~ 15 ~

~ 15 ~

သူရှိရာဆီ တရွေ့ရွေ့လှမ်းလာနေတဲ့ အဖြူရောင် အရိပ်ကလေးကို Jay တိုက်ကြီးရဲ့ အပေါ်ဆုံးထပ် လသာဆောင်ကနေ မမှိတ်မသုန် စူးစိုက်ကြည့်​
နေလိုက်သည်။

ဒီကောင်လေး တစ်နေကုန် ကျောင်းမှာ မရှိဘူးဆိုတာလဲ သူသိတယ်။

Park Sunghoon ဆိုတဲ့ကောင်လေးနဲ့ နှစ်ယောက်အတူထွက်သွားကြတာကိုလဲ သူသိတယ်။

အချိန်တွေအကြာကြီး နှစ်ယောက်ထဲအတူ ရှိပြီးတာတောင် အိမ်ရှေ့ရောက်တဲ့အထိ မခွဲနိုင်မခွာရက်တွေဖြစ်ကာ ကားပေါ်က ချက်ချင်း ဆင်းမလာ။

အိမ်ရှေ့မှာ ကား ရပ်လာကတည်းက သူမြင်တယ်။ ကားပေါ်က ချက်ချင်းဆင်းမလာဘဲ အထဲမှာ ဘာတွေ လုပ်နေကြသလဲ။ ဘာတွေ ပြောနေကြသလဲ။

ရှိုက်ဖွာလက်စ စီးကရက်မီးရဲရဲကို လက်မနဲ့လက်ညှိုးကြား ဖိချေလိုက်ပေမယ့် လက်နဲ့ဖိမိလိုက်တဲ့ မီးစရဲ့အပူက သူ့ရင်ထဲက အပူကိုတော့ဖြင့် အံတုနိုင်မည်မထင်။

သူနဲ့ နီးလာလေ ညှိုးညှိုးငယ်ငယ် မျက်နှာလေးက ပိုပို ထင်ရှားလာလေ။

အပြင်မှာ ဟိုကောင်လေးနဲ့ ဘာတွေ ဖြစ်လာသလဲ ပုံစံလေးဟာ နွမ်းလျနေပြီး မျက်နှာလေးက ညှိုးငယ်နေပါသည်။

ဘေဘီ တိုက်ထဲကို ဝင်သွားတာမြင်တော့မှ လသာဆောင်မှ ဆင်းလာခဲ့ပြီး အလုပ်ခန်းထဲသွားကာ ဘေဘီ အလာကို စောင့်နေလိုက်သည်။

ခဏအကြာမှာ...

ဒေါက် ဒေါက် ဒေါက်

" Jay... ကျွန်တော် ဝင်ခဲ့မယ်နော် ''

" Come in "

သူ့ခွင့်ပြုသံကြားတာနဲ့ ဝင်လာတဲ့ ဘေဘီက ရေစိုအင်္ကျီ မခြောက်တခြောက်နဲ့အတူ ဖရိုဖရဲဆံနွယ်များနှင့်။

ကိုယ်ပေါ်မှာလဲ ဘေဘီ့အင်္ကျီမဟုတ်တဲ့ ကုတ်တစ်ထည်ကို မတော့်တတော် ဝတ်ဆင်ထားပြန်သည်။

ဟိုကောင်လေးရဲ့ အင်္ကျီထင်ပါ့။

ဘာလို့ ဘေဘီ့ကိုယ်ပေါ် ရောက်နေရတာလဲ။

အချိုးမကျတဲ့ ဘေဘီ့ရဲ့ပုံစံကြောင့် Jay မျက်မှောင်ကြီးကျုံ့ကာ ကြည့်လိုက်တော့ သူ့ဆီမှ အကြည့်တွေကို ရှောင်လွှဲသွားတဲ့ ဘေဘီ။

သူရှိရာ စားပွဲရှေ့ လာရပ်ပြီးမှ

" Jay ကျွန်တော့်ကို ခေါ်တယ်ဆို "

" မျက်နှာလဲ မကောင်းပါလား ဘေဘီ... မင်း အပြင်မှာ ဘာဖြစ်လာသလဲ "

သူ့တကိုယ်လုံး စုန်ချည်ဆန်ချည် ကြည့်နေတဲ့ Jay ရဲ့ အကြည့်စူးစူးတွေကြောင့် Sunoo ရင်ဘတ်ထဲက ထိတ်ခနဲ။

ကိုယ်က အပြစ်လုပ်ထားတာ မဟုတ်ပေမယ့်လဲ Sunghoon နဲ့သူ့ကြား ဖြစ်ပျက်ခဲ့တာတွေက Jay သိရင် ပေါက်ကွဲချင်စရာ အဖြစ်အပျက်တွေ မလား။

ရိုးသားပါသည်။ ကိုယ့်ဘက်က ရိုးရိုးသားသားနဲ့ အ​ခြေအနေကို ရှေ့မဆက်နိုင်အောင် ထိန်းသိမ်းနိုင်ခဲ့ပါသည်။

ဒါပေမယ့်လဲ Jay သိရင်တော့ဖြင့် သူ့ကိုရော Sunghoon ကိုပါ အလွတ်ပေးမည်မဟုတ်။

" ကိုယ် မေးနေတယ်လေ "

" ဟို... ဘာမှ ဖြစ်မလာပါဘူး Jay .. "

" ဘာမှ မဖြစ်ဘူးသာ ဆိုတယ် မင်းပုံစံက ဖရိုဖရဲနဲ့ ဘယ်က ပြန်လာတာလဲ ဘေဘီ ... ဒီနေ့ တစ်နေကုန် မင်း ကျောင်းမှာ ရှိမနေပါဘူး "

" ဟုတ်... ဟုတ်တယ် Jay... ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့အမေ နှစ်ပတ်လည်နေ့မို့ လိုက်သွားတာ ပါ "

" ဘယ်က သူငယ်ချင်းလဲ "

" Figure Skate စီးတယ်ဆိုတဲ့ သူငယ်ချင်းပါ... Park Sunghoon ပါ "

" နှစ်ယောက်ထဲ...??? "

" ဟုတ်... ဟုတ်ကဲ့ "

" အရင်တစ်ခါ အပြစ်ပေးခံရတာလဲ သူနဲ့ လိုက်သွားလို့ပဲ မလား... ခုလဲ သူနဲ့ အတူ ရှိနေပြန်ပြီ မင်းတို့နှစ်ယောက် ဘာအကန့်တွေရှိနေလို့ အဲ့လောက် ပတ်သက်နေကြတာလဲ "

"ဘာအကန့်တွေ ရှိရမှာလဲ... သူနဲ့လဲ ဘာမှ မပတ်သက်ဘူး ... နှစ်ပတ်လည်နေ့ဆိုတော့ ငြင်းလို့မကောင်းတာနဲ့... "

" ဟွန်း! ပတ်သက်တယ် မပတ်သက်ဘူးကတော့ မင်းအသိဆုံးပဲ ဖြစ်မှာပါ "

" ကျွန်တော့််ကို ကျွန်တော် သိတယ် Jay "

" ဒါဆို ဘာလို့ ခုတလော အဲ့ကောင်လေးနဲ့ အတွဲများနေရတာလဲ "

ကိုယ် အကောင်းဆုံး နေ နေပါရက်နဲ့ မယုံမကြည် အပြောခံရတာလောက် ခံပြင်းစရာကောင်းတာ မရှိတော့ဘူးမလား...

အဲ့တော့ Jay မေးနေတာကို ပြန်ဖြေဖို့ Sunoo စိတ်ကူးမရှိ။

" ငါ စိတ်မချစရာမျိုးတွေ ဘာတစ်ခုမှတော့ လုပ်မနေဘူးမလား ဘေဘီ..."

Jay ကတော့ သဘောရိုးနဲ့ မေးလိုက်တာပေမယ့် ကိုယ့်အပေါ် ချစ်ပါတယ်လို့ ဝန်ခံထားတဲ့ Sunghoon နဲ့အတူတူ ချိန်တွေကုန်ဆုံးခဲ့ရတာမို့ စိတ်ထဲက မလုံချင်။

" ကျွန်တော်က ဘာ ကို လုပ်ရမှာလဲ "

မျက်မှောင်လေးကျုံ့လို့ ခပ်ဆတ်ဆတ်လေသံလေးနဲ့ ပြန်ဖြေလာတဲ့ ဘေဘီ့ပုံစံကို ကြည့်ပြီး Jay နှုတ်ခမ်းပါးလေးတစ်ဖက် ကော့တက်ရုံ ပြုံးလိုက်မိသည်။

" အဟင်း... လုပ်လို့လဲ မရပါဘူး... ဘယ်တော့မှလဲ ငါ့လက်က လွတ်မြောက်မှာမဟုတ်လို့ "

" ကျွန်တော် သိပါတယ်... သိတာမလို့ အဲ့စကားကြီးကို ထပ်ခါထပ်ခါ မပြောပါနဲ့ "

" အဟားးး တယ်ဟုတ်ပါ့လား... ပြောစမ်းပါအုံး ထပ်ခါထပ်ခါ ပြောနေတော့ရော ဘာဖြစ်လို့လဲ "

" ကျွန်တော် သိမ်ငယ်ရလို့ ပါ "

" ဘယ်လို "

Jay ရဲ့ ထူထဲထဲမျက်ခုံးတန်း တစ်ဖက် အထက်သို့ မြင့်တက်သွားပြီး အံသြ သွားရသည်။ သိမ်ငယ်ရလို့ တဲ့လား...

သူ ပြောလိုက်တဲ့ စကားဟာ ဘေဘီ့ကို သိမ်ငယ်ရစေဖို့တော့ မရည်ရွယ်တာ အမှန်ပါ။

ဘေဘီ သူ့အနားက ထွက်သွားဖို့ မစဉ်းစားရဲအောင်သာ ထပ်ခါထပ်ခါ သတိပေး ပြောဆိုနေခြင်းသာ။

" ဟုတ်တယ် ... Jay ပြောပြောနေတဲ့ မင်း ငါ့လက်က မလွတ်ဘူးတို့ ငါ့ ကျေးဇူးတရားတွေထဲကနေ ရုန်းမထွက်နိုင်ဘူးတို့ အဲ့လိုစကားတွေ ပြောရင် ကျွန်တော် အရမ်းသိမ်ငယ်ရတယ် Jay... အဆိုးဆုံးကတော့ ကျေးဇူးတရားဆိုတဲ့ စကားလုံးကြီးနဲ့ ကျွန်တော့်တစ်ဘဝလုံးကို ထိန်းချုပ်ထားတာကိုပဲ... ဒီလိုစကားလုံးတွေကို ကြားလိုက်ရရင် ကျွန်တော့်ကိုယ် ကျွန်တော် အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်လောက်အောင် အရမ်းကို သေးနုပ်သွားတယ်လို့ ခံစားရတယ် "

ခံစားချက် အပြည့်နဲ့ ပြောနေတဲ့ မျက်နှာရဲရဲလေးက ထပ်ပြီး ထိမိလိုက်ရင် ပေါက်ကွဲထွက်သွားတော့မယ် ဗုံးတစ်လုံးလိုပဲ...

အသက်ရှူသံလေးတွေ မြန်ဆန်လာကာ ပုံမှန် မဟုတ်တဲ့ ရှူရှိုက်နေမှုကြောင့် နိမ့်တုန်မြင့်တုန် ဖြစ်နေတဲ့ရင်ဘတ်တစ်စုံရယ် ကျစ်ကျစ်ပါအောင် ဆုပ်ထားလေတဲ့ လက်သီးဆုပ်လေးတွေရယ်။

သူ့စိတ်ထဲက ခံစားချက်တွေကို ဖွင့်ဟလာတဲ့ ဘေဘီက သူဆီလာမတွေ့ခင်ကတည်းက တစ်စုံတစ်ရာကြောင့် စိတ်မကြည်လာသလိုမျိုး။

ထို့ကြောင့် Jay ဘာမှဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်ကာ စိတ်ကို လျှော့ချလိုက်သည်။

" Jay ကျွန်တော့်ကို ခေါ်တာ ဒါတွေ ပြောဖို့အတွက်ပဲလား... တခြားပြောစရာ မရှိတော့ရင် ကျွန်တော်အိမ်ပြန်ပါရစေ...အရမ်း ပင်ပန်းနေပြီမို့ နားချင်နေပြီ "

" ကောင်းပြီလေ ပင်ပန်းနေရင်လဲ နားပါ... ကိုယ်က မင်း တစ်နေကုန် ကျောင်းမှာ မရှိလို့ ဘယ်သွားနေလဲ မေးချင်ရုံပါ... ကိုယ့်ကိုလဲ ဘာမှ အကြောင်းမကြားလို့ "

" ကျွန်တော် လိုအပ်ရင် အကြောင်းကြားမှာပေမယ့်... ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်းကို​တော့ Jay ကို အသိပေးဖို့ မလိုဘူးလို့ ထင်တာပဲ... ဒါပေမယ့် တစ်ခုတော့ သိထားပေးပါ... ကျွန်တော် Jay နောက်ကွယ်မှာ Jay မကြိုက်တာ ဘာတစ်ခုမှ လုပ်မနေဘူး ဆိုတာကိုပဲ "

သူ စိတ်လျှော့လိုက်ပါပြီဆိုမှ ထပ်ပြီး ဒေါသဖြစ်စရာစကားလုံးတွေကိုမှ ရွေးချယ်ပြီး ပြောလာတဲ့ ဘေဘီ။

Jay ရဲ့ ဒေါသစိတ်တို့က ထောင်းခနဲ။ ဘေဘီ ဘယ်တုန်းက သူ့ကို ဒီလိုတွေ ပြန်ပြောဖူးခဲ့လို့လဲ။

အခုတော့ ဘယ်လို သတ္တိတွေနဲ့တောင် သူ့ကို ဒီလို စကားတွေ ပြောနေပါလိမ့်...

Jay ရဲ့ ကြိတ်မှိတ်မျိုချနေရတဲ့ ဒေါသတွေက အလိပ်လိုက်တက်လာပြီး သီးခံစိတ်တို့ ပျောက်ကွယ်သွားခဲ့ပြီ။

" ဒါဆို မင်းအတွက် စိတ်ပူနေရတဲ့ ငါ့ကိုရော... မင်းအတွက်နဲ့ စိုးရိမ်နေရတဲ့ ငါ့ကို မင်း ဘယ်လို ပြန်လုပ်ပေးမှာလဲ ဘေဘီ "

ဘေဘီ့ပုခုံးတွေကို ခပ်ကြမ်းကြမ်းလေး ဆွဲကိုင်လှုပ်ယမ်းပြီး မေးလိုက်တော့ သူ့လက်တွေကို ပြန်ဆွဲဖြုတ်ချလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်သွားတဲ့ ဘေဘီက

" ဒါတော့ Jay ဘက်က တစ်ဖက်သတ် စိုးရိမ်ပြီး စိတ်ပူနေတာပဲ... ကျွန်တော်က ဘာဖြစ်မှာမို့လို့လဲ... ဘာဖြစ်မှာမို့ ဒီလိုတွေ စိတ်ပူနေရတာလဲ "

" မင်းဖြစ်နေလို့... မင်း ဖြစ်နေလို့ကို ငါ့မှာ စိတ်ပူနေရတာ ''

" မဆိုင်လိုက်တာ Jay ရာ ''

" မင်းအတွက်တော့ မဆိုင်ဘူးပေါ့... ဒါပေမယ့် ဒါ ငါ့စိတ်က ဖြစ်နေတာလေ... အဲ့တော့လဲ ဆက်ပြီး စိတ်ပူနေရအုံးမှာပဲ... ပြီးတော့ မင်း ကိုယ်ပေါ်က ဒီအဝတ်တွေ... ဒါ ဘာသဘောလဲ... ငါမကြိုက်ဘူး... သူများအငွေ့အသက်တွေပါနေတဲ့ အဝတ်အစားတွေ မင်း ခန္ဓာကိုယ်ပေါ် ရောက်နေတာ ငါလုံးဝ မကြိုက်ဘူး "

ဘေဘီ့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားတဲ့ ဟိုကောင်လေးရဲ့ကုတ်အင်္ကျီကို လက်ညှိုးနဲ့ ဖိဖိ ထောက်ကာ ပြောလိုက်တော့ အခုမှ သူ့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီကို သတိရသွားဟန်နဲ့ ပြန်ငုံ့ကြည့်နေပြီး

" ဟင်.. ဒီအင်္ကျီ... ဟို.. ဒါ ဒါက ကျွန်တော် မိုးမိထားလို့...အေးနေလို့ သူက ခဏပေးဝတ်ထားတာပါ... ကျွန်တော် ပြန်ပေးလိုက်ဖို့ မေ့နေခဲ့တာ "

" မိုးမိတယ်... မိုးမိရလောက်အောင်ထိ မင်းတို့ အဲ့မှာ ဘာလုပ်နေလို့လဲ... မိုးရွာမှာမှန်း မင်းမသိဘူးလား... မိုးရွာရင် ကြောက်တတ်လန့်တတ်တဲ့ မင်းက မိုးရေတွေ စိုနေရလောက်အောင် မိုးရွာကြီးထဲ မင်းတို့ ဘာတွေတောင် လုပ်နေကြလို့လဲ ''

" ကျွန်တော်က ဘာလုပ်နေရမှာလဲ ! "

" အေး အဲ့ဒါ မင်းပဲ သိမှာ လို့! ... မကြိုက်ဘူး.. ချွတ်! ခုချွတ်! မင်းကိုယ်ပေါ် ဒါတွေရှိနေတာ ငါမကြိုက်ဘူး "

ဘေဘီ့ခန္ဓာကိုယ်ပေါ်က ဟိုကောင့် အင်္ကျီကို Jay အကြမ်းပတမ်း ဆွဲချွတ်နေမိသည်။ သူ့လက်တွေထဲက ဘေဘီ့ခန္ဓာကိုယ်လေးကတော့ ယိမ်းထိုးလို့ပေါ့။ ဒါပေမယ့် ဘာမှ ပြန်မပြော... Jay စိတ်တိုင်းကျ လုပ်ပါစေဆိုပြီး ငြိမ်နေပေးသယောင်။

Jay.. လက်ထဲမှာ ပါလာတဲ့ အင်္ကျီကို လုံးထွေးပြီး ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ပစ်ပေါက်လွှင့်ပစ်လိုက်သည်။

" နောက် မင်းဆီမှာ သူများပစ္စည်း တစ်စုံတစ်ခုမှ ရှိမနေစေနဲ့ ဘေဘီ... အဲ့အငွေ့အသက်တွေ မင်းခန္ဓာကိုယ်ပေါ် စွဲထင်နေမှာမျိုး ငါ မကြိုက်ဘူး "

" သူများအငွေ့အသက်တွေ ပါနေတယ် ဆိုပေမယ့်လဲ ကျွန်တော် ချမ်းအေးနေချိန်မှာ နွေးထွေးစေဖို့အတွက် အကူအညီပေးတဲ့ အရာတစ်ခုပါပဲ Jay "

ကြမ်းပြင်ပေါ် ကျနေတဲ့ အင်္ကျီကို ဖြည်းညှင်းစွာ ငုံ့ကောက်ရင်း မျက်နှာသေလေးနဲ့ ပြောလာတဲ့ ဘေဘီ။

ဘာတဲ့ .. သူ့အတွက် အကူအညီဖြစ်စေတဲ့ အရာတဲ့လား.. အဟက်! မင်း ငါ့ဆီကမှ မဟုတ်ရင် ဘယ်သူ့အကူအညီမှ လက်ခံလို့မရဘူးလေ ဘေဘီရယ်... ဒါကို မင်းမသိလေရော့သလား...

" ငါ လက်မခံဘူး... ငါ လက်မခံတာမို့ ဘယ်သူ့ပစ္စည်းမှ မင်းဆီမှာ ရှိမနေရဘူး "

သူ့အပြောကြောင့် မျက်နှာနွမ်းနွမ်းလေးပေါ် ဖြတ်ပြေးသွားတဲ့ မချိပြုံးလေး တစ်ခု။

" ဘာလို့လဲ... ဘာလို့ လက်မခံတာလဲ "

" မင်းက ငါ့အပိုင်မလို့... တခြားဘယ်သူနဲ့မှ ပတ်သက်တာမျိုး မလိုချင်လို့ "

" ဒါဆို ကျွန်တော် တစ်ခုလောက် မေးပါရစေ Jay... Jay အတွက် ကျွန်တော်က ဘယ်လို လူမျိုးလဲ ဟင်... Jay အတွက် ကျွန်တော်ဆိုတာ ဘယ်လို အဓိပ္ပါယ်မျိုးလဲ "

သူ့မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်ပြီး မေးလာတဲ့ ဘေဘီ့စကားတွေက ထူးထူးဆန်းဆန်း...

ထို့ကြောင့် Jay ခပ်ဟဟ ရယ်လိုက်ပြီး

" ဘာတွေ အထူးအဆန်း လုပ်ပြီး မေးနေတာလဲ ဘေဘီ... မင်းက ငါ့အတွက် baby doll လေးပဲပေါ့...ဘာအဓိပ္ပါယ်တွေ ရှိနေရအုံးမှာလဲ... ငါ မက်မောလို့ ပိုင်ဆိုင်နိုင်အောင် လုပ်ယူထားတဲ့ အရုပ်ကလေး "

သူ့အပိုင်ပါဆိုတဲ့ အပြုံးမျိုးနဲ့ မေးဖျားလေးကို ဆွဲမော့ကာ တင်းတင်းစေ့ထားတဲ့ ဘေဘီ့နှုတ်ခမ်းတွေကို တံဆိပ်ခတ်လိုက်တဲ့ Jay...

Jay ဒီလို အဖြေပေးတဲ့အချိန် Sunoo နားထဲမှာ ပြန်ပြီးကြားယောင်လာတာက

" အဆောက ကိုယ့်တစ်ဘဝလုံးပါ " လို့ ဆိုလေတဲ့ Sunghoon ရဲ့ ပြောစကားကိုပင်။

အရင်ကဆို နမ်းဖို့ရွယ်တာနဲ့ မျက်လုံးလေး စုံမှိတ်ထားတတ်တဲ့ ဘေဘီက ခုတော့ နမ်းဖို့အတွက် သူ့မျက်နှာကြီး ငုံ့ကိုင်းလာတာကိုတောင် မရှောင်မလွှဲဘဲ မျက်လုံးတွေထဲကို စိုက်ကြည့်ကာ တစ်စုံတစ်ရာကို ရှာဖွေနေသလို။

Jay ဘေဘီ့နှုတ်ခမ်းလေးကို နမ်းလိုက်တော့ နှုတ်ခမ်းသားလေးတွေဟာ အေးစက်ပြီး ပြာနှမ်းလို့။

မိုးတွေမိထားတဲ့ ဒီခန္ဓာကိုယ်ပါးပါးလေးက ကြာရင် အအေးပတ်ပြီး ဖျားတော့မည်။ ဒါ့ကြောင့်ပဲ Jay ဒီကောင်လေးကို အိမ်ပြန်ရန် ပြောလိုက်ရတော့သည်။

" ပြန်တော့ ဘေဘီ... ဒီထပ့်ကြာရင် မင်း ဖျားတော့မယ်.. တစ်ကိုယ်လုံး အေးစက်နေပြီ "

" ဟုတ်ကဲ့ပါ "

ဘာခံစားချက်မှ မရှိတဲ့ မျက်နှာသေလေးနဲ့ပဲ သူ သွားဆိုတော့လဲ အင်္ကျီလေးကို ပွေ့လို့ ချက်ချင်း ကျောခိုင်းကာ ထွက်သွားဖို့ ပြင်နေတဲ့ ဘေဘီ။

တံခါးနားအရောက်မှ Jay လှမ်းခေါ်လိုက်ပြီး

" ခဏ ဘေဘီ... ငါ မင်း ကို ပေးလိုက်စရာရှိတယ် "

Jay စားပွဲအံဆွဲထဲမှာ ထည့်ထားတဲ့ လက်ကိုင်ပဝါလေးကို ထုတ်လိုက်ကာ ဘေဘီ့လက်ထဲ ထည့်ပေးလိုက်တော့ ပါးစပ်လေးဟကာ အံသြရိပ်လေး ထင်သွားတဲ့ ဘေဘီက

" ဒါ ဘယ်လိုလုပ် Jay ဆီ... "

" အင်း ရောက်နေတာကြာပြီ ကိုယ် ပြန်မပေးဖြစ်လို့... ပိုင်ရှင်ရှိတယ်မလား...ဘေဘီ့လက်ထဲ ယူမထားဘဲ ပိုင်ရှင်အစစ်ကို ပြန်ပေးလိုက်ပါ "

ဒီစကား အကြားမှာတော့ မျက်လုံးလေးပါ ပြူးသွားပြီး မော့ကြည့်လာသည်။ ဘာမှတော့ ပြန်မပြော။

" နောက်ဆို တခြားတစ်ယောက်နဲ့ အတူလိုက်သွားပြီး ဒီလို စုတ်ပြတ်လာတဲ့ ပုံစံမျိုး ငါ မမြင်ချင်ဘူး ဒါနောက်ဆုံးအကြိမ် ဖြစ်ပါစေ... သွားတော့ ရေမိုးချိုးပြီး သန့်စင်အောင် လုပ် "

Jay စကားအဆုံး တစ်စက္ကန့်လေးတောင် မဆိုင်းဘဲ တံခါးဖွင့်ကာ အပြင်ကို ထွက်သွားလေတော့သည်။

ဟူးးး

ဘေဘီ ထွက်သွားမှ Jay ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဘေဘီ့အပေါ် ချိုချိုသာသာပဲ ပြောဆိုဆက်ဆံဖို့ တွေးထားပေမယ့် မရည်ရွယ်ဘဲ ပြောမိလိုက်တဲ့ စကားတွေရယ်... ထိန်းချုပ်ထားတဲ့ကြားကပဲ အတားအဆီးမရှိ ထွက်မိလိုက်တဲ့ ဒေါသတွေရယ်...

ကိုယ်မရည်ရွယ်ပါဘူး ဘေဘီရယ်...

Jay ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ အတွင်းရေးမှူး Lee ဆီသို့ ဖုန်းခေါ်လိုက်သည်။

တစ်ဖက်က ဖုန်းကိုင်ကိုင်ချင်း ပြောလိုက်တာက

" တည့်တည့်မိအောင် ဖမ်းလိုက်တော့ အတွင်းရေးမှူး Lee... သူ ကျွန်တော့်ပိုက်ကွန်ထဲမှာပဲ ရှိဖို့ လိုအပ်နေပြီ "

.
.
.

လက်တစ်ဖက်က ပုဝါလေးကိုကိုင်ကာ လက်တစ်ဖက်က Sunghoon ရဲ့ အင်္ကျီလေးကို ပွေ့ပိုက်ရင်း Sunoo အိမ်ကိုပြန်လာခဲ့သည်။

လက်ထဲက အင်္ကျီလေးကို ငုံ့ကြည့်မိတော့ သည်းသည်းမဲမဲရွာနေတဲ့ မိုးရေတွေကြား မိုးခြိမ်းသံတွေကို ကြောက်တယ်ပြောလို့ ဒီအင်္ကျီလေးကို မလုံ့တလုံ ခြုံပေးကာ ကိုယ့်ကို ကျောပိုးပြီး ကားရှိရာဆီ အပြေးသွား ရင်ခွင်ထဲမှာနွေးနွေးထွေးထွေး ပွေ့ပိုက်လို့ အားပေးစကားလေးတွေ ပြောခဲ့တဲ့ Sunghoon ရဲ့ ပုံရိပ်တွေက Sunoo မျက်လုံးထဲမှာ တရေးရေးပေါ်လာခဲ့တော့တယ်။

အတိတ်ဆီက ဖြစ်ရပ်တစ်ခုမှာတော့ မိုးသည်းသည်း တစ်ရက်မှာ လေတွေမိုးတွေကျ၊ လျှပ်စီးတွေ တဝင်းဝင်းနဲ့ မိုးတွေခြိမ်းလို့ ကြောက်လန့်ပြီး အော်ငိုနေမိတဲ့ ကိုယ့်ကို မညှာမတာ ကားပေါ်က ဆင်းခိုင်းလို့ လမ်းမကြီးထက် တစ်ယောက်ထဲ ထားပစ်ခဲ့ရက်တဲ့ Jay ရဲ့လုပ်ရပ်ကို သူ ခုထိမမေ့။

အိမ်ကို ပြန်ရောက်တော့ စိတ်ပူတဲ့ မျက်ဝန်းတွေနဲ့ ဆီးကြိုနေတဲ့ မေမေ့ကို အဆင်ပြေကြောင်းပြောကာ အခန်းထဲသို့ ဝင်လာလိုက်သည်။

အခန်းထဲရောက်တော့ သူများအငွေ့အသက်တွေနဲ့မို့ ရေမိုးချိုး သန့်စင်အောင်လုပ်ဆိုတဲ့ Jay ရဲ့စကားကြောင့် bathtube ထဲမှာအကြာကြီး စိမ်နေလိုက်တယ်။

ရေချိုးနေရင်းနဲ့လဲ နားထဲမှာ ပြန်ကြားယောင်နေတာက

" မင်းကငါ့အတွက် Baby Doll လေး "

" အဆောက ကိုယ့်တစ်ဘဝလုံး ပါ "

" မင်းကငါ့အတွက် Baby Doll လေး..."

" အဆောက ကိုယ့်တစ်ဘဝလုံး ပါ... "

" မင်းကငါ့အတွက် Baby Doll လေး.... "

" အဆောက ကိုယ့်တစ်ဘဝလုံး ပါ..... "

နားထဲမှာ အထပ်ထပ် ပြန်လည်ကြားယောင်နေမိတဲ့ စကားနှစ်ခွန်း...

ကိုယ့်စိတ်ဆန္ဒဆိုတာ ဘာမှန်းမသိရဘဲ သူ့ခံစားချက်တွေကိုသာ ရှေ့တန်းတင်ပြီး အမြဲ အရုပ်တစ်ရုပ်လိုပဲ သဘောထားတတ်တဲ့ လူရယ်...

အမြဲတမ်း ကိုယ့်သဘောထားကိုပဲ တလေးတစား မေးတတ်ပြီး အဆောက ကိုယ့်တစ်ဘဝလုံးပါ လို့ မြတ်မြတ်နိုးနိုးနဲ့ ပြောလာတဲ့ လူရယ်...

ဒီအဖြေတွေကပဲ သူ့အပေါ် ဘယ်သူက ဘယ်လိုသဘောထားတယ်ဆိုတာ ရှင်းနေပါပြီလေ....

အတွေးပေါင်းစုံနဲ့ ရေကြာကြာစိမ်လိုက်တဲ့ ရလဒ်ကတော့ Sunoo တစ်ယောက် ညလယ်လောက်မှာ အဖျားတွေတက် ကယောင်ကတမ်းတွေဖြစ်တော့တာပေါ့။

တစ်နေကုန်တွေ့ကြုံခဲ့ရတဲ့ ခံစားချက်ပေါင်းစုံတို့ကြောင့် ညမှာ အဖျားတွေတက်ပြီး အိမ်မက်ဆိုးရဲ့ ခြောက်လှန့်မှုဒဏ်ကို အလူးအလဲ ခံလိုက်ရသည်။

အိပ်မက်လား...

သိတဲ့အတိုင်း မိုးညအိပ်မက်ဆိုးကြီးပဲပေါ့...

ဒီတစ်ခါမှာတော့ အိပ်မက်ထဲက အော်ငိုနေတဲ့ ကလေးလေးဟာ Sunoo ကိုယ်တိုင်ဖြစ်နေခဲ့သည်။

သူဟာ ကြောက်လန့်တကြား ရှိုက်ကြီးတငင် ငိုကြွေးနေလည်းပဲ ကူကယ်ရာမဲ့...

ဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားတစ်စီးပေါ်ကနေ ကြည့်နေတဲ့ လူကြီးတစ်ယောက် ကားပေါ်က ဆင်းလာကာ သူရှိရာဆီ ရောက်လာခဲ့တယ်။

Sunoo ဘေးနားက သွေးအလိမ်းလိမ်းနဲ့ လမ်းမပေါ် မှောက်ခုံးကြီး ဖြစ်နေတဲ့ လူကို သေချာကြည့်ကာ ခေါင်းရမ်းလိုက်သည်။

ပြီးတော့ Sunoo ရှိရာဘက် လှည့်ကြည့်လာပြီး Sunoo လက်ထဲမှာ ကိုင်ထားတဲ့ ဝက်ဝံရုပ်လေးကို ဆွဲယူလိုက်ကာ

" မင်းကို ကယ်မယ့် တစ်ယောက်ယောက် မကြာခင် ရောက်လာမှာပါ ကလေး... ငါတို့ကတော့ မင်းကို ကယ်လို့မဖြစ်လို့ သွားပြီ " တဲ့

အဲ့ဒီမှာ Sunoo သတိထားမိလိုက်တာက အဲ့ဒီ့လူကြီးရဲ့ လက်ဖျံရိုးပေါ်က တက်တူးတစ်ခု။

လက်ဖျံတစ်လျှောက် ရစ်ပတ်နေတဲ့ မြွေတစ်ကောင်ရဲ့ပုံကို တက်တူးထိုးထားပြီး အစွယ်ငေါငေါထွက်နေတဲ့ မြွေရဲ့ ခေါင်းပိုင်းကတော့ လက်ဖမိုးပေါ်မှာ...

တဝင်းဝင်းဖြစ်နေတဲ့ လျှပ်စီးကြောင်းတွေရဲ့ အလင်းရောင်ကြောင့် Sunoo တက်တူးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ထိုခဏ ငိုဖို့မေ့နေပြီး လူကြီးရဲ့ လှုပ်ရှားမှုတွေကိုသာ လိုက်ငေးနေမိရင်း သူ့ကို ဒီနေရာကနေ ခေါ်သွားပေးဖို့ အော်ဟစ်ပြောနေရင်းပေါ့။

ဒါပေမယ့်လဲ ထိုလူကြီးကတော့ ကြားပုံမပေါ်။ Sunoo နားကနေ လှည့်ထွက်သွားပြီး ကားပေါ်တက်ကာ မောင်းထွက်သွားလေတော့သည်။

" ခေါ်သွားပေးပါ!

ကျွန်တော့်ကို ဒီနေရာကနေ ခေါ်သွားပေးပါ!!

ကျွန်တော် အရမ်းကြောက်လို့ ကျွန်တော့်ကို ခေါ်သွားပေးကြပါ !!! "

ပြန်လှည့်လာလို လှည့်လာငြား အသံကုန်အော်ကာ အကူအညီတောင်းနေပေမယ့် လည်ချောင်းထဲမှ အသံတို့က ထွက်ကျမလာခဲ့။

အော်သည်...

ခေါ်သည်...

ထပ်ခါ ထပ်ခါ အော်နေမိပါသည်...

လည်ချောင်းကွဲမတတ် အော်နေမိပေမယ့် အသံတို့က ထွက်ကျမလာခဲ့။

နောက်ဆုံး ငိုရှိုက်ရလွန်းလို့ မောပန်းလွန်းနေတဲ့ ခန္ဓာကိုယ်ရယ်... ကြောက်ရွံ့တုန်လှုပ်နေတဲ့ စိတ်ခံစားချက်တွေရယ်ကို မခံစားနိုင်တော့တဲ့အဆုံး Sunoo နေရာမှာတင် လဲကျသွားခဲ့တော့သည်။

အမှောင်ထုကြီးထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းပျောက်နေတုန်း ကြားလိုက်ရတဲ့ ခေါ်သံလေးတစ်ခု။

" သားလေး... သားရေ... Sunoo... သတိထားပါအုံး... သားလေး... မေမေရှိတယ်လေ သား..."

" ကိုကိုကြီး... ကိုကိုကြီး မငိုပါနဲ့... ထ ပါ... ကိုကိုကြီး သမီးကို ကြောက်အောင်မလုပ်ပါနဲ့... ထ လာပါတော့... ကိုကိုကြီး "

နားထဲမှာ သဲ့သဲ့လေး ကြားနေရတဲ့ မေမေနဲ့ညီမလေးရဲ့ စိုးရိမ်တကြီး ခေါ်သံများ...

မေမေလို့ ခေါ်လိုက်ချင်ပေမယ့် လည်ချောင်းတစ်လျှောက် ခြောက်ကပ်နေမှုကြောင့် အသံက ထွက်မလာ။

မျက်လုံးကို အားယူပြီး ဖွင့်ဖို့ ကြိုးစားပေမယ့်လဲ လေးလံနေတဲ့ဘမျက်ခွံတွေကြောင့် တော်တော်နဲ့ ဖွင့်လို့မရ။

ခန္ဓာကိုယ်ဟာ ဆိုလဲ လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်နိုင်တော့လောက်အောင် အားအင်တွေ ကုန်ခမ်းကာ ချမ်း၍တုန်ခိုက်နေပါသည်။

ဒါပေမယ့်လဲ သူ ရေသောက်ဖို့လိုတယ်...

ရေအရမ်း ဆာနေတယ်...

​ခြောက်သွေ့အပ်ကွဲနေသယောင် သူ့လည်ချောင်းကြီးကြောင့် သူ ရေလေးတစ်ခွက်လောက်တော့ သောက်ဖို့ လိုအပ်နေပါသည်။

ထို့ကြောင့် မျက်လုံးတို့ကို အားယူကာ ဖွင့်လိုက်တော့ စိုးရိမ်တကြီး ကြည့်နေတဲ့ မေမေ။

" ရေ... ရေပေးပါ "

" သား... သားလေး နိုးလာပြီလား "

" ကိုကိုကြီး... ဟင့် ဟင့် "

သူနိုးလာလို့ ဝမ်းသာအားရအော်လိုက်တဲ့ မေမေနဲ့ညီမလေးရဲ့ ငိုရှိုက်သံလေး။

" ရေ...ရေပေးပါ မေမေ "

" ရေ... ဟုတ်ပြီ ဟုတ်ပြီ မေမေပေးမယ်နော် သားလေး "

ကုတင်ဘေးရှိ စားပွဲပေါ်က ဖန်အိုးလေးထဲက ရေကို ဖန်ခွက်ထဲသို့ ထည့်လိုက်ပြီး ရေခွက်လေးကို စားပွဲပေါ် ချကာ

" ရေသောက်ရအောင် သားလေး ... လာ မေမေထူပေးမယ် "

မေမေမထူခင် ထ ထိုင်ဖို့ ကြိုးစားလိုက်တော့ ခေါင်းထဲက မိုက်ခနဲ...

ပြီး နဖူးပေါ်က ပြုတ်ကျလာတဲ့ ရေစိုဝတ်လေးတစ်ခု။ မေမေ သူ့ကို ရေပတ်တိုက်ပေးနေတယ် ထင်ပါ့။

ကုတင်ခေါင်းရင်းကို ခေါင်းအုံးလေးခံကာ မှီထိုင်လိုက်ပြီး မေမေပေးတဲ့ ရေကို တကျိုတ်ထဲ မော့သောက်ပစ်လိုက်သည်။ ဒါတောင် ရေငတ်မပြေသေး။

နောက်တစ်ခွက်သောက်လိုက်တော့မှ နေသာထိုင်သာ ရှိသွားကာ မူးနေတဲ့ ခေါင်းကြောင့် နောက်ကို မှီချလိုက်ပြီး မျက်လုံးလေးမှိတ်လိုက်တော့ နဖူးပေါ်ကို ရောက်လာတဲ့ လက်သေးသေးလေး။

" ကိုကိုကြီး မဖျားပါနဲ့နော်... ကိုကိုကြီး နေကောင်းအောင် နေပါ "

Sunoo မျက်လုံးကို ပြန်ဖွင့်ကာ သူ့ဘေးနားမှာ ကပ်ထိုင်နေတဲ့ ညီမလေးကို ပြုံးပြလိုက်ရသည်။

" ကိုကိုကြီး မဖျားတော့ပါဘူး ညီမလေးရယ်... ကိုကိုကြီး နေကောင်းနေပြီနော် "

" ဟင့် ကိုကိုကြီးက ညီမလေးခေါ်တာလဲ ပြန်မထူးဘဲ အိပ်ပဲ အိပ်နေတာ... ညီမလေးကိုကျ ပြန်မထူးဘဲ... ဘာတွေ အော်နေမှန်းမသိဘူး ဟင့် ဟင့် "

ငိုမဲ့မဲ့ဖြစ်နေတဲ့ ညီမလေးကို ခေါင်းလေးဖွဖွ ပွတ်ပေးလိုက်တော့ ဘေးက မေမေကပါ ဝင်ပြောလာသည်။

" သား အိပ်နေရင်း ကယောင်ကတမ်းတွေ အော်နေတယ် သားရယ်... ငိုလဲငိုတယ် ကြောက်တယ် ကြောက်တယ်လို့လဲ အော်နေတယ်... တညလုံးပဲသား အဖျားတွေ တက်ပြီး ယောင်နေတာ "

" သား အိပ်မက်တွေ မက်နေတာ မေမေ... ဒီတစ်ခါ အိပ်မက်ကြီးက အရမ်းကြောက်ဖို့ကောင်းတယ်... အိပ်မက်မက်တိုင်းမှာ ငိုနေတဲ့ကလေးလေးက ဒီတစ်ခေါက်မှာတော့ သား ကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ် "

" အဖျားကြီးလို့ ကယောင်ကတမ်းမက်တာပါ သားရယ်... အိပ်မက်ပဲဟာ ဘာမှ စိတ်ထဲ ထားမနေနဲ့ ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါ ... ညီမလေး အဖျားကူးမယ်မေမေ...အပြင်ခေါ်သွားလိုက်ပါ... သား ထပ်အိပ်ချင်သေးတယ် "

" ဟင့်အင် ညီမလေး ကိုကိုကြီးနားပဲ နေမှာ.. ကိုကိုကြီး ခုနကလို အော်ငိုနေရင် ဘယ်လိုလုပ်မလဲ... မသွားဘူး မသွားဘူး "

" ကိုကိုကြီး မငိုတော့ဘူးလေ နော်... ညီမလေး အဖျားကူးမှာစိုးလို့ လေ "

" ဟင့် သွားဘူး... လို့ "

" ကိုကိုကြီးက ပြန်အိပ်မလို့တဲ့ သမီးရဲ့.. သူ့ဘာသာ အိပ်ပါစေ... သမီးရှိရင် သမီးကို အဖျားကူးမှာစိုးလို့ ကိုကိုကြီး မအိပ်နိုင်ဘဲ နေလိမ့်မယ်လေ "

ချော့မော့ ပြောနေလဲ အစ်ကိုချစ်ပြီး စိုးရိမ်နေတဲ့ ညီမလေးက ခေါင်းမာကာ အပြင်ခေါ်သွားလို့မရ။

အဖျားကူးမယ်ဆိုတာနဲ့ Sunoo ဘေးနား ကပ်ထိုင်နေရာမှ ကုတင်အောက်သို့ လျှောဆင်းသွားကာ ဘေးက ကုလားထိုင်ပေါ် တက်ထိုင်လိုက်လေသည်။

" အဖျားမကူးအောင် သမီး ဒီမှာပဲ နေမယ်နော် မေမေ့ "

ညီမလေးရဲ့ အပြုအမူကြောင့် Sunoo နေမကောင်းတဲ့ကြားက ပြုံးလိုက်မိသည်။

ဒါတွေကြောင့်ပဲ ညီမလေးကို သူ ချစ်နေရတာ။

သူငယ်ချင်း အပေါင်းအသင်းလဲ မရှိလေတော့ ညီမလေးက Sunoo ကိုဆို အရမ်းချစ်ပြီး ခင်တွယ်ပါသည်။

အစ်ကိုလဲ ဟုတ်။ ကစားဖော်လဲ ဟုတ်။ သူငယ်ချင်းလဲ ဟုတ် မလား။

ထို့ကြောင့်ပဲ Sunoo မေမေ့ကို ခေါ်မသွားတော့ဖို့ ပြောရတော့သည်။

" ရတယ်မေမေ.. ညီမလေး အဲ့မှာနေမယ်ဆိုလဲ နေပါစေ... သား တစ်ရေးအိပ်လိုက်အုံးမယ် "

" အဲ့ဒါဆို မေမေ သားနိုးလာရင် သောက်ဖို့ ဆန်ပြုတ်လေး သွားပြုတ်လိုက်အုံးမယ် နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်လိုက်နော် သား... ဘာမှ စဉ်းစားမနေနဲ့ "

" ဟုတ်ကဲ့ မေမေ "

ညီမလေးကလဲ ခုံပေါ်မှာ ထိုင်ကျန်နေခဲ့မယ်ဆို၍ ဆန်ပြုတ် ပြုတ်ရန် မေမေ အခန်းထဲမှ ထွက်မယ်အလုပ် အခန်းတံခါးကို ဝုန်းဒိုင်းကြဲ ဖွင့်ပြီး ဝင်လာတဲ့ ပထွေး။

ဝင်လာတာနဲ့ မေမေနဲ့ သူ့ကို ခါးထောက်၍ မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ အပြစ်စကားက အရင်ဆိုသည်။ တကယ်ဆို သား နေလို့ကောင်းရဲ့လား အရင်မေးရမှာ မဟုတ်ဘူးလား။

" မင်း သား နိုးနေပြီဆိုလဲ အပြင်မှာ လုပ်စရာရှိတာ ထွက်လုပ်အုံးလေကွာ... တစ်နေကုန် ဒီ အခန်းထဲမှာပဲ နေတော့မလို့လား "

" ကျွန်မ သား ဒီလောက်အဖျားကြီးနေတာ... လုပ်ပေးစရာရှိတာတော့ လုပ်ပေးရအုံးမယ်ရှင်... ဒီအချိန်မှာ ကျွန်မ သားထက် အရေးကြီးတာ ဘာမှ မရှိဘူး "

" မင်း သားက ကလေး လား အဲ့လို စောင့်နေပေး နေရအောင် ... သူ့ဘာသူ မဆင်မခြင် အလေလိုက်လာပြီး မိုးမိလာလို့ ဖျားတာ ဘာမှ လုပ်ပေးနေစရာ မလိုဘူး မိန်းမ ... ငါ အခု အလုပ်သွားရတော့မယ် မနက်စာက ခုထိ အဆင်သင့်မဖြစ်သေးဘူး "

" အဒေါ်ကြီး လုပ်ပေးလိမ့်မယ်... ကျွန်မက ကျွန်မသားအတွက် ဆန်ပြုတ် ပြုတ်မလို့ "

" ကျစ်! စောက်သုံးမကျတာတွေ... ငါ ဘယ်တုန်းက သူများပြင်ပေးတဲ့ ထမင်းဝိုင်းကို စားလို့လဲကွ... ခု ချက်ချင်း သွားပြင်ချည် "

မေမေ မှ ထ လုပ်မပေးရင် ဒီကိစ္စက ပြီးမှာ မဟုတ်တော့...

Sunoo လူက နုံးချိနေကာ အိပ်လဲ တအားအိပ်ချင်လှပြီမို့ နားအေးပါးအေး နေချင်လှပါပြီ။ ထို့ကြောင့်ပဲ မေမေ့ကို သွားလုပ်ပေးဖို့ ပြောရတော့သည်။

" သွားလုပ်ပေးလိုက်ပါ မေမေ...သားလဲ သက်သာနေပြီပဲ "

" ဒါပေမယ့် သားက - "

" ရတယ် မေမေ... သား လဲ အိပ်တော့မှာမလို့ မေမေ သွားလုပ်ပေးလိုက်ပါ ... သား နားချင်ပြီ "

သူပြောတဲ့ စကားကို မေမေက သဘောပေါက်စွာဖြင့် ခေါင်းလေးညိမ့်ပြသည်။ ထို့နောက် ကုတင်ပေါ်မှ အသာထကာ သူ့ကို စောင်လေးခြုံပေးကာ အခန်းထဲကထွက်ဖို့ပြင်တော့ ပထွေးက

" ငါ့သမီးကို သူ့နားမထားခဲ့နိုင်ဘူး... အလိုလိုမှ ငါ့သမီးက ကိုယ်ခံအားနည်းတဲ့သူ... မတော် အဖျားကူးသွား ဘယ်လိုလုပ်မလဲ ... မင်း ဒါလေးတောင် လူလို မသိတတ်ဘူးလား ... ခုချက်ချင်း ကလေးကို ခေါ်ခဲ့ "

ညီမလေးက သူပါ အခန်းပြင်ထွက်ရမယ်ဆိုတော့ ငိုလေတော့သည်။

" ဟင့်အင်... ဟင့်အင် သမီးမသွားဘူး... ကိုကိုကြီးနားပဲ နေမှာ... ဟင့်အင်... "

" မရဘူး ခု လာခဲ့ "

ညီမလေးရဲ့ ထွန့်ထွန့်လူး ငြင်းဆန်၍ အော်ငိုနေသံရယ် ပထွေးဖြစ်သူရဲ့ အော်ငေါက်၍ မရမက ပွေ့ချီခေါ်သွားသံရယ်နဲ့ Sunoo အခန်းလေးထဲ တခဏတော့ အသံတွေညံသွားခဲ့တော့သည်။

အဖျားလဲကြီးပြီး အားလဲနည်းနေတာကြောင့် Jay က ကျောင်းသွားခွင့်မပြုလေတော့ သူ အဲ့ဒီ နေ့ကစလို့ ကျောင်းနှစ်ရက်ဆက်တိုက် မသွားဖြစ်။

အခန်းထဲက အဝတ်တန်းမှာ ချိတ်ထားတဲ့ Sunghoon ရဲ့ အင်္ကျီလေးကို မြင်တိုင်း သူ အဆင်မှ ပြေရဲ့လား လို့ သတိလေး​တော့ ရမိပါသေးသည်။

အနားမှာနေပေးမယ် ပြောထားပြီး ကတိမတည်ပေးနိုင်တော့တဲ့ အတွက်တော့ Sunghoon တစ်ယောက် သူ့ကို နားလည်ပေးနိုင်ပါစေလေ။

Hoonie ရယ်...တကယ်တော့ ကျွန်တော်က မလွတ်လပ်တဲ့ လူတစ်ယောက်ပါ....

ကိုယ့်ဘဝကို ကိုယ်မပိုင် သူများခြယ်လှယ်မှုအောက်မှာပဲ အရုပ်တရုပ်လို လှုပ်ရှားနေရတဲ့ စက်ရုပ်သာသာ လူတစ်ယောက်ပါဗျာ...

အဲ့လို ခြယ်လှယ်နေမှုတွေကိုလဲ မကြိုက်ပါဘူးလို့ စောဒက တက်ခွင့် မရှိပြန်ဘူး Hoonie ရဲ့။

သူ ကူကယ်ပေးထားတဲ့ ကျေးဇူးတရားတွေကြောင့် ကျွန်တော်ဟာ သူကြိုးဆွဲရာ အလိုက်သင့်လေး နေပေးနေရပါတယ်။

အဲ့အတွက် ကျွန်တော်ဟာ ကျွန်တော့်ဘဝထဲကို ဘယ်လို တစိမ်းလူတွေကိုမှ လိုတာထက်ပိုပြီး အဝင်ခံလို့မရပါဘူး။

ဒါ့ကြောင့်ပဲ Hoonie နဲ့ ကျွန်တော့်ကြားက သံယောဇဉ်တွေ မလွန်ခင်မှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကြပါစို့။ ကျောခိုင်းကြပါစို့။

ဒါဟာလဲ Hoonie ဘဝလေး အန္တရာယ် ကင်းကင်းနဲ့ ရှေ့ဆက်နိုင်ဖို့ အတွက်ပါ...

ဒါတွေကို Hoonie မသိပေမယ့် ကျွန်တော့်ဆုံးဖြတ်ချက်ကို Hoonie နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ....

*********************************

Love you all my Vitamins 💙

San Htarni 💙

15.3.2023

Comment