127-128

God Genzo:
အပိုင်း- ၁၂၇(ပျက်စီးခြင်းလူသားစွမ်းရည်၊ သွေးစုပ်ကောင်စွမ်းရည်)

ကျလာသည့် ပစ္စည်းများကို ကျိုကျိုး ကြည့်လိုက်သည်။ ပထမဆုံး သူကြည့်လိုက်သည်မှာ သွေးစုပ်ကောင်မြို့စား(ဗိုက်ကောင့်) သွေးမျိုးဆက်ကို ဖြစ်၏။

(baron- viscount- earl- marquess- duke
(ဘာရွန်၊ ဗိုက်ကောင့်၊ အယ်၊ မားကွစ်၊ ဒု(ခ်)) အင်္ဂလိပ်များ၏ တော်ဝင် ရာထူးအဆင့်ဆင့်.. ဘာရွန်မှာ အနိမ့်ဆုံးဖြစ်ပြီး ဒု(ခ်)မှာ အမြင့်ဆုံးဖြစ်သည်)

“အမည်- သွေးစုပ်ကောင်ဗိုက်ကောင့် သွေးမျိုးဆက်”

“အဆင့်- သာလွန်စိန်အဆင့်”

“အသုံးဝင်ပုံ- အသုံးပြုသူကို သာလွန်စိန်အဆင့် သွေးမျိုးဆက်- သွေးစုပ်ကောင်ဗိုက်ကောင့် သွေးမျိုးဆက်အား ရရှိစေ၏။ ဒီသွေးမျိုးဆက်နှင့် ပေါင်းစပ်ပြီးပါက စုပ်ယူလိုက်သူမှာ သွေးစုပ်ကောင်မျိုးနွယ်၏ စွမ်းရည်အချို့ကို ကြီးထွားစဉ်အတွင်း၌ တဖြည်းဖြည်း နိုးထလာမည် ဖြစ်၏”

“မှတ်ချက်(၁)- သာလွန်စိန်အဆင့် သွေးစုပ်ကောင်ဗိုက်ကောင့် သွေးမျိုးဆက် ၁၀၀ကို ပေါင်းစပ်လိုက်ပါက သာလွန်ဆန်းကြယ်အဆင့် သွေးစုပ်ကောင်အယ် သွေးမျိုးဆက်ကို ရရှိနိုင်သည်”

“မှတ်ချက်(၂)- ……”

ပျက်စီးခြင်းလူသား သွေးမျိုးဆက်၏ တိုးတက်ကောင်းမွန်စေလိုက်သည်များလည်း အချက်ပေးမှုတွင် ပါဝင်၏။ အားနည်းချက်များ အားလုံးတို့ကို တိုးတက်ကောင်းမွန်စေနိုင်သေးကြောင်းအား တွေ့ရပြီးနောက် ကျိုကျိုးက တုံ့ဆိုင်းခြင်းမရှိပဲ စုပ်ယူလိုက်သည်။

ထိုအဆင့်နိမ့် သွေးစုပ်ကောင်မျိုးနွယ်၏ သွေးမျိုးဆက်မှာ မရေမတွက်နိုင်သည့် သွေးရောင်အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ နှလုံးသားနှင့် ပေါင်းစပ်သွား၏။ ရင်းနှီးသည့် သက်တောင့်သက်သာ ရှိသော ခံစားချက်တစ်ခု လွှမ်းခြုံလာခဲ့ပြန်သည်။

တစ်ချိန်တည်းတွင် ကျိုကျိုးမှာ သူ၏ ခန္ဓာကိုယ်တို့ ပြောင်းလဲသွားကြောင်းကို ရုတ်တရက် နားလည်မှု ရလိုက်၏။ ပတ်ဝန်းကျင်ရှိ စွမ်းအင်မျိုးစုံတို့ကို သဘာဝအတိုင်း စတင်စုပ်ယူကာ ညင်သာသည့် အသက်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်၏။

အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။
“သင်သည် သွေးစုပ်ကောင်ဗိုက်ကောင့် သွေးမျိုးဆက် ၁ခုအား စုပ်ယူလိုက်၏(သာလွန်စိန်အဆင့်)”

“သင်၏ ပျက်စီးခြင်းလူသား သွေးမျိုးဆက်မှာ ၎င်း၏ပါရမီကို ပိုမိုတူးဖော်နိုင်ပြီး အဆင့်နိမ့် ကြေးအဆင့်သို့ မြင့်တက်သွား၏”

“သင်၏ အာရုံခြောက်ပါးတို့ ပိုမိုကောင်းမွန်လာသည်”

“သင်သည် အဆင့်နိမ့်ကြေးအဆင့် ပျက်စီးခြင်းလူသား စွမ်းရည်- ပျက်စီးခြင်းခန္ဓာကို နိုးထခဲ့သည်”

“သင်သည် သာလွန်စိန်အဆင့် သွေးစုပ်ကောင် စွမ်းရည်- ပွေ့ဖက်ခြင်း(သွေးစုပ်ကောင်များက အခြားလူတစ်ယောက်ကို သွေးနှောကာ အသွင်ပြောင်းပေးခြင်းကို ဆိုလိုသည်)ကို နိုးထခဲ့သည်”

“သင်သည် သာလွန်စိန်အဆင့် မျိုးနွယ်စုစကေး- သွေးဆူခြင်းပညာကို တတ်မြောက်ခဲ့သည်”

“သင်၏မျိုးနွယ်စုစကေး- သွေးလင်းနို့အသွင်မှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ထိုစကေး၏ အမြင့်ဆုံး အဆင့်ကြီးထွားနိုင်မှုမှာ သာလွန်စိန်အဆင့်အထိ တိုးတက်လာခဲ့သည်”

“သွေးလင်းနို့အသွင်ကို အသုံးပြုပါက ပိုမိုများပြားသည့် သွေးလင်းနို့များအဖြစ် ပြောင်းလဲနိုင်မည်”

“သွေးလင်းနို့အသွင်ကို အသုံးပြုပါက သင်၏ ဝိညာဉ်ကို အပိုင်းသေးတစ်ခုအဖြစ် ခွဲခြမ်းကာ တစ်ကောင်ထက်ပိုသည့် သွေးလင်းနို့များအား သယ်ဆောင်ခိုင်းနိုင်သည်”

“သင်၏ မျိုးနွယ်စုစွမ်းရည်- သွေးကန်မှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ထိုစွမ်းရည်၏ အမြင့်ဆုံး အဆင့်ကြီးထွားနိုင်မှုမှာ သာလွန်စိန်အဆင့်အထိ တိုးတက်လာခဲ့သည်”

“သင်၏ ခန္ဓာကိုယ်အတွင်း၌ ပိုမိုများပြားသည့်‌ သွေးများကို သိုလှောင်နိုင်ပြီး သွေးဒြပ်စင်နှင့်ပက်သက်သည့် စကေးများကို အသုံးပြုပါက ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးတို့ ရရှိစေသည်”

ကျိုကျိုးက ကျေနပ်စွာ ခေါင်းညှိတ်သည်။ သာလွန်စိန်အဆင့် သွေးစုပ်ကောင်ဗိုက်ကောင့် သွေးမျိုးဆက်ဟု မပြောရပေ။ ဒီတိုးတက်မှုက အနည်းအကျဉ်း မဟုတ်ပေ။ ထို့နောက် အသစ်နိုးထလာသည့် ပျက်စီးခြင်းလူသား စွမ်းရည်- ပျက်စီးခြင်းခန္ဓာကို သူကြည့်လိုက်သည်။

“မျိုးနွယ်စုစွမ်းရည်အမည်- ပျက်စီးခြင်းခန္ဓာ”

“အဆင့်- အဆင့်နိမ့်ကြေးအဆင့်(ကြီးထွားနိုင်)”

“ဖော်ပြချက်- ပျက်စီးခြင်းလူသား၏ မူလခန္ဓာကိုယ်မှာ မနှိုင်းယှဉ်သာအောင် အင်အာကြီးမား၏။ အချိန်တိုင်းတွင် ပတ်ဝန်းကျင်ရှိ စွမ်းအင်မျိုးစုံတို့ကို စုပ်ယူနိုင်ပြီး ၎င်းတို့ကို ကိုယ်ပိုင် အသက်စွမ်းအင်အဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်၏။ ထို့အပြင် ပျက်စီးခြင်းလူသား၏ ခန္ဓာကိုယ်၌ အပြင်ဒဏ်ရာများ ရရှိပါက ထိုအသက်စွမ်းအင်က ဒဏ်ရာများကို လျှင်မြန်စွာ ပြန်လာကောင်းမွန်စေနိုင်သည်”

ထိုပုံကို မြင်တော့ ကျိုကျိုးက ဓါးကိုထုတ်ကာ သူ၏လက်ပေါ်၌ ၅၊ ၆ စင်တီမီတာလောက် ရှိသည့် ဒဏ်ရာတစ်ခုကို လှီးဖြတ်လိုက်သည်။ ထို့နောက် ဒဏ်ရာက ချက်ချင်းပင် လျှင်မြန်စွာ စတင်ပြန်ကောင်းလာပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။ သူ၏ အရေအပြားက ၅စက္ကန့်အတွင်းတွင် ပြန်လည်ချောမွတ်လာခဲ့၏။ ခန္ဓာကိုယ်အတွင်းရှိ အပိုသွေးများမှာလည်း မပြောပလောက်သည့် ပမာဏလေးသာ လျော့ပါးသွားသည်ဟု ခံစားရသည်။

“ဒီပျက်စီးခြင်းခန္ဓာနဲ့ သွေးကန်ရဲ့ ပြန်လည်ကုသခြင်း စွမ်းရည်နဲ့…”

“ငါ့ရဲ့ အတွင်းကလီစာတွေ ပျက်စီးသွားရင်တောင် လျှင်လျှင်မြန်မြန် ပြန်ကောင်းလာနိုင်တယ်”
ကျိုကျိုးက သူ၏ ခန္ဓာကိုယ်၏ အစွမ်းထက်မှုကို အကြမ်းဖျင်း ခန့်မှန်းခြေထုတ်ကြည့်သည်။ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာ၏။

ထိုကဲ့သို့သော ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် ခေါင်းမပြုတ်၊ နှလုံးမထုတ်ခံရပါက ဒဏ်ရာအပြင်းအထန် ရပြီး သေလုမျောပါး ဖြစ်နေလျှင်တောင် အသက်ရှင်နိုင်လောက်ပါသည်။

ထို့နောက် သွေးစုပ်ကောင်စွမ်းရည်နှင့် သွေးစုပ်ကောင်စကေးများကို ကျိုကျိုး ဆက်ကြည့်သည်။

“အမည်- ပွေ့ဖက်ခြင်း”

“အဆင့်- သာလွန်စိန်အဆင့်”

“ဖော်ပြချက်- သွေးစုပ်ကောင်မျိုးနွယ်၏ ဖွံ့ဖြိုးခြင်း နည်းလမ်းဖြစ်သည်။ သင်သည် သက်ရှိများကို သွေးစုပ်ကာ သင်၏ စစ်မှန်သောသွေး တစ်စိတ်တစ်ပိုင်းအား သူတို့ကိုအားပေးလိုက်ခြင်းဖြင့် သင်၏သွေးစုပ်ကောင်သွေးမျိုးဆက် အဆင့်ထက် နိမ့်သည့် သွေးစုပ်ကောင်များအဖြစ် ပြောင်းလဲနိုင်ပြီး သင့်အား လုံးဝ သစ္စာရှိအောင် ပြုလုပ်နိုင်သည်”

“စွမ်းရည်မှတ်ချက်(၁)- သင်၏သွေးမျိုးဆက်ကို အလွန်ဆုံး သွေးစုပ်ကောင်ဘာရွန် သွေးမျိုးဆက်အထိသို့သာ ဖွံ့ဖြိုးနိုင်၏”

“စွမ်းရည်မှတ်ချက်(၂)- သွေးစုပ်ကောင်များ၏ စစ်မှန်သော သွေးမှာ အလွန်အဖိုးတန်ကာ ရှားပါး၏။ ပြန်လည်ကောင်းမွန်နိုင်နှုန်းက အလွန် နှေးကွေးသည်။ သွေးစုပ်ကောင် အနည်းငယ်ကိုသာ သင်ဖွံ့ဖြိုးနိုင်၏”

“မျိုးနွယ်စုစကေးအမည်- သွေးဆူခြင်းပညာ”

“အရည်အသွေး- သာလွန်စိန်အဆင့်”

“ဖော်ပြချက်- အခြားသက်ရှိများ၏ သွေးကို အာရုံခံစားနိုင်ပြီး သူတို့၏‌ သွေးကို ထိန်းချုပ်နိုင်သည်”
….

ကျိုကျိုးက အကြိမ်အနည်းငယ် ကြည့်ပြီးနောက် အကြည့်
ရပ်လိုက်၏။ ဒီပွေ့ဖက်ခြင်း၏ အသုံးဝင်ပုံက မဆိုးလှပေ။ အသုံးပြုလို့ ရ၏။

သို့ရာတွင် အသုံးပြုလျှင်တောင် သွေးစုပ်ကောင် မျိုးနွယ်စုတစ်ခုကို ဖွံ့ဖြိုးဖို့ သူ့မှာ အတွေးမရှိပါ။ သစ္စာရှိ လက်အောက်ခံတစ်ယောက်ကို ရလိုပြီး အခြားရွေးချယ်စရာ မရှိမှသာ ထိုနည်းလမ်းကို အသုံးပြုမည် ဖြစ်သည်။

ငါက သန့်စင်တဲ့သွေးနဲ့ လူသားတစ်ယောက်ပဲ။ ဒီသွေးစုပ်ကောင်သွေးမျိုးဆက်နဲ့ စွမ်းရည်က ပျက်စီးခြင်းလူသား သွေးမျိုးဆက်ရဲ့ အဆင့်ကို တိုးလာအောင်လုပ်ဖို့ နည်းလမ်းသာသာပဲ....

သွေးဆူခြင်း ပညာကတော့ တိုက်ပွဲတွင် အလွန်လက်တွေ့ကျသည့် ပညာဖြစ်သည်။ သူ့ကို တိုက်ခိုက်သည့် နည်းလမ်းကောင်းတစ်ခု ပေးစွမ်း၏။

ထို့နောက် အခြားပစ္စည်းများကို သူကြည့်လိုက်သည်။ မျိုးနွယ်စုစွမ်းရည်လုံး ၂ခုမှာ ပွေ့ဖက်ခြင်းနှင့် သွေးကန်တို့ ဖြစ်ကြသည်။ အများကြီး ပြောစရာမရှိပေ။ နောက်ဆုံး သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၃ခုကတော့ ကြေးအဆင့်သို့ ပြောင်းလဲသွားခဲ့၏။ ဤသည်က သူ့ကို ပြုံးမိစေပြန်သည်။

ခဏအကြာ၌ အခြား အဆင့်နိမ့် သွေးစုပ်ကောင်အလောင်းများမှ ပစ္စည်းများကို ထုတ်ယူပြီးစီးသည်။ မြူနှလုံးသား၊ သွေးစုပ်ကောင်မျိုးနွယ်စု စကေးများနှင့် သွေးစုပ်ကောင်စွမ်းရည်လုံးများအပြင် ပြီးပြည့်စုံသောပစ္စည်းများ၏ လွှမ်းမိုးမှုအောက်တွင် သွေးစုပ်ကောင်ဘာရွန်သွေးမျိုးဆက် ၁၅၅ခုကို ရရှိခဲ့သည်။

ထိုသွေးမျိုးဆက်များကို ဒေသခံများအား ပေးလို့မရပေ။ ဘာပဲဖြစ်ဖြစ် သူ့လို ပျက်စီးခြင်းလူသား သွေးမျိုးဆက် မရှိပဲ ထိုသွေးမျိုးဆက်၏ အားနည်းချက်များကို သူတို့အနေနှင့် ဖယ်ရှားနိုင်မှာ မဟုတ်ပါ။ နောင်တွင် ပိုမိုအဆင့်မြင့်မားသည့် သွေးမျိုးဆက်ရှိသည့် သွေးစုပ်ကောင်များနှင့် တွေ့ပါက ချက်ချင်းပင် အကူအညီမဲ့ကုန်ကြမှာပါ။ ထို့ကြောင့် အားလုံးကို သိမ်းဆည်းထားလိုက်သည်။

ခဏအကြာ၌ ပိုင်ယွင်က လျှင်မြန်စွာ လျှောက်လာခဲ့သည်။ “ကျွန်မမှာ တင်ပြစရာ ရှိပါတယ်အရှင်”

“ဒီသွေးစုပ်ကောင် အရှင်သခင်ရဲ့ ပိုင်နက်ကို ကျွန်မတို့ ရှာဖွေပြီးပါပြီ”

“စုစုပေါင်း သစ်သား ၃၀၀၀၀ယူနစ်၊ ကျောက်တုံး ၂၀၀၀၀ယူနစ်၊ သန့်စင်သောသဲ ၂၀၀၀၀ယူနစ်နဲ့ သတ္တု ၁၀၀၀၀ယူနစ်တို့ကို တွေ့ပါတယ်”

“အဲ့ဒီအပြင် သံနက်အဆင့် မြူနှလုံးသား ၅၂၁ခုနဲ့ ကြေးအဆင့် မြူနှလုံးသား ၈၄ခုတို့ကိုလည်း တွေ့ပါတယ်” .

“ပြီးတော့.. အဆောက်အအုံ ပုံစံစာရွက်အချို့နဲ့ ဆန်းကြယ်အဆင့် ပါရမီမြှင့်တင်ခြင်းဆေးရည် ၁ပုလင်းကိုလည်း ရခဲ့ပါတယ်”

ပိုင်ယွင်က စကားဆုံးပြီးနောက် ပါရမီမြှင့်တင်ခြင်း ဆေးရည်အား ကျိုကျိုးကို လေးနက်စွာ ပေးသည်။ ကျိုကျိုးးက ယူလိုက်ပြီးနောက် နှစ်ခါလောက်ကြည့်ကာ သိမ်းထားလိုက်သည်။

ဤသည်က တစ်ဖက်လူ၏ တရားဝင်အရှင်သခင် ဖြစ်လာခြင်းအတွက် ဆုကြေးဖြစ်ပေမည်။

“မျိုးနွယ်စု အဆောက်အအုံ ပုံစံစာရွက်တွေဘာတွေရော မတွေ့ဘူးလား”
သူက မေး၏။

“သာမန်အဆောက်အအုံ ပုံစံစာရွက်တွေပဲ ရှိပါတယ်။ မျိုးနွယ်စု အဆောက်အအုံ ပုံစံစာရွက်မျိုးတော့ မရှိပါဘူး”
ပိုင်ယွင်က လေးစားစွာ ပြော၏။

ကျိုကျိုးက အတွေးနက်သွားသည်။ တရားဝင်အရှင်သခင်တစ်ယောက် ဖြစ်လာခြင်းအတွက် ခြားနားသည့် မျိုးနွယ်များ၌ ခြားနားသည့် ဆုကြေးများ ရှိနေသည်လား။ ဒါမှမဟုတ်… အထွတ်အထိပ် အသိအမြင်က အခြားမျိုးနွယ်များ၏ မျိုးနွယ်စု အဆောက်အအုံများကို အရှင်သခင်များအား အလွယ်တကူ မရနိုင်အောင် တမင်လုပ်ထားသည်လား။

နောက်ရှိ ထိုအတွေးက ပိုမိုဖြစ်နိုင်သည်ဟု ကျိုကျိုးခံစားရသည်။ မဟုတ်ပါက သူ့အနေနှင့် မျိုးနွယ်ခြားတစ်ခု၏ ပိုင်နက်ကို အလွယ်တကူ သိမ်းပိုက်ပါက အဖိုးတန် မျိုးနွယ်စု အဆောက်အအုံတစ်ခုကို ရရှိသွားမှာ ဖြစ်သည်။ ထိုသို့ဆိုပါက အကုန် ဂယောက်ဂယက် ဖြစ်ကုန်မှာပါ။

ထို့နောက် လူအချို့ကို ခေါ်ကာ သွေးနေမြို့၏ ပိုင်နက်တိုကင်ကို သွားယူသည်။ အဆင့်နိမ့်ကြေးအဆင့် ပိုင်နက်တိုကင်တစ်ခု ဖြစ်ကြောင်းကို နားလည်လိုက်၏။

“နောက်ထပ် ကြေးအဆင့် ပိုင်နက်တိုကင်တစ်ခုရရင် ငါ့ရဲ့ပိုင်နက်ကို အဆင့်နိမ့် ငွေအဆင့်ကို တရားဝင် အဆင့်မြှင့်လို့ရပြီ”
ကျိုကျိုးက စဉ်းစားသည်။

ထို့နောက် စစ်သည်များကို ဦးဆောင်ကာ ဘက်ဖိုးမက်မျိုးနွယ်၏ ပိုင်နက်ဆီသို့ မရပ်မနားပဲ ချီတက်ကာ အလွယ်တကူ သိမ်းပိုက်ခဲ့ပြန်သည်။ ဘက်ဖိုးမက်မျိုးနွယ်မှာ လူအင်အား ၁၀၀ကျော်လေးသာ ရှိ၏။

အဆုံးသတ်တွင် ကျိုကျိုးကို ပြောစရာစကား မဲ့သွားစေခဲ့သည်။ ထိုဘက်ဖိုးမက် မျိုးနွယ်မှာ မျိုးနွယ်စုစွမ်းရည်(သို့) စကေးတို့ မရှိသည့် မျိုးနွယ်တစ်ခု ဖြစ်သည်။ ပြီးတော့ သွေးမျိုးဆက်လည်း ကျမလာခဲ့ပေ။

ဤသည်က ကျိုကျိုးကို လူသားမျိုးနွယ်အား ပြန်လည် အမှတ်ရစေ၏။ လူသားများမှာလည်း အတူတူပင်။ ဥပမာအားဖြင့် သူ့ကို ပြန်ကြည့်ပါစို့။ ဒီကမ္ဘာကို စတင်ရောက်ရှိစဉ်က သူ၏ ကိုယ်ရေးအချက်အလက်တွင် မည်သည့် မျိုးနွယ်စုစကေး(သို့) မျိုးနွယ်စုစွမ်းရည်မှ ရှိမနေခဲ့ပါ။ သွေးမျိုးဆက်ပင်လျှင် ပေါ်လာခြင်း မရှိခဲ့ပေ။

ထိုပုံကို ကြည့်ခြင်းအားဖြင့် အဆုံးမဲ့ မျိုးနွယ်များကြားတွင် လူသားမျိုးဆက်များမှာ အလွန်သာမန်ဆန်ကြောင်းကို မြင်တွေ့နိုင်ပေသည်။

သို့ရာတွင် ကျိုကျိုးကို တစ်ခုတည်းသော နှစ်သိမ့်မှု ပေးနိုင်သည်ကား…. ပြီးပြည့်စုံသောပစ္စည်းများ၏ လွှမ်းမိုးမှုအောက်တွင် ဘက်ဖိုးမက်မျိုးနွယ် အရှင်သခင်ဆီမှ ကြေးအဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၄ခု ကျလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆန်းကြယ်အဆင့် ပါရမီမြှင့်တင်ခြင်းဆေးရည် ၁ပုလင်းနှင့် အလယ်အလတ် သံနက်အဆင့် ပိုင်နက်တိုကင်တို့လည်း ပါဝင်၏။ အခြေခံပစ္စည်း အနည်းငယ်နှင့် မြူနှလုံးသားတို့လည်း ရှိပေသည််။ ဒီခရီးက အလကားချည်းတော့ မဖြစ်ခဲ့ပေ။

ထို့နောက် ကျိုကျိုးက သူ့လူများကို ဦးဆောင်ကာ ငါးစမ်းချောင်းမြို့ဆီသို့ ချီတက်ခဲ့သည်။ ငါးစမ်းချောင်းမြို့ရှိ စွန့်စားသူအသင်းမှ အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစအချို့ကို ထုတ်ယူရန် ရှိနေသေးကြောင်းအား သူမေ့မည် မဟုတ်ပါ။




God Genzo:
အပိုင်း- ၁၂၈(သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၄၁ခု)

စွန့်စားသူအဖွဲ့အစည်း၏ ဧည့်ခန်းတွင်၊
ကျိုကျိုးနှင့် ပိုင်ယွင်တို့မှာ ထိုင်စောင့်နေကြ၏။ မကြာခင် တံခါးခေါက်သံတစ်ခု ပေါ်လာခဲ့သည်။ စွန့်စားသူ ဝတ်စုံနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်က အံ့ဩနေသည့် ပုံစံဖြင့် လျှောက်လာခဲ့၏။
“ကျွန်တော်တို့ တွေ့ကြပြန်ပြီနော်.. ဖော်သည်ကြီး”

“ဒီတစ်ကြိမ်လည်း ကွန်ကွာရာ လေမှုတ်ဖို လာဝယ်တာပဲလား။ ဒါမှမဟုတ် အခြားတစ်ခုခုများလား”

“လိုအပ်တာရှိရင် ကျွန်တော့ကို အားမနာစတမ်း မေးနိုင်ပါတယ်။ စွန့်စားသူအသင်းနဲ့ ပက်သက်ပြီး ကျွန်တော်မသိတာ မရှိသလောက်ပါပဲ။ ခင်ဗျားလိုချင်တာ အားလုံးကို ရှာပေးနိုင်တယ်လို့ ကတိပေးတယ်”
ဟာရပ်က ပြုံးကာ ထိုင်၏။

“ခင်ဗျားမှာ အဆင့်မြင့်အဆင့်နဲ့ ကွန်ကွာရာ လေမှုတ်ဖိုတွေ ရှိလား”
ကျိုကျိုးက မေးသည်။

“ရှိပါတယ်။ ဒါပေမယ့် လိုချင်ရင် ၂ရက်တော့ ကြာလိမ့်မယ်”

“အဆင့်မြင့်အဆင့် ကွန်ကွာရာ လေမှုတ်ဖိုတွေက ပုံမှန်ဆိုရင် မြို့ကြီးတွေမှာပဲ ရောင်းလေ့ရှိတာ”

“ကျွန်တော်တို့လို မြို့ငယ်လေးတွေမှာ အပြင်လူတွေကို ရောင်းတာက အလွန်ဆုံး အဆင့်နိမ့်ကြေးအဆင့်တွေပဲ… အဆင့်မြင့်အဆင့်တွေက အဖွဲ့ကြီးတွေသုံးဖို့အတွက် သီးသန့်ထားတာပဲ ရှိတယ်။ သူတို့က အပြင်ကို ထုတ်ရောင်းမှာ မဟုတ်ဘူး”

“ငှားချင်ရင်တော့ ရတယ်။ အရမ်းဈေးမကြီးဘူး။ ကျွန်တော် ဆက်သွယ်ပေးရမလား”
ဟာရပ်မှာ ထိုစီးပွားရေးနှင့် လွတ်စွာ အကျွမ်းတဝင် ရှိလှ၏။ ကျိုကျိုး၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ပြောလေသည်။

“ထားလိုက်ပါတော့။ ငှားဖို့တော့ ကျွန်တော် စိတ်မဝင်စားဘူး”

“အဆင့်မြင့်အဆင့် ကွန်ကွာရာလေမှုတ်ဖိုအချို့ ဝယ်ဖို့ပဲ ကူညီပေးပါ”

“ဈေးနှုန်းက ပြဿနာ မရှိဘူး”

“နောက်ပြီး… အခုလည်း အဆင့်နိမ့် ကြေးအဆင့် ကွန်ကွာရာလေမှုတ်ဖို ၇ခုကို ဝယ်သွားမယ်။ ပြီးရင် အကုန်လုံးကို လာယူမယ်”
ကျိုကျိုးက ပြော၏။

သူ၏ မိုးပြာရောင်ဂြိုလ်မှ စွန့်စားသူကို ရှာပြီး သူ့ဆီမှ အရှင်သခင်စွမ်းရည်လေး ဘာလေးများ ရမလားဟု လာခဲ့တာပါ။ သို့ပေမယ့် ကွန်ကွာရာ လေမှုတ်ဖိုအကြောင်းကို စကားစပြီးရာ ကြုံတုန်းဆုံတုန်း အနည်းငယ်လောက် ဝယ်သွားလည်း အဆင်ပြေပါသည်။

“အိုကေ”

“ကျွန်တော်အခုပဲ စီစဉ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ”

ကျိုကျိုး၏ စကားကို ကြားတော့ ဟာရပ်က ဝမ်းသာသွားသည်။ တကယ့်ကို စီးပွားရေးလုပ်ငန်း ဖြစ်မြောက်ခဲ့၏။ မတ်တပ်ထကာ ဓါတုနည်းပညာရှင်ကို ရှာပြီး ကွန်ကွာရာ လေမှုတ်ဖိုများအတွက် သွားမေးတော့မှာပါ။

ကျိုကျိုးက သူ့ကို တား၏။
“ခဏနေဦး”

“ကိစ္စတစ်ခု ကျန်သေးတယ်”

“နောက်ဆုံးအကြိမ်တုန်းက လူငယ်ရော.. ဘယ်ရောက်နေလဲ မသိဘူး။ ကျွန်တော်သူ့ကို တွေ့ချင်တယ်”
ကျိုကျိးက ပြောသည်။

ဟာရပ်မှာ အေးခဲသွား၏။ ထို့နောက် သူ၏ ပုံစံက လေးနက်သွားသည်။
“ဆာ.. သူခင်ဗျားကို ထိပါးခဲ့တာ ရှိလို့လား မသိဘူး”

“သူ့အစား ကျွန်တော်က တောင်းပန်ပါတယ်”

“တကယ်တော့ သူ့ရဲ့ တောင်းပန်မှုကို လိုချင်တယ်ဆိုရင် ကျွန်တော့ကို အရင်ပြောလိုက်ပါ။ ကျွန်တော်ပြန်ပြီး သူ့ကို ပြင်ဆင်ခိုင်းထားလိုက်ပါမယ်”

“အာ… နားလည်မှု မလွဲပါနဲ့”

“ကျွန်တော်က သူ့ကိုရှာတာ ဘာကိစ္စကြောင့်မှ မဟုတ်ပါဘူး”

“ကျွန်တော်တို့က နေရာတူကနေ လာခဲ့ကြတာ ဖြစ်လို့ပါပဲ”

“ဇာတိတူအချင်းချင်း တွေ့ချင်တဲ့ သဘောပါ”
ကျိုကျိုးက ပြောသည်။

ဟာရပ်မှာ အေးခဲနေ၏။ ထို့နောက် လျှင်မြန်စွာ တုံ့ပြန်သည်။
“ခင်ဗျားကလည်း မိုးပြာရောင်ဂြိုလ်က လူသားအရှင်သခင် တစ်ယောက်ပဲလား”

“အင်း”

“ခင်ဗျားရဲ့ အရှင်သခင်ဘွဲ့ကို ကျွန်တော်သိလို့ရမလား မသိဘူး”
ဟာရပ်မှာ ရှေ့ရှိ အရှင်သခင်ကို ကြည့်လေလေ မကြာသေးခင်က ကောလဟာလသတင်းများမှ ပုံစံနှင့် တူညီလေလေ ဖြစ်လာသည်။ သူ၏ နှလုံးသားက ရုတ်တရက် အခုန်မြန်သွား၏။

“ကျွန်တော်က နေပြင်းအရှင်သခင်ပါ”
ကျိုကျိုးက ဖုံးကွယ်ထားဖို့ ဆန္ဒမရှိပါ။

ဟာရပ်မှာ အေးခဲသွားပြန်၏။

ခဏအကြာ၌….
ဧည့်ခန်းအတွင်းတွင် ကျန်းလန်ရှန်းမှာ ရှေ့ရှိ တောင့်တင်းကာ ချောမောသည့် လူကို မှင်သက်စွာ ကြည့်နေ၏။ သူဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။ ကွန်ကွာရာ လေမှုတ်ဖိုကို ဝယ်သည့်အတွက် သူဝေဖန်ခဲ့သည့် လူမှာ မိုးပြာရောင်ဂြိုလ် ကမ္ဘာ့ချန်နယ်မှ ဒဏ္ဍာရီဆန်သည့် ပုံရိပ်တစ်ခု.. နေပြင်းအရှင်သခင် ဖြစ်နေလေသည်။

ထို့နောက် နှစ်ဦးသား ခဏတာ စကားပြောကြ၏။ ထိုနောက်မှသာ ကျန်းလန်ရှန်းတစ်ယောက် တဖြည်းဖြည်း စိတ်သက်သာရာ ရလာခဲ့သည်။

“ဘော့စ်နေပြင်းအရှင်သခင်.. ခင်ဗျားက တကယ့်ကို အံ့ဩဖို့ ကောင်းတာပဲ”

“မိုးပြာရောင်ဂြိုလ်ရဲ့ လူသားအရှင်သခင်တွေကြားမှာ ခင်ဗျား အသန်မာဆုံး အရှင်သခင်သစ် ဖြစ်လာတာကို အော်ရိုရာနိုင်ငံ တစ်ခုလုံးနီးပါး သိကြတယ်”

“နောင်တစ်ချိန်မှာ နိုင်ငံရဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်”

“အိုး… ဒါနဲ့.. ဘော့စ်နေပြင်းအရှင်သခင်.. ဒီအရှင်သခင်သစ် စမ်းသပ်ပွဲမှာ ကျွန်တော်တို့ မိုးပြာရောင်ဂြိုလ်က အရှင်သခင်တွေ ဘယ်လိုအခြေအနေ ရှိလဲဗျ”
ကျန်းလန်ရှန်းက မနေနိုင်ပဲ သိလိုစွာ မေးသည်။

သူက အခွင့်အလမ်းနှင့် လုပ်ပိုင်ခွင့်အားလုံးတို့အား ဆုံးရှုံးခဲ့သူဖြစ်သည်။ မိုးပြာရောင်ဂြိုလ် ကမ္ဘာ့ချန်နယ်အား ဝင်ရောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှု ပြုနိုင်ခြင်းတို့လည်း ပါဝင်၏။ အထွတ်အထိပ်တိုက်ကြီးရှိ ဒေသခံ စွန့်စားသူတစ်ယောက်နှင့် မခြားတော့ပေ။

ထို့ကြောင့် နေပြင်းအရှင်သခင် အသန်မာဆုံး အရှင်သခင်သစ် ဖြစ်လာသည်က လွဲ၍ အခြားအရှင်သခင်များနှင့် ပက်သက်ပြီး ဘာမှ သိရှိခြင်း မရှိပေ။

“ငါတို့ရဲ့ မိုးပြာရောင်ဂြိုလ်မှာ အရှင်သခင် ၈ဘီလီယံကျော် ရှိခဲ့တယ်”

“ဒီအရှင်သခင်သစ် စမ်းသပ်ပွဲပြီးတော့ ၆ဘီလီယံကို နည်းနည်းပဲ စွန်းတော့တယ်”
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ကျိုကျိုးက ဖြေ၏။

ထိုစကားကို ကြားတော့ ကျန်းလန်ရှန်းမှာ မှင်သက်နေမိသည်။ ထို့နောက် သူ၏ မျက်လုံးများက တဖြည်းဖြည်း ငိုင်တိုင်သွားခဲ့၏။

အရှင်သခင်ဟူသည့် ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ရသည့် မိုးပြာရောင်ဂြိုလ်မှ လူသားတစ်ယောက် အနေနှင့် အစပိုင်းတွင် သူ၏ ရွေးချယ်မှုမှာ ငကြောက်ဖြစ်ရာ ကျပေမယ့် အနည်းဆုံးတော့ စိတ်ထဲတွင် ပါးနပ်မှု ရှိသည်ဟု ထင်မိ၏။

သို့ပေမယ့် အကြောင်းပြချက် အချို့ကြောင့် ကျိုကျိုး၏ စကားကို ကြားရပြီးနောက် ပျော်ရွှင်မှုကို မခံစားရပေ။ သူ၏ ရွေးချယ်မှုက သေဆုံးမှုမှ လွတ်မြောက်စေခဲ့ကြောင်းကို ရှင််းရှင်းလင်းလင်း သိလျှင်တောင်မှပေါ့။ အဲ့ဒီအစား အနည်းငယ် မွန်းကျပ်သွားမိသည်။

ခဏအကြာ၌..
“မင်းလိုမျိုး အရှင်သခင်ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့တဲ့လူ ဘယ်နှစ်ယောက်ကို မင်းသိလဲ”
ကျိုကျိုးက ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“စုစုပေါင်း ကျွန်တော်တို့ ၆ယောက် ရှိပါတယ်”
ကျန်းလန်ရှန်းက သတိပြန်လည်လာပြီးနောက် ပြော၏။

“ငါသူတို့နဲ့ တွေ့ချင်တယ်”
ကျိုကျိုးက ပြောသည်။

“ဘော့စ်… ဘာကိစ္စရှိလို့လဲ မသိဘူး”
ကျန်းလန်ရှန်းက တွန့်ဆုတ်သွား၏။

“ဘာမှမဟုတ်ပါဘူး”

“မိုးပြာရောင်ဂြိုလ်သူဂြိုလ်သားတွေကို အချိန်အတော်ကြာအောင် မတွေ့ခဲ့တာကြောင့်ပါ”

“ဒါ့ကြောင့်.. မင်းတို့ကို တွေ့ချင်မိတာ”
ကျိုကျိုးက ပြော၏။

“အဲ့ဒါဆိုရင်… ဒီမှာ ခဏလောက်စောင့်ပါ”

“အခုပဲ ကျွန်တော် သူတို့ကို သွားခေါ်လိုက်မယ်”
ကျန်းလန်ရှန်းက နားလည်စွာဖြင့် ခေါင်းညှိတ်ကာ မတ်တပ်ရပ်ပြီး ထွက်ခွာသွား၏။

သူက ထွက်သွားတော့မည် အပြုတွင် ကျိုကျိုးက မတ်တပ်ရပ်ကာ လက်ကိုလှမ်းလိုက်သည်။ ကျန်းလန်ရှန်းက အများကြီး စဉ်းစားမနေပဲ လက်ဆွဲနှုတ်ဆက်၏။

တစ်ချိန်တည်းတွင်..
ကျိုကျိုး၏ ရှေ့၌ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာ၏။
“လက်ရှိခိုးယူနိုင်သည့်ပစ္စည်းများ- အဆင့်မရှိ စွန့်စားသူ ပြောင်းလဲခြင်းလက်မှတ် ၁ခု(ခိုးယူမှုအောင်မြင်နှုန်း- ၁၀၀%)၊ သာလွန်သံနက်အဆင့် စကေးစာအုပ် ၁အုပ်- မီးတောက်မြား(ခိုးယူမှုအောင်မြင်နှုန်း- ၁၀၀%)၊ အလယ်အလတ် သံနက်အဆင့် စကေးစာအုပ်- ပုန်းအောင်းခြင်း(ခိုးယူမှုအောင်မြင်နှုန်း- ၁၀၀%)၊ သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၇ခု(ခိုးယူမှုအောင်မြင်နှုန်း- ၁၀၀%)”

ကျိုကျိုး၏ အကြည့်က ချက်ချင်းပင် နောက်ဆုံး သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ၇ခုပေါ်သို့ ကျရောက်သွား၏။ စိတ်ထဲတွင် ခိုးယူဖို့ ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်…
သူ၏ သိုလှောင်လက်စွပ်အတွင်းတွင် သံနက်အဆင် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိင်းအစ ၇ခုတို့ လေထဲမှ ပေါ်လာ၏။

ကျန်းလန်ရှန်း၏ ပုံစံက ပုံမှန်အတိုင်းသာ ရှိနေ၏။ တစ်ခုခု ဆုံးရှုံးပြီးဖြစ်ကြောင်းကို သူသတိမထားမိပါ။ ထိုပုံကို မြင်တော့ ကျိုကျိုးမှာ စိတ်သက်သာရာ ရသွား၏။ ကြည့်ရတာ အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစများကို ဆုံးရှုံးရခြင်းက အရှင်သခင် မဟုတ်တော့သည့် သူတို့အတွက် ဘာသက်ရောက်မှုမှ မရှိသလိုပါ။

အခြားပစ္စည်းများကိုတော့ ကျိုကျိုး ထိမှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဒီလူနှင့် သူက ရန်သူများ မဟုတ်ကြပါ။

ကျန်းလန်ရှန်းထွက်သွားပြီး မကြာခင် ဟာရပ်က ဓါတုနည်းပညာရှင်နှင့် ပြန်လာ၏။ နှစ်ယောက်သား စွန့်စားသူအသင်း၏ ဂိုဒေါင်ဆီသို့ သွားရောက်ကာ ရောင်းဝယ်မှုကို နေရာမှာတင် လုပ်ဆောင်ကြသည်။ ကြေးအဆင့် မြူနှလုံးသား ၁၁၂ခုနှင့် ကွန်ကွာရာလေမှုတ်ဖို အသစ်၇ခုကို ဝယ်ယူခဲ့သည်။ ဤသည်က ကျိုကျိုးအတွက် ဘာမှမဟုတ်ပါ။

ထို့နောက် ဒီနေရာတွင်သာ ဆက်လက်နေပြီး ကျန်းလန်ရှန်းကို စောင့်နေလိုက်၏။

ခဏအကြာ၌..
ကျန်းလန်ရှန်းက လူငါးယောက်တို့ကို ခေါ်လာခဲ့သည်။ အမျိုးသား ၃ယောက်နှင့် အမျိုးသမီး ၂ယောက်တို့ ဖြစ်ကြ၏။ လူတိုင်းက ငယ်ရွယ်ကြသည်။ ထိုအချိန်၌ သူတို့အားလုံးက ကျိုကျိုးကို စပ်စုစွာနှင့် ရဲတင်းစွာ ကြည့်နေကြသည်။

“ဘော့စ်နေပြင်းအရှင်သခင်”

“ဒါက ကျွန်တော်တို့ မိုးပြာရောင်ဂြိုလ်က ဂြိုလ်သူဂြိုလ်သားတွေပါ”

“လူတိုင်းပဲ”

“ဒါက ဘော့စ်နေပြင်းအရှင်သခင်ပါ။ ငါမိတ်ဆက်မပေးလည်း မင်းတို့တွေ သိကြမှာပါ”
ကျန်းလန်ရှန်းက ထိုငါးယောက်နှင့် သူ့ကို မိတ်ဆက်ပေးသည်။

ငါးယောက်သားတို့က အကြိမ်ကြိမ် ခေါင်းညှိတ်ကြ၏။

“အရှင်သခင်တစ်ယောက် မဟုတ်တော့တဲ့ အချိန်မှ ခင်ဗျားကို တွေ့နိုင်မယ်လို့ ထင်မထားခဲ့ဘူး”
အရပ်ရှည်ကာ သန်မာသည့် လူငယ်တစ်ယောက်က ငတုံးသဖွယ် ပြုံးသည်။

“ဘော့စ်နေပြင်းအရှင်သခင်က တကယ့်ကို ချောတာပဲ” ကောင်မလေးနှစ်ယောက်ကလည်း ကျိုကျိုးကို တောက်ပသော မျက်လုံးများနှင့် ကြည့်ကာ တီးတိုးနေကြ၏။

ကျိုကျိုးက ပြုံးကာ ရှေ့သို့တက်ပြီး သူတို့နှင့် လက်ဆွဲနှုတ်ဆက်သည်။ လက်ဆွဲပြီးနောက် နောက်ထပ် သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၃၄ခုတို့ သူ၏ သိုလှောင်လက်စွပ်အတွင်းမှာ ပေါ်လာခဲ့သည်။

ဒီခရီးစဉ်၌ သံနက်အဆင့် အရှင်သခင်စွမ်းရည် ပုံဆောင်ခဲ အပိုင်းအစ ၄၁ခုကို အချောင်ရခဲ့၏။ ထိုကဲ့သို့ တွေးမိပြီးနောက် ကျိုကျိုး၏ မျက်နှာပေါ်ရှိ အပြုံးက စိတ်ရင်းတို့ ပိုမိုပြည့်လာခဲ့သည်။

Comment