33

အခန်း၃၃။ စုဝေးပွဲအကြောင်းပြုကာ သတင်းစာထုတ်ဝေရန် မျှော်မှန်းမိခြင်း။

တစ်ဖက်တွင်လည်း ကပြဖျော်ဖြေမှူများ ပြီးဆုံးသွားပြီဖြစ်ရာ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပနေချေပြီ။ အချိန်ကုန်သက်သာစေရန် သစ်သားဇွန်းလေးချောင်းပေါ်၌ အရှေ့မှာ စက်ဝိုင်း၊ အနောက်မှာ ကြက်ခြေခတ်ရေးကာ အကဲဖြတ်လူကြီးများအား ပေးထားသည်။ အဝိုင်းမှာ အဆင့်အောင်မြင်သည့် အဓိပ္ပါယ်ဖြစ်၍ ကြက်ခြေခတ်မှာ ကျရှုံးသည့်အဓိပ္ပါယ်ဖြစ်သည်။

ပြိုင်ပွဲဝင်များသည် ဆန်ကာတင်အဆင့်၊ အကြိုဗိုလ်လုပွဲအဆင့်နှင့် ဗိုလ်လုပွဲအဆင့်ဟူ၍ သုံးဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဆင့်ချင်းစီတိုင်းတွင် အနည်းဆုံး အဝိုင်းသုံးခုရ ( အကဲဖြတ်သုံးယောက်ထံမှ အအောင်ပေးမှ ) သာ နောက်အဆင့်သို့ တက်နိုင်မည်ဖြစ်ရာ ပြိုင်ပွဲစည်းကမ်းမှာ ရိုးရှင်းလွယ်ကူမြန်ဆန်လှပေသည်။

ချွီကျန်းကန်ထဲတွင်မူ လှေငယ်လေးတစ်စင်းသည် ကန်တစ်လျှောက်စုန်စီးနေရင်း ‌လှိုင်းကလေးများနှင့်အတူ အလိုက်သင့်ပင် ကမ်းနားကို ကပ်လာချေသည်။ အဆိုပါလှေပေါ်တွင် ပန်းရောင်ဂါဝန်ပေါ်၌ အစိမ်းရောင်ဝတ်ရုံခပ်ပါးပါးကို ထပ်ဝတ်ထားသည့်  အသက် ၁၈၊ ၂၀ ဝန်းကျင်ရှိသော မိန်းကလေးငယ်တစ်ဦးသည် လှေအိမ်ပြတင်းဘေးတွင် ထိုင်နေကာ သူမ၏ဘေးတွင်မူ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အခြွေအရံမိန်းမပျိုတစ်ဦးလည်း ရပ်နေချေသည်။ အဆိုပါ အခြွေအရံ မိန်းမပျိုလေးသည် စည်ကားလျက်ရှိသော ကမ်းနံဘေးအား ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးတို့ဖြင့် ကြည့်ကာ -

“ သခင်မလေး၊ အရှင့်သားတော် လျန့် ( လီယင် ) လည်း အဲ့ဒီပွဲမှာ ရှိတယ်လို့ သိရပါတယ်။ ” ဟု ထိုင်နေသော မိန်းကလေးအား အသိပေးလိုက်ရာ ထိုသခင်မလေးမှာ မျက်စောင်းထိုးကြည့်လိုက်ပြီး -
“ အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ” ဟု ပြန်ပြောလေသည်။

“ ဟီးဟီး … သခင်ကြီးကပြောတယ်။ အရှင်မင်းကြီးက စွေ့မိသားစုထဲက မိန်းကလေးနဲ့ သူ့ရဲ့သားတော်ကို ထိမ်းမြားပေးချင်တယ်လို့ ပြောတယ်တဲ့။ အဲ့ဒီ့ သားတော်ကလည်း လျန်းမင်းသားတဲ့။ ” ဟု အခြွေအရံမိန်းကလေးက မျက်နှာကိုဖြီးလျက် ပြောရာ သခင်မလေးမှာ ရှက်သွေးဖြာလျက် စိတ်ဆိုးသွားသည့်ဟန်နှင့် -

“ အဖေက သဘောတူတယ်လို့ မပြောရသေးပါဘူးအေ။ ပြီးတော့ ငါတို့မျိုးနွယ်စုကြီး ငါးခုကို အရှင်မင်းကြီးကိုယ်တော်တိုင်တောင်မှ သဘောမတူပဲ အတင်းပေးစားလို့မရဘူးလေ။ ဒါ့အပြင် အဲ့ဒီ့လျန့်ဝမ်လီယင်ဆိုတဲ့မင်းသားက အင်မတန်ခေါင်းမာတယ်လို့ ကြားဖူးတယ်။ အဲ့လိုလူမျိုးကိုတော့ မယူနိုင်ပါဘူး။ ” ဟု အသည်းအသန် ငြင်း‌လိုက်သည်။

သို့သော်လည်း အခြွေအရံမိန်းကလေးများ အတောမသတ်နိုင်ပဲ လျှာလေးထုတ်ကာ -
“ ဒါပေမယ့် လျန့်မင်းသားရဲ့ စိတ်နေစိတ်ထားက အခုတော်တော်ပြောင်းလဲသွားပြီလို့ ကြားတယ် သခင်မလေးရဲ့။ အရင်ကနဲ့ မတူတော့ပါဘူးတဲ့။ ” ဟု ဆက်ပြောပြန်သည်။

“ နိုင်ငံကြီးကိုသာ ပြောင်းဖို့လွယ်မယ်။ လူရဲ့ ဗီဇကတော့ ပြောင်းလဲရခက်တယ်ဟဲ့။ အဲ့ဒီလူက ငါနဲ့ ထိမ်းမြားပေးချင်တယ်ဆိုတဲ့ သတင်းကိုကြားလို့ ကောင်းချင်ဟန်ဆောင်နေတာမဟုတ်ဘူးလို့ ဘယ်သူအာမခံနိုင်လို့လဲ။ ”

မကောင်းသတင်းကြီးလှသော လီယင့်အပေါ် စွေ့သခင်မလေးမှာ မည်သို့မျှ အမြင်မကြည်ပေ။

လိုအပ်သည်များကို လုံလုံလောက်လောက်ပြင်ဆင်ထားသော်လည်း ချမ်အန်းပြည်ရှိ လူများ၏ စိတ်အားထက်သန်မှုကို လီယင်လျှော့တွက်ခဲ့မိသည်။ ဤခေတ်တွင် ပျော်ပါးစရာအလွန်ရှားသည့်အချက်ကို လီယင်မေ့သွားပေသည်။ ထို့ကြောင့် အနည်းငယ်မျှသော ဖျော်ဖြေမှုလေးသည်ပင် လူအမြောက်အများရောက်လာအောင် ဆွဲဆောင်နိုင်စေခဲ့ရာ တမနက်မကုန်သေးသော်လည်း ဝိုင်အိုးများ ပြောင်လေပြီ။ ထို့ကြောင့် လီယင်လည်း မတတ်သာပဲ ကျင်းတချမ်အား စံအိမ်မှ ဝိုင်စည်ပိုင်းများထပ်ယူလာရန် မှာကြားလိုက်ရလေတော့သည်။

သို့သော်လည်း ခြုံပြောရလျှင်တော့ သူ၏ ကြော်ငြာ‌ခြင်းအောင်မြင်သည် ဟု ဆိုရပေမည်။ များစွာသော စားသောက်ဆိုင်ပိုင်ရှင်တို့ ရောက်လာကာ ဤဝိုင်အား ဝယ်ယူရန် ကမ်းလှမ်းလာကြသည်။ ကျန်သည့် ရောင်းဖို့ ဝယ်ဖို့ကိစ္စများမှာ လွယ်ကူရိုးရှင်းပေသည်။

နေဝင်ရီတရောအချိန်သို့ ရောက်သောအခါ ချမ်အန်းပြည်၏ ပထမဆုံး ကဗျာရွတ်ပြိုင်ပွဲကြီးလည်း ပြီးဆုံးသွားချေပြီ။ လီယင်၏အစား ရှောင်လွေ့ကပင် တာဝန်ယူစကားပြောကာ ဆုရသူများကို ဆုချီးမြှင့်လေရာ ပရိတ်သတ်တို့မှာလည်း လွန်စွာအားကျနေကြတော့သည်။ ၎င်းတို့အားလုံးခမျာ နောင်တစ်ချိန် ဤသို့ ပြိုင်ပွဲများ ထပ်ပေါ်လာပါက အသေ‌အကြေယှဉ်ပြိုင်နိုင်ရန် အိမ်ပြန်ရောက်သောအခါ စာများ၊ ကဗျာများကို စတင်လေ့လာကြတော့သည်။

အလုပ်ရှုပ်လှသော နေ့တစ်နေ့ ပြီးဆုံးသွားသောအခါ ဝိုင်၏ ဂုဏ်သတင်းလည်း အတော်ပျံ့နှံ့သွားလေပြီ။ ၎င်းဝိုင်အား ဝယ်ယူရန်ရောက်လာကြသော ကုန်သည်များမှာ မနည်းလှ။ လက်ရှိအချိန်တွင် ချမ်အန်းမှအကောင်းဆုံးဆိုသော ဝိုင်ကို တစ်အိုးလျှင်၂၅၀ယွမ်ဖြင့် ရောင်းချလျက်ရှိသည်။ 

အဆိုပါ တစ်အိုးတွင် ဝိုင်အလေးချိန် တစ် ကတ်တီခန့်ပါကြောင်းကို ချိန်ကြည့်ဖူးသဖြင့် လီယင်ကသိသည်။ ဆက်စပ်တွေးပြီးသောအခါ လီယင်သည် ၎င်း၏ ဝိုင်ကို တစ်ကတ်တီအား ၅၀၀ ဝမ်ဖြင့်ရောင်းချရန် စဉ်းစားလိုက်သည်။ စည်ပိုင်းတစ်လုံးတွင် ဝိုင် ကတ်တီ ၁၀၀ ခန့်ဆံ့လေရာ အဆိုပါ စည်ပိုင်းတစ်လုံးကို ပျမ်းမျှ ၅၀ ကွမ်ခန့် ရရှိမည်ဖြစ်လေသည်။

“ အမြတ် တော်တော်ရတာပဲ။ ”

ငွေစာရင်းများကိုတွက်ချက်ကြည့်ပြီးသောအခါ လီယင်က စိတ်သက်သာရာရကာ သက်ပြင်းချသည်။ စံအိမ်မှာ လုပ်သားများသည်လည်း ကျွမ်းကျင်အဆင့်ရောက်နေပြီဖြစ်ရာ နေ့စဉ်နေ့တိုင်း စည်ပိုင်း ၃၀ ခန့် ထုတ်လုပ်နိုင်တော့မည်။ တနေ့တာဝင်ငွေသည်လည်း ၁၅၀၀ ကွမ် အထိ ရရှိတော့မည်ဖြစ်သည်။ ဝိုင်လုပ်ငန်းမှ တစ်လဝင်ငွေ ကွမ် ၄၅၀၀၀ အပြင် ခေါင်းလျှော်ရည်ရောင်းရငွေပါ ပေါင်းလိုက်လျှင် လီယင်သည် တစ်လ တစ်လ ‌ဝင်ငွေ ကွမ် ၅၀၀၀၀ ရတော့မည်ဖြစ်ရာ သူကြွယ်ဘဝသို့ ချက်ချင်းရောက်သွားလေတော့သည်။

ဈေးသတ်မှတ်ပြီးသည်နှင့် ကျန်ကိစ္စများအားလုံးကို ကျင်းတချမ်ဆီ လက်လွှဲခဲ့ကာ နှစ်ရက်ခန့် ဘယ်သူနှင့်မှ စကားမပြော၊ ဘယ်သူနှင့်မှ မတွေ့ပဲ တံခါးပိတ်နေမည်ဖြစ်ကြောင်း မှာကြားလိုက်တော့သည်။

အထက်ပါ စုဝေးပွဲကြီးပြီးသွားသောအခါ ထန်နိုင်ငံတော်တွင် သတင်းစီးဆင်းမှု အလွန်အားနည်းကြောင်း လီယင်သတိထားမိသွားသည်။ သတင်းပျံ့နှံ့ချင်ပါက အားကိုးစရာ လူတို့၏ပါးစပ်သာ ရှိလေရာ စွန့်စွန့်စားစားအကြံတစ်ခု ခေါင်းထဲထပ်ပေါ်လာပြန်သည်။ ၎င်းမှာ ထန်မင်းဆက်ခေတ်မှ ပြည်သူတို့၏ အတွေးအမြင်များအကြောင်းကို ဖော်ပြနိုင်မည့် ထန်မင်းဆက်ခေတ်၏ ပထမဆုံးသော သတင်းစာထုတ်လုပ်ရန်သာ ဖြစ်တော့သည်။

သတင်းစာထုတ်လုပ်ရန် ယေဘုယျအားဖြင့် ပုံနှိပ်စက်လိုအပ်ပေသည်။ လက်ဖြင့်ရိုက်နှိပ်ရသော လက်နှိပ်စက်မျိုးကို ဤခေတ်တွင် သုံးရန် အဆင်မပြေ။ ၎င်းအပြင် နောက်ပြဿနာတစ်ခုမှာ စက္ကူပင်ဖြစ်သည်။ ဤနေရာတွင် ကောင်းသည်ဆိုရုံလောက်သာရှိသော စက္ကူပင်လျှင် အင်မတန်ဈေးကြီးလှသည်။ သတင်းစာအား အများပြည်သူအားလုံး ဖတ်ရှူနိုင်ရန် ထုတ်ရမည်ဖြစ်ရာ တွက်ချေမကိုက်လှ။ တန်ဖိုးသင့်သော စက္ကူများ ထုတ်လုပ်လာနိုင်သည့်အခါမှသာ သတင်းစာထုတ်မည့် အကြံကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ချေတော့သည်။

Comment