"မော်ဒိုက်ဆို ကားနဲ့သွားလို့မှမရတာကို။ မလိုက်တော့ဘဲနေလိုက်မယ်လေ အရမ်းဝေးတယ် နောက်ပြီး ငါကအလုပ်ရှိအကိုင်ရှိနော် ပျက်ရက်တွေများရင် လစာလျော့မှာ"
ပွစိပွစိနဲ့စကားပြောမရပ်တဲ့လူကြောင့် ယူဂျင်း စိတ်ရှုပ်လာတာမို့ ရှူနေတဲ့ Vapeကိုပင် အဝေးလွှင့်ပစ်မိလိုက်သည်။ ဒီလူကတော့ တကယ်အမြဲတမ်းကို ပေါက်ပေါက်ဖောက်နေတော့တာ!
အမေ့ထက်တောင် ပိုဆိုးသေး။ တစ်ခါလာလည်း ဘဝတိုးတက်ရေးဓာတ်ပြားဟောင်းကြီးကိုဖွင့်လိုက်၊ ယဥ်ကျေးလိမ္မာနည်းနာတွေအကြောင်း တရားချလိုက်နဲ့။ အဲ့လောက်တရားပေါက်နေရင် ဘုန်းတော်ကြီးဝတ်ပြီး တောင်ထိပ်မှာသွားနေပါလားဟု ပြောပစ်ချင်ပေမယ့် တကယ်ကြီးသွားနေနေမှ ဒုက္ခ။
"Private Flightရှိတယ် ကျွန်တော်တို့အိမ်အခြေအနေကို မေ့သွားတာလား"
"မင်းကျောင်းကလူတွေနဲ့ တကယ်ကြီးတူတူမသွားဘူးလား"
"မသွားဘူး စိတ်ရှုပ်တယ်"
ခရီးဆောင်အိတ်အကြီးကြီးတစ်လုံးကိုဆွဲမကာ ကားပေါ်တင်နေသည်မို့ ဟန်ယူဂျင်းပိုလို့ပင် စိတ်လေလာရသည်။ လေ့လာရေးခရီး တစ်နည်း အပျော်အပျက်ခရီးလေး သုံးရက်လောက်သွားမှာကို ရစ်ခီရှန်က baggageနဲ့ ဘာတွေအပြည့်ထည့်လာသည်လဲမသိပေ။
အကင်္ျီဆိုလည်း အလွန်ဆုံးမှ ငါးစုံလောက်ဆို တော်ရောပေါ့။ ဖုန်းတွေ၊ အားသွင်းကြိုးတွေ airpodတွေ အကုန်ထည့်တောင် ကျောပိုးအိတ်တစ်လုံးစာနဲ့တင် လောက်ငှသည်။
"အဲ့ဟာကြီးထားခဲ့ ဟိုရောက်မှ အဝတ်အစားဝယ်ဝတ်မယ်"
^သောက်ဆံကို ငါက ဘယ်တွင်းထဲက သွားနှိုက်ရမှာလဲ သောက်ကလေးလေးရဲ့^ ဟုကျယ်လောင်စွာ ပြောလိုက်ပေမယ့် စိတ်ထဲကပြောလိုက်တာမို့ ထိုကောင်လေးကတော့ ကြားနိုင်မည်မဟုတ်။ ထို့အစား သူ၏မချိတင်ကဲအပြုံးကိုသာ မြင်ရလိမ့်မည်။
"ကျွန်တော် ဝယ်ပေးမယ်"
"မလိုဘူး ဒီအိတ်သယ်လို့မရရင် မလိုက်ဘူးနော်"
"ဟူး...သယ်ဗျာ သယ်! သယ်!!"
ဆံပင်တွေကိုဆွဲဖွလို့ လေယာဥ်ကွင်းကို သွားမဲ့ဗင်ကားပေါ် အရင်တက်နှင့်သွားသူကို ရစ်ခီ သူ့ကိုယ်သူတောင် သတိမထားမိဘဲ စူပုပ်ပြီးကြည့်နေမိသည်။ အငယ်ဖြစ်ပြီး အလိုက်မသိတတ်။ အကြောတင်းတဲ့အပြင် ဟော တစ်ကိုယ်ကောင်းကလည်း ဆန်သေး။ ဘယ်သူတွေကများ ကြိုက်ကြပါ့!
ကားပေါ်ကို ဒရိုင်ဘာဦးလေးကြီးကျေးဇူးနဲ့ baggageကြီးအား တင်နိုင်သွားခဲ့သည်။ လေယာဥ်ကွင်းရောက်တော့ ဟန်ယူဂျင်းရဲ့ အတန်းဖော်ဆိုတဲ့လူတွေကို မတွေ့ရ၊ ကြည့်ရတာ သူတို့ဘာသာပဲ သီးသန့်လေယာဥ်နဲ့သွားကြလို့ထင်သည်။
ကုတင်တို့ TVအကြီးကြီးတို့ပါတဲ့ လိုင်းခန်းဆီ ဘေယာဥ်မယ်လေးက ခေါ်သွားပေးကာ ဟန်ယူဂျင်းကတော့ ဘယ်ဘက်ရှိ ခုံတွင်ထိုင်ရပြီး သူကတော့ ညာဘက်မှာ။ ခုံသည် လူသုံးယောက်စာလောက် ထိုင်လို့ရသည်အထိ ကျယ်ပြီး ကတ္တီပါအခင်းစနဲ့ ဖုံးထား၏။
ဘေးတွင်က snackမျိုးစုံ juiceမျိူးစုံတင်ထားသည့် စားပွဲတစ်ခုစီ ရှိသည်။ ပိုက်ဆံပေးရမလား မပေးရမလားမသိပေမယ့် ဗိုက်ဆာတာမို့ မြင်မြင်ချင်းမှာတင် စတော်ဘယ်ရီကိတ်လေးသည် ပါးစပ်ထဲတန်းရောက်သွားခဲ့ပြီ။
"ဒါတွေက ပိုက်ဆံသက်သက်ပေးရလား"
"မပေးရဘူး လေယာဥ်ခထဲမှာ ပါပြီးသား"
"ဒါနဲ့ မင်းတို့ကျောင်းက မော်ဒိုက်လို ကမ်းခြေကိုသွားပြီး ဘာတွေလေ့လာကြမှာမို့ ခရီးထွက်ကြတာလဲ"
"လေ့လာရေးခရီးဆိုတာ နာမည်ခံသက်သက်ပဲ ကျောင်းက high classတွေပဲတက်တော့ အမေများအသင်းဆိုတာရှိတယ်လေ အိုမားလည်း အဲ့ထဲမှာပါတယ် သူတို့က ဘုတ်အဖွဲ့ကိုနှစ်တိုင်းတိုက်တွန်းနေကြ။ ဒီတော့ ကျောင်းကလည်း နှစ်တိုင်းမတတ်သာဘဲ oversea tripတွေလိုက်ပို့ပေးတယ်"
"ဪ မလိုက်လို့လည်းရတယ်ပေါ့"
"ရတာပေါ့ အရင်နှစ်တွေတုန်းက ကျွန်တော်မလိုက်ဘူး"
"ဒါဆို ဒီနှစ်ကြ ဘာလို့လိုက်တာလဲ"
"ခင်ဗျားကိုခေါ်သွားချင်လို့လေ တစ်ယောက်တည်းဆို စောက်ရမ်းပျင်းဖို့ကောင်းတယ်"
ပြုံးပြီးသာ နေလိုက်မိတော့သည်။ စိတ်ဒုက္ခပေးချင်တာများ တကူးတကကြီးနိုင်ငံခြားအထိပါ ခေါ်သွားပြီးပေးရတယ်လို့ ဟန်ယူဂျင်းရေ....
_❁❁❁_
"ဒါက မင်းပြောတဲ့ဂိုက်ဆရာလား"
"အင်း"
"တွေ့ရတာဝမ်းသာပါတယ် ဆရာလေး... ကျွန်တော်က ယူဂျင်းသူငယ်ချင်း ပတ်ဂွန်းဝုပါ"
ပြူပြူငှာငှာရှိတဲ့ကောင်လေးသည် ယူဂျင်းနှင့်မတူ၊ သူ့ကိုခေါင်းလေးငုံ့ပြီးယဥ်ယဥ်ကျေးကျေးနဲ့ မိတ်ဆက်တော့ ရစ်ခီလည်း ပြန်ပြုံးပြလိုက်မိသည်။
"ရစ်ခီရှန်ပါ စာတွေနားမလည်တာရှိရင် ယူဂျင်းကတဆင့် လှမ်းမေးလို့ရတယ်နော်"
"မရပါဘူး သူစာမရရင် သူ့ဘာသာ ဂိုက်ငှားပေါ့"
"ဟန်ယူဂျင်း... သူငယ်ချင်းကိုဘယ်လိုတွေပြောနေတာလဲ"
"စိတ်ထဲရှိတဲ့အတိုင်းပြောတာလေ ဂွန်းဝုက ဘာပြောပြောစိတ်မဆိုးတတ်ဘူးရယ် ခင်ဗျားကသာ ကြားထဲက ဘာဖြစ်နေတာလဲ"
လေသံမာမာနဲ့ မိမိအားလာအော်သည့်ကောင်လေးကြောင့် ရစ်ခီ တစ်ချက်စူးစိုက်ပြီးကြည့်လိုက်ကာ ဘန်ဂလိုဆီကိုပဲ ပြန်လာလိုက်တော့သည်။
ယူဂျင်းပြောတာလည်း ဟုတ်တော့ဟုတ်ပါသည်၊ တကယ်ဆို ကိုယ်က တကယ့်ဂိုက်ဆရာလည်းမဟုတ်၊ သူတို့မိသားစုပြဿနာအတွက် ဟန်ဆောင်ပေးဖို့ လိုရမယ်ရ အလုပ်ခန့်ခံထားရတဲ့ဝန်ထမ်းပုံစံမျိုး။ သူတို့အသိုင်းအဝိုင်းတွေ၊ ဆက်ဆံရေးတွေကြား ကိုယ်က သွားပြီးစည်းကျော်လို့မှ မရဘဲ။ ဒီအချက်ကို ရစ်ခီ မေ့လျော့မိခဲ့ပါသည်....။
_❁❁❁_