ခင် (end)
"..........သေဒဏ်ကျခံစေ......"
တရားသူကြီးရဲ့အမိန့်တော်အောက်မှာ ရာဇဝတ်သားရဲ့ အသက်ဟာ နိဂုံးချုပ်သွားသည်
ထိုရာဇဝတ်သားဟာတော့ ခင့် ဖေဖေပေါ့......
ခင့်ဖေဖေဟာ အိမ်တွင်းအကြမ်းဖက်မှု ကိုယ့်ဇနီးကိုယ်ပြန်သတ်မှုအတွက် သက်သေမခိုင်လုံမှုတွေကြောင့် ကြန့်ကြာနေခဲ့တာ
ကျွန်တော်ဟာ ခင့်ကို တွေ့လိုတွေ့ငြား ရုံးချိန်းကိုလာခဲ့ပေမဲ့ ခင်က သူမဖခင်ကို စွန့်လွှတ်ခဲ့တာကြာပြီဖြစ်ကြောင်း ကျွန်တော်မေ့သွားခဲ့သည်
ဟုတ်ပါရဲ့ ခင့်ကိုမတွေ့တာ ၃နှစ်ရှိခဲ့ပြီ.......
နောက်ဆုံးတွေ့တဲ့ညပြီးတော့ မနက်ကို ခင့်ဆီ ကျူးလစ်ဖြူတွေနဲ့ သွားတွေ့တော့ လက်ခံမည့်သူခင်ဟာ ကျွန်တော့်ကို ထားရစ်ခဲ့လေပြီ
'ကျူးလစ်ဖြူတွေဟာ တောင်းပန်ခြင်းတဲ့လေ.....အိမ်ထောင်ရေးဆိုတဲ့အချုပ်အနှောင်ကို မကြိုက်တဲ့ခင့်ဘေး ဒီတိုင်းလေးဘဲ နေပါရစေလို့ ခွင့်ပန်မလို့ပါ ခင်...'
သို့ပေမဲ့ ခင်ဟာ ကိုကိုမောင့်ကို မစောင့်တော့ပါ....
ဘယ်ဆီဘယ်ဝှယ် အရပ်ဆီ တိမ်စိုင်တွေလို စွန့်ခွါသွားလေသည်
"ဘယ်နှဲ့လည်း ကိုကိုမောင် ဒီညနေခင်းရော အားသလားဗျ...."
ကိုစံဖေက ကျွန်တော့်ပုခုံးကိုပုတ်ကာမေးတော့ မီးညှိနေတဲ့စီးကရက်က ချော်သွားလေသည်
"အားပါ့ဗျာ..."
"ဒါဆို ဒီညနေခင်းတော့ ကျွန်တော်တို့နဲ့လိုက်ခဲ့ဗျာ သိပ်ကိုနာမည်ကြီးနေတဲ့ နှင်းဆီဝိုင်ကို ကိုကိုမောင့်ကို မြည်းစမ်းစေချင်လို့...."
ကျွန်တော် ခါတိုင်းဆို ငြင်းဆိုနေကြပေမဲ့ ယနေ့တော့စိတ်ကြည်လင်နေသည်
ခင်မုန်းနေတဲ့ ခင့်ဖေဖေ သေဒဏ်ကျသွားလို့လည်းဖြစ်နိုင်သည်
"ကိုစံဖေ ရှေ့ကသာသွားဗျာ....."
ကျွန်တော်လက်ခံလိုက်တာနဲ့ ကိုစံဖေရဲ့ အဆီတဝင်းဝင်းမျက်နှာဟာ ပိုလို့ပင်ဝင်းသွား၍ သဘောကျစွာ ရှေ့ကထွက်သွားတော့သည်
ကျွန်တော့်ရဲ့ ခေတ်ဟောင်းကားလေးဟာ ကိုစံဖေရဲ့ကားအနက်ကြီးနောက် တငြိမ့်ငြိမ့်လိုက်လာခဲ့ရာ ဘေးတစ်ဖက်စီက ထင်းရှူးတောကြီးကို အတန်ကြာဖြတ်သန်းနေခဲ့သည်
တစ်နာရီကျော်လောက်ထိ မရောက်နိုင်သေးတဲ့ နေရာဆီ မောင်းလာရင်း ကိုစံဖေလို အပျင်းကြီးတဲ့လူကတောင် တကူးတကသွားချင်တဲ့ နေရာကို ကျွန်တော်ပိုလို့တောင် စိတ်ဝင်စားလာရသည်
ထင်းရှူးတောကြီးကုန်သွားတဲ့နောက်ကျွန်တော်တို့ လယ်ကွင်းတွေဖြတ်ရပြန်ပြီး နေလုံးကြီးဟာ စပါးပင်တွေကြားဝင်ရောက်ပျောက်ကွယ်နေသည်
မှောင်ရီပျိုးလာစ အချိန်ရောက်ခါမှ ကျွန်တော့်ကားလေးလည်း ဘီယာစည်ပိုင်းပြတ်သဖွယ် ဆောက်လုပ်ထားတဲ့ အဆောက်အဦးခြံဝန်းရှေ့အနားရတော့သည်
"ကိုကိုမောင်ရေ အတော်တော့ မောင်းရသကွ ဒါပေမဲ့ မင်းနှင်းဆီဝိုင်ကို မြည့်စမ်းကြည့်ပြီးတာနဲ့ လာခဲ့ရတဲ့ခရီး သိပ်တန်တယ်လို့ မင်းမြင်လိမ့်မယ်"
ကိုစံဖေရဲ့ နှင်းဆီဝိုင်အပေါ် မြှောက်ပင့်ချက်ကို ကျွန်တော်ပြုံး၍သာ နားထောင်နေခဲ့သည်
ဘီယာစည်ပိုင်းပြတ်သကဲ့သို့ အဆောက်အအုံထဲ ဝင်လာခဲ့လိုက်တာနဲ့ ကိုစံဖေရဲ့ အပေါင်းအပါတွေဟာ ရောက်နှင့်ပြီးဖြစ်ကြောင်း ကျွန်တော် မြင်လိုက်ရသည်
ဝေးလာဝါးလားဖြစ်နေတဲ့ကိုစံဖေတို့ အုပ်စုဘေး ကျွန်တော် မတ်တပ်ရပ်နေရင်း ထူးခြားတဲ့ဆိုင်အပြင်အဆင်ကို အမှတ်ပေးနေမိသည်
အတွင်းထဲမှာ အတော်သပ်ရပ်တဲ့အပြင်အဆင်ရှိလှပြီး စားပွဲခုံထိုင်ခုံတွေကအစ ဘီယာစည်ပိုင်းပုံစံတွေဖြစ်သည်
"ဟိုဝိုင်းကို ခုံထပ်ချပေးလိုက်နော်...."
ကျွန်တော့်ရဲ့အာရုံဟာ ထိုအသံလေးကြားချိန်မှာတော့ စွံအသွားခဲ့သည်
ခပ်မြင့်မြင့်မြှောက်စည်းထားတဲ့ဆံနွယ်ခွေတွေ.....
နှုတ်ခမ်းပါးထက်က အပြုံးနုလေး......
ကျွန်တော့်ရဲ့ခင်ကို ကျွန်တော် ပြန်ရှာတွေ့ခဲ့သည်
ကျွန်တော်ဟာ နှုတ်ခမ်းမွှေး ခပ်စစနဲ့ လူကြမ်းကြီးဖြစ်လာသော်လည်း ခင်ကတော့ နှစ်တွေဟာ သူမကို ပို၍ နုပျိုစေလာသလိုပင်.....
"ကိုကိုမောင်...."
.....................................................................
ချိုမြိန်ကာပြင်းရှ ပူနွေးတဲ့အရသာ.......
ကျွန်တော့်ရဲ့နှုတ်ခမ်းတွေဟာ နှင်းဆီဝိုင်ရဲ့အရောင်ကြောင့် အနီရင့်ရောင်ဖြစ်နေနိုင်သည်
"အဆင်ပြေလား ကိုကိုမောင်...."
ခေါင်းလေးစောင်းကာ မေးတဲ့ ခင်ဟာ နှစ်တွေကြာအောင်ပျောက်သွားခဲ့တာ သူမ မဟုတ်သလိုပင်
"နှင်းဆီဝိုင်ကိုလား......လူကိုလား....."
ကျွန်တော့်ရဲ့ခပ်မဲ့မဲ့အပြုံးတွေက ခင့်ရဲ့မျက်ဝန်းအိမ်တွေထဲပေါ်လွင်နေသည်
"အဟင်းးး ကိုကိုမောင် ခင့်ကို စိတ်ဆိုးနေပုံဘဲ....."
ခင်ဟာ လွတ်လပ်ပေါ့ပါးစွာပြုံးလေသည်
ခင်ကအမြဲ ဒီလို လွတ်လပ်စွာနေထိုင်ချင်တာ ကျွန်တော်မပါပါဘဲ......
"ကိုယ့်မှာ ဆိုးခွင့်ရှိသလားခင် ခင်ဘဲပြောကြည့်လေ...."
ဝိုင်ခွက်ကို စားပွဲမှာချတော့ ခင့်ရဲ့ လက်ချောင်းရှည်တွေကို ငေးမိပြန်သည်
ခင်ဟာ ယခုတော့ ဟိုအရင်ကလို လက်သည်းရှည်တွေမထားတော့ဘဲ တိတိလေးတွေညှပ်ထားသည်
"ခင်.....ကိုယ်...."
ကျွန်တော့်စကားတွေ အစပျိုးတော့မဲ့အချိန် ခင့်ရဲ့အိပ်ခန်းတံခါးဟာပွင့်လာလေသည်
"မေမေ....သား အိပ်မပျော်ဘူး...."
"အို...."
ကျွန်တော်တော့ နှင်းဆီဝိုင် မူးလေပြီ......
ဖြူလုံးလုံးကောင်ငယ်လေးက ခင့်ပေါ်ဖက်ကာတက်၍ မေမေလို့ခေါ်နေသည်လေ
"ခင်....ဒါ....ဒါက....."
ကျွန်တော့်ရဲ့ထစ်အအစကားမှာ ခင်ကလည်း မျက်နှာပျက်ယွင်းလို့နေသည်
"ဟို ကိုကိုမောင် ခနနော် ခင် သားကို သွားသိပ်လိုက်ဦးမယ်....."
ခင်ဟာ ထိုကလေးအားချီ၍ အခန်းထဲဝင်သွားသည်ထိ ကျွန်တော့်ဝိညာဉ် ကျွန်တော့်ဆီပြန်ကပ်မလာသေးပါ
ဆိုင်ပိတ်ထား၍ လူရှင်းလို့နေပြီဖြစ်တဲ့ စားပွဲဝိုင်းတစ်ခုတွင် ကျွန်တော်တစ်ယောက်သာရှိသည်
ကျွန်တော့်ရဲ့အကြည့်တွေဟာ မမျှော်လင့်ဘဲ နှင်းဆီဝိုင်ကိုသာ အတန်ကြာစိုက်ကြည့်နေမိတဲ့နောက် ခင်ဟာ အခန်းထဲက ပြန်ထွက်လာသည်
"စောင့်ရတာ ကြာသွားလားကိုကိုမောင် သားက မိုးရွာတဲ့နေ့ဆို အိပ်မပျော်တတ်လို့...."
ကျွန်တော် ပြတင်းတံခါးဆီ မျှော်ကြည့်မိသည်
မိုးတွေရွာနေသည်ဘဲ...........
"ကိုယ် ငယ်တုန်းကအတိုင်းဘဲနော်...."
"ရှင်...."
ဟန်ဆောင်နေနိုင်လွန်းတဲ့ ခင့်မျက်နှာဟာ ယခုတော့ မူပျက်လို့နေသည်
"အော် ကိုယ် ငယ်ငယ်ကလည်း မိုးရွာတဲ့နေ့ဆို မေမေ ချော့သိပ်မှ အိပ်ပျော်တာ....."
အဲ့တော့မှ ခင့်မျက်နှာလေးက ပြေလျော့သွားကာ ခေါင်းငြိမ့်လေသည်
"ခင့်ဖေဖေ အမိန့်ကျသွားပြီ သတင်းကြားရဲ့လား......"
ခင်ဟာ ကျွန်တော့်စကားများကို မျက်လွှာချ၍ ရှောင်ရှားသည်
"တခြားဘာစားဦးမလဲ ကိုကိုမောင်...."
ထိုင်ခုံမှထ၍ ဘားကောင်တာကို စားစရာတစ်ခုခုလုပ်ပေးရန်ထွက်သွားပုံဟာ ဘာကိုမှဂရုမစိုက်ချင်တော့သည့်ပုံ
"သေဒဏ်တဲ့ ခင်......"
ပန်းကန်ပြားကိုထုတ်ယူနေတဲ့ ခက့်လက်တွေရပ်တန့်သွားကြောင်း ကျွန်တော် မြင်လိုက်တဲ့နောက် ခင့်အနားထသွားမိသည်
"သူကလူမိုက်ကြီးဆိုပေမဲ့ အဲ့တာကခင့်ဖေဖေပါဘဲ....."
"တော်တော့ ကိုကိုမောင် အဲ့လူယုတ်မာအကြောင်းရှင်ဆက်ပြောနေမယ်ဆို အခုထွက်သွားလိုက်တော့...."
ခင့်ရဲ့နှုတ်ခမ်းပါးတွေတဆက်ဆက်တုန်ကာ တုံ့ပြန်တာကို ကျွန်တော်သဘောကျသည်
မတုန်မလှုပ် ခံစားချက်မရှိတဲ့ ခင့်ပုံစံထက် ဒီလိုပုံစံကိုမြင်ရတာ ကျွန်တော့်အတွက် အားရကျေနပ်စေသည်
ခင့်ကို ကျွန်တော် ဟန်မဆောင်စေချင်ရုံပါ
ကျွန်တော့်ရှေ့မှာ အရှိအတိုင်းပြုမူနေထိုင်မဲ့ ခင့်ကိုလိုချင်သည်
ခင်ဟာ အားငယ် ဝမ်းနည်းတဲ့ သူမရဲ့ပုံစံအစစ်ကို ထုတ်ပြလို့ရတဲ့တစ်ဦးတည်းသော သူကကျွန်တော်ဖြစ်ကြောင်း သူမကို သိစေချင်သည်
သူမရဲ့ပုံစံအမျိုးမျိုးကို ကျွန်တော်ဟာ လက်ခံပြီးချစ်နေမည်ဖြစ်ကြောင်းကိုလည်း ပြောချင်သည်
"အဲ့လူယုတ်မာကဘဲ ခင့်ဖေဖေလေ...."
"အို မဟုတ်ဘူး.....မဟုတ်ဘူး ခင့်မှာ ဖေဖေမရှိဘူး....."
ခင့်ဟာ ခံစားချက်တွေမထိန်းနိုင်တဲ့နောက် လက်ထဲက ပန်းကန်ပြားကိုပစ်ပေါက်ခွဲလေသည်
ကြမ်းပြင်ပေါ်က ပန်းကန်ခွဲတွေကို ကျွန်တော်နင်းခြေ၍ ခင့်ရဲ့တုန်ရီနေတဲ့ကိုယ်လေးကို ဖက်ထားမိသည်
"အဟင့် ဟင့်....."
တင်းခံထားတဲ့ခင့်မျက်ရည်တွေက အခုမှကျလေသည်
ကျွန်တော့်ရဲ့ blazerကုတ်ကို အားကိုးတကြီးဆုပ်ကိုင်ထားတဲ့ ခင့်လက်တွေက တုန်ရီနေသည်
"စိတ်ကိုအေးအေးထား ခင် ခင့်သားလေးနိုးသွားမယ်........"
ခင့်ရဲ့နဖူးကိုနမ်းကာ ခပ်ဖွဖွပြောလေတော့ ခင်ဟာ တစ်ချက်ရှိုက်ကာ မျက်ရည်တွေကိုသိမ်းလေသည်
"ရော့......"
လက်ကိုင်ပုဝါအပြာလေးကို ကျွန်တော်ထုတ်ပေးတော့ ခင်က ယူရမဲ့အစား ပုဝါထောင့်စွန်းက သူမထိုးထားပေးတဲ့ ခင်ဆိုတဲ့နာမည်ကို စိုက်ကြည့်နေသည်
ခဏကြာမှ ခင်က ကျွန်တော့်ရင်ခွင်ထဲ မသိမသာရုန်းထွက်ကာ မျက်နှာလွှဲလေသည်
"ပြန်ရင်ပြန်တော့လေ ကိုကိုမောင် ဒီနဲ့မြို့ဆိုဝေးတယ်...."
လှည့်ကာ ထွက်တော့မဲ့ခင့်လက်ကောက်ဝတ်လေးကို ကျွန်တော်လွတ်ထွက်သွားခွင့်မပြုပါ
ရင်ခွင်ထဲကို ခါးလေးမှဆွဲကာပွေ့လိုက်တော့ ခင်က မျက်နှာလေးမော့ကာ ကြည့်သည်
"အဲ့တာ ကိုယ့်သားမလား ခင်....."
ကျွန်တော့်အပြုံးတွေကို ခင်က မျက်မှောင်ကြုံ့ကာ တုံ့ပြန်သည်
"အို အဲ့တာ ခင့်သား.....ခင့်တစ်ယောက်တည်းရဲ့ သား...."
ကျွန်တော့်ရဲ့ ပြေလည်စွာ ညှိယူမှုကို ခင်က လက်မခံတဲ့နောက် ကျွန်တော် ခင့် ခါးလေးကို ဖျစ်ညှစ်မိသည်
"အဲ့တာကိုယ့်သားပါ လက်ခုံပေါ်က မှဲ့ကအစတူတဲ့ ကိုကိုမောင့်သားပါ"
"မဟုတ်ဘူး ကိုကိုမောင် ရှင် ကျွန်မကို လွှတ်...."
ခင်ဟာ လွှတ်ကာ ရုန်းလေသည် ခင့်ရဲ့စိတ်တွေနူးညံ့လာပြီ ထင်ခဲ့တာ ယခုထိခင်ဟာ တင်းမာနေတုန်း
"ကိုယ်တို့သားကို ခင့်လို ဖခင်မေတ္တာငတ်စေချင်လို့လား ခင်....."
ကျွန်တော့်ရဲ့ပြောလိုက်တဲ့စကားမှာ ခင်ဟာ ငြိမ်ကျသွားလေသည်
ထို့နောက် ဝဲလာတဲ့ မျက်ရည်တွေမှာ လွမ်းဆွတ်ခြင်းတွေကို ကျွန်တော်မြင်လိုက်ရသည်
"ခင်ဖြင့် ကိုကိုမောင့်ကို သိပ်မုန်းတာဘဲ "
"အဲ့စကားတွေမှာ မေတ္တာဓာတ်တွေ ပါနေတာ ခင်သတိထားမိလား"
"အို ဘယ်မလဲ မေတ္တာဓာတ်"
"ဟောသည့်မှာလေဗျာ....."
ကျွန်တော် ခင့်မျက်ခွံတွေကို နွေးခနဲ့နေအောင် နမ်းတော့ ခင်ဟာ မျက်လွှာလေးပင့်ကာကြည့်သည်
"ကိုကိုမောင်က ဒီလိုအသားယူတဲ့လူလို့ ခင်ဖြင့်မသိခဲ့ဘူး..."
ခင့်စကားမှာ ကျွန်တော် ခေါင်းမော့၍ ရယ်မိသည်
"ခင်ဟာလေ ကိုကိုမောင့်ကို မုန်းတယ်လို့ဆိုပြီး ကိုကိုမောင်ပေးထားတဲ့ ရွှေခြေကျင်းလေးတော့ တယုတယနဲ့ ဝတ်ဆဲနော်..."
ကျွန်တော်ပြောတော့ ခင်ဟာ သူမရဲ့ခြေထောက်လေးကို အနောက်သို့ ဖွက်သည်
ကျွန်တော် ခင့်ရဲ့လက်လေးနှစ်ဖက်ကို တယုတယကိုင်ကာ ခင့်မျက်ဝန်းတွေကို စုံအောင်ကြည့်မိသည်
"ဒီမယ် ခင် စာချုပ်စာတမ်းတွေကို ခင်မယုံရင် ကိုကိုမောင့် မေတ္တာကိုဘဲယုံပါလေ....ကိုယ် လုံခြုံမှုတွေနဲ့ စောင့်ရှောက်ပေးမယ်လို့ ကတိပေးပါရစေ...."
ခင်ဟာ ဒီတစ်ခါတော့မရုန်းပါ ကျွန်တော့်လက်တွေကို ပြန်လည်ဆုပ်ကိုင်လာသည်
"ဘယ်ချိန်ထိလဲ......"
"ခင့်နှလုံးသားတွေ နွေးထွေးလုံခြုံသည်ထိ....."
"အို....."
ခင်ဟာ ဘာစကားမှ မပြောနိုင်တော့ပါ ကျွန်တော့် အနမ်းတွေအောက် နစ်မွန်းသွား၍လည်း ဖြစ်နိုင်သည်
သေချာတာကတော့ ခင်နောက်ထပ်ကျွန်တော့်ဆီကထွက်မပြေးတော့မှာကိုပေါ့.....
@little_affection✍🏻