"ထိုင်နှင့်အုံး အဝတ်လဲလိုက်အုံးမယ် လုပ်ချင်တာလုပ်နေလို့ရတယ် နောက်သုံးနာရီကြာရင် ပြန်လို့ရပြီ"

ထိုကောင်လေးသည် သူ့အခန်းနဲ့ဆက်ထားတဲ့ တခြားအခန်းတစ်ခုဆီကူးသွားပြီး သူ့ကိုလည်း မှာတမ်းခြွေသွားသေးသည်။ ရစ်ခီမူကား ကြောင်တောင်တောင်လေးနှင့် စာကြည့်စားပွဲတွင်ကျန်ခဲ့ရသည်။

မကြာလိုက်၊ ရှပ်အကင်္ျီလက်တိုနဲ့ဘောင်းဘီရှည် ခပ်ပွပွအထည်လဲဝတ်လာပြီး ဖုန်းနှိပ်နေ၏။ အဟ ဒါမျိုးတော့ ဘယ်ရမလဲ! တစ်မိုးအောက် ကံအဆိုးဆံဆုရထားတဲ့ ရစ်ခီရှန်ကိုများ လာချိုးနေသည်။

"ဟ ဘာလုပ်တာလဲ ​ဖုန်းပြန်ပေး"

"စာသင်မယ် စာအုပ်ထုတ်!"

"တကယ်မသင်ပေးခိုင်းဘူးလေ ဘာကြောင်တာလဲ"

"မရဘူး ဂိမ်းဆက်နှိပ်နေမှာဆိုရင် အောက်ထပ်က မင်းအမေနဲ့အစ်မကို သွားတိုင်ပြောမယ်"

ရစ်ခီသည် ပြောလည်းပြော၊ အခန်းတံခါးပေါက်ကို်လည်း သွားဆွဲဖွင့်ဖို့လုပ်၏။ ဖွင့်လက်စ တံခါးမှာ အားပြင်းပြင်းနဲ့တွန်းခံလိုက်ရတာမို့ ဒုန်းခနဲပြန်ပိတ်ကျသွားသည်။ ရုတ်တရပ် သူ လှည့်အကြည့်မှာ တခါးကိုလက်လာမှီထားတဲ့ ထိုကောင်လေးမျက်ဝန်းတွေနဲ့တည့်တည့်တိုးပါလေရော...

ဒါပေမယ့် ဒီလက်တောက်လောက်လေးက ဘာလို့များ သူ့ထက်ပိုပြီးအားသန်နေတဲ့ပုံပေါက်နေရသလဲ။ တံခါးကိုပိတ်ချလိုက်တာများ ကွဲတော့မတတ်ပဲ။ ငယ်ရွယ်တုန်းမို့ အားသန်တာလားတော့မပြောတတ်ပေ။

ကိုယ်ချင်းကလည်း ကပ်တာမှ ကြားထဲတွင် တစ်ပေတောင် မရှိလောက်ပေ။ တံခါးနံရံထဲ သူသည် ဝင်တော့မတတ်။ ထိုကောင်လေးနဲ့ပိုနီးကပ်သွားမှာဆိုးလို့ ဆုတ်စရာမရှိတော့တဲ့ ခြေထောက်တွေကိုတောင် ဆက်ဆုတ်ချင်နေမိသည်။

တော်သေးတာပေါ့ ဒါတောင် ကိုယ်က အရပ်ရှည်နေလို့။ ရှည်တာလည်းဖြစ်သင့်ပါတယ် ထိုကောင်လေးထက် ရစ်ခီသည် အသက်အများကြီး ပိုကြီးသည်လေ။

ယခုအခြေအ​နေမှာမူ ၎င်းအနေအထားကြီးနဲ့ပဲ မရွေ့မလျား၊ အချိန်အတော်ကြာတဲ့အထိ နှစ်ယောက်လုံးဘာမှမပြောဘဲ တိတ်ဆိတ်နေကြပြီး နောက်ဆုံးတွင်တော့ ထိုကောင်လေးသည် သူ့ကိုစိုက်ကြည့်နေတာရပ်ပြီး ချောင်းတစ်ချက်ဆိုးကာ အနောက်ကိုဆုတ်သွား၏။

"အဟမ်း...သွားမပြောနဲ့ စာသင်မှာမလား သင်မယ်"

"အင်း ဒါဆို စာအုပ်ထုတ်"

"ဘယ်ဘာသာကိုထုတ်ရမှာ"

"မရတဲ့ဘာသာ ထုတ်ပေါ့ ဘာလဲ ကိုယ်မရတာတောင်မသိဘူးလား"

ကျောင်းတွင် ဂျစ်သလောက်၊ ပေသလောက် အိမ်တွင်တော့ ရစ်ခီရှန်ဆိုတဲ့လူရဲ့စကားအောက်တွင် သူဟာ ပြားပြားကိုဝပ်လို့။ ဟူး ရုပ်လေးချောလို့ သည်းခံပေးထားတာကို လာအနိုင်ကျင့်နေသည်။

"သိတယ် မရတဲ့ဘာသာမရှိဘူး အကုန်ရတယ်လေ အဲ့တော့ဘယ်လိုလုပ်ပေးရမှာလဲ"

သူ့စကားကိုကြားတော့ ထိုအစ်ကိုကြီးက မျက်မှောင်ကြုပ်သွား၏။ မေမေနဲ့များကွာပါ့၊ မေမေတို့ဆို အသက်ကြီးလာပြီ၊ ပါးရေတွန့်မှာဆိုးလို့တဲ့၊ မျက်မှောင်လည်းမကြုပ်ဘူး၊ ခေါင်းဆိုလည်း လည်ပင်းအရစ်တွေထွက်လာရင် ရုပ်ဆိုးသွားမှာ ကြောက်တယ်ဆိုပြီး အမြဲမော့နေတာ။

"အဲ့တော့ ငါက ပြန်ရမှာလား မသင်ရတော့ဘူးလား"

"ခင်ဗျားကို ဘယ်သူက အစကတည်းက သင်ခိုင်းလို့လဲ ကိုယ့်ဟာကိုယ် လျှာရှည်ပြီးသင်ပေးမယ်ပြောတာလေ"

စကားများနေတုန်း ဝင်လာတဲ့ဖုန်းသံကြောင့် ထိုကောင်လေးသည် စားပွဲပေါ်ရှိ သူ့လွယ်အိတ်ထဲက ဖုန်းကိုလာယူ၏။

^ဪ နူးနား! ဘာကိစ္စလဲ^

^Barမှာလား အင်း... မအားဘူး ဒီညတော့ မလာလို့ရတယ်မလား^

ဟိုဘက်က မိန်းကလေးက ဘာပြောနေသလဲတော့မသိ။ ဒီဘက်က သောက်ကလေးလေးကတော့ မျက်ဆံတွေ လှန်ပြီး စိတ်ရှုပ်တဲ့ပုံပေါက်နေ၏။

^ဒါဆိုလည်း ပြီးတာပဲ ကျွန်တော်ကတော့ မလာနိုင်ဘူး မကျေနပ်ရင် ပြတ်လိုက်^

တိခနဲဖုန်းကိုချပစ်ကာ ကုတင်ပေါ် ပစ်လဲပြီး ဂိမ်းဆော့နေသူကို ရစ်ခီ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။ အမယ်... အသက်လေးက လက်တောက်လောက်နဲ့ ရည်းစားက ထားတဲ့အပြင် Barကိုလည်း ညတိုင်း သွားနေသည့်ပုံပင်။ ခေတ်ကာလ သားသမီးတွေများ ထိန်းရခက်ပါကော!

"ဘာလို့အဲ့လိုကြီးလာစိုက်ကြည့်နေတာလဲ တူတူအိပ်ချင်လို့လား"

လှဲနေတဲ့ အိပ်ရာကိုပုပ်ပြပြီး ပြီတီတီစပ်ဖြဲဖြဲပြောလာပါတဲ့ ကျောင်းသားလေးကြောင်​့ လူက အရှိုက်ထိသွားသလို မျက်နှာသည်လည်း ရဲတက်လာ၏။ ဒီအရွယ်​လေးနှင့် ဟန်ယူဂျင်းဆိုတဲ့ ကျောင်းသားလေးက မပြောရဲ၊ မဆိုရဲတာမရှိ။ ဒီသောက်ကလေးလေးကတော့! အကြီးကိုများ ဘယ်လိုတွေတောင် ပြောရဲတာလဲ!

"ရူးနေလား"

"နောက်နေ့တွေ အိမ်ကိုမလာလည်းရတယ် စာမရတာရှိမှ ဖုန်းဆက်ခေါ်လိုက်မယ် ပုံမှန်ဆို ကျွန်တော်က အိမ်မှာမနေဘူးလေ အပ်ဂူဂျောင်က ကွန်ဒိုမှာပဲနေတာ"

"မေးလို့လား"

"ခင်ဗျား နည်းနည်းလေးမှ ချစ်ဖို့မကောင်းဘူး"

"ဘယ်သူက မင်းကိုချစ်ခိုင်းနေလို့လဲ လုပ်စရာမရှိရင် ပြန်တော့မယ် ငါပြန်ချင်ပြီ"

"ပြန်လို့မရဘူး သုံးနာရီလောက် ဒီအခန်းထဲ နေပေးရမှာပါဆို... မဟုတ်သေးပါဘူး ကျွန်တော် စကားကိုနှစ်ခါပြန်ပြောမှ ခင်ဗျား နားလည်တာလား"

"သုံးနာရီကြီးတောင် ငါက ဘာထိုင်လုပ်နေရမှာလဲ စာလည်းမသင်ရဘဲနဲ့"

"မုန့်သွားယူပေးမယ် မုန့်စားပြီး တစ်ရေးအိပ်လိုက်ပေါ့ သုံးနာရီပြည့်ရင် နှိုးမယ်"

သူ့မှာ စကားတောင် ပြန်မပြောလိုက်ရ၊ ထိုသောက်ကလေးလေးက တံခါးဖွင့်ပြီး အိမ်အောက်ထပ်ကို ဆင်းသွားပြီ။ ဘယ်လိုသန္ဓေက ဖြစ်လာတာလဲဆိုပြီးမေးခွန်းထုတ်၊ အော်ဆဲလိုက်ချင်ပေမယ့် ခုနက စကားပြောခဲ့ရသလောက်တော့ သူ့ကို မွေးထားတဲ့အန်တီသည် နူးနူးညံ့ညံ့ ယဥ်ကျေးသိမ်မွေ့လွန်းနေသူ။

ကံဆိုးတာလား ကံကောင်းတာလားတောင် ရစ်ခီ မပြောတတ်တော့ဘူး။ လောလောဆယ်တော့ သောက်ကလေးလေးပြောသလိုပဲ သူဗိုက်ဆာနေတာတော့ အမှန်။ ဆာလွန်းလို့ သောက်ရှက်မရှိတဲ့ဗိုက်က တဂွီဂွီတောင် မြည်နေသေးသည်။


_❁❁❁_



Comment