112

အခန်း၁၁၂။ ဘောလုံးအားကစား ဖြစ်လာနိုင်သည့် အလားအလာများ။

လောက၌ ဆိတ်ကွယ်ရာမရှိသလို လွှတ်တော်တွင် ဖြစ်ပွားခဲ့သော သူ့ကို ချောက်ချသည့် ပြဿနာသည် လီယင့်နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသောအခါမှာတော့ လီယင်ပြုံးမိလေသည်။ ဤတကြိမ်တွင် လီချမ်ချန့်တစ်ယောက် အရှုံးနှင့်ရင်ဆိုင်လိုက်ရပြီဖြစ်၍ သူ့အနေနှင့် ယခုထက်ပိုဆင်ခြင်ရတော့ပေမည်။

ဤသို့ဖြင့် တဆင့်စကား တဆင့်နားနှင့် ဤကိစ္စကြီး လူသိရှင်ကြားဖြစ်လာသည့်အခါမှာတော့ လီယင်၏ စံအိမ်တော်ရှေ့တွင် ကုန်သည်များ တဖွဲဖွဲရောက်ရှိလာကြပြီး လက်ပတ်နာရီအား လာဝယ်ကြတော့သည်။ လီယင်တို့ကလည်း အိမ်တိုင်ရာရောက် ရောက်လာကြသည့်ဝယ်သူများအပေါ် ဈေးမကိုင်ပဲ တစ်ယောက်ပြီးတစ်ယောက် ရောင်းပေးလေသည်။ သို့သော်လည်း အိမ်ရှေ့ရှိ လူတန်းကြီးမှာ လျော့သွားသည်ဟူ၍ပင်မရှိ။  ထိုအခါမှသာ လီယင်လည်း ထန်နိုင်ငံတော်မှာ သယံဇာတရှားပါးသော်လည်း မျိုးရိုးမြင့်မိသားစုဝင်များကတော့ မျိုးရိုးစဉ်ဆက် ကျိကျိတက်ချမ်းသာကြသည်ဟူသည့် အကြောင်းကို နားလည်သွားတော့သည်။ အထူးသဖြင့် လူကုံထံကုန်သည်ကြီးများသည် သန်းနှင့်ချီသော ငွေကြေးအမြောက်အများကို ရုံးတော်သို့ ပေါ့ပေါ့ပါးပါး လှူနိုင်ကြသည်အထိ ချမ်းသာကြ၏။ ထိုအခါမှသာ လီယင်လည်း သူဘာလုပ်ရမည်ဆိုတာကို နားလည်သွားလေသည်။ ၎င်းလူကုံထံများထံမှငွေကို တတ်နိုင်သလောက် မိမိအိတ်ထဲရောက်လာအောင် ကြိုးစားရပေတော့မည်။

“ ညီတော်ကလည်း ... အဲ့လောက်ထိလုပ်ဖို့ လိုလို့လားကွာ။ အိမ်ရှေ့စံနဲ့ ဝေ့ဝမ်လီထိုက်တို့အပေါ် သတိထားတာက ဟုတ်ပါပြီ။ ကိုယ့်အစ်ကိုတစ်ယောက်လုံးအပေါ် အဲ့လိုလျှို့ဝှက်ထားဖို့ လိုလို့လား။ လျှောက်မပြောပါဘူးကွာ။ ပေးသာပေးလိုက်စမ်းပါ ” ဟု ဆိုကာ လီယင့်ရှေ့သို့ လက်ကိုဖြန့်ပေးလိုက်သည့်သူမှာ အခြားသူမဟုတ်၊ လီခယ့်ပင်တည်း။

“ ကြေးပြားတစ်ထောင် ကျပါတယ် ”

လီယင်က နာရီကို ယမ်းပြလိုက်ရင်း ပြောလိုက်၏။

“ အစ်ကိုတော့်ဆီကမတောင်းပဲ ဖခမည်းတော်တို့ မယ်တော်ဧကရီတို့ဆီကပဲ တောင်းလေ ” ဟု လီခယ့်က မျက်လုံးပြူးကာ ဆိုသည်။

“ အစ်ကိုဖြစ်နေလည်း ပေးရမှာပဲ။ အရင်တစ်ခေါက်က ချေးထားတာ ကြေးပြားငါးထောင်တောင် ပြန်မပေးရသေးပဲနဲ့ … ” ဟု လီယင်က မတွန့်မဆုတ်ပဲ ဘွင်းဘွင်းပြောချလိုက်တော့သည်။

လီယင်ကား ခေါင်းမာ၏။ အကျင့်စရိုက်တော်တော်များများ ပြောင်းလဲလာပြီဖြစ်သော်လည်း တွန့်တိုသောအကျင့်မှာ မပြောင်းလဲသေးသောကြောင့် လီခယ့်တစ်ယောက် စိတ်ညစ်သွားလေသည်။ ထို့ကြောင့် နာရီရလာအောင် ဘယ်လိုသွေးဆောင်ရမလဲဆိုတာ တွေးနေရင်း လီခယ့်သည် အကြံတစ်ခုရသွား၏။

“ ဪ .. ဒါနဲ့ .. ညီတော်ခြောက်က အမဲလိုက်ရတာ ကြိုက်တယ်မဟုတ်လား။ အစ်ကိုတော် မကြာသေးခင်ကမှ တိဗက်နွယ်ဝင် အိမ်စောင့်ခွေးကြီးတွေ အများကြီးရထားတာရှိတယ်။ ဘယ်လိုလဲ စိတ်ဝင်စားလား .. ”

“ အိမ်စောင့်ခွေးကြီးတွေ … ”

လီခယ့်ပြောသည့် တိဗက်နွယ်ဝင် အိမ်စောင့်‌ခွေးကြီးများဆိုသည်မှာ ၂၁ရာစုခေတ်တွင်တွေ့ရသော အိမ်စောင့်ခွေးကြီးများလို မဟုတ်။ ထန်မင်းဆက်ခေတ်ကတည်းက ရှိသည့် အိမ်စောင့်ခွေးကြီးများကို တော်ဝင်မိသားစုများက အမဲလိုက်ရန်အတွက် မွေးခဲ့ကြလေသည်။ 

“ အစ်ကိုတော့်မှာ ဘယ်နှကောင်လောက်ရှိလဲ။ အဲ့ခွေးကြီးတွေက အရမ်းဈေးကြီးတယ်မဟုတ်လား ” ဟု လီယင်က မေးရာ လီခယ့်တစ်ယောက်မှာ အကွက်ဝင်ပြီအထင်နှင့် ရယ်ကာ -

“ အကောင်နှစ်ဆယ်လောက်တော့ရှိတယ်ကွ။ ထူပါ့ပြည်မှာရှိတဲ့ အစ်ကိုတော့်ရဲ့ လက်အောက်ခံတွေက ဆက်သထားတာ။ မျိုးစစ်စစ်တွေဖြစ်ကြောင်းတော့ လုံးဝအာမခံတယ်နော် ” ဟု ပြောလိုက်သည်နှင့် လီယင်လည်း နာရီကို ပစ်ပေးလိုက်ပြီး -

“ အဲ့ခွေးတွေရဲ့ တစ်ဝက်ကို ယူမယ် ” ဟု တောင်းလိုက်လေတော့သည်။ မြင်းမွေးမြူခြင်းကဲ့သို့ပင် အမဲလိုက်ခွေးများ ‌မွေးမြူခြင်းသည်လည်း ကြွယ်ဝမှု၏ ပြယုဂ်တစ်ခုဖြစ်သလို တော်ဝင်မျိုးနွယ်တို့၏ အဆင့်အတန်းကိုဖော်ပြလေရာ ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းများသည် အမဲလိုက်ခွေးမြောက်များစွာကို မွေးမြူထားကြ၏။ လီယင်၏ စံအိမ်တော်တွင်မူ တစ်ကောင်မှပင် မရှိသေးချေ။

“ ရတယ်လေ ကိစ္စမရှိဘူး ”

လီခယ့်သည် ဝမ်းသာအားရဖြင့် နာရီကို ယူလိုက်၏။ အဆိုပါ အိမ်စောင့်ခွေးကြီးများကလည်း အဖိုးတန်လှသော်ငြား ဤလက်ပတ်နာရီလောက် မကောင်းပေ။ ထို့ကြောင့် သူအသာရသည်အမှတ်နှင့် လီခယ့်ကား ပျော်ရွှင်မြူးထူးနေတော့သည်။

အမှန်တကယ် ဝမ်းသာနေသူကား လီယင်ပင်။ ၂၁ရာစုခေတ်တွင် ဤကဲ့သို့ အိမ်စောင့်ခွေးကြီးမျိုးမှာ အလွန်ရှားပါးလှသည့်အတွက် မျိုးရင်းစစ်စစ်တစ်ကောင်လျှင် သန်းလေးဆယ်လောက်တောင် အဖိုးတန်လေသည်။ နာရီကတော့ ဒေါ်လာအနည်းငယ်သာတန်၏။ မပျော်ဘဲ ဘယ်ရှိမည်နည်း။ သို့သော် လီယင်ကတော့ လောလောဆယ်တွင် ငွေကြေးလိုအပ်နေသည်လည်းမဟုတ်သဖြင့် ဤခွေးကြီးများကို ရောင်းမည့်စိတ်ကူးတော့မရှိပေ။ စံအိမ်တော်တွင် သပ်သပ်အလှပြမွေးမြူထားရန်သာ ရည်ရွယ်ထားလေသည်။

လီခယ့်ထွက်သွားသည့်အခါ လီယင်လည်း စစ်ရေးလေ့ကျင့်ရာနေရာသို့ လာခဲ့၏။ စစ်မာထူမှာ ယခုထိ ပြန်မလာသေးပေ။ ခေါင်းဆောင်မရှိတော့သော ကိုယ်ရံတော်များလည်း လေ့ကျင့်မှုအား ကျဆင်းလာသဖြင့် လီယင်သည် ချင်ဟွိုက်ယွီကို အချိန်အပိုင်းအခြားတစ်ခုအထိ ယာယီနည်းပြခန့်ထားလိုက်လေသည်။

အစတွင်တော့ လီယင်သည် ၎င်းအရာရှိများကို ချင်ဟွိုက်ယွီ သေချာမထိန်းကြောင်းနိုင်မှာ စိုးရိမ်ခဲ့သော်လည်း သူစိတ်အပူလွန်ခြင်းသာ ဖြစ်ခဲ့လေသည်။ ချင်ဟွိုက်ယွီမှာ ချင်ရှုပေ၏သားမှန်း သိသွားကြသည်နှင့် ၎င်းတို့မှာ မီးသေကာ ချင်ဟွိုက်ယွီအပေါ် လေးစားစွာ ဆက်ဆံလာကြလေ၏။ စစ်သည်အသိုင်းအဝိုင်းအပေါ် ချင်ရှူပေ၏ ဩဇာလွှမ်းမိုးမှုကား အံ့မခန်းပင်တည်း။

စစ်တိုက်ခြင်းကို အသားပေးကြသော ဤခေတ်တွင် ယောက်ျားတစ်‌ယောက်သည် တောင့်တင်းသော ခန္ဓာကိုယ်ရှိရန် လိုအပ်လှပေသည်။ ထို့ကြောင့် ဤခေတ်မှ ယောက်ျားတို့သည် အမဲလိုက်ခြင်းနှင့် ပိုလိုကစားခြင်းတို့ကို လေ့ကျင့်ခန်းတစ်ခုအဖြစ် အားသွန်ခွန်စိုက်ဆော့ကစားလေ့ရှ်ိကြသည်။

“ အရှင့်သား.. ဒီလို အနီးကပ်ဝင်လုံးတဲ့ တိုက်ကွက်က တကယ်ကို အားပြင်းလှပါတယ် ”

တပ်သားတစ်ယောက်နှင့် တစ်ယောက်ချင်းယှဉ်ချပြီးသည့်နောက်တွင် ချင်ဟွိုက်ယွီက ဤကဲ့သို့ ပြောလာလေ၏။ အဆုံးသတ်တွင် သူနိုင်သွားသော်လည်း အဆိုပါတပ်သား၏ ထူးဆန်းပြီး အားပြင်းသောတိုက်ကွက်များကို သူလန့်နေဆဲပင် ဖြစ်လေသည်။

လီယင်တစ်ယောက် စုမောအာအတွက် ဝယ်ခဲ့သော စာအုပ်များထဲတွင် ၎င်းတပ်သားများ လေ့ကျင့်ရန်စာအုပ်များပါ ပါဝင်လေ၏။ စာအုပ်တော်တော်များများထဲတွင် ‌ခေတ်သစ်မှ အနီးကပ်နပန်းလုံးခြင်း နည်းစနစ်များစွာ ပါဝင်၏။ ၎င်းတို့အများစုမှာ စာမတတ်ကြသော်ငြား စာအုပ်များထဲတွင် ပုံများဖြင့် သရုပ်ဖော်ထားသဖြင့် တော်သေးသည်ဆိုရပေမည်။ လေ့ကျင့်ရန်အတွက် ဘူးသီးခြောက်များထားပေးထားသဖြင့် တပ်သားများသည်လည်း ကျွမ်းကျင်စွာ လေ့ကျင့်နိုင်ကြလေသည်။

“ ကဲ .. ဒီစာအုပ်ထဲမှာ ပါတာတွေကတော့ ရန်သူကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမလဲဆိုတာတွေပဲ။ ကိုယ့်ဘာသာ တစ်ယောက်တည်း ကျင့်နေလည်း ရတော့ရတယ်။ ဒါပေမယ့် လက်တွေ့ရင်ဆိုင်ရတဲ့အခါ သိပ်အသုံးဝင်မှာမဟုတ်ဘူး။ အဲ့တော့ လေ့ကျင့်တာလည်း လေ့ကျင့်ပေ့ါ။ လက်တွေ့မှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုလည်း သိဖို့လိုတယ်။ ကဲ … နားကြတော့ ” ဟု လီယင်က ပြောလိုက်ပြီး ၎င်းလေ့ကျင့်ရေးကွင်းထဲသို့ ဘောလုံးတစ်လုံး ပစ်ပေးလိုက်လေသည်။

ထိုအခါ တပ်သားများ၏ မျက်လုံးများသည် အရောင်လက်သွားကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တပ်သားအယောက်နှစ်ဆယ်ကျော်သည် စုဝေးလိုက်ကြပြီး တစ်စုံတစ်ခုကို ဝိုင်းဆွေးနွေးလိုက်ကြသည်။ ချင်ဟွိုက်ယွီကတော့ နားမလည်နိုင်စွာဖြင့် -

“ အရှင့်သား … သူတို့ ဘာလုပ်နေကြတာပါလဲ ” ဟု အံ့ဩတကြီးမေးရာ -

“ အသင်းခွဲနေကြတာကွ ” ဟု လီယင်က ဖြေလိုက်၏။ လီယင့်စကားဆုံးသည်နှင့် ၎င်းတပ်သားများသည် အုပ်စုနှစ်စုခွဲလိုက်ကြပြီးနောက် ဘောလုံးကို စကန်ကြတော့သည်။ ၎င်းတို့သည် အမှန်တကယ်ပင် ဘောလုံးကန်အားကစားကို ဆော့ကစားနေကြတော့လေသည်။

လေ့ကျင့်ရေးကွင်းမှာ သိပ်မကျယ်သည့်အတွက် လူအယောက်နှစ်ဆယ်ကျော်မှာ ဟိုပြေးဒီပြေးဖြင့် အင်မတန်ရှုပ်ယှက်ခတ်နေလေသည်။ ချင်ဟွိုက်ယွီကတော့ ယခုထိ စိတ်ရှုပ်ထွေးနေဆဲပင်။ ထို့ကြောင့် လီယင်က သူ့အားဆွဲခေါ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကြကာ ဘောလုံးအားကစား၏ စည်းမျဉ်းစည်းကမ်း ကစားပုံကစားနည်းတို့ကို ရှင်းပြလိုက်လေသည်။ ဤခေတ်တွင် ပိုလိုကစားနည်းမှာ ခေတ်စားသည်ဆိုသော်လည်း လီယင်ကတော့ ၎င်းသည် အင်မတန် အန္တရာယ်များသည်ဟုသာ ထင်မိသည်။ ထို့ကြောင့် ချမ်ဟွိုက်လျန့်မည်မျှပင် ကြိမ်ဖန်များစွာ တိုက်တွန်းသော်ငြားလည်း သူတစ်ခါမှ ပိုလိုမဆော့ချေ။ ၎င်းအစား မိမိ၏တပ်သားများကို ဘောလုံးကစားနည်းအား သင်ပေးကာ အိမ်တော်မြေကွက်လပ်၌သာ ဆော့ကစားစေသည်။ ဤကစားနည်းကို မိတ်ဆက်ရမည့် အချိန်ရောက်ချေပြီ။

လီယင်ရှင်းပြလိုက်သည့်အခါမှာတော့ ချင်ဟွိုက်ယွီလည်း ဘောလုံးအားကစားနည်းအကြောင်း အတော်နားလည်သွားပြီဖြစ်လေရာ အငြိမ်မနေနိုင်တော့သဖြင့် မကြာခင်မှာပင် တပ်သားများနှင့်အတူ ဝင်ဆော့လေတော့သည်။ တကယ်တမ်းတွင်မူ ယခုဆော့နေကြသောသူများအားလုံးမှာ ဘောလုံးကို အပျော်သဘောဖြင့်သာ လျှောက်ကန်နေကြသည်က များသည်။ ထန်မင်းဆက်ခေတ်တွင် အပန်းဖြေစရာနည်းလမ်း ရှားလွန်းလှသောကြောင့် ရှိတာလေးနှင့် ‌ပျော်နေကြသောသူများပင်တည်း။

လီယင်ကတော့ သေးငယ်လှသည့် မြေကွက်လပ်လေးကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။ ဘောလုံးကွင်းကောင်းကောင်းမရှိပဲနှင့် ဘောလုံးအားကစားအား မည်သို့မြှင့်တင်ရမည်နည်း။ ဤ‌အကြောင်းကိုတွေးရင်း လီယင်လည်း ထရပ်လိုက်ကာ ချမ်ဟွိုက်လျန့်တို့ သုံးဦးရှိရာဆီသို့ သွားလိုက်၏။

“ အရှင့်သား .. ချမ်အန်းမှာ တော်တော်ကြီးတဲ့ကွင်းကြီးတစ်ခုတော့ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ့ကွင်းဟာ ဟန်ဝမ်လီယွမ်ချန်းရဲ့ ပိုလိုကစားကွင်းကြီးပါ။ ဒါပေမယ့် မင်းသားယွမ်ချန်းဟာ ပိုလိုကစားနည်းကို ရူးသွပ်တာမို့ ဒီကွင်းကြီးကိုတော့ သေချာပေါက်ကို ရောင်းမှာမဟုတ်ဘူး ” ဟု ရှောင်လွေ့က ပြောပြ၏။

အဆိုပါ လီယွမ်ချန်းသည် လီယွမ်မင်းသား၏ ခုနှစ်ယောက်မြောက် သားတော်ဖြစ်နေရာ လီယင်နှင့် အသက်မတိမ်းမယိမ်းပင်ဖြစ်သော်ငြား ဝါအရ လီယွမ်အား လီယင်က ခုနစ်ယောက်မြောက်ဦးရီးတော် ဟု ခေါ်ရလေသည်။

“ အင်း … တော်တော်တော့ခက်တယ်။ လီယွမ်ချန်းက ပိုလိုကစားနည်းကို ရူးသွပ်တယ်ဆိုတာ မသိတဲ့သူ ဘယ်သူမှမရှိဘူး။ အဲ့တော့ ဒီပိုလိုကွင်းကြီးကို ပေးပါဆိုတာ သူ့ကို သတ်လိုက်တာနဲ့ အတူတူပဲ။ ပြီးတော့ လီယွမ်ချန်းက ငယ်ပေမယ့် တော်စပ်ပုံအရ‌ဆို ကိုယ်တော့်ရဲ့ ဦးရီး‌တော်ဖြစ်တာကြောင့် အတင်းအကြပ်လည်း လုပ်လို့မရပြန်ဘူး။ အကြင်နာတရားရှိဖို့နဲ့ ရိုသေလေးစားမှုတို့ကို တန်ဖိုးထားတဲ့ ဒီနိုင်ငံတော်မှာ ဒါမျိုးလုပ်လို့မရဘူး ”

“ အရှင့်သားက ပိုလိုကစားတာလည်းမဟုတ်ပဲ ဘာလုပ်မလို့လဲ ” ဟု ချမ်ဟွိုက်လျန့်က လီယင့်အား မေးရာ -

“ ဘောလုံးကန်မို့ ” ဟု လီယင်ဖြေလိုက်သည်နှင့် အပျော်အပါးမက်ကြသည့် ၎င်းတို့သုံးယောက်လည်း အလွန်စိတ်ဝင်စားသွားကြတော့လေသည်။ သို့သော်လည်း -

“ အခုပြောပြလည်း အပိုပဲ။ အဲ့ဒီ့ ပိုလိုကစားကွင်းကို ရပြီးတော့မှ ဆက်ပြောတာပေါ့ ” ဟူ၍သာ လီယင်က ဆက်ပြောလိုက်လေသည်။ လီယင်၏ စိတ်ထဲတွင်တော့ တွေးတွေးဆဆဖြစ်သွားလေသည်။ လီယွမ်ချန်းမှာ ပိုလိုကစားနည်းကို ကြိုက်သော်လည်း ဘောလုံးကစားနည်းကို ကြိုက်ချင်မှကြိုက်ပေမည်။ ဘောလုံးအားကစားကို ကြိုက်မှသာ ထိုကွင်းအား ပေးမပေး ဆက်ကြည့်ရမည်ဖြစ်၏။

“ အရှင့်သားရယ် … ကျွန်တော်မျိုးတို့အပေါ်တော့ မလျှိုထားပါနဲ့ဗျာ ” ဟု ၎င်းတို့သုံးယောက်က မရိုးမရွဟန်ဖြင့် အသနားခံလိုက်ကာမှ လီယင်လည်း ပြုံးလိုက်ကာ -

“ ကဲ … သွားကြစို့။ အသစ်အဆန်းတစ်ခုခုကို စမ်းသပ်ကြည့်ကြတာပေါ့ ” ဟု ပြောလိုက်လေတော့သည်။

Comment