဲ မယ်ဆိုတာကြည့်ပဲ "

" ချစ်တာကိုးး ကွ... အလုပ်တွေကြောင့် ခဏတိုင်း မတွေ့နိုင်တော့ တွေ့ရတုန်းလေး မောင်က ယုယုယယ နေချင်တာ အပြစ်လား အချစ်ရ ပြောပါအုံး "

" ဟွန်း အပြောလေးက...မောင်ကလေ အားကြီး စကားတတ်တာ သိရဲ့လား "

"အဲ့တော့ မချစ်ဘူးလား "

" ချစ်နေရတာပါပဲ ဘာဖြစ်ဖြစ် "

"အဟားးး ဒါပဲလေ မောင်လိုချင်တာ ဒါပဲ.... အဆော ချစ်နေဖို့လေးပဲ လိုအပ်တာ "

" အဟင်း.. "

" အရမ်းချစ်တယ် မောင့်အသက်လေး "

တစ်ကိုယ်လုံးကို သိမ်းကြုံးဖျစ်ညှစ်လို့ အံကြိတ်သံကြီးနဲ့ အသည်းယားစွာ ဆိုလာတဲ့ မောင့်ကို ပြုံးပြုံးလေးနဲ့ မော့ကြည့်လိုက်ကာ

"ဟုတ် အဆောလဲ မောင့်ကို ချစ်တယ် "

ထိုအချိန်မှာပဲ နဖူးပေါ်ကျရောက်လာတဲ့ မောင့်အနမ်းနွေးနွေးလေး....

မျက်လုံးလေးကို မှိတ်လို့ မောင့်အနမ်းတွေကို ခံယူတဲ့အခါ မောင်က မျက်နှာတပြင်လုံးကို ညင်သာဖွဖွ အနမ်းတို့ပေးလေသည်။

" ဆံနွယ်ပျော့ပျော့လေးတွေ ဝဲကျနေတတ်တဲ့ အဆောရဲ့ နဖူးပြေပြေလေးကိုလဲ မောင်ချစ်တယ် "

" မျက်ခုံးသွယ်တန်းတန်းလေးတွေနဲ့ ဒီမျက်ခုံးလေးတွေကိုလဲ မောင် မြတ်နိုးတယ် "

" မျက်တောင်ရှည်ရှည်လေးတွေကို မွေးထုတ်ပေးတဲ့ ဒီမျက်ခွံအစ်အစ်လေးတွေရယ် မျက်ဆန်ညိုလေးတွေ တလက်လက်နဲ့ တောက်ပနေတဲ့ ဒီမျက်ဝန်းလေးတွေကိုလဲ မောင် သဘောကျတယ် "

" သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေတဲ့ ဒီပါးပြင်မို့မို့လေးတွေ ဒီနှာတံစင်းစင်းလေးတွေနဲ့ မောင့်ကို ချစ်တယ်ဆိုတဲ့ စကားလေးတွေ ဖွင့်ဟတတ်တဲ့ ဒီနှုတ်ခမ်းလေးတွေကို မောင်အတိုင်းအဆမဲ့ မက်မောတယ် "

မျက်လုံးလေး မှိတ်လို့ မျက်နှာလေး မော့ပေးထားတဲ့ သူ့ရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကို တစ်ခုချင်းစီ မောင့်လက်ချောင်းရှည်သွယ်သွယ်လေးတွေနဲ့ တို့ထိပြီး မောင့်နှုတ်ခမ်းထူပြည့်ပြည့်လေးတွေနဲ့ လိုက်လံ နမ်းနေရင်း ပါးစပ်ကနေလဲ ဒီအစိတ်အပိုင်းလေးတွေကို ဘယ်လောက်သဘောကျကြောင်းတွေ ပြောနေလေတဲ့ မောင်ရယ်ပါ....

" အဆောရဲ့ အစိတ်အပိုင်းလေးတွေက မျက်နှာမလွှဲချင်လောက်အောင်ကို မက်မောစရာ ကောင်းနေတယ် အချစ်ရယ်... မောင့်အချစ်ကို သူများတွေ ကြည့်မှာတောင် မောင် မနာလိုဘူး "

" အဟင်း မောင်ကလဲ... အဲ့ဒါ မောင်က ချစ်တဲ့ မျက်စိနဲ့ ကြည့်လို့ ချစ်ဖို့ကောင်းနေတာလေ... လူတိုင်းကတော့ အဆောကို အဲ့လို ထင်မလား မောင်ရဲ့ "

" မသိတော့ဘူးကွာ...ဖြစ်နိုင်ရင်လေ မောင်က အဆောကို ခေါ်ပြီး လူသူမရှိတဲ့ ဟိုးးအဝေးကြီးက ကျွန်းလို နေရာမျိုးမှာ သွားနေလိုက်ချင်တာ ... အဆောက လိုက်မယ်မလား မောင့်နောက်ကို.. ဟင် "

" အဟင်းးး မောင်ဟာလေ... "

နင့်နင့်သည်းသည်း အကြည့်တွေနဲ့ ငုံ့မိုးကြည့်နေပြီး ခံစားချက်တွေ တနင့်တပိုးနဲ့ ပြောနေတဲ့ မောင့် ပါးလေးတစ်ဖက်ကို သူ လက်ဖဝါးနဲ့ အုပ်ကိုင်လိုက်တော့ သူ့လက်ပေါ်ကနေ ပြန်အုပ်ကိုင်လာတဲ့ မောင့်လက်တွေထဲမှာ သူ့လက်ကလေးက လုံလုံခြုံခြုံ။

" ပြောလေ အဆော... မောင့်နောက်ကို လိုက်မယ်မလားလို့ "

Sunoo မောင့်ကို ကြည့်ရင်း ပင့်သက်လေးသာ ခိုးရှိုက်လိုက်မိပါသည်။

ဘယ်လို ဖြေရမလဲ မောင်ရယ်...

မောင်နဲ့ အဆောက နောင်အနာဂတ်ဆိုတာကြီးကို ပုံဖော်ကြည့်ခွင့်မရှိတဲ့ လူတွေလေ။

သူ ပြန်မဖြေတော့ မောင်က ခါးလေးကို ဖျစ်ညှစ်ပြီး ထပ်မေးလေသည်။

" ဟင် လို့ "

" အဟင်း... မဟုတ်တာတွေ မောင်ရယ်... လူမရှိတဲ့ ကျွန်း ဆိုမှတော့ အဆောတို့ ဘယ်လို နေထိုင်ပြီး အသက်ရှင်မလဲ "

" အဆောကလဲ စကားလေး အဖြစ်နဲ့တောင် မောင့်နောက်ကို လိုက်မယ်မပြောဘူး "

ချက်ချင်း မျက်နှာလေး ပြောင်းသွားတဲ့ မောင့်ကို စိတ်မကောင်းမဖြစ်စေလိုတာကြောင့် Sunoo မောင့်မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ညှပ်ယူလို့ ဆွဲချလိုက်ပြီး မောင့်နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်သည်။

နမ်းလိုက်တဲ့ ခဏမှာပဲ မောင့်နှုတ်ခမ်းလေးတွေ ကွေးညွတ်လို့ ပြုံးသွားတာကို ခံစားမိလိုက်ရတယ်။ သူ့ဘက်က စ နမ်းတယ်ဆိုတာ ခပ်ရှားရှားရယ်ဆိုတော့ မောင် သဘောကျသွားတာနေမယ်။

မောင့်လည်ပင်းလေးကို ခိုတွယ်လို့ ညင်ညင်သာသာ အနမ်းတွေပေးတော့ သူ့ဆံပင်တွေထဲကို လက်ချောင်းတို့ ထိုးသွင်းလို့ ထိန်းကိုင်လိုက်ကာ ပြင်းရှရှ အနမ်းတွေအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ မောင်...

နှုတ်ခမ်းတစ်စုံလုံး မောင့်ပါးစပ်ထဲပါသွားလေပြီလား မှတ်ရအောင်ထိ နက်နက်ရှိုင်းရှိုင်း နမ်းနေတဲ့ မောင်က လွမ်းရသမျှတွေအတွက် အတိုးချ နမ်းနေပြီ ထင်ပါ့။

အပေါ်နှုတ်ခမ်းလွှာလေးတွေကို တစ်လှည့် အောက်နှုတ်ခမ်းလွှာလေးတွေကို တလှည့် စိတ်လွတ်လက်လွတ် နမ်းရှိုက်နေရင်းမှ မောင့်လျှာဖျားလေးက နှုတ်ခမ်းလေးကို တို့ထိလာတော့ ကြက်သီးလေးများတောင် ထသွားရကာ မောင့်ရင်ဘတ်ကြီးကို တွန်းထုတ်ရလေတော့သည်။

" မောင့်! "

" ဘာဖြစ်တာလဲ အချစ်ရယ်... မောင် နမ်းလို့မဝသေးဘူးလေ "

မောဟိုက်သံကြီးနဲ့ စကားဆိုလာတဲ့ မောင်က နမ်းလို့မဝ​သေးဘူးတဲ့။ မောင်လဲ အသက်ရှူသံတွေ ပြင်းနေကာ သူ့ရင်ဘတ်ကလဲ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီလေ။

" လျှာကြီးနဲ့ "

မျက်စောင်းလေးထိုးကာ ပြောလိုက်တော့ မောင်က ခပ်ဟဟလေး ရယ်ပြလာပြီး

" မောင် သတိထားပါ့မယ် အချစ်ရယ်... ခုက စိတ်မထိန်းနိုင်လိုက်လို့ "

မောင့်လက်ချက်ကြောင့် သူ့နှုတ်ခမ်းက စိုစွတ်မှုတွေကို မောင်က လက်မလေးနဲ့ အသာအယာဖိသုတ်ပေးပြီး ထပ်နမ်းဖို့ ပြင်တော့

" တော်ပြီလေ မောင်ရာ... ကြာလှပြီ "

" ခဏလေးပါကွာ.. ဒီတစ်ခါပဲ မောင် ထပ်နမ်းပါ့မယ်"

မောင့်ခဏလေးက အနည်းဆုံးတော့ နာရီဝက်လောက်တောင် ရှိမလားဘဲ။ မောင့်အနမ်းတွေကို ကြည်ဖြူပေးလိုက်မိတော့ နှုတ်ခမ်းလေးတွေလဲ ကြိမ်းစပ်ပြီး ထူအမ်းအမ်းလေးတောင် ဖြစ်လို့။

ဒါတောင် နားရွက်ဖျားလေးတွေ လည်တိုင်လေးတွေကို ရန်ရှာတာ မပါသေးဘူး။

မောင်က အဲ့လိုပဲ။ အလိုလိုက် လိုက်မိရင် တဆုံးထိ။

သူစိတ်ကြိုက်နမ်းပြီးတော့မှ ကိုယ့်မှာလဲ အသက်ဝဝရှူရတဲ့ အဖြစ်ပါ။

မောင့်ပေါင်တွေပေါ် ထိုင်လို့ မောင့်ပုခုံးလေးပေါ် ခေါင်းမှီကာ မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေနုအေးလေးတွေကို ရှူရှိုက်ရင်း အမောဖြေနေမိတော့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်ပေးနေတဲ့ မောင်ရယ်ပါ။

ဒီအချိန် အခိုက်အတန့်လေးတွေဟာ တကယ်ကို အေးချမ်းပြီး နေပျော်ပါတယ်။

အဆောချစ်ရတဲ့ မောင်ရယ်...

အဆော မက်မောရတဲ့ မောင့်ရဲ့ ရင်ခွင်ကျယ်ကြီးရယ်...

မောင့်ဆီက ရနေတဲ့ လုံခြုံနွေးထွေးမှုတွေရယ်...

မြစ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေနုအေးလေးတွေနဲ့ အဆော သဘောကျ နှစ်သက်ရတဲ့ ငြိမ်းချမ်းတိတ်ဆိတ်မှုလေးရယ်...

တကယ်ပြောတာ ဒီအခိုက်အတန့်လေးတွေကို အဆော ဘာနဲ့မှ မလဲနိုင်ဘူး...

**************************************

Love you all my Vitamins 💙

San Htarni 💙

26.4.2023

# ဒီအခန်းအတွက်က ရေးချင်တဲ့ target က မပြီးသေးဘူး part 2 လာအုံးမယ်နော်
အပြီးထိ ရေးလိုက်ရင် စာလုံးရေတွေ တအားများသွားစိုးမို့ ခွဲတင်ပေးလိုက်တာ။

Comment