~ 24.2 ~

~ 24.2 ~

" ဟာ... အဆော!!.... ဒါ ဘယ်လိုတွေ  ဝတ်လာတာလဲ!!! "

မီးတွေ ထိန်ထိန်လင်းနေတဲ့ အိမ်ကြီးဆီကို လှည့်ကြည့်လှည့်ကြည့်နဲ့ ခြံတံခါးကို အသံမမြည်အောင် ဆွဲဖွင့်လို့  ထွက်လာတဲ့ အဆော။

အဆောကို မြင်မြင်လိုက်ချင်း သူ ဆံပင်တွေထဲကို လက်ချောင်းတို့ ထိုးထည့်ပြီး တအံ့တသြ အော်လိုက်မိသည်။

" ဘာလို့လဲ မောင်ရဲ့ "

" ကျစ်! မင်းကိုယ်မင်း ပြန်ငုံ့ကြည့်အုံး... night out ထွက်ပါတယ်ဆို ဒီလိုတွေ ဝတ်စားလာသင့်ရဲ့လား လို့ ''

" ဘာဖြစ်နေလို့လဲ မောင်ရဲ့.... အဆောနဲ့ မလိုက်လို့လား...အဆော မှန်ထဲ သေချာ ခြေဆုံးခေါင်းဆုံး ကြည့်ခဲ့ပါတယ်နော်... လှရဲ့သားနဲ့ "

" အေး..လှလွန်းနေလို့ ခက်နေတာ မောင့်အချစ်ရေ ...မောင် ရင်တွေ ပူတယ်ကွာ "

" ဘာလို့လဲ လို့ "

မောင့်ရဲ့ စကားကို နားမလည်တာကြောင့် Sunoo သူ့ကိုယ်သူ ရှေ့ပြန်နောက်ပြန် ပြန်ငုံ့ကြည့်လိုက်ကာ ...

" လိုက်နေသားနဲ့ အဲ့မောင်က "

ကိုယ့်ကို မျက်စောင်းလေးထိုးလာပြီး သူ့အင်္ကျီလေးသူ ရှေ့နောက်ဆွဲချနေတဲ့ အဆောကို ကြည့်ပြီး Sunghoon ခေါင်းကိုသာ ခါယမ်းလိုက်မိပါတော့သည်။

အဆော ဝတ်ထားတာလဲ ကြည့်အုံးလေ...

ပျော့အိကျနေကာ ချပ်ရပ်နေတဲ့ ခန္ဓာကိုယ်လေး
နဲ့ တသားတည်း ကျနေပြီး ခန္ဓာကိုယ်ရဲ့ အရှိကို အရှိတိုင်း ပေါ်နေအောင်ထိ ပါးလွှာတဲ့ အပျော့သား အင်္ကျီ အဖြူရောင်လေးရယ်...

အောက်မှာလဲ ပေါင်လယ်လောက်ထိတိုနေတဲ့ ဘောင်းဘီတိုအမဲလေးကို တွဲဖက်ဝတ်ဆင်ထားပြီး နားမှာလဲ လှုပ်လီလှုပ်လဲ့ နားဆွဲရှည်ရှည်လေးက ဆွဲထားသေး....

ငွေရောင်ဆံနွယ် ပျော့ပျော့လေးတွေကိုလဲ curly ပြေပြေလေး ပုံသွင်းလာသေးတာ။

ဘောင်းဘီတိုလေးအောက်က ဝင်းမွှတ်နေတဲ့ ခြေတံသွယ်သွယ်လေးဟာ ဘောင်းဘီအမဲရောင်လေးအောက်မှာ မျက်စိမလွှဲချင်စရာ ထင်းလင်းလို့။

ခေါင်းလေးကို ယမ်းလိုက်တိုင်း တလက်လက်နဲ့ လှုပ်ခတ်သွားတဲ့ နားဆွဲလေးဟာလဲ အဆောရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အလှတရားတွေကို ပိုတိုးလာအောင် ပံ့ပိုးပေးနေသလို။

ပိုဆိုးတာက မီးရောင်အောက်မှာ အတိုင်းသားမြင်နေရတဲ့ အင်္ကျီပါးပါးလေးရဲ့အောက်က ခါးသိမ်သိမ်လေး...

လေတိုးလိုက်တိုင်းမှာလဲ အင်္ကျီပျော့လေး ရင်ဘတ်တွေဆီ ကပ်ကပ်သွားတာကို ကြည့်ပြီး သူ့မှာ နှာခေါင်းသွေးလျှံလောက်တဲ့အထိ သွေးတွေ တိုးနေပြီ။

မဖြစ်...

ဘယ်လိုမှ မဖြစ်...

အဆောကို ဒီပုံစံနဲ့ အပြင်ခေါ်သွားလို့ ဘယ်လိုမှ မဖြစ်ပါ...

သူတောင် ကြည့်ပြီးရင်း ကြည့်နေချင်ပြီး မျက်နှာ မလွှဲချင်အောင် ဖြစ်နေရတာလေ...

ဒီအတိုင်း အပြင်ခေါ်သွားရင် သူ ဒီညတော့ ရန်တစ်ပွဲလောက် နွှဲခဲ့ရမှာ ကြိမ်းသေပဲ။


" အဲ့ အဝတ်အစားတွေ ပြန်လဲခဲ့ အချစ်ရာ... "

မျက်မှောင်ကြီး ကျုံ့ပြီး မျက်နှာကြီး တစ်ဖက်လှည့်လို့ ပြောလိုက်တဲ့ သူ့စကားကို အဆောတော့ ဘယ်လိုထင်မယ်မသိ။

သူကတော့ အဆောကို ဒီလိုပုံစံနဲ့ ဘယ်သူမှ မမြင်စေလိုတာကြောင့် အူတွေတိုပြီး လဲခိုင်းခြင်းဖြစ်သည်။

ဒါတောင် ဟို သုံးကောင်က လမ်းထိပ်မှာပဲ စောင့်ကျန်ခဲ့လို့။ မဟုတ်လို့ ဒီကောင်တွေပါ မြင်သွားရင် သူ့မှာ မနာလို ဝန်တို စိတ်ကြောင့် ရင်ဘတ်ကြီး ပေါက်ထွက်သွားမလားမသိ။

သူ့ကို အူကြောင်ကြောင်လေး ပြန်ကြည့်နေတဲ့ အဆောကို သူ ခြေဆုံးခေါင်းဆုံး လက်ညှိုးနဲ့ အထက်အောက် ထိုးပြလိုက်ပြီး

" ဒီလို ပုံစံနဲ့ အပြင်ထွက်လို့မဖြစ်ဘူးလေ အဆောရ... Night out ထွက်ပါတယ်ဆို အပြင်မှာ ငမူးတွေ အရူးတွေ များကများနဲ့ "

" ကိုယ့်လမ်းကို သွားတာပဲ မောင်ရယ်.... ဘာဖြစ်မှာ မို့လို့လဲ "

" မောင် မကြိုက်ဘူး ကွာ... ပြန်လဲ "

" မောင်ရေ... အိမ်လူတွေ မသိအောင် ခိုးထွက်လာတာနော်... ခုလို ပြန်လဲခိုင်းမှ ဖြစ်မှာလား "

" ဒါဆို အစတည်းက လုံလုံခြုံခြုံဝတ်ခဲ့လေ ကွာ... ခုဟာကြီးက "

" မောင့် ! အဆောကို အပြစ်တင်နေတာလား "

သူ့လေသံနည်းနည်းမာသွားတာကြောင့် မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေက နားမလည်နိုင်ဟန်နဲ့ ။

" ကျစ်! မောင် မနာလိုလို့ကွာ...အူတိုလို့ မောင့်အချစ်ကို လူတွေ ကြည့်မှာစိုးလို့... အပြစ်တင်နေတာ မဟုတ်ဘူး... မောင် သဝန်တိုနေတာ "

ထိုအခါမှ သဘောပေါက်သွားပြီး အဆောမျက်နှာလေးက ပြုံးသွားတော့သည်။ ပြီး မျက်ခုံးတန်းတွေ တွန့်ချိုးပြီး အလိုမကျဖြစ်နေတဲ့ သူ့မျက်နှာကြီးကို လက်ဝါးတွေနဲ့ ဆွဲညှပ်ယူသွားကာ  ဆွဲယမ်းပစ်လိုက်ပြီး

" မောင်ကလဲလေ... တိုစရာမဟုတ်တာကို တိုနေပြန်ပါပြီ "

" တိုစရာ မဟုတ်ရမလားကွ... မောင်က မင်းရဲ့ ဒီပုံစံကို ဘယ်သူမှ ကြည့်တာ မကြိုက်ဘူး "

" ကဲပါ မောင်ရယ်.. ဒါနဲ့ပဲ အိမ်ကလူတွေ နိုးသွားပြီး သိသွားလိမ့်မယ်.. နောက်ဆို မောင်မကြိုက်ရင် ဒီလို မဝတ်တော့ဘူးနော်... ဒီတစ်ခါတော့ ထားလိုက်တော့.. သွားရအောင် လာ "

ပေကပ်ရပ်နေတဲ့ သူ့ကို လက်မောင်းကြီးကနေ အတင်းဆွဲခေါ်ပြီး သွားဖို့ပြင်နေတဲ့ အဆောကို ပြန်ဆွဲထားလိုက်ကာ..

" နေအုံး... ဒီတိုင်းတော့ အသွားမခံနိုင်ဘူး ...လာ ဒီပြန်လာခဲ့ "

ပြောပြောဆိုဆို Sunghoon သူဝတ်လာတဲ့ Hoodie အပွကြီးကို ခေါင်းကနေဆွဲမချွတ်ချလိုက်ကာ အဆော ခေါင်းကနေ ဝတ်ပေးလိုက်တော့သည်။

" ဟာ မောင့်... ဘာလုပ်တာလဲ "

" အင်္ကျီဝတ်ပေးတာလေ "

" ဘာလို့ ဝတ်တာလဲ... မဝတ်ချင်ပါဘူး..မောင့်အင်္ကျီ အကြီးကြီးကို "

" ဒီည အပြင်သွားချင်တယ်ဆိုရင် ဒါကို ဝတ်ခဲ့မှ ရမယ်... မဝတ်ချင်ရင် အပြင် လိုက်မပို့ဘူး "

" မောင့်!!!"

" ဒါ မောင် စကားအကုန် ပြောတာပဲ... အဆော ကြိုက်တာရွေး... အိမ်ထဲ ပြန်ဝင်မလား... အပြင်သွားမလား "

" ဟင့် သူ လိုက်ပို့ရတယ်ဆိုပြီး လူကို အနိုင်ကျင့်နေတာ... နောက်တစ်ခါ ဘယ်မှ လိုက်မပို့ခိုင်းဘူး...စိတ်ချ... မောင် လွမ်းလှပါပြီ လုပ်ရဲ လုပ်ကြည့်.. လာလဲ မတွေ့ဘူး "

သူ့အင်္ကျီ အကြီးကြီးထဲကို ဆောင့်အောင့်ပြီး လက်တွေထိုးထည့်ကာ ပွစိပွစိပြောပြီး ရှေ့ကနေ ဘောက်ဆတ်ဆတ်နဲ့ ထွက်သွားတဲ့ သူ့အသည်းအသက်လေးကို ကြည့်ကာ Sunghoon အားရပါးရ ပြုံးလိုက်မိတော့သည်။

ချစ်လိုက်ရတာ မောင့်အချစ်ရယ်...

အင်္ကျီကြီးက သူနဲ့တောင် over size ဖြစ်နေတာဆိုတော့ အဆော ခန္ဓာကိုယ်လေးပေါ်မှာ ပြောဖွယ်ရာမရှိတော့။

ကိုယ်ထည်ကြီးကလဲ ပွယောင်းနေကာ အရှည်ကလဲ ပေါင်လယ်ကိုကျော်လို့ ဘောင်းဘီအမဲလေးကိုတောင် ဖုံးနေသေး။

လုံးတုံးလုံးတုံးနဲ့ ရှေ့က သွားနေတဲ့ အဆောကို မှီအောင် သူနောက်ကနေ ပြေးသွားလိုက်ပြီး အင်္ကျီကပါတဲ့  ခေါင်းစွပ်လေးကိုပါ ခေါင်းမှာ စွပ်ပေးလိုက်တော့ ရလိုက်တာက မျက်စောင်းကြီးပေါ့။

" မောင့် ဖက်ထုတ်လုံးလေး... ခုလိုလေးမှ ပိုပြီး ချစ်စရာကောင်းသွားတာ "

ဒါလေးကိုပဲ သူ့မှာ အူတယားယားနဲ့ ဆွဲဖက်လိုက်တော့ သူ့လက်တွေကို ဖယ်ချပြီး ဘေးကိုရှောင်ထွက်သွားကာ

" လာမဖက်နဲ့ သွား "

" ဖက်ပါရစေ အချစ်ရယ် "

" မထိနဲ့ "

သူ့လက်တွေကို အတင်း တွန်းထုတ်ပြီး အဖက်မခံရဖို့ ရှောင်နေပါတဲ့ အဆော...

" မောင် လူမြင်မခံနိုင်လို့ပါ အချစ်ရယ်... စိတ်မကောက်ပါနဲ့ နော် "

" မသိဘူး "

" မောင့်အချစ်ကို လူတွေ ဝိုင်းကြည့်ရင် မောင်နဲ့ ရန်ဖြစ်ရမှာဗျ သိရဲ့လား "

" မသိဘူး "

" ဟော... ဒါဆို မောင့်ကို ရန်ဖြစ်စေချင်တာလား ဟုတ်လား "

" သူကျ sleeveless ကြီး ဝတ်ထားပြီးတော့.. သူ့လက်မောင်းကြီးကို ကြွားချင်တိုင်း... သူများဝတ်တာကျတော့ မကြိုက်ဘူးလေး ဘာလေးနဲ့ ဟွန့်  "

သူ့လက်မောင်းကို ဖြောင်းခနဲ တစ်ချက်လာရိုက်ပြီး နှာမှုတ်နေတဲ့ အဆောကို သူ့ လက်မောင်းကြွက်သားတွေကို ညှစ်ပြလိုက်ပြီး

" ဘာမှ မဖြစ်ဘူး မောင်က ယောကျာ်း "

" ဟော်... ဒါဆို အဆောကရော ယောကျ်ားလေးမဟုတ်လို့ ဘာလဲ ကဲ "

" အဆောက မောင့်အသက်... မောင့်အသည်းနှလုံး ... "

" အဲ့..."

သူ တစ်ခုခုပြောလိုက်ရင် ပြန်ရန်တွေ့မယ်ဆိုပြီး ပြင်ထားပုံရတဲ့ အဆောက သူ့စကားကြောင့် ပြောစရာစကား ပျောက်သွားပုံရပါသည်။

အဲ့ ဆိုပြီး မျက်လုံးပြူးလေးနဲ့ အသံထွက်မလာတော့။

ပြီးမှ မျက်နှာလေး ပြုံးသွားကာ တစ်ဖက်လှည့်ပြီး သူမမြင်အောင် ရယ်နေလေသည်။

ဒါကိုပဲ သူ အမိအရ လိုက်ကြည့်ပြီး အပြုံးသူခိုးလေးကို မိအောင်ဖမ်းကာ

" ဟော..မောင့် နှလုံးသားလေး ပြုံးသွားပြီ... အဲ့အပြုံးလေးတွေ မောင့်ကို ပြပါအုံးကွာ ချစ်ဖို့ကောင်းလို့ "

" သွား! အဲ့ မောင် ပိုကို ပိုလွန်းတယ် ''

လူတွေမြင်မှာစိုးလို့ အမှောင်ခိုပြီးသွားနေတာကြောင့် မီးအလင်းရောင် မကျတစ်ချက်
ကျတစ်ချက်နဲ့ အဆော မျက်နှာလေးဟာ အလင်းနဲ့ အမှောင်ကြား သိပ်ကို ဆွဲဆောင်မှု ရှိလွန်းနေပြီး မှောက်မှားချင်စရာလေးပါ။

ဒီအလှတရားလေးကို လူမြင်ကွင်းမှာ မပြခင် သူ အမှတ်တံဆိပ်လေးတွေပေးဖို့တော့ လိုနေပြီလေ။ဒါနဲ့ပဲ သူ အဆော လက်ကောက်ဝတ်လေးကနေ ဆွဲခေါ်လိုက်ကာ လုံးဝ အမှောင်ကျနေတဲ့နေရာဆီ  ပြေးသွားလိုက်သည်။

ရုတ်တရက် သူ့အပြုအမူကို နားမလည်တဲ့ အဆောက

" မောင့် ဘာဖြစ်လို့လဲ "

" နမ်းချင်လာလို့ "

" အာ... အွန်းးး အွန့် "

ခါးသိမ်သိမ်လေးကို ဆွဲပွေ့လိုက်ကာ တစ်ဖက်က ခေါင်းလေးနောက်က ထိန်းကိုင်လိုက်ပြီး အဆောနှုတ်ခမ်းလေးတွေကို သူ ခပ်ကြမ်းကြမ်းလေး သိမ်းပိုက်ပစ်လိုက်တော့သည်။

အဲ့ဒီ့လောက် ချစ်စရာကောင်းမပြနဲ့ အချစ်ရယ်...

မောင့်သမာဓိက အဲ့လောက် မခိုင်ဘူးကွယ့်....

" အ့ မောင် ဖြည်းဖြည်း "

" အွန်းးး "

ပြွတ်!!!

သံရှည်ဆွဲပြီး ခပ်ကြမ်းကြမ်းလေး နမ်းနေတဲ့မောင့်ကို နှုတ်ခမ်းတွေ တခဏလွတ်လပ်သွားချိန်မှာ ဖြည်းဖြည်းနမ်းဖို့ သတိပေးရသည်။

မောင့်လက်တွေက သူ့တစ်ကိုယ်လုံးကို ပွေ့ပိုက်ပွတ်သပ်နေတာများ မြွေတစ်ကောင် ရစ်ပတ်နေသလို။

" မောင် အားမရလိုက်တာ အချစ်ရယ်..."

ဒီလောက် သူ့နှုတ်ခမ်းတွေကို စိတ်ကြိုက်  စုပ်ယူနမ်းရှိုက်နေပြီး နားတွေ လည်တိုင်တွေပါ မကျန် အမှတ်အသားတွေ ပေးနေပြီးတော့များ နမ်းရတာ အားမရဘူးတဲ့လား...

ကြာရင် သူ့တစ်ကိုယ်လုံး မောင့် ခံတွင်းထဲ ရောက်သွားမှာတောင် စိုးရတဲ့အထိ။

" ချစ်လိုက်တာ ကွာ..."

" အဆောလဲ မောင့်ကို ချစ်တယ် "

"အွန်းးးး"

" အ့ မောင်... ယားတယ် "

လည်တိုင်လေးကို ဖွဖွစုပ်ယူပြီး သွားလေးနဲ့ ကိုက်လိုက်တော့ သူ့လက်တွေထဲက အဆော ခန္ဓာကိုယ်လေး တွန့်သွားကာ သူ့မျက်နှာကြီးကို လက်လေးနဲ့ တွန်းဖယ်လာပြီး

" မောင့် ဘယ်လိုတွေ နမ်းနေတာလဲ...ယားတယ်လေကွာ "

" အဟင်းး မောင် အသည်းယားလို့ "

ပြောပြီးတာနဲ့ အဆောရဲ့ လက်ချောင်းလေးတွေကိုပါ ပါးစပ်ထဲဆွဲငုံပစ်လိုက်ပြီး ကိုက်ထားလိုက်တော့

" အ့ မောင့် လုပ်ပြန်ပြီ "

" အဟင်းးး "

လက်ချောင်းလေးတွေကို လွှတ်ပေးလိုက်ပြီး အဆောရဲ့ ပါးဖောင်းဖောင်းလေးတွေထဲ သူ့နှာခေါင်းချွန်ချွန်တွေ နစ်ဝင်သွားအောင် ဖိနမ်းပစ်လိုက်သည်။

ပြီးမှ နှုတ်ခမ်းဖူးလေးဆီ ထပ်မံခိုနားလိုက်ပြီး ချိုမြိန်တဲ့ အနမ်းတစ်ခုကို နှစ်ဦးသဘောတူ ဖန်တီးလိုက်ကြတော့သည်။

အမှောင်ရိပ်မှာ သူတို့နှစ်ဦးဆီက ထွက်ကျလာတဲ့ အနမ်းသံစဉ်လေးတွေဟာလဲ စည်းချက်ညီညီ ထွက်ပေါ်လို့ ရင်ခုန်ဖွယ်ရာ အခိုက်အတန့်လေးတွေကို ဖော်ကြူးပေးနေတော့သည်။

ထိုအခိုက်မှာပဲ

" ဒီကောင်တွေ ဘာလို့ ကြာနေတာလဲ မသိဘူး.... တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား "

" ငါလဲ မသိတော့ဘူးကွာ... အစတည်းက ငါတို့ပါ လိုက်ပါမယ်ဆို... လူများရင် ရိပ်မိသွားလိမ့်မယ် နေခဲ့ လုပ်နေပြီး "

" ကျွန်တော် ဖုန်းခေါ်ကြည့်လိုက်ရမလား "

" အာ... ဖုန်းမခေါ်နဲ့ လေ... မသိအောင် လုပ်ပါတယ်ဆို "

လူသံကြားလို့ နမ်းနေတာကို ရပ်တန့်လိုက်ပြီး နားစွင့်ကြည့်လိိုက်တော့ သူတို့ပေါ်မလာလို့ စိတ်ပူပြီး လိုက်လာကြတဲ့ Jake ရယ် Niki ရယ် Jungwon ရယ်...

သူတို့ နားက အဖြတ်မှာ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး မရယ်မိအောင် ပါးစပ်တွေကို လက်နဲ့ အုပ်ထားလိုက်ရသည်။

စိတ်ပူနေတဲ့ သုံးယောက်က သူတို့ကြာနေရတဲ့ အကြောင်းအရင်းကိုသာ သိသွားရင် တစ်ညလုံး ဆဲလို့ပြီးမှာ မဟုတ်တော့။

အဲ့ဒီ့ညက ချစ်သူ့ဘဝ အမှတ်တရလှလှလေးတွေကို နှစ်ယောက်အတူ ဖန်တီးဖြစ်ခဲ့ကြပါသည်။

ညဘက်  အပြင်မှာ လျှောက်မလည်ဖူးလို့ လိုက်ပို့ပေးပါ ဆိုတဲ့ အဆောရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးရင်း သူတို့တစ်တွေ ရုပ်ရှင်အတူကြည့်ခဲ့ကြတယ်...

ညစျေးတန်းမှာ ခြေတိုအောင်လျှောက်လို့ အဆောကြိုက်တဲ့ မုန့်လေးတွေလဲ စားခဲ့ကြတယ်...

အရုပ်သေးသေးပိစိလေးတွေကို သဘောကျတတ်တဲ့ အဆောအတွက် handmade အရုပ်လှလှလေးတွေကို ဝယ်ပြီးလဲ လက်ဆောင်ပေးခဲ့တယ်...

စုံတွဲ လက်စွပ်လေးတွေ ရောင်းတဲ့နေရာရောက်တော့ သေးသေးမျှင်မျှင် ငွေရောင်လက်စွပ်လှလှလေးကို ဝယ်ပြီး တစ်ယောက်နဲ့တစ်ယောက် လဲလှယ် စွပ်ပေးခဲ့ကြတယ်...

လက်စွပ်လေးတွေ တစ်ယောက်တစ်လှည့် စွပ်ပေးနေတဲ့ အချိန်မှာ ဘေးက Niki နဲ့ Jake က မင်္ဂလာဆောင်မှာ ဖာသာတွေ ပြောတဲ့အတိုင်း

" တစ်ယောက်နဲ့တစ်ယောက် ရိုးမြေကျ သစ္စာရှိရှိ ပေါင်းဖက်ပါ့မယ်လို့ ကတိပြုပါသလား " လို့

အော်ပြီး စနောက်တော့ အဆောခမျာ မျက်နှာလေးမဖော်ရဲအောင်ကို ရှက်နေလိုက်တာများ ကိုက်စားပစ်ချင်စရာ  စတော်ဘယ်ရီသီးလေးလို့ မျက်နှာလေးဟာ ရဲတွတ်လို့။

ညလဲ အတော်နက်ပြီမို့ အိပ်ပြန်ချိန်ရောက်တဲ့အခါ ဒီတစ်ညအတွက် အမှတ်တရအနေနဲ့ အဆောကြိုက်တဲ့ နှင်းဆီဖြူ ပန်းအိုးလေးကို လက်ဆောင်ပေးလိုက်တော့ ကြယ်ရောင်လို တောက်ပနေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ တအံ့တသြ မော့ကြည့်လို့ ပါးစပ်လေးကို လက်နဲ့ အုပ်ကာ အံသြ ဝမ်းသာနေတဲ့ အဆော...

" အဆော နှင်းဆီဖြူ ကြိုက်တာ မောင် ဘယ်လို သိတာလဲ ''

" မောင့်အဆော အကြောင်း မောင်မသိတာ ဘာမှ မရှိဘူး "

ဒီစကားလေးကြောင့် လူအလစ်မှာ ဖျတ်ခနဲ ခြွေချသွားတဲ့ အဆောရဲ့ အနမ်းလေးတစ်ပွင့်ဟာ သူ့မျက်နှာပေါ်မှာ big smile ကြီး တစ်ခုကို ပေါ်ပေါက်လာစေခဲ့တယ်လေ...

ဒီရက်ပိုင်းတွေ အတွင်းမှာ သူတို့နှစ်ယောက် သာသာယာယာပါပဲ...

ပျော်စရာတွေကို နှစ်ယောက်အတူ ဖန်တီးကြတယ်...

တွေ့ရတဲ့ ရက်တွေတိုင်းမှာ အမှတ်တရ လှလှလေးတွေကို  ပုံဖော်ကြတယ်...

ပျော်စရာတွေနဲ့သာ အတိပြီးခဲ့တဲ့ ချစ်သူ့နေ့ရက်လေးတွေပါပဲ....

အဆောက ပြောတယ်

" ချစ်တဲ့သူနဲ့ နှစ်ယောက်အတူ ဖြတ်သန်းရတဲ့ နေ့ရက်တွေက ဒီလို ကြည်နူးစရာ ကောင်းလိမ့်မယ်လို့ မသိခဲ့ဘူး " တဲ့

အဆောမျက်နှာပေါ်က အပြုံးလေးတွေ ထာဝရတည်တန့်နေစေဖို့ မောင် အစွမ်းရှိသ၍ ဖန်တီးပေးပါ့မယ် အချစ်ရယ်...

မောင့်လက်ကိုသာ မြဲမြဲ ကိုင်ထားစေချင်တယ်...

.
.
.

Jay အလုပ်ကိစ္စတွေ မပြီးပြတ်တာကြောင့် ကိုရီးယားကို မပြန်နိုင်သေး။

ရှန်ဟိုင်းကနေ ယခုဆို Tokyo ကိုပါ ကိုယ်တိုင် လာရောက်ပြီး ဖြေရှင်းစရာရှိတာတွေ ဖြေရှင်းနေရသည်။

ဘယ်က ဘယ်လို စ ဖြစ်သွားမှန်းမသိတဲ့ အလုပ်သမားအုံကြွမှုတွေပါ လာဖြစ်နေတော့ မှန်းထားတဲ့ ရက်တွေထက် ပိုကြာကြာနေ နေရသည်။

ရောက်ကတည်းက နေ့ရောညရော စုံစမ်းစရာရှိတာတွေ စုံစမ်း၊ ဖြေရှင်းစရာရှိတာတွေ ဖြေရှင်းနဲ့ သူ့မှာ အေးအေးဆေးဆေး မနားနိုင်။

ဆက်တိုက်ဖြေရှင်းလို့ အပြီးမှာ အားလုံး အေးဆေးဖြစ်သွားမှ သူ ပိုင်ဆိုင်တဲ့ Hotel ကြီးရဲ့ အပေါ်ဆုံးထပ်က သူ့အခန်းမှာ ဝိုင်သောက်ရင်း အပန်းဖြေနေရသည်။


လူက ပြည်ပမှာရောက်နေပေမယ့် သူ့စိတ်တွေကတော့ ဘေဘီ့ဆီမှာ။

ခုတစ်ခေါက် Oversea ထွက်ရတာဟာ သူ့စိတ်တွေ နောက်ဆံအတင်းရဆုံးပဲ။

ဘေဘီ့ကိုလဲ သူ့မမြင်ကွယ်ရာမှာ စိတ်မချနိုင် ဖြစ်နေရသည်။

ဒါ စောက်အဓိပ္ပါယ်မရှိ  စိန်ခေါ်စကားတွေ ပြောခဲ့တဲ့ ဟိုကောင့်ကြောင့်။

ရရင်ရသလို ဘေဘီ့နား နည်းမျိုးစုံနဲ့ ကပ်နေတာကို သူ သိသည်။

မိသားစုရယ် သူ့အရိပ်အောက်မှာရယ်ကလွဲပြီး ဘေးလူတွေနဲ့ ပတ်သက်ဖူးခြင်း မရှိတဲ့ ဘေဘီ့ကို ဟိုကောင့်ရဲ့ မာယာတွေအောက် ကျရှုံးသွားမှာလဲ သူ စိုးရိမ်ပါသည်။

ဘေဘီဟာ အရွယ်မရောက်ခင်ကတည်းက  သူ့စောင့်ကြည့် ထိန်းချုပ်မှုအောက်မှာပဲ နေခဲ့ရတဲ့ တကယ့် အဖြူထည်လေး လေ။

ဘယ်လို အရောင်တွေမှ စွန်းထင်းခံလို့ မဖြစ်ပါဘူး။

ဘေဘီဟာ အမြဲတမ်း သူ့အရိပ်အောက်မှာ အဖြူထည်လေးအတိုင်းပဲ ရှိနေရမယ်။

ဝိုင်လေးကို တဖြည်းဖြည်း အရသာခံသောက်ရင်း ဘေဘီ့ဆီကို ပြန့်လွင့်နေတဲ့ သူ့စိတ်တွေကို စိတ်ကြိုက်ရွက်လွှင့်စေပြီး အနားယူနေတဲ့ Jay...

ဒီတစ်ခေါက် သူ အိမ်ပြန်ရောက်ရင်တော့ မတရားဘူးဘဲ ဆိုဆို တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ဘေဘီ့ကို အခုလို စိတ်ကြိုက်လွှတ်ပေးမထားနိုင်တော့။

အရင်လို အနားမှာ အစောင့်တွေ ပြန်ထားကာ သေသေချာချာ စောင့်ကြည့်ခိုင်းရတော့မည်။

ဖြစ်နိုင်ရင်တော့ ဘေဘီ့ကို သူ့အမြန်ဆုံး တရားဝင်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရမည်။

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးမလား...

ဘယ်လိုပဲ ပြိုင်ပြိုင်... ပြိုင်ပွဲတစ်ခုမှာ အနိုင်ရတဲ့လူကိုပဲ လူတွေက တသသနဲ့ သတိရနေကြတာ...

ဘယ်အရှုံးသမားက ရာဇဝင်မှာ သူရဲကောင်း ဖြစ်ခဲ့လို့လဲ...

အတွေးပေါင်းစုံနဲ့ ဘေဘီ့ကို အပိုင်သိမ်းဖို့အရေး plan ချနေခိုက် သူ့ဖုန်းဆီကို ဝင်လာတဲ့ စာတစ်စောင်...

အတွင်းရေးမှူး Lee ဆီက ပို့လိုက်တာမို့ အလုပ်ကိစ္စဖြစ်မယ်ထင်ကာ ခပ်မြန်မြန်လေး ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ ပုံတွေက ဝိုင်ခွက်ကို ကိုင်ထားတဲ့ သူ့လက်တွေကို ပို၍ တင်းကြပ်သွားစေခဲ့သည်။

ပြီးတော့ ပုံတွေနဲ့အတူ ရေးပို့လာတဲ့ စာလေးတစ်ကြောင်းက

* ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ CEO အမြန်ဆုံး ပြန်လာခဲ့မှ ဖြစ်ပါမယ် * တဲ့

တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ကာ လက်ထဲက ဝိုင်ခွက်ကို နံရံဆီ ပစ်ပေါက်လိုက်ပြီး

ခွမ်း!!!!

" ဒါ လုံးဝကို မဖြစ်သင့်တဲ့ အရာကြီးလေကွာ !!! "

ဝုန်း!!!

ရှေ့မှာရှိနေတဲ့ ဝိုင်ပုလင်းတင်ထားရာ စားပွဲခုံကြီးကိုပါ ဆွဲလှန်ချပစ်လိုက်တဲ့ Jay...

" အားးး!!! ဘာတွေလဲကွာ... ငါ မြင်လိုက်ရတာ ဘာတွေလဲ !!!!"

ဒုန်း!!!

ခွမ်း!!!

ဝုန်း!!!!

ဆံပင်တွေထဲ လက်ချောင်းတို့ ထိုးသွင်းလို့ ကိုယ့်ဆံပင်တွေကို ဆွဲဆုပ်ကာ အော်ဟစ် ပေါက်ကွဲနေတဲ့ Jay...

Bathrobe ကြီး တကားကားနဲ့ အခန်းထဲရှိသမျှ ပေါက်ခွဲဖျက်ဆီးပစ်နေပြီး

မျက်နှာတစ်ခုလုံးလဲ ပေါက်ထွက်မတက် နီရဲခက်ထန်နေကာ အံကြိတ်ထားမှုဟာ မေးကြောကြီးတွေ ထောင်ထလို့။

တစ်ခန်းလုံး ရစရာမရှိအောင် မွစာကြဲနေတဲ့အထိ ဖျက်ဆီးလို့အပြီးမှာ နံရံပေါ်မှာ စီတန်းချိတ်ဆွဲထားတဲ့ ဝိုင်ပုလင်းတွေထဲက တစ်ပုလင်းကို ဆွဲယူပြီး ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချကာ ဝိုင်တွေကို မနားတမ်း မော့သောက်ပစ်လိုက်သည်။

ခွမ်း!!!

ပုလင်းထဲမှာ ဝိုင်တစ်စက်မှ မကျန်တော့မှ ပုလင်းခွံကို ရိုက်ခွဲချလိုက်ပြီး ဖုန်းထဲက ပုံတွေကို တဖန်ပြန်ကြည့်လိုက်သည်။

" အဟင်းးးး ငါကတော့ ငါ့ဘေဘီလေး   ဖြူစင်လှပါတယ် ရိုးသားလှပါတယ်လို့ ထင်နေတာ... မင်းကတော့  ငါမဟုတ်တဲ့ တခြားကောင်ရဲ့      ရင်ခွင်ထဲမှာတောင် ပျော်မြူးတတ်နေပါ့ပဲ....

ဟား ဟား ဟား ဟား

ဟာသပဲကွာ...

ငါ ထင်မထားတဲ့ ဟာသအကြီးကြီးကို လုပ်ပြသွားတာပဲ ဘေဘီ....

မင်း လုပ်သွားတဲ့ အကွက်လေးတွေ သိပ် လှ တယ်...

ဒါကြောင့် ဒီတစ်ခေါက် ငါ လိမ်လိမ်မာမာ နေဖို့ ပြောတော့ မင်း မလှုပ်တာကိုးး

ရတယ်လေ...

မင်းလဲ မင်းနည်းမင်းဟန်နဲ့ ငါ့လက်က ရုန်းထွက်ပေါ့...

ငါလဲ ငါ့နည်း ငါ့ဟန်နဲ့ လွတ်ထွက်မသွားအောင် ချည်ထားမယ်...

မင်းပဲ ရုန်းနိုင်မလား...

ငါပဲ ချည်နိုင်မလား... "

အတွင်းရေးမှူး Lee ပို့လာတဲ့ ပုံတွေထဲမှာတော့ ပြုံးပျော်ရယ်မြူးနေတဲ့ ဘေဘီနဲ့ ဟိုကောင် Park Sunghoon...

ပို့လာတဲ့ ပုံတွေတိုင်းမှာတော့ ဘေဘီက Park Sunghoonရဲ့ ရင်ခွင်ထဲမှာ...

နောက်တစ်ခုက media တစ်ခုကနေ  ရိပ်ဖမ်းသံဖမ်း ရေးထားတဲ့ သတင်းတစ်ပုဒ်။

တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ငန်းစုပိုင် Top Ten ဝင် CEO ကြီးရဲ့ ပိုင်ဆိုင်ရာလေးနဲ့ လုပ်ငန်းစုပိုင် Player တို့ရဲ့ သို့လော သို့လော ပုံရိပ်အချို့ တဲ့

မျက်နှာတွေကို ဝါးထားပေမယ့် ရင်းနီးသူတွေတိုင်း ဘယ်သူတွေဆိုတာ သိသာစေတဲ့ ဓာတ်ပုံတွေနဲ့ သတင်းလုပ်ပြီး ရေးထားတာတွေ မနည်းမနော...

CEO ကြီးက Player ကို support ပေးရုံတင်မကဘူး ပိုင်ဆိုင်ရာလေးကိုပါ ထုတ်ပေးတော့မှာလား ဆိုတာတွေက ပါလိုက်သေး...

ဒီနယ်ပယ်မှာ Come out လုပ်ထားပြီး လက်ထပ်မယ့်လူကိုပါ ပွဲထုတ်ပြထားတာ ဘယ်နှစ်ယောက် ရှိလို့လဲ...

ဒီသတင်းကို မြင်တဲ့ စီးပွားရေးသမားတိုင်း ဒီ လုပ်ငန်းစုဆိုတာ ဟာ Park Group မှန်း တန်းသိကြမယ့်အဖြစ်ကြီးလေ။

Media တော်တော်များများက သူ့လက်အောက်မှာ ရှိပြီးသား သူ့လက်ခုပ်ထဲကလူတွေမို့ သူနဲ့ ပတ်သက်ပြီး ဘယ်လို မဟုတ်မဟတ် သတင်းမျိုးကိုမှ မရေးရဲကြ။

ဒီ သတင်းကို တင်ထားတဲ့ media ကတော့ တစ်ခါမှ မကြားဖူးတဲ့ နာမည်မရှိတဲ့ media က။

အောက်မှာ မှတ်ချက်တွေ ဝင်ရေးကြတဲ့ လူတွေကို ကြည့်တော့လဲ fake acc နဲ့ ဝင်ရေးကြတဲ့ လူတွေသာ...

တမင် နာမည်ပျက်စေချင်လို့ ပွဲလှန့်တဲ့သဘော...

ဒီလောက်လေးနဲ့ သူက မှုမှာတဲ့လား...

သူ့ကို တိုက်ခိုက်ချင်ရင် ပွဲအကြီးကြီးရှာ... လုပ်ကွက်ကြီးကြီး ချခင်းပေါ့။

ခုတော့ ကလေးကလား အကွက်တွေနဲ့။

ဒီကိစ္စလောက်ကတော့ သူကိုယ်တိုင်တောင် မျက်လုံးထဲ ထည့်ကြည့်နေစရာ မလို။

ခုလောက်ဆို အတွင်းရေးမှူး Lee လက်ထဲမှာ ဒီ media သမားတွေ အမှုန့်ဖြစ်နေလောက်ပြီ။

ဦးနှောက်ကို အေးအေးထားပြီး သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ရေးရေးမျှ ပေါ်လာချေပြီ။

ပြည်ပမှာ စီးပွားရေးလုပ်ငန်းခွင်တွေကို လိုက်ထိတယ်။

ပြည်တွင်းမှာ လူမှုရေးကိစ္စတွေကို ထိပါးတယ်။

ဒါတွေဟာ လူ တစ်ဦး တစ်ယောက်ထဲက လှုပ်ရှားနေတာပဲလို့ ကြိမ်းသေ တွက်ချက်မိတဲ့အခါ...

ဖုန်းနံပါတ် အချို့ကို ချက်ချင်း နှိပ်လိုက်ပြီး

" ခုချက်ချင်း ကိုရီးယားကို ပြန်တော့ Leo... တရားခံက ကိုရီးယားမှာ ရောက်နေပြီ... ဒီတစ်ခါ အမြစ်ပါ မကျန်စေနဲ့ ... ငါ သိပ် စိတ်မရှည်တော့ဘူး "

Leo ဆီကို ဖုန်းဆက်ပြီးတာနဲ့ Tokyo က သူ့ရဲ့ မန်နေဂျာဆီ ထပ်မံဖုန်းခေါ်လိုက်ပြီး

"  ငါ့အတွက် Flight စီစဉ်ထားလိုက်တော့...  မနက်ရောက်တာနဲ့ ငါ တန်းပြန်မယ် "

.
.
.

" သား... အဲ့ဒါ ဘယ်ကို သွားအုံးမလို့လဲ  "

ကျောင်းပိတ်ရက်ဖြစ်တာရော မောင်လဲ အလုပ်နားတာရောကြောင့်  မောင့် ကော်ဖီဆိုင်လေးမှာ နှစ်ယောက်အတူ date ကြမလို့။

အိမ်အပေါက်ဝအရောက် ခြံထဲက ပန်းခူးပြီး ဝင်လာတဲ့ မေမေနဲ့ တည့်တည့်တိုးတော့ မေမေက စူးစမ်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး မေးလာလေတော့သည်။

" သား သွားစရာလေးရှိလို့ပါ မေမေ "

" သား ခုတလော အပြင်တွေ တအားထွက်နေတာ Jay ပြန်သိရင် မလွယ်ဘူးနော် "

" သား မေ့ထားတဲ့ ကိစ္စကြီးကို ခဏတိုင်း အစဖော်မပေးပါနဲ့လား မေမေရယ်... သားကို ခဏတဖြုတ်လေးလောက်တောင် ပျော်သလို မနေစေချင်ဘူးလား "

" မေမေ့ သဘောဆို ငါ့သားလေး ဘာလုပ်နေနေလေ... မေမေက ဘာမှ တားဆီး ပိတ်ပင်မှာ မဟုတ်ဘူး .. ခုက သားက ညဘက်တွေပါ ခဏတိုင်း ထွက်နေတော့ သား အဖေက မေးနေပြီ "

" ဟင်းးး သူနဲ့လဲ စိတ်ညစ်ပါတယ် "

" ဆင်ဆင်ခြင်ခြင် နေပါ သားရယ်... Jay သိသွားရင် ဘယ်သူမှ ကောင်းဖို့မရှိဘူး... ဒါတွေ သား အသိဆုံး ဖြစ်မှာပါ "

" သွားတော့မယ် မေမေရာ... လမ်းထိပ်မှာ မောင် စောင့်နေရတာ ကြာနေပြီ "

" အေးပါ သားရယ်... ဂရုစိုက်အုံး "

အစကတော့ မောင့်နဲ့တွေ့ဖို့  သွားမယ်ဆိုပြီး တက်ကြွနေတဲ့ စိတ်ကလေး... ခုတော့ မေမေ့ သတိပေးစကားတွေကြားမှ လေးလံလာရသည်။

မောင် ရှိရာဆီ သွားနေတဲ့ သူ့ခြေလှမ်းတွေလဲ တုံ့နှေး လာသလို။

အာ... ဘာပဲဖြစ်ဖြစ် ကြို စိတ်မညစ်ချင်ဘူး...

ဖြစ်လာမှ ရင်ဆိုင်ဖြေရှင်းရုံပဲ။

Sunoo ခေါင်းလေးခါလို့ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ကာ မောင့်ဆီသွားနေတဲ့ ခြေလှမ်းတွေကို ပိုသွက်ပစ်လိုက်တော့သည်။

ကော်ဖီဆိုင်လေးထဲမှာတော့ အေပရွန်လေးကို ဝတ်လို့ တက်တက်ကြွကြွနဲ့ waiter vibe အပြည့်နဲ့ Kim Sunoo...

မျက်နှာလေးကလဲ ပြုံးရွှင်နေကာ ဝင်လာသမျှ customer တိုင်းကို အပြုံးချိုချိုလေးနဲ့ ကြိုဆိုနေလေတော့သည်။

" မောင့် ဟိုစားပွဲဝိုင်းက ice americano နှစ်ခွက်ရယ် cheese cake ရယ် နော် "

" မောင့် အချစ် မမောသေးဘူးလား... နားအုံးလေကွာ.... "

" ဟင့်အင် ပျော်ဖို့ကောင်းလို့... ဆက် လုပ်အုံးမယ် "

" ကဲ ပြောမရလဲ သဘောပါဗျာ...ဒါပေမယ့် လူတိုင်းကို သိပ်ပြုံးပြမနေနဲ့ ဗျ... မောင် မနာလိုဘူး "

" ခစ်ခစ် မောင်ကလဲ... ပြုံးမပြလို့ ဆိုင်လာတဲ့လူကို ဒီလို မျက်နှာကြီးနဲ့ ကြိုရမလား ကဲ "

သူ့ဘက်လှည့်ပြီး မျက်ခုံးနှစ်ဖက်ထိလုနီးနီး မျက်မှောင်ကြီး ကျုံ့လို့ နှုတ်ခမ်းကြီးစူကာ ခါးထောက်ပြီး မိန့်မိန့်ကြီးလုပ်ပြလာတဲ့ အဆောကြောင့် သူ ခေါင်းကိုမော့၍ အော်ရယ်လိုက်ပြီး

" အဟား ဟား ဟုတ်တယ် ဟုတ်တယ် အဲ့လိုသာ ကြို "

" ခစ် ခစ် "

သူတို့နှစ်ယောက် ပြောပြီး  ရယ်နေတာကို ဆိုင်က ဝန်ထမ်းလေးတွေကပါ ကြားပြီး ပြုံးစိစိနဲ့ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်။

ကျွန်တော့််အသည်းအသက်လေးက အပြင်တွေလျှောက်မလည်ချင်ပါဘူး တဲ့...

မောင့် ကော်ဖီဆိုင်လေးမှာ အားတုန်းလေး လုပ်အားပေးချင်ပါသတဲ့...

ခဏတိုင်း အတူလာဖြစ်ကြတော့ ဆိုင် ဝန်ထမ်းလေးတွေနဲ့ပါ ရင်းနီးနေကာ အပြုံးချိုချိုလေးနဲ့ အဆောကို အားလုံးက ဝိုင်းချစ်ပေးကြသည်။

ဆိုင်ကို လိုက်လာတိုင်းလဲ ဝန်ထမ်းတွေအတွက် မုန့်တွေ ဝယ်ဝယ်လာပေးတတ်တော့ ဝန်ထမ်းတွေက ကိုယ့်ထက် သူ့အနားကိုသာ ပို ကပ်နေကြရော...

Sunghoon တစ်ယောက်မှာတော့ အေပရွန်လေးနဲ့ ချစ်စရာ waiter လေး စားပွဲဝိုင်းတွေဆီ သွားလိုက် ဝန်ထမ်းတွေနဲ့ လေပေးဖြောင့်လိုက် လုပ်နေတာကို သဘောအကျကြီး ကျလို့ ပြုံးဖြီးရင်းသာ ကော်ဖီ ဖျော်နေလိုက်တော့သည်။

ထိုစဉ်မှာပဲ ဆိုင်ထဲသို့ တစ်ကိုယ်လုံး အနက်ရောင်တွေကိုသာ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်လာပြီး ထောင့်ကျကျ စားပွဲဝိုင်းမှာ ဝင်ထိုင်လေသည်။

ဂျာကင်ထူထူ အနက်ကြီးကို ဝတ်ပြီး လျှာထိုးဦးထုပ် အနက်ရောင်ကိုပါ ခပ်စိုက်စိုက် ဆောင်းထားတာကြောင့် သူ့မျက်နှာသွင်ပြင်ကို သေချာ မမြင်ရ။

တခြားလူတွေလဲ မအားတာကြောင့် ဆိုင်ထဲဝင်လာတဲ့ customer မို့ Sunoo အပြေးလေး သွားလိုက်ပြီး

" ဘာ သုံးဆောင်လိုပါသလဲ ခင်ဗျာ "

ခါးလေးကို ညွှတ်လို့ တရိုတသေ မေးလိုက်တဲ့ အခါ ထိုလူက ဦးထုပ်ကို အောက်ထိစိုက်ကျသွားအောင် ပို၍ ဆွဲချလိုက်ကာ ဘာမှ ပြန်မပြော။

" ဘာများ သုံးဆောင်လိုပါသလဲ လူကြီးမင်း ခင်ဗျ "

Sunoo နောက်တစ်ကြိမ် ထပ်မေးလိုက်မှ လက်အတုထပ်ထားဟန်တူသည့် လက်တစ်ဖက်က စားပွဲကို တဒေါက်ဒေါက် ခေါက်ပြီး

" ဒီဆိုင်က လိုချင်တာ အကုန်ရသလား "

" ဗျာ... "

" နားမကောင်းဘူးလား ဘာလို့ ပြန်မေးနေတာလဲ"

ပုံပန်းသွင်ပြင်နဲ့လိုက်အောင် အေးစက်စက် စကားသံက တစ်ခွန်းချင်း ပေါ်ထွက်လာတော့ Sunoo ဘာရယ်မဟုတ် ကြက်သီးမွှေးညှင်းများတောင် ထ သွားမိရသည်။

မသိရင် drama တွေထဲက လူဆိုးကြီးတွေကျလို့။

ကြောက်စိတ်ကိုဖျောက်ကာ အားတင်း၍ ပြုံးလိုက်ပြီး

" ဟို လူကြီးမင်း ခင်ဗျ.. ကျွန်တော်တို့ဆိုင်က Cafe ဆိုင်ဆိုတော့ coffee နဲ့ တွဲဖက်စားမယ့် မုန့် အစုံတော့ ရပါတယ်... ဒီမှာ menu ပါ ခင်ဗျ... လူကြီးမင်း စိတ်ကြိုက်ကြည့်ပြီး မှာယူ စားသုံးလို့ ရပါတယ် ခင်ဗျ "

" အဟက်! "

စားပွဲခုံကို အခေါက်မပျက် ခြောက်ကပ်ကပ် ရယ်သံကြီးက ထွက်လာတော့ Sunoo ချွေးပါပျံနေရပြီလေ။

" အဆော... "

ထိုစဉ် နောက်ကနေ ခေါ်လိုက်တဲ့ မောင့်အသံကို ကြားကြားချင်း Sunoo အားတွေ တက်သွားရတာ အမှန်ပါ။

ထို့ကြောင့် မောင့်ကို အားကိုးတကြီး ခေါ်လိုက်မိတဲ့ အဆော အသံက ဆိုင်လေးထဲမှာ အနည်းငယ်တော့ ကျယ်သွားလိမ့်မည်။

" မောင်!!! "

ချက်ချင်းပဲ အနားကို ရောက်လာတဲ့ မောင်က အ​ခြေအနေကို အကဲခတ်ပြီး နောက် Sunoo လက်ထဲက menu စာရွက်လေးကို ယူလိုက်ပြီး

"အဆော အထဲမှာ သွားနေ... မောင် လုပ်လိုက်မယ် "

Sunoo မောင့်ကိုလဲ စိတ်မချတာကြောင့် ခေါင်းလေးယမ်းပြလိုက်ပြီး မောင့်နောက်နားမှာပဲ ကပ်ပြီး ရပ်စောင့်နေလိုက်သည်။

ဒါကို ထိုလူက

" ဟား ဟား ဟား ဟား coffee သောက်ချင်လို့ ဝင်လာပါတယ် ရုပ်ရှင်ရိုက်ကွင်းနဲ့ လာတိုးနေတယ်... မဟန်ပါဘူး.. ဒီလောက်မှ ရုပ်ရှင်ရိုက်ချင်ရင် ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းလေး တစ်ဖြတ်လောက် ရိုက်ကြတာပေါ့ ဟား ဟား ဟား ဟား  "

သူ့ဘာသာပြောပြီး အော်ရယ်နေကာ ထိုင်ရာကနေ ဖြုန်းစားကြီး ထ ထွက်သွားလေတော့သည်။

ထိုလူ့ အပြုအမူတွေနဲ့ ထိုလူ့စကားတွေက ဘာကို ဆိုလိုချင်မှန်း သူရော မောင်ရော မသိခဲ့။

ဘာပဲဖြစ်ဖြစ် ဒီလိုလူတစ်ယောက် ဆိုင်ထဲကနေ ထွက်သွားတာကြောင့်  သူတို့ စိတ်အေးသွားရတာကတော့ အမှန်ပါ။

နေ့လည်နားချိန်ရောက်တော့ ဆိုင်မှာလဲ လူရှင်းတာနဲ့ မောင်က နေ့တစ်ပိုင်း ပိတ်ပေးလိုက်ကာ ဆိုင်က ဝန်ထမ်းတွေကို နားစေလိုက်သည်။

ယခုတော့ ဆိုင်လေးထဲမှာ သူရယ် မောင်ရယ် နှစ်ယောက်ထဲ...

တမနက်လုံး အလုပ်ရှုပ် ပင်ပန်းခဲ့သမျှ မောင် ဖျော်ပေးတဲ့ ကော်ဖီလေးနဲ့ မောင်ကိုယ်တိုင် ဖုတ်ပေးတဲ့ mint chocolate cake လေးရယ်ကို စားပြီး အနားယူနေမိကြသည်။

မောင်ကတော့ anti mint choco သမားဆိုတော့ ချော့ကျွေးတာတောင် cake ကို မတို့မထိ။

စိတ်ကောက်ပြပြီး စားခိုင်းတော့လဲ ဘယ်လိုမှ မစား။

အဆော ဟာက သွားတိုက်ဆေး အရသာကြီးမို့ ဘယ်လိုမှ မစားနိုင်ပါ တဲ့လေ...

အဆောချစ်တဲ့ အရာရာတိုင်းကို ချစ်ပေးနိုင်ပေမယ့် ဒီ mint choco ကြီးကိုတော့ မုန်းပါတယ် တဲ့။

ဒီမှာလဲ ရန်ပွဲလေး တစ်ပွဲပေါ့။

Sunoo အကြိုက်ဆုံး အရာကိုမှ သူက မုန်းတယ်ဆိုတာကြောင့်။

သူက စိတ်ကောက်တော့ စကားကြွယ်တဲ့ မောင့်အချော့အမြှူတွေကြား ခဏပဲ စိတ်ကောက်လိုက်ရပါတယ်။

ကောက်ချင်တာတောင် ကြာကြာ အကောက်မခံတဲ့ မောင်...

ချလွင်... ချလွင်...

အဲ့ဒီအချိန်မှာပဲ ဆိုင်ရှေ့တံခါးဆီမှာ ချိတ်ဆွဲထားတဲ့  ခေါင်းလောင်းလေးဆီမှ အသံလေးကြောင့် သူနဲ့ မောင် နောက်ထဲမှာ ပန်းကန်တွေ ဆေးနေရာမှ ရှေ့ကို ထွက်လာခဲ့ကြသည်။

" ဆိုင်ပိတ်ထားတာကို ဘယ်သူ လာတာပါလိမ့် "

" မောင် စာတန်း ပြောင်းမထားဘူးလား "

" သေချာ ပြောင်းထားတာပါ... ဝန်ထမ်းတွေ မပြန်ခင်တည်းက မောင် close ပြောင်းပြီးသား "

" ဒါဆို ဘယ်သူ...ဟင်! "

ဝင်လာတဲ့ လူကို တွေ့တွေ့ချင်း Sunoo ပြောလက်စ စကားလေးများ ပျောက်သွားရတော့သည်။

" အတွင်းရေးမှူး Lee "

ဆိုင်ထဲက နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကို လိုက်ကြည့်နေတဲ့ အတွင်းရေးမှူး Lee Heeseung...

Sunoo အသံကိုကြားတော့ ကျောပေးရပ်နေရာမှ လှည့်ကြည့်လာပြီး

" အိမ်ပြန်ဖို့ လာခေါ်တာပါ Sunoo "

အေးအေးချမ်းချမ်း မျက်နှာနဲ့ ချိုချိုသာသာအသံလေးနဲ့ ပြောလာတာပါပဲ။

ဒါပေမယ့် Sunoo ခမျာမှာတော့ ရင်တွေ တဒိတ်ဒိတ်။

ဒီနေရာထိ အတွင်းရေးမှူး Lee ရောက်လာတယ်ဆိုကတည်းက အခြေအနေက ကောင်းဖို့ရာ မရှိတော့။

မျက်စိပျက် မျက်နှာပျက်နဲ့ နေရာမှာတင် ခြေစုံရပ်နေမိတဲ့ Sunoo ကို Sunghoon လက်ဖဝါးလေးကို ထွေးဆုပ်ပြီး အားပေးလိုက်သည်။

" အဆော..."

ထိုအခါမှ အသက်ဝင်လာသလို လှုပ်ရှားလာကာ မျက်ဆန်လေးတွေ လှုပ်ခတ်လာပြီး သူ့ကို မော့ကြည့်လာသည်။

" မောင် ~~ "

အတွင်းရေးမှူး Lee ကြားသွားမှာလဲ စိုးတာကြောင့် နှုတ်ခမ်းလေး လှုပ်ခတ်ရုံ လေသံလေးနဲ့...

" မောင် လိုက်ခဲ့ရမလား အဆော "

" ဟင့်အင်... ရတယ် မောင်... ဘာပဲဖြစ်ဖြစ် အဆော ရင်ဆိုင်ရမယ့် အရာတစ်ခုပါ "

" မောင် စိတ်မချဘူး "

" စိတ်ချပါ မောင်... အဆော သေချာဖြေရှင်းပြီး မောင့်ဆီ အရောက် ပြန်လာမယ် "

" အဆော... "

" စောင့်နေနော် မောင့် "

" အွန်း... မောင် ရှိတယ်နော်...အဆော တစ်ယောက်ထဲ မဟုတ်ဘူး "

" ဟုတ်ကဲ့ မောင် "

စိုးရိမ်နေတဲ့ မျက်နှာလေးနဲ့ မျက်နှာလေး ပျက်ယွင်းနေတဲ့ အဆောကို ကြည့်ပြီး Sunghoon ဆွဲထားတဲ့ လက်လေးကို လွှတ်မပေးလိုက်ချင်။

ထပ်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဆွဲထားမိတော့ အဆောက လွတ်နေတဲ့ လက်တစ်ဖက်နဲ့ သူ့ လက်တွေကို ဆွဲခွာကာ

" သွားမယ်နော် မောင်... တအားကြီး စိတ်ပူမနေနဲ့... အဆော ဘာမှ မဖြစ်ဘူး.. ဒီမှာပဲ နေခဲ့  "

သူ ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်ကာ အဆော လက်လေးကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီးမှ လွှတ်ပေးလိုက်သည်။

" ကဲ ပြောလို့ပြီးရင် သွားကြရအောင် လား "

အတွင်းရေးမှူး Lee ရဲ့ ဆော်သြမှုနဲ့ ကျောခိုင်းကာ ဆိုင်လေးထဲက ထွက်သွားတဲ့ အဆောကို စိတ်မချခြင်းများစွာနဲ့ သူ ငေးပြီးသာ ကျန်နေခဲ့ရတော့သည်။

ဆိုင်ပြင်ရောက်မှ အထဲကို ပြန်လှည့်ကြည့်ကာ ပြုံးပြသွားတဲ့ အဆောမျက်နှာနွမ်းနွမ်းလေးကို ကြည့်ပြီး သူ ရင်ထဲ မချိတော့။

နောက်ဆုံး အနေနဲ့ သူ စိတ်မပူအောင် ပြုံးပြပေးသွားတာ...

ဒါပေမယ့် အပြုံးတွေက မပီပြင်တော့ဘူးလေ...

" လမ်းတစ်ဖက်မှာ ကား ရပ်ထားတယ် Sunoo "

ကားရှိရာဆီ ရှေ့ကနေထွက်သွားတဲ့ အတွင်းရေးမှူး Lee နောက်ကနေ Sunoo တိတ်တဆိတ်သာ လိုက်သွားလိုက်သည်။

အတွင်းရေးမှူး Lee ကလဲ ဘာ စကားမှ မပြောသလို သူကလဲ ဘာမှ မမေးဖြစ်။

ရပ်ထားတဲ့ ကားဆီ ရောက်တဲ့အခါမှာတော့ အတွင်းရေးမှူး Lee က  နောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်လေသည်။

ဝေါခနဲ ကားတံခါး မြည်သံနှင့်အတူ အထဲမှာ မြင်လိုက်ရတာကတော့....

" Jay... !!!

နက်ဆွေးနေတဲ့ Suit အပြည့်နဲ့ ခြေချိတ်၍ လက်ပိုက်ကာ အေးစက် တည်တင်းနေတဲ့ မျက်နှာနဲ့ ထိုင်နေတဲ့ Jay...

အံ့အားသင့်ကာ Sunoo ရဲ့ မျက်ဝန်းအစုံ ပြူးကျယ်သွားပြီး တအံ့တသြ ခေါ်လိုက်မိတဲ့  ပါးစပ်လေးကို လက်နဲ့ အုပ်လိုက်မိသည်။

သူ ထင်မထားဘူးလေ...

သူ သိထားတာက Jay က Tokyo မှာမလား....

မနေ့ညကတောင် Tokyo ကနေ ဖုန်းဆက်လာသေးတာကို...

ခု​ ဒီမှာရောက်နေတယ်တဲ့လား....

ကားထဲကနေ လျှံထွက်ကျလာတဲ့ Aircon လေ အေးတွေလိုပဲ အဲ့ဒီ့ခဏ ပတ်ဝန်းကျင်မှာ အေးစက်စက် အငွေ့အသက်တွေ လွှမ်းခြုံသွားရလေတော့သည်....

************************************

Love you all my Vitamins 💙

San Htarni 💙

28.4.2023

Comment