~ 4 ~

~ 4 ~

မနက်စာ ထမင်းဝိုင်းမှာ မေမေရယ် ကျွန်တော်ရယ် ညီမလေးရယ်တူတူထိုင်နေကြရင်း မစားသေးဘဲ ကျွန်တော်တို့အိမ်ရဲ့ အိမ်ထောင်ဦးစီးဆိုသူကို စောင့်နေကြရသည်။

ဒီလိုပါပဲ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ မေမေနဲ့ကျွန်တော်က သူပြီးမှ ပြီးရတာတွေ... သူ ခွင့်ပြုမှ လုပ်ရတာတွေ... တစ်ခါတစ်ခါ ငါ အိမ်ထောင်ဦးစီးပဲဆိုပြီး သူ လုပ်ချင်ရာ လုပ်သွားတာတွေကို ပြန်တွေးမိရင် ရင်ဘတ်ထဲက နာနာလာတယ်။

ဖေဖေထားခဲ့တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံခဲ့တဲ့ ကျွန်တော်နဲ့မေမေ့ ဘဝထဲကို အရွယ်မရောက်သေးတဲ့ သားတစ်ယောက်နဲ့ လည်လည်ဝယ်ဝယ်မရှိတဲ့ တစ်ကောင်ကြွက် မေမေက အားကိုးရှာတဲ့ အနေနဲ့ နောက်အိမ်ထောင်ပြုလိုက်တော့ ကျွန်တော်နဲ့ မေမေ မှီခိုလို့ရပြီ ထင်ခဲ့တာပေါ့။

ဖေဖေ့စည်းစိမ်တွေပေါ် အခန့်သားထိုင်ကာ သူပဲ စီမံ သူပဲ ခန့်ခွဲပြီး စည်းစိမ်တွေဟာ တိုးမလာတဲ့အပြင် ယုတ်လျော့ ယိုင်နဲ့လာတဲ့ အချိန်မှ ကျန်းမာရေးမကောင်းတဲ့ ညီမလေးက လူ့လောကထဲ ရောက်လာခဲ့တော့ အရာရာဟာ ယိုယွင်းပျက်စီးလာခဲ့ရတယ်။

အဟင်း...အိမ်ထောင်ဦးစီးဆိုတဲ့ လူကြီး ဦးစီး ဦးဆောင်မှုတွေ ကောင်းခဲ့လို့ပေါ့။

အခုလဲ Jay ရဲ့ ပံ့ပိုးမှုတွေနဲ့ ပြန်လည်ဦးမော့လာခဲ့ရတဲ့ အိမ်ရဲ့ စီးပွားရေးကို သူကပဲ စွမ်းစွမ်းတမံ ဆောင်ရွက်လို့ အောင်မြင်လာရသလိုနဲ့ တစ်အိမ်လုံးအပေါ် သြဇာအာဏာတွေ ပေးနေတာ မပြီးနိုင်တော့။

စောင့်နေရတာ ကြာလာတော့ Sunoo စိတ်မရှည်ချင်တော့။ လက်က နာရီလေးကို ကြည့်လိုက်တော့ ပုံမှန် မနက်စာ စားချိန်ထက် အတော်လေးကို ကျော်လွန်နေလေပြီ။ ထို့ကြောင့်

" မနက်စာ စားဖို့အချိန် အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား မေမေ...သားတို့ ဒီအချိန်ထိ ထိုင်စောင့်နေဖို့ လိုလို့လား "

" သား အဖေ မနေ့ညက အလုပ်လုပ်တာ ညနက်သွားလို့ပါ သားရဲ့... မေမေ နှိုးခဲ့ပါပြီ... ခဏနေ လာပါလိမ့်မယ် "

" ဒါဆိုလဲ ညီမလေးကို ကျွေးထားနှင့်လိုက်တော့ မေမေရာ... ကလေးက အဆာလွန်သွားရင် မကောင်းဘူး "

ကျွန်တော့်စကားအဆုံး နောက်မှာရောက်နေပြီဖြစ်တဲ့ ပထွေးက

" ငါ စည်းကမ်းချထားပြီးသား ကိစ္စတစ်ခုကို မင်းက ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ပြောရအောင် ဘာ အခွင့်အာဏာနဲ့လဲ "

ပြောပြောဆိုဆို ခုံမှာ ဝင်ထိုင်လိုက်တဲ့ ပထွေးကို ကြည့်လိုက်ပြီး

" ကလေးအတွက် အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား "

"နောက်ကျလဲ ဒါ ငါ့သမီး... ငါ့ သမီး ငါ့ကိုစောင့်ရလို့ ထမင်းစား နောက်ကျတာ ဘာမှမဖြစ်ဘူး "

ဒါ ဘာစကားကြီးလဲ...ဒါဟာ တာဝန်သိတတ်တဲ့ ဖခင်တစ်ယောက်ဆိုရင် ဘယ်လိုမှ ပြောထွက်လာမှာ မဟုတ်တဲ့ စကားကြီးလေ။ ထို့ကြောင့် Sunoo က

"ကလေးက ကျန်းမာရေး မကောင်းဘူးလေ အဖေ "

"အဲ့ဒါ ငါက မသိလို့လား "

" ကဲ ဒီ သားအဖ ထမင်းမစားကြတော့ဘူးလား ဒီမနက် "

" မင်း,  သားက ဝင်စွက်ဖက်နေလို့လေ ''

" ညီမလေး အဆာလွန်မှာ စိုးလို့ ပြောနေတာက ဝင်စွက်ဖက်တယ် ဖြစ်ရရောလား အဖေ "

" အဟွန်းး အရွယ်လေး ရောက်လာတော့လဲ ဝင်ပြီး စီမံခန့်ခွဲချင်နေပြီနဲ့ တူပါရဲ့ "

" ယောကျာ်းရယ် သားကြီးက သူ့ညီမအတွက် စိတ်ပူလို့ ပြောတာပါ... သားမှာ အဲ့လိုစိတ်ထားမျိုး မရှိတာ ရှင်လဲ သိရဲ့သားနဲ့ "

" အဲ့လို စိတ်ထား ရှိမရှိက သူပဲ သိမှာပေါ့ "

" ယောကျာ်း!! "

ပထွေးလုပ်သူရဲ့ မထိတထိ အပြောတွေကြောင့် မေမေက ဝင်ဟန့်တားတော့

" အင်းပါ... ငါက သဘောပြောပြတာပါ... ဘယ်လိုပဲ ကိုယ့်သား ဖြစ်နေပါစေ သူတို့စိတ်ထဲကို ကိုယ်တို့က ဝင်ကြည့်လို့မှ မရတာ "

Sunoo ကို မျက်လုံးတစ်ချက် လှန်ကြည့်လာပြီးမှ သူ့ထမင်းသူ ငုံ့စားပြီး အသံတိတ်သွားတဲ့ ပထွေးကြောင့် ထမင်းဝိုင်းက စကားသံတွေ တိတ်သွားရတော့သည်။

စားလို့ပြီးခါနီးတော့ ပထွေးကပဲ

" ဒါနဲ့ မင်း ဒိီရက်တွေမှာ ဘာလို့ ကျောင်းမသွားတာလဲ "

"ကျွန်တော် မသွားချင်လို့ "

"ဘာလဲ CEO ကို ဆန္ဒပြနေပြန်တာလား... ဘယ်တော့မှလဲ ရခဲ့တာ မဟုတ်ဘဲနဲ့ "

"အဲ့လို မဟုတ်ပါဘူး "

"မဟုတ်ဘူးဆိုလဲ အလိုက်သိသိနေကွာ... မင်း ညီမ ဆေးပြရက်က နီးလာပြီ... ဒီအတောအတွင်း CEO စိတ်ကြည်နေဖို့လိုတယ်... သူ မင်းဆီ မလာ မဆက်သွယ်ဘဲနေလဲ မင်းက စပြီး ဆက်သွယ်လိုက်...CEO သာ ပစ်ထားရင် ငါတို့ မိသားစု ဘယ်လို ဖြစ်သွားမယ်ဆိုတာ မင်းလဲ အသိပဲ "

" မသွားချင်ပါဘူး မသွားချင်လို့ သူနဲ့ စကားမပြောချင်လို့ကို ကျွန်တော့်ဘာသာ နေ နေတာ... ဘယ်တော့မှလဲ ကျွန်တော်က စပြီး ဆက်သွယ်မှာ မဟုတ်ဘူး ... အဖေ ခုချိန်ထိ သူ့ထောက်ပံ့မှု မပါဘဲ မရပ်တည်နိုင်သေးဘူးလား "

"ဘယ်လို... မင်း ဘာစကားပြောလိုက်တာလဲ Kim Sunoo... သူ့ ထောက်ပံ့မှုကို  ငါ့တစ်ယောက်ထဲအတွက် ငါ အသုံးချနေတာ မို့လို့လား... မင်းတို့ တစ်မိသားစုလုံး ပြေလည်ဖို့အတွက် အထောက်အပံ့ ယူနေရတာ မဟုတ်ဘူးလား "

" ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော့်ကိုတော့ ဖိအားမပေးပါနဲ့... ကျွန်တော်လဲ အလိုက်သိသင့်သလောက်တော့ သိပြီးပြီမလား... မေမေ ကျွန်တော် စားပြီးပြီမို့ သွားပါတော့မယ် "

ပထွေးဖြစ်သူနဲ့ အငြင်းမပွားချင်တော့တာကြောင့် ထမင်းစားခြင်းကို  အမြန်လက်စသတ်ကာ ထ လိုက်သည်။ ထိုအခါ မေမေက

" သားကြီးရယ် ဒီနေ့တော့ ကျောင်းသွားတတ်ပါတော့နော် "

" ကျွန်တော် သွားချင်စိတ်မရှိဘူး မေမေ "

" သား မသွားတာ ကြာလာရင် CEO စိတ်ဆိုးလိမ့်မယ်လေ သားရဲ့"

"သား ဂရုမစိုက်ဘူး... သူ့ဘာသာ စိတ်ဆိုးဆိုး "

" သား..."

"ကျွန်တော် ဟိုဖက်အိမ်က နှင်းဆီခြံထဲ သွားလိုက်အုံးမယ် မေမေ "

နားအေးပါးအေး နေချင်စိတ်ကြောင့် Jay သူ့အတွက် စိုက်ပျိုးပေးထားတဲ့ နှင်းဆီခင်းထဲ သွားနေဖို့ စိတ်ကူးမိတာကြောင့် မေမေ့ကို အသိပေးပြီး ထမင်းစားပွဲက လှည့်ထွက်လာခိုက် ပထွေးဖြစ်သူက

" အဟွန်းး သူ့အရိပ်ကနေလဲ လွတ်နိုင်တာမဟုတ်ဘဲနဲ့ "

ခနဲ့သလို မကြားတကြား ပြောလိုက်တဲ့ စကားကြောင့် သီးမခံနိုင်တော့ဘဲ ရှေ့ဆက်သွားမယ့် ခြေလှမ်းတို့ကို ရပ်လိုက်ကာ နောက်လှည့်ကြည့်လိုက်ပြီး

"အဲ့လို သူ့အရိပ်ကနေ ဘာလို့မလွတ်လဲ ဆိုတာ အဖေနေရာ ယူထားတဲ့ ခင်ဗျားက ပိုသိမယ် ထင်ပါတယ် "

" ဘာကွ...Kim Sunoo မင်း ဘာစကားပြောတာလဲ "

လက်ထဲက ကိုင်ထားတဲ့ တူကို စားပွဲပေါ် ဆောင့်ချပစ်ကာ ပထွေးက ဒေါသတကြီး အော်လေတော့သည်။

" ဘာစကားလဲ ဆိုတာ ကျွန်တော် မပြောလဲ  အဖေကသိမှာပါ "

" မင်းက မင်း လင် အားကိုးနဲ့ ငါ့ကို ပြန်ပြန်ပြောနေတာလား ဟုတ်လား "

" အဟင်းး အဖေတို့လဲ ကျွန်တော့်ရဲ့ လင်တော်ရမယ့်လူရဲ့ အားကိုးနဲ့ပဲ ခုလို နေနိုင်နေတာ မဟုတ်ဘူးလား"

" Kim Sunoo!!! "

" ကဲ  တော်ကြပါတော့ရှင်... သား ညီမလေးရှိနေတယ်လေကွယ်... သား သွားမယ့်နေရာကိုသာ သွားပါ...ယောကျာ်း ရှင်လဲ တော်တော့... အလုပ်သွားရမယ်မလား မနက်စာသာ ပြီးအောင်စား "

ရုတ်တရက်မို့ စိတ်လွတ်သွားကာ ညီမလေးရှိနေတာကို မေ့ပြီး စကားတွေ လွန်တော့မလို့....

ညီမလေးကို ကြည့်လိုက်မိတော့ ဘာမှ မသိနားမလည်တဲ့ ညီမလေးက သူတစ်ပြန် ကိုယ်တစ်ပြန် အော်ဟစ်နေကြတဲ့ အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူကို တစ်လှည့်စီကြည့်ကာ မျက်နှာလေး မဲ့နေလေပြီ။

ထို့ကြောင့် ဘာမှ ဆက်မပြောတော့ဘဲ နောက်ပါးဆီက ပြောဆိုနေသံတွေကို မကြားဟန်ဆောင်ကာသာ ထွက်လာခဲ့လိုက်တော့သည်။

.
.
.

ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးကတည်းက Jay လဲ သူ့ဆီမလာသလို သူလဲ Jay ဆီမသွားဖြစ်။

ကျွန်တော်ပြောလိုက်တဲ့ စကားကြောင့် ကုတင်ပေါ်မှာ ဖရိုဖရဲနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ကျွန်တော့်ပုံစံကို မေးကြောကြီးတွေ ထောင်ထနေအောင် အံကြိတ်ကာ  စူးစူးစိုက်စိုက်ကြည့်ပြီး အခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားပြီး ကတည်းက ခုထိ ကျွန်တော့် ရှေ့ကို ပေါ်မလာသေး။

အရင်ရက်တွေက ကျွန်တော် မလာရင်တောင်အိမ်ဘက်ကို ကိုယ်တိုင်လိုက်လာတာ ဖြစ်စေ ဖုန်းဆက်ခေါ်တာဖြစ်စေ လုပ်တတ်တဲ့ Jay က ခုလို တိတ်ဆိတ်နေတော့ အထူးအဆန်းတော့ ဖြစ်မိသား။

ဒါပေမယ့်လဲ သူ့ရှေ့မှာ မနေရတဲ့ ဒီရက်တွေ အတွင်းမှာတော့ ကျွန်တော့်စိတ်လေး တော်တော်ကြီးကို အေးချမ်းနေရတာ အမှန်။

စကားလေးတစ်ခွန်းနဲ့ Jay ရဲ့ ဒေါသစိတ်ရိုင်းတွေကို ချွန်းအုပ်လိုက်နိုင်ပေမယ့် ကျွန်တော် လုပ်ထားတဲ့ အပြစ်အတွက် အိမ်ထဲက အိမ်ပြင့် သုံးရက်တိတိ မထွက်ရဆိုတဲ့အမိန့်ပေးခြင်းကို ခံခဲ့ရသည်။

ပေးလေ...ပေးပေါ့...သုံးရက်မကလို့ ဘယ်နှစ်ရက် အပြင်မထွက်ရဘဲ အပြစ်ပေးပေး ကျွန်တော့်အတွက် ထူးမှ မထူးတာ...

အိမ်မှာနေမှ မွန်းကြပ်တာမဟုတ်ဘူး အပြင်သွားလဲ Jay ထည့်ပေးလိုက်တဲ့ သူ့ရဲ့ တပည့်တပန်းတွေရဲ့ စောင့်ကြည့်မှုအောက်မှာပဲ နေရတာ...

အဲ့တော့ သူအပြစ်ပေးတဲ့ သုံးရက်မကဘူး ဒီနေ့နဲ့ဆို ဆယ်ရက်ရှိပြီ။ ကျောင်းလဲ မသွား အပြင်လဲ မထွက်ဘဲ Jay ကို ကျွန်တော် ဆန္ဒပြနေတာ။

ဒါပေမယ့် အခန်းထဲမှာပဲ နေရတာ ပျင်းလာရင်တော့ ဒီနှင်းဆီဖြူပန်းခင်းကြီး အလယ်က ကျောက်စားပွဲ ကျောက်ထိုင်ခုံဖြူဖြူလေးပေါ် လာထိုင်ပြီး ပန်းလေးတွေရဲ့ ရနံ့ကို ရှူရှိုက်ကာ သီချင်းတွေ နားထောင်တယ်....ကျွန်တော် ကြိုက်တဲ့ စာအုပ်လေးတွေ ဖတ်တယ်။

Jay ဖန်တီးပေးထားတဲ့ ကျွန်တော့်ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာတော့ ဒီနေရာလေးကို သဘောအကျဆုံးပဲ။

ခုလဲ အိမ်မှာ ပထွေးနဲ့ တစ်ယောက်တစ်ခွန်း စကားများကြရင်း စိတ်တွေညစ်ညူးလာလို့ ပန်းခင်းကြီးထဲက ကျောက်ခုံဖြူဖြူလေးပေါ် နောက်ပြန်ထိုင်ပြီး စားပွဲကို ကျောမှီကာ နားမှာ နားကြပ်လေးကို တပ်ပြီး သီချင်းနားထောင်နေလိုက်သည်။

ဒီမြင်ကွင်းလေးကို သုံးထပ်တိုက်ကြီးရဲ့ အပေါ်ဆုံးထပ် ပြတင်းပေါက်တစ်ခုကနေ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ပြီး မမှိတ်မသုန် ကြည့်နေတဲ့ လူတစ်ယောက် ရှိနေတာကိုတော့ အဖြူရောင် ကောင်ငယ်လေး မသိခဲ့ဘူး။

ခေါင်းလေးကိုမော့ မျက်လုံးလေးတွေ မှိတ်ချထားကာ ခြေထောက်လေး တလှုပ်လှုပ်နဲ့ တေးသွားထဲမှာ စီးမြောနေတဲ့ ဘေဘီ့ကို Jay ကြည့်နေတာ ကြာပြီ။

Jay ကြည့်နေတုန်းမှာ ဘေဘီက ဘောင်းဘီ အိတ်ထဲ လက်နှိုက်လိုက်ပြီး တစ်စုံတစ်ခုကို ဆွဲထုတ်နေပုံရကာ အိတ်ကပ်က ကျပ်နေလို့ထင်ရဲ့ မတ်တပ်လေး ထရပ်ပြီးမှ အိတ်ကပ်ထဲက ဆွဲထုတ်လိုက်သည်။

လက်ကိုင်ပုဝါလေးလိုလို အဝတ်စလေး တစ်စ လက်ထဲ ပါလာလေသည်။ ပြီး နဂိုအတိုင်း ခေါင်းလေးမော့ စားပွဲကို ကျောလေးပြန်မှီကာ ထိုင်လိုက်ပြီး ပုဝါလေးကို ဖြန့်ကာ မျက်နှာပေါ် အုပ်လိုက်လေသည်။

မျက်နှာကို နေ ထိုးလို့ထင်ပါ့....

ဘေဘီ လုပ်နေတာတွေကို မျက်တောင်မခတ် ကြည့်နေပြီး Jay သဘောတကျပြုံးလိုက်မိသည်။

သူတစ်ယောက်ထဲ ရှိနေချိန်ဆို စိတ်ထဲရှိတဲ့အတိုင်းလေး ပြုမူနေတတ်ပြီး လုပ်သမျှ အပြုအမူတိုင်းကလဲ ပီဘိ ကလေးငယ်လေးတစ်ယောက်လို...

အသည်းတယားယားနဲ့ ဖျစ်ညှစ်ပြီး ချစ်ပစ်လိုက်ချင်စရာ....

ဘေဘီ့ကို ကြည့်နေရင်းမှ သက်ပြင်းဖွဖွချလိုက်မိကာ အလုပ်စားပွဲမှာ စာရင်းတွေ စစ်နေတဲ့ Heeseung ကို ခေါ်ကာ တွေးဆဆလေး ပြောလိုက်မိသည်။

" hyung..."

"ဟုတ်ကဲ့ CEO "

"ကျွန်တော်... ကျွန်တော် ဘေဘီ့အပေါ် အရမ်းကြီး တင်းကျပ်နေမိသလား ဟင် "

" CEO ကရော ဘယ်လို ထင်လို့လဲ "

စားပွဲမှနေ သူ ရပ်နေရာ ပြတင်းပေါက်နား တစ်လှမ်းချင်း လျှောက်လာပြီးမှ ပြန်မေးလိုက်တဲ့ Heeseung စကားကြောင့်

" မထင်တတ်ဘူး hyung... ကျွန်တော်ကတော့ ကျွန်တော် ချစ်တတ်တဲ့ ပုံစံနဲ့ ကျွန်တော် ဘေဘီ့ကို အစွမ်းကုန်ချစ်ပေးနေတာမို့ ကျွန်တော့်ဘက်ကတော့ မလွန်ဘူး ထင်တာပဲဗျာ "

"ဟုတ်တာပေါ့... CEO အနေနဲ့ဆို ဒီလို ထင်လို့ရတာပေါ့.... CEO ဘက်က ကြည့်ရင် ချစ်လို့ စိတ်မချလို့ ဂရုစိုက်တယ် စောင့်ရှောက်တယ်ပေါ့ဗျာ... CEO မမှားပါဘူး... ဒါပေမယ့် Sunoo လေးဘက်က ကြည့်မယ်ဆိုရင်ကျတော့ ကလေးသာသာအရွယ်လေးမှာ CEO လက်ထဲ ထိန်းချုပ်ခံလိုက်ရတယ်လို့ တွေးနေနိုင်တယ်လေ... CEO လဲ ငယ်ရာက ကြီးလာတာပဲ လူငယ်ဘဝရဲ့ လွတ်လပ်မှုဆိုတာကို သိမှာပါ... ဒီအရွယ်လေးတွေဆိုတော့လဲ သူတို့သဘာဝ ပျော်ပျော်နေချင် လွတ်လပ်ချင်ကြမှာတော့ အသေချာပဲလေ "

" ကျွန်တော့် လူငယ်ဘဝက ပျော်ရွှင်လွတ်လပ်မှုဆိုတာ မရှိခဲ့ဘူး hyung... အသက်ငယ်ငယ်နဲ့ စီးပွားရေးလောကထဲ ရောက်လာပြီး အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား လုပ်တတ်တဲ့ လူ့ဘီလူးတွေနဲ့ တိုက်ခိုက်နေခဲ့ရတာ... မနိုင်ဝန်တွေထမ်းပြီး ပြိုလဲချင်နေတဲ့ ခြေထောက်တွေကို မတ်မတ်ရပ်ပြီး ရှေ့ဆက်​နေခဲ့ရတာ "

" hyung သိတာပေါ့ Jong Seong ရယ်...hyung ညီလေးရဲ့ လူငယ်ဘဝမှာ ပြန်လှည့်ကြည့်စရာ အမှတ်တရဆိုလို့ လောကဒဏ်ရဲ့ ထိုးနှက်ထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေပဲ ရှိမယ်ဆိုတာ hyung သိပါတယ်... "

" ဟုတ်တယ် hyung... ကျွန်တော့်မှာ အဲ့ဒီလို ဖြတ်သန်းခဲ့ရတဲ့ သင်ခန်းစာတွေရှိခဲ့လို့ ကျွန်တော့်ကလေးလေးကို အဲ့လိုမျိုး ထိုးနှက်မှုတွေ မခံစေချင်လို့ ကျွန်တော့်အရိပ်အောက် ကျွန်တော့်ထိန်းချုပ်မှုအောက်မှာပဲ နေစေတာ ... ဒါတွေက ကျွန်တော် ဘေဘီ့ကို သိပ် ချစ်လို့ပါ "

"ဟုတ်တော့ဟုတ်ပါတယ်...ညီ့ လုပ်ရပ်တွေက  ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိနေပေမယ့်... ငါ့ ညီလေး သူ့ကို ချစ်ပုံချစ်နည်း မှားနေတယ်လို့ hyung တော့ ထင်တယ်... ဒီ ကလေး နုနုနယ်နယ်လေးက သူ့ကို အကြမ်းဖက်တဲ့ပုံစံမျိုးတွေ မကြိုက်ဘူး... သူ့ကို နူးနူးညံ့ညံ့ ချစ်ပေးတာကိုပဲ လိုချင်တဲ့ ပုံစံမျိုးလေးလေ ... အဲ့တော့ သူ့အလိုလိုက် အကြိုက်ဆောင်ပြီး နူးညံ့ချိုသာပြမှ သူလဲ တစ်နေ့ ငါ့ညီ အချစ်တွေကို မြင်နိုင်ပြီး ပြန်ချစ်လာနိုင်လိမ့်မပေါ့ "

" ချစ်တာတွေ မေတ္တာတွေ သစ္စာတွေ ကျွန်တော် အယုံအကြည်မရှိတာ hyung လဲ သိသားနဲ့... ကျွန်တော့်ကို  ဘေဘီ ပြန်ချစ်ဖို့ထက် ကျွန်တော်က ဘေဘီ့ကို အပိုင်ရရင် ဖြစ်တယ်... တဖက်က ပြန်ပေးလာမယ့် အချစ်က အတုအယောင်တွေဆို ဘယ်လို လုပ်မလဲ hyung...အဲ့တော့ သူ ကျွန်တော့်ကို ပြန်ချစ်လာမှာကို မျှော်လင့်နေဖို့ထက်
ကျွန်တော့်ဘက်ကပဲ သူ့ကို ချစ်နေရရင် ရပြီ... ကျန်တာ ကျွန်တော်လုပ်ယူဖန်တီးလို့ ရတယ်.... အပိုင်သိမ်းလို့ရတယ်... ဘာပဲဖြစ်ဖြစ် ဘေဘီက ကျွန်တော့်အပိုင်ပဲ "

" ကြိုးတွေဆိုတာ တင်းလွန်းရင်လဲ ပြတ်တတ်တယ်လေ ညီ... သူ့ဘက် ကိုယ့်ဘက် အလျှော့အတင်းလေးတော့ ရှိမှာပေါ့... ငါ သိမ်းချင်တဲ့အချိန် အပိုင်သိမ်းလို့ ရတယ်ဆိုတာထက် ကိုယ့် စေတနာ မေတ္တာတွေကို မြင်ပြီး သူ့အလိုလို ပြိုဆင်းလာတာက ပို မကောင်းဘူးလား... ငွေကြေးတွေနဲ့ အပိုင်ချည်တာထက် မေတ္တာနဲ့ချည်တဲ့ ကြိုးတွေက ပိုပြီး ခိုင်မြဲပါတယ် ကွာ.... ငါ့ညီတို့ နှစ်ယောက်ကြား အဆင်ပြေပြေ ဖြစ်စေချင်လို့ hyung က အကြံပေးတာပါ "

"ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ hyung "

"အဟင်းးး ဘာလုပ်သင့်လဲဆိုတာ ဉာဏ်ကောင်းတဲ့ hyung ရဲ့ CEO ကြီးက ဆုံးဖြတ်ပြီးသားမလား... တစ်ခုခုကို ဆုံးဖြတ်ထားလို့ ညီ hyung ကို ဒီလို စကားတွေ ပြောထွက်လာတယ်ဆိုတာ hyung သိပါတယ် "

"အဟား... ငါ့ hyung ကတော့ hyung ပီသပါတယ်...ဘယ်ခါဖြစ်ဖြစ် ကျွန်တော့်ရင်ဘတ်ထဲထိ ဖောက်မြင်နိုင်တယ် "

" Park Group က CEO ရဲ့ အတွင်းရေးမှူးလုပ်နေရမှတော့ အကင်းပါး​ပါး နေတတ်ရတာပေါ့ "

"ဟား ဟား ဟား... ဒါမှ ငါ့ hyung အစစ်... ခုလို hyung နဲ့ စကားပြောလိုက်ရတော့ ရင်ထဲမှာ နေသာထိုင်သာ ရှိသွားတယ်... မဟုတ်ရင် ဘာလုပ်ရမှန်းမသိနဲ့ ဒီရက်တွေမှာ နေလို့ကို အဆင်မပြေဘူး "

"နေလို့အဆင်မပြေတာက ညီ့ ဘေဘီလေးနဲ့ စကားမပြောရလို့ပါ တခြားမဟုတ်ပါဘူး... နေနိုင်တာလဲ မဟုတ်ဘဲနဲ့ တမင် အိုက်တင်ခံနေပြီးတော့ "

" အား... hyung!!! ဘာလို့ သူများစိတ်ကို အဲ့လောက်ထိ ဖတ်နိုင်နေရတာလဲဗျ... ရှက်ဖို့ကောင်းအောင် အဲ့လို ဒဲ့တိုးကြီး ပြောရလား "

"ဟား ဟား ရှက်သွားတာလား ငါ့ညီက Sorry ကွာ ... ကဲ Sunoo လေးကို သွားခေါ်ပေးမယ် သေချာပြောပြပြီး ပြေလည်လိုက်တော့... "

နှစ်ယောက်သား သဘောတကျ ရယ်လိုက်ကြပြီး Heeseung မှာ စိတ်လက်ပေါ့ပါးစွာ ပြုံးရယ်နေတဲ့ CEO ရဲ့ မျက်နှာလေးကို ကြည့်ကာ အခန်းထဲမှ လှည့်ထွက်လာခဲ့လိုက်တော့သည်။

CEO ရဲ့ သက်ပြင်းတချချနဲ့ အလုပ်မလုပ်နိုင် မစားနိုင်ဖြစ်နေတဲ့ အိပ်ပျက်ညတွေ ပြေပါစေတော့လေ....

ပန်းပင်လေးတွေကြားထဲက Sunoo မှာတော့ ခုထိ သီချင်း နားထောင်လို့ကောင်းတုန်း....

အနားသို့ Heeseung ရောက်လာတာကိုပင် မသိလိုက်။ ခေါ်သံကြားမှ မျက်နှာပေါ်က ပုဝါလေးကို ဆွဲဖယ်ကာ မတ်တပ်ရပ်ပြီး ထူးလိုက်ရသည်။

"Sunoo..."

"ဟုတ် အတွင်းရေးမှူး Lee "

" CEO ခေါ်နေတယ် Sunoo..."

" ဘာလို့တဲ့လဲ "

CEO ခေါ်တယ်ဆိုတာနဲ့ နှုတ်ခမ်းလေးစူကာ မျက်လွှာလေးချသွားတဲ့ ရှေ့က ကောင်ငယ်လေးကို ကြည့်ပြီး Heeseung သက်ပြင်းချလိုက်မိသည်။ သူ ကြားကနေ ဒီကောင်ငယ်လေး CEO ရဲ့ စိတ်ကိုနားလည်​ဖို့ တစ်ခုခု ပြောပြဖို့တော့ လိုပြီမလား....

" Sunoo..."

"ဟုတ်..."

စူပုတ်ပုတ်လေးနဲ့ မထူးချင်ထူးချင် ထူးလာတော့

" CEO ကို အပြစ်တွေ မမြင်ပါနဲ့လား.... တကယ်တမ်းက CEO က နွေးထွေးပေးဖို့ လိုနေတဲ့ လူတစ်ယောက်ပါ "

"ဗျာ..."

" CEO က သူ့ငယ်ဘဝအကြောင်းတွေ Sunoo ကို ပြောပြမှာ မဟုတ်ပေမယ့်...CEO မှာ ဘယ်သူ့ကိုမှ ပြောမပြဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေ ရှိနေတယ်"

" Jay က သူ့အကြောင်းတွေ ကျွန်တော့်ကို ဘာတစ်ခုမှ ပြောပြမထားဘူး အတွင်းရေးမှူး Lee"

" broken family တစ်ခုမှာ ကြီးပြင်းလာခဲ့ရတဲ့ ကလေးဆိုတော့ သူ့စိတ်တွေက အချစ်ဆိုတာကြီးကို သိပ်လက်မခံချင်ဘူး... သူ သဘောကျရင် အပိုင်သိမ်းမယ်... သူ့လိုချင်တာမှန်သမျှ ရအောင်ယူမယ် ဆိုတဲ့စိတ်ပဲ စွဲနေတော့တာ... အဆိုးဆုံးက သူက အရှုံးဆိုတာမျိုးကို လက်မခံတတ်တဲ့လူ... ထားခဲ့ခံရခြင်းကို မုန်းတဲ့လူဖြစ်နေတာပဲ...ဒါကြောင့် Sunoo လေးက CEO ရဲ့စိတ်ကို နားလည်ပေးပါ... ဘယ်တော့မှ သူနဲ့ ထိပ်တိုက်မတွေ့ဘဲ ကိုယ်လိုချင်တာရှိရင် သူ နားလည်အောင် သေချာပြောပြပြီး ညှိနှိုင်းပေါ့ "

" ဒါပေမယ့် သူက ဘာတစ်ခုမှ ညှိနှိုင်းခံတာ မဟုတ်ဘူးလေ... အရာရာ သူ့သဘောအတိုင်းပဲ "

"အဲ့ဒါ Sunoo ကို သူ အရမ်းချစ်လို့လေ.... အဆုံးရှုံးမခံနိုင် အထိခိုက်မခံနိုင်လို့ ဂရုစိုက်ပေးနေတာတွေပါ... ဒါကို Sunoo က နားလည်ပေးရမယ်မလား "

"နားလည်မှုဆိုတာလဲ တစ်ဖက်ထဲကပဲ ပေးနေလို့မှ မရတာ...သူကကျ ကျွန်တော့်ကို ဘာတစ်ခုမှ နားလည်မပေးဘူး... အမြဲတမ်း သူ့သဘောကျ နေပေးနေရတဲ့ ကျွန်တော်ကကျ မွန်းကြပ်နေပြီ ဗျ"

ဟူးးးး Heeseung သက်ပြင်းမောတစ်ခုကိုသာ ခပ်လေးလေး ချလိုက်မိတော့သည်။ သူတို့ နှစ်ယောက်ကြား ငါ ဘယ်လိုဘယ်ပုံ ညှိနှိုင်းပေးရပါ့မလဲ... ဒီကလေးလေး စိတ်ထဲ ဘယ်ကတည်းက အမြစ်တွယ်နေတဲ့ စိတ်တွေလဲ ... CEO အစား ငါတော့ ရင်လေးနေပြီ။

ဖုန်းနဲ့ နားကြပ်လေးကို လက်ထဲက ဆုတ်ကိုင်ပြီး သူ့ကိုရှောင်ကွင်းကာ ဘောက်ဆက်ဆက်နဲ့ ထွက်သွားတဲ့ Sunoo ကိုကြည့်ပြီး ခေါင်းသာ ရမ်းလိုက်မိတော့သည်။

Jay ကခေါ်တယ်ဆိုတော့လဲ သူရှိရာဆီ သွားရတော့တာပေါ့။ အလုပ်ခန်းထဲကိုအရောက် ပြတင်းပေါက်ဘောင်မှာ လက်ထောက်ပြီး အပြင်ကို ငေးနေတဲ့ Jay အနားသွားရပ်လိုက်ကာ

" ကျွန်တော် ရောက်ပါပြီ "

ခေါင်းလေးငုံ့ချထားကာ ခပ်တိုးတိုးသာ ထွက်လာတဲ့ လေသံလေး.... တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး အပြင်သို့ ပြန်ငေးကာ

" ပျော်နေလား ဘေဘီ "

"ဗျာ "

" ကိုယ့်အနား မနေရတဲ့ ဒီရက်တွေအတွင်း ဘေဘီ ပျော်နေရဲ့လား လို့ "

"ဟို..."

"ဘေဘီကတော့ ပျော်နေမယ် ထင်ပါတယ်... ကိုယ့်မျက်စိအောက်မှာ မနေရလေ ဘေဘီ့အတွက်က လွတ်လပ်လေမလား... "

"ဘယ်မှာ လွတ်လပ်နေလို့လဲ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဘဲ ဘယ်နေရာက လွတ်လပ်နေတာလဲ "

ဆူအောင့်အောင့်လေး ထွက်ပေါ်လာတဲ့ စကားသံအဆုံး အပြင်ကို ကြည့်နေရင်းမှ ဘေဘီ့ဘက်ကို လှည့်လိုက်ကာ

" အဟားး အဲ့တော့ ကိုယ့်ကို မကျေမနပ်ဖြစ်နေတယ်ပေါ့လေ "

"မဖြစ်ရဲပါဘူးနော်... မကျေမနပ်ဖြစ်လဲ ကျွန်တော်ပဲ မောရုံ အပြင် ဘာမှ ထူးလာမှာ မဟုတ်ဘူး "

" ဒါဆို ဘာလို့ ကျောင်းမသွားဘဲ နေ နေတာလဲ... ကိုယ့်ကို မကျေနပ်လို့ တမင် ဆန္ဒပြနေတာ မဟုတ်ဘူးလား "

"မဟုတ်ပါဘူး... ကျောင်းသွားချင်စိတ်မရှိလို့ မသွားတာ "

"ဘာလို့ သွားချင်စိတ်မရှိရတာလဲ ဘေဘီရဲ့ "

" Jay အသိဆုံးပဲ ဖြစ်မှာပေါ့... ဘာလို့ ကျွန်တော့်ကို ပြန်မေးနေတာလဲ "

" ကိုယ်မှမသိတာ... "

" ကိုယ့်အတွက်နဲ့ တဖက်သား ဒုက္ခရောက်တာ ဘယ်သူက ထိုင်ကြည့်နေနိုင်မှာလဲ Jay... ကျောင်းကို ရောက်ရင် အဲ့မြင်ကွင်းကြီး ပြန်အမှတ်ရလာမှာစိုးလို့ ကျွန်တော် ကျောင်းမသွားချင်ဘူး... "

" ဘေဘီရယ်... ကိုယ်က ဘေဘီ့ကို ထိခိုက်အောင် လုပ်တဲ့သူတွေကို အဲ့လောက်လေးတောင် အပြစ်ပေးခွင့်မရှိဘူးလား... ဘေဘီ ဘာဖြစ်နေနေ ကိုယ်က မျက်ကွယ်ပြုထားရတော့မှာလား ပြော "

ပုခုံးလေးတစ်ဖက်ပေါ် လက်တင်လိုက်ကာ ငုံ့ချထားတဲ့ ခေါင်းလေးကို မေးဖျားကနေ ဆွဲပင့်ယူလိုက်ရင်း မျက်လုံးချင်းဆုံကြည့်စေကာ လေအေးလေးနဲ့ မေးလိုက်တော့

" ကျွန်တော်က အဲ့လို မျက်ကွယ်ပြုခိုင်းနေတာမှ မဟုတ်ဘဲ Jay ရဲ့...ခု ကိစ္စက မတော်တဆပါလို့ Jay ကိုသေချာပြောထားရက်နဲ့ သူတို့ ကျောင်းထွက်ရအောင်ထိ လုပ်တာ ကောင်းလား Jay ရဲ့... ကျောင်းကို မိဘတွေလိုက်လာကြပြီး ကျောင်းအုပ်ကြီးကို ငိုယိုတောင်းပန်နေတာတွေ ကြားရတာ မြင်ရတာ ကျွန်တော့်စိတ်ထဲ ကောင်းမယ် ထင်လို့လား... မိဘတစ်ယောက်ဆို ဆင်းရဲချို့တဲ့ တဲ့ ကြားက ကျောင်းထားရရှာတာတဲ့ ကျောင်းပြန်တက်ခွင့်ရဖို့ ဒူးထောက်ပြီးတောင် တောင်းပန်နေတာ ဘယ်လောက်သနားဖို့ကောင်းလိုက်လဲ ... ကျွန်တော့်ကြောင့် ဖြစ်ရတာတွေ သိသိကြီးနဲ့ ကျွန်တော် ဘယ်လိုစိတ်နဲ့ ကျောင်းမှာထိုင်နေနိုင်တော့မလဲ "

"အဲ့ဒါနဲ့ပဲ ကိုယ့်တပည့်တွေကို မလှိမ့်တပတ်လုပ်ပြီး ကျောင်းကနေ လစ်ထွက်သွားတယ်ပေါ့ "

" သူတို့မှ အသာတကြည်ပေးမသွားတာ... အဲ့ဒါကြောင့် မသိအောင် ထွက်သွားတာ ပေါ့ "

တကယ်လဲ အဲ့နေ့က ကျောင်းမှာ အေးအေးဆေးဆေး ထိုင်မနေနိုင်တော့တာနဲ့ လစ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကျွန်တော့််ကို အနာတရဖြစ်စေမှုနဲ့ နောက်ကွယ်ကနေ Jay ဘယ်လို စီမံလိုက်လဲ မသိပေမယ့် အဲ့ကောင်လေးတွေ ကျောင်းထဲမှာ မူးယစ်ဆေးသုံးပါတယ်ဆိုတဲ့ အမှုနဲ့ ကျောင်းထုတ်ခံလိုက်ရတော့သည်။ ဒါနဲ့တင် မပြီးသေး ရဲစခန်းမှာ ဖြေရှင်းရအုံးမှာတွေ အများကြီး။ မိဘတွေ ကျောင်းမှာ ကျောင်းအုပ်ကြီးကို တောင်းပန်ကြ ငိုကြ ယိုကြ ဒူးထောက်ကြနဲ့ သူတို့ ကလေးတွေ အတွက် သောကရောက်နေပုံကို Sunoo မမြင် မကြားနိုင်တော့၍ ရှောင်ထွက်လာခဲ့ခြင်းသာ။

ဟိုတစ်နေ့က ကိစ္စကို ပြန်တွေးမိပြီး ခပ်ငိုင်ငိုင်လေး ဖြစ်သွားတဲ့ ကျွန်တော့်ပုခုံးနှစ်ဖက်ကို လှုပ်ခါလိုက်ပြီး Jay က

" ဘာလဲ ပြန်တွေးပြီး စိတ်မကောင်းဖြစ်နေပြန်ပြီလား "

"......."

"ဘေဘီ့ကို အဲ့လိုတွေ မပျော့ညံ့ဖို့ ကိုယ် ဘယ်နှစ်ခါလောက် သတိပေးနေရမှာလဲ ကွာ... "

"Jay ကလဲ..."

"ဟူးးး Ok ကွာ.... Ok ကိုယ် မပြောတော့ဘူး... အဲ့အကြောင်းတွေ ဘေဘီလဲ ပြန်မတွေးတော့နဲ့...
ဘေဘီ မကြိုက်ရင် နောက် ကိုယ် အဲ့ဒါမျိုးတွေ မလုပ်မိအောင် ဆင်ခြင်မယ် ဟုတ်ပြီလား... ဒါပေမယ့် မတော်တဆဆိုတာမျိုး မဟုတ်ဘဲနဲ့ တမင် ရည်ရွယ်ပြီး ဘေဘီ့ကို ထိခိုက်အောင်လုပ်ရင်တော့ ကိုယ် သတ်သင့်ရင် သတ်ပစ်မှာနော် "

" Jay ~~ "

"အဲ့ဒါတော့ ကိုယ်တကယ်ပြောတာ ဘေဘီ... ဘေဘီ တားလဲ ရမှာမဟုတ်ဘူး...  ပြီးတော့ ဟိုတစ်နေ့က ကိုယ့်စိတ်တွေ လွတ်သွားမိတဲ့အတွက်လဲ ကိုယ် ဘေဘီ့ကို တောင်းပန်တယ် နော် "

ကိုယ့်ဆီက တောင်းပန်စကားကြောင့် အံ့ဩသွားတဲ့ မျက်ဝန်းလေးနဲ့ မော့ကြည့်လာတဲ့ ဘေဘီ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ နဖူးလေးကို ဖိကပ်နမ်းရှိုက်လိုက်သည်။

ဒီကောင်လေးရဲ့ ကိုယ်သင်းနံ့သင်းသင်းလေးဟာ နမ်းရှိုက်လိုက်မိတဲ့ အချိန်တိုင်း Jay ရင်ကို ခုန်လှုပ်စေတာ အမှန်။

" ကိုယ် အရမ်းလွမ်းနေတာ ဒီအငွေ့အသက်လေးကို "

ပါးပြင်နုနုလေးဆီ နမ်းရှိုက်မိတော့လဲ ထပ် ထပ်ပြီး နမ်းချင်လာအောင် ဆွဲဆောင်ပြန်တယ်။

ပါးပြင်လေးပေါ် Jay ရဲ့ နှာခေါင်းချွန်ချွန်လေး နစ်ဝင်သွားအောင်ထိ ဖိကပ်နမ်းလိုက်ပြီးမှ ချိုမြိန်မှု အပေါင်းတို့စုဝေးရာ နှုတ်ခမ်းရဲ ဖူးဖူးလေးဆီ ခြေဆန့်လိုက်ကာ လွမ်းနေရသမျှ အတိုးချလိုက်မိတယ်။

ဘယ်တော့မှ မတင်းတိမ်နိုင်တဲ့အရာလေး... ဘယ်တော့မှ နမ်းရှိုက်လို့မဝနိုင်တဲ့ နှုတ်ခမ်းလေး... မိနစ်တွေအတော်ကြာအောင် နမ်းနေမိလဲ ပင်လယ်ရေကို သောက်နေရသလို သောက်လေသောက်လေ ငတ်မပြေပါဘဲ ဘေဘီ...

ကိုယ့်အနမ်းတွေ အချိန်ကြာလာတာနဲ့ အသက်ရှူကြပ်လာလို့ ထင်ရဲ့ ရင်ခွင်ထဲမှာ တောင့်တောင့်လေး ရပ်နေတဲ့ ဘေဘီက လူးလွင့်လာပြီး ရင်ဘတ်ကို တွန်းထိုးလာတာကြောင့် ဖယ်ပေးလိုက်တော့ ပါးစပ်လေးဟကာ အသက်ကို အမောတကော ရှူနေတယ်။

ကိုယ့်အနမ်းတွေကြောင့် စိုစွတ်နေတဲ့ နှုတ်ခမ်းရဲရဲလေးကို လက်မလေးနဲ့ ဖိပွတ်သုတ်ပေးလိုက်ပြီးမှ

" အရမ်းမောသွားလား ... Sorry ဘေဘီရယ်... ကိုယ်အရမ်းလွမ်းနေလို့ သတိလက်လွတ် နမ်းလိုက်မိတယ် "

" Jay က ကျွန်တော့်ကိုဆို အမြဲ သတိလက်လွတ် "

မျက်စောင်းလေးခဲကာ ရန်လိုနေတဲ့ ရှေ့က ဘေဘီ့ကို ကြည့်ကာ သွားတန်းညီညီလေးတွေ ပေါ်အောင် Jay ပြုံးလိုက်မိပါရဲ့။

ဒီကလေးလေးရဲ့ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့လေးမှာ သိမ်းပိုက်လိုက်မိတဲ့ အနမ်းတစ်ခုက စ လို့ ခုအချိန်တွေထိ နမ်းလိုက်မိတဲ့အချိန်တိုင်း သတိလက်လွတ်ပါပဲ။ တစ်ခါတစ်လေ အနမ်းတွေကနေတဆင့် အရိုင်းဆန်ချင်သွားတဲ့ ကိုယ့်စိတ်တွေကို မနည်းပြန် ထိန်းချုပ်လိုက်ရတာလဲ အခါခါပါပဲ။ အဲ့လောက်ထိ ဒီကလေးလေးကို သူ တပ်မက်တယ်...မက်မောတယ်။

ဒါပေမယ့်လဲ ဘေဘီ့ရဲ့ တောင်းဆိုချက်အရ သူကျောင်းပြီးမှ လက်ထပ်ဖို့ကို သဘောတူပေးခဲ့ရတယ်။ စိတ်မချပေမယ့် မျက်ရည်တွေနဲ့ အခါခါ တောင်းဆိုမှုကြောင့် သဘောတူပေးခဲ့ရပေမယ့် အဲ့အတွက် ဘေဘီ သွားလေရာမှာ Bodyguard တွေ ထည့်ပေးပြီး ကျွန်တော့်ဘေဘီအနားကို ဘယ်သူမှ ကပ်မလာရဲအောင် အနီးကပ်စောင့်ရှောက်စေတယ်။

အဲ့တုန်းကတော့ သူ လက်မထပ်ရပြီးရော လက်ခံခဲ့တဲ့ ကျွန်တော့်ဘေဘီက ခုများတော့ သွားလေရာရာ စောင့်ကြည့်ခံနေရပြီး သူ့ကို ချုပ်ချယ်တယ်ဟု ထင်ကာ မလွတ်လပ်ဟု ပြောလာပြန်ပါပြီ။

Heeseung hyung ပြောသလို ကြိုးတွေဆိုတာ တင်းလွန်းရင် ပြတ်တတ်တယ်ဆိုတော့ သူ့ဘက်က ဘေဘီ့ ကို တစ်ရစ်စာလောက် လျှော့ပေးဖို့ ဆုံးဖြတ်ချက် ချထားလိုကတော့သည်။

ခုထိ ပြတင်းပေါက်နားမှာပဲ နှစ်ယောက်အတူ ရပ်နေမိတာကြောင့် ဘေဘီ့ လက်လေးကို ဆွဲကာ ခေါ်လာပြီး ဆိုဖာပေါ် ထိုင်စေလိုက်ကာ

" ကိုယ် ဘေဘီ့ကို ပေးစရာတစ်ခု ရှိတယ် " 

ပေးစရာရှိတယ်ဟုဆိုကာ အလုပ်စားပွဲဆီ ပြန်သွားပြီး အံဆွဲတွေထဲက တစ်ခုကို ဆွဲဖွင့်ကာ တစ်စုံတစ်ခုကို ယူလာတဲ့ Jay က ဘာဆိုတာ မပြသေးဘဲ လက်ဖဝါးထဲမှာ ထည့်ဆုတ်ထားပြီး ကျွန်တော့် ရှေ့ကို ကမ်းပေးလာတယ်။

ဘာမှန်းမသိတော့ ကျွန်တော်လဲ လက်ခံမယူသေးဘဲ Jay ကိုသာ မော့ကြည့်နေလိုက်တယ်။ ဒါကိုပဲ Jay က သဘောတွေကျကာ ရယ်နေပြီး

" ယူလို့ဖြစ်ပါတယ် ဘေဘီရဲ့... မင်းကို ကိုယ် မဟုတ်တာတွေ မပေးပါဘူး... ရော့ ယူ "

Jay စကားကြောင့် လက်ဝါးလေးဖြန့်ကာ တောင်းလိုက်တော့ လက်ထဲကို ထည့်ပေးလာတာက ကားသော့တစ်ခု...

" ဟင်... ဒါ ဘာလဲ Jay "

သိချင်စိတ်ကြောင့် ခုထိ ရှေ့မှာ ရပ်နေဆဲဖြစ်တဲ့ Jay ကို မေးလိုက်တော့

" ကားသော့လေ ဘေဘီရဲ့ "

"ကားသော့မှန်းတော့ သိတာပေါ့... ဘာအတွက် ကျွန်တော့်ကို ပေးတာလဲ လို့ "

ထိုအခါမှ ကျွန်တော့််ဘေးမှာ ဝင်ထိုင်လိုက်ပြီး ကိုယ်လေးတစ်ခြမ်းစောင်းကာ ကျွန်တော့်ဘက် လှည့်လာတဲ့ Jay က

" ဘေဘီ့ကို ပေးတာလေ.... ဘေဘီ့အတွက်"

"ကျွန်တော့်အတွက်... ကျွန်တော်က ဘာလုပ်ရမှာလဲ ဒီ ကားကြီးကို "

တအံ့တသြ မေးလိုက်တဲ့ ကျွန်တော့်စကားကြောင့် Jay က ထပ်ရယ်ပြန်တယ်။ ဒီနေ့ Jay ပြုံးရယ်နေတာ ခဏခဏပါလား....

" မောင်းပေါ့ကွ.... ကားပါဆို မမောင်းဘဲ ဘာလုပ်ချင်သေးလို့ လဲ "

"မဟုတ်ဘူးလေ... ကျွန်တော် ပြောတာက... ကျွန်တော် ဘယ်သွားသွား Jay လူတွေက လိုက်ပို့နေတာပဲကို ကျွန်တော့်အတွက် မလိုအပ်ဘဲ ဒီကားကြီးကို ဘာလုပ်ရမှာလဲ လို့ ''

ထိန်းချုပ်မှုတွေနဲ့ နေသားကျနေတော့လဲ သူဟာ ဘယ်တော့မှ လွတ်လပ်ခွင့်ရှိမယ်လို့ ထင်မထားဘူးနဲ့ တူပါရဲ့.... ကိုယ်  ဘေဘီ့အပေါ် အဲ့လောက်အထိ ချုပ်ကိုင်ခဲ့မိတာလားကွယ်....

" ကိုယ် ဘေဘီ့ကို ဘေဘီ လိုချင်တဲ့ လွတ်လပ်မှုမျိုး ပေးမလို့ ဘေဘီ.... ဘေဘီ လိုချင်တဲ့ လူငယ်သဘာဝ လွတ်လပ်မှုအရသာဟာ ဘယ်လိုဆိုတာ မြည်းစမ်းကြည့်ခိုင်းမလို့ "

"ဗျာ...."

" ဟုတ်တယ် ဘေဘီ.... ကိုယ်မရခဲ့ဖူးတဲ့ လူငယ်ဘဝ လွတ်လပ်မှုမျိုး... ကိုယ်မခံစားခဲ့ဖူးတဲ့ လူငယ်ဘဝရဲ့ ပျော်ရွှင်မှုမျိုး ကိုယ်ဘေဘီ့ကို ရယူခိုင်းမလို့ "

ခုထိ အံသြ မှင်သက်မိနေတဲ့ ဘေဘီက ပါးစပ်လေးဟကာ မျက်ဝန်းညိုလေးဟာ ပြူးကျယ် ဝိုင်းစက်လို့။

" ဒီကားလေးကို ဘေဘီ ကိုယ်တိုင်မောင်းပြီး ကျောင်းတက်ပါ... ဘေဘီ သွားချင်တဲ့ နေရာတွေကို ဒီကားလေးနဲ့ သွားပါ... ဒါပေမယ့် ဘေဘီ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကိုတော့ ကိုယ့်ကို မပြတ် အသိပေးဖို့တော့ မမေ့နဲ့.... ဒါဟာ ဘေဘီ့ကို ချစ်လွန်းလို့ ကိုယ် ခက်ခက်ခဲခဲ ချခဲ့ရတဲ့ ကိုယ့်ဆုံးဖြတ်ချက်မို့  ဘေဘီ ကိုယ့်ဆုံးဖြတ်ချက်ကို လေးစားပါ... ကိုယ့်ယုံကြည်ပေးမှုကို တန်ဖိုးထားပါ... ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး တစ်စုံတစ်ရာ ဖောက်ပြားလာခဲ့မယ်ဆိုရင်တော့ ဘေဘီ အရင်ကထက် နှစ်​ဆ တိုးပြီး ထိန်းချုပ်ခံရမယ်ဆိုတာလဲ မမေ့ပါနဲ့ "

" စိတ်ချပါ... စိတ်ချပါ Jay... အဲ့အတွက်ကျွန်တော့်ကို Jay စိတ်ချထားလို့ ရပါတယ်... ကျွန်တော် Jay မကြိုက်တာ ဘာတစ်ခုမှ မလုပ်မိအောင် နေပါ့မယ်... ကျွန်တော့််ကို ယုံကြည်ပါနော် "

ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြကာ ကတိတွေ အထပ်ထပ်ပေးနေတဲ့ ဘေဘီ့ကို ကြည့်ကာ Jay နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်သည်။

" ပြီးတော့ ဘေဘီ့ကို ကိုယ် ပိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့နဲ့... ဘေဘီ ဟာ ကိုယ့်အပိုင်... အရေးအကြီးဆုံးက ဘေဘီ ကိုယ့်လက်က လွတ်မြောက်ဖို့ ဘာတစ်ခုမှ ကြိုးစားလို့မရဘူး ဆိုတာပဲ "

"သိပါတယ်... အဲ့ဒါလဲ ကျွန်တော် သိတာမို့လို့ Jay စိတ်ချပါနော်... ကျွန်တော် Jay လက်က ဘယ်တော့မှ မလွတ်မြောက်တာ သိပါတယ်... လွတ်မြောက်ဖို့လဲ ကျွန်တော် မကြိုးစားပါဘူး "

"ကတိပေးလား ဘေဘီ... မင်း ကို ကိုယ်စိတ်ချထားလို့ ရမလား "

"ရပါတယ် ဆို Jay ရဲ့ ကျွန်တော် ကတိပေးတယ် နော် နော် "

မျက်လုံးလေးတွေ အရောက်လက်ကာ လွတ်လပ်ခွင့်ရဖို့ မျှော်လင့်တကြီး ကတိပေးနေလေတဲ့ ဘေဘီ... ဘေဘီ့ ကတိတွေ တည်ပါစေလို့တော့ ကိုယ် ဆုတောင်းပါတယ်... မတည်ခဲ့ရင်တော့ အဲ့ဒီ ရလဒ်က.....

" နော်..လို့ Jay... ကျွန်တော် ကတိပေးနေတယ်လေ... တစ်ခုခု ပြောပါအုံး "

အင်းအဲ မလုပ်မိတဲ့ ကျွန်တော့်ကို လက်မောင်းကနေ ဆွဲခါကာ ကတိအထပ်ထပ် ပေးနေတာကြောင့် အရှေ့က ကောင်ငယ်လေးကို ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်တော့ မတ်တပ်လေးထခုန်ကာ ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး ခုန်ပေါက်နေလေတော့သည်။ မျက်ဝန်းညိုလေးတွေ ပိတ်ကျတဲ့အထိ ပြုံးရယ်နေရင်းပေါ့။

ဒါဟာ Jay ရှေ့မှာ ဘေဘီလေး စိတ်လွတ်လက်လွတ် ပြုံးရယ်တာ ဒုတိယအကြိမ်မြောက်။ ပထမအကြိမ်က နှင်းဆီခင်းကြီးဆီ ခေါ်သွားပြတုန်းက... အဲ့တုန်းက ပန်းပင်တွေကြား လိပ်ပြာလေးတစ်ကောင်လို ပြေးလွှာနေတာများ မမောနိုင် မပန်းနိုင်။

လွတ်လပ်ခွင့်ရတာနဲ့ပဲ အဲ့လောက်ထိတောင် ပျော်သလား ဘေဘီရယ်....

" ကဲ ကိုယ်နဲ့အတူ မြို့တစ်ပတ် ကားမောင်းကြမယ် ဘေဘီ Let's go "

ခုန်ပေါက်နေတဲ့ ဘေဘီက ကျွန်တော့်စကား ကြားတော့ ဘေးနားကနေ ပြုံးပြီး ရပ်ကြည့်နေတဲ့ ကျွန်တော့််ဆီ ပြေးဝင်လာပြီး လည်ပင်းတွေဆီ သိုင်းဖက်လိုက်တာများ လူတောင် နောက်သို့ ယိုင်ချင်ချင်ဖြစ်သွားရတဲ့ အထိ။

ပြီးတော့ ကျွန်တော့််မျက်နှာကို မော့ကြည့်ကာ

" Jay... Jay မကြိုက်တာ ဘာမှ မလုပ်ဘူးမို့ ကျွန်တော့်ကို စိတ်ချပါနော် " တဲ့ ကတိတွေ အခါခါ ပေးနေတဲ့ ကျွန်တော့်ရဲ့ ဘေဘီ...

ထင်မှတ်မထားတဲ့ ဘေဘီ့ လုပ်ရပ်ကြောင့် ဒီတစ်ခါ မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေမိရတာ ကျွန်တော် ဖြစ်သွားတော့တယ်။

" ကဲ ဘေဘီရေ... ဒီပုံစံအတိုင်းဆို ကိုယ်တို့ ကားမောင်းဖို့ သွားနိုင်ပါအုံးမလား.... ကိုယ် စိတ်တွေ မထိန်းထားနိုင်တော့ရင် ခက်ကုန်တော့မယ် နော် "

ထိုအခါကျမှ မျက်နှာလေး ခပ်ရဲရဲနဲ့ ရင်ခွင်ထဲက ထွက်ပြီး ရှေ့ကနေ ပြေးသွားလေတော့သည်။

ဘေဘီ့ ဘေးမှာထိုင်လိုက်ပြီး ဘေဘီ မောင်းတဲ့ ကားကို စီးကာ မြို့တစ်ပတ်ပတ်လိုက်တာ ညနေစောင်းတဲ့အထိ။

Meeting ချိန်မမှီမှာစိုးလို့ Company ကနေ Heeseung hyung ဖုန်းဆက်တာကိုလဲ မကိုင်ဖြစ်ဘူး။ လုပ်ငန်းတစ်ခုအတွက် လက်မှတ်ထိုး စာချုပ် ချုပ်စရာရှိတာကိုလဲ မသွားဖြစ်ဘူး။

ဘေးနားက ပြုံးပျော်နေတဲ့ ဘေဘီ့ အပြုံးလေးတွေလေ မမြင်ရတော့မှာ စိုးလို့လေ။

ဘေဘီ သိလား...

ကိုယ့်အတွက်က ဘယ်အရာမှ ဘေဘီ့အပြုံးတွေလောက် တန်ဖိုးမရှိဘူး ဆိုတာကိုပဲ...

ကိုယ့်ရှေ့မှာ ပြုံးရယ်ခဲ တဲ့ ဘေဘီလေး ကိုယ့်ဆီက ပထမဆုံး ရရှိတဲ့ လွတ်လပ်ခွင့်ကြောင့် ပြုံးရယ်နေတာလေးကို ကိုယ် တစ်နေကုန် ထိုင်ငေးနေပါရစေတော့ကွယ်....

************************************

Love you all my Vitamins 💙

San Htarni 💙

29.1.2023

Comment