~ 20 ~

~ 20 ~


နှင်းဆီခင်းကြီးထဲက ကျောက်သားထိုင်ခုံ ဖြူဖြူ
လေးပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး တွေးငေးနေတဲ့ ဘေဘီ့ကို Jay သုံးထပ်က မှန်ပြတင်းတစ်ခုကနေ ကြည့်နေတာ ကြာပြီ။

ခုတလော ဘေဘီ ငြိမ်နေတယ်။

ကျောင်းကိုလဲ အရေးကြီးတဲ့ အတန်းချိန်ရှိမှသာ သွားပြီး သင်ပြီးတာနဲ့ ချက်ချင်းအိမ်ပြန်လာပြီ။

အရင်လိုလဲ အပြင်တွေ သွားလာတာ မရှိသလို၊ Park Sunghoon နဲ့ သွားတွေ့တာလဲ မမြင်။

လတ်တလောမှာ မျက်နှာလေးလဲ မကောင်းဖြစ်နေကာ တစ်ခါတစ်ရံဆို တစ်ခုခုကို အလိုမကျဖြစ်နေပြီး တစ်ချို့ရက်များမှာတော့ ငေးငေးငိုင်ငိုင်။

တစ်ခါတစ်လေ တစ်ခုခုကို တွေးနေသလိုမျိုး ခေါင်းလေးယမ်းလိုက် သက်ပြင်းလေးချလိုက်။

ဖြစ်နိုင်ရင် Jay ဘေဘီ့ရဲ့ အတွေးတွေထဲကို ခဏလောက် ဝင်ကြည့်ချင်မိတယ်။ ဒီခေါင်းလှလှလေးထဲက ဦးနှောက်​လေးထဲမှာ ဘယ်လိုအတွေးတွေ ရှိနေမလဲလို့။

တစ်ခုရှိတာကတော့ ဘေဘီ့အတွေးတွေထဲမှာ Park Sunghoon ဆိုတဲ့ ချာတိတ် ရှိမနေစေဖို့။

သူ သိခဲ့တယ်...

ဘေဘီနဲ့ Park Sunghoon ရဲ့ လှုပ်ရှားမှု မှန်သမျှကို။

Leo ကို လွှတ်ထားတာ အလှ လိုက်ကြည့်ဖို့မှ မဟုတ်ဘဲ။

ဘေဘီ့ နှုတ်က တစိမ်းတရံ ယောကျာ်းလေးတစ်ယောက်ရဲ့ နာမည်ကို ပထမဆုံး ကြားလိုက်ရကတည်းက သူ့သတိအာရုံတွေက နိုးကြားသွားခဲ့တာ။

ဘယ်နေရာမှ အလွတ်ပေးခဲ့တာ မရှိဘူး။

Sunghoon အမေရဲ့ နှစ်ပတ်လည်နေ့မှာ ဘေဘီ အဲ့ကောင်လေးနဲ့ သွားလာတာတွေ။

ဒီကောင်လေး အိမ်ကို ဘေဘီ လိုက်သွားတော့ ကျန်တဲ့ သူငယ်ချင်းတွေ အကုန်ပြန်ထွက်သွားပြီး ဘေဘီနဲ့ အဲ့ကောင်လေးပဲ အထဲမှာ အချိန်တွေ အကြာကြီး ကျန်နေခဲ့တာတွေ။

Skate ကွင်းကို လိုက်သွားခဲ့တာတွေ။

ကုန်ကုန်ပြောမယ်

ကျောင်း ခေါင်မိုးထပ်မှာ ဘေဘီနဲ့ အဲ့ကောင်လေး ဖြစ်ပျက်ခဲ့တာတွေ အထိ သူ သိနေပါတယ်ဆို ခင်ဗျားတို့ ယုံမလား။

သူ သိသမျှကို ဘေဘီ့ရှေ့ ချပြလိုက်ရင် စိတ်ကလေး ညှိုးငယ်သွားမှာစိုးလို့ မသိသလို နေပေးခဲ့တာ။

ဒီ ဖြစ်ရပ်တွေကြောင့်ပဲ အပြင်ပန်းမှာ အေးဆေး တည်ငြိမ်နေသလောက် အတွင်းပိုင်းမှာ လောင်မြိုက်ပြီး တစ်ယောက်ထဲ လှိုက် စား နေခဲ့ရတာ ဘယ်သူမှ မသိကြဘူး။

မာမီ ပြောခဲ့သလိုပဲ ချစ်ရင် ရအောင်ချည်ထားတဲ့။ သစ္စာတွေဆိုတာ မမြဲဘူးတဲ့။ အဆုံးရှုံးမခံနိုင်သ၍ လှုပ်မရအောင် တုပ်နှောင်ထားပါတဲ့လေ။

မာမီနဲ့ ဒယ်ဒီတောင် အချစ်တွေနဲ့ ချည်ပြီးမှ သစ္စာတွေနဲ့ တုပ်နှောင်ပြီးမှ ကွဲခဲ့ ကွာခဲ့ကြတာမို့ အချစ်ဆိုတာ အလကားပဲ။ ချစ်မပြနဲ့ နှစ်ပြတဲ့။ ရုန်းလို့မရမယ့် နွံတစ်ခုခုထဲမှာ နှစ်ထားလိုက်ပါတဲ့။

မာမီ့ရဲ့ သီအိုရီတွေအတိုင်း ဘေဘီ့ကို သူ ကျေးဇူးတရားဆိုတဲ့ နွံထဲမှာ နှစ်ထားခဲ့တာ။ ဘယ်လိုမှ ရုန်းလို့မရအောင်ပေါ့။

နှစ်ရင်း နှစ်ရင်းကနေ ဘေဘီ့ကို သူ ပိုပို ချစ်လာမိတဲ့အခါ အသွားနဲ့ အပြန် ဘက်မညီတဲ့ ဒီ မေတ္တာကြိုးတစ်ချောင်းကို တစ်ယောက်တစ်စစီ ကိုင်လို့ တင်းတင်းဆွဲမိကြတဲ့အခါ...

အားပျော့သူ ဘေဘီက သူ့ဘက်ကို ပါမလာဘဲ အင်အားကြီးသူ သူသာလျှင် ဘေဘီ့ဘက်ကို ယိမ်းယိုင်မိလို့ ပိုပိုတိုးပြီး ချစ်မိလာရတော့ အဲ့ဒီ့ ကြိုးတွေနဲ့ပဲ ဘေဘီ့ကို လွတ်ထွက်မသွားအောင် ထပ် ချည်တယ်။

ချစ်လို့ ချည်တဲ့ ကြိုးတွေက တင်းလွန်းခဲ့တော့လဲ ဒီနုနုနယ်နယ်လေးက ဒဏ်မခံနိုင်ခဲ့။

အလျှော့အတင်းလေးနဲ့ ချည်ပြန်တော့လဲ လွတ်ထွက်ချင်နေပြီ။

သူ ဘေဘီ့ကို လက်မလွှတ်ရဖို့ဆို ဒီဇာတ်လမ်းမှာ

ဗီလိန်လုပ်ရမယ်ဆိုလဲ ဖြစ်တယ်။

လူဆိုးကြီး လုပ်ရမယ်ဆိုလဲ ရတယ်လေ။

အဓိက က ဘေဘီ သူ့အနားမှာ ထာဝရ ရှိနေဖို့။

ဒီအတွက် ဘေဘီ့ဘေးနား တစ်လှမ်းချင်း တိုးဝင်နေတဲ့ Park Sunghoon ရဲ့ ခြေလှမ်းတွေကို ထိန်းချုပ်ဖို့၊ စောင့်ကြည့်ဖို့ Park Sunghoon ကို ငွေလမ်းခင်းပြီး သူ့လက်အောက် ရောက်အောင် လုပ်ဆောင်ခဲ့တယ်။

ဘယ်သူမှ မရိပ်မိခဲ့ဘူး။

Park Sunghoon အရင် စာချုပ်ချုပ်ထားတဲ့ Sport Light ဆိုတဲ့ Company နဲ့ အဲ့ကောင်လေးကြား ပြဿနာတွေကြီးလာရတာက Jay ကြားဝင်နှောက်ယှက်လို့ဆိုတာကို။

အဲ့ Company နဲ့ သတ်မှတ်ကာလ မတိုင်ခင် စာချုပ်ဖျက်ပြီး လျော်ကြေးတွေ တနင့်တပိုး ပေးရအောင်ထိ သူ့လူတွေ ဝင်နှောက်ခဲ့ကြတာက ပိပိရိရိလေ။

Park Sunghoon က ဘေဘီ့အနားရောက်ဖို့ တစ်လှမ်းချင်း လှမ်းနေချိန်မှာ သူကတော့ Park Sunghoon သူ့လက်ထဲကို ရောက်လာဖို့ ခြေလှမ်းတွေ ဆက်တိုက်လှမ်းနေခဲ့တာ။

ခုတော့ လက်ထဲကို ပိုင်ပိုင်နိုင်နိုင်ကြီး ရောက်လာခဲ့ပြီ။ ဒီလို ချာတိတ်လေးတစ်ယောက်ကိုမှ မချုပ်ကိုင်နိုင်ဘူးဆိုရင် Jay ရာဇဝင် ရိုင်းသွားမှာပေါ့။

Jay ပြတင်းပေါက် ဘောင်ကိုမှီလို့ စီးကရက်ကို ရှိုက်ဖွာရင်း ဘေဘီ့ကို ကြည့်နေတာ စီးကရက် တစ်လိပ် ကုန်ကာနီးမှာ စားပွဲပေါ်တင်ထားတဲ့ ဖုန်းက မြည်လာသည်။

ထို့ကြောင့် စားပွဲဆီသို့ ပြန်လျှောက်လာကာ စီးကရက်ကို ပြာခွက်ထဲသို့ ထိုးချေလိုက်ရင်း ဖုန်း contact ကို ကြည့်လိုက်တော့ အတွင်းရေးမှူး Lee...

" အွန်း အတွင်းရေးမှူး Lee "

" CEO.. ရှန်ဟိုင်းက တာဝန်ခံ ဖုန်းဆက်ပါတယ် "

" ဘာတဲ့လဲ "

" စက်ရုံမှာ ပြဿနာတက်တယ် လို့ အစီရင်ခံပါတယ်... Tokyo မှာ ဖြစ်တဲ့ ဖြစ်စဉ်နဲ့ ပုံစံတွေ တူနေပါတယ် CEO "

" ကျစ်! ဘာလို့ ပြည်ပ အလုပ်တွေမှာ ဒါမျိုးတွေ လာဖြစ်နေရတာလဲ... တစ်ခါမှ မဖြစ်ဖူးခဲ့ဘဲ "

" ဟုတ်တယ် CEO... Tokyo က ကိစ္စဖြေရှင်းလို့မှပြီးခါရှိသေးတယ် အခု ရှန်ဟိုင်းမှာပါ ဒါမျိုးလာဖြစ်နေတယ်ဆိုတော့..."

တွေးတွေးဆဆနဲ့ ပြောလာတဲ့ အတွင်းရေးမှူးရဲ့ စကားကို Jay ကောင်းကောင်းကြီး သဘောပေါက်သည်။

ဒါ ဘယ်လိုမှ သွေးရိုးသားရိုး မဖြစ်နိုင်။

" အဲ့တော့ အတွင်းရေးမှူး Lee ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား "

" ဟုတ်ကဲ့ CEO "

" အင်း...ဘယ်ကောင့် လက်ချက်လဲ ဆိုတာ သိတာနဲ့ အကုန်ရှင်းပစ်... အမှုန်အမွှားလေးတောင် ချန်မထားနဲ့... နောက် ဒါမျိုး မလုပ်ရဲအောင် "

" စိတ်ချပါ CEO... ဒါဆို ကျွန်တော် ခုချက်ချင်းပဲ ရှန်ဟိုင်းကို လိုက်သွားလိုက်ပါ့မယ် ''

" Ok Ok စိတ်ချမယ် အတွင်းရေးမှူး Lee... အခြေအနေကို မပြတ် သတင်းပို့ပါ "

တဖြည်းဖြည်း အင်အားကြီးထွားလာတဲ့ သူ့လုပ်ငန်းတွေမှာ မိတ်ဆွေတွေလဲ ပေါသလို ရန်သူတွေကလဲ ဒုနဲ့ဒေး။

အင်းပေါ့လေ သူကလဲ လုပ်ငန်းလုပ်ရာမှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြတ်သားရမယ့်နေရာ ပြတ်သားခဲ့တော့ တချို့ မကျေနပ်တဲ့လူတွေက သူ့လူကိုယ့်ဘက်သားလုပ်ခါ ပြိုင်ဖက်တွေနဲ့ပေါင်းပြီး သူ့ကို ဒုက္ခပေးတတ်ကြသည်။

ဒါမျိုး ပြဿနာတွေ မဖြေရှင်းရတာတော့ တော်တော်ကြာနေပြီ။ သူ့လက်စကို သိလို့ ဘယ်သူမှ လက်တည့်မစမ်းရဲကြတော့။ နှစ်တွေအကြာကြီးနေမှ ပြည်ပလုပ်ငန်းတွေမှာ အနှောက်အယှက်က ပေါ်လာသည်။

Tokyo က Steel စက်ရုံပေါက်ကွဲမှုမှာ ဝန်ထမ်းတွေ ထိခိုက်မှု မရှိ၍ ပြဿနာက ခပ်မြန်မြန်ပြီးသွားခဲ့ခြင်း ဖြစ်သည်။

မတော်တဆမဟုတ်ဘဲ တမင်ကြံစည်မှုမှန်း သိလို့ သူ ပြတ်ပြတ်သားသား ဖြေရှင်းခဲ့ပါရက် ခု ထပ်ဖြစ်တယ်ဆိုတော့ တရားခံက သပ်သပ် ရှိနေပုံပဲ။

စီးကရက်တစ်လိပ်ကို ထပ်မံမီးညှိလိုက်ပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ Jay ဦးနှောက်ကို အလုပ်ပေးရပြီ။

ဘယ်သူ ဖြစ်နိုင်လဲ.....

ဘာ ရည်ရွယ်ချက်နဲ့လဲ......

ဘာကြောင့် ဖြစ်ဖြစ် မင်း လာ စ တဲ့လူက ငါ ဖြစ်နေတော့ မင်း ကံဆိုးပြီပေါ့....

.
.
.

ice rink ပေါ်မှာ လေ့ကျင့်မှုအပေါ် ဘယ်လိုမှ အာရုံစိုက်လို့မရနေတဲ့ Sunghoon...

Jump တွေတိုင်းမှာ ရေခဲပြင်ပေါ် အခါခါ ပြုတ်ကျလို့ ခန္ဓာကိုယ် တစ်ခုလုံးလဲ ကိုင်ရိုက်ခံထားရသလို နာနေပြီ။

ဒါပေမယ့် ဒီအပေါ်ယံ အရေပြားက အနာဟာ သူ့ရင်တွင်းက အနာကိုတော့ဖြင့် လိုက်လို့မမှီ။

အဆောက သူ့ကို လုံးဝ ဥပေက္ခာပြုထားလေပြီ။ ဘယ်လိုမှ ဆက်သွယ်လို့လဲမရ။ အတွေ့လဲ မခံ။ အဆော ပြောခဲ့တဲ့ စကားလေးကို နားထဲမှာ အထပ်ထပ် ကြားယောင်ရင်း စိတ်တင်းထားတဲ့ ကြားက မျက်ရည်တို့က ဝေ့သီလာခဲ့ရသည်။

** ကျွန်တော်တို့ မတွေ့ဘဲ နေကြရအောင် ** တဲ့

ဟင့်အင် မောင်မှ မနေနိုင်တာကွာ....

တမ်းတနေရတဲ့ မျက်နှာလေးကို မော်ဖူးခွင့်မရလေတော့ သူ့ကမ္ဘာကြီးက အလဲလဲအကွဲကွဲ။ အလွမ်းဆိုတာလဲ အဆောနဲ့တွေ့မှ ခံစားဖူးရလေတော့ ခံစားရတာ မသက်သာလှပါ။

မောင် ရှေ့ဆက်လျှောက်ရမယ့် ခြေလှမ်းတွေအတွက် ဘေးမှာ မင်း ရှိနေပေးဖို့ လိုအပ်တယ်လေ အချစ်ရယ်....

မောင့်ကို ဥပေက္ခာ မပြုလိုက်ပါနဲ့....

မောင့်ကို ပစ်ပယ်မထားလိုက်ပါနဲ့....

ဘယ်သူမှ ရှိမနေတဲ့ ဒီ Skate ကွင်းကျယ်ကြီးကလဲ မောင့်အထီးကျန်မှုတွေကို ဒီဂရီတွေ ပိုတိုးလာစေသလိုပါပဲ။

Spin လှည့်ဖို့ အခုန်မှာ ရေခဲပြင်ပေါ် ပြုတ်ကျတာ ခြေလွတ်လက်လွတ်....

ထ မလာတော့... လဲကျနေရာ နေရာမှာပဲ ရေခဲပြင်ပေါ် မျက်နှာအပ်လို့ ပြန် ထ မလာခဲ့တော့။

သေချာကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ် ....

Sunghoon မျက်နှာပေါ်က မျက်ရည်တွေကို။

ရှိုက်ကြီးတငင်ပေါ့။

အလွမ်းအဆွေးတွေထဲမှာ နေသားမကျတဲ့အခါ သူ့ရဲ့ အဖော်က မျက်ရည်တွေ။

ရင်ထဲမှာ နင့်သည်းနေအောင် လွမ်းလာတဲ့အခါ သူ့ရဲ့ အဖော်က မျက်ရည်တွေ။

မင်းကို ချစ်မိမှ ပျော်ပျော်နေတတ်တဲ့ Park Sunghoon ဆိုတာကြီး ပျောက်လို့ မျက်ရည်တွေနဲ့ Park Sunghoon ကိုသာ မြင်တွေ့ရမှာ အမှန်ပါပဲ။

မင်းမျက်နှာလေး မတွေ့ရရုံ၊ မင်းအသံလေး မကြားရရုံနဲ့ မောင့်မျက်ရည်တွေ ပြိုရတယ်ဆို သိပ် ပျော့ညံ့လိုက်တာလို့များ မင်း ဆိုနေမလား။

တကယ်ပါ မောင် ဆိုတာ မင်း ဥပေက္ခာတွေနဲ့ မနေတတ်တဲ့ ကောင်....

လဲကျနေတဲ့ နေရာမှာပဲ လဲကျနေတဲ့ အတိုင်း မလှုပ်မယှက်....

တသိမ့်သိမ့် လှိုက်ခါနေတဲ့ ကျောပြင်လေးကြောင့်သာ သူ သတိရှိနေသေးတယ်ဆိုတာ သိရတာ။

အချိန်အတော်ကြာတဲ့အထိ သူ ရေခဲပြင်ပေါ်က မထသေးဘဲ ပက်လက်လှန်၍ လက်ပေါ်ခေါင်းအုံးလိုက်ခါ မကိုင်မှန်းသိရက် အဆောဆီသို့ ဖုန်းခေါ်လိုက်မိသည်။

တူ...တူ....တူ....

တူ....တူ.....တူ....

ဖုန်းကိုင်ပါ မောင့်အချစ်ရယ်...

မောင့်ကို အသံလေးလောက်တော့ ကြားခွင့်ပေးပါ။

တူ...တူ...တူ....

ဖုန်း Screen ပေါ်က အဆော ဆိုတဲ့ နာမည်လေးကို ကြည့်ပြီး မျက်ရည်များက ကျလာပြန်သည်။

မျက်ဝန်းထောင့်စွန်းမှ စီးကျနေတဲ့ မျက်ရည်တွေက နားရွက်ဖျားလေးမှ စီးဆင်းလို့ ရေခဲပြင်ပေါ်အထိ။

တူ...တူ...တီ--

ပိတ်သွားပြန်ပြီ ဖုန်းလေးက။

တီ ဆိုတဲ့ အသံမှာ ဖုန်းခေါ်ခွင့်လေးတောင် မရှိတော့။

ရေခဲပြင်ပေါ် ပက်လက်လှန်ရက်ကပဲ နဖူးပေါ်လက်တင်လို့ မျက်နှာကြက်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ သူ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။

အတွေ့လဲမခံ ဖုန်းလဲဆက်လို့မရမှတော့ နောက်ဆုံး တစ်နည်းပဲ ရှိတော့တာပေါ့။

သူ အဆော အိမ်ရှေ့ကို လိုက်သွားမည်။

ဘာတွေပဲဖြစ်ဖြစ် သူ ဂရုမစိုက်ချင်တော့။

ဒီညတော့ ဒီမျက်နှာလေးနဲ့ ဒီအသံလေးကို သူ မြင်ရ ကြားရမှ ဖြစ်တော့မည်။

ထို့ကြောင့် မှောင်ရီပျိုးနေတဲ့ လမ်းတလျှောက် နီယွန်မီးရောင်တွေကို အားကိုးလို့ သခင့်မျက်နှာလေးကို မော် ဖူး ဖို့ သူ့​ခြေလှမ်းတွေကို စတင်လိုက်တော့သည်။

.
.
.

Sunoo ညစာစားပြီး အပေါ်တက်လာတော့ အခန်းထဲက ကုတင်ပေါ်မှာ တင်ထားခဲ့တဲ့ ဖုန်းက ringtone သံ ကျယ်ကျယ်လောင်လောင်နဲ့ တုန်ခါနေသည်။

လက်ထဲကိုင်လာတဲ့ ရေဗူးလေးကို စားပွဲပေါ် တင်လိုက်ပြီး ကုတင်ပေါ်က ဖုန်းကို ကောက်ကိုင်လိုက်တော့ contact name မှာ Park Sunghoon တဲ့။

ဒါနဲ့ပဲ ဖုန်းကို ပိတ်ချလိုက်ပြီး လူပါ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။

Sunghoon ဆီက ဖုန်းတွေလာတိုင်း ချချပစ်ရတာ ဖုန်းကို စက်ပိတ်ပစ်ရတာလဲ အခါခါပါပဲ။ အဲ့ဒီ့လို ပိတ်ပစ်ပြီးတိုင်းမှာလဲ သူ့ရင်ဘတ်ထဲမှာ လစ်ဟာသွားသလို ခံစားရတာ ဘာကြောင့်လဲ။

* ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ယိုင်နဲ့လာအောင် မလုပ်ပါနဲ့လား Hoonie ရယ်...*

* ကျွန်တော်က ဘယ်ဆီကိုမှ ယိမ်းယိုင်လို့မရတဲ့ ဦးတည်ရာ တစ်ခုတည်းသာ ရှိတဲ့ လူတစ်ယောက်ပါ...*

ဖုန်းလေးကို ဘေးချလို့ ခေါင်းအုံးလေးအောက်ကို လက်နှိုက်လိုက်တော့ လက်ထဲမှာ ပါလာတာက Sunghoon ပေးထားတဲ့ ပုဝါလေး...

ပုဝါလေးပေါ်က SH ဆိုတဲ့ စာတန်းလေးကို လက်မလေးနဲ့ ဖွဖွလေးပွတ်သပ်လိုက်ပြီးမှ နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်မိတယ်။

လွမ်းတယ်ဆိုတာ ဒါမျိုးလားမသိပေမယ့် သူ Sunghoon ကို တွေ့ချင်နေတယ်။

ဒီလို ပြင်းပြင်းပြပြ တွေ့ချင်လာတိုင်း အဆင်မှ ပြေနေပါ့မလားလို့ စဉ်းစားမိလိုက်တိုင်း ခေါင်းအုံးအောက်က ပုဝါလေးကို ထုတ်ထုတ်ကြည့်ပြီး Sunghoon အမှတ်နဲ့ စကားလေးတွေ ပြောနေရတာ...

ကျွန်တော် ဒီလိုလေးတော့ အလွမ်းဖြေလို့ ရမယ်မလားဟင်...

ဘယ်သူမှ မသိပေမယ့်...

ဘယ်သူမှ မတွေ့ပေမယ့်...

သူ့ရင်ထဲက ခံစားနေရတဲ့ ခံစားချက်တွေအတွက်

သူ့အပြုအမူတွေအတွက် သူ့ကိုယ်သူပဲ ပြန်ကြောက်လန့်နေမိရပါတယ်။

သူ့ဆီမှာ ဒီလိုခံစားချက်တွေ ရှိ​နေလို့မှ မရတာလေ နော်...

ပုဝါလေးကို ပါးလေးနဲ့ ထိကပ်ထားလိုက်ပြီး ဒီအတိုင်းလေးပဲ မိနစ်တွေ အကြာကြီး...

သတိရလို့ ဖုန်းလေးကို ပြန်ဖွင့်ကြည့်လိုက်တော့ ဗလာဖြစ်နေတဲ့ ဖုန်း screen လေးပေါ်မှာ ဘာ စာတိုတစ်စောင်လေးမှ ဝင်ထားတာ မရှိ။

မဟုတ်သေးပါဘူး...

သူ ဖုန်းကို ပိတ်ချလိုက်ရင် အနည်းဆုံးတော့ Sunghoon ဆီက

**မောင် အရမ်းလွမ်းနေတယ် အဆောရယ်** ဆိုတဲ့ စာတိုလေးတော့ ဝင်ထားရမယ် မဟုတ်ဘူးလား...

အခါခါတိုင်းမှာ သူဖုန်းမကိုင်ရင် စာလေးတွေ ပို့ထားတတ်ပေမယ့် ဒီတစ်ခါတော့ဖြင့် လက်လျှော့သွားပြီ ထင်ပါရဲ့...

* Hoonie ကျွန်တော့်ကို တကယ်ပဲ....*

အတွေးကို ဆုံးအောင် မတွေးနိုင်...

ရင်ဘတ်ထဲက နာကျင်အောင့်မျက်လွန်းလို့...

မျက်လုံးလေးကို စုံမှိတ်လို့ ပုဝါလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အိပ်ရာဖြူဖြူလေးပေါ်မှာ ခွေခွေလေးပေါ့။

မကြာပါဘူး ဖုန်းလေးက တဖန် ပြန်မြည်လာပြန်ပါသည်။

ကပြာကယာ ကုန်းထကာ ဖုန်းလေးကို ကြည့်လိုက်မိတော့ Sunghoon ပါပဲ...

Screen ပေါ်က ဒီနာမည်လေးကို မြင်လိုက်တော့မှ ရင်ဘတ်ထဲက တစ်ဆို့နေတဲ့ အလုံးကြီး ကျသွားခဲ့ပြီး ညှိုးညှိုးငယ်ငယ် မျက်နှာလေး ပြန်ပြီး အရောင်တွေ တောက်လာခဲ့တော့သည်။

ဒါပေမယ့်လဲ ဒါဟာ တဒင်္ဂပျော်ရွှင်မှုလေးသာ...

ကိုင်လို့မဖြစ်။

သူတို့ ဆက်သွယ်လို့လဲ မဖြစ်ဘူးလေ။

မတွေ့ကြတော့ဖို့တောင် ဆုံးဖြတ်ထားပြီးမှ ဘာအတွက် စကားတွေ ပြောနေရအုံးမလဲ။

ဆက်တိုက်မြည်နေတဲ့ ဖုန်း Ringtone သံတွေကို လျစ်လျူရှုကာ လက်ထဲမှာ ကိုင်ထားတဲ့ ပုဝါလေးကို တစ်စိမ့်စိမ့်ထိုင် ကြည့်နေလိုက်သည်။

* ပုဝါလေးရယ်.... *

* မင်း ပိုင်ရှင်ကလေ မင်းလို မလိမ်မာဘူးကွဲ့.... ငါ့ပြောစကားလဲ နားမထောင်ဘူး.... သူ လုပ်ချင်ရာတွေပဲ တဇွတ်ထိုး လုပ်နေတော့တာပဲ...*

ပုဝါလေးကို ပါးမှာ အပ်ကာ Sunooတစ်ကိုယ်တည်း တိုးဖွဖွ လေး ဆိုလိုက်မိသည်။

* သူ့ဘဝလေး လှလှပပနဲ့ အောင်မြင်ဖို့ဆို ငါနဲ့ အဝေးမှာ သူ နေနိုင်မှ ဖြစ်မှာလေကွာ.....*

* ဒါတွေကို သူ နားလည်အောင် မင်းကိုယ်တိုင် သွားပြီး ပြောပြပေးပါလား ပုဝါလေးရယ် ...*

မြည်နေတဲ့ ဖုန်း ringtone သံလေး ရပ်သွားပြီး မကြာ...ဖုန်းထဲသို့ စာဝင်လာသံ ကြားလိုက်ရသည်။

ဖုန်းခေါ်မရတာကြောင့် စာပို့လိုက်ခြင်းသာ ဖြစ်မည်။

ဖုန်းခေါ်တာ မကိုင်ပေမယ့်လဲ ပို့လာတဲ့ စာလေးတော့ ကိုယ် ဖတ်လို့ဖြစ်တယ်မလား...

သူမှ မသိဘဲလေ...

ဖုန်းလေးကိုယူကာ ဖွင့်ကြည့်လိုက်တော့ ပို့လာတဲ့ စာက

* မောင် မင်းအိမ်ရှေ့မှာ ရောက်နေတယ် အဆော... ကျေးဇူးပြုပြီး ဖုန်းလေး ကိုင်ပေးပါ * တဲ့

ဟင်... အိမ်ရှေ့မှာတဲ့လား...

ကုတင်ပေါ်မှာ ထိုင်နေရင်း ဖတ်လိုက်ရတဲ့ စာကြောင့် Sunoo ပြူးပြူးပြာပြာ ဖြစ်သွားကာ ပြတင်းပေါက်ဆီ ပြေးသွားပြီး လိုက်ကာလေးကို ဖွင့်ကြည့်လိုက်တော့ အိမ်ရှေ့ မီးတိုင်လေးအောက်မှာ ရပ်နေတဲ့ Sunghoon။

ဒါ သူ့အတွက် ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မသိလေရော့သလားကွယ်....

တစ်ဖက်ခြံမှာလဲ Jay က ရှိနေတာလေ...

တွေ့သွားရင် မတွေးရဲစရာ...

Jay နဲ့ ထိပ်တိုက်မတွေ့ဖို့ သေချာ သတိပေးထားပါရက်နဲ့...

ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို နားလည်အောင် ပြောပြထားပါရက်နဲ့...

သိသိရက်နဲ့ ဇွတ် မိုက်ချင်နေတဲ့ လူဆိုးကောင်လေးပါပဲ။

အိမ်ရှေ့မှာ ကြာကြာနေခိုင်းရင် မဖြစ်သင့်တာတွေ ဖြစ်တော့မှာမို့ Sunoo သူ့ဆီကို အမြန် ဖုန်းခေါ်လိုက်သည်။

ခေါ်ခေါ်ချင်း တန်းကိုင်လာကာ ကိုယ့်နာမည်ကို ခေါ်လိုက်သံက ဆွေးဆွေး မြေ့မြေ့....

" အဆော..."

လွမ်းလွမ်းဆွေးဆွေး အသံမျိုး...

တုန်တုန်ခိုက်ခိုက်အသံမျိုး....

" ပြန်ပါတော့.... "

" အဟက်...ဖုန်းကိုင်ကိုင်ချင်း အဆော ပြောတဲ့စကားက မောင့်ကို နှင်တဲ့ စကားတဲ့လား... မနှင်ပါနဲ့ အဆော ရယ်... အဆော မနှင်လဲ မောင်က ပြန်ရမယ့် သူပါ... "

" Sunghoon အတွက် အန္တရာယ်ရှိလို့ ပြောနေတာကို နားမလည်ဘူးလား "

" လွမ်းတယ်... မောင် အဆော ကို အရမ်းလွမ်းနေတယ် "

အမေးနဲ့ အဖြေဟာ အဲ့လို တလွဲ...

" အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောဖို့အတွက်နဲ့ ကိုယ့်ကိုကိုယ် အန္တရာယ် အဖြစ်မခံပါနဲ့လား Sunghoon.... Jay သိသွားရင်မကောင်းဘူး "

" အဓိပ္ပါယ်မရှိတဲ့ စကားတွေလို့ ထင်နေတာလား.... အဆောအတွက် အဓိပ္ပါယ်မရှိပေမယ့် မောင့်အတွက်ကတော့ အရမ်း အဓိပ္ပါယ်ရှိတယ်... နေထိုင်နေရတဲ့ ဘဝရဲ့ အဓိပ္ပါယ်ဟာလဲ အဆောနဲ့တွေ့မှ ပြည့်စုံလာတာပါ..အဲ့လိုပဲ . အချစ်ရဲ့ အဓိပ္ပါယ် ဆိုတာတွေ ဟာလဲ အဆောနဲ့တွေ့မှ သိလာခဲ့ရတာ... "

" ကျွန်တော်ကတော့ ဘဝအဓိပ္ပါယ်ဆိုတာလဲ မသိဘူး... အချစ်ဆိုတာကြီးကိုလဲ မသိချင်ဘူး... ကျွန်တော်က အချိန်တန်ရင် Jay သိမ်းပိုက်တာကိုပဲ ခံရမှာ ... Jay နဲ့ပဲ လက်ထပ်ရမှာ... ဒါကြောင့် ပြဿနာတွေ မရှာချင်ပါနဲ့ Sunghoon "

" ပြတ်သားလှချည်လား အဆော ရယ်... ဒါဆို မောင် မေးပါအုံးမယ်... အဆော အဲ့ Jay ဆိုတဲ့ လူကြီးကို ချစ်လား "

" ကျစ်! ကျွန်တော့်ကို စိတ်ရှုပ်စရာတွေ မမေးပါနဲ့လား... Sunghoon ကို ပြန်ခိုင်းနေတာသာ အာရုံစိုက်ပါ... ဒီမှာ ကြာကြာနေရင် မကောင်းဘူးလို့ "

ဘယ်လောက်ပဲ ပြန်ဖို့ ပြောနေနေ တဇွတ်ထိုးသမားကြီးကတော့ နားမဝင်.... သူ ပြောချင်တာတွေ ပြောနေတုန်း။

" မောင့်ကို ရှောင်မနေပါနဲ့လား အဆောရယ်... အဆော မောင့်ကို မမြင်မတွေ့ချင်လိို့ ရှောင်နေတယ်ဆိုတဲ့ အသိကြီးက မောင့်ကို ခံရခက်စေလို့ပါ..."

" ရှောင်မနေစေချင်ရင် ကျွန်တော် မကြိုက်တာတွေ မလုပ်နဲ့လေ... Sunghoon ဒီလိုတွေ လုပ်နေတာက ကျွန်တော့်ကို အခက်တွေ့စေတယ်လို့ ကျွန်တော် ဘယ်နှခါ ပြောရမလဲ "

" ဒါဆို မောင်က အဆောအတွက် အနှောက်အယှက်ကြီး ဖြစ်နေတာပေါ့ "

" ကျွန်တော် အဲ့လို ဆိုလို ချင်တာ မဟုတ်ပါဘူး ... ဒါပေမယ့်လဲ Sunghoon အဲ့လိုတွေ လုပ်နေတာကြောင့် ကြာတော့ ကျွန်တော် စိတ်ဆင်းရဲလာပြီ... Sunghoon က ဘယ်တော့မှလဲ ကျွန်တော့်ပြောစကားကို နားမထောင်ဘူး "

Sunoo ရဲ့ပြောစကားမှာ တဖက်က Sunghoon စကားသံတွေ တိတ်ဆိတ်သွားတာ မိနစ်ပိုင်းမျှ...ဖုန်းထဲကနေ အသက်ရှူသံပြင်းပြင်းတွေကိုသာ ကြားနေရသည်။ ခဏအကြာမှာတော့

" ဒါဆို အဆော မောင့်ကို မမြင်မတွေ့ရရင် စိတ်ချမ်းသာမှာလား "

"ဟို... "

ကျွန်တော်ဘယ်လို ပြောလို့ထွက်ပါ့မလဲ...

မမြင်မတွေ့ချင်တာမှ မဟုတ်တာ... သူ့အတွက် အန္တရာယ်တွေ ရှိလာနိုင်လို့ပြောနေရတာ...

ကျွန်တော် ရှေ့ဆက် မပြောနိုင်ခင်မှာပဲ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရပြီးနောက်

" စိတ်ချပါ... အဆော မကြိုက်ရင် မောင် အဆောရှေ့ကို မလာတော့ပါဘူး... အဆော ရှိရာကိုပဲ ခြေဦးလှည့်နေမိတဲ့ မောင့် ခြေလှမ်းတွေကိုလဲ မောင် သတိထားပါ့မယ်... ဒီကရှေ့လျှောက် အဆော စိတ်ချမ်းသာ သလိုပဲ နေပါတော့... အဆောကို စိတ်ဆင်းရဲရစေမယ့် ဘယ်လို အလုပ်မျိုးမှ မောင် မလုပ်တော့ပါဘူး.... "

" ကျေးဇူးတင်ပါတယ်..."

တိုးဖျော့သွားတဲ့ စကားသံလေးနဲ့အတူ လှုပ်ရှားမှုတွေ ငြိမ်သက်သွားတဲ့ အဖြူရောင်လေး...

အထိခိုက်မခံနိုင်တဲ့ စိတ်ကလေးက ဒီလိုစကားတွေ ကြားရတော့လဲ အားအင်တွေ မရှိတော့သလိုပဲ။

သူ့အတွက် မဖြစ်သင့်တာ မဖြစ်ရလေအောင် တားမြစ်ပိတ်ပင်ပြီး ကိုယ်နဲ့ ဝေးဝေးမှာ နေဖို့သာ တွင်တွင်ပြောနေရပေမယ့် တကယ်တမ်း Sunghoon ဘက်က လက်လျှော့တော့မယ့် စကားတွေ ပြောလာတော့လဲ လက်မခံချင်။

ကျွန်တော် ဘာဖြစ်ချင်နေတာလဲ...

ဒီလို ဖြစ်နေမိတဲ့ ကိုယ့်ခံစားချက်ကြီးကိုယ်လဲ မုန်းလိုက်တာ အရမ်း။

" အဆော...."

" ဟုတ်ကဲ့ "

" မောင့်ကို နောက်ဆုံး တစ်ခါလောက်တော့ ပြောခွင့်ပေးပါ... မောင် အဆောကို အရမ်းချစ်တယ်... အဆော စိတ်ချမ်းသာဖို့ မောင် နောက်ဆုတ်လိုက်တာက အဆောကို မချစ်တော့လို့ မဟုတ်ဘူး... အရမ်းချစ်လို့ဆိုတာ သိထားပေးပါ... "

" မချစ်ပါနဲ့... Sunghoon ကျွန်တော့်ကို မချစ်ပါနဲ့... ကျွန်တော်က ဘယ်သူ့အချစ်တွေကိုမှ လက်ခံလို့မရတဲ့ လူတစ်ယောက်မို့ နောက်ထပ် ချစ်တယ်ဆိုတဲ့စကားတွေ ထပ် မပြောပါနဲ့လား... ကျွန်တော် မကြားချင်လို့ပါ "

" ချစ်တယ်ဆိုတဲ့ စကားတောင် မကြားချင်လောက်အောင်ပဲလား... အဟက်! ဒါဆို မောင် အဆောကို ချစ်တယ်လို့ မပြောတော့ဘူး... အဆောကပဲ မောင့်ကို မုန်းတယ်လို့ ပြောပေး "

" ဘာဆိုင်လို့လဲ "

" ပြောပါ မုန်းတယ်လို့... အချစ်မခံရတဲ့ ဘဝမှာတော့ အမုန်းတွေကိုပဲ လက်ခံယူပါ့မယ်... ပြောပါ မောင့်ကို... မုန်းတယ်လို့ "

" ဟင့်အင်... ကျွန်တော် Sunghoon ကို မမုန်းပါဘူး ... ကျွန်တော်တို့ကြား ဆက်ဆံရေးမှာ အမုန်းတွေ ပါစရာ လိုလို့လား "

" မချစ်ရင်တော့ မုန်းရမှာပဲလေ အဆော... "

" အဓိပ္ပါယ်တွေ မရှိလိုက်တာ Sunghoon ရယ်... ပြန်ပါတော့ ... ကျွန်တော် တောင်းပန်ပါတယ် .... ပြန်လိုက်ပါ နော် "

" မောင့်ကို ပြန်စေချင်ရင် မျက်နှာလေးတော့ ထွက်ပြပါ အဆောရယ်... မောင် အဆောကို လွမ်းလွန်းလို့ပါ... မျက်နှာလေး မြင်ရပြီးရင် မောင် ပြန်ပါ့မယ် "

Sunoo သက်ပြင်းကိုသာ နာနာလေးဖိချ လိုက်မိတော့သည်။

ဘယ်လို ပြောမကောင်းဆိုမကောင်းလေးလဲ။

ဘာပြောပြော နားမထောင် တဇွတ်ထိုး ထင်ရာတွေပဲ လုပ်နေတော့မှာလား Sunghoon ရယ်။

ဒီတိုင်းနဲ့ ပြန်ခိုင်းလို့ မရမှာမှန်းသိနေတော့ Sunoo ပြတင်းပေါက်ကနေ မျက်နှာလေးပြဖို့ စဉ်းစားလိုက်ကာ လိုက်ကာလေးကို ဆွဲဖယ်လိုက်သည်။

ကျွန်တော် ဘယ်မှာမှန်းမသိသေးတဲ့ Sunghoon ဟာ အိမ်ကြီးဆီကို မျှော်ကြည့်နေဆဲ။

" ကျွန်တော် ဒုတိယထပ်က အနောက်ဆုံး အခန်းမှာ "

ပြောလိုက်တော့မှ မျက်လုံးအကြည့်တွေက ကျွန်တော့်ဆီကို ရောက်လာပြီး

" မောင် လွမ်းလိုက်ရတာ အဆောရယ် "

သေချာပေါက်ကတော့ Sunghoon ပါးပြင်ပေါ်က ပါးချိုင့်လေးလဲ ထင်းလို့ရှိလိမ့်မယ်။

ဖြစ်ချင်တာ ဖြစ်နေရရင် အမြဲ ပြုံးနေတတ်တဲ့ သူမလို့လေ။

" Sunghoon ပြောတဲ့အတိုင်း ကျွန်တော် လုပ်ပေးပြီးပြီနော်... ပြန်တော့ "

" ချက်ချင်းကြီး အဆောရယ်...ခဏနေပါအုံး မောင် ဝအောင် ကြည့်ပါရစေအုံး... ဒီမျက်နှာလေးကို မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ "

" စောနကတော့ ကျွန်တော့််ကို စိတ်ဆင်းရဲအောင်မလုပ်ဘူး ဆို... ပြန်တော့လေ "

" အင်း...မောင် မင်းမျက်နှာလေး မြင်လိုက်ရပြန်တော့ အဲ့စကားတွေ မေ့ပစ်ချင်သွားပြီ "

" ဟွန်း.. အမျိုးမျိုးပဲ တတ်လဲတတ်နိုင်တယ် "

မီးတိုင်အောက်က Sunghoon ရှိရာဆီ အကြည့်တို့ပို့ထားပြီး စကားပြောနေခိုက် Sunghoon အနားကို ပြေးဝင်လာတဲ့ လူနှစ်ယောက်။

ဟာ.. ဒါ Jay ရဲ့ လူတွေပဲ...

ကြည့်နေတုန်းမှာပဲ Sunghoon အနားကို ရောက်လာပြီး ဆောင့်တွန်းပစ်လိုက်တာကို မြင်လိုက်ရလေသည်။

" Sunghoon... ပြန် ပြန်တော့ Jay သိ - အ!!! "

Sunghoon ကို သတိပေးစကားပြောနေတဲ့ Sunoo မှာလဲ စကားဆုံးအောင် မပြောလိုက်ရ။

လက်ထဲက ဖုန်းလေးဆွဲလုခံလိုက်ရပြီး နံရံဆီ အားနှင့် ပစ်ပေါက်ခြင်း ခံလိုက်ရလေတော့သည်။

ခွမ်း!!!!

" Jay !!! "

ဖြောင်း!!!

ဖြောင်း!!!!

ပူထူသွားတဲ့ ပါးနှစ်ဖက်နဲ့အတူ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပျက်။

" ငါ ကြည့်နေတာ ကြာပြီ!! ... အဲ့ကောင် အိမ်ရှေ့ ရောက်ကတည်းက... ဘယ်အချိန် ပြန်မလဲလို့ ငါစောင့်နေတာ!!! ... ဘာတွေ အမျှင်တန်းနေတာလဲ.. ဟမ်!! ပြောစမ်း.. ဘာတွေ အလွမ်းသယ်နေကြလို့ အဲ့လောက် အကြာကြီး ထိ... ငါ! - ကွာ!!! - လုပ်လိုက်ရင် တစ်ချက်ထဲ သေအုံးမယ် "

ကြမ်းပြင်ပေါ်က ပြန်ထမလာတဲ့ Sunoo ကို ရင်ဘတ်အင်္ကျီစကနေ ဆွဲဆောင့် ထူ လိုက်ပြီး ရိုက်ဖို့ လက်ရွယ်လိုက်တော့ အကြောက်လွန်နေတဲ့ ခန္ဓာကိုယ် လေးက တဆက်ဆက်တုန်နေပြီး ခေါင်းလေးငုံ့ချသွားသည်။

ထို့ကြောင့် Jay ရိုက်မယ့်လက်တွေကို ဘေးက စားပွဲပေါ် အားကုန် ထိုးချလိုက်ပြီး ကြောက်လို့ တုန်နေတဲ့ ခန္ဓာကိုယ်လေးကို ရင်ဘတ်ကနေ ဆောင့်တွန်းပစ်လိုက်သည်။

ဝုန်း!!!!

အ့!!

နောက်မှာရှိတဲ့ စားပွဲနဲ့ ပစ်ဆောင့်မိသွားတဲ့အတွက် မျက်နှာလေးက မဲ့ကျသွားပြီး ကြမ်းပေါ် မှာ ခွေခနဲ။

ဒါပေမယ့် ဒေါသတွေနဲ့ လောင်မြိုက်နေတဲ့ Jay ကတော့ သနားရကောင်းမှန်း မသိ။ လက်ညှိုးငေါက်ငေါက်ထိုးကာ

" ထ စမ်း!!!.. Kim Sunoo !!! ခု ချက်ချင်း ထ...မင်း လုပ်ချင်ရာ လုပ်ထားပြီးမှ ပျော့ညံ့ပြမနေနဲ့... "

"ကျွန်တော် ဘာလုပ်နေလို့လဲ Jay "

" မင်းလုပ်တာ မင်းသိမှာပေါ့ ကွ "

မီးဝင်းဝင်းတောက်နေတဲ့ Jay ရဲ့ မျက်လုံးတွေနဲ့ နီရဲခက်ထန်နေတဲ့ Jay ရဲ့ မျက်နှာကို Sunoo ကြမ်းပြင်ပေါ်ကနေ မော့ကြည့်ကာ

" ကျွန်တော် ဘာမှ လုပ်မထားဘူး... "

" ဘာကွ!!! အိမ်ရှေ့ထိတောင် အမျှင်တတန်းတန်း လိုက်လာတာ မင်း ဘာမှ လုပ်မထားလို့လား... မင်း ဘာမှ လုပ်မထားဘဲ အဲ့ကောင် ဘာလို့ မင်းအိမ်ရှေ့ထိ ရောက်လာလဲ... ပြောစမ်း.. ငါ့ကို လိမ်စမ်း.. မင်း လိမ်တတ်သလောက် လိမ်စမ်း ငါ့ကို "

ကြမ်းပြင်ပေါ်က မထနိုင်နေတဲ့ Sunoo ရဲ့ ပါးစောင် နှစ်ဖက်ကို Jay ဆွဲကုတ်ညှစ်ထားလိုက်ကာ မေးတော့ ရှေ့က ကောင်ငယ်လေးက မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာချေပြီ။

ထိုအချိန်မှာပဲ အခန်းထဲကို ပြေးဝင်လာတဲ့ ခြေသံတွေ ကြားလိုက်ရပြီး ရောက်လာတာက Sunoo မေမေ နဲ့ ပထွေး။

" CEO ရယ်.. သားကို ဆုံးမ စရာရှိနေရင်လဲ ဖြည်းဖြည်းသက်သာ ဆုံးမပါ... ဒီလို ကိုယ်ထိလက်ရောက်ကြီးတော့"

" သတ်ပစ်မှာ... ကျုပ်က.. ကျုပ်မကြိုက်တာ တစ်စ လေးပဲ လုပ်ကြည့်... ကျုပ်သိတာနဲ့ ချက်ချင်း မြေမြှုပ်ပြီးသားပဲ "

" Jay !!! "

မေမေ့ရှေ့မှာ စကားတွေ မလွန်စေဖို့ Sunoo အလောတကြီး ဟန့်ထားလိုက်သည်။ ပြီး ကြမ်းပေါ်မှ ကုန်းထတော့ မေမေက လက်မောင်းကနေဆွဲကာ တွဲထူပေးသည်။

" မေမေ အပြင်ထွက်နေပါ... ကျွန်တော် ဘာမှ မဖြစ်ဘူး "

လက်မောင်းဆီမှ မေမေ့လက်တွေကို ဆွဲဖြုတ်ကာ အပြင်ထွက်နေဖို့ ပြောတော့ မေမေက လက်မခံ။

Jay ကတော့ ခါးထောက်ခါ မေးကြောကြီးတွေ ထောင်ထနေအောင် အံကြိတ်ထားပြီး အခန်းထဲမှာခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ မေမေ့ရှေ့မှာမို့ ဒေါသကို မျိုသိပ်နေရဟန် တူပါသည်။

ပြဿနာတွေကြား မေမေ့ကို မပါစေလိုတာကြောင့် Sunoo မေမေ့ကို အပြင်ထွက်နေဖို့သာ ပြောလိုက်သည်။

" မေမေ... ကျွန်တော် Jay နဲ့ စကားပြောစရာရှိနေလို့ အပြင်ထွက်နေပေးပါနော်... ကျွန်တော် အဆင်ပြေတယ်. ဘာမှမဖြစ်ပါဘူး... စိတ်ချပါ "

နီရဲယောင်ကိုင်းနေတဲ့ ပါးပြင်လေးတွေနဲ့ အဆင်ပြေပါတယ် ပြောနေတဲ့ Sunoo ရဲ့ ပါးလေးတွေကို မေမေက ဖွဖွလေး အုပ်ကိုင်လိုက်ကာ မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေပြီး

" သားလေး... ဘာတွေဖြစ်ခဲ့တာလဲ သားရယ်... CEO ကြီး ခုလောက်ထိ စိတ်ဆိုးအောင် သား ဘာတွေ လုပ်ထားတာလဲ "

" သား ဘာမှ လုပ်မထားဘူး.... အဲ့ကိစ္စ Jay နဲ့ ရှင်းစရာလေး ရှိနေလို့ မေမေ အပြင်မှာပဲ စောင့်နေပါနော် "

" ကဲ မိန်းမ... သူတို့ ပြဿနာ သူတို့ဘာသာ ရှင်းလိမ့်မယ်... ထားခဲ့တော့ "

ပထွေးကပါ မေမေ့လက်တွေကို ဆွဲပြီး ခေါ်နေတာကြောင့် မေမေ အပြင်ထွက်ဖို့ ပြင်လိုက်ပြီးမှ

" CEO Park ကို အန်တီ တစ်ခုလောက် တောင်းဆိုပါရစေ... သားလေးက အမြဲတမ်း CEO စကား တစ်ခွန်းပါပဲ.. အဲ့ဒါကြောင့် သဘောမကျတာ ရှိရင်လဲ စကားနဲ့ပဲ ပြေရာပြေကြောင်း ပြောစေချင်တယ်...အန်တီ့သားကို ဒီလို အနာတရဖြစ်အောင်တွေ မလုပ်စေချင်ဘူး... အန်တီ သားရဲ့ အမေတစ်ယောက် အနေနဲ့ အဲ့လောက်အထိတော့ လက်မခံနိုင်ဘူး CEO "

Jay ကတော့ မေမေ့ပြောစကားကို မကြားလေဟန်နဲ့ အင်းမလုပ် အဲမလုပ် တစ်ဖက်သို့ လှည့်နေလေသည်။ ပထွေးဖြစ်သူက စိတ်မရှည်ဟန်နဲ့ ဆွဲခေါ်သွားတော့မှ အပြင်သို့ ရောက်သွားလေတော့သည်။ မေမေတို့ အခန်းပြင်ရောက်လို့ တံခါးပိတ်သွားတော့မှ

" မင်း လုပ်နေတာတွေ ငါ မသိဘူး မထင်နဲ့နော် Kim Sunoo... မင်းကို လူငယ်ဘဝ လွတ်လပ်ပါစေတော့ ဆိုပြီး လွှတ်ပေးထားတာ ဒီလိုတွေ လွတ်ချင်တိုင်း လွတ်နေဖို့ မဟုတ်ဘူး "

" ဒါဆို ပြောပြလေ... Jay သိနေပါတယ်ဆိုတဲ့ ကျွန်တော် လုပ်နေတဲ့ အရာတွေက ဘာတွေလဲ...ပြော.. ကျွန်တော်နဲ့ ဒဲ့ပြောလို့ရတယ်"

" ဟား ဟား ဟား အသံကောင်း ဟစ်လှချည်လား... ဒါဆို မင်း လုပ်နေတာတွေ အရမ်းမှန်နေတယ်ပေါ့လေ ဟုတ်လား "

" Jay က ကျွန်တော့်ကို ဘာကြောင့် သံသယ ဝင်နေမှန်းမသိပေမယ့်... ကျွန်တော် Jay မသိအောင် ဘာမှလုပ်မထားဘူးလေ Jay ရယ်... ကျွန်တော့်ကို ယုံပေးပါ "

" မင်း ဘာမှလုပ်မထားရင် အဲ့အကောင်က ဘာလို့ မင်း အိမ်ရှေ့ ရောက်နေလဲလို့... ပြောစမ်း...ငါ ယုံအောင်ပြော "

" မသိဘူး Jay ရယ်... ကျွန်တော် မသိဘူး... သူ့ဘာသာ လာတာလဲ ကျွန်တော့်အပြစ်လား လို့..... Jay မကျေနပ်သေးရင် ထပ်ရိုက်လိုက်... ကျွန်တော့်ကို ဘာဖြေရှင်းချက်တွေမှ တောင်းမနေနဲ့.. Jay မကျေနပ်ရင် ကျွန်တော့််ကို ထပ်ရိုက်လိုက်ပါ..ကျွန်တော့််ကို မယုံမကြည် ဖြစ်နေရင်လဲ Jay ကြိုက်သလိုသာ စီရင်လိုက်ပါ"

စားပွဲကို လက်နောက်ပြန်ထောက် မှီထားပြီး ခေါင်းလေးငုံ့လို့ လေသံလေးတိုးသွားတဲ့ Kim Sunoo။

သူ့အားကြီးနဲ့ လွှဲရိုက်လိုက်တဲ့ ဒဏ်ကြောင့် နီရဲ ယောင်ကိုင်းလာတဲ့ ပါးလေး နှစ်ဖက်ရယ်၊ နှုတ်ခမ်းဒေါင့်စွန်းက သွေးစို့နေတဲ့ အရာလေးရယ်၊ သူဆွဲဆောင့်ထားလို့ ကြယ်သီးတွေပြုတ်ထွက်နေတဲ့ ကြေမွမွ အင်္ကျီလေးရယ်၊ ဆံပင်လေးတွေ ဖရိုဖရဲနဲ့ အငိုမျက်နှာလေးရယ်...

Jay သူ့စိတ်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ လုပ်ရသည်။

မဟုတ်ရင် ဒီ ဖရိုဖရဲလေးက တစ်စဆီ ဖြစ်တော့မှာ...

" မင်း စကားကို မင်းတာဝန်ယူနော် Kim Sunoo မင်းဘက်က မှန်ကန်နေပါတယ်ဆိုရင် မင်း သက်သာမယ်...​အေး မဟုတ်လို့ကတော့ မင်း တစ်စဆီဖြစ်ဖို့ ပြင်ထား... ငါ အဲ့ကောင်ဆီ ခုသွားမယ်.. ဘာသဘောနဲ့ မင်း အိမ်ရှေ့ ရောက်နေလဲဆိုတာ ငါ သိအောင် လုပ်မယ်... စောင့်နေလိုက်... မင်းတို့နှစ်ယောက်လုံး... မရိုးသားတာ တစ်ခုခု တွေ့လို့ကတော့ နှစ်ယောက်လုံးကို ငါ ကိုယ်တိုင် စီရင်မယ် အရှင်မထားဘူး မှတ် "

ဟင့်အင်... မဟုတ်ဘူးလေ...

သူ့ဆီ လိုက်သွားရင် အခြေအနေတွေက ပိုဆိုးကုန်တော့မှာ။

Jay ကလဲ တစ်ယူသန် ဒေါသကြီးတတ်တဲ့လူ

Sunghoon ကလဲ တဇွတ်ထိုး တဇောက်ကန်းနဲ့ ဂျစ်ကန်ကန်ရယ်...

ဒီလို လူနှစ်ယောက် ထိပ်တိုက်တွေ့ရင် ဘာတွေဖြစ်ကုန်မလဲ...

" Jay... မသွားပါနဲ့... သူ့ဆီ လိုက်သွားဖို့မှ မလိုဘဲ.. ကျွန်တော် ပြောတာ ယုံပါ.. ဒီတိုင်း ဒီတိုင်း သတိရလို့ ရောက်လာခဲ့တာပါ... မတွေ့ဖြစ်ကြလို့ သတိရလို့ ဖုန်းဆက်လာတာပါ "

" အော်ဟော်ဟော်... မင်းက မင်းကောင်ဆီ လိုက်သွားမယ်ဆိုတာနဲ့ပဲ သွေးရူးသွေးတန်း အမှန်တွေ ထွက်ကျလာတာပါ့ပဲကွ...ဘာလဲ ထိခိုက်မှာ စိုးတာလား.. ငါ အဲ့ကောင်ကို တစ်ခုခု လုပ်လိုက်မှာ စိုးလို့ တားနေတာလား ဟုတ်လား "

" ဟင့်အင်... မဟုတ်ဘူး... မဟုတ်ဘူး Jay "

" သွားမှာ... မင်း တားနေလို့ကို ငါ သွားမှာ... မင်းကို သတိရလို့ မင်း အိမ်ရှေ့လာတယ်ဆိုတာကိုက အဲ့ကောင် မရိုးသားတာ... အဲ့ဒီ့ မရိုးမသားစိတ်တွေကို အပြတ်ဖြတ်ပေးဖို့ ငါ အခုပဲ အဲ့ကောင်ဆီ သွားပြီ "

စကားမှားသွားခဲ့တာ...

Jay လိုက်သွားရင် ပိုရှုပ်ကုန်မှာစိုးလို့ အလောတကြီး ပြောလိုက်မိတာက မှားသွားတာ။

သူပြောလိုက်မှ အခြေအနေတွေက ပိုဆိုးကုန်ပြီပဲ။

ခြေသံပြင်းပြင်းနဲ့ ဝုန်းဒိုင်းကြဲ ထွက်သွားတဲ့ Jay ကို Sunoo နောက်ကနေ လိုက်ဆွဲပြီး

" Jay... ကျွန်တော် တောင်းပန်ပါတယ်... လိုက်မသွားပါနဲ့... ကျေးဇူးပြုပြီး သူ့ကို ဘာမှ မလုပ်ပါနဲ့... "

" ဖယ်စမ်း "

လက်မောင်းက အင်္ကျီစကို ဆွဲကာ တားနေတဲ့ Sunoo ကို Jay လက်ကိုယမ်းပြီး ဖယ်လိုက်တာမှာ လက်ပြန်ရိုက်မိသလိုဖြစ်ကာ ကြမ်းပြင်ပေါ် လဲကျသွားပြန်တဲ့ Sunoo...

ဒါကိုပဲ အမှတ်မရှိ ကြမ်းပြင်ပေါ်ကနေ မိရာလှမ်းဆွဲထားတာက Jay ရဲ့ ခြေသလုံးတစ်ဖက်။

လက်နှစ်ဖက်နဲ့ ဆွဲဖက်ထားကာ လိုက်မသွားဖို့ တတွတ်တွတ် တောင်းပန်နေသည်။

အလိုလိုမှ Jay ဟာ Sunoo နှုတ်က တစ်ဖက်သားအပေါ် သနားညှာတာ တာမျိုး ၊ တစ်ဖက်လူအတွက် တောင်းပန်တာမျိုး လုပ်ရင် လက်ခံမပေးတတ်တဲ့ လူမလား...

ဒီလိုတွေ တောင်းပန်နေတော့ သူ့စိတ်ထဲက သံသယက ပိုပြီး ကြီးမားပြီပေါ့။

ခြေသလုံးကိို ဖက်တွယ်ထားတဲ့ Sunooရဲ့ လက်တွေကို ဆွဲခွာချလိုက်ပြီး ကောက်ပွေ့လိုက်ကာ ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

" ငါ ပြန်မလာမချင်း မင်း ဒီအခန်းထဲကနေ ခြေတစ်လှမ်း မရွေ့နဲ့... ငါ အဲ့ကောင်ဆီသွားပြီ အတည်ပြုပြီးရင် မင်းနဲ့ ငါ ထပ်တွေ့မယ် "

ကုတင်ပေါ်ကနေ မျက်ရည်တွေနဲ့ ခေါင်းလေးယမ်းပြနေသူကို Jay လက်ညှိုးထိုးကာ ကြိမ်းမောင်းခဲ့ပြီး တံခါးကို အသံမြည်အောင် ဆောင့်ပိတ်ခဲ့ကာ ထွက်လာခဲ့လိုက်သည်။

မီး မို့ မလောင်ခင် တားဖို့ လိုပါတယ်။

ကုတင်ပေါ်က မျက်ရည်တွေနဲ့ Sunoo မှာတော့ ဒေါသတကြီး ထွက်သွားတဲ့ Jay ရဲ့ ကျောပြင်ကို ငေးကြည့်ရင်းသာ...

ခုတော့ ဘယ်လို လုပ်ကြတော့မလဲ Sunghoon ရယ်...

ဒါတွေ ကြိုမြင်လို့ ကျွန်တော် တားမြစ်နေတဲ့ ကြားက...

Jay လူနှစ်ယောက် ဆွဲခေါ်ရာနောက် ပါသွားတဲ့ Sunghoon ရဲ့ ပုံရိပ်ကိုသာ မျက်လုံးထဲ ပြန်မြင်ယောင်လာပြီး ဆုတစ်ခုကို တိိုးတိုးလေး တောင်းလိုက်မိတယ်။

Sunghoon ဘာမှ မထိခိုက်ပါစေနဲ့ကွယ်....

ထွက်သွားတဲ့ Jay မှာလဲ ဆုံးရှုံးမခံနိုင်တဲ့ ပူလောင် ပြင်းရှမှုတွေနဲ့...

ကျန်နေခဲ့တဲ့ Sunoo မှာလဲ မဖြစ်သင့်တာတွေ ဖြစ်လာမှစိုးတဲ့ ကြောက်ရွံ့မှုတွေနဲ့....

ဒါဆို မမြင်နိုင်တဲ့ တစ်နေရာက Sunghoon မှာရော....

ဘာတွေ ဖြစ်နေမလဲ...

**********************************

Love you all my Vitamins 💙

San Htarni 💙

2.4.2023

Comment