~ 18 ~

~ 18 ~


(မကြည့်ရသေးတဲ့သူ မရှိလောက်တော့ဘူး ဆိုပေမယ့် ENGENE တွေရဲ့ Ice Prince လေး Figure skate ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေကို compilation လုပ်ထားတဲ့ vd လေး ထည့်ပေးလိုက်တယ်။ bill နဲ့သုံးတာဆိုရင်တော့ ဝင်မကြည့်ပါနဲ့ bill ကုန်မှာစိုးလို့ 😁 wifi သမားလေးတွေကတော့ ဝင်ကြည့်သွားအုံး။ ဒီအပိုင်းလေးက ဒီ vd လေးနဲ့ လိုက်ဖက်နေမလား လို့ ထည့်ပေးလိုက်တာ )

*****

ည...

မိုးသားတိမ်လိပ်တို့ ကင်းစင်၍ ကြယ်တာရာတို့ လင်းလက်နေကာ လခြမ်းကွေးလေးရဲ့ အလင်းရောင်က ကမ္ဘာမြေပြင်ကြီးအပေါ် ပျပျလေး ထင်ဟပ်လို့နေသည်။

ဒီလို သာသာယာယာညလေး တစ်ညမှာ မိုးပြာရောင် တိုက်အိမ်လေးရဲ့ ရှေ့က အဖြူရောင် ဒန်းစင်လေးပေါ်မှာ ဖုန်းပြောနေတဲ့ အဖြူရောင်အရိပ်ကလေး...

သေချာပေါက် မျက်နှာနုနုလေးမှာ အပြုံးရိပ်တို့ ခိုတွယ်လို့ပေါ့။

ဖုန်းပြောရင်း လက်ထဲမှာလဲ နှင်းဆီဖြူလေးတစ်ပွင့်ကို ကိုင်ထားကာ လှည့်ပတ်ဆော့ကစားလိုက် နှာခေါင်းချွန်ချွန်လေးနဲ့ ထိကပ်ကာ နမ်းရှိုက်လိုက်ဖြင့် ဘေးပတ်ဝန်းကျင်ကိုလဲ မေ့လျော့နေဟန်ပါပဲ။

ဒီမြင်ကွင်းလှလှလေးကိုတော့ နှစ်အိမ်ကူးရာ တံခါးပေါက်ရဲ့ ဘောင်ကို ကျောမှီလို့ လက်ပိုက်ပြီး ကြည့်နေတဲ့ လူတစ်ယောက် ရှိနေလေသည်။

မှောင်ရိပ်ကျနေလေတော့ သူ့မျက်နှာ အရိပ်အကဲကိုတော့ဖြင့် သေချာမမြင်ရ။

သူ့မျက်နှာလေးဟာ

ပြုံးနေမလား....

တည်နေမလား...

ဒေါသတွေနဲ့ ခက်ထန်နေမလား....

ဒါမှမဟုတ်

သူ့ရဲ့ မူပိုင် အပြုံးလေးနဲ့ပဲ ခပ်မဲ့မဲ့လေး ပြုံးနေမလား....

သေချာတာ တစ်ခုကတော့ အမှောင်ထဲမှာတောင် စူးရဲနေတဲ့ သူ့ရဲ့ မျက်ဝန်းအကြည့်များ...

သတိမထားမိတဲ့ အဖြူရောင်လေးကတော့ ဖုန်းပြောမပျက်။

ခပ်ကြာကြာ စိုက်ကြည့်ပြီးတဲ့နောက် ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ကို ထည့်လို့ စီးကရက်တစ်လိပ် လက်ကြားညှပ်ကာ လာရာလမ်းအတိုင်း လှည့်ထွက်သွားလေတော့သည်။

တကယ်လို့ သူ ရှေ့ဆက်တိုးလို့ အဖြူရောင်လေးနားကို ရောက်လာခဲ့ရင်တော့ ကြားရမယ့် စကားသံတွေက

" ကျွန်တော် ဂုဏ်ယူလို့မဆုံးပါဘူး Sunghoon ရယ်... Sunghoon အစား ကျွန်တော် တကယ်ကြီးကို ဝမ်းသာနေတယ် "

" ကိုယ်လဲ အရမ်း မျှော်လင့်နေမိတယ် အဆောရယ် ... ဘာလို့ဆို အဆောရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တော့မှာမို့ "

" ကျွန်တော် တစ်ယောက်ထဲမှ မဟုတ်ပါဘူးနော်...Sunghoon ဘေးနားရှိနေတဲ့ ဘယ်သူကမဆို Sunghoon ကို အောင်မြင်စေချင်နေကြတာပဲကို "

" ဟာ... ဒါဆို အဆောက သူတို့ထက်တောင် နည်းနည်းလောက်လေး မပိုတော့ဘူးလား... ဒါတော့ ကိုယ် ဝမ်းနည်းသွားပြီ နော် "

ထိုအခါ အဖြူရောင်လေး ဆီမှ ရယ်သံလွင်လွင်လေး ထွက်ကျလာခဲ့သည်။

" အဲ့ Sunghoon ဟာလေ.... ပြောလိုက်ရင် အဲ့လို​​လေးဖြစ်ဖြစ် နည်းနည်းတော့ ပိုလိုက်ရမှ "

" ဟုတ်တယ် ကိုယ်က အဆောနဲ့ပတ်သက်လာရင် သူများတွေနဲ့ တန်းတူဆိုတာကြီးကို အဖြစ်မခံချင်တာ...ဥပမာ... ကိုယ် အဆောအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေလိုပေ့ါ...ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှ အချစ်တွေအားလုံးထက် ကိုယ့်အချစ်က ပိုတယ်လေ "

" ဒါဆို အောင်မြင်မှုနဲ့ သက်သေပြလေ... ကျွန်တော့်ကို အဲ့လောက်ချစ်တယ်ဆိုရင် ပထမဆု ဆိုတဲ့ ရွှေတံဆိပ်ကြီး ရအောင်ယူပေး "

" ရအောင် ယူပေးနိုင်ရင်... အဆော ကိုယ့်ကို ပြန်ချစ်မှာလား ပြော "

" အာ... မဟုတ်ဘူးလေ... Sunghoon က ချစ်တယ်ပြောလို့ သက်သေပြခိုင်းတာလေ... ကျွန်တော် ပြန်ချစ်မယ်လို့ ပြောတာမှမဟုတ်တာ "

"အဲ့ အဆောဟာလေ.... ကိုယ့်ကို ရက်စက်ရမယ်ဆို ရှေ့ဆုံးက...နည်းနည်းလေးလောက် ယောင်မှားပြီးတောင် ပြန်ချစ်မယ် မပြောဘူး "

" ခစ်ခစ်... ဒါမျိုးက ယောင် ပြောစရာလားလို့ Sunghoon ရဲ့ ''

" ဟွန်းး ရယ်ပါ ရယ်ပါ... သူများ တကယ် ခံစားနေရတာကို သူက ရယ်နေနိုင်သေးတယ် "

" စိတ်ဆိုးတာလား ပြော... မရယ်နဲ့ ဆို မရယ်တော့ဘူး ရတယ် "

" ရပါတယ်ဗျာ... ခင်ဗျားလေး သဘောပါ... ခင်ဗျားလေး ဘာပဲလုပ်လုပ် ဒီကကောင်က အပြစ်မမြင်နိုင်အောင် ချစ်နေပြီးသားမို့... အပိုင်ပေးပြီးသား ကိုယ့်အချစ်တွေကို အဆော စိတ်တိုင်းကျ ဆော့ကစားလို့ရပါတယ် "

" အဲ့ Sunghoon shi ကလေ သိပ်စကားတတ်တာပဲ သိလား... "

" မသိဘူး.. ကိုယ်က သူများတွေနဲ့ ဆို ရေခဲတုန်း... အဆောကို ချစ်တဲ့ အချစ်တွေကြောင့်သာ ရင်ထဲက စကားတွေ ထွက်ထွက်လာတာ "

" တော်ပါပြီ Sunghoon ကို နိုင်အောင် မပြောနိုင်တော့ဘူး... ကျွန်တော်ပဲ အရှုံးပေးပါတယ် နော် "

" အရှုံးပေးကြတာခြင်း အတူတူဆိုရင်တောင် ကိုယ်က အဆောရှေ့မှာ ဒူးထောက်ထားပြီးသားပါ အဆောရယ်... "

လေလှိုင်းထဲက လွင့်ပျံ့လာတဲ့ သြရှရှအသံလေးက ဝမ်းနည်းရိပ်တို့ ပါနေသလိုပါပဲ။ ပေါ့ပေါ့ပါးပါး စကားတွေ ပြောနေကြရင်းကနေ Sunghoon ဆီမှ ဒီစကားစုလေးကို တိုးသဲ့သဲ့လေး ပြောလာချိန် Sunoo ဘယ်ဘက်ရင်အုံထဲက ငြိမ့်ခနဲ...

Jay ရော Sunghoon ရော ကျွန်တော့်ကို ချစ်ပေးကြတာချင်း အတူတူ ဘာလို့များ ဒီလို စကားလုံးလေးတွေက ကျွန်တော့်ရင်ကို လှိုက်ခုန်စေပါသလဲ...

သေချာတာတစ်ခုကတော့ အမိန့်အာဏာတွေ မဆန်ဘဲ ကြမ်းတမ်းခက်ထန်တာတွေ မပါဘဲ အမြဲ အရှုံးပေးထားပါတယ်လို့ ဆိုတဲ့ နူးညံ့တဲ့ အချစ်တွေကြောင့်များလား...

ဒီတစ်ခါ သိမ့်ခနဲ့ ခုန်သွားတဲ့ ရင်ခုန်သံတစ်ခုကို ကျွန်တော်ကိုယ်တိုင်တောင် ပြန် လန့်လာမိရတဲ့အထိပါပဲ။

ဟင့်အင်...

အဲ့လို ဖြစ်လို့ မရဘူးလေ....

" အဆော... "

" ဟုတ် "

" ဘာလို့ ငြိမ်သွားတာလဲ... အဆော အိပ်ချင်နေပြီလားဟင် "

စကားတွေပြောနေကြရင်း ကျွန်တော့်ဘက်က အသံတိတ်သွားတော့လဲ ဂရုတစိုက်ပါပဲ။

" ဟင့်အင် မအိပ်ချင်သေးပါဘူး... "

" ကိုယ်လေ... မနက်ဖြန်ကျရင် ကိုယ့်အနား အဆောကို ရှိနေစေချင်လိုက်တာ... ကိုယ်နဲ့အတူ ပွဲကို လိုက်စေချင်တယ် အဆောရယ် "

" ကျွန်တော်လဲ အတူရှိချင်ပါတယ်... ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် Jay နဲ့အတူ တက်ရမယ့် ပွဲတစ်ပွဲကလဲ ရှိနေတော့... "

" အင်းပေါ့ ဘယ် တက်နိုင်ပါ့မလဲ... အဆောက အတူ ရှိနေပေးချင်တယ် ဆိုတာနဲ့တင် ကိုယ် ကျေနပ်ပါပြီ "

" Jake တို့ Niki တို့ရော ပါမယ်မလား "

" အွန်း သူတို့တော့ပါမယ်.. ကိုယ် အားရှိအောင် လို့တဲ့ သူတို့ပါ ပွဲကို အတူလိုက်တက်ပေးကြတာ "

" အရမ်း အားကိုးရတယ်နော် သူတို့က "

" ဟုတ်တယ် အဆောရဲ့.... Jake ဆိုရင် ကိုယ် ပြဿနာတွေ တက်နေတုန်းက သူ့အဖေကို ပြောပြီး ကိုယ့်ကို ကူညီပေးခိုင်းမယ် လုပ်နေတာလေ... ပြီးတော့ ပြိုင်ပွဲပြီးတဲ့အထိလဲ Support လုပ်ပေးခိုင်းမယ်တဲ့... ဒါပေမယ့် သိလား အဆော... ကိုယ်က ကိုယ့်အရည်အချင်းကြောင့် ကမ်းလှမ်းလာတာ မဟုတ်ဘဲ...သူများပြောပေးလို့ သနားလို့ ကူညီတာမျိုး လက်မခံနိုင်ဘူးလေ... ကိုယ်က သူများ အသနားခံရမယ့် ကောင်မှ မဟုတ်တာ... "

" ဟုတ်တာပေါ့... Sunghoon မှာ အရည်အချင်းတွေ ရှိနေတာပဲကို.. ခုလို မြင်တတ်တဲ့ လူက လာ ကမ်းလှမ်းကြမှာပဲလေ "

" အဆော မျက်လုံးထဲ ကိုယ်က အရည်အချင်း ရှိတဲ့ လူလို့ မြင်တယ်ပေါ့ "

" ဒါပေါ့ Sunghoon ရဲ့... မေးစရာလိုသေးလို့လား... ဒါ အမှတ်တရားပဲကို "

" ကျေးဇူးပါ အဆော "

" မလိုတာကိုလေ..."

" အဟင်း... ဟုတ်ပါပြီ... ကဲ ဒါဆို ကိုယ် ဖုန်းချတော့မယ်နော်...အဆောလဲ နားတော့... မနက်ဖြန် ပွဲပြီးရင် တွေ့ကြမယ်...တွေ့မယ် မလား "

" အွန်း... တွေ့ရမှာပေါ့... နာမည်ကြီး Figure Skate သမားကြီးကို လာ ဂုဏ်ပြုရအုံးမယ်လေ "

" အဟားဟား အဆောကတော့ လုပ်ပြီ... ကဲ Good night ပါ ကိုယ့် အဆော ရယ်... အိပ်မက်လှလှမက်ပါစေ နော် "

" ဟုတ် Sunghoon shi... Sunghoon ရောပဲ အိပ်မက်ကလေး လှပါစေ "

" အဟက်... ကိုယ့်အိပ်မက်က အဆော ပါမှလှမှာ... ချစ်တယ် အဆော ဒါပဲနော် ဖုန်းချပြီ "

ကတိုက်ကရိုက် ပြောပြီး ဖုန်းတန်းချသွားတဲ့လူက ချစ်တယ်ပြောတာကို တားမှာ စိုးလို့ ထင်ပါရဲ့။ ချစ်တယ် ဆိုတဲ့စကား ခဏခဏ မပြောပါနဲ့လား Sunghoon ရယ်....

ဒန်းစင်လေးပေါ်က ထလို့ အိမ်ထဲကို လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ ဖုန်းထဲကို ဝင်လာတဲ့ Message တစ်ခု

* Good Night baby... မနက်ဖြန်ပွဲအတွက် အလှဆုံးဖြစ်နေအောင်လို့ မျက်နှာလေး ပြည့်နေဖို့ လိုတယ်... အိပ်တော့ * တဲ့

ဘေဘီ့အတွက် Surprise ဖြစ်စေမယ့် ပွဲလို့တော့ ပြောတာပဲ...ဒါပေမယ့် ဘာလဲ ဆိုတာတော့ ရေရေရာရာ မသိ။

သူ ဒီလို ပွဲတွေ မတက်ချင်ပါဘူး ဆိုနေမှ... Jay ဟာ Tokyo ကနေ ပြန်ရောက်ရောက်ချင်း မနက်ဖြန် ဘေဘီနဲ့အတူ သွားစရာတစ်နေရာ ရှိတယ်လို့ ပြောလာလေသည်။

ထုံးစံအတိုင်း ငြင်းလို့မှ မရတာ။

လိုက်ပေးရုံပေါ့။

.
.
.

ခမ်းနားကြီးကျယ်လှတဲ့ Park Group ပိုင် Hotel ကြီးရဲ့ ရှေ့မှာ အနက်ရောင် ဝတ်စုံတွေကို တူညီစွာ ဝတ်ဆင်ထားတဲ့ လုံခြုံရေးတွေက အပြည့်နေရာယူထား​လေသည်။

Hotel ကြီးရဲ့ အတွင်းထဲမှာတော့ သတင်းထောက်တွေ၊ အခြား အခြားသော စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တွေက အပြည့်။

CEO Park မိတ်ဆက်ပေးမယ့် တစ်စုံတစ်ရာကို စိတ်ဝင်တစားနဲ့ မျှော်လင့်စောင့်စားနေကြလေသည်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ယခုကျင်းပတဲ့ ပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာလေးကိုမှ ချပြထားခြင်းမရှိ။ အလွန်ကို လျှို့ဝှက်လွန်းစွာနဲ့ လာရောက်ကြတဲ့ ပရိတ်သတ်တွေရဲ့ စိတ်ကို ပိုပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်ထားလေသည်။

ခန်းမကြီးရဲ့ ထိပ်က နံရံမှာလဲ ခန်းလုံးပြည့် Screen ကြီးတစ်ခု ထားရှိထားသေးသည်။
Screen ပေါ်ကနေ ဘာတွေကိုများ ပြသဖို့ ရှိနေလို့ပါလိမ့်။

ဘေးဘက် နံရံတွေ တိုင်လုံးကြီးတွေပေါ်မှာလဲ တစ်စုံတစ်ခုကို ပြသဖို့ Board အကြီးကြီးတွေ ထားရှိ ထားသေးသည်။

ဘာကိုမှ ချပြမထားသေးဘဲ ကွယ်ဝှက်ထားတာကိုက ရောက်လာသူ ဧည့်ပရိတ်သတ်အပေါင်းကို သိချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာစေသည်။

အကြောင်းအရာ ဘာမှန်း မသိသေးပေမယ့် CEO Park ရဲ့ ဖိတ်ကြားမှုနဲ့တင် အထူးသတင်းဖြစ်ဖို့ သေချာနေတာမို့ သတင်းယူရန် စောင့်ဆိုင်းနေကြတဲ့ သတင်းတောက်တွေကလဲ သူ့ထက်ငါ ဦးအောင် သတင်းရဖို့ သတင်းရေးဖို့ လက်တွေ တပြင်ပြင်နဲ့။

သတ်မှတ်အချိန်မကျရောက်သေးတာကြောင့် အဆောက်အအုံအတွင်းအပြင် သွားလာနေကြသူတွေက ဥဒဟို။

ထိုစဉ်မှာပဲ Hotel ကြီးရဲ့ ရှေ့ကို ထိုးရပ်လာတဲ့ အနက်ရောင် ဇိမ်ခံကားရှည်ကြီးတစ်စီး။

သူ့နောက်မှာတော့ အနက်ရောင် ပြောင်လက်နေတဲ့ Model မြင့် ကားနှစ်စီးက ရှေ့စင့်နောက်စင့် ရပ်လာသည်။

နောက်က ကားနှစ်စီးထဲက ရှေ့ကတစ်စီးက မှန်တစ်ချပ်ပွင့်လာပြီး ထွက်လာသူကတော့ Park Group ရဲ့ အတွင်းရေးမှူးကြီး Lee Heeseung...

ရှေ့က ဇိမ်ခံကားရှည်ကြီးဆီသို့ ခပ်သွက်သွက်လေး လျှောက်လှမ်းသွားပြီး ကားတံခါးကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ ကားပေါ်က ဆင်းလာတာက အနက်ရောင် Suit ကို smart ကျကျဝတ်ဆင်ထားတဲ့ CEO Park


သူရဲ့နောက်မှာတော့ တက်ရောက်တဲ့ ပွဲတွေတိုင်းမှာ မပါမဖြစ် သူ့ရဲ့ ဘေဘီလေး။

ကားပေါ်ကနေ CEO နဲ့ သူ့ရဲ့ ဘေဘီလေး ဆင်းလာပြီဆိုတာနဲ့ သတင်းထောက်တွေရဲ့ ကင်မရာမီးတွေက တဖျတ်ဖျတ်...

ဝင်လာရာ လမ်းတလျှောက် ဘေးတစ်ဖက် တစ်ချက်မှာ မတ်တပ်ရပ်နေတဲ့ လူတန်းကြီးကလဲ ဦးညွှန့် အရိုအသေပေးလို့ပေါ့။

ခန်းမထဲကိုလဲ ဝင်ရော စောစောက ညံညံ ညံညံ ဖြစ်နေတဲ့ အသံတွေဟာ တိတ်ဆိတ်သွားပြီး CEO ရောက်လာပြီဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့အသံနဲ့အတူ သတင်းယူချင်သူတွေရဲ့ ကင်မရာမီးတွေ ဝင်းလက်သွားတော့သည်။

ဒါကိုပဲ CEO Park ဟာ သတင်းထောက်တွေ ဧည့်သည်တွေ ရှိရာဘက် မူပိုင်အပြုံးတစ်ခုကို နှုတ်ခမ်းပါးမှာ ချိတ်ဆွဲလို့ လက်ပြနှုတ်ဆက်လိုက်သေးသည်။


CEO က လက်ပြနှုတ်ဆက်တော့ သူ့ဘေဘီလေးကလဲ ဒီတိုင်းနေလို့ရမလား မပြုံးချင်ပြုံးချင် အပြုံးတုလေးတစ်ခုကို ဆင်မြန်းလို့ Jay မှာထားတဲ့ အတိုင်း နှုတ်ဆက်ရလေသည်။

အတွင်းရေးမှူး Lee ဦးဆောင်ပြီး ခေါ်သွားတဲ့ CEO ရဲ့ နားနေခန်းထဲကို ရောက်တော့မှ အလုအယက် ရိုက်နေတဲ့ ကင်မရာမီးတွေ အောက်က လွတ်ခွင့်ရလေတော့သည်။

" သူတို့ ရောက်နေကြပြီလား အတွင်းရေးမှူး Lee "

" စောစောကပဲ အကြိုလွှတ်လိုက်တဲ့ကားနဲ့အတူ ရောက်နေကြပါပြီ "

" Ok.. ဒါဆို CEO တစ်ယောက်အနေနဲ့ အဆင်ပြေမပြေ သွားကြည့်ပေးသင့်တာပေါ့ "

" ဟုတ်ကဲ့ပါ CEO ကျွန်တော် ခေါ်သွားပေးပါ့မယ် "

အတွင်းရေးမှူး Lee ခေါ်ဆောင်ရာနောက် လိုက်ဖို့ ပြင်နေတဲ့ CEO က ဘေဘီလေးကိုလဲ ခေါ်ဖို့ မမေ့။

" ကိုယ်နဲ့အတူ လိုက်ခဲ့ဖို့ တစ်နေရာရှိတယ် ဘေဘီ "

" ဘယ်ကို ထပ်ပြီး သွားရအုံးမှာလဲ... အပြင်မှာ လူတွေက အများကြီးပဲ...ကျွန်တော် ဒီမှာပဲ နေခဲ့လို့ မရဘူးလား "

မျက်နှာလေး ရှုံ့မဲ့လို့ မလိုက်ဖို့ ဆင်ခြေပေးနေပေမယ့် ရမယ့်ပုံတော့ မပေါ်ပါ။

" အိမ်မှာတည်းက ကိုယ် သေချာမှာထားတယ် မလား ဘေဘီ... နှစ်ခါ မပြောချင်ဘူး... နောက်က လိုက်ခဲ့ "

အတွင်းရေးမှူး Lee ဟာ သူတို့ကိုလဲ တစ်နေရာကို ခေါ်သွားရင်း တစ်ဖက်ကလဲ ညွှန်ကြားစရာရှိတာတွေကို ဖုန်းဆက်ပြီး ညွှန်ကြားနေသေးသည်။

အဲ့ဒီ့အချိန်မှာပဲ Sunghoon ရယ် နည်းပြကြီးရယ်နဲ့အတူ Jake နဲ့ Niki တို့ဟာလဲ ခန်းမကြီးတစ်ခုရဲ့ နားနေခန်း တစ်ခုထဲမှာ စိတ်လှုပ်ရှားခြင်းများစွာနဲ့ ယနေ့မှ တွေ့ရမယ့် CEO ဆိုသူကို စောင့်ဆိုင်းလို့နေလေသည်။

" ဟူးးး ငါ ဘာလို့ စိတ်တွေ အဲ့လောက် လှုပ်ရှားနေရတာလဲ... ဒီလို လူတွေအများကြီး ရှေ့ မထွက်ဖူးနေတဲ့အတိုင်းပဲ "

" ဟီးး ငါလဲ မင်းအစား စိတ်လှုပ်ရှားနေတယ် သားကြီး... မင်းကို အားပေးရမယ့်အစား ငါပါ ရင်တွေ တုန်နေတယ် "

Niki ကပါ သူလဲ စိတ်လှုပ်ရှားနေတဲ့ အကြောင်း ဝင်ပြောလာသည်။

" တကယ် ထင်မထားမိဘူး စာချုပ်လက်မှတ်ထိုးပွဲနဲ့ မိတ်ဆက်ပွဲက ဒီလောက်ကြီး ကြီးကျယ်နေလိမ့်မယ်လို့ "

" မင်း ခုထိ CEO နဲ့ မတွေ့ရသေးဘူး ပေါ့ ဟုတ်လား သားကြီး "

" ဟုတ်တယ် Jake... အတွင်းရေးမှူးနဲ့ပဲ တွေ့ဖူးသေးတယ်... အတွင်းရေးမှူး ကလဲ တော်တော် အရာရောက်ပုံပေါ်ပါတယ်... သူပဲ အကုန် စီစဉ်သွားတာ "

" ဒီတစ်ခါတော့ စာချုပ်ပါ အချက်အလက်တွေကို သေချာ စီစစ်ထားတယ်မလား "

" ဒါပေါ့... ငါ ထပ်ပြီး အမှား မခံနိုင်တော့ဘူးလေ ... ဟားးး ငါ အဆောကို သတိရလိုက်တာကွာ... သူ့မျက်နှာလေးကို မြင်ရရင် ငါ စိတ်လှုပ်ရှားနေတာ နည်းနည်းသက်သာမလားပဲ "

" ပို ကို ပိုပါတယ်ကွာ မင်း... ငါတို့လိုက်လာရတာကျ ကျေးဇူးတင်မယ်မရှိဘူး...မပါတဲ့လူကို မျှော်နေတယ် "

" ဟဲ ဟဲ မင်းတို့ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ် သားကြီးတို့ရယ်... ငါက ဖြစ်ချင်တာလေး ပြောပြရုံပါ "

" လိ ကို ဖြစ်ချင်နေလိုက် အဲ့မှာ "

" ကြမ်းတမ်းလိုက်တာကွာ မင်း "

သူငယ်ချင်း သုံးယောက် ရောက်တတ်ရာရာ စ နောက်နေကြပြီး စိတ်လှုပ်ရှားမှု ပြေလိုပြေငြား စကားတွေ ပြောနေမိကြရင်း အခန်းလေးထဲမှာ အသံလေးတွေ ညံနေလေသည်။

ထိုစဉ်မှာပဲ သူတို့အခန်းရှေ့က လုံခြုံရေးက တံခါးခေါက်ကာ အထဲဝင်လာပြီး

" CEO ရောက်လာပါပြီ "

ဟု အသိပေးလေသည်။

ထို့​ကြောင့် သူတို့ အားလုံး ထိုင်ရာမှ ထ လိုက်ကာ ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီး အင်္ကျီတွေဆွဲချသူ ချနဲ့ ယောက်ယက်ခတ်သွားခဲ့သည်။

နည်းပြကြီးကတော့ လူကြီးဆိုတော့ အေးအေးဆေးဆေးပါပဲ။ တည်တည်ငြိမ်ငြိမ် သာ ရှိနေလေသည်။

Sunghoon မှာတော့ သူ တစ်ခါမှ မမြင်ဖူးသေးတဲ့ သူ့ရဲ့ အလုပ်ရှင်ဖြစ်သူကို တွေ့မြင်ရတော့မှာမို့ စိတ်အားထက်သန်စွာ တံခါးရှိရာဆီ အကြည့်တို့ပို့ရင်း စောင့်မျှော်နေမိသည်။

ဘယ်လို CEO မျိုးမို့လို့ သူ့ကို အခုလောက်ထိ လိုလေသေးမရှိ ဖြည့်ဆည်းပေးပြီး ဒီလို ကြီးကျယ်လှတဲ့ လက်မှတ်ထိုးပွဲ မျိုးနဲ့ စာချုပ်ချုပ်ဆိုပါသလဲ။

မျှော်လင့်နေတုန်းမှာပဲ တံခါးချပ်ကြီးတစ်ဖက် ပွင့်ဟ သွားပြီး အရင်ဆုံး ဝင်ရောက်လာတာက အတွင်းရေးမှူး...

အတွင်းရေးမှူးရဲ့နောက်ကနေ ဝင်လာတာကတော့ အသက်ငယ်ငယ် ဥပတိရုပ်ကောင်းကောင်းနဲ့ ခန့်ငြား လှတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်။

နက်မှောင်နေတဲ့ ဆံပင်တွေကို နဖူးပေါ်အောင် သပ်တင်ကာ ဖြီးသင်ထားပြီး ပြေပြေပြစ်ပြစ်နဖူးလေးပေါ် ဆံနွယ်တို့က တစ်စ နှစ်စ ပြန်ကျနေတာက အလွန်ကြည့်၍ ကောင်းနေသည်။

သိမ်းငှက်တစ်ကောင်ရဲ့ အကြည့်တွေလိုမျိုး စူးရှရှ သူ့အကြည့်တွေနဲ့ နှုတ်ခမ်းပါးတစ်စုံ တင်းတင်းစေ့ပိတ်ထားတာကိုက သူ့ရဲ့ အရှိန်အဝါကို ပိုပြီး ပေါ်လွင်အောင် ပံ့ပိုးပေးနေသယောင်။

မရယ်မပြုံး သူ့မျက်နှာ တည်တင်းတင်းက အနည်းငယ်တော့ အေးစက်တဲ့ မာနအရိပ်အငွေ့တွေကို ဖော်ကြူးနေသလိုပါပဲ။

အဲ့ဒီလူကပဲ အခန်းထဲမှာရှိနေတဲ့ လူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တဖန် နောက်သို့ ခန္ဓာကိုယ်တစ်စောင်းလှည့်၍ တံခါးအပြင်ဘက်က တစ်စုံတစ်ယောက်ကို ခေါင်းညိမ့်ပြလိုက်လေသည်။

ထိုအချိန်မှာ အခန်းထဲကို ဝင်ရောက်လာတဲ့ ကောင်လေးတစ်ယောက်။

ပိုပြီး တိတိကျကျပြောရမယ်ဆိုရင်တော့ ငွေရောင်ဆံနွယ်လေးတွေ ခပ်အုပ်အုပ်ကျနေတဲ့ မျက်နှာနုနုလေးနဲ့ ကောင်ငယ်လေးပေါ့။

အခန်းတွင်းရှိ လူအားလုံးရဲ့ အကြည့်တွေဟာ စိတ်ဝင်တစားနဲ့ တံခါးရှိရာဆီကိုပဲ စုပြုံပြီး ကြည့်နေကြချိန်မှ ဒီကောင်ငယ်လေး ဝင်ရောက်လာခဲ့တော့ အားလုံးက သူ့ကို တွေ့မြင်လိုက်ပြီး အံ့သြတကြီး ပါးစပ်အဟောင်းသားဖြစ်လို့။

" အဆော...."

အံ့သြမှုကြောင့် Sunghoon နှုတ်က ထွက်ကျလာတဲ့ ခေါ်သံတိုးတိုးလေး။

ဒါပေမယ့် ကောင်ငယ်လေးကတော့ ခေါင်းလေးငုံ့လို့ မျက်လွှာလေးချပြီး ဝင်လာခဲ့တာဖြစ်လို့ အခန်းထဲမှာ ဘယ်သူတွေရှိနေတယ်ဆိုတာကို မသိသေး။

အားလုံးကြည့်နေကြခိုက် အဲ့ဒီလူက ဝင်လာတဲ့ ကောင်ငယ်လေးရဲ့ ခါးတွေကို လက်တစ်ဖက်နဲ့ ပိုင်ပိုင်နိုင်နိုင် သိမ်းဖက်လို့ အနားကို ဆွဲခေါ်လိုက်တာကို မြင်လိုက်ရလေတော့သည်။

ဒီမြင်ကွင်းကြောင့် Sunghoon ရင်ဘတ်တစ်ခုလုံး အောင့်မျက်နာကျင်သွားရပြီး တစ်စုံတစ်ခုကို သဘောပေါက်လိုက်သလိုပါပဲ။

ပြီး တဖြည်းဖြည်းချင်း သူ့တို့အနားကို လျှောက်လာပြီး အနားရောက်တော့ အတွင်းရေးမှူး ကပဲ အားလုံးနဲ့ ထိုလူကို မိတ်ဆက်ပေးလေသည်။

" ကဲ နည်းပြကြီးနဲ့ ဒီက ကောင်လေးတို့ အားလုံးပဲ ဒါကတော့ ဒီ Park Group ကြီးကို ပိုင်တဲ့ CEO Park Jong Seong ပါပဲ... "

ထိုအချိန်ထိ ခေါင်းလေးမော့မလာသေးတဲ့ ကောင်ငယ်လေးက အကြည့်တွေကို ကြမ်းပြင်ရှိရာဆီသို့သာ ပို့ထားလေသည်။

ထို့အတူပါပဲ Sunghoon ရဲ့ အကြည့်တွေဟာလဲ မိတ်ဆက်ပေးနေသူဆီမှာ မရှိ။

ခေါင်းလေးငုံ့လို့ CEO ဆိုသူရဲ့ လက်တွေထဲ ငြိမ်ငြိမ်လေး ရပ်နေသူဆီမှာ။

" CEO ကတော့ ဒီက လူတွေ အားလုံးကို သိထားပြီးသားပါ "

အတွင်းရေးမှူးကြီးရဲ့ စကားအရ CEO က သူတို့အားလုံးကို သိထားပြီးသား ဆိုပါ့လား....

ဒါဆို ဒီကောင်လေးကရော....

ဒီအဖြူရောင်လေးကရော...

အဆောကရော...

သူတို့ ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ သိထားပြီးသားလား။

သူ့အပြုအမူတွေ ရိုင်းနေတယ်ဆိုတာ သိပေမယ့်လဲ Sunghoon CEO ဆိုသူကို ခုထိ အကြည့်မဆုံမိသေး။

ခေါင်းလေးငုံ့နေတဲ့ အဆောကိုသာ ကြည့်နေမိသည်။ အဆော ဘာလို့ သူ့ကို ဘာမှ မပြောတာလဲ။

သူ့အကြည့်တွေကို ရိပ်မိသွားလေသလား မသိ CEO ကပဲ

" အော်... ဒီက လူတွေနဲ့ ကိုယ့်ဘေဘီနဲ့က အရင်ထဲက သိထားပြီးသားတွေမလား... ထူးပြီး မိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး.... ဘေဘီ ခေါင်းလေးမော့ပြီး ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ပါအုံး "

ထိုအခါမှမျက်နှာလေး တဖြည်းဖြည်းမော့လာပြီး မျက်ဝန်းလေးတွေက အခန်းထဲမှာရှိတဲ့ လူတွေကို ဝေ့ဝဲကြည့်လို့ သူနဲ့ အကြည့်ချင်းဆုံလာတဲ့အခါ...

ခန္ဓာကိုယ်လေး နောက်သို့ယိုင်သွားပြီး ခြေလှမ်းတစ်လှမ်းနောက်ဆုတ်သွားကာ မျက်ဝန်းလေးတွေ ပြူးကျယ်လို့ ပါးစပ်လေးဟကာ အံ့သြမှုကို မဖုံးနိုင် မဖိနိုင်။

" Jay... "

Jay လို့ အလန့်တကြားလေး ခေါ်လို့ သူ့ဘေးက လူကို လှည့်ကြည့်လိုက်လေသည်။

ဒါဆို... အဆော ပြောပြောနေတဲ့ Jay ဆိုတဲ့လူက ဒီ Park Group ရဲ့ CEO Park Jong Seong ပေါ့။

ဒါဆို အဆောက ဒီ CEO Park ရဲ့....

ဟားးး ရူးလောက်တဲ့ အံ့သြမှုကြီးပဲ။

" Surprise ဘေဘီ... ကိုယ် မင်းကို ပြောခဲ့သားပဲ Surprise အကြီးကြီး ပေးမယ် လို့ "

" Jay... Jay ကျွန်တော့်ကို အစထဲက ပြောခဲ့ရမှာ "

" ဒါဆို ဘယ် Surprise ဖြစ်တော့မလဲ ဘေဘီရဲ့"

" Jay က Sunghoon ကို သိနေခဲ့တာလား "

" အော်..ဘေဘီရယ်...ဘေဘီပဲ ခဏတိုင်း ပြောနေတာ ကိုယ်က ဒီတိုင်းထားလို့ ဘယ်ရတော့မလဲ... သိအောင် လုပ်ရတော့တာပေါ့ "

အဆော မျက်ဝန်းလေးတွေက ကျွန်တော့်ဆီကနေ အကြည့်ကို မလွှဲသလို ကျွန်တော်ဟာလဲ အဆော ရဲ့ မယုံနိုင်ဟန် ဖြစ်နေတဲ့ ပုံစံလေးကိုသာ ငေးကြည့်နေမိသည်။

တစ်ယောက်နဲ့တစ်ယောက် ဘာမှတော့ မပြောဖြစ်ကြ။

ဒါပေမယ့် အဆော ပုံစံလေးဟာ တစ်ခုခုကို စိုးရိမ်နေဟန်ရှိပါသည်။ ဘာလဲဆိုတာတော့ အဆောမှလွဲ ဘယ်သူသိပါလိမ့်မလဲလေ။

" ကဲ အားလုံးပဲ ထိုင်ကြပါအုံး... ဘေဘီ ခုထိ အံသြလို့ မပြီးသေးဘူးလား... သူငယ်ချင်းတွေကို ထိုင်ဖို့ပြောအုံးလေ "

" ဟို...ဟုတ်.. ဟုတ် နည်းပြကြီးရော အားလုံးပဲ ထိုင်ပါဗျ "

နေရာအသီးသီးမှာ ဝင်ထိုင်လို့အပြီး CEO ကပဲ စတင်၍ စကားများ ပြောလာခဲ့သည်။ ခုထိ အဆောရဲ့ ခါးပေါ်က လက်တွေကတော့ မလွှတ်သေး။

" ကိုယ်... လုပ်ငန်းနယ်ပယ်တော်တော်များများမှာ ကျင်လည်ခဲ့တာ ကြာပြီ...ဒါပေမယ့် အားကစားလောက ထဲကိုတော့ ရောက်ဖြစ်လိမ့်မယ် မထင်ခဲ့ဘူးလေ... ဘေဘီ့ကြောင့်လို့ပဲ ပြောရမယ်... ကိုယ့်ဘေဘီက သိပ်ပြီး ကြင်နာတတ်တာ... ပြီးတော့ လူတစ်ဖက်သားကိုလဲ သိပ်ပြီးသနားတတ်တာ...ဘေဘီ့စိတ်ထားလေးက အရမ်းနူးညံ့တယ်လေ ..အဟင်း "

အဆောရဲ့ ခေါင်းက ဆံပင်လေးတွေကို သပ်ပေးနေရင်း အဆောမျက်နှာနုနုလေးကို ပြုံးကာ ကြည့်နေပြီး ပြောနေတဲ့ CEO ရဲ့ စကားများက ဘာကို ရည်ရွယ်ပြီး ဘာကို ဆိုလိုနေမှန်း ဘယ်သူမှ မသိ။

" ဘေဘီကပြောတယ်... သူ့မှာ Figure Skate စီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်တဲ့... အစပိုင်းကတော့ သူငယ်ချင်း ရှိတယ်ဆိုတာလောက်ပဲ သိထားပြီး ကိုယ်လဲ ဘာမှ ဆက်မမေးဖြစ်ပါဘူး။ နောက်တော့ ဘေဘီကပြောတယ် ... အဲ့ဒီ့ သူငယ်ချင်းက စာချုပ်ကိစ္စ အခက်အခဲလေးတွေကြောင့် စိတ်ညစ်နေရတယ်တဲ့​ ... သူငယ်ချင်းတွေ အဆင်မပြေရင် သူ့စိတ်လဲ လိုက်ပြီး အဆင်မပြေဖြစ်တတ်တဲ့ ကိုယ့်ဘေဘီလေးက အိမ်မှာလဲ တမှိုင်မှိုင်နဲ့။ သူငယ်ချင်းကို သနားနေရှာတာ "

ဒီစကားအရောက်မှာ အဆောဟာ ကျွန်တော့်ဆီကို အားနာကြည့်လေးများနဲ့ ကြည့်လို့လာသည်။

ကျွန်တော်ကတော့ စကားတွေရဲ့ အဓိပ္ပါယ်ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ပေမယ့် CEO ဘာဆက်ပြောမလဲ အသာ နားစွင့်နေလိုက်သည်။

" ဟိုတလောတုန်းကဆို နေမကောင်းဖြစ်နေတဲ့ကြားက သူငယ်ချင်းက အခန်းပိတ်ပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ နေ နေလို့ဆိုပြီး စိုးရိမ်တကြီး ထွက်သွားတယ်လေ... ကိုယ် တားတာတောင် မရဘူး...ဘေဘီက သူငယ်ချင်းကို အရမ်း... စိုးရိမ်ပြီး သနားနေတာ ... အဲ့က ပြန်လာတော့ ကိုယ်နဲ့တောင် အကြာကြီး ဆွေးနွေးဖြစ်ကြသေးတယ်... သူ့သူငယ်ချင်း အကြောင်း ကိုပေါ့...မိဘလဲမရှိ ထောက်ပံ့မယ့်လူမရှိ မပြည့်စုံတဲ့ လူတစ်ယောက်မို့ သူ သွားပြီး အားပေးစကားပြောတာတဲ့ "

သီးခံပြီး နားထောင်နေတဲ့ ကျွန်တော်...

ဒီစကားကို ကြားကြားချင်းမှာ Sunghoon ရဲ့ မေးကြောကြီးတွေ ထောင်ထသွားခဲ့ပြီး လက်နှစ်ဖက်ဟာ လက်သီးတို့ ကျစ်ကျစ်ဆုပ်လျှက်။

" Jay ဘာလို့ မဆိုင်တာတွေ ထည့်ပြောနေတာလဲ... တော်ပါတော့ "

အဆောရဲ့ တားမြစ်သံတိုးတိုးလေးကိုလဲ ကျွန်တော် ကြားလိုက်ပါသည်။

" သိပ် ဆိုင်တာပေါ့ ဘေဘီရဲ့... ဘေဘီ ဒီလိုတွေ ခံစားနေရတာ ကိုယ် မကြည့်ရက်လို့ ဒီချာတိတ်ကို ကိုယ် ကူညီပေးဖို့ ဆုံးဖြတ်လိုက်တာလေ .. ဘေဘီပဲ သူ့ကို သနားတယ်ဆို "

ဘာလဲ အဆောရယ်...

မောင် အဆောဆီမှာ ရင်ဖွင့်သမျှ အဆောက ဒီလူကြီးနဲ့ ပြန်ပြောပြီး နောက်ကွယ်မှာ မောင့်ကို သနားနေတာမျိုးလား...

ပြီးတော့ ဒီ လက်မှတ်ထိုး စာချုပ်ချုပ်ဆိုပွဲဟာလဲ အဆော ကိုယ့်ကို သနားလို့ ဖြစ်လာရတာတဲ့လား။

ရင်တွေ နာပါသည်။

ချစ်လွန်းလို့ ယုံကြည်၍ ရင်ဖွင့်ခဲ့သမျှဟာ နောက်ကွယ်မှာ ခုလို တပါးသူနဲ့ သူ့အကြောင်းတွေ ပြောဖို့ဖြစ်လာရတယ်တဲ့လေ။

ဒါဟာလဲ ချစ်ရလွန်းသူရဲ့ လုပ်ရက်တွေမို့ သူ စိတ်မဆိုးရက်ပါ။ တစ်ခုပဲ မောင်ဟာ ဘယ်တော့မှ သူတပါးရဲ့ အသနားခံ မဟုတ်ဘူး။

မောင်လိုချင်တာ အဆောဆီက ချစ်ခြင်းမေတ္တာတွေပါ... အဆောရဲ့ သနားငဲ့ညှာမှုတွေ မဟုတ်ခဲ့ပါဘူး။

သူရှိရာဆီ လှမ်းကြည့်နေတဲ့ မျက်ဝန်းညိုလေးတွေက သူ့ကို စိတ်မဆိုးဖို့ တောင်းပန်နေဟန်ပါပဲ။ ခပ်ညှိုးညှိုးမျက်နှာလေးနဲ့သူ့ကို ကြည့်နေကာ ခေါင်းလေးပါ အသာ ရမ်းပြနေလေတဲ့ အဆော။

ဒီပွဲဟာ မောင် အောင်မြင်ဖို့ ဖြစ်လာတာလား...

မောင် ကျရှုံးဖို့ ဖြစ်လာရတာလား အဆောရယ်။

ခပ်ထေ့ထေ့ အပြုံးတစ်ခုကို နှုတ်ခမ်းပါးထက်မှာ ပန်ဆင်လို့ တစ်ခွန်းချင်း စကားတွေဆိုနေတဲ့ CEO ရဲ့ အပြုအမူတွေက ဘာလို့ မောင့်ကို စိန်ခေါ်နေတယ်လို့ ခံစားနေရတာလဲ။

အဆောရဲ့ ခါးလေးတွေ ပုခုံးလေးတွေကို ဖက်လို့ ကိုယ့်ဆီ ပြုံးပြုံးကြီး ကြည့်လာတာကရော ဘာအဓိပ္ပါယ်တွေ ပါနေပါသလဲ။

အခန်းလေးထဲမှာတော့ CEO Park ရဲ့ စကားသံတွေမှ တပါး တိတ်လို့ ဆိတ်လို့။

အံ့သြခြင်း၊ မယုံနိုင်ခြင်းတွေနဲ့အတူ ဘယ်သူမှလဲ ဘာစကားကိုမှ မဆိုနိုင်ကြ။

သူ့စိတ် သူ့အကြောင်းကို သိနေတဲ့ နည်းပြကြီးကတော့ လက်သီးဆုပ် ထားတဲ့ သူ့လက်တွေကို အပေါ်ကနေ ထပ်၍ အုပ်ကိုင်ကာ သူ့ကို စိတ်ထိန်းရန် သတိပေးနေသလို။

" ဟုတ်ကဲ့ အခုလို CEO က ကျွန်တော်တို့ကို ကူညီပေးလာတာကိုပဲ ကျွန်တော်တို့က ကျေးဇူးတင်နေတာပါ... CEO support ပေးရတာနဲ့ ထိုက်တန်အောင်လဲ ကျွန်တော့်ကလေးက အကောင်းဆုံး ကြိုးစားသွားမှာပါ "

နည်းပြကြီးကတော့ အခြေအနေကို ဝင်ထိန်းလို့ လူကြီးပီပီ စကားတွေ ပြောပေးနေသည်။

" ဒါပေါ့ နည်းပြကြီးရဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖေးမကူညီပြီးတော့ တစ်ယောက်လိုအပ်ချက် တစ်ယောက်က ဖြည့်ဆည်းပေးရမှာပဲလေ...ကျွန်တော့်ဘက်ကလဲ အကောင်းဆုံး Support မယ်.. နည်းပြကြီးတို့ဘက်ကလဲ ကျွန်တော် လိုချင်တဲ့ အောင်မြင်မှုကို ရအောင်ယူပေးရမယ်... ကျွန်တော်က အရှုံးဆိုတဲ့ စကားကို မကြိုက်ဘူး... ကျွန်တော့်ဘဝထဲမှာလဲ အရှုံးဆိုတာ မရှိခဲ့ဖူးဘူး ... ကျွန်တော် ကစားတဲ့ ပွဲတိုင်းမှာလဲ ကျွန်တော်က အနိုင်ရမှ ကြိုက်တာ "

" ကျွန်တော်ကလဲ ကျွန်တော် ကစားခဲ့တဲ့ ပွဲတိုင်း အနိုင်ရခဲ့တာ ကြည့်ပါပဲ ... ဘယ် ပြိုင်ဖက်ကိုမှ အနိုင်မခံခဲ့ဖူးဘူး "

ဒီနေရာမှာတော့ Sunghoon ဝင်ပြောရန် လိုလာပြီမို့ CEO ရဲ့ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ တစ်ခွန်းချင်း ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။

သေချာပေါက် သူ့အကြည့်တွေက စူးရဲနေလိမ့်မယ်။ CEO ရဲ့အကြည့်တွေနဲ့ အပြိုင်ပေါ့။

မိနစ်အနည်းငယ်ကြာသည်အထိ ထိပ်တိုက်ဆုံမိနေတဲ့ မျက်ဝန်းနှစ်စုံဟာ အကြည့်မလွှဲကြ။

ခဏကြာမှ CEO ဟာ ဟက်ခနဲ တစ်ချက်ရယ်ပြီး အကြည့်တွေကို အဆောမျက်နှာလေးဆီပို့ကာ

" ဟက်! ဟုတ်ပါပြီ... ကိုယ်လဲ ဒါမျိုးမှ ကြိုက်တာ... ဘေဘီ့ သူငယ်ချင်းက သတ္တိတော့ မခေဘူးဘဲ...တခြားတော့ မဟုတ်ပေမယ့် ... ဘေဘီ လူတစ်ဖက်သားကို သနားပြီး စိတ်ပင်ပန်းနေရတာမျိုး ကိုယ်မလိုချင်ခဲ့ဘူးလေ.. ဒါကြောင့်ပဲ ကိုယ် ဆုံးဖြတ်လိုက်တာ... ဒီက Park Sunghoon ကို အစစအရာရာ အဆင်ပြေအောင် ကူညီပေးမယ်လို့...ဒါမှ ကိုယ့်ဘေဘီ စိတ်မဆင်းရဲရတော့မှာပေါ့ "

ထိုအချိန်မှာပဲ Sunghoon တစ်ယောက် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လို့ ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်မိသည်။

တော်ရောပေါ့ သနားလို့ ကူညီတယ်ဆိုတဲ့စကား။ ထပ်ခါထပ်ခါ ပြောပြီး သူ့မာနကို ချိုးမလို့လား။

ရင်ထဲမှာလဲ ဗလောင်ဆူလို့ အသက်ကို ခက်ခက်ခဲခဲ ရှိုက်ရှူရင်း လေသံကို ပုံမှန်ဖြစ်အောင် ထိန်းကာ

" ကျွန်တော့်ကို ခွင့်ပြုပါအုံး CEO...ကျွန်တော် သန့်စင်ခန်း သွားဖို့လိုနေလို့ပါ "

" အာ... ဟုတ်တာပေါ့ သွားလေ သွားပါ... ဒါပေမယ့် အပြင်မှာ Park Sunghoon ကို မိတ်ဆက်တဲ့ Video တွေ ပြနေပြီမို့ မကြာစေတော့နဲ့နော် "

သိပ်ကို ပိရိပါသည်။ လုပ်သွားတဲ့ အကွက်လေးတွေ သိပ်ကို လှပပါသည်။ သူ ဒီစကားတွေ ပြောနေစဉ်အတွင်း ခန်းမကြီးထဲမှာလဲ နံရံပြည့် Screen ကြီးနဲ့ Park Sunghoon ရဲ့ ငယ်စဉ်ကတည်းက ice rink ပေါ် ဖြတ်သန်းလာတဲ့ ပုံရိပ်တွေ၊ နှစ်အလိုက် ဆွတ်ခူးနိိုင်ခဲ့တဲ့ ဆုတံဆိပ်ရရှိရာ ပြိုင်ပွဲဝင်ပုံရိပ်တွေကို ပြသနေသလို တိုင်လုံးကြီးတွေမှာ ချိတ်ဆွဲထားတဲ့ board ကြီးတွေမှာလဲ ရေခဲပြင်ပေါ် ကခုန် နေဟန် Park Sunghoon ရဲ့ ဓာတ်ပုံကြီးတွေက အပြည့် နေရာယူကာ ချပြထားလေပြီ။

အစ အဆုံး ချည်ပြီး တုပ်ပြီး။ ဘယ်လိုမှ လှုပ်လို့မရအောင် တုပ်နှောင်ထားခံရလေပြီ။ သတင်းသမား media ပေါင်းစုံကလဲ သတင်းတွေ ယူလို့ သူ့ထက်ငါ ဒီကောင်လေးရဲ့ နောက်ကြောင်းတွေလိုက်လို့ သတင်းတွေ ရေးနေခဲ့ပြီ။

တရားဝင် စာချုပ်မှာ လက်မှတ်မထိုးရသေးပေမယ့် သူဟာ Park Group ပိုင် ကစားသမား တစ်ယောက်ဆိုတာ တစ်နိုင်ငံလုံးက သိရှိသွားခဲ့လေပြီ။

အခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းထွက်လာခဲ့လိုက်ပြီး သန့်စင်ခန်း သွားရာ လမ်းတစ်လျှောက်မှာ သူ ဘာလုပ်ရမလဲ ဆိုတဲ့ အတွေးတွေက အပြည့်။

Park Sunghoon ဆိုတာ သနားစရာ သတ္တဝါ တစ်ကောင်မဟုတ်။ ဘယ်လိုပဲ မပြည့်စုံနေပါစေ သနားလို့ ကူညီတာမျိုး ဘယ်တုန်းကမှ လက်ခံခဲ့တာ မဟုတ်။

သူ အများကြီး မျှော်လင့်ထားတာ... သူအများကြီး ပျော်နေမိတာ... ဒီရက်ပိုင်းတွေအတွင်းမှာ Company ရဲ့ ခိုင်းစေမှုနဲ့ လက်မှတ်ထိုးပွဲမှာ မိတ်ဆက်ပြသဖို့ဆိုကာ ရေခဲပြင်ပေါ်မှာ ရိုက်ကူးရေးအဖွဲ့တွေနဲ့ Video တွေ အမျိုးမျိုးရိုက်၊ ဝတ်စုံတွေ တစ်စုံပြီး တစ်စုံ လဲလို့ ဓာတ်ပုံတွေလဲ တစ်ပုံပြီး တစ်ပုံပဲ။

ခုတော့ သူ့ကို အခန်းထဲမှာ မာနတွေ ချိုးနှိမ်လို့ အပေါ်စီးက စကားတွေဆိုပြီး အပြင်မှာ သူ့ရဲ့ Vd တွေ ပုံတွေ ပြသထားကာ ရုန်းမရအောင် ချည်လေသည်။

ဒါ ဘယ်လို ကစားကွက်မျိုးလဲ CEO Park Jong Seong...

မသေချာ မရေရာသေးပေမယ့် ခင်ဗျားခြေလှမ်းတွေ ဘယ်ကို လှမ်းနေတယ်ဆိုတာ ကျုပ် မြင်နေရသလိုပဲ။

သန့်စင်ခန်းထဲက မှန်ပေါ်မှာ ပေါ်နေတဲ့ ကိုယ့်ပုံကို ပြန်ကြည့်ကာ ဘာမှ ပြန်မလုပ်နိုင်တဲ့ ကိုယ့်အနေအထားကို မချိတင်ကဲ ခံစားနေရသည်။

ခန္ဓာကိုယ်ထဲက သွေးတွေဟာလဲ ပွက်ပွက်ဆူနေသလိုပါပဲ။ တဒင်္ဂလေး လောက်သာ ထိန်းချုပ်မှုမဲ့သွားရင် ပေါက်ကွဲထွက်တော့မယ့် သူ့စိတ်အခြေအနေကိုလဲ သူသိလို့ မရ ရအောင် ထိန်းနေတယ်။

ဒီဒေါသတွေရဲ့ ထွက်ပေါက်အဖြစ်ပေါ့ ဘေစင်ဘေးက ဘောင်ပေါ်သို့ ကျရောက်သွားမိတဲ့ လက်သီးချက်များ...

တစ်ချက်...

နှစ်ချက်...

သုံးချက်...

လေးချက်မြောက်မှာ သူ့လက်သီးဆုပ်တွေကို ဖမ်းဆွဲလိုက်တဲ့ လက်ဖြူဖြူနုနုလေးတစ်စုံ။ လှည့်ကြည့်စရာ မလိုခဲ့။ ဒါဟာ သူ့ရဲ့ မြတ်နိုးရာလေး။

" Sunghoon shi... ကျွန်တော် တောင်းပန်ပါတယ်... ဒီလို အနာတရ ဖြစ်အောင် မလုပ်ပါနဲ့ "

တုန်ယင်နေတဲ့ အသံသေးသေးလေးနဲ့ မော့ကြည့်လာကာ တောင်းပန်နေတဲ့ မျက်ဝန်းလေးတွေ။

" ကိုယ် ဘာ ဆက်လုပ်ရမလဲ အဆော... ကိုယ် ဒီ့ထပ် နာကျင်စရာလဲ မရှိတော့ဘူး ထင်တာပဲ... ပြောပါအုံး ကိုယ် ဘာဆက် လုပ်ရတော့မလဲ "

သူ့လက်သီးဆုပ်တွေကို ဆုပ်ကိုင်ထားတဲ့ အဆောရဲ့ လက်လေးတွေကို ပြန်လည်ဆုပ်ကိုင်လိုက်ကာ နာနာကျင်ကျင်မေးလိုက်တော့ မျက်ဝန်းညိုလေးတွေက မျက်ရည်လေးတွေ ရစ်သိုင်းလို့ ခေါင်းလေး ခါပြလာသည်။

" ကျွန်တော်လဲ မသိတော့ဘူး... ကျွန်တော် တကယ် မသိခဲ့တာပါ... Jay လုပ်နေတာတွေကို ကျွန်တော် တကယ်ကြီးကို မသိခဲ့တာ... ကျွန်တော့်ကို အထင်မလွဲပါနဲ့နော်... ကျွန်တော် Jay ကို Sunghoon နဲ့ပတ်သက်ပြီး အဲ့လို ပုံစံမျိုးတွေ ပြောခဲ့တာ မဟုတ်ပါဘူး... "

" အဆောရယ်... အဆောမျက်လုံးထဲမှာ ကိုယ်က အရမ်း သနားစရာ ကောင်းနေလား ဟမ်... ပြောစမ်းပါအုံး... ကိုယ်က သနားစရာ သတ္တဝါ တစ်ကောင်လား... သူများ ကူညီမှ ရှေ့ဆက်နိုင်မယ့်.."

" ဟင့်အင် မပြောပါနဲ့... မဟုတ်ဘူး.. မမြင်ဘူး မမြင်ပါဘူး... ကျွန်တော်ကလေ Sunghoon က အရမ်းကြံ့ခိုင်တဲ့လူမို့လို့တောင် အားကျနေတာပါ...တစ်ခါလေးမှ သနားစရာ လို့ မမြင်ခဲ့ဖူးဘူး သိလား... "

စကားတွေ ရှေ့မဆက်နိုင်အောင် ကျွန်တော့်နှုတ်ခမ်းတွေ ကို လက်နုနုလေးနဲ့ တားဆီးလာတဲ့ အဆောက သူ့ကို အထင်လွဲမှာစိုးကာ အသံလေးတွေ တုန်တုန်ယင်ယင်နဲ့ ဖြေရှင်းချက်တွေ ပေးနေလေသည်။

မျက်ရည်တွေနဲ့ အဆောကို မြင်ရတာ မောင့်ရင်တွေ နာကျင်လိုက်တာကွာ...

" ကိုယ် လက်မခံချင်တော့ဘူး အဆော... ကိုယ် ဒီ Company နဲ့ မပတ်သက်ချင်ဘူး... တိတိကျကျ ပြောရရင် ဒီလူနဲ့ မပတ်သက်ချင်တာဆို ပိုမှန်မယ် "

" ဟင်... မရဘူးလေ... Sunghoon အဲ့လို လုပ်လို့မှ မရတာ... ဒါ Sunghoon အတွက် ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးကြီးလဲ... Sunghoon အတွေးမမှားပါနဲ့ "

" ဒါဆို ကိုယ်က သနားလို့ ထောက်ပံ့တာကို လက်ခံလိုက်ရမှာလား "

" မဟုတ်ဘူး... ကျေးဇူးပြုပြီး Sunghoon အဲ့စကားတွေကို အထင်မလွဲဘဲ သေချာလေး ဆုံးဖြတ်ပါ... Jay က အဲ့သဘောပြောချင်တာ မဟုတ်ပါဘူး... ပြီးတော့ Jay က သနားတာလေး တစ်ခုနဲ့ အရည်အချင်း မရှိတဲ့ လူကို လက်တွဲမယ် ထင်လို့လား... Jay က Sunghoon မှာ အောင်မြင်မှု အလားအလာတွေရှိပြီး တကယ်တော်တဲ့ လူမို့လို့ လက်တွဲတာပါ... ကျွန်တော် ပြောတာ ယုံပါနော် "

အင်းပေါ့...Jay ဆိုတဲ့လူနဲ့ အတူနေတဲ့ နှစ်တွေကြာပြီဆိုတော့ အဆောက သူ့အကြောင်း သူ ဘယ်လိုလူဆိုတာ သိနေပြီပေါ့။

အဟက်! ရင်နာနာနဲ့ ပြုံးလိုက်မိပါသေးတယ်။

သူ ဒီ စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင် သူဟာ အဆောရဲ့ သက်ဆိုင်သူကြီးဆီမှာ သူ့အနာဂတ်ကို ပုံအပ်လို့ ခြေချုပ်မိတဲ့သူတစ်ယောက် ဖြစ်တော့မည်။

မောင်က အဆောကို ချစ်နေတဲ့ကောင်လေ အဆောရယ်... မောင် ဘယ်လို စိတ်နဲ့ လက်ခံရမလဲ။

" Sunghoon shi... ကျွန်တော်ပြောတာ နားထောင်ပါနော်... လုံးဝ အတွေးလွဲလို့ မဖြစ်ပါဘူး.... လက်ကို လက်ခံရပါမယ်... ကျွန်တော် Sunghoon အောင်မြင်တာကို မြင်ချင်တယ်လေ...ပြောတော့ ကျွန်တော့် ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိို "

ကောင်းစေချင်လို့ တိုက်တွန်းနေမှန်း သိပေမယ့် သူ လွယ်လွယ် ခေါင်းညိမ့်ဖို့ရန် ခက်ခဲနေမိသည်။

သနားလို့ ကူညီတာတဲ့...

" Sunghoon ကျွန်တော့်ကို ချစ်တယ်ဆို... ကျွန်တော့်အတွက် ဒါလေးတောင် လုပ်မပေးနိုင်ဘူးလား ဟင် "

ဒီတစ်ခါ စကားလက်နှက်ကတော့ဖြင့် သူ့ရင်ကို အရှိန်ပြင်းပြင်း ဝင်ဆောင့်ပါသည်။ ချစ်လွန်းလို့ လက်မခံနိုင်ဖြစ်နေရတာ။

မောင်လေ အဆော သက်ဆိုင်သူရဲ့ ထိန်းချုပ်မှုကြီးအောက် အရောက်မခံချင်ဘူးကွယ်။

ခေါင်းငိုက်စိုက်ချကာ အတွေးတွေနဲ့သာ ပြန်ပြောနေမိတဲ့ သူ့ရင်တွင်း စကားသံတွေကို​တော့ဖြင့် အဆောတစ်ယောက် မကြားနိုင်။

ဒီလို မကြားလို့လဲ Sunghoon ကို ကြည့်နေတဲ့ မျက်လုံးလေးတွေ အရောင်တွေ ပြောင်းလဲသွားကာ Sunghoon လက်ထဲက သူ့လက်လေးတွေကို ဆွဲနှုတ်သွားပြီး

" Sunghoon ကျွန်တော့်ကို တကယ် မချစ်ဘူးဘဲ... ကျွန်တော်ကတော့ အတည်တွေလို့ ထင်မှတ်ထားတာကိုလေ "

နာနာကျင်ကျင်အသံလေးနဲ့ တိုးတိုးလေး ရေရွတ်ကာ ကျောခိုင်းသွားတော့မယ့် အဆောကို Sunghoon နောက်ကျောဆီမှ သိုင်းဖက်လိုက်သည်။

လွတ်ထွက်သွားမှာ စိုးသည့်အလား... တင်းတင်းကြပ်ကြပ်... ထပ်ပြီး တင်းတင်းကြပ်ကြပ် ပိုပိုတိုး၍ ဖက်ထားလိုက်မိသည်။

ဒါကိုပဲ ခန္ဓာငယ်လေးက ရုန်းကန်နေကာ

" ဖယ်ပါ... ကျွန်တော့်ကို တကယ်မချစ်ဘဲ ဒီလိုတွေ လာမလုပ်ပါနဲ့ "

" ချစ်တယ်... မောင် အဆောကို အသက်ထက်ပို မြတ်နိုးပြီး ချစ်ရတာမို့ မောင့်အချစ်တွေကို အထင်မလွဲလိုက်ပါနဲ့ကွာ "

" ဒါဆို လက်ခံလေ... ကျွန်တော် တောင်းဆိုနေတာကို လက်ခံပေးပါ့လား... ကျွန်တော့်ကို အထင်မလွဲဖို့လဲ တောင်းပန်ပြီးပြီ.. Jay ဘာသဘောနဲ့ ဒီလို စကားတွေ ပြောထွက်လာမှန်းမသိပေမယ့် ကျွန်တော် Jay ကို ဒီသဘောသက်ရောက်စေမယ့် စကားတွေ မပြောခဲ့ပါဘူး... ကျွန်တော် တောင်းပန်နေတာတောင် မရတာ Sunghoon ကျွန်တော့်ကို တကယ်မချစ်လိို့ပေါ့... Sunghoon shi က ကျွန်တော့်ကို တကယ်မချစ်ဘူး..ကျွန်တော် သိ- အွန့်"

စကားတို့ အဆုံးသတ်ခွင့်မရလိုက်ပါ။ နောက်ကျောဆီမှ သိုင်းဖက်ထားတဲ့ ခန္ဓာကိုယ်လေးကို သူ့ဘက်သို့ ဆွဲလှည့်လိုက်ကာ မချစ်ပါဘူး တွင်တွင်ပြောနေပြီး သူ့အချစ်တွေကို မယုံကြည်နေသူလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို အပြစ်ပေးလိုက်မိသည်။

မောင်က မင်းကို သိပ်ချစ်တာ အဆော...

ဒီလို စကားလေးနဲ့တောင် မယုံမကြည် အဖြစ်မခံနိုင်ဘူး။

သူ အကြိမ်ကြိမ် ငေးကြည့်နေခဲ့ရတဲ့ သွေးရောင်ခြယ် နှုတ်ခမ်းဖူးလေးကို ဒီနေ့မှာတော့ သူ စိတ်လွတ်လက်လွတ်...

မကျေနပ်ရင် မောင့်ကို ပြီးမှသာ အပြစ်ပေးပါတော့ အဆောရယ်...

ပေါက်ကွဲထွက်တော့မယ့် မောင့် ရင်ဘတ်ကြီးတစ်ခုလုံးအတွက် ငြိမ်းအေးသွားစေမယ့် ဆေးက အဆောဆီမှာပဲ ရှိနေတာမို့။ မောင့်ကို ခွင့်လွှတ်ပါကွယ်။

ဒီနှုတ်ခမ်းလွှာလေးတွေရဲ့ အထိအတွေ့ဟာ ထင်မှတ်မထားနိုင်အောင် နူးညံ့ ချိုမြိန်လှပါသည်။ ပင်လယ်ရေတစ်ခွက်ကို သောက်လိုက်ရသလို သောက်လေ သောက်လေ ငတ်မပြေတဲ့ အရသာမျိုး။ အစက ထိတွေ့တယ်ဆိုရုံ ဖွဖွလေး နမ်းရှိုက်နေမိပေမယ့် ပြန်လည်တုန့်ပြန်လာတဲ့ အဆောရဲ့ နှုတ်ခမ်းလေးတွေကြောင့် သာသာဖွဖွ နဲ့ သူ မတင်းတိမ်နိုင်တော့။

ခါးလေးကို ကျစ်ကျစ်ပါအောင် သိမ်းဖက်လို့ လည်တိုင်လေးကနေ ထိန်းကိုင်ကာ အနမ်းတို့ကို နက်ရှိုင်းစေလိုက်မိသည်။

သူ သွားသလောက် အလိုက်သင့်လေး ပါလာတဲ့ အဆောရဲ့ အထိအတွေ့တွေက သူ့ကို ရူးလောက်အောင် ဆွဲဆောင်နိိုင်နေသည်။

လွှတ်မပေးချင်ဘူး ဒီနှုတ်ခမ်းလေးတွေကို။

မပြီးဆုံးလိုက်ချင်ဘူး ဒီအနမ်းလေးတွေကို။

နှစ်ဦးသဘောတူ အနမ်းရှည်ကြီးကို ခရီးဆက်လို့ မောပန်းလာတဲ့အချိန်ရောက်မှ နဖူးလေးချင်း ထိကပ်လို့ သူတို့ အမောဖြေနေမိကြသည်။

ရင်ခွင်ထဲက မောင့် မြတ်နိုးရာလေးကတော့ဖြင့် မျက်လွှာလေးချကာ အကြည့်တွေ လွှဲထားလေသည်။ သူကတော့ဖြင့် ဒီမျက်နှာနုနုလေးကို ကြည့်လို့မဝ။

" ချစ်တယ် အဆောရယ်... မောင် သိပ်ချစ်တယ် "

တုန်ရီလှိုက်မောနေတဲ့ အသံလေးတွေနဲ့ နား နားကပ်လို့ တိုးတိုးလေး ဆိုမိတော့ ရင်ခွင်ထဲက ရုန်းထွက်သွားလေသည်။

" အဆောရော... မောင့်ကို ချစ်ရဲ့လား ဟင် "

ငုံ့ချထားတဲ့ မျက်နှာလေးက ပြန်မော့လာတော့မယ့်ပုံမပေါ်။ ထို့ကြောင့် မေးဖျားလေးကနေ အသာ ပင့်မော့ကာ မျက်လုံးချင်းဆုံစေပြီး ထပ်မေးမယ်အလုပ်

ဒေါက် ဒေါက် ဒေါက်

" အစ်ကိုလေး... လက်မှတ်ထိုးပွဲ စတော့မယ်လို့ CEO ပြောခိုင်းလိုက်ပါတယ် "

အသံကြောင့် ရင်ခွင်ထဲက ရုန်းထွက်ကာ သူ့ကို မရဲတရဲ မော့ကြည့်လာပြီး

" Sunghoon လိုက်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော် အရင်သွားနှင့်ပါ့မယ် "

တံခါးကို တွန်းဖွင့်လို ကျောခိုင်းသွားသူလေးက ဒီလို စကားမျိုးနဲ့ ချည်နှောင်ထားခဲ့ပြီး ထွက်သွားခဲ့လေပြီ။

သူ ဘာလုပ်ရတော့မလဲ။

လက်မှတ်မထိုးဘဲ စာချုပ်ကို ဖျက်ဆီးလိုက်ရင်လဲ အဆောက သူ့ကို တကယ်မချစ်လို့ သူ့စကားနားမထောင်းဘူး ထင်တော့မည်။ ဒါ့အပြင် သူ့ရဲ့ အောင်မြင်မှုနဲ့လဲ အလှမ်းဝေးတော့မည်။

လက်မှတ်ထိုးလိုက်ပါလျှင်လဲ သူ ဒီလူကြီးရဲ့ ထိန်းချုပ်မှုကို ခံရတော့မည်။

မောင် ဘာလုပ်ရမှာလဲ အချစ်ရယ်....

ခန်းမထဲမှာတော့ ပြသထားတဲ့ Video တွေ ပြီးဆုံးလို့ စာချုပ်လက်မှတ်ရေးထိုးဖို့သာ ကျန်တော့တာကြောင့် အားလုံး တိတ်ဆိတ်လို့ နေပြီ။

လက်မှတ်ထိုးဖို့ ပြင်ဆင်ထားတဲ့ စားပွဲရှည်ကြီးမှာတော့ CEO ရယ် အတွင်းရေးမှူး Lee ရယ်က တစ်ဖက် နည်းပြကြီးနဲ့ Park Sunghoon ထိုင်ဖို့ရာ ချထားတဲ့ ခုံအလွတ်တစ်နေရာက တစ်ဖက်။

Sunoo, Jake နဲ့ Niki တို့ကတော့ အောက်က VIP ခုံနေရာမှာ အတူ ထိုင်လို့ ဒီပွဲ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုသာ စိုးရိမ်မှုတွေနဲ့ မျှော်လင့်ရင်း Sunghoon ရောက်အလာကို စောင့်ဆိုင်းနေမိကြသည်။

အားလုံး လူစုံနေပါရက်နဲ့ အဓိက မိတ်ဆက်ရမယ့် လူက တော်တော်နဲ့ ပေါ်မလာလေတော့ တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲ ဟိုတစ်စ ဒီတစ်စ အသံတို့က ထွက်လာခဲ့လေပြီ။

" Sunoo.. Sunghoon ကို သေချာ ပြောခဲ့တာရော ဟုတ်ရဲ့လား... ဒီကောင့်စိတ်က လက်တစ်ဆစ်နဲ့ အားလုံး ရှုပ်ကုန်တော့မှာပဲ "

သူငယ်ချင်း အကြောင်း အသိဆုံးမို့ စိုးရိမ်နေတဲ့ Jake က Sunoo ကို ခပ်တိုးတိုး ကပ်မေးနေသည်။

" ကျွန်တော် သေချာ ရှင်းပြခဲ့တာပဲ... သူ နားလည်မယ်လို့ မျှော်လင့်ပါတယ် "

" ကျွန်တော်တို့ လိုက်သွားဖို့ လိုမလား "

Niki ကပါ နောက်က လိုက်သွားဖို့ ပြောနေတာကြောင့် Sunoo ခေါင်းအသာယမ်းပြလိုက်ပြီး

" မလိုဘူး ထင်တာပဲ... သူ့ဘာသာပဲ ဆုံးဖြတ်ပါစေ... ကျွန်တော်တို့ သူ့ကို ဖိအားမပေးတော့ဘဲ ခဏလောက်ပဲ စောင့်ကြည့်ကြရအောင် "

ထိုခဏမှာပဲ ခန်းမထဲက မီးအားလုံး ငြိမ်းသွားကာ မီးမောင်းဖြူဖြူတစ်ခု ပေါ်လာလေသည်။

ခန်းမကြီးရဲ့ တစ်နေရာသို့ မီးမောင်းဖြူဖြူကြီး ကျရောက်သွားချိန်မှာတော့ မီးရောင် တောက်တောက်အောက်မှာ အပြုံးတစ်ခုကို ဆင်မြန်းလို့ လက်လေးတစ်ဖက် မြှောက်ပြကာ နှုတ်ဆက်ရင်း စားပွဲရှိရာသို့ လျှောက်လှမ်းလာနေတဲ့ Park Sunghoon...

ထိုအခါမှ သတင်းသမားတွေလဲ ကင်မရာတွေချိန်၍ ပုံရိပ်များကို တဖျတ်ဖျတ် ရိုက်ကူးကြလေတော့သည်။

ယခုမှပဲ Sunoo တို့တွေလဲ သက်ပြင်းမောတစ်ခုကို ချနိုင်ပြီး စိတ်ချသွားလေတော့သည်။

နောက်ဆုံးမှာတော့ အဖုအထစ်ကလေးတွေ အနည်းငယ် ရှိခဲ့ပေမယ့် လက်မှတ်ထိုးပွဲကြီးက အထမြောက်သွားခဲ့ပါပြီ။

Sunghoon မှာလဲ Media သမားတွေရဲ့ မေးခွန်းတချို့ကို ဖြေပေးပြီး CEO Park ကလဲ Park Sunghoon နဲ့ လက်တွဲပြီး အနာဂတ်မှာ လုပ်ဆောင်သွားမယ့် အစီအစဉ် တွေကို ပြောပြပြီး ပွဲကို အဆုံးသတ်ဖို့ ပြင်သည်။

အဲ့ဒီ့ အချိန်မှာ ထ မေးလိုက်တဲ့ media တစ်ခုရဲ့ သတင်းသမားကြောင့် ခန်းမကြီးထဲ ရယ်သံတို့ ထွက်လာခဲ့သေးသည်။ တချို့ကတော့ ဒီမေးခွန်းကြောင့် CEO ကြီးများ ထ ပေါက်ကွဲမလားပေါ့။

" CEO ကြီးရဲ့ မျိုးရိုးကလဲ Park မျိုးရိုး ကစားသမားရဲ့ မျိုးရိုးကလဲ Park ဆိုတော့ CEO ကြီးတို့နှစ်ယောက်က အမျိုးတွေများလား'' တဲ့

ဒီအခါမှာ CEO ကြီးကတော့ ဒီမေးခွန်းအပေါ် သဘောတကျနဲ့ ပြုံးပြုံးလေးသာ တုန့်ပြန်ခဲ့ပါသည်။

" ဒီလို အရည်အချင်းရှိတဲ့ ကောင်လေးကသာ ကျွန်တော့်ညီလေးဆိုရင် ကျွန်တော် တကယ် ဂုဏ်ယူမိမှာ အမှန်ပါပဲဗျာ "

CEO ကြီးရဲ့ စကားအဆုံး ခန်းမထဲမှာ လက်ခုပ်သံတွေ ဆူညံသွားခဲ့တော့သည်။ တချို့လူတွေကလဲ မှတ်ချက်တွေ ပေးကြတယ်...

" CEO ကြီးက အရည်အချင်းရှိတဲ့ လူတွေကို သိပ်တန်ဖိုးထားတာ " တဲ့

အခမ်းအနား ပြီးဆုံးတော့မှာ ဖြစ်လို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ရန် CEO နဲ့ Park Sunghoon တို့ကို လက်ဆွဲနှုတ်ဆက်ပေးဖို့ သတင်းသမားတွေက တောင်းဆိုလာခဲ့သည်။

ဒီအခါမှာ ဘေးတစ်ဖက် တစ်ချက်က အတွင်းရေးမှူး Lee နဲ့ နည်းပြကြီးတို့ ခြံရံလို့ အလယ်က CEO Park ရယ် Park Sunghoon ရယ် တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ကင်မရာမီးတွေ တစ်ဖျတ်ဖျတ်ကြား မျက်နှာတွေပေါ်မှာအပြုံးကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကြား တင်းတင်းဆုပ်ကိုင်ထားတဲ့ အားတစ်ခုကိုတော့ဖြင့် ဘယ်သူကမှ ရိပ်မိပုံမပေါ်။

လက်နှစ်ဖက်က တစ်ယောက်နဲ့တစ်ယောက် မလျော့သော အားတွေနဲ့ ခပ်တင်းတင်း ဆုပ်ကိုင်ထားသလို ဆုံနေကြတဲ့ မျက်လုံးနှစ်စုံဟာလဲ အားပြင်းပြင်း အကြည့်တွေနဲ့ ။

ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်တို့ ဖြေလွှတ်မပေးသေးဘဲ CEO ကြီးက

" ကိုယ့်ဘေဘီက မင်းအပေါ် အရမ်းခင်တွယ်နေတယ် ထင်တယ်... ဘာပဲဖြစ်ဖြစ် ဘေဘီ့ကို အပ်ပါတယ်... ကိုယ့်မျက်စိအောက်မှာ မရှိတဲ့အချိန် ကိုယ့်ဘေဘီနားကို မလိုသူတွေ ကြားဝင်ပြီး မနှောက်ယှက်နိုင်အောင် သူငယ်ချင်း တစ်ယောက်အနေနဲ့ ကူညီစောင့်ရှောက်ပေးပါ "

" အဟင်း....စိတ်ချပါ ကျုပ်က အဆောကို ခလုတ်မထိ ဆူးမငြိအောင် တစ်သက်လုံး စောင့်ရှောက်မှာ "

အပြုံးကိုယ်စီနဲ့ စကားတွေ ဆိုနေလည်း ရင်တွင်းမှာတော့

** တစ်ယောက်က ငါ့လက်ခုပ်ထဲက ရေ...

တစ်ယောက်က ငါ့ပိုက်ကွန်ထဲက ငါးကလေး...

အဲ့ဒီ ရေနဲ့ငါး ဘယ်တော့မှဆုံတွေ့နိုင်အောင် လုပ်ဖို့က ငါ့လက်ထဲမှာပဲ ရှိတယ်...

ငါးကလေးရေ...

မင်းကတော့ မင်းကံကြမ္မာကို မင်းရွေးပေါ့...

ကန်လှလှလေးထဲမှာည့်အမွေးခံရမယ့် အလှမွေးငါးလေး အဖြစ်ခံလား...

ဒါမှမဟုတ် ... ရက်ရက်စက်စက် ခုတ်ထစ်ချက်စားခံရမယ့် ဟင်းစားငါးလေး အဖြစ်ခံလား...

မင်းဘဝအတွက် မင်း အကောင်းဆုံး ရွေးချယ်တတ်လိမ့်မယ်လို့ မျှော်င့်ပါတယ်... **

( Park Jong Seong)

***

** အဟက်! သူငယ်ချင်းတစ်ယောက် အနေနဲ့ တဲ့လား...

ကျုပ်က သူငယ်ချင်းလိုမှ မစောင့်ရှောက်ချင်တာ...

ကျုပ်က အဆောကို ချစ်သူတစ်ယောက်လိုပဲ စောင့်ရှောက်ချင်တာဗျ...

ကျုပ်ကို ခင်ဗျားရဲ့ လက်အောက်မှာ ရှိနေလို့ ချုပ်ကိုင်နိုင်ပြီ ထင်မနေနဲ့ အုံး...

ကျုပ်ဆိုတာ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုကိုမှ လက်မခံတတ်တဲ့ ကောင်...

စောင့်ကြည့်နေလိုက် Jay ...

ခင်ဗျားရင်ခွင်ထဲက ဒီအရုပ်ကလေးကို ကျုပ်ဘယ်လို ရအောင်ဆွဲထုတ်မလဲ ဆိုတာ...**

( Park Sunghoon)

***

VIP စားပွဲဝိုင်းလေးမှာ ထိုင်လို့ လက်ဆွဲနှုတ်ဆက် နေတဲ့ ရှေ့က နှစ်ယောက်ကို လှမ်းကြည့်နေတဲ့ Kim Sunoo မှာလဲ စိတ်မသက်မသာနဲ့ သက်ပြင်းလေးချလို့ ဆုတစ်ခုကို တောင်းလိုက်မိတယ်။

** ဒီနှစ်ယောက် ထိပ်တိုက်တွေ့ဆုံခြင်းဟာ အားလုံး ကောင်းဖို့ပဲ ဖြစ်ပါစေ **

( Kim Sunoo)

**********************************

Love you all my Vitamins 💙

San Htarni 💙

25.3.2023

ဇာတ်လမ်းက ခုမှတာ 😎
သုံးပွင့်တော့ ဆိုင်ကြပြီ
ရှေ့ဆက်ပြီး ဘာတွေ ဖြစ်အုံးမယ် မသိ 😌

စာလုံးရေ 9000 နီးပါးနော်


Comment