12 - Stage in the wheat field

အပိုင်း ၁၂ ။  ။ ဂျုံခင်းထဲက ဇာတ်စင်

   လုထင်းဟန်တောင် ထိုသို့ပြောနေမှတော့ ရှီယွမ်သည် သူက တကယ်ကို သရုပ်ဆောင် မကောင်းဘူးဟူ၍ တွေးနေလေသည်၊ အနည်းဆုံးတော့ သူသည် ဗီလိန်ဇာတ်ကောင်နေရာအတွက် မသင့်တော်ခြင်းဖြစ်မည်။

သို့ပေမယ့် ဇာတ်အဖွဲ့မှ သူ့ကို အလုပ်ခန့်လိုက်ပြီး သူသည် ‘ဘာလုပ်လုပ် ပိုက်ဆံပေးရမည်’ ဆိုသည့်  အခြေခံသဘောတရားကို နားလည်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ရှီယွမ်သည် ဇာတ်ညွှန်းကို ဆက်လက်လေ့လာနေပြီး ပိုကြောက်စရာကောင်းအောင် မည်သို့လုပ်ဆောင်ရမည်ကို တွေးတောနေတော့သည်။

၁၂နာရီထိုးသောအခါ၊ ရှီယွမ်သည် ဇာတ်ညွှန်းတစ်ဝက်ကို ဖတ်လို့ပြီးသွားသည်၊ သို့သော် သူ ဆက်လက်မထိန်းထားနိုင်တော့ပါဘဲ ဇာတ်ညွှန်းစာအုပ်ပေါ်တွင် ခေါင်းလေးတင်လျက် အိပ်ပျော်သွားလေသည်။

လုထင်းဟန်သည် သူ့မျက်လုံးများကို ရုတ်တရက် လှန်ကြည့်လိုက်သည့်အခါ ကောင်လေး၏ ဆံနွယ်အနက်လေးများနှင့် နတ်ဆိုးဦးချိုတိုလေးကို တွေ့လိုက်ရသည်။ ရှီယွမ်၏ ညာဘက်မျက်လုံးအစပ်တွင် အနည်းငယ်သော အနက်ရောင် အကြေးခွံများ ရှိနေပြီး သူ့ အသားရည်က နူးညံ့ကာ ဆင်စွယ်ရောင်ကဲ့သို့ရှိသည်။ အံ့အားသင့်ဖွယ်ကောင်းစွာ ဖြူဖွေးနေသည့် အသားရည်ပေါ်တွင် ရှိနေသည့် အနက်ရောင်ရင့်ရင့်တို့၏ ခြားနားချက်က အရမ်းကို ပြင်းထန်လွန်းလှပေသည်။

ရင်းနှီးနေပါသည့် ခံစားချက်တို့က လုထင်းဟန့်၏ နှလုံးသားထဲသို့ တစ်ဟုန်ထိုးဝင်ရောက်လို့လာသည်။ မိတ်ဆွေဟောင်းနှင့် ပြန်လည်ဆုံတွေ့ရသလိုမျိုး ခံစားချက်မျိုး ဖြစ်ပြီး— သူ့ရဲ့ ‘မိတ်ဆွေဟောင်း’ဆိုသူက နည်းနည်း ထူးဆန်းပြီး တုံးအနေရုံပင်။ သူလေးက ပျော်နေလျှင် လည်ချောင်းသံသဲ့သဲ့ မြည်တမ်းနေမည်ဖြစ်ပြီး ကြောက်နေလျှင်တော့ သူလေး၏ အမြီးလေးက ထုံးသွားလိမ့်မည်ဖြစ်သည်။

ထိုသို့သော သူမျိုးက၊ ရုပ်ရည်သွင်ပြင်ပဲဖြစ်ဖြစ် စရိုက်လက္ခဏာပဲဖြစ်ဖြစ် သူ့ကို ကြည့်လိုက်ပြီးရင် ဘယ်သောအခါမှ မေ့သွားလိမ့်မည်မဟုတ်ပေ။ သို့ပေမယ့် လုထင်းဟန်တွင် ရှီယွမ်အတွက် မည်သို့သော အထင်အမြင်မှ မရှိပေ။
သူ ပထမဆုံး ရှီယွမ်ကို တွေ့စဉ်က အလိုလိုဖြစ်ပေါ်လာသည့် သံသယနှင့် အတိတ်ကို လွမ်းဆွတ်နေမိသည့် စိတ်ခံစားချက်များက ရောယှက်လို့နေပြီး ယခုအချိန်အထိတောင် လျော့ကျသွားခြင်း တစ်စက်မရှိပေ။

‘ငါမင်းကို ဘယ်မှာများ တွေ့ခဲ့ဖူးတာလဲ?’ ဟု သူ တွေးနေမိသည်။

သူ့လက်ထဲမှာ ကိုင်ထားသည့် ဖောင်တိန်က တစ်ခဏလောက် ရပ်တန့်နေပြီးမှ သူ ဆက်လက်ပြီး စာရေးလိုက်သည်။

နောက်ဆုံး ရှီယွမ်ကို လုထင်းဟန် နှိုးလိုက်သည့် အချိန်သည် ည တစ်နာရီထိုးလုနီးပါးပင် ဖြစ်သည်။

ဖိအိပ်ထား၍ နှဖူးပေါ်တွင် အနီမှတ်များထင်နေသည့် ရှီယွမ်က အိပ်ချင်မူးတူးဖြင့် တွေဝေနေပြီး လုထင်းဟန် အနောက်မှလိုက်ကာ စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။

လုထင်းဟန် : “ဂွဒ်နိုက်”

ရှီယွမ်သည် သူ့နှဖူးသူ ပွတ်နေပြီး ပြောလိုက်သည် “ဂွဒ်နိုက်”

သူသည် ထင်းရှူးဝတ်စုံကို ဝတ်ထားဆဲပင် ဖြစ်သည်။ သူ အရှေ့ကို ခြေလှမ်းနည်းနည်းလောက် လျှောက်သွားတာတောင် လုထင်းဟန်၏ ခြေသံကို မကြားရသေးပေ။ ရှီယွမ် အနောက်လှည့်ကြည့်လိုက်သည့်အခါ တံခါးအရှေ့တွင် ရပ်နေဆဲဖြစ်သည့် အမျိုးသားကို တွေ့လိုက်ရသည် — သူက မီးရောင်ကို နောက်ကျောပေးရပ်နေပြီး သူ့မျက်နှာပေါ်တွင် အရိပ်ကျနေပေမယ့် သူ့မျက်လုံးများကတော့ ရှီယွမ်အပေါ်တွင်သာ စွဲမြဲနေလေ၏။

ရှီယွမ် သူ့ကို မေးလိုက်သည် “ဘာဖြစ်လို့လဲ?”

လုထင်းဟန်က ခေါ်လိုက်သည် “ရှီယွမ်”

ရှီယွမ် တစ်ခဏလောက် စောင့်နေသော်လည်း အနောက်မှ ဆက်ပြောလာမည့် စကားလုံးများကို မကြားရသေး၍ ယိုင်တိုင်တိုင်ဖြင့် ပြန်လျှောင်လာပြီး လုထင်းဟန်ကို ဖက်လိုက်သည် : “ဂွဒ်နိုက်ပါ။ ခင်ဗျား အမှောင်နဲ့ မကောင်းဆိုးဝါးတွေကို ကြောက်နေရင် ကျွန်တော့်ကို ဖက်ထားလို့ရတယ်”

မီးအလင်းရောင်က သူတို့နှစ်ဦး၏ အရိပ်များကို ဆွဲဆန့်လို့ထားသည်။ ရှီယွမ်၏ ဝတ်စုံပုံစံသည် ချဲ့ကားထားသည်ဖြစ်ရာ သူ့အရိပ်က ပိုလို့ပင် အကြီးကြီးဖြစ်နေတော့သည်။ သူ့ အရိပ်သည် လှေကားပေါ်သို့ကျရောက်နေပြီး လုထင်းဟန်၏ အရိပ်နှင့် ရောနေသည်။ အရိပ်တစ်ခုသည် မကောင်းဆိုးဝါး၏ သွားများနှင့် ခြေသည်းလက်သည်းများ၏ ပုံစံရှိနေပြီး နောက်တစ်ခုသည် အရပ်ရှည်သည့် လူသားတစ်ယောက်၏ ပုံစံပင်၊ သို့ပေမယ့် အဲ့ဒီ့အချိန်မှာပဲ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် ထွေးရောယှက်တင်ပြုနေပြီး ခွဲထုတ်မရသည့် ပုံစံဖြစ်နေသည်။

လုထင်းဟန်သည် ခဏကြာ နှုတ်ဆိတ်နေပြီး : “မင်းကရော? ရှီယွမ်၊ မင်း မကောင်းဆိုးဝါးတွေကို ကြောက်လား?”

“မကြောက်ဘူး” ဟု ရှီယွမ် ပြန်ပြောလိုက်သည်။

လုထင်းဟန်က ပြုံးလိုက်၍ သူ့ခေါင်းလေးကို ထိပေးကာ ရှီယွမ်ကို ညှင်ညှင်သာသာနှင့် တွန်းလိုက်ပြီး သူ့အခန်းသူ ပြန်သွားတော့သည်။

နောက်တစ်နေ့တွင် ရှီယွမ်နိုးလာသည့်အခါ လုထင်းဟန့်က အပြင်သို့ ထွက်သွားပြီပင်။

မနက်စာ စားပြီးသည့်နောက် ရှီယွမ်သည် သူ့ရဲ့ ထင်းရှူးဝတ်စုံလေးဖြင့် Busကားပေါ်သို့ တိုးဝှေ့ကာဖြင့် ဂါစီးယာကဇာတ်ပြဇာတ်ရုံသို့ ရောက်သွားတော့သည်။

ချင်လော့လော့က ရှီယွမ်ကို အခန်းနံပါတ် ၂၀၁ သို့ သွားခိုင်းလိုက်သည်။ ရှီယွမ် အခန်းထဲသို့ ဝင်ပြီးသည်နှင့် အခန်းတစ်ခုလုံးတွင် စာအုပ်များ အထပ်လိုက်ဖြစ်နေသည့် စာရွက်များနှင့် အစုလိုက်အပြုံလိုက်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ဖြူဖျော့နေသည့် အမျိုးသားက စားပွဲခုံအနောက်တွင် ထိုင်နေပြီး ပါးစပ်ကနေ စာကြောင်းများ ရေရွတ်ကာ အသည်းအသန် ချရေးနေ၏။

ရှီယွမ်က ဂရုတစိုက် မေးမြန်းလိုက်သည် : “ဟယ်လို ဆရာ၊ ကျွန်တော် သရုပ်ဆောင်…”

“ငါမင်းကို မှတ်မိတယ်” ထိုလူက ရှီယွမ်ကို ကြားဖြတ်ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါမင်းကို မှတ်မိတယ်။ မင်းငါ့ဘေးမှာလာထိုင်ပြီး ငါ့ကို စောင့်နေ”

စာရွက်များနှင့် ရှုပ်ပွနေ၍ သူ့ရဲ့ ဘေးမှာထိုင်ဖို့ နေရာပင် မရှိပေ။ ရှီယွမ် သူ ထိုင်ဖို့ လစ်လပ်တဲ့နေရာတစ်ခုကို တော်တော်လေးရှာလိုက်ရသည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ထိုလူက ရုတ်တရက်ကြီး ဆဲရေးဆိုကာ သူ့လက်ထဲမှာ ရှိသည့် ဖောင်တိန်ကို လွှင့်ပစ်လိုက်တော့သည်။

အနက်ရောင်ဖောင်တိန်က ပွင့်ထွက်သွားပြီး မှင်တွေက နံရံပေါ်သို့ စဉ်သွားလေသည်။ ထိုလူက သူ့ဆံပင်တွေသူ ဆွဲလိုက်ပြီး အသက်ကို ပြင်းပြင်းရှူပြီး ရှီယွမ်ကို ကြည့်လိုက်ကာ : “ဆောရီး၊ ငါ ဇာတ်ညွှန်းပြောင်းရေးနေပေမယ့် စိတ်ခံစားချက်မကောင်းလို့”

“ရပါတယ်” ရှီယွမ် ပြောလိုက်သည်။

ထိုလူက “ငါ့နာမည်က ချန်းယိုဝမ်” ၊ “မင်းလက်ထဲက ဇာတ်ညွှန်းက ငါရေးထားတာ” သူက မျက်နှာကို ပွတ်လိုက်ပြီး “ငါနဲ့လိုက်ခဲ့”

သူက မတ်တပ်ထရပ်ဖို့ကို ရုန်းကန်ကြိုးစားနေရပြီး စားပွဲဘေးမှာရှိနေသည့် ချိုင်းထောက်ကိုယူလိုက်သည်၊ ပြီးနောက် ယိုင်တိုင်တိုင်ဖြင့် တံခါးအပြင်ဘက်သို့ ထွက်သွားလေသည်။ အဲ့ဒီ့အချိန်မှာပဲ ရှီယွမ်သည် ချန်ယိုဝမ်၏ ညာဘက်ခြေထောက်က ခြေခုံ သို့မဟုတ် ခြေချောင်းများရှိမနေသည်ကို သတိပြုလိုက်မိသည်။ ခြေထောက်သည် ပိန်လွန်းနေပုံမှာ သစ်ကိုင်းခြောက်ကဲ့သို့ပင်ဖြစ်နေပြီး ခြေတစ်ချောင်းလုံးသည် အဖြူရောင်အမွှေးများဖြင့် ဖုံးလွှမ်းလျက်ရှိနေကာ ခြေထောက်အဆုံးတွင်တော့ မာကျောသည့် သိုးခွါကနေရာယူလို့ထားပြီး လွန်စွာမှ ထူးဆန်းလွန်းလှပေသည်။

ချန်းယိုဝမ်သည် ကူးစက်ခံထားရသည်ပင်။

သန္ဓေပြောင်းစစ်သားများနှင့် မတူပါဘဲ ကူးစက်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များက ချန်းယိုဝမ်၏ ကျန်းမာရေးနှင့် လမ်းလျှောက်နိုင်စွမ်းတို့ကို ဆိုးရွားစွာထိခိုက်သွားစေခဲ့သည်။

ချန်းယိုဝမ်သည် နောက်အခန်းဆီသို့ ကြိုးစားရုန်းကန်ပြီး လျှောက်လှမ်းသွားလေသည်။ ထိုအခန်းထဲတွင် ဖျော်ဖြေတင်ဆက်မှုအတွက် လိုအပ်သည့် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်၊ ချန်းယိုဝမ်သည် ဟောဟဲလိုက်နေပြီး ပြောလိုက်သည် “မင်းရဲ့ စာသားတွေကို ငါကြားရအောင် ပြန်ရွတ်ပြပါဦး”

ရှီယွမ်က ပြန်လည်ဖတ်ပြလိုက်သည်။

ချန်းယိုဝမ်သည် မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည် “လီယိုနေရာကနေ ဘယ်သူသရုပ်ဆောင်မှာလဲဆိုတာကို မင်းသိလား?”

‘လီယို’သည် ဇာတ်ညွှန်းထဲမှ ဇာတ်လိုက်ပင်ဖြစ်သည်။

ရှီယွမ်သည် သူ့ခေါင်းလေးကို ခါယမ်းပြလိုက်သည်။

ချန်းယိုဝမ် : “ ဝုဖ်ဂိန်း— ငါတို့ရဲ့ ခေါင်းဆောင်။ မင်း သူ့ရဲ့ကြွက်သားတွေကို မြင်ဖူးတယ်မလား၊ မကောင်းဆိုးဝါးကြီးက အဲ့လိုလူမျိုးနဲ့ ယှဉ်ရမှာ။ လီယိုက မင်းလိုဆယ်ယောက်ကို လက်သီးတစ်ချက်ထဲနဲ့ အလဲထိုးလိုက်နိုင်တယ်၊ မင်းက သစ်ပင်နတ်ဆိုးဖြစ်နေပြီး သူ့ကို လုံးဝကို ယှဉ်နိုင်မှာတောင်မဟုတ်ဘူး။

ရှီယွမ် : “ဒါပေမယ့်၊ မစ္စတာဝုဖ်ဂိန်းကလည်း တကယ်ကြီး ကျွန်တော်လိုဆယ်ယောက်ကို လက်သီးတစ်ချက်ထဲနဲ့ အနိုင်ပိုင်းနိုင်တဲ့ဟာကို”

“အရှိန်အဝါ! ပင်ကိုစရိုက်! ငါက အဲ့ဒါတွေကို ပြောနေတာ!” ချန်းယိုဝမ်သည် သံက သံမဏိဖြစ်မလာနိုင်ခြင်းကို မုန်းတီးလို့နေ၏။ “မင်းရဲ့ အရှိန်အဝါနဲ့၊ စရိုက်လက္ခဏာတွေကို သူ့နဲ့ယှဉ်တဲ့အခါ သူ့ဆီမှာ ဆုံးရှုံးသွားလို့မရဘူး။ ငယ်ရွယ်မှုနဲ့ မင်းရဲ့အလှအပကို ထိန်းသိမ်းဖို့ သစ်ပင်မိစ္ဆာက လူတွေရဲ့ သွေးကိုသောက်နေတာ၊ မင်းက အပြင်ဘက်မှာ နူးညံ့ပြီး အတွင်းထဲမှာတော့ ရူးသွပ်၊ ရက်စက်တဲ့ခံစားချက်မျိုးရအောင် သရုပ်ဆောင်ရမှာ!” ချန်းယိုဝမ်သည် ရှီယွမ်၏ မျက်နှာဆီကို လက်ညှိုးထိုးလိုက်ပြီး “ရှီယွမ်၊ ငါက မင်းအဖေကိုသတ်သွားတဲ့ ရန်သူတစ်ယောက် ပြီးတော့ မင်းက ငါ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲပစ်ဖို့ မစောင့်နိုင်တော့ဘူးဆိုပြီး စိတ်ကူးကြည့်လိုက်။ အဲ့လိုအချိန်မျိုးမှာ မင်းဘာပြောမလဲ?”

ရှီယွမ် : “ကျွန်တော့်မှာ အဖေမရှိဘူး”

ချန်းယိုဝမ် : “မင်းအမေအဖြစ်ရော?”

ရှီယွမ် : “ကျွန်တော့်မှာ အမေလည်းမရှိဘူး” ရှီယွမ်က ထပ်ပြီး ပြောလိုက်သည် “ကျွန်တော် မုန်းတဲ့လူလည်း တစ်ယောက်မှမရှိဘူး”

ချန်းယိုဝမ်သည် သူ့ဆံပင်များကို ထိပ်ထိပ် ပျာပျာဖြင့် ဆောင့်ဆွဲလိုက်မိပြန်တော့သည် : “မင်း တနည်းနည်းနဲ့တော့ တခြားလူတွေရဲ့ ရန်သူတွေနဲ့ တွေ့ခဲ့ဖူးမှာပဲလေ ဟုတ်တယ်မလား? ငါက ငါ့အမေကို သတ်သွားခဲ့တဲ့ ရန်သူနဲ့ တွေ့ရင် ငါဘယ်လိုတုန့်ပြန်လောက်မလဲလို့ စိတ်ကူးယဉ်ကြည့်လိုက်။ ငါ ဘယ်လိုလေသံနဲ့ စကားပြောလောက်မလဲ? ငါကတော့ အဲ့လူကို အရှင်လတ်လတ်စားပစ်ချင်မှာတော့ အသေအချာပဲ!”

ရှီယွမ်က ပြောလိုက်သည် “ခင်ဗျားက အရမ်းသနားဖို့ကောင်းတာပဲ၊ ခင်ဗျားအမေက ဘယ်လိုဖြစ်သွားခဲ့တာလဲဟင်?”

“အဲ့ဒါက ဥပမာပေးရုံပဲ!” ချန်းယိုဝမ်သည် သူ့ဆံပင်တွေကို ဆောင့်ဆွဲရလွန်း၍ ငှက်သိုက်ပင်ဖြစ်လုနီးနီးပင်။ “ငါ့အမေက ငါတစ်နှစ်သားကတည်းက ငါကိုထားခဲ့ပြီး ထွက်ပြေးသွားတာ။ ငါအခုထိ သူမ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းတောင်မသိဘူး။ ငါ့မှာ သူမ သေသလားရှင်သလား ဂရုစိုက်ဖို့ အချိန်တောင်မရှိဘူး။ ဥပမာအနေနဲ့နော်၊ ဥပမာအနေနဲ့ပြောတာ အိုခေ? ရှီယွမ်၊ ငါအမေက ငါ့အနားမှာ အကြာကြီးမရှိခဲ့တာကို မင်းဘာပြောမလဲ?”

ရှီယွမ် : “ မစ္စတာချန်း၊ ခင်ဗျားရဲ့အမေ သေဆုံးသွားပါပြီ”

ချန်းယိုဝမ် : ?

ချန်းယိုဝမ် : ???

ချန်းယိုဝမ် : “…ရှီယွမ်၊ မင်းရဲ့ EQက တော်တော်ကိုနိမ့်တာပဲ”

ရှီယွမ် : ?

ရှီယွမ်၏ အမြီးလေးက စိတ်ရှုပ်ထွေးမရေရာမှုကြောင့် မေးခွန်းသင်္ကေတလေးလို ကွေးသွားလေသည်။

ချန်းယိုဝမ်သည် စိတ်တည်ငြိမ်စေရန် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ရသည် : “မင်းကတော့ မျှော်လင့်ချက်မဲ့နေပြီပဲ။ ငါ၊ မင်း၊ ငါ… မင်း ငါအရင်ဆုံး စိတ်တည်ငြိမ်အောင် လုပ်ပါရစေဦး”

“ကျွန်တော် တောင်းပန်ပါတယ်” ရှီယွမ် ပြောလိုက်သည်။ “ ကျွန်တော်က တကယ်ကို ပါရမီမရှိတာဖြစ်လောက်မယ်”

“မဟုတ်ဘူး၊ အဲ့ဒါက မင်းရဲ့ပြသနာမဟုတ်ဘူး” ချန်းယိုဝမ်သည် သူ့မျက်ခုံးမွှေးများကို ဖိပွတ်လိုက်သည်။ “အင်း၊ အဲ့လိုမဟုတ်ဘူးပဲ၊ မင်းမှာပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မင်းက ဒီဇာတ်ကောင်နဲ့ မကိုက်ညီနေဘူး။ ဇာတ်လမ်းအပြင်အဆင်အရ၊ သစ်ပင်မိစ္ဆာမှာ အသားရည်လှလှလေးရှိတယ်။ ငါအစက မင်းကို ဒီဇာတ်ကောင်ကို သရုပ်ဆောင်ကြည့်ဖို့ပြောခဲ့တာက မင်းရဲ့ မျက်နှာလှလှလေးကြောင့်ပဲ။ အိုင်း၊ ချင်လော့လော့ကတော့ တကယ်ပါပဲ…” ချန်းယိုဝမ်သည် ရှီယွမ်၏ ပခုံးကို ပုတ်လိုက်သည်။ “ငါက စိတ်မြန်တယ်၊ ငါပြောခဲ့တာတွေကို ဘယ်လိုမှသဘောမထားပါနဲ့၊ ငါ့ကိုလည်း တောင်းပန်စရာမလိုဘူး”

ရှီယွမ်က မေးလိုက်သည် “ဒါဆို ကျွန်တော် တခြား ဘာတွေကို လုပ်ရမလဲ?”

ချန်းယိုဝမ်သည် တစ်ခဏလောက်တွေးကြည့်ကြည့်လိုက်ပြီး “မင်း စင်အနောက်မှာ ထရေစီကို သွားရှာလိုက်” ချန်းယိုဝမ်သည် သူ့ခေါင်းကို တစ်ဖက်သို့လှည့်ကာ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်သည်။ “ငါစိတ်ငြိမ်အောင်လုပ်ပြီးရင် ပြန်သွားပြီး ဇာတ်ညွှန်းပြောင်းဖို့လုပ်မယ်။ မင်းမှာ အချိန်ရလာရင် မင်းထပ်ပြီး ဇာတ်ကောင်ကို သဘောပေါက်အောင်လုပ်နိုင်တယ် နောက်ပြီး အကောင်းဆုံးကြိုးစားပါ။ မင်းကအခု သုံးနှစ်အတွင်း အကောင်းဆုံး ဇာတ်ညွှန်းမှာ ပါဝင်ခွင့်ရထားတာ”

ချန်းယိုဝမ်သည် သူ၏ ချိုင်းထောက်ဖြင့် ထော့နင်းထော့နင်းဖြင့် အပြင်သို့ လျှောက်သွားလိုက်ပြီး သူအပြင်သို့ရောက်သည်နှင့် ပြန်လှည့်လာပြီး “ရှီယွမ်၊ မင်းကလည်း အရမ်းသနားဖို့ကောင်းတာပါပဲ။ မင်းမှာ… မင်းမှာ မွေးစားမိဘတွေရော ရှိလား?”

ရှီယွမ် : “မရှိဘူး” ရှစ်ယွမ်သည် အရှိကိုအရှိတိုင်း သူ့တွင် အမှန်တကယ်ကို ‘မိဘမရှိ’ခြင်းအကြောင်း ချန်းယိုဝမ်ကို ပြောပြလိုက်ချင်သည်၊ သို့သော်လည်း သူ ဘယ်လိုမျိုးရှင်းပြရမည်မှန်းလည်း မသိပေ။

ချန်းယိုဝမ်သည် သက်ပြင်းကြီးကြီးချပြီး သူ့အခန်းဆီသို့ ပြန်သွားတော့သည်။

ရှီယွမ်သည် ထရေစီကို ရှာရန် စင်အနောက်ဘက်သို့သွားလိုက်သည်။ ထရေစီသည် ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသည့် ပစ္စည်းများကြားတွင် ငုတ်တုတ်ထိုင်ကာ အဝတ်များ ရေတွက်လိုက်၊ လက်ဆွဲခြင်းထဲတွင် တစ်ခုခြင်းစီ အမျိုးအစားလိုက် ခွဲကာ ထည့်လိုက်လုပ်နေပြီး သူမ၏ အဖြူရောင်အမြီးသည် ကြမ်းပြင်ပေါ်တွင် လှုပ်ယမ်းလို့နေလေသည်။

“ဟယ်လို၊ မစ္စတာချန်းက မင်းဆီကို လာဖို့ ပြောလိုက်လို့ပါ” ဟု ရှီယွမ် ပြောလိုက်သည်။

ထရေစီသည် သူမ၏ ကြောင်နားရွက်လေးများကိုထောင်ကာ နားစွင့်လိုက်ပြီး ခေါင်းကို လှည့်လိုက်ကာ : “အကိုရောက်လာပြီပဲ! အကို အစမ်းသရုပ်ဆောင်စစ်ဆေးမှုအောင်သွားတယ်လို့ သမီး လော့လော့ဆီကနေ ကြားခဲ့တယ်!”

“အင်း၊ ငါ မနေ့ကပဲ စာချုပ်မှာ လက်မှတ်ထိုးခဲ့တာ” ရှီယွမ်သည် ကြမ်းပြင်ပေါ်မှ အဝတ်အစားများကို ကြည့်ကာ ပြောလိုက်သည် “မင်းကို ကူညီပေးရမလား?”

“ဟုတ်!”

ရှီယွမ်သည် ထရေစီကို အဝတ်များနှင့် ဖျော်ဖြေရေးပစ္စည်းများကို ကူညီ သိမ်းဆည်းပေးလိုက်သည်။

ထရေစီ : “မနေ့ညက ဖျော်ဖြေရေးလုပ်ထားတာလေ၊ သမီးမှာ သိမ်းဖို့ အချိန်မရှိလို့ ဒါကြောင့် ရှုပ်ပွနေတာ”

“မင်းက ဒီမှာ အလုပ်လုပ်တာလား?” ဟု ရှီယွမ်မှ မေးလိုက်သည်။

“အဲ့လိုလည်းမဟုတ်ဘူး” ထရေစီသည် အင်္ကျီလက်ရှည်များကို ခေါက်ပြီး ပုံးထဲသို့ ထည့်လိုက်သည်။ “သမီးက မိဘမဲ့ဂေဟာက။ ဝုဖ်ဂိန်းက သမီးကို ခေါ်လာပြီးကတည်းကစပြီး သမီးက ဒီမှာပဲနေတာလေ။ သမီးက ကျောင်းတက်ချင်ပေမယ့် ကျန်းမာရေးမကောင်းဘူး ပြီးတော့ သမီးရဲ့ ကျောင်းစရိတ်ကလည်း အရမ်းစျေးကြီးတယ်။ လွန်ခဲ့တဲ့ နှစ်တွေတည်းက စင်အနောက်မှာ ပစ္စည်းတွေသိမ်းတဲ့အလုပ်ကို သမီးက ကူပေးနေတာ။ အကိုကရော? အကိုရော ကျောင်းတက်ဖူးလား?”

ရှီယွမ် : “ဟင့်အင်း၊ ငါက အဝေးကြီးကလာတာလေ”

“တကယ်ပေါ့” ထရေစီ၏ မျက်လုံးများက ပြူးကျယ်လို့သွားသည်။ “အပြင်မှာ မကောင်းဆိုးဝါးတွေအများကြီးရှိတယ်၊ အရမ်းအန္တရာယ်များတာကို၊ ဗိုလ်ချုပ်လုလိုလူမျိုးကပဲ အပြင်ထွက်ရဲတာ”

ရှီယွမ် မေးမြန်းလိုက်သည် “မင်းလည်းပဲ လုထင်းဟန်ကို သိတာလား?”

ထရေစီသည် ဟာသကြားလိုက်ရသည့်အတိုင်း တစ်ခစ်ခစ်ရယ်မောကာ : “ရှီယွမ်၊ အကိုကအရမ်းရယ်ရတာပဲ၊ သူ့ကိုမသိတဲ့သူ ဘယ်သူရှိလို့လဲ?”

စင်အနောက်ဘက်သည် ရှုပ်ပွလို့နေပြီး မည်သူမျှ လာရောက်ကူညီမှုမပြုပေ။ ရှီယွမ်နှင့် ထရေစီသည် နေ့လည်အထိ သိမ်းဆည်းနေခဲ့ပြီး ပြီးခါနီး ဖြစ်နေပြီဖြစ်သည်။

ရှီယွမ်သည် ပြဇာတ်ရုံဘေးမှ ဆိုင်သေးသေးလေးတွင် စားဖို့လုပ်လိုက်သည်။ ‘ဆိုင်သေးသေးလေး’ဟုခေါ်ဆိုသော်လည်း အမှန်တကယ်တော့ ရိုးရှင်းသည့် အစားအသောက်ပေးဝေရေးရုံးပင်ဖြစ်သည်။ အစားအသောက်များထည့်ထားသည့် ပုံးများကို အရှေ့တွင်ချထားပြီး လူတစ်ယောက်သည် ရုံးအရှေ့တွင် ပိုက်ဆံကောက်လိမ့်မည်ပင်။ အပူခံပုံးများသည် လိုင်းတစ်ခုခြင်းစီတွင်ရှိနေကာ ပုံးများမှ အစားအသောက်ပေးဝေသည့်စက်သည် အလုပ်လုပ်လျှက်ရှိနေပြီး အတန်းလိုက်တန်းစီနေသောလူတိုင်းသည် ဝေစုတစ်ခုရမည်ဖြစ်သည်။

ရှီယွမ်သည် ခဏလောက်မတ်တပ်ရပ်နေပြီးမှ သူ့တွင် ပိုက်ဆံမရှိသည်ကို သတိရသွားလေသည်။ သူ၏ ပထမဆုံးလစာသည် ယခုထိ မရရှိသေးပေ။ လွန်ခဲ့သည့်နှစ်ရက်တွင် ဖော့ထုံနှင့် လန့်ထျယ်က သူ့တွက် အစားအသောက်များပြင်ဆင်ပေးခဲ့သည်— သေချာသည်ကတော့ လုထင်းဟန်၏ ညွှန်ကြားချက်ကြောင့်ပင် ဖြစ်မည်။

ရှီယွမ်သည် မဝံ့မရဲဖြင့် လုထင်းဟန်ဆီသို့ စာပို့လိုက်သည် : [ကျွန်တော် နေ့လည်စာအတွက် ၁၅ယွမ်လောက် ချေးလို့ရမလားဟင်? ကျွန်တော် ပြန်ပေးမှာပါ”

သူ လုထင်းဟန်ဆီမှ စာပြန်လာဖို့ကို မမျှော်လင့်ထားပေ။ မနေ့ညက သူပို့ခဲ့သည့် [ခင်ဗျား ဘယ်အချိန်ပြန်လာမှာလဲ?] ဆိုသည့် စာကိုတောင် လုထင်းဟန်ဆီမှ အခုထိ တုံ့ပြန်မလာသေးပေ။

ရှီယွမ်သည် ငါးမိနစ်လောက်စောင့်နေခဲ့ပြီး ပြဇာတ်ရုံသို့ပြန်သွားခါနီးတွင် သူ့ဖုန်းလေးမှ အသံမြည်လာသည်။

လုထင်းဟန်သည် သူ့ဆီကို စာပြန်မပို့သေးဆဲပင်ဖြစ်သော်လည်း သူ့အကောင့်ထဲသို့ မဟာမိတ်စစ်တပ်အကြွေစေ့ ၂၀၀ရောက်လာလေသည်။

ရှီယွမ်သည် ၁၅ယွမ်တန် ‘အခြေခံအစားအစာအစုံလိုက်’ကို ဝယ်ပြီး ထမင်းဖြူ၊ ဆလတ်ရွက်ကြော်နှင့် ခရမ်းချဉ်သီးဟင်းရည်တို့ကို စားလိုက်သည်။ သူ စားသောက်ပြီး ပြန်သွားသည့်အခါ သူသည် နေ့လည် ၂နာရီမထိုးခင်အထိ ဧည့်ခန်းထဲတွင် စောင့်နေခဲ့ပြီး နောက်တော့ သူအလုပ်ပြန်လုပ်ဖို့အချိန်ရောက်လာသည်။

မနက်ခင်း တစ်ခုလုံး ရောက်မလာခဲ့သည့် ချင်လော့လော့သည် နောက်ဆုံးတွင်တော့ ကမန်းကတန်းပေါ်လို့လာလေသည်။

သူမသည် အနီရောင်ဝတ်စုံဝတ်ထားကာ မိတ်ကပ်ပြင်ထားပြီး နဂိုကမှ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာအစိတ်အပိုင်းများက ပိုလို့ပင် နှစ်သက်ဖွယ်ကောင်းနေပေသည်။ သူမသည် ရှီယွမ်ကို မြင်လိုက်သည့်အခါ မျက်လုံးများက အရောင်တောက်သွားပြီး မျက်ခွေးမလေးလို ထပ်မံပြုံးလိုက်ပြန်ကာ “အိုင်းယား မင်းကဒီမှာပဲ— ဒီကိုလာခဲ့၊ ဒီကိုလာခဲ့—“

သူမသည် ရှီယွမ်ကို တံခါးပေါက်နှင့် နီးသည့် အခန်းဆီသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ဆံပင်အဝါရောင်ဆိုးထားသည့် ကောင်လေးတစ်ယောက်သည် နံရံကိုမှီကာ ပီကေဝါးနေပြီး ရှီယွမ်ကို အကြိမ်အနည်းငယ်လောက်ကြည့်ကာ : “သူက အသစ်လား?”

“ဟုတ်တယ်” ချင်လော့လော့သည် ရှီယွမ်ကို ဆွဲလာခဲ့သည်။ “ငါ မင်းကို မိတ်ဆက်ပေးမယ်၊ သူ့နာမည်က ရှဖန်း၊ သူက ဇာတ်အဖွဲ့ရဲ့ ပင်တိုင်စံသရုပ်ဆောင်ပဲ ပြီးတော့ သူက ပုံမှန်အားဖြင့်တော့ ကြော်ငြာတာဝန်ခံလေ။ မင်း ညနေကျရင် သူနဲ့ လိုက်သွားလိုက်” သူမသည် မျက်တောင်လေးများကို တဖြတ်ဖြတ်ခတ်လိုက်သည်။ “ရှောင်ရှအာ၊ လူတွေကို သေချာဂရုစိုက်နော် ပြီးတော့ ရှီယွမ်ကို ပိုပြီး သေချာဂရုစိုက်ပေး”

ချင်လော့လော့သည် ပြုံးပြသွားပြီး လမ်းလျှောက်ထွက်ခွါသွားတော့သည်။

ရှဖန်းသည် အခန်းရှိရာဆီသို့ သူ့မေးကို မြှောက်ပြလိုက်ပြီး ပြောလိုက်သည် “အဲ့ဒီထဲမှာ ပိုစတာအလိပ် လေးခုရှိတယ်၊ ငါ အဲ့ဒါတွေအကုန် စုစည်းပေးထားတယ်၊ ရှီယွမ် မင်း အဲ့ဒါတွေကို အပြင်ထုတ်လာခဲ့”

ရှီယွမ်သည် လေးလံလှသည့် ပိုစတာအစည်းကြီးကို သယ်လာပြီး ကော်များထည့်ထားသည့် ပုံးလေးကို သယ်ဆောင်ထားသည့် ရှဖန်း၏ အနောက်မှလိုက်၍ ပြဇာတ်ရုံဂိတ်ဆီသို့ ဦးတည်သွားလိုက်သည်။

ကာမအားတိုးဆေးအဆီနှင့် သားသက်လွတ်စားသောက်ဆိုင်၏ ပိုစတာများက ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး တောက်ပပြီးအရောင်သွေးစုံနေကာ ကြီးကျယ်ခမ်းနားလှသည့် ပြဇာတ်ရုံကြီးကို များစွာသော မှတ်ရာများကြောင့် မပြေမပြစ်နိမ့်ကျသွားစေသလိုဖြစ်နေပေသည်။

ရှဖန်း : “သားသက်လွတ်စားသောက်ဆိုင်ရဲ့ ကြော်ငြာတွေကို အကုန်ခွါချလိုက်”

ရှီယွမ်က မေးမြန်းလိုက်သည် “ဘာလို့ဆေးအဆီကိုပါ မခွါတာလဲဟင်?”

“ဘာလို့ဆို ဆေးအဆီဟာက အသစ်ပြန်လုပ်ထားတာလေ” ရှဖန်းသည် ကြော်ငြာများကို ဆုတ်ဖြဲလို့နေပြီဖြစ်သည်။ “သေချာပေါက်၊ အသစ်ပြန်မလုပ်တဲ့ဟာတွေအကုန်လုံးကို ဖယ်ပစ်ရမယ်။ ငါတို့က အလှူအတန်းလုပ်နေတာမဟုတ်ဘူး။ ပိုက်ဆံမရှိရင်တော့ ဒီနေရာကနေ လစ်ပဲ”

နှစ်ယောက်သားသည် ကြော်ငြာစာရွက်များကို ဖြုတ်ချပစ်လိုက်ကြသည်။ ကြော်ငြာစာရွက်များကို အကုန်ဖြုတ်ပစ်ပြီးနောက် နံရံပေါ်တွင် အပိုင်းအစများစွာက အကွက်လိုက် အကွက်လိုက် ကပ်၍ကျန်နေခဲ့သည်၊ ထို့ကြောင့် သူတို့သည် အဝတ်စုတ်နှင့် ဂေါ်ပြားသေးသေးလေးကိုသာ သုံးပြီး ဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရတော့သည်။

ရှဖန်းသည် သန့်ရှင်းရေးလုပ်နေစဉ်အတွင်း မကျေမနပ်ပြောနေ၏ : “ဘယ်နှခါတောင်ရှိနေပြီလဲ ငါပြောနေတာ တစ်ပတ်ရစ်သန့်ရှင်းရေးစက်ရုပ်လေးတစ်ခုလောက် ဝယ်ပါဝယ်ပါဆိုတာကို၊ သူတို့က နားကို မထောင်ကြဘူး”

“ဘာလို့ မဝယ်တာလဲဟင်?” ရှီယွမ်သည် ကပ်နေသည့် အဖြူရောင်အပိုင်းအစလေးကို ခွါရန် အာရုံစိုက်နေသည်။

“ဆင်းရဲလို့လေ” ရှဖန်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ “တံခါးပေါက်မှာ ကြော်ငြာစာရွက်တွေ ဒီလောက်အများကြီး ကပ်ထားတာကိုပဲကြည့်လိုက်၊ မင်းမမြင်နိုင်သေးဘူးလား? ပြဇာတ်ရုံကောင်းတစ်ခုက တတိယအဆင့်ဖြစ်လာတယ်လေ၊ ပိုက်ဆံအတွက်နဲ့ပေါ့”

ရှီယွမ် “ကျွန်တော်ကတော့ ဒီမှာ ပရိတ်သတ်အများကြီး ရှိမယ်လို့ထင်တာပဲ”

ဖျော်ဖြေရေးခန်းမသည် စင်အောက်တွင် ထိုင်ခုံပေါင်း ရာချီရှိနေပြီး ရှီယွမ်ပင်လျှင် သက်ဝင်တက်ကြွမှုကို မြင်တွေ့နိုင်ရလောင်အောင်ကို ကြီးမားပြီး ခမ်းနားထည်ဝါလှသည်။

“ပုံမှန်အသိစိတ်ရှိနေတဲ့သူတွေက ဘယ်လိုများပြဇာတ်ကတာကို အပြေးအလွှား လာကြည့်နိုင်မှာတဲ့လဲ?” ရှဖန်းသည်လည်း ဂေါ်ပြားအသေးလေးကို ကောက်ကိုင်ကာ အကွက်များကို စိတ်ဆိုးမာန်ဆိုးဖြင့် ခွါချနေ၏။ “အသက်ရှင်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး၊ မင်းလည်း မနက်ဖြန်ကျရင် မကောင်းဆိုးဝါးတွေစားပစ်တာကို ခံရင်ခံရနိုင်တာပဲ။ အဲ့ဒါအပြင်ကို ဒီမှာက ခေတ်ဟောင်း ပြဇာတ် ဖျော်ဖြေမှုတွေပဲရှိတာလေ၊ လူတိုင်းက အချိန်ရတာနဲ့ ကိုယ့်အိမ်မှာကိုယ်နေပြီး သူတို့ဖုန်းတွေကနေတစ်ဆင့် တီဗွီကြည့်တာမျိုးတွေပဲ လုပ်နေကြမှာ။ မနေ့က ဖျော်ဖြေပွဲကတော့ တော်တော်ကောင်းပါတယ်။ လက်မှတ် အစောင် ၆၀ရောင်းထွက်သွားတယ်။ လူ ၃၀ ဒါမှမဟုတ် ၄၀ လောက်ရှိရင်ကို ကောင်းနေပါပြီ”

ရှီယွမ်သည် ပြတ်ကျန်နေခဲ့သည့် အပိုင်းအစများကို ခွါချလိုက်ကာ အမှိုက်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး နောက်ထပ်ပိုစတာနေရာသို့ သွားလိုက်သည်။ ရှီယွမ်က ထပ်မေးပြန်သည် “ဒါဆို ဘာလို့များ ဝုဖ်ဂိန်းနဲ့ တခြားလူတွေက ဆက်ပြီး ဖျော်ဖြေနေသေးတာလဲ?”

“တစ်စုံတစ်ခုကို ချစ်မြတ်နိုးခြင်းရဲ့ စွမ်းအားတွေလေ၊ အချစ်ရဲ့စွမ်အားတွေပေါ့၊ မင်းနားလည်ရဲ့လား” ရှဖန်းက ပြောလာသည် “မင်းက တခြားမြို့ကနော်၊ ဟုတ်တယ်မလား?”

ရှီယွမ်က အချိန်နည်းနည်းလောက် တုံ့ဆိုင်းနေသည့်အခါ ရှဖန်းသည် ရှီယွမ်မှ သူပြောတာကို သဘောတူခေါင်းညိတ်လိုက်သည်ဟု တွေးလိုက်ပြီး ပြောလာသည် “မင်းတော့ မသိလောက်ဘူး၊ ရှီးဆွေ့မြို့ကို ‘ဂျုံခင်းထဲကဇာတ်စင်’လို့လည်း ခေါင်းစဉ်တပ်ခေါ်ကြသေးတယ်၊ ပြီးတော့ မြို့တော်ရဲ့ ထူးခြားတဲ့ လက္ခဏာက စိုက်ခင်းမြေနဲ့ ပြဇာတ်လေ။ ဒီနေရာက စိုက်ပျိုးမြေတွေက မြေဩဇာကောင်းတယ်၊ မြေအနေအထားကလည်း မြေပြန့်ဖြစ်နေတယ်၊ လေထုကလည်း ကောင်းပြီး ဥတုရာသီကလည်း ကောင်းတယ်။ ဒီမြို့တော်က မဟာမိတ်စစ်တပ်ရဲ့ တောင်ဘက်ပိုင်းမှာ အဓိကအစားအစာအရင်းမြစ်မြို့တော်ပဲ။ ပြဇာတ်တွေနဲ့ ဂီတပြဇာတ်တွေကလည်း နာမည်ကြီးသေးတယ်။ ချောက်နက်ကြီး ပေါ်မလာခင်ကဆို ဒီလမ်းထဲမှာ ကဇာတ်ရုံ နှစ်ခု သုံးခုလောက်ရှိတာ”

“အဲ့ဒီလိုလား” ရှီယွမ်က ပြောလိုက်သည် “တခြား ကဇာတ်ရုံတွေကရော? ကျွန်တော် အဲ့ဒါတွေကို မမြင်မိဘူးလားလို့”

“စစ်ပွဲကြောင့် ပျက်ဆီးသွားတာမျိုးနဲ့ ပြိုကျသွားတာမျိုးတွေ ဖြစ်ခဲ့လို့လေ ပြီးတော့ အဲ့ဒီနေရာတွေမှာ လူနေရပ်ကွက်တွေ ပြန်ဆောက်လိုက်ကြတယ်” ရှဖန်းက ပြန်ဖြေလိုက်သည်။ “ဒါက နောက်ဆုံးကျန်နေခဲ့တဲ့ ကဇာတ်ရုံ၊ ပြီးတော့ နောက်ဆုံးသော ပြဇာတ်ရုံ ကုမ္ပဏီပဲ။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီပြဇာတ်ရုံက ပိုက်ဆံသိပ်မရှာနိုင်ဘူး၊ ဒါကြောင့်လည်း ပိုက်ဆံရဖို့ နည်းလမ်းအသွယ်သွယ်ကို ရှာနေရတာ၊ မဟုတ်ရင် သူတို့တွေလည်း ဒီနေရာမှာ ကြော်ငြာပိုစတာတွေကပ်မှာတောင်မဟုတ်ဘူး— ရှီယွမ်၊ ဒီကို ပိုစတာအသစ်တွေ ယူလာပေးဦး”

ရှီယွမ်က ပိုစတာများကို ယူပေးလိုက်သည်။  ကြော်ငြာအသစ်သည် [ပါ့ပါ အမှတ်တံဆိပ် စည်သွပ်ဘူး] ဖြစ်ကာ ပိုစတာပေါ်တွင် အရသာရှိပုံပေါ်သော ဖွင့်ပြထားသည့် စည်သွပ်ဘူးပုံကို ပုံနှိပ်ထားသည်။

သူနှင့် ရှဖန်းသည် ပိုစတာများကို ကပ်လိုက်ကြပြီး လမ်းများထဲသို့ လျှောက်သွားကြကာ နှင်းဆီရိုင်းပြဇာတ်ရုံကုမ္ပဏီ၏ ဖျော်ဖြေးရေးပိုစတာများကို လမ်းများ၏ ပတ်ပတ်လည်တွင် ကပ်လိုက်ကြသည်၊ ပိုစတာထဲတွင် ချင်လော့လော့က ဝင့်ဝါလွန်းပြီး ဝုဖ်ဂိန်းက မျက်နှာတည်ကြီးနှင့်ဖြစ်သည်။

ရှီယွမ် မေးမြန်းလိုက်သည် “မင်းရော ပြဇာတ်တွေ ကြိုက်လား?”

“သိပ်မကြိုက်ဘူး” ဟု ရှဖန်း ပြောလိုက်သည်။ “ခေါင်းဆောင်နဲ့ တခြားသူတွေ ဒီအလုပ်လုပ်ကြတာက သူတို့ ပျော်လို့ သဘောကျလို့၊ ငါကတော့ ဒီကို ပိုက်ဆံရှာဖို့ ရောက်လာတာ။ မင်းသာ ပိုက်ဆံပေးမယ်ဆိုရင် ငါ ဖျော်ဖြေပေးမယ်။ မင်းသာ ပိုက်ဆံမပေးဘူးဆိုရင်တော့ ငါ အထုတ်ထုပ်ပြီး ထွက်သွားမှာပဲ။ ဒီမှာ ပေးတဲ့လစာက သိပ်မများဘူး၊ တစ်နေ့ကျရင်တော့ ငါ နှုတ်ထွက်ဖြစ်ရင်ထွက်ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ဒီမှာ ကြိုးကြိုးစားစားနဲ့ ၆နာရီအလုပ်လုပ်တာက ညဘက်ကျ တစ်ယောက်ယောက်နဲ့ ဘီယာနှစ်လုံးလောက် သောက်ပေးတာရတာထက်ပိုသာပါတယ်လေ”

“မင်းက တခြားလူတွေနဲ့ အတူသောက်ပေးပြီးတော့လည်း ပိုက်ဆံရှာနိုင်တယ်ပေါ့?” ရှီယွမ်က မေးလိုက်လေသည်။

“ဒါပေါ့၊ မင်းလည်း လုပ်လို့ရတယ်” ရှဖန်း၏ အပြုံးများက ကျဉ်းမြောင်းသွားပြီး “အဲ့ဒါက မင်း ဘယ်လိုသောက်သလဲဆိုတာအပေါ်မူတည်တယ်။ မင်း ပိုက်ဆံပြတ်နေတယ်ဆိုရင်၊ ငါမင်းကို အဲ့ဒါ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ကြည့်ဖို့ခေါ်သွားပေးနိုင်တယ်၊ အခု အလုပ်ဆင်းချိန်တောင် ရောက်တော့မှာပဲ”

“ကျွန်တော် ဘယ်လိုသောက်ရမလဲ မသိဘူး” ရှီယွမ်က ပြောလိုက်သည် “ကျွန်တော်က ဝိုင်မသောက်နိုင်ဘူး”

ရှဖန်း : “မင်းသောက်ချင်တာ သောက်နိုင်တယ်၊ မင်း မလုပ်ချင်တာမျိုးကို ဘယ်သူကမှ ဖိအားပေးလို့မရနိုင်ဘူးလေ”

“အဲ့ဒီ့နေရာက ဘားလားဟင်?”

“အင်း”

“အဲ့ဒီမှာ လူတိုင်းက သောက်နိုင်ကြတာလားဟင်?”

“ဟုတ်တာပေါ့၊ တစ်ယောက်ထက်တစ်ယောက်က ပိုသောက်နိုင်တဲ့လူချည်းပဲ။ စကားပုံအတိုင်းပဲလေ၊ အရက်သောက်တယ်ဆိုတာက စိုးရိမ်စိတ်တွေလျော့ကျအောင်တဲ့”

ရှီယွမ်က သူ ကန္တာရကြီးထဲမှာ လျှောက်ပတ်သွားနေခဲ့ရတဲ့အချိန်ကို ပြန်တွေးကြည့်မိလိုက်သည်၊ သူ တစ်ခါတရံတွင် လူသားများစွန့်ပစ်သွားခဲ့သည့် အခြေချစခန်းများမှ အချို့သော စည်သွပ်အစားအစာများနှင့် ရေပုလင်းများကို တွေ့ခဲ့ရသည်။ သူ တစ်ခါက ဝိုင်ပုလင်းတစ်လုံးကို ကောက်ရလိုက်သေးသည်— ထိုအချိန်က သူသည် ထိုပုလင်းထဲတွင် ရှိနေသည့်အရည်များကို ဝိုင်မှန်း မသိခဲ့ပေ၊ ဒါကြောင့် အဖုံးဖွင့်ပြီး တစ်ငုံသောက်ကြည့်ပြီးသည့်အခါတွင်တော့ သူ့အမြီးလေးမှ အကြေးခွံများအားလုံးက ကွဲထွက်သွားလေတော့သည်။

ရှီယွမ်သည် ဒဏ္ဍာရီလာ ဘားက ဘယ်လိုပုံစံမျိုးရှိမည်ကို သိချင်နေပေသည်၊ ထို့ကြောင့် သူသည် အစီစဉ်ဆွဲလိုက်တော့သည် : သူသည် ဘားကို တစ်ခါလောက် သူ့ဘာသာ သွားကြည့်မည်ဖြစ်ကာ သူ၏ လူကြောက်သည့် ရောဂါပြန်ထလာသည်နှင့် သူ ချက်ချင်းထွက်ပြေးမည်ဖြစ်သည်။

ရှီယွမ်က ပြောလိုက်သည် “အဲ့ဒီ့လူတွေက အရမ်း အစွမ်းထက်တာပဲ၊ သူတို့က ဝိုင်တောင် သောက်နိုင်ကြတယ်”

ရှဖန်းက ရှီယွမ်ကို ပြန်ဖြေပေးတော့မည့် အချိန်မှာပဲ သူသည် ရှီယွမ် ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည် “သူတို့အကုန်လုံးက 1(Gong)တွေပဲ”

“…” ရှဖန်းသည် ထိတ်လန့်လို့သွား၏။ “ရှီယွမ်၊ ငါမင်းကို ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး!”

“ကျွန်တော်က ဘယ်လိုလူမျိုးလဲဟင်?” ဟု ရှီယွမ်က မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး” ရှဖန်းသည် ရှီယွမ်၏ ပခုံးကို ပုတ်ကာ လက်မထောင်ပြလိုက်သည်။ “ညီငယ်လေးက အံ့ဖွယ်လေးပဲ ပြီးတော့ တောက်တောက်ပပ အနာဂတ်လမ်းလေးလည်းရှိတယ်”

ရှီယွမ် : “ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်တော် ကျွန်တော့်သူငယ်ချင်းဆီကို ဒီနေ့အိမ်ပြန်နောက်ကျမယ်လို့ ပြောမှဖြစ်မယ်”

“ဒါဆိုလည်း မင်းသူ့ကို ပြောလိုက်လေ” ရှဖန်းမှ ပြောလိုက်သည် “ဒီည မင်း တစ်ယောက်ယောက်ရဲ့ အိမ်ကို လိုက်မသွားဘူးဆိုရင်တော့ မင်းကာဖျူးအချိန်ရောက်တဲ့အထိ နောက်မကျလောက်ဘူး”

ရှီယွမ်သည် လုထင်းဟန်ဆီသို့ စာရိုက်ပို့လိုက်သည် : [ဒီနေ့ ကျွန်တော်]

သူသည် စာတစ်ကြောင်းတောင် ပြီးအောင်မရိုက်ရသေးခင်တွင် မတော်တဆ ပို့လိုက်မိသည်။

လုထင်းဟန်သည် ယခင်ကအတိုင်းပင် ပြန်လည်း မတုံ့ပြန်သလို စာလည်းပြန်မလာပေ။

ရှီယွမ်သည်လည်း လုထင်းဟန်ဆီမှ စာပြန်လာဖို့ကို မမျှော်မှန်းထားပေ။ သူသည် လုထင်းဟန်က အရမ်းကို အလုပ်များသည့်လူဖြစ်ကြောင်းကို ဝမ်းယွီထံမှ ကြားထားသည်ပင်။ သူ နေ့လည်က ပိုက်ဆံချေးခဲ့တုန်းကတောင် လုထင်းဟန်သည် အပိုစကားတစ်ခွန်းမှ မဆိုဘဲ သူ့ကို တိုက်ရိုက်ပင် ပိုက်ဆံလွှဲပေးခဲ့သည်။
ရှီယွမ်သည် ထပ်မံ၍ စာရိုက်လိုက်သည် : [ဒီနေ့ ကျွန်တော် နောက်ကျမှ အိမ်ပြန်လာလို့ရမလား?]

လုထင်းဟန်ဆီမှ ဘာမှ တုံ့ပြန်မလာပေ။

[ကျွန်တော် ကာဖျူးအချိန်မတိုင်ခင် ပြန်လာပါ့မယ်]

လုထင်းဟန်ဆီမှ ဘာမှ တုံ့ပြန်မလာပေ။

ရှီယွမ်သည် လုထင်းဟန် သဘောတူလက်ခံသည်ဟု တွေးတောပြီး ခဏလောက်ထပ်တွေးကြည့်ကာ သူ ရှင်းပြလိုက်သည် : [ကျွန်တော်ပြောပြမယ်၊ ဇာတ်အဖွဲ့မှာ ကျွန်တော် သူငယ်ချင်းတစ်ယောက်ရခဲ့တယ် ပြီးတော့ ကျွန်တော် သူနဲ့ ဘားသွားမလို့။ သူပြောတာတော့ ဘားမှာ 1 တွေ အများကြီးရှိတယ်တဲ့ ပြီးတော့ သူတို့အကုန်လုံးက သောက်နိုင်ကြတဲ့ လူတွေချည်းပဲတဲ့]

ရှီယွမ်၏ ဖုန်းမှ တတီတီမြည်လာလေသည်။

လုထင်းဟန် : [မရဘူး]





Comment